← Chapters

အခန်း ၂၆၈

Vol. 27 Ch. 268

အခန်း ၂၆၈

Vol. 27 Ch. 268

268

"ဖျတ်"

စီနီယာအစ်မရန်သည် ဖန်ဗူးပေါ်ရှိ ပလတ်စတစ်အလုံပိတ်စက္ကူကို ဆွဲခွာလိုက်ပြီး ဗူးအဖုံးကို လှည့်ဖွင့်လိုက်သည်။ ဗူးအဖုံးကို လှည့်ဖွင့်လိုက်သည့် ထိုခဏ၌ပင် သဘာဝတရားကြီးဆီသို့ ဦးတည်သည့် တံခါးတစ်ချပ် ပွင့်ဟသွားသည့်အလား လန်းဆန်းအေးမြပြီး သန့်စင်လှသော တရုတ်တိုင်းရင်းဆေးနံ့ သင်းသင်းလေးတစ်ခုမှာ ဝှေ့ပျံထွက်ရှိလာကာ အေးမြမှုနှင့် သက်စောင့်အားမာန် အရသာကို တစ်ပါတည်း ဆောင်ကြဉ်းပေးလာခဲ့၏။ ၎င်းကို တစ်ချက်မျှ ရှူရှိုက်လိုက်ရုံဖြင့် ဂျင်ဆင်း၏ စူးရှထူထပ်သော ရနံ့နှင့် နွယ်ရှင်ပင်၏ ကြည်လင်သင်းပျံ့သော ရနံ့တို့ကို ရောပြွမ်းခံစားလိုက်ရသဖြင့် စိတ်နှလုံးကို အလွန်တရာ သက်တောင့်သက်သာ ဖြစ်စေလှသည်။

စီနီယာအစ်မရန်သည် အခန်းဖော်ဖြစ်သူ ကမ်းပေးလာသည့် မှန်ကို လှမ်းယူလိုက်သည်။ ပြီးခဲ့သည့် ရက်ပိုင်းက ပါဆယ်ကို စောင့်ဆိုင်းနေစဉ်အတောအတွင်း သူမသည် ဟဲယဲ့တည်းခိုခန်း၏ မီနီပရိုဂရမ်ပေါ်တွင် တင်ထားသော ကုန်ပစ္စည်းအညွှန်းကို အကြိမ်ကြိမ် အထပ်ထပ် ဖတ်ရှုထားခဲ့သဖြင့် ဆံပင်ပေါက်ဆေး အသုံးပြုပုံ အဆင့်ဆင့်ကို စိတ်ထဲ၌ အလွတ်ရနေခဲ့ပြီဖြစ်၏။ သူမသည် ဖန်ဗူးထဲမှ ဆေးစက်ချပြွန် ကို ဂရုတစိုက် မယူလိုက်ပြီး မွှေးရနံ့သင်းပျံ့နေသော ဆေးရည် အစက်အနည်းငယ်ကို မိမိ၏ လက်ဖဝါးထဲသို့ ညှစ်ချလိုက်သည်။ ထို့နောက် လက်ဖဝါးနှစ်ဖက်ကို အသာအယာ ပွတ်သပ်လိုက်ရာ ဆေးရည်သည် သူမခန္ဓာကိုယ်အပူချိန်နှင့်အတူ တဖြည်းဖြည်း နွေးထွေးလာခဲ့သည်။ ဤဆေးရည်သည် ဆီကဲ့သို့ စိုစွတ်သောအသွင် ရှိသော်လည်း စေးကပ်ခြင်း အလျဉ်းမရှိဘဲ လက်ဖဝါးထဲတွင် စီးဆင်းနိုင်စွမ်း ရှိလှသည်။ ဆေးရည်၏ စိမ့်ဝင်မှုနှုန်းမှာ အလွန်တရာ မြန်ဆန်လှသဖြင့် စိမ့်ဝင်သွားပြီးနောက်တွင် သူမ၏ လက်ဖဝါးထဲ၌ ပါးလွှာသော ဆီအလွှာပါးလေးတစ်ခုသာ ကျန်ရစ်တော့သည်။ ဤဆီအလွှာမှာ လေးလံထိုင်းမှိုင်းခြင်းမရှိဘဲ ပေါ့ပါးသော ခံစားချက်ကိုသာ ပေးစွမ်းလေသည်။

