← Chapters

အခန်း ၂၆၇

Vol. 27 Ch. 267

အခန်း ၂၆၇

Vol. 27 Ch. 267

267

"၆၊ ၅၊ ၄ မြန်မြန်လုပ်၊ မြန်မြန်လုပ်၊ မြန်မြန်လုပ်ဦး"

ဒေါက်တာကျန်းသည် သူ့ဖုန်းမှ အချိန်ရေတွက်မှုကို ကြည့်ရင်း စိုးရိမ်တကြီးဖြင့် အော်ဟစ်လိုက်မိသည်။ လုဝယ်ရမည့်အချိန်မှာ စတင်တော့မည် မဟုတ်ပါလား။ စီနီယာအစ်မရန်မှာမူ ဒေါက်တာကျန်း၏ အော်ဟစ်သံများကို နားထဲမသွင်းဘဲ စိတ်အာရုံကို အပြည့်အဝ စုစည်းထားပြီးဖြစ်၏။ သူမသည် ဖုန်းစခရင်ပေါ်မှ အချိန်ရေတွက်မှုကို စိုက်ကြည့်နေပြီး အချိန်ကိုက်ဖြစ်သွားသည်နှင့် တစ်ပြိုင်နက် 'ငွေပေးချေမည်' ဆိုသည့် ခလုတ်ကို ဖျတ်ခနဲ နှိပ်လိုက်တော့သည်။

"ရလိုက်လား၊ ရလိုက်လား"

ဒေါက်တာဝူသည် ကွန်ပျူတာစခရင်ပေါ်က ကိန်းဂဏန်းများကို စိုက်ကြည့်ရင်း သူ့ဂျူနီယာကျောင်းသားများကို အဖြေရရန် အတင်းတိုက်တွန်းနေသည်။ သူတို့ ရေးသားထားသော ပစ္စည်းလုဝယ်သည့် ဆော့ဖ်ဝဲ အပိတ်ခံရခြင်းမှ ကာကွယ်ရန်အတွက် ဒေါက်တာဝူနှင့် သူ့အဖွဲ့သားများ ရေးသားထားသော ဆော့ဖ်ဝဲသည် တကယ့် IP အချက်အလက်များနှင့် လူသားတို့၏ ကလစ်နှိပ်မှုပုံစံအတိုင်း အတုယူဖန်တီးထားခြင်းဖြစ်၏။ မနေ့ကလည်း သူတို့သည် အကြိမ်အနည်းငယ် စမ်းသပ်ကြည့်ခဲ့ပြီး စမ်းသပ်ချက်အနေဖြင့် ဖျော်ဖြေပွဲနှစ်ခု၏ လက်မှတ်များကို လုဝယ်ကြည့်ရာ ရလဒ်မှာ အလွန်တရာ ကောင်းမွန်ခဲ့သည်။

"အား လုတာ ရှုံးသွားတယ်ဟုတ်လား၊ ဘာဖြစ်တာလဲ မဖြစ်နိုင်တာ "

ဘေးနားရှိ ဂျူနီယာကျောင်းသားတစ်ယောက်မှာ ခေါင်းကို ဆုပ်ကိုင်ရင်း အော်ဟစ်လိုက်သည်။ မနေ့က သေချာစမ်းသပ်ထားပြီးသားမို့ ဤပစ္စည်းလုဆော့ဖ်ဝဲမှာ တော်တော်လေး စိတ်ချရပါတယ်ဆိုမှ ဘာလို့ ကျရှုံးသွားရတာလဲ။ ဒေါက်တာဝူသည်လည်း ရင်ထဲ၌ အနည်းငယ် ထိတ်လန့်သွားရသည်။ ဤအရာမှာ သူတို့ ကွန်ပျူတာသိပ္ပံဌာန၏ ပါမောက္ခမှ ကျောင်းသားအားလုံးကို ပေးထားသည့် တာဝန်ဖြစ်ပြီး သူတို့ဘက်မှလည်း အဘက်ဘက်မှ အကြိုပြင်ဆင်မှုများကို အသေးစိတ် ပြုလုပ်ထားခဲ့ခြင်းဖြစ်၏။ ဆံပင်ပေါက်ဆေး တစ်ဗူးလေးတောင်မှ ဘာလို့ မရလိုက်ရတာလဲ။ ကွန်ပျူတာထက် မြန်တဲ့သူ ဘယ်သူ ရှိနိုင်ဦးမှာလဲ။ ဒေါက်တာဝူသည် ကွန်ပျူတာရှေ့သို့ စိုးရိမ်တကြီး တိုးဝှေ့ဝင်ရောက်လိုက်ပြီး မေးလိုက်သည်။

