အခန်း ၂၆၃
Vol. 27 Ch. 263
263
စုဟယ်သည် ရင်ခွင်ထဲ၌ ရှောင်ရှီးကို ပိုက်ထားရင်း တံခါးကို အသာအယာခေါက်ကာ ဓာတ်ခွဲခန်းထဲသို့ လှမ်းဝင်ခဲ့သည်။ ယခုအကြိမ်တွင်မူ ဓာတ်ခွဲခန်းအတွင်းရှိလေထုမှာ သူမ နောက်ဆုံးအကြိမ် လာရောက်ခဲ့စဉ်ကနှင့် လုံးဝကို ကွဲပြားခြားနားနေတော့၏။ သူမ ဓာတ်ခွဲခန်းထဲသို့ ခြေချလိုက်သည်နှင့် ပြင်းထန်လှသော ဆေးဆီနံ့မှာ နှာခေါင်းထဲသို့ အလုံးအရင်းဖြင့် တိုးဝင်လာသည်။ ကျိုးရှို့သည် အေးစက်စက်နှင့် တဖျတ်ဖျတ်လင်းနေသော စက်ပစ္စည်းတန်းကြီးများကြားတွင် မတ်တပ်ရပ်နေ၏။ ဓာတ်ခွဲခန်း၏ စူးရှဖြူဆွတ်သော မီးလင်းရောင်အောက်တွင် သူမ၏ မျက်နှာမှာ ယခင်ကထက် ပိုမိုဖြူဖျော့နေပြီး ဖျားနာချင်သလို ဝါတာတာအရောင်ပင် သန်းနေတော့သည်။
သူမမျက်လုံးအောက်ခြေတွင်မူ ကြီးမားလှသော မျက်ကွင်းကြီးနှစ်ကွင်း ရှိနေပြီး မျက်တွင်းများကို ဟောင်းလောင်းပေါက် ဖြစ်သွားစေသည်။ ထိုမျက်ကွင်းညိုများ၏ အနားသတ်များမှာ ခရမ်းရောင်သန်းနေပုံရပြီး မျက်အိတ်များမှာလည်း ရေတန်ချိန်များစွာ စုပ်ယူထားသကဲ့သို့ မို့အစ်ကာ ဖူးရောင်နေ၏။ ကျိုးရှို့၏ လက်ချောင်းများသည် ကီးဘုတ်ပေါ်တွင် အပြေးအလွှား လှုပ်ရှားနေပြီး စမ်းသပ်ချက်အချက်အလက်များကို မှတ်တမ်းတင်နေသည်။ သူမ၏ အခြားလက်တစ်ဖက်မှာမူ တစ်ခါတစ်ရံ ဆေးဆီပုလင်းကို လှမ်းယူကာ နားထင်ကို ပွတ်လိမ်းနေ၏။ ဆေးဆီ၏ အေးမြသော ခံစားချက်မှာ သူမ၏ ပင်ပန်းနွမ်းနယ်မှုများကို ခေတ္တမျှ မောင်းထုတ်ပေးပြီး စိတ်ကို ကြည်လင်နေစေသည်။ သူမသည် ဆေးဆီများကို မည်မျှပင် အလွန်အကျွံ လိမ်းထားသလဲဆိုလျှင် သူမ၏ နားထင်နှစ်ဖက်လုံး စိမ်းညိုရောင် သန်းနေပြီး ရှုပ်ပွနေသော ဆံစအချို့မှာလည်း ကပ်ငြိနေကာ ရက်ပေါင်းများစွာ ဆံပင်မလျှော်ရသေးကြောင်း အထင်အရှား ပြသနေသည်။ သူမ၏ နှုတ်ခမ်းလွှာများမှာ ခြောက်သွေ့ကွဲအက်နေပြီး တစ်ခါတစ်ရံတွင် သူမသည် သတိမထားမိဘဲ လျှာဖြင့် သပ်လိုက်တတ်သော်လည်း ချက်ချင်းဆိုသလိုပင် ပြင်းထန်လှသော အလုပ်ခွင်ထဲသို့ ပြန်လည်နစ်မြုပ်သွားပြန်၏။
