အခန်း ၂၆၅
Vol. 27 Ch. 265
265
စီတက္ကသိုလ်၏ BBS ဆိုသည်မှာ တက္ကသိုလ်၏ အတွင်းပိုင်း ဆက်သွယ်ရေး ဖိုရမ်တစ်ခု ဖြစ်သည်။ ၎င်းသည် ကျောင်းသား ကျောင်းသူများ စာတင်ရန်နှင့် အချင်းချင်း အပြန်အလှန် ဆက်သွယ်ရန် နေရာတစ်ခု ဖြစ်ပြီး ကျောင်းသားထု၏ လှုပ်ရှားမှုနှုန်းမှာ အလွန်တရာ မြင့်မားလှ၏။ ထိုဖိုရမ်ပေါ်တွင် ပို့စ်အသစ်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။
စာတမ်းပထမမူကြမ်း အောင်မြင်သူ - "သူငယ်ချင်းတို့ရေ၊ မင်းတို့အားလုံး NR ဂျာနယ်ရဲ့ နောက်ဆုံးထုတ်စာစောင်ကို ကြည့်ပြီးကြပြီလား"
ဂုဏ်ထူးမှတ်ဖြင့် ဘွဲ့ရရှိသူ - "ဟားဟား၊ ငါတို့တွေ မေဂျာတူ တူနေကြတာတော့ မဟုတ်ပါဘူးနော်၊ ငါ့ရဲ့ပါမောက္ခလမ်းညွှန်ကလည်း အဲဒါကိုသွားဖတ်ဖို့ ငါ့ကို လှမ်းပြောတယ်"
ကန်တင်းက ပေါင်မုန့်လိပ်ကို ချစ်မြတ်နိုးသူ- "ဒါနဲ့ ဒီတစ်ခေါက်ထုတ်တဲ့ NR ဂျာနယ်က ဘာဖြစ်လို့လဲ၊ ကြီးမားတဲ့ ပညာရပ်ဆိုင်ရာ အောင်မြင်မှုတစ်ခုခု ပေါ်ပေါက်လာလို့လား၊ ဒီအခြေအနေကို သေချာရှင်းပြပေးနိုင်မယ့် အသိပညာရှိတဲ့သူ ရှိရင် ကူညီကြပါဦး၊ ငါက ဘာမှနားမလည်လို့ပါ ဟီးဟီး"
ဝမ် ဝမ် ဝမ် ဝမ် ဝမ် - "ဒီပထမနှစ် ဂျူနီယာလေးကတော့ စပြီးဖတ်နေပါပြီ၊ ဒါပေမယ့် ငါ့ရဲ့အင်္ဂလိပ်စာက တော်တော်လေး ညံ့လွန်းလို့ စာစောင်တစ်ခုချင်းစီကို ဘာသာပြန်အက်ပ်နဲ့ တစ်ကြောင်းချင်းစီ လိုက်ပြန်နေရတုန်းပဲ"
ဂုဏ်ထူးမှတ်ဖြင့် ဘွဲ့ရရှိသူ - "ဝမ်ဝမ်၊ ဘာသာပြန်ဖို့ အလုပ်ရှုပ်မခံနဲ့တော့၊ မာတိကာစာမျက်နှာပေါ်က စာရေးသူ အမည်ကိုပဲ သွားကြည့်လိုက်၊ ဒါဆိုရင် မင်း ချက်ချင်းနားလည်သွားလိမ့်မယ်"
ဝမ် ဝမ် ဝမ် ဝမ် ဝမ် - "အမလေး ဘုရားရေ၊ တကယ်ကို အံ့ဩဖို့ကောင်းလိုက်တာ"
ကန်တင်းက ပေါင်မုန့်လိပ်ကို ချစ်မြတ်နိုးသူ- "မင်းတို့တွေကလည်း ဘာလို့ ဒီလောက်တောင် လျှို့ဝှက်ဆန်းကြယ် လုပ်နေကြတာလဲ၊ ကျေးဇူးပြုပြီး ကလေးတစ်ယောက်ကို ကူညီကြပါဦး၊ ဒီကလေးက ဘာဖြစ်သွားတာလဲဆိုတာကို တကယ်သိချင်နေလို့ပါ၊ ကျေးဇူးပြုပြီး ငါ့ကိုပြောပြပေးကြပါ"