"ကုဒ်မှာ ပြဿနာတစ်ခုခု ရှိလို့လား"

ဂျူနီယာကျောင်းသားမှာ စနစ်၏ နောက်ကွယ်လုပ်ငန်းစဉ်ကို ဆွဲထုတ်ပြသလိုက်ရင်း ဆိုသည်။

"ပြဿနာမရှိပါဘူး၊ ကျွန်တော်တို့ ဆော့ဖ်ဝဲက အရမ်းကောင်းကောင်းအလုပ်လုပ်နေတာ၊ ပြီးတော့ ကျွန်တော်တို့ မျှော်လင့်ထားတဲ့အတိုင်းပဲ ဟဲယဲ့တည်းခိုခန်းရဲ့ မီနီပရိုဂရမ်က ကျွန်တော်တို့ ဆော့ဖ်ဝဲကို ပိတ်ဆို့ခြင်းမရှိဘဲ ဖြတ်သန်းခွင့်ပေးခဲ့တယ်၊ ကျွန်တော်တို့ ဆော့ဖ်ဝဲကို လူသားအစစ်အမှန်အဖြစ် စိစစ်အတည်ပြုပေးခဲ့တာပါ"

ဒေါက်တာဝူ၏လက်ချောင်းများသည် ကီးဘုတ်ပေါ်တွင် လျင်မြန်စွာ ပျံသန်းသွားပြီးနောက် နောက်ဆုံး၌ Enter ခလုတ်ကို အားပြင်းပြင်းဖြင့်ရိုက်နှိပ်လိုက်သည်။ သူသည် ဆွဲထုတ်လိုက်သော အချက်အလက်များကို စိုက်ကြည့်ရင်း မျက်နှာတစ်ခုလုံး ပျက်ယွင်းသွားရတော့၏။

"ဘာလဲဟ ဘာဖြစ်သွားတာလဲ၊ ငါတို့ ဆော့ဖ်ဝဲက (၀.၁)စက္ကန့်မှာ အော်ဒါတင်ဖို့ ကြိုးစားခဲ့တာ၊ ဒါပေမယ့် ဆံပင်ပေါက်ဆေး အားလုံးက (၀.၀၆) စက္ကန့်မှာတင် အကုန်ကုန်သွားပြီတဲ့၊ ငါတို့ထက် ပိုပြီးမြန်တဲ့ဆော့ဖ်ဝဲရှိနေလို့လား"

သူတို့သည် ဤပစ္စည်းလုဆော့ဖ်ဝဲကို အချိန်အကြာ ပြင်ဆင်မွမ်းမံခဲ့ရခြင်းဖြစ်သည်။ အကယ်၍ ဆော့ဖ်ဝဲ၏ တုံ့ပြန်မှုအရှိန်ကို (၀) စက္ကန့်ဟု သတ်မှတ်လိုက်ပါလျှင် မီနီပရိုဂရမ်မှာ စက်ရုပ်ဟု လွယ်လွယ်ကူကူသိရှိသွားပြီး အကောင့်အပိတ်ခံရမည်ဖြစ်သည်။ (၀.၁) စက္ကန့်ဆိုသည်မှာ သူတို့ အစွမ်းကုန် ကြိုးစားထားသည့် အမြန်ဆုံး ငွေပေးချေမှုအရှိန်ဖြစ်နေပြီဖြစ်၏။ ဒေါက်တာဝူနှင့် သူ့အဖွဲ့သားများ စိတ်ဓာတ်ကျနေသည်နှင့် မတူဘဲ ဒေါက်တာကျန်းမှာမူ သူ့ပုံမှန်တည်ငြိမ်မှုကို ဆုံးရှုံးသွားပြီး ဝမ်းသာအားရ အော်ဟစ်လိုက်တော့သည်။