ယခင်က အမြဲတမ်း စတိုင်ကျလှပပြီး အလှအပကို မြတ်နိုးတတ်သော လျိုနန မှာလည်း ယခုအခါ ဖရိုဖရဲ ဖြစ်နေရှာသည်။ သူမသည် ဓာတ်ခွဲခန်းသုံး ဝတ်စုံအပွကြီးကို ကပျာကယာ ဝတ်ဆင်ထားပြီး ၎င်းပေါ်တွင်လည်း စမ်းသပ်ဓာတုပစ္စည်း အစွန်းအထင်းများနှင့် ဝါကျင်ကျင်အကွက်များစွာ ပေကျံနေ၏။ သူမသည် လက်သည်းအလှဆင်ခြင်းကို အလွန်ဝါသနာပါသူ ဖြစ်သော်လည်း ယခုမူ လက်သည်းပေါ်ရှိ စိန်ပွင့်အတုကလေးများမှာ ပျောက်ကွယ်နေပြီး သူမကိုယ်တိုင် ဆွဲခွာထားသည့် ကော်ကပ်စရာ အကြွင်းအကျန်အချို့သာ ကျန်ရစ်တော့သည်။ လက်သည်းပေါ်မှ ကဗျာဆန်သော ပုံရိပ်များသည်လည်း ဆေးကွာပြီး အနားများ လန်တက်နေကာ လက်သည်းနီ တဝက်ကျော်မျှ ကွာကျပျက်စီးနေပြီ ဖြစ်သည်။ သူမ၏ လှုပ်ရှားမှုများမှာ စက်ရုပ်တစ်ရုပ်ကဲ့သို့ အသက်မဲ့ စက်မှုဆန်နေ၏။ စာကြောင်းတစ်ကြောင်း ရိုက်ပြီးတိုင်း သူမသည် သမ်းဝေခြင်းကို မအောင့်နိုင်ဘဲ ဖြစ်ဖြစ်သွားရပြီး ချက်ချင်းပင် ငိုက်မျဉ်းမှုကို ဖြေဖျောက်ရန် အမေရိကာနိုကော်ဖီကို အမြန်တစ်ငုံ သောက်လိုက်ရသည်။ သူမဘေးရှိ စားပွဲပေါ်တွင်မူ သောက်ပြီးသား အမေရိကာနိုကော်ဖီခွက် အလွတ် ငါးခွက်၊ ခြောက်ခွက်ခန့် ပြန့်ကျဲနေလေသည်။ ဓာတ်ခွဲခန်းအတွင်းရှိ လေထုမှာ မွန်းကျပ်လေးလံလွန်းလှသဖြင့် စုဟယ်ပင် သူတို့နှစ်ဦးကို နှောင့်ယှက်ရန် အားနာမိသွားသည်။ သူမသည် လည်ပင်းကို ဆန့်ကာ လီရှီးကို လိုက်လံရှာဖွေနေစဉ် ဘေးဘက်မှ အသံကို ကြားလိုက်ရ၏။
"ဒုန်း ဒုန်း ဒုန်း"
ထိုသူမှာ လီရှီးပင် ဖြစ်တော့သည်။ သူသည် နံရံကို ဦးခေါင်းဖြင့် စည်းချက်ကျကျ ဆောင့်နေပြီး သူ့ခေါင်းမှာ နံရံကို အကြိမ်ကြိမ် ဆောင့်နေခြင်း ဖြစ်သည်။ စုဟယ်၏ ရင်ခွင်ထဲတွင် ငြိမ်သက်နေသော ရှောင်ရှီးမှာ ကြောင်အမ်းသွားပြီး မိမိရှေ့မှ ထူးဆန်းအံ့သြဖွယ်ကောင်းကာ သနားစရာကောင်းလှသော မြင်ကွင်းကို လည်ပင်းတဆန့်ဆန့်ဖြင့် လှမ်းကြည့်နေမိ၏။ နံရံကို ခေါင်းဖြင့် ဆောင့်နေသော လီရှီးသည် မိမိဘေးတွင် လူရိပ်တစ်ခုကို မြင်လိုက်ရသည်။ ထိုသူမှာ စုဟယ်ဖြစ်ကြောင်း တွေ့လိုက်ရသောအခါတွင်မှ သူသည် နံရံဆောင့်ခြင်းကို ရပ်လိုက်သော်လည်း နံရံကို မှီလျက်သားဖြင့် ပျော့ခွေကျသွားကာ ညှိုးငယ်ဖျော့တော့စွာ ပြောရှာသည်။
"သူဌေးမ၊ အစ်မ ရောက်လာတာလား"