စာတမ်းပထမမူကြမ်း အောင်မြင်သူ - "တကယ်တော့ NR ဂျာနယ်မှာ တရုတ်ပြည်က သုတေသနပညာရှင်တစ်ယောက်ရဲ့စာတမ်းကို ပုံနှိပ်ထုတ်ဝေလိုက်လို့ပါပဲ"
ကန်တင်းက ပေါင်မုန့်လိပ်ကို ချစ်မြတ်နိုးသူ - "ဒါကတော့ တကယ်ကို လေးစားဖို့ကောင်းပါတယ်၊ ဒါပေမယ့် မင်းတို့အားလုံးက ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေကြရတာလဲ၊ ငါမှတ်မိသလောက်ဆိုရင် လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာ တရုတ်ပြည်ကသုတေသနပညာရှင်အမြောက်အမြားလည်း NR ဂျာနယ်မှာ စာတမ်းတွေ တင်နိုင်ခဲ့ကြတာပဲ မဟုတ်ဘူးလား၊ ငါတို့မေဂျာက ဌာနမှူးဝူတောင်မှ စာတမ်းတစ်စောင် တင်နိုင်ခဲ့သေးတယ်လေ၊ အဲဒီတုန်းက ကျောင်းရဲ့ တရားဝင်အကောင့်ကနေပြီး ရက်ပေါင်းများစွာ ဆက်တိုက်တောင် ကြော်ငြာပေးခဲ့သေးတာ"
စာတမ်းပထမမူကြမ်း အောင်မြင်သူ - "တရုတ်ပြည်က သုတေသနပညာရှင် တော်တော်များများက NR ဂျာနယ်မှာ စာတမ်းတွေ တင်ခဲ့ဖူးတာ မှန်ပါတယ်၊ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ စာတမ်းရဲ့စာရေးသူက ပုဂ္ဂလိကလုပ်ငန်းတစ်ခုက ဖြစ်နေလို့လေ"
ကန်တင်းက ပေါင်မုန့်လိပ်ကို ချစ်မြတ်နိုးသူ - "အဲဒါကတော့ တကယ်ကို အထင်ကြီးစရာပဲ၊ ဒါအခုခေတ် ကုမ္ပဏီတွေမှာပိုက်ဆံရှိလာပြီး သုတေသနတွေထဲမှာ ရင်းနှီးမြှုပ်နှံနိုင်ကြတယ်ဆိုတာကို ပြသနေတာပဲ၊ ဒါပေမယ့် မင်းတို့က ဘာလို့ဒီလောက်တောင် စိတ်လှုပ်ရှားနေကြတာလဲ၊ ငါအခုပဲ အပြင်ထွက်ပြီး စစ်ဆေးကြည့်လိုက်တော့ ဒီပို့စ်က စာမျက်နှာ (၃၂) မျက်နှာအထိရောက်နေပြီး လူအများကြီးက ဝင်ရောက်ဆွေးနွေးနေကြတယ်"
ဂုဏ်ထူးမှတ်ဖြင့် ဘွဲ့ရရှိသူ - " 'စာတမ်းပထမမူကြမ်း အောင်မြင်သူ' မင်းပြောတာက အရမ်းရှုပ်ထွေးလွန်းနေပြီ၊ စာကြောင်းတစ်ကြောင်းတည်းနဲ့ ပြောရရင်တော့ ဒီတရုတ်ပြည်ကစာတမ်းဆိုတာ ဆံပင်ပေါက်ခြင်းကို အားပေးမြှင့်တင်ပေးတဲ့ ပါဝင်ပစ္စည်းအသစ်တစ်ခုကို သုတေသနပြုထားတာပဲ"