"ရပြီ အမိုက်စားပဲ စီနီယာအစ်မ၊ အမိုက်စားပဲ"

"ကျွန်တော်တို့ ရလိုက်ပြီ၊ နှစ်ဗူးတောင် ရလိုက်တာ၊ စီနီယာအစ်မ အစ်မက တကယ်ကို တော်တာပဲ၊ ဩော် ဒါနဲ့ ဒေါက်တာဝူ၊ မင်းတို့အဖွဲ့ရောဘယ်လိုလဲ"

ဒေါက်တာကျန်းသည် ပတ်ဝန်းကျင်၏ အခြေအနေကို လုံးဝရိပ်မိခြင်းမရှိပေ။ သူသည် ဒေါက်တာဝူ၏ဘေးနားသို့ သွားကာ ကြွားဝါချင်စိတ်ကို မအောင့်နိုင်ဖြစ်နေသည်။ သူ အနားသို့တိုးသွားသောအခါ ဒေါက်တာကျန်းသည် ဒေါက်တာဝူ၏ ကွန်ပျူတာစခရင်ပေါ်ရှိ ကြီးမားလှသော (၀)ဂဏန်းကိုမြင်လိုက်ရသည်။ သူသည် ချက်ချင်းပင် မကောင်းသော အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် စီနီယာအစ်မရန်ကို ဆွဲကာ ထွက်ပြေးရန်ကြိုးစားလိုက်တော့၏။ သို့သော်လည်း ဒေါက်တာဝူမှာ သူတို့ကို အလွယ်တကူလွှတ်ပေးပါမည်နည်း။ ကွန်ပျူတာသိပ္ပံဌာနမှ ကျောင်းသားများသည် ဝိုင်းဖွဲ့လိုက်ကြပြီး တံခါးဝကို ပိတ်ဆို့လိုက်ကြသည်။ ဒေါက်တာဝူသည် စီနီယာအစ်မရန်ကို ဒေါသတကြီးစိုက်ကြည့်ရင်း ဆိုသည်။

"စီနီယာအစ်မ၊ ကျွန်တော်တို့ ကွန်ပျူတာဓာတ်ခွဲခန်းရဲ့ အင်တာနက်လိုင်းက တော်တော်လေးမြန်တာနော်၊ အစ်မ ဆံပင်ပေါက်ဆေးရလိုက်တာက ကျွန်တော်တို့ဆီက အကြွေးတစ်ခုခုမရှိသင့်ဘူးလား"

စီနီယာအစ်မရန်သည် လက်ပိုက်လိုက်ပြီး မာန်ပါပါ မျက်နှာအမူအရာဖြင့် ပြန်ပြောလိုက်သည်။

"မရပါဘူးနော်၊ တစ်ဗူးက ငါတို့ရဲ့ ပါမောက္ခကို ပေးရမှာ၊ နောက်တစ်ဗူးကတော့ ငါကိုယ်တိုင်သုံးမလို့"

"တကယ်ပဲလား စီနီယာအစ်မ၊ အစ်မက ဘာလို့ ကိုယ်တိုင်သုံးမှာလဲ၊ ကျွန်တော်တို့ကို သနားပါဦး ကျွန်တော်တို့ရဲ့ ဆံပင်တွေကိုလည်း ကြည့်ကြပါဦးဗျာ"

ဒေါက်တာဝူသည် ခက်ထန်သော သူ့မျက်နှာအမူအရာကို ချက်ချင်းဖျောက်ဖျက်လိုက်ပြီး သနားစရာကောင်းအောင် ဟန်ဆောင်ကာ ကရုဏာသက်အောင် လုပ်တော့သည်။ စီနီယာအစ်မရန်သည် အလွန်ဖျတ်လတ်လှသဖြင့် ငါးရှဉ့်တစ်ကောင်ကဲ့သို့ သူတို့ကြားမှ လျှောခနဲ ရုန်းထွက်သွားခဲ့၏။ သူမသည် သူတို့စကားနောက်သို့ မျောပါသွားခြင်းမရှိပေ။

