← Chapters

အခန်း ၂၆၆

Vol. 27 Ch. 266

အခန်း ၂၆၆

Vol. 27 Ch. 266

266

"ဟဲယဲ့တည်းခိုခန်း ဟုတ်လား၊ အဲဒါက နာမည်ကြီးလို့လား"

ဒေါက်တာကျန်းသည် အနည်းငယ် ဝေခွဲမရဖြစ်သွားပြီး မိမိကိုယ်မိမိ ရေရွတ်လိုက်မိသည်။ ဤကဲ့သို့သော နေရာမျိုးကို သူတစ်ခါမျှ အဘယ်ကြောင့် မကြားဖူးရသနည်း။ စီနီယာအစ်မရန်သည် သူမ၏ စိတ်လှုပ်ရှားနေသော ခံစားချက်များကို တည်ငြိမ်အောင် ပြန်ထိန်းလိုက်ရသည်။ ဟဲယဲ့တည်းခိုခန်းဆိုသည်မှာ သူမ၏ လျှို့ဝှက်ရတနာဆိုင်လေး မဟုတ်ပါလား။ သူမသည် လီထျန်းယီ၏ ပရိသတ်တစ်ဦးဖြစ်ပြီး လီထျန်းယီ၏ ထောက်ခံချက်ပေးမှုကို ကြည့်ကာ တည်းခိုခန်း၏ လမုန့်များကို ဝယ်ယူစားသုံးခဲ့ပြီးကတည်းက ဟဲယဲ့တည်းခိုခန်း၏ သစ္စာရှိပရိသတ်တစ်ဦး ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တုန်းက ဟဲယဲ့တည်းခိုခန်းသည် ယခုလောက်အထိ နာမည်မကြီးသေးပေ။ သူမသည် တည်းခိုခန်း၏ မုန့်များကို ဝယ်ယူပေးရန် သူငယ်ချင်းတစ်ဦးကိုပင် အကူအညီတောင်းခဲ့ရသေးပြီး ထိုအချိန်မှစ၍ ဟဲယဲ့တည်းခိုခန်း၏ သစ္စာရှိအမာခံပရိသတ်တစ်ဦး ဖြစ်လာခဲ့တော့သည်။ တည်းခိုခန်းမှာ ထုတ်ကုန်အသစ်တစ်ခုခု ချပြတိုင်း သူမသည် ချက်ချင်းဆိုသလိုပင် လုဝယ်လေ့ရှိသည်။

"ဂျူနီယာမောင်လေး၊ ပြီးခဲ့တဲ့ရက်ပိုင်းက ငါ့ဆီကနေ အနံ့မွှေးမွှေးလေး ရနေတယ်လို့ ပြောခဲ့တယ် မဟုတ်လား၊ အဲဒီနေ့က ငါဟဲယဲ့တည်းခိုခန်းက ထုတ်တဲ့ မက်မွန်သီးဂျယ်လီကို စားထားလို့လေ"

စီနီယာအစ်မရန် ပြောပြလိုက်သည်။ အဲဒီနေ့က သူမသည် ပါမောက္ခနှင့် သွားရောက်စကားပြောရန် ရှိနေသဖြင့် ဂျယ်လီတစ်တုံးကို စားခဲ့ခြင်း ဖြစ်ပြီး ဒေါက်တာကျန်း ၎င်းကို သတိထားမိလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။ စီနီယာအစ်မရန် မှဆက်လက်၍ ပြောပြပြန်သည်။