' ဂုဏ်ထူးမှတ်ဖြင့် ဘွဲ့ရရှိသူ' မှာဤသတင်းစကားကို ပို့လိုက်ပြီးနောက်တွင်မူ မူလကပင် အလွန်အမင်းသက်ဝင်လှုပ်ရှားနေခဲ့သောပို့စ်သည် ချက်ချင်းဆိုသလိုပင် စာမျက်နှာ (၁၀) မျက်နှာခန့် ထပ်မံတိုးပွားသွားခဲ့ရသည်။ လူအုပ်ကြီးမှာ ဝိုင်းဝန်းကာပြန်လည်အကြောင်းပြန်ခဲ့ကြပြီး စခရင်ပေါ်တွင် အာမေဍိတ်လက္ခဏာများ လွင့်ပျံသွားခဲ့ကြရာ လူတိုင်းမည်မျှအထိ စိတ်လှုပ်ရှားနေကြသည်ကို ထင်ရှားစွာ ပြသနေတော့သည်။
ဝမ် ဝမ် ဝမ် ဝမ် ဝမ် - "အိုး ဘုရားသခင်၊ ဒါဆိုရင် ငါ့ရဲ့ဆံပင်ကျွတ်တဲ့ ဘေးဒုက္ခကနေ ကယ်တင်ခြင်းခံလိုက်ရပြီပေါ့၊ ငါလည်း ပြန်ပြီးချောမောခန့်ညားလာတော့မှာလား"
ဂုဏ်ထူးမှတ်ဖြင့် ဘွဲ့ရရှိသူ - "မဟုတ်ဘူး အဲဒါက မင်းရဲ့ပါမောက္ခလမ်းညွှန်က စိတ်အေးလက်အေးနဲ့ မင်းကိုညနက်တဲ့အထိ အလုပ်ခိုင်းလို့ရသွားပြီဆိုတဲ့ သဘောပဲ "
ကန်တင်းက ပေါင်မုန့်လိပ်ကို ချစ်မြတ်နိုးသူ - "ဟင် အဲဒါတကယ်ကို ကြောက်ဖို့ကောင်းလွန်းတယ်၊ ဒါပေမယ့် ဒီသုတေသနက တကယ်ပဲထိရောက်မှုရှိတယ်ဆိုရင်တောင်မှ စမ်းသပ်ချက်ရလဒ်ကနေတစ်ဆင့် တရားဝင် ဈေးကွက်ထဲကို ရောက်ရှိလာဖို့က အချိန်အကြာကြီးလိုသေးတယ် မဟုတ်ဘူးလား၊ ငါကျောင်းပြီးတဲ့အထိတောင်သုံးနိုင်ပါဦးမလား မသိဘူး"
ဝမ် ဝမ် ဝမ် ဝမ် ဝမ် - "ဟုတ်တယ် ဟုတ်တယ်၊ ဒီစာတမ်းရဲ့ နောက်ဆက်တွဲက ဘာဖြစ်လာမလဲဆိုတာ ပြောဖို့ခက်သေးတယ်လို့ ငါထင်တယ်၊ အတိတ်တုန်းကလည်း ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့တဲ့ စာတမ်းအမြောက်အမြား ရှိခဲ့ဖူးပြီး နောက်ဆုံးမှာတော့ ဘာသဲလွန်စမှ မကျန်ဘဲ ပျောက်ကွယ်သွားခဲ့ကြတာပဲ မဟုတ်ဘူးလား၊ ဓာတ်ခွဲခန်းကနေ ဈေးကွက်ထဲကို ရောက်ဖို့ ခြေလှမ်းက တကယ်ကို ခက်ခဲလွန်းပါတယ်၊ ထိရောက်တဲ့ ပါဝင်ပစ္စည်း တော်တော်များများက ဓာတ်ခွဲခန်းထဲကနေ ထွက်လိုက်တာနဲ့ ကျရှုံးသွားတတ်ကြပြီး အမြောက်အမြား ထုတ်လုပ်ဖို့ မဖြစ်နိုင်တော့ဘူးလေ"
စာတမ်းပထမမူကြမ်း အောင်မြင်သူ - "မင်းတို့ အဲဒီအတွက် စိတ်ပူစရာမလိုပါဘူး၊ ဒီစာတမ်းထဲမှာ ဖော်ပြထားတဲ့ ပါဝင်ပစ္စည်းက အခုဈေးကွက်ထဲမှာ ထွက်ရှိနေပြီးသားပါ"
ကန်တင်းက ပေါင်မုန့်လိပ်ကို ချစ်မြတ်နိုးသူ - ".......??"
ဝမ် ဝမ် ဝမ် ဝမ် ဝမ် - ".......??"