"ဂျူနီယာ မောင်လေး၊ ဆက်ပြီး ကြိုးစားကြပါဦး၊ ငါက ဆံပင်ပေါက်ဆေးရဲ့အာနိသင်က သိပ်မကောင်းမှာ စိုးရိမ်လို့၊ ဒါကြောင့် ဂျူနီယာမောင်လေးတို့အတွက် ငါကပဲပထမဆုံး စမ်းသပ်ခံအနေနဲ့ အရင်သုံးကြည့်ပေးပါ့မယ်"

စီနီယာအစ်မရန်သည် ပြောပြောဆိုဆိုဖြင့် သူတို့မြင်ကွင်းထဲမှ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပြီး ဒေါက်တာကျန်းတစ်ယောက်တည်းကိုသာ ဝိုင်းရံပိတ်ဆို့မှုအတွင်း ချန်ထားခဲ့တော့သည်။ ဘေးနားရှိ ဂျူနီယာကျောင်းသားလေးမှာမူ ထိတ်လန့်တုန်လှုပ်မှုမှ မရုန်းထွက်နိုင်သေးဘဲ ပါးစပ်မှလည်း တတွတ်တွတ် ရေရွတ်နေမိသည်။

"(၀.၁) စက္ကန့် (၀.၁) စက္ကန့်"

သူသည် ခေါင်းကိုဆုပ်ကိုင်ရင်း နာကျင်နေသော အမူအရာရှိနေသည်။ မဟုတ်သေးပါဘူး။ သူတို့ဆော့ဖ်ဝဲသည် (၀.၁) စက္ကန့်မှာတင် အော်ဒါတင်နိုင်ခဲ့သည်‌လေ။ စီနီယာအစ်မရန်ရဲ့လက်အရှိန်မှာ အတိအကျဆိုရင် ဘယ်လောက်တောင် မြန်လို့လဲ။ သူမ ဘယ်လိုလုပ်ပြီး နှစ်ဗူးတောင်အော်ဒါတင်နိုင်ခဲ့ရတာလဲ။ နောက်ဆုံးမှာတော့ စက်ပစ္စည်းတွေသည် လူသားများကို မယှဉ်နိုင်တာပဲဖြစ်မည်။ စီနီယာအစ်မရန်သည် လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် ကျောင်း၏ပါဆယ်ထုတ်ယူသည့်နေရာဆီသို့သွားကာ သူမပါဆယ်ကို လျင်မြန်စွာ သွားရောက်ထုတ်ယူလိုက်သည်။ ပြီးခဲ့သည့်နှစ်ရက်လုံးလုံး သူမသည် ပါဆယ်ပို့ဆောင်မှု အချက်အလက်များကို သေချာစွာ စောင့်ကြည့်နေခဲ့ခြင်းဖြစ်ပြီး ပါဆယ်မှာ ကျောင်းသို့ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ပါဆယ်ထုတ်သည့်နေရာ တံခါးဝတွင် အမြဲစောင့်ကြည့်ကာ ဂရုတစိုက် စောင့်ဆိုင်းနေခဲ့၏။ ယခုအခါတွင်မူ သူမသည် ဆံပင်ပေါက်ဆေးကို အောင်မြင်စွာလက်ခံရရှိခဲ့ပြီ ဖြစ်သည်။

သူမသည် ဆံပင်ပေါက်ဆေးတစ်ဗူးကို သူမပါမောက္ခထံသို့ သွားရောက်ပေးအပ်ခဲ့ရာ တစ်မနက်ခင်းလုံး ပါမောက္ခ၏ချီးမွမ်းခန်းဖွင့်သံများကို နားထောင်ခဲ့ရသည်။ စီနီယာအစ်မရန်အနေဖြင့် မိမိကိုယ်မိမိပညာရပ်ဆိုင်ရာတွင် အမှန်တကယ် ပါရမီရှိသည်ဟူ၍ ပါမောက္ခထံမှ ကြားဖူးခြင်းမှာ ဤအကြိမ်သည် ပထမဆုံးဖြစ်၏။ စီနီယာအစ်မရန်သည် ကျန်ရှိနေသော ဆံပင်ပေါက်ဆေး နောက်တစ်ဗူးကို ပါမောက္ခထံသို့ ထပ်မံပေးအပ်ချင်စိတ်ကို အတတ်နိုင်ဆုံး အောင့်အီးထိန်းချုပ်လိုက်ရပြီး ကွန်ပျူတာသိပ္ပံဌာန၏ဌာနမှူးထံမှ လာရောက်ပူးပေါင်းရန် ဖိတ်ခေါ်ချက်ကိုလည်း ငြင်းပယ်လိုက်သည်။ သူမသည် ဆံပင်ပေါက်ဆေးဗူးကို သေချာစွာဝှက်သိမ်းရင်း အဆောင်သို့ ပြန်လာခဲ့တော့၏။