"ဩော် ဒါနဲ့ ရွှေဖရုံသီးရှေးဟောင်းနည်းသုံး ဆပ်ပြာနဲ့ အသားဖြူစေတဲ့ရေချိုးဆပ်ပြရည်ကိုလည်း သူတို့ဆီကနေ ဝယ်ခဲ့သေးတယ်၊ အဲဒါတွေကို ရဖို့အတွက် ငါတော်တော်လေး အားစိုက်ပြီး လုခဲ့ရတာ၊ အဲဒီတုန်းက ဂျူနီယာမောင်လေးက ငါ့ကို ဘာလို့ ဒီလောက်တောင် သပ်ရပ်လှပလာပြီး ဓာတ်ခွဲခန်းထဲကို မိတ်ကပ်တွေ ဘာတွေ လိမ်းလာရတာလဲလို့ မေးခဲ့သေးတယ်မလား၊ တကယ်တော့ ငါဘာမိတ်ကပ်မှ မလိမ်းထားပါဘူး၊ ငါ့ရဲ့ အရေပြားက အလိုလို ဖြူဝင်းလာတာ"

ယခုအချိန်တွင် စီနီယာအစ်မရန်သည် မိမိ၏ အသည်းစွဲ အိုင်ဒေါမှ သူမကို အသိအမှတ်ပြု စောင့်ရှောက်ပေးလိုက်သည့် ပရိသတ်လေးတစ်ဦးကဲ့သို့ ဖြစ်နေပြီး သူမ၏ မြတ်နိုးလှသော ရတနာတည်းခိုခန်းလေးအကြောင်းကို ဒေါက်တာကျန်းအား စိတ်လှုပ်ရှားစွာဖြင့် တတွတ်တွတ် မိတ်ဆက်ပေးနေတော့သည်။ သို့သော် ဒေါက်တာကျန်း၏ အာရုံစိုက်မှုမှာမူ စီနီယာအစ်မရန်နှင့် သိသိသာသာ ကွဲပြားခြားနားနေခဲ့၏။

"အားစိုက်ပြီး လုခဲ့ရတယ် ဟုတ်လား၊ ဒီကုန်ပစ္စည်းက လုဝယ်ဖို့အထိတောင် လိုအပ်လို့လား "

"လိုတာပေါ့ ဟဲယဲ့တည်းခိုခန်းက ထုတ်ကုန်အားလုံးက သူတို့ကိုယ်ပိုင် ထုတ်လုပ်တာလေ၊ တည်းခိုခန်း ရွှေ့ပြောင်းပြီး တိုးချဲ့လိုက်တဲ့နောက်ပိုင်း နေ့စဉ် အရောင်းစင်ပေါ်တင်တဲ့ ကုန်ပစ္စည်းအရေအတွက် ပိုများလာတယ်ဆိုပေမယ့် ဝယ်ယူတဲ့လူဦးရေကလည်း လိုက်ပြီး တိုးပွားလာတာမို့လို့ လုနိုင်မှပဲ ရတာပါ"

စီနီယာအစ်မရန် ပြောပြောဆိုဆိုဖြင့် ဟဲယဲ့တည်းခိုခန်း၏ မီနီပရိုဂရမ် ကို ဖွင့်လိုက်သည်။

"ဒီမီနီပရိုဂရမ်ပေါ်မှာ နေ့တိုင်း မနက် (၁၀) နာရီတိတိမှာ လုရတာ၊ အခုလောလောဆယ်တော့ ယွမ်ခြောက်သောင်း တန်ဖိုးရှိတဲ့ အိပ်စက်နေသော မင်းသမီးလေးရဲ့ ကုတင်ကလွဲလို့ ကျန်တဲ့ ကုန်ပစ္စည်းအားလုံးက မီးခိုးရောင်သန်းပြီး ကုန်ပစ္စည်းပြတ်လပ်နေတဲ့ ပုံစံမျိုး ဖြစ်နေတာ"

စီနီယာအစ်မရန်သည် မီးခိုးရောင်သန်းနေသော မီနီပရိုဂရမ်ကို ပြသလိုက်ရင်း ဆိုသည်။

"ငါဝယ်ထားတဲ့ မက်မွန်သီး‌ဂျယ်လီက ကုန်သွားတာ ကြာပြီ၊ ဒါပေမယ့် အခုတလော မနက်တိုင်း စမ်းသပ်ချက်တွေ လုပ်နေရတာနဲ့ ပစ္စည်းဝင်တဲ့အချိန် သွားမလုနိုင်လို့ တစ်ပတ်လုံးလုံး ဘာပစ္စည်းမှ မရသေးဘူး"