လက်ဖဝါးထဲမှ ဆေးရည်များ နွေးထွေးလာသည်နှင့် တစ်ပြိုင်နက် သူမသည် ဆေးရည်များ စိုစွတ်နေသော လက်ချောင်းများကို ဦးရေပြားပေါ်သို့ ခပ်သွက်သွက်လေး ဖိကပ်လိုက်ပြီး လက်ချောင်းထိပ်လေးများဖြင့် ဦးရေပြားကို ညင်သာစွာ နှိပ်နယ်ပေးရင်း ဆေးရည်များကို ဦးရေပြားထဲသို့ စိမ့်ဝင်စေလိုက်သည်။ ဆံပင်ပေါက်ဆေးသည် ဦးရေပြားနှင့် စတင်ထိတွေ့လိုက်သည့် ထိုခဏ၌ပင် ဆောင်းရာသီ၏ ခြောက်သွေ့နေသော သစ်ကိုင်းခြောက်လေးများကို နွေးထွေးသော နွေဦးလေညင်းက အသာအယာ ပွတ်သပ်ပွတ်သပ် တိုက်ခတ်သွားသည့်အလား ကိန်းအောင်းနေသော ဆံခြည်မျှင်အိတ်လေးများကို နိုးထလာစေသည့်အလား နွေးထွေးသော ခံစားချက်တစ်ခုမှာ ဦးရေပြားအနှံ့ ပြန့်လွင့်သွားတော့၏။ စီနီယာအစ်မရန်သည် ဆေးရည်များ သူမ၏ ဦးရေပြားထဲသို့ လျင်မြန်စွာ စိမ့်ဝင်သွားပြီး ဆံခြည်မျှင်အိတ်တိုင်းဆီသို့ ထိုးဖောက်ကာ ဆံပင်တစ်ပင်ချင်းစီ၏ အမြစ်များကို အားဖြည့်ပေးနေသည်ကို ခံစားလိုက်ရသည်။ ဤစိမ့်ဝင်မှုမှာ စေးကပ်ညစ်ပတ်ခြင်းမရှိဘဲ လန်းဆန်းစေသော စိုစွတ်မှုမျိုးသာဖြစ်သည်။

"ဘယ်လိုလဲ ဘယ်လိုလဲ"

စီနီယာအစ်မရန်၏ အခန်းဖော်ဖြစ်သူမှာ ကင်မရာကို ကိုင်ထားရင်း မျက်တောင်တခတ်ခတ်ဖြင့် မျှော်လင့်ချက်အပြည့်ရှိသော မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ မေးမြန်းလိုက်သည်။ စီနီယာအစ်မရန်သည် မိမိလက်ပေါ်ရှိ ဆေးရည်တစ်စက်ကိုမျှ အလေအလွင့်မရှိစေဘဲ ဦးရေပြားအနှံ့သို့ သေချာစွာ ပွတ်လိမ်းပေးလိုက်ရင်းဆို၏။

"အခုလောလောဆယ်တော့ ငါ့ဦးရေပြားက ပူနွေးလာသလိုပဲ၊ စေးကပ်တာမျိုးလည်း မရှိဘူး၊ အဲဒါကလွဲလို့ တခြားထူးထူးခြားခြား ခံစားချက်တော့ မရှိသေးဘူး"

အခြားအခန်းဖော်တစ်ယောက်မှာမူ ဘေးနားမှလူ၏ တံတောင်ဆစ်ကို အသာအယာ တို့လိုက်ပြီး စနောက်ကျီစယ်သည့် လေသံဖြင့် ပြောလိုက်သည်။

"ဘယ်လိုလုပ်ပြီး ဒီလောက်တောင် မြန်ရမှာလဲ၊ ဒါက ပထမဆုံးအကြိမ် သုံးတာပဲ ရှိသေးတာလေ အကယ်၍ ပထမဆုံးအကြိမ် သုံးတာနဲ့တင် အာနိသင်က ချက်ချင်းကြီး ထူးခြားလာမယ်ဆိုရင်တော့ ဒီဆံပင်ပေါက်ဆေးထဲမှာ တရားမဝင် ဟော်မုန်းဓာတ်တွေ ပါနေမလားဆိုပြီး ငါတို့ စိုးရိမ်ရတော့မှာ"

"အဲဒါလည်း ဟုတ်တာပဲ၊ ရှောင်ရန် စိတ်မပူနဲ့နော်၊ စောစောက ပုံတွေကို ငါ အကုန်လုံး သေချာရိုက်ထားပေးတယ်၊ ခဏနေကျရင် BBS ပေါ်မှာ တိုးတက်မှု အခြေအနေကို ငါ ကူညီပြီး တင်ပေးမယ်"