"ရှောင်ရန် ရှောင်ရန်၊ မြန်မြန်လာပါဦး"

စီနီယာအစ်မရန်၏အခန်းဖော်များသည် အဆောင်ခန်းထဲတွင် စိတ်အားထက်သန်စွာဖြင့် စောင့်ဆိုင်းနေကြပြီဖြစ်သည်။ စီနီယာအစ်မရန် ဆံပင်ပေါက်ဆေးကို အောင်မြင်စွာလုဝယ်နိုင်ခဲ့ကြောင်း သိရှိခဲ့ကြကတည်းက သူတို့အားလုံးသည် နေ့တိုင်းပစ္စည်းရောက်လာမည့်အချိန်ကို စိုးရိမ်တကြီးဖြင့် စောင့်မျှော်နေခဲ့ကြခြင်းဖြစ်၏။

"ဒါက ဆံပင်ပေါက်ဆေးလား၊ ထုပ်ပိုးမှုပုံစံက တကယ်ကို သပ်ရပ်လှပလွန်းတာပဲ "

အခန်းဖော်သုံးယောက်သည် ဝိုင်းဖွဲ့လိုက်ကြပြီး စီနီယာအစ်မရန်မှာ ဆံပင်ပေါက်ဆေး၏ ထုပ်ပိုးမှုကို ဖွင့်လှစ်နေသည်ကို စိုက်ကြည့်နေကြသည်။ ဆံပင်ပေါက်ဆေးကို သစ်သားသေတ္တာဖြင့် ထုပ်ပိုးထားပြီး ၎င်းမှာဂရုတစိုက် ထုဆစ်ထားသော ရတနာသေတ္တာလေးတစ်လုံးနှင့် တူလှ၏။ သစ်သားသေတ္တာ၏ မျက်နှာပြင်ပေါ်တွင် သက်ရှိထင်ရှားရှိနေသည့်အလား အသက်ဝင်လှသော ဂျင်ဆင်းပုံစံများကို အသေးစိတ် ထုဆစ်ထားသည်။ ဤထုဆစ်မှုများသည် သစ်သားသေတ္တာပေါ်တွင် ထိတွေ့မှု အဖုအထစ်များကို ဖြစ်ပေါ်စေသဖြင့် လက်ဖြင့် ကိုင်တွယ်ရာတွင် ချော်ထွက်မသွားစေရန် အလွန် အထောက်အကူပြုလှသည်။ အပေါ်ဘက် အလွှာကို အသာအယာ လျှောဖွင့်လိုက်သောအခါ သေတ္တာ၏ အောက်ခြေတွင် ခင်းကျင်းထားသော နက်မှောင်သည့် အနီရောင် ပိုးထည်စကို မြင်တွေ့လိုက်ရ၏။ ပိုးထည်၏ထိတွေ့မှုမှာ နူးညံ့ချောမွေ့လှပြီး သစ်သားသေတ္တာ၏ မာကျောမှုနှင့် ဆန့်ကျင်ဘက်ဖြစ်နေကာ သိမ်မွေ့လှသော အဆင့်အတန်းမြင့်မားမှုကို ပေါ်လွင်စေသည်။ ပိုးထည်အောက်တွင်မူ နူးညံ့ပြီး ရုန်းကန်အားရှိသော ရေမြှုပ်များ ခင်းထားပြီး ဆံပင်ပေါက်ဆေးဗူးကို အလယ်ဗဟိုတွင် တင်းကျပ်စွာ ဝန်းရံထားသဖြင့် သယ်ယူပို့ဆောင်ရေးတွင် တစုံတရာ ထိခိုက်ပျက်စီးမှုမရှိဘဲ မူလအတိုင်းရှိနေစေရန် အာမခံပေးထားသည်။