ဒေါက်တာကျန်းသည် ယွမ်ခြောက်သောင်း တန်ဖိုးရှိသော ကုတင်ကြီးကို ကြည့်ပြီး ရင်တုန်သွားရသည်။ ဤတည်းခိုခန်း ရောင်းချသောအရာများမှာ တကယ်ကို မသက်သာလှပေ။ အကယ်၍ ဆံပင်ပေါက်ဆေးမှာလည်း ဤမျှလောက်အထိ ဈေးကြီးနေမည်ဆိုပါက ဓာတ်ခွဲခန်း၏ ဘတ်ဂျက်က လောက်ငှနိုင်မည် မဟုတ်ပေ။ ထားလိုက်ပါတော့။ လောလောဆယ် ပါမောက္ခလမ်းညွှန်၏ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးရန် ပထမအဆင့် ဖြစ်သည်။ ဒေါက်တာကျန်း ပြောလိုက်သည်။

"စီနီယာအစ်မ၊ ဒါဆိုရင် မနက်ဖြန်ကျရင် ကျွန်တော်တို့ အတူတူ လုကြတာပေါ့၊ ပါမောက္ခက သူ့အတွက် တစ်ဗူးလောက် ဝယ်ပေးဖို့ ပြောထားလို့"

စီနီယာအစ်မရန်သည် ချက်ချင်း ပြန်မဖြေဘဲ သူမဖုန်းကိုသာ စိုက်ကြည့်နေမိသည်။ ဒေါက်တာကျန်းနှစ်ကြိမ် သုံးကြိမ်မက ထပ်မံတိုက်တွန်းပြီးနောက်တွင်မှ သူမသည် တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် စကားဆိုလာတော့၏။

"ဂျူနီယာမောင်လေး၊ မနက်ဖြန်ကျရင် လူဘယ်လောက်များများက လုကြမလဲဆိုတာ သိရဲ့လား၊ တည်းခိုခန်းက အခုတင်ပဲ Weibo ပေါ်မှာ သတင်းတစ်ခု တင်လိုက်တယ်၊ မနက်ဖြန်ကျရင် ဆံပင်ပေါက်ဆေး အဗူး (၁၀၀၀) ရောင်းပေးမယ်တဲ့၊ ဆံပင်ပေါက်ဆေး တစ်ဗူးမှာ (၂၀၀) မီလီလီတာ ပါဝင်ပြီး အဲဒါက တစ်လစာ ကုသမှုလုပ်ငန်းစဉ် ဖြစ်တယ် ဈေးနှုန်းကတော့ ယွမ် (၁၆၀၀) ပဲ၊ ဒီ Weibo ပို့စ်က အခုတင်ပဲ ပြန်လည်မျှဝေသူ တစ်သောင်းကျော်နေပြီ"