သူသည် စိတ်ဓာတ် လုံးဝကျဆင်းနေသည့် ပုံစံဖြင့် အားအင်မဲ့စွာ ပြောလိုက်ခြင်း ဖြစ်သည်။
"အင်း မင်းတို့အားလုံး အဆင်ပြေကြရဲ့လား"
စုဟယ် သတိကြီးစွာဖြင့် လှမ်းမေးလိုက်သည်။ ဘာများဖြစ်လို့လဲ။ လူတိုင်း ဘာလို့ ဒီလောက်တောင် သနားစရာကောင်းတဲ့ ပုံစံ ဖြစ်နေကြရတာလဲ။ လီရှီး မှိုင်တွေစွာဖြင့် ပြန်ပြောသည်။
"အသက်တော့ ရှိသေးတယ်"
"စာတမ်းရေးတာ အဆင်မပြေလို့လား၊ အခုတလော မင်းတို့ဘွဲ့သတ်မှတ်ချက် လျှောက်ထားတာတွေရော စာတမ်းကိစ္စတွေနဲ့ပါ အလုပ်ရှုပ်နေကြတယ်လို့ ဆရာယွမ်ပြောတာ ကြားမိလို့"
စုဟယ်ကိုယ်တိုင်လည်း စာတမ်းများ ရေးသားခဲ့ဖူးသဖြင့် ဤကဲ့သို့သော နာကျင်မှုကို သဘာဝကျကျ နားလည်လှသည်။ သို့သော် မေးခွန်းကို မေးပြီးပြီးချင်းမှာပင် စုဟယ်သည် အနည်းငယ် နောင်တရသွား၏။ အကယ်၍ အဆင်မပြေဖြစ်နေသည်မှာ အမှန်ဆိုလျှင် သူမမေးခွန်းမှာ သူတို့အနာပေါ် ဆားဖြူးလိုက်သလို ဖြစ်မသွားပေဘူးလား။ ထို့ကြောင့် စုဟယ် အလျင်အမြန်ပင် စကားဆက်လိုက်သည်။
"ရပါတယ်၊ ငါက ဒီအတိုင်း အမှတ်မထင် မေးကြည့်တာပါ၊ ကိုယ့်ကိုကိုယ် ဖိအားတွေ အများကြီး မပေးကြပါနဲ့၊ ဒီနေရာက တည်းခိုခန်းတစ်ခုပဲလေ၊ သုတေသနအဖွဲ့အစည်းမှ မဟုတ်တာ၊ သုတေသန ရည်မှန်းချက်ပန်းတိုင်တွေဆိုတာလည်း မရှိပါဘူး"
ဤစကားကို ကြားလျှင် လီရှီးအနေဖြင့် စိတ်သက်သာရာ အနည်းငယ်ရသွားလိမ့်မည်ဟု သူမထင်မှတ်ခဲ့သော်လည်း အပြန်အလှန်အနေဖြင့် လီရှီးသည် သက်ပြင်းအရှည်ကြီးကို ချလိုက်ပြီး ပိုမို၍ပင် နာကျည်းခံပြင်းသော မျက်နှာပေးဖြစ်သွားရှာသည်။ စုဟယ် လန့်သွားမိ၏။ သူတို့သုံးယောက် ဤကိစ္စကြောင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုခု ဖြစ်မသွားစေရန် သူမ မျှော်လင့်မိ၏။ သူမသည် ရေသန့်စက်ဆီသို့ အမြန်လျှောက်သွားပြီး လီရှီးအတွက် ရေတစ်ခွက်ခပ်ပေးလိုက်သည်။
"ရော့ ရေသောက်လိုက်ဦး၊ စိတ်ကို အမြန်ဆုံး တည်ငြိမ်အောင်ထားပါ"
လီရှီးသည် တစ်ခါသုံး ခွက်ထဲမှ ရေကို အရက်သောက်သကဲ့သို့ တစ်ကျိုက်တည်း မော့ချလိုက်သည်။ မိနစ်အနည်းငယ် ကြာပြီးနောက်တွင်မှ သူသည် မိမိကိုယ်မိမိ ပြန်လည်တည်ငြိမ်အောင် လုပ်နိုင်သွားတော့၏။