ဆံပင်ပေါက်ဆေးကိုမူ ဖောက်ထွင်းမြင်ရသော ဖန်ဗူးအကြည်လေးထဲတွင် ထည့်သွင်းချိတ်ပိတ်ထားသည်။ ဖန်ဗူးမှတစ်ဆင့်အတွင်းရှိ အရည်၏ နက်မှောင်သော အရောင်အသွေးကို မြင်တွေ့နိုင်ပြီး ၎င်းမှာ နက်ရှိုင်းကာ လျှို့ဝှက်ဆန်းကြယ်လှသဖြင့် အဆုံးမဲ့သော သက်စောင့်စွမ်းအားများ ကိန်းအောင်းနေသည့်အတိုင်းပင်။ ဖန်ဗူးကို အသာအယာ လှုပ်ခါလိုက်သောအခါ နက်မှောင်သော အရည်များသည် ဖြည်းညှင်းစွာ စီးဆင်းသွားပြီး ထိုခဏ၌ အတွင်းတွင် စိမ်းလန်းသော အရောင်အဝါတစ်ခု ဖျတ်ခနဲ လက်သွားခဲ့ကာ ရှင်သန်ခြင်းအသက်ဓာတ်ဖြင့် ပြည့်နှက်နေတော့၏။

"ဝါး"

ထုပ်ပိုးမှုပုံစံကိုမြင်တွေ့ရကတည်းက စီနီယာအစ်မရန်၏ အခန်းဖော်များသည် 'ဝါး' ဟူ၍ အဆက်မပြတ် အံ့ဩတကြီး ရေရွတ်နေကြမိသည်။

"ဒီသေတ္တာရဲ့ ထုပ်ပိုးမှုက အရမ်း သပ်ရပ်လွန်းတယ်၊ တကယ်ကို (၁၆၀၀) ယွမ် တန်ဖိုးရှိတဲ့ ဆံပင်ပေါက်ဆေးဆိုတာနဲ့ညီအောင် ထုတ်ထားတာပဲ"

အခန်းဖော်တစ်ယောက်မှာ အံ့ဩတကြီး ပြောလိုက်သည်။

"ဖွင့်ကြည့်လိုက်ဦး၊ ငါတို့ကို ပြပါဦး"

စီနီယာအစ်မရန်၏အခန်းဖော်မှ အတင်းတိုက်တွန်းလိုက်သည်။ လှပသော သေတ္တာကြီးထက်စာလျှင် အတွင်းရှိ ဆံပင်ပေါက်ဆေးမှာ မည်သို့ပုံစံမျိုးရှိသည်ကို သူတို့ကိုယ်ပိုင်မျက်စိဖြင့် ပိုမိုမြင်တွေ့ချင်နေကြခြင်းဖြစ်၏။ အခုတလော NR ဂျာနယ်သည် ပညာရပ်ဆိုင်ရာ လောကတွင် အလွန် ရေပန်းစားနေသော ခေါင်းစဉ်တစ်ခု ဖြစ်နေသည်။ ဆံပင်ကို ပြန်လည်ပေါက်စေနိုင်သော အာနိသင်ရှိသည့် ပါဝင်ပစ္စည်းအသစ်။ မည်သူက စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။ အထူးသဖြင့် သိပ္ပံနည်းကျ သုတေသနပြုလုပ်နေသူများထဲတွင် ဆံပင်ကျွတ်သည့် ဝေဒနာ မခံစားရသူဟူ၍ တစ်ယောက်မျှ မရှိပေ။ ပစ္စည်းလုဝယ်သည့်နေ့မှာ စီတက္ကသိုလ် ဖိုရမ်၏ ပင်မစာမျက်နှာတွင် ညည်းတွားသံများပြည့်နှက်နေခဲ့ပြီး လူတိုင်းက မိမိတို့၏ လက်အရှိန် မမြန်ခဲ့ခြင်းအပေါ် ဝမ်းနည်းပူဆွေးနေခဲ့ကြသည်။ တစ်ယောက်မှာမူ ကွန်ပျူတာသိပ္ပံဌာနမှ လူများသည် ပစ္စည်းလုဆော့ဖ်ဝဲကို ကိုယ်တိုင်ရေးသားခဲ့သော်လည်း ကျရှုံးသွားခဲ့ရသည့် အကြောင်းကို ဖွင့်ချလိုက်ရာ ကွန်ပျူတာသိပ္ပံဌာနမှ ကျောင်းသားများကို လှောင်ပြောင်စရာ ဖြစ်ခဲ့ရသော်လည်း အများစုအတွက်မူ မိမိကိုယ်မိမိ ပြန်လည်နှစ်သိမ့်စရာ ဖြစ်ခဲ့ရ၏။