စီနီယာအစ်မရန်သည် ဒေါက်တာကျန်းမှာ အခြေအနေကို အရမ်းလွယ်ကူလှသည်ဟု တွေးတောနေသည်ဟု ခံစားမိသည်။ ထို့နောက် သူမသည် ဟဲယဲ့တည်းခိုခန်း၏ Fan Group (7)ကို ဖွင့်လိုက်သည်။ ၎င်းဂရုသည် ဟဲယဲ့တည်းခိုခန်း၏ သစ္စာရှိအမာခံပရိသတ်များသာ ဝင်ရောက်နိုင်သော ဂရုတစ်ခု ဖြစ်၏။ ဂရုအတွင်းတွင် တည်းခိုခန်း၏ နောက်ဆုံးရ လှုပ်ရှားမှုများနှင့် ထုတ်ကုန်အသစ်များကို မျှဝေလေ့ရှိကြပြီး ပရိသတ်များမှာလည်း ထုတ်ကုန်များအကြောင်းကို ဆွေးနွေးလေ့ရှိကြသည်။ စီနီယာအစ်မရန်သည် မုန့်များ ဝယ်ယူပြီးကတည်းက ဤပရိသတ်ဂရုထဲသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး ထိုအချိန်တုန်းက ပရိသတ်ဂရု၏ နံပါတ်မှာ (၇) ဖြစ်သည်။ ယခုအခါတွင်မူ ပရိသတ်ဂရု အရေအတွက်မှာ (၃၅) ခုထက်မက ကျော်လွန်သွားပြီဟု ကြားသိထားရသည်။ သူမသည် ပြီးခဲ့သည့်ရက်ပိုင်းတွင် တော်တော်လေး အလုပ်ရှုပ်နေခဲ့သဖြင့် မက်ဆေ့ချ်များကို စစ်ဆေးရန် အချိန်မရခဲ့ပေ။ ယခု ပရိသတ်ဂရုကို ဖွင့်ကြည့်လိုက်သောအခါ လူတိုင်းမှာ ဆံပင်ပေါက်ဆေးအကြောင်းကိုသာ ဆွေးနွေးနေကြသည်ကို တွေ့လိုက်ရသည်။ ပရိသတ်တစ်ဦးမှာမူ NR ဂျာနယ်၏ အွန်လိုင်းဗားရှင်းစာမျက်နှာကို တရုတ်ဘာသာပြန်နှင့်တကွ သေချာစွာ ဂရုတစိုက် ပူးတွဲ၍ ပို့စ်တင်ပေးထားလေ၏။

'ရှေ့တန်းကမေမေ' ဟု အမည်ရသော ပရိသတ်တစ်ဦးက ပြောထားသည်။

"ငါ ဒီစမ်းသပ်ချက်အကြောင်းကို လွန်ခဲ့တဲ့ အချိန်ကတည်းကသိထားတာ၊ ငါတို့ကုမ္ပဏီက မန်နေဂျာလေးက ဆံပင်လန်ပြီး ထိပ်ပြောင်နေတာလေ၊ ဒါပေမယ့် တစ်နေ့တော့ ငါ့အမေက သူ့ပြောင်နေတဲ့နေရာတွေမှာ ဆံပင်တွေပြန်ပေါက်လာတာကို ရုတ်တရက် သတိထားမိလိုက်တယ်၊ အစပိုင်းမှာတော့ လူတိုင်းက မန်နေဂျာဆံပင်စိုက်ထားတာလို့ ထင်ခဲ့ကြတာ၊ ဒါပေမယ့် သူက နာလန်ထူရမယ့် အချိန်လုံးဝမလိုခဲ့ဘူး (ဟုတ်တယ်၊ ငါကိုယ်တိုင်လည်း ဆံပင်စိုက်ဖူးတယ်၊ နာလန်ထူဖို့ အချိန်အကြာကြီး ယူခဲ့ရတာ)၊ ပြီးတော့ သူ့ရဲ့ ပြောင်နေတဲ့နေရာက ဆံပင်တွေက ဖြည်းဖြည်းချင်းနဲ့ သဘာဝအတိုင်း ပေါက်လာတာ၊ ကုမ္ပဏီကလူတိုင်း အဲဒီအကြောင်းကို သိကြပေမယ့် မန်နေဂျာက ပါးစပ်ပိတ်ထားပြီး ဘာကုန်ပစ္စည်း သုံးတာလဲဆိုတာကို လုံးဝ ထုတ်မပြောဘူး"