အခန်းဖော်ဖြစ်သူမှာ သူမရင်ဘတ်ကို လက်ဖြင့်ပုတ်ကာ စိတ်ချရကြောင်း အာမခံလိုက်တော့သည်။ စင်စစ်အားဖြင့်လည်း အခုတလော စီတက္ကသိုလ်၏ BBS ဖိုရမ်တွင် ဝင်ရောက်ကြည့်ရှုသူ အရေအတွက်မှာ သိသိသာသာ မြင့်တက်လာခဲ့၏။ BBS ၏ ပင်မစာမျက်နှာရှိ ရေပန်းအစားဆုံး ပို့စ်များစာရင်းတွင် 'မှတ်တမ်းတင် ပို့စ်' ဟု အမည်ရသော ပို့စ်တစ်ခု ထိပ်ဆုံးနေရာကို တောက်လျှောက် သိမ်းပိုက်ထားခဲ့သည်။ ဤပို့စ်၏ ခေါင်းစဉ်မှာ အလွန်တရာ ရိုးရှင်းလှပြီး ၎င်း၏အောက်တွင် ရှိနေကြသော 'ငါ့စီနီယာအစ်ကိုနဲ့ ယောက်ျား (၈) ယောက်ရဲ့ ဇာတ်လမ်း'၊ 'ငါ့ပါမောက္ခရဲ့ ဘွဲ့လွန်စာတမ်း ကျေးဇူးတင်လွှာထဲကလူက တကယ်တော့ သူ့ဇနီးဟောင်း ဖြစ်နေတဲ့အခါ' နှင့် 'ဖော်ကောင်လုပ်ခြင်း၊ မျိုးရိုးအမည် X နဲ့ လူယုတ်မာတစ်ယောက်က လူ (၆) ယောက်ကို တစ်ပြိုင်နက် ဖောက်ပြန်ခဲ့တဲ့ သက်သေများ"'

စသည့် ပို့စ်ခေါင်းစဉ်များ၏ အလင်္ကာမြောက် စာသားစတိုင်များနှင့် လုံးဝ ကွဲပြားခြားနားနေခဲ့သည်။

ရှောင်ရန်ရဲ့ အတွင်းရေးမှူး - "ဒီနေ့ကတော့ စီနီယာအစ်မရန် ဆံပင်ပေါက်ဆေး သုံးတာ (၁၀) ရက်မြောက်နေ့ ဖြစ်ပါတယ်၊ ပြီးခဲ့တဲ့ ပထမဆုံး နှစ်ရက်တုန်းက တင်ပေးခဲ့တဲ့ ဓာတ်ပုံတွေထဲမှာတော့ လူတိုင်းက ဘာမှ မထူးခြားဘူးလို့ ပြောခဲ့ကြပေမယ့် တကယ်တမ်းကျတော့ မျက်စိနဲ့ သေချာကြည့်ရင် အရင်က သေနေပြီလို့ ထင်ရတဲ့ ဆံခြည်မျှင်အိတ်လေးတွေဆီကနေ နူးညံ့တဲ့ ဆံပင်နုလေးတွေ ထွက်လာတာကို မြင်နေရပြီ ဖြစ်ပါတယ်၊ ဒီနေ့ တင်ပေးလိုက်တဲ့ ဓာတ်ပုံထဲမှာတော့ လူတိုင်း စီနီယာအစ်မရန်ရဲ့ခေါင်းပေါ်မှာ ဆံပင်နုလေးတွေပေါက်လာတာကို သေချာပေါက် မြင်တွေ့နိုင်မှာပါ"

ဝမ် ဝမ် ဝမ် ဝမ် ဝမ် - "လာပြီ လာပြီ၊ နောက်ဆုံးတော့ အသစ်တင်ပေးပြီဟေ့ထ ငါ ဘယ်လောက်တောင် မျှော်နေခဲ့ရလဲ သိရဲ့လား"

ကန်တင်းက ပေါင်မုန့်လိပ်ကို ချစ်မြတ်နိုးသူ - "အစတုန်းကတော့ ဆံပင်ပေါက်ဆေးကို ငါကနှာခေါင်းရှုံ့ခဲ့တာ၊ အခုကျတော့ ဝယ်ဖို့တောင် ပိုက်ဆံမတတ်နိုင်တော့ဘူး၊ ၁၀ရက်..... ၁၀ရက်တိတိ ရှိသွားပြီ၊ ငါ တစ်ခါမှလုမရသေးဘူး၊ ဒီနေ့ ကုန်ပစ္စည်း အရေအတွက် (၅၀၀၀) တောင် ချပေးတာကို ငါ ဘာလို့ မရသေးတာလဲ"