"ကြည့်လိုက်ဦး၊ ကွန်ပျူတာသိပ္ပံဌာနတောင် မရတာပဲ၊ ငါမရတာကတော့ သဘာဝကျပါတယ်"

သို့သော်လည်း တစ်စုံတစ်ယောက်မှ စီနီယာအစ်မရန် ဆံပင်ပေါက်ဆေးကို အောင်မြင်စွာ လုဝယ်နိုင်ခဲ့သည့် သတင်းကို မည်သို့မည်ပုံ ပေါက်ကြားအောင် လုပ်လိုက်သည်မသိပေ။ စီတက္ကသိုလ်၏ BBS ပေါ်တွင် လူတိုင်းမှာ စီနီယာအစ်မရန်ကို လိုက်လံရှာဖွေနေကြသဖြင့် ပြီးခဲ့သည့် နှစ်ရက်လုံးလုံး သူမအပြင်ထွက်သည့်အခါတိုင်း လူအုပ်ကြီး၏ ဝိုင်းဝန်းပိတ်ဆို့ခြင်းကို ခံရမည်ကို အလွန်စိုးရိမ်ပူပန်နေခဲ့ရသည်။ နောက်ဆုံးတွင် စီနီယာအစ်မရန်သည် BBS ပေါ်တွင် သူမအနေဖြင့် ဆံပင်ပေါက်ဆေး သုံးစွဲမှုရလဒ်များကို BBS ပေါ်တွင် အချိန်နှင့်တပြေးညီ တင်ပေးသွားမည်ဖြစ်ကြောင်း ပို့စ်တင်လိုက်ရသဖြင့် နောက်ဆုံး၌ လူထု၏ဒေါသကို ငြိမ်သက်သွားစေခဲ့ရသည်။ စီနီယာအစ်မရန်၏ အခန်းဖော်များသည် သူမ ဆံပင်ပေါက်ဆေးကို လုဝယ်နိုင်ခဲ့ခြင်းအပေါ် မနာလိုဖြစ်နေကြသည်မှာ သဘာဝပင်။ သို့သော်လည်း အရင်းအမြစ်နှင့် နီးစပ်နေသဖြင့် မိမိတို့ကိုယ်တိုင် ဆံပင်ပေါက်ဆေးကိုမရရှိခဲ့သော်လည်း ၎င်း၏ပုံစံကို ပထမဆုံး မြင်တွေ့ခွင့်ရပြီး အာနိသင်ကိုလည်း အနီးကပ်စောင့်ကြည့်ခွင့်ရခြင်းမှာ ဖိုရမ်ပေါ်တွင် အော်ဟစ်ငိုညည်းနေရသူများထက်စာလျှင် အများကြီးပိုမိုကောင်းမွန်လှ၏။

"ရှောင်ရန် ရှောင်ရန်၊ မြန်မြန်ဖွင့်လိုက်တော့၊ ငါ့ဖုန်းကို အဆင်သင့်ပြင်ထားပြီးပြီ"

စီနီယာအစ်မရန်၏ အခန်းဖော်များသည် ဖုန်းများကိုထုတ်လိုက်ကြသည်။ သူတို့သည်လည်း စီနီယာအစ်မရန်ကိုကူညီပြီး BBS ပေါ်တွင် တိုးတက်မှု အခြေအနေများကို ပို့စ်တင်ပေးသွားမည်ဖြစ်၏။

All Chapters