'ရှေ့တန်းကမေမေ' မှဆက်လက်၍ ရေးသားထားပြန်သည်။

"ငါတို့ရဲ့ မန်နေဂျာချုပ်ကြီးကိုယ်တိုင်က ဆံပင်ကျွတ်တဲ့ ဝေဒနာ ခံစားနေရတာမို့ သူကိုယ်တိုင် လူကိုယ်တိုင် သွားမေးတော့မှပဲ မန်နေဂျာက လျှို့ဝှက်စမ်းသပ်ချက်တစ်ခုမှာ ပါဝင်နေတာဖြစ်ကြောင်း ဝန်ခံတော့တာပဲ၊ ငါတို့ကုမ္ပဏီကလူတိုင်း စမ်းသပ်ချက်ရလဒ် ထွက်လာမှာကို စောင့်နေခဲ့ကြတာ၊ မန်နေဂျာရဲ့ထိပ်ပြောင်တာ ပျောက်ကင်းသွားပြီးတဲ့နောက်မှပဲ သူ့သမီးက ဟဲယဲ့တည်းခိုခန်းမှာ အလုပ်လုပ်နေတာကို သိလိုက်ရပြီး သူက ဟဲယဲ့တည်းခိုခန်းရဲ့ ထုတ်ကုန်ကိုကြိုတင်ပြီး စမ်းသပ်သုံးစွဲခဲ့တာဖြစ်နေရော၊ ကြည့်လိုက်ဦး ဒီစာတမ်းရဲ့စာရေးသူတွေထဲကတစ်ယောက်က ငါတို့မန်နေဂျာလေးရဲ့ သမီးပဲ"

ယခုအကြိမ်တွင် 'ရှေ့တန်းကမေမေ' သည် ဓာတ်ပုံများကိုပါ ပူးတွဲတင်ပေးထားသည်။ ပထမဓာတ်ပုံမှာ ကုမ္ပဏီ၏ တရားဝင်ဝဘ်ဆိုက်မှ ဒေါင်းလုဒ်ဆွဲထားခြင်းဖြစ်သည်မှာ ထင်ရှားလှ၏။ ဓာတ်ပုံထဲမှာ ထိပ်ပြောင်နေသောအမျိုးသားသည် အနောက်တိုင်းဝတ်စုံကို စနစ်တကျဝတ်ဆင်ထားပြီး လက်ပိုက်ကာ တည်ကြည်သော မျက်နှာအမူအရာရှိနေသည်။ ဒုတိယဓာတ်ပုံမှာမူ ပေါ့ပေါ့ပါးပါးပုံစံမျိုးဖြစ်ပြီး အဓိကအချက်မှာ ထိုအမျိုးသား၏ ဦးခေါင်းပေါ်တွင် ထူထပ်လှသော ဆံပင်များဖုံးလွှမ်းနေပြီး ထိပ်ပြောင်ခြင်း သို့မဟုတ် ဆံပင်ကျွတ်ခြင်း၏ အရိပ်အယောင်မျှပင် မကျန်တော့ခြင်းဖြစ်သည်။ စီနီယာအစ်မရန်သည် ဖုန်းကို ပြန်သိမ်းလိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်မိ၏။

"ဂျူနီယာမောင်လေ ဒီ 'ရှေ့တန်းကမေမေ' ဆိုတဲ့လူက အဲဒီသတင်းစကား ပို့ပြီးကတည်းက ဂရုတစ်ခုလုံး ပေါက်ကွဲမတတ် ဖြစ်သွားတာကို သိရဲ့လား၊ မနက်ဖြန်ကျရင် ဆံပင်ပေါက်ဆေးက အဗူး (၁၀၀၀) ပဲ ရှိတာ၊ ငါတို့ ဂရု (၇) တစ်ခုတည်းတင် လူ (၅၀၀) ရှိနေပြီ"

ဒေါက်တာကျန်းမှယမူ မျှော်လင့်ချက်အရိပ်အယောင်လေးတစ်ခုကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။

"ဒါပေမယ့် ဒီကုန်ပစ္စည်းက ယွမ် (၁၆၀၀) တောင် ဆိုတော့ အရမ်းဈေးကြီးလွန်းတာပဲ၊ အချို့လူတွေ တွန့်ဆုတ်သွားကြမှာ မဟုတ်ဘူးလား"

"(၁၆၀၀) က ဈေးကြီးတယ် ဟုတ်လား၊ ဂျူနီယာမောင်လေး ဆံပင်စိုက်ရင် ဘယ်လောက်ကုန်လဲဆိုတာ သိရဲ့လား"