ပို့စ်အတွင်းရှိ ပြန်လည်အကြောင်းပြန်ချက်များသည် ပိုမို၍ပင်များပြားလာခဲ့ပြီး စီတက္ကသိုလ် BBS ၏ ပင်မစာမျက်နှာဆီသို့ ပို့စ်ကို လျင်မြန်စွာ တွန်းပို့ပေးလိုက်တော့သည်
ဒေါက်တာကျန်းသည် BBS ပို့စ်ကို ပိတ်လိုက်ပြီးနောက်တွင်မှ သူ့ပါမောက္ခ ပြောခဲ့သည့် အဓိပ္ပာယ်ကို နောက်ဆုံး၌ နားလည်သွားတော့၏။ ယနေ့မနက်တွင် သူ ဓာတ်ခွဲခန်းသို့ ရောက်ရှိလာသောအခါ သူ့ပါမောက္ခလမ်းညွှန်သည် ပုံနှိပ်ထားသော စာတမ်းအထပ်ကြီးကို သူ့ထံသို့ပစ်ပေးခဲ့ပြီး ညွှန်ကြားချက်တစ်ခုတည်းကိုသာ ချန်ထားခဲ့သည်။
"ဒါကို ငါ့အတွက်ဝယ်ပေးစမ်း"
ထိုစကားပြောကာ လှည့်ထွက်သွားခဲ့ခြင်းဖြစ်သည်။ ဒေါက်တာကျန်းမှာ သူ့ပါမောက္ခ၏ပြောင်စင်နေသော ကတုံးခေါင်းကြီးကိုငေးစိုက်ကြည့်ရင်း သူ၏မြင့်မြတ်လှသော အလိုတော်ကို ခန့်မှန်းနိုင်ရန် ဦးနှောက်ခြောက်အောင် စဉ်းစားခဲ့ရ၏။ ဒေါက်တာကျန်းသည် အစပိုင်းတွင် သူ့ပါမောက္ခက NR ဂျာနယ်၏စာစောင်ကို ဝယ်ခိုင်းခြင်းဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း သူတို့ဓာတ်ခွဲခန်းသည် NR ဂျာနယ်၏ အွန်လိုင်းဗားရှင်းကို အခပေးစာရင်းသွင်းထားပြီးသားဖြစ်သဖြင့် ထိုအတွေးကို ချက်ချင်းပင် မောင်းထုတ်လိုက်ရသည်။ ဒေါက်တာကျန်း ဝေခွဲမရ ဖြစ်နေခဲ့၏။ သူသည် NR ဂျာနယ်၏ မူရင်းအင်္ဂလိပ်စာစောင်ကို ဝယ်ယူရန်အတွက် နိုင်ငံခြားပစ္စည်းမှာယူပေးသည့် အေးဂျင့်တစ်ခုခုကို ရှာဖွေရမလားဟု တွေးတောနေစဉ်မှာပင် BBS ပေါ်ရှိ ဤပို့စ်ကို မြင်တွေ့လိုက်ရခြင်းဖြစ်သည်။
အမှန်တကယ်ပင်။ ဤစာတမ်းထဲတွင် ဖော်ပြထားသော ထိရောက်လှသည့် ဆံပင်ပေါက်ဆေး ပါဝင်ပစ္စည်းသည် ဈေးကွက်ထဲသို့ အောင်မြင်စွာထွက်ရှိထားပြီးသားဖြစ်ပြီး ဝယ်ယူ၍ပင်ရနေပြီဖြစ်၏။ ဤအရာက တကယ်ကို အံ့ဩဖို့ကောင်းလွန်းလှသည် မဟုတ်ပါလား။ ဒေါက်တာကျန်းသည် စာတမ်း၏ သုတေသနရလဒ်နှင့် ဈေးကွက်ဝင်ကုန်ပစ္စည်းတို့ တစ်ပြိုင်နက်တည်း အတူတူ ထွက်ရှိလာသော ဆောင်းပါးမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ ပုံမှန်အားဖြင့်ဆိုလျှင် အစွမ်းအစရှိသော သုတေသနကုမ္ပဏီများသည် သုတေသနစာတမ်းတစ်ခု ထွက်လာပြီးနောက်တွင်မှ ရင်းနှီးမြှုပ်နှံမှုနှင့် ထုတ်လုပ်မှုများအတွက် ဓာတ်ခွဲခန်းများနှင့် ဆက်သွယ်လေ့ရှိကြသည် မဟုတ်ဘူးလား။