"သူဌေးမ၊ ကျွန်တော်တို့ရဲ့ စာတမ်းက အတည်ပြုချက်ရသွားပြီဗျ"
လီရှီးမှ ဆိုသည်။ စုဟယ် အလျင်အမြန်ပင် ဂုဏ်ပြုစကား ဆိုလိုက်၏။
"ဒါဆိုရင် မင်းတို့ တကယ်ကို တော်တာပဲ၊ တစ်လကျော်လေးနဲ့ စာတမ်းကို ပြီးအောင် ရေးနိုင်ခဲ့တာပဲ"
သို့သော် လီရှီးမျက်နှာတွင် အပြုံးအရိပ်အယောင်မျှမရှိသည်ကို စုဟယ် သတိပြုမိသွားပြီး အနည်းငယ် ဝေခွဲမရ ဖြစ်သွားသည်။ လီရှီးသည် လွန်ခဲ့သည့် တစ်လအတွင်း စိတ်ပျက်စရာကောင်းလှသော အဖြစ်အပျက်များကို ပြန်လည်တွေးတောမိကာ ရင်ထဲတွင် နာကျင်သွားရ၏။ သူသည် အသက်ကို ပြင်းပြင်းရှူသွင်းပြီး သတ္တိကို မွေးကာ လွန်ခဲ့သည့် တစ်လတာ အဖြစ်အပျက်များကို စုဟယ်အား စတင်ပြောပြတော့သည်။
"ဆရာယွမ်က ထုတ်ကုန်ကို ဖော်စပ်ပြီးသားဖြစ်နေတော့ ကျွန်တော်တို့က ရလဒ်အပေါ် အခြေခံပြီး ဖြစ်စဉ်ကို ပြောင်းပြန်ပြန်တွက်ရုံပဲမို့ စာတမ်းကို တော်တော်လေး မြန်မြန်ရေးနိုင်ခဲ့ပါတယ်၊ ဒါ့အပြင် ဆရာယွမ်ကလည်း ကျွန်တော်တို့ကို အများကြီးကူညီပေးခဲ့တာပါ၊ ကျွန်တော်တို့အားလုံးက ဒီစမ်းသပ်ချက်ဟာ ဒီနယ်ပယ်ထဲမှာ အဓိက အောင်မြင်မှုတစ်ခုလို့ ယူဆခဲ့ကြပြီး အရမ်းကို စိတ်လှုပ်ရှားခဲ့ကြသလို စာတမ်းအပေါ်မှာလည်း ပိုပြီး ကြိုးစားခဲ့ကြပါတယ်"
လီရှီးနှင့် အခြားနှစ်ယောက်သည် ထိုအချိန်က သူတို့စာတမ်းကြောင့် ဆရာယွမ်၏ မျက်နှာကို မညှိုးငယ်စေရဟု တွေးတောကာ စာတမ်း၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုချင်းစီကိုအစ ပြီးပြည့်စုံအောင် ကြိုးစားခဲ့ကြပြီး စာလုံးတစ်လုံးချင်းစီကို သေချာစဉ်းစားကာ ထပ်ခါတလဲလဲ ပြင်ဆင်ခဲ့ကြသည်။ ဤလုပ်ငန်းစဉ်သည် အလွန်ပင် နာကျင်စရာကောင်းသော်လည်း အနည်းဆုံးတော့ သူတို့သုံးဦးလုံး ကျေနပ် အားရရမည့် ဆောင်းပါးတစ်စောင်ကို ထုတ်လုပ်နိုင်ခဲ့၏။ သို့သော်လည်း ထို့နောက်ပိုင်းတွင် ကြုံတွေ့ရသည့် စာတမ်းတင်သွင်းမှု လုပ်ငန်းစဉ်မှာမူ ထင်သလောက် မချောမွေ့ခဲ့ပေ။ စုဟယ် ပြောခဲ့သကဲ့သို့ပင် သူတို့သည် တည်းခိုခန်းတစ်ခုသာ ဖြစ်ပြီး သုတေသနအဖွဲ့အစည်း မဟုတ်သဖြင့် မည်သည့် သုတေသန ရည်မှန်းချက်မှ မရှိသောကြောင့် ဖိအားပေးခံရခြင်းမျိုး မရှိခဲ့ပေ။ အတွင်းပိုင်းတွင် အလုပ်လုပ်ရသည်မှာ သဘာဝအတိုင်း စိတ်အေးချမ်းရသော်လည်း အပြင်လောက အမြင်တွင်မူ ဟဲယဲ့တည်းခိုခန်းဟူသည်မှာ အချက်အလက် သုံးခု မပြည့်စုံသော (အသိအမှတ်ပြုချက်မရှိ၊ နာမည်မရှိ၊ အထောက်အပံ့မရှိသော) အဖွဲ့အစည်းသက်သက်သာ ဖြစ်နေသည်။