စီနီယာအစ်မရန် မျက်လုံးကိုဝင့်လိုက်ပြီး ဒေါက်တာကျန်းအား လက်ရှိအခြေအနေမှန်ကို ရင်ဆိုင်စေချင်နေသည်။

"ပြီးတော့ ကြည့်လိုက်ဦး၊ ဒီ 'ရှေ့တန်းကမေမေ' ပြောတာကတော့ သူတို့ရဲ့ သူဌေးကြီးက ကုမ္ပဏီကလူတိုင်းကို အတူတူဝိုင်းလုပေးဖို့ အမိန့်ပေးထားပြီး ပစ္စည်းတစ်ခုရတဲ့သူကို (၁၀၀၀)ယွမ် တန်ဖိုးရှိတဲ့ အနီရောင်စာအိတ်ဆုကြေး ပေးမယ်တဲ့"

စီနီယာအစ်မရန်သည် မနက်ဖြန်၏ အခက်အခဲမှာ ကြီးမားလွန်းလှသည်ဟု ခံစားမိသည်။ သူတို့နှစ်ဦးတည်းဖြင့် ကုမ္ပဏီတစ်ခုလုံးကို မည်သို့ယှဉ်ပြိုင်လုယူနိုင်မည်နည်း။ ဒေါက်တာကျန်းသည်လည်း အခြေအနေမှာ အတန်ငယ် ခက်ခဲလှသည်ဟု ခံစားလိုက်ရသည်။ ရုတ်တရက် သူ့မျက်ဝန်းများ တောက်ပသွားပြီး ဆိုသည်။

"ဟုတ်သားပဲ၊ ကျွန်တော့်ရဲ့ အခန်းဖော်က ကွန်ပျူတာသိပ္ပံဌာနကပဲ၊ သူ့ဆီ သွားရှာကြရအောင်"

စီနီယာအစ်မရန် ပြန်လည်တုံ့ပြန်ရန် အချိန်မရခင်မှာပင် ဒေါက်တာကျန်းသည် သူမလက်ကို ဆွဲကာ ကွန်ပျူတာသိပ္ပံဌာနဆီသို့ ခြေဦးလှည့်လိုက်တော့သည်။ သို့သော်လည်း သူတို့နှစ်ဦး ရောက်ရှိသွားသော အချိန်မှာမူ မသင့်တော်လှပေ။ ကွန်ပျူတာသိပ္ပံဌာနမှ ဒေါက်တာဘွဲ့ကျောင်းသားများ အားလုံးသည် စုဝေးနေကြပြီး တည်ကြည်လေးနက်သော မျက်နှာများ ရှိနေကြ၏။ ဒေါက်တာကျန်းသည် ကွန်ပျူတာဓာတ်ခွဲခန်း တံခါးဝမှနေ၍ သူ့အခန်းဖော်ကို တိုးတိုးလေးလှမ်းခေါ်လိုက်သည်။

"ဒေါက်တာဝူ ဒေါက်တာဝူ"

ကွန်ပျူတာရှေ့တွင် ထိုင်နေသော ဒေါက်တာဝူသည်ထလာပြီး သူတို့နှစ်ဦးကို ကွန်ပျူတာဓာတ်ခွဲခန်းအတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။

"ဘာဖြစ်လို့လဲ"

ဒေါက်တာကျန်း အသံကိုနှိမ့်ကာ မေးလိုက်သည်။

"မင်းတို့အဖွဲ့အစည်းအဝေးလုပ်နေတာလား၊ ငါ အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ"

ဒေါက်တာဝူသည် မိမိမျက်လုံးများကို ပွတ်သပ်လိုက်မိသည်။ သူ ကွန်ပျူတာရှေ့တွင် အချိန်အကြာကြီးထိုင်နေခဲ့သဖြင့် မျက်လုံးများ တော်တော်လေး ကျိန်းစပ်နေခဲ့ပြီဖြစ်၏။

"အဖွဲ့အစည်းအဝေးလုပ်နေတာ မဟုတ်ပါဘူး၊ ပြောပါဦး"