ဒေါက်တာကျန်းသည် စာတမ်းကိုဖတ်ရှုလိုက်သည်။ စာတမ်း၏အရေးအသားမှာ ထူးထူးခြားခြား ထင်ပေါ်ခြင်းမရှိဘဲ သုတေသနနည်းလမ်းများသည်လည်း ဆန်းသစ်မှုမရှိပေ။ တစ်ခုတည်းသော တန်ဖိုးရှိသည့် အစိတ်အပိုင်းမှာ ဆန်းသစ်လှသော ပါဝင်ပစ္စည်းသာ ဖြစ်သည်။ ဒေါက်တာကျန်းစာတမ်းကို နောက်တစ်ကြိမ် ထပ်မံဖတ်ရှုလိုက်ပြန်သည်။ ကျောင်းမပြီးသေးသော ဒေါက်တာဘွဲ့ကျောင်းသားတစ်ဦးအနေဖြင့် သူသည်လည်း နာမည်ကြီးဂျာနယ်များတွင် စာတမ်းများ ပုံနှိပ်ထုတ်ဝေလိုစိတ်ရှိသည်မှာ သဘာဝပင် ဖြစ်သည်။ သို့သော် ဤစာတမ်းကို မည်သို့ပင်ကြည့်ကြည့် သူ့အမြင်တွင် အလယ်အလတ်အဆင့်မျှသာ ရေးသားထားသည်ဟုခံစားရပြီး ၎င်းမှာ ရလဒ်ကိုရရှိပြီးနောက်မှ ဖြစ်စဉ်ကို ပြောင်းပြန်ပြန်တွက်ကာ ရေးသားထားသည့်ပုံစံမျိုးနှင့် အလွန်တရာဆင်တူလွန်းနေသည်။
သူသည် မေးစေ့ကို ပွတ်သပ်လိုက်မိသော်လည်း ဤအရာမှာ NR ဂျာနယ် ဖြစ်နေသည်။ ဤစာတမ်းတွင် သင်ယူလေ့လာစရာ တစ်ခုခုရှိနေသည်မှာ အသေအချာပင်။ ဒေါက်တာကျန်းသည် သေချာတွေးတောဆင်ခြင်လိုက်ပြီး မိမိအနေဖြင့် စမ်းသပ်ချက်ရလဒ်များအပေါ်တွင်သာ အားစိုက်ထုတ်ရန် လိုအပ်သည်ဟု တွေးလိုက်မိသည်။ သို့မဟုတ်ပါက သုတေသနနည်းလမ်းပေါင်းစုံကို မည်မျှပင် ထပ်ခါတလဲလဲ ကြိုးစားပတ်ချာလည်နေပါစေ ထင်ပေါ်ကျော်ကြားလာရန် ခက်ခဲပေလိမ့်မည်။ ဒေါက်တာကျန်းသည် မိမိ၏ကိုယ်ပိုင်စမ်းသပ်ချက်ကို တစ်ချက်လှမ်းကြည့်ပြီး ခေါင်းကို ခါယမ်းလိုက်မိသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်မှ သူပြုလုပ်ခဲ့သော စမ်းသပ်ချက်များသည် နောက်ဆုံးတွင် အောင်မြင်နိုင်ပါဦးမလားဆိုသည်ကိုပင် သူ မသိတော့ပေ။ တကယ်ကို ခက်ခဲလွန်းလှသည်။
"ဒုန်း"
ဓာတ်ခွဲခန်းတံခါး ပွင့်သွားခဲ့ပြီး စီနီယာအစ်မရန်ရောက်ရှိလာခဲ့သည်။ သူမ၏ဂျူနီယာမောင်လေးမှာ မိမိကို စိုက်ကြည့်နေသည်အားမြင်လိုက်ရသောအခါ စီနီယာအစ်မရန်သည် ခြေလှမ်းများကို အသာလျှော့ချလိုက်ပြီး သူမမျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်သွားရသည်။
"ဘာဖြစ်လို့လဲ၊ ပါမောက္ခက ဘာများ ညွှန်ကြားချက်ပေးခဲ့လို့လဲ"