ဂျာနယ်များတွင် ပုံနှိပ်ထုတ်ဝေမည့် စာတမ်းများသည် စာရေးသူ၏အဖွဲ့အစည်းကို ဖော်ပြရန် လိုအပ်သည်။ သူတို့သုံးဦးလုံးမှာ ဘွဲ့ရရှိပြီးသူများ ဖြစ်ကြပြီး ဆရာယွမ်သည်လည်း ဟဲယဲ့တည်းခိုခန်းတွင် အချိန်ပြည့် အလုပ်လုပ်နေသူ ဖြစ်သဖြင့် သူတို့ နာမည်လက်မှတ် ရေးထိုးသည့်အခါ ဟဲယဲ့တည်းခိုခန်းဟုသာ ရေးနိုင်ခဲ့၏။ ဟဲယဲ့တည်းခိုခန်းသည် သုတေသနဌာနတစ်ခု မဟုတ်၊ နာမည်ကြီး တက္ကသိုလ်တစ်ခု မဟုတ်သလို စီးပွားရေးအင်အား တောင့်တင်းသော ဆေးဝါးကုမ္ပဏီတစ်ခုလည်း မဟုတ်ပေရာ ရလဒ်မှာ သဘာဝအတိုင်း ခန့်မှန်းရလွယ်ကူလှသည်။ ပညာရေးလောကတွင် စာတမ်းများ ပုံနှိပ်ထုတ်ဝေခြင်းသည် သုတေသနပညာရှင်များအတွက် မိမိတို့အောင်မြင်မှုများကို ပြသရန်၊ သုတေသန ရန်ပုံငွေများ ရရှိရန်နှင့် ရာထူးတိုးမြှင့်ရန်အတွက် အရေးကြီးသော လမ်းစဉ်တစ်ခုဖြစ်သည်။ သို့သော်လည်း သုတေသနပညာရှင် အရေအတွက်မှာ ဆက်တိုက် တိုးပွားလာနေပြီး ဂျာနယ်အရင်းအမြစ်များမှာမူ နှိုင်းယှဉ်ချက်အရ ကန့်သတ်ချက် ရှိနေသဖြင့် ဘုန်းကြီးမှာများပြီး ဆွမ်းမှာနည်းသော အခြေအနေတစ်ခု သဘာဝအတိုင်း ဖြစ်ပေါ်လာတော့သည်။
နေ့စဉ်နေ့တိုင်း ဂျာနယ်အယ်ဒီတာအဖွဲ့ရုံးများသည် ကမ္ဘာတစ်ဝန်းရှိ ပညာရှင်များထံမှ စာတမ်းတင်သွင်းမှု အမြောက်အမြားကို လက်ခံရရှိနေကြသည်။ ဤမျှ များပြားလှသော စာမူကြီးနှင့် ရင်ဆိုင်ရသည့်အခါ အယ်ဒီတာ အရေအတွက်မှာ ကန့်သတ်ချက် ရှိနေ၏။ သူတို့အနေဖြင့် တင်သွင်းလာသော စာတမ်းတိုင်းကို အသေအချာ စစ်ဆေးရန် အချိန်နှင့် အားအင် မလုံလောက်နိုင်ပေ။ ထို့ကြောင့် အချို့သော ဂျာနယ်များသည် စစ်ဆေးမှု ဖိအားကို လျှော့ချရန်အတွက် ရိုးရှင်းကြမ်းတမ်းသော စိစစ်ရေးနည်းလမ်းများကို အသုံးပြုကြသည်။ အချို့သော ဂျာနယ်များသည် ကနဦး စစ်ဆေးမှုအဆင့်တွင် စာရေးသူအဖွဲ့အစည်းနှင့် စာတမ်း၏ ပထမဆုံးစာရေးသူ အချက်အလက်များကို တိုက်ရိုက် စစ်ဆေးကြ၏။ အကယ်၍ ပထမဆုံး စာရေးသူသည် ထိုနယ်ပယ်တွင် နာမည်ကျော်ကြားသူ မဟုတ်ပါက ထိုစာတမ်းများသည် မကြာခဏဆိုသလို တိုက်ရိုက် ပယ်ချခြင်း ခံရတတ်သည်။ အချို့သော ပင်မဂျာနယ်များတွင်လည်း မဟာဘွဲ့ကျောင်းသားများ ရေးသားထားသော ဆောင်းပါးများကို လက်မခံဟူသည့် အလေ့အထစည်းကမ်းတစ်ခု ရှိနေသေးသည်။
ထို့ကြောင့် ဟဲယဲ့တည်းခိုခန်းမှ တင်သွင်းလိုက်သော စာတမ်းများသည် မနက်ပိုင်းတွင် ပို့လိုက်လျှင် ညနေပိုင်း၌ ပယ်ချကြောင်း အီးမေးလ်များ ပြန်လည်ရောက်ရှိလာတတ်ပြီး ဂျာနယ်အမြောက်အမြားသို့ တင်သွင်းမိခြင်းအတွက် ပူပန်နေရသည့် ဒုက္ခကိုပါ လုံးဝ ပျောက်ကွယ်သွားစေသည်။ သူတို့သည် တစ်နေ့လျှင် အနည်းဆုံး ပယ်ချစာ အီးမေးလ် သုံးစောင်၊ လေးစောင်ခန့် လက်ခံရရှိလေ့ရှိ၏။ လီရှီးနှင့် အခြားသူများသည် အစပိုင်းတွင် မျှော်လင့်ချက်အပြည့်ဖြင့် စောင့်ဆိုင်းခဲ့ကြပြီး ဂျာနယ်ထံမှ တုံ့ပြန်မှု မရရှိသေးသော စာတမ်းအချို့သည် နောက်တစ်ဆင့်သို့ ရောက်ရှိသွားပြီလားဟု တွေးတောခဲ့ကြသည်။ သို့သော် မည်သည့် အချက်အလက်မျှ မရရှိဘဲ စောင့်ရင်းစောင့်ရင်းဖြင့် စိတ်မရှည်တော့သောအဖွဲ့သည် နည်းလမ်းပေါင်းစုံဖြင့် အယ်ဒီတာများ၏ ဆက်သွယ်ရန် အချက်အလက်များကို ရှာဖွေကာ မေးမြန်းခဲ့ကြရာတွင်မူ သူတို့၏ ပညာရေးနောက်ခံသည် ဂျာနယ်၏ သတ်မှတ်ချက်များနှင့် မကိုက်ညီသောကြောင့် အယ်ဒီတာများသည် သူတို့၏ စာတမ်းကို လှည့်ပင်မကြည့်ရသေးကြောင်း ပြန်လည်သိရှိခဲ့ရသည်။ ဤကိစ္စက သူတို့သုံးဦးကို ဒေါသအိုးပေါက်ကွဲသွားစေခဲ့သည်။ အကြိမ်ကြိမ် စိတ်ပျက်ရမှုများကြောင့် သူတို့၏ စိတ်ခံစားချက်မှာ မတည်မငြိမ် ဖြစ်နေရသည့် ကြားထဲတွင် ယခုမူ ဂျာနယ်အယ်ဒီတာများက အတိအလင်း ခွဲခြားဆက်ဆံလာကြသဖြင့် သူတို့သုံးဦးလုံး ငြိမ်မနေနိုင်တော့ဘဲ ကိစ္စကြီးကြီးမားမားတစ်ခု လုပ်ရန် ဆုံးဖြတ်လိုက်ကြတော့၏။
"ဒါကြောင့် ကျွန်တော်တို့ တွေးလိုက်တယ်၊ တကယ်လို့တရုတ်ပြည် အတွင်းက လမ်းကြောင်းက အဆင်မပြေဘူးဆိုရင် နိုင်ငံတကာ ဂျာနယ်တွေကိုပဲ တိုက်ရိုက် တင်သွင်းလိုက်တော့မယ်လို့"
လီရှီး ဆိုလေသည်။