"ဒီလို၊ ငါတို့ရဲ့ပါမောက္ခက ငါတို့ကို တာဝန်တစ်ခု ပေးထားလို့၊ NR ဂျာနယ်မှာ ပုံနှိပ်ထုတ်ဝေလိုက်တဲ့ စာတမ်းရဲ့ ရလဒ်ကုန်ပစ္စည်းကို လုဝယ်ဖို့ လိုအပ်နေတာ၊ မင်းတို့ဆီမှာ အဲဒီလိုမျိုး ပစ္စည်းလုဝယ်တဲ့ ဆော့ဖ်ဝဲရှိမလားလို့ လာမေးတာပါ"

ဒေါက်တာကျန်းသည် ပစ္စည်းလုဝယ်သည့် ဆော့ဖ်ဝဲအကြောင်း မေးမြန်းခြင်းမှာ အတန်ငယ်သိက္ခာကျစရာကောင်းသည်ဟု ထင်မြင်မိသဖြင့် အသံကို ပို၍နှိမ့်လိုက်မိသည်။ မျှော်လင့်မထားစွာဖြင့် ဒေါက်တာဝူသည် သူ့ကို ထူးဆန်းသော မျက်နှာအမူအရာဖြင့် စိုက်ကြည့်လာပြီး မေးတော့၏။

"မင်းတို့လည်း ဟဲယဲ့တည်းခိုခန်းရဲ့ ဆံပင်ပေါက်ဆေးကို လုမလို့လား"

ဒေါက်တာကျန်း ဆွံ့အသွားရသည်။

"မင်းပြောတဲ့ 'လည်း' ဆိုတာ ဘာသဘောလဲ"

ဒေါက်တာဝူသည် သူ့ကိုကွန်ပျူတာရှေ့သို့ ဆွဲခေါ်သွားခဲ့သည်။

"ဒီနေ့ ကွန်ပျူတာသိပ္ပံဌာနက ဒေါက်တာဘွဲ့ပါမောက္ခတွေအားလုံးက PhD ကျောင်းသားတွေနဲ့ မဟာဘွဲ့ကျောင်းသားတွေ အားလုံးကိုတာဝန်တစ်ခုပေးထားတယ်၊ အဲဒါက ဆံပင်ပေါက်ဆေးကို ရအောင်လုဖို့ပဲ၊ အခု ငါတို့အားလုံး အဲဒီအတွက် ပစ္စည်းလုဝယ်မယ့် ဆော့ဖ်ဝဲကို ကိုယ်တိုင်ရေးနေကြတာ"

ဒေါက်တာကျန်းသည် ကွန်ပျူတာစခရင်ပေါ်ရှိ သိပ်သည်းလှသောကုဒ် များကိုကြည့်ရင်း ကြောင်အမ်းသွားရတော့သည်။ စီတက္ကသိုလ်ရဲ့ ကွန်ပျူတာသိပ္ပံဌာနမှာ လူတွေ ကုန်ပစ္စည်းတစ်ခုအတွက် ပစ္စည်းလုဝယ်မယ့် ဆော့ဖ်ဝဲကိုကိုယ်တိုင်ရေးနေကြတယ် ဟုတ်လား။ ဒါတကယ်ကို အားထုတ်မှု ကြီးမားလွန်းလှသည်။ ဒေါက်တာဝူသည် ကုဒ်များရေးသားလွန်းသဖြင့် ပါးလွှာစပြုနေပြီဖြစ်သော မိမိဆံပင်များကို ပွတ်သပ်လိုက်ရင်း စကားတစ်ခွန်းမှမဆိုဘဲ ပြုံးလိုက်တော့၏။ မနက်ဖြန်၏ပစ္စည်းလုပွဲအတွက်မူ သူတို့ကွန်ပျူတာသိပ္ပံဌာနမှာ အောင်ပွဲကို မဖြစ်မနေဆုပ်ကိုင်ထားရန် ဆုံးဖြတ်ချက်ချထားပြီးသား ဖြစ်ပေသည်။

All Chapters