စီနီယာအစ်မရန်သည် သူမလက်ပတ်နာရီကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ဤအချိန်တွင် ဓာတ်ခွဲခန်းသို့ လာရောက်ခြင်းမှာ နောက်ကျနေသည်တော့ မဟုတ်လောက်ပါဘူးနော်။ ဘာဖြစ်လို့ ဂျုနီယာမောင်လေးရဲ့ မျက်နှာအမူအရာမှာ ဒီလောက်အထိ တည်ကြည်လေးနက်နေရတာလဲ။ ၎င်းမှာ သူမထံသို့ ကြီးမားလှသော တာဝန်တစ်ခုခုကို ပေးအပ်တော့မည့်အတိုင်းပင်။ ကျေးဇူးပြုပြီး ဘာတာဝန်မှမရှိပါစေနဲ့။ ပါမောက္ခ ပြီးခဲ့တဲ့အပတ်ကပေးထားတဲ့ စာပေအထောက်အထားတွေကိုတောင် သူမဖတ်လို့မပြီးသေးဘူး။ စီနီယာအစ်မရန်သည် ရင်ထဲတွင် ငိုကြွေးနေမိတော့သည်။ ဒေါက်တာကျန်းမှာ တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်၏။
"စီနီယာအစ်မ၊ ဒါကိုတစ်ချက်လောက် ကြည့်လိုက်ဦး"
စီနီယာအစ်မရန်သည် စာတမ်းကိုလှမ်းယူလိုက်သည်။ ၎င်းမှာ NR ဂျာနယ်မှ စာတမ်းတစ်ခု ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ သူမအမြင်အာရုံများ ပြာဝေသွားခဲ့ရသည်။ မဖြစ်နိုင်တာ မဖြစ်နိုင်တာ။ ပါမောက္ခမှ သူမကိုဤစာတမ်းကို ခွဲခြမ်းစိတ်ဖြာပြီး လေ့လာခိုင်းတော့မှာ မဟုတ်ပါဘူးနော်။ သူမသည် ထိုကဲ့သို့သောအရာများကို အလုပ်ရဆုံးဖြစ်သည်။
"စီနီယာအစ်မ၊ ပါမောက္ခက ဒီထဲမှာ ဖော်ပြထားတဲ့ ကုန်ပစ္စည်းကိုဝယ်ဖို့ လိုအပ်တယ်လို့ ပြောတယ်၊ ကျွန်တော်ကြားဖူးသလောက်တော့ စီနီယာအစ်မက ပစ္စည်းဝယ်ရတာတော်တော်လေး ကျွမ်းကျင်တယ်ဆို"
စီနီယာအစ်မရန်သည် မိမိနားကိုလက်ဖြင့် တို့ထိလိုက်မိသည်။ သူမ နားကြားမမှားဘူး မဟုတ်လား။ စာတမ်းတစ်စောင်လုံးကို လေ့လာခိုင်းခြင်းမဟုတ်ဘဲ သူမကို ပစ္စည်းသွားဝယ်ခိုင်းခြင်း ဖြစ်နေသည်တဲ့လား။ စီနီယာအစ်မရန်သည် သူမ၏ဂျူနီယာမောင်လေးကို နောက်တစ်ကြိမ် ပြန်လည်ကြည့်ရှုလိုက်သည်။ သူမ ဘယ်ပြန်ညာပြန်ကြည့်သော်လည်း ဒေါက်တာကျန်း၏ မျက်နှာပေါ်တွင် နောက်ပြောင်နေသည့် အရိပ်အယောင်မျှကို လုံးဝရှာမတွေ့ခဲ့ပေ။ ဘာပဲဖြစ်ဖြစ် သုတေသနလုပ်ရမယ့် တာဝန်တစ်ခုမဟုတ်သရွေ့ အားလုံးအဆင်ပြေပါသည်။ စီနီယာအစ်မရန်သည် စာတမ်းကိုဂရုတစိုက် လှန်လှောဖတ်ရှုလိုက်ပြီး ရုတ်တရက် အံ့ဩတကြီးဖြင့် အော်ဟစ်လိုက်မိတော့သည်။
"ဟဲယဲ့တည်းခိုခန်း ဟုတ်လား”