ဂုဏ်ထူးမှတ်ဖြင့် ဘွဲ့ရရှိသူ - "မင်းကလည်း၊ လူဘယ်လောက်များများက အဲဒါကို ရဖို့အတွက် ဖုန်းစခရင်ကို စောင့်ကြည့်ပြီး လုနေကြလဲဆိုတာ မတွေးဘူးလား၊ အခုလောလောဆယ် ငါတို့ စီတက္ကသိုလ်မှာ စီနီယာအစ်မရန်ကလွဲလို့ ဘယ်သူမှ မရသေးဘူး၊ ငါတို့ကျောင်းက တော်သေးတယ်လို့ ပြောရမယ် အေတက္ကသိုလ်နဲ့ ဘီတက္ကသိုလ်ဆိုရင် တစ်ယောက်မှကို မရကြဘဲ အကုန်လုံး ပြုတ်သွားတာ၊ သူတို့ကျောင်းရဲ့ BBS ပေါ်မှာဆိုရင် ကျောင်းရဲ့ ဖုန်းရွှေမှာ ပြဿနာရှိနေလို့လားဆိုပြီး အခုထိ ဆွေးနွေးနေကြတုန်းပဲ"

စာတမ်းပထမမူကြမ်း အောင်မြင်သူ - "ဟုတ်တယ် အခု ဒီဆံပင်ပေါက်ဆေးက တကယ့်ကို နာမည်ကြီးနေတာ၊ စာအုပ်စိမ်းလေးနဲ့ Douyin ပေါ်က ဘလော့ဂါ တော်တော်များများလည်း Review တင်နေကြတာ၊ ငါ့အဖေနဲ့ အမေတောင် အဲဒါကို မြင်သွားပြီး ငါ့အမေက ငါ့အဖေအတွက် တစ်ဗူးလောက် ရအောင်လုပေးဖို့ ငါ့ကို ပြောနေတယ်"

ဝမ် ဝမ် ဝမ် ဝမ် ဝမ် - "ငါတော့ လုံးဝကို လုလို့မရဘူး၊ ဒီ (၁၀) ရက်အတွင်းမှာ ပုံစံမျိုးစုံ၊ နည်းလမ်းမျိုးစုံ သုံးပြီး လုခဲ့တာတောင် မရဘူး၊ နောက်ဆုံး လောကုတ္တရာ နည်းလမ်း (မေတ္တာပို့ဆုတောင်းခြင်း) တွေ သုံးတာတောင် မထူးခြားဘူး"

ကန်တင်းက ပေါင်မုန့်လိပ်ကို ချစ်မြတ်နိုးသူ -- "ဆံပင်ပေါက်ဆေးကို ထားလိုက်ပါဦး၊ အခုဆိုရင် ဟဲယဲ့တည်းခိုခန်းရဲ့ မီနီပရိုဂရမ်ပေါ်က အသားဖြူဆပ်ပြာနဲ့ အသားဖြူရေချိုးဆပ်ပြာရည်တွေတောင် လုံးဝ လုလို့ မရတော့ဘူး"

ဂုဏ်ထူးမှတ်ဖြင့် ဘွဲ့ရရှိသူ - "ဒါနဲ့ စောစောက စီနီယာအစ်မရန်က နှစ်ဗူး ရခဲ့တာလို့ ပြောတယ်မလား၊ ကျန်တဲ့ ဆံပင်ပေါက်ဆေး နောက်တစ်ဗူးက ဘယ်သူ့ဆီမှာ ရှိနေတာလဲ"

ဝမ် ဝမ် ဝမ် ဝမ် ဝမ် - " ပါမောက္ခ X ဆီမှာ မဟုတ်ဘူးလား၊ ဒီနေ့ အတန်းတက်တုန်းက လူတိုင်းက သူ့ကိုပဲ စိုက်ကြည့်နေကြတာ၊ ဒါက ပါမောက္ခ X သတိမထားမိတဲ့အချိန် အတန်းထဲမှာ ငါ ခိုးရိုက်ထားတဲ့ပုံ"

ကန်တင်းက ပေါင်မုန့်လိပ်ကို ချစ်မြတ်နိုးသူ - "အမလေး ဘုရားရေ၊ ပါမောက္ခ X ရဲ့ ရလဒ်က စီနီယာအစ်မရန်ထက်တောင် ပိုပြီး သိသာနေပါလား"

စာတမ်းပထမမူကြမ်း အောင်မြင်သူ - "လျှောက်မပြောနဲ့ သူတို့ရဲ့ မူလအခြေအနေချင်း တူလို့လား၊ စီနီယာအစ်မရန်က ဆံပင်အနားသတ်လေးပဲ ပါးတာ၊ သူမရဲ့ ဆံပင်က တော်တော်လေး ထူသေးတယ်၊ ပါမောက္ခ X ကတော့ ထိပ်ပြောင်တဲ့ ဝေဒနာ ခံစားနေရတာလေ၊ အခုတော့ သူ့ခေါင်းက တော်တော်လေး နက်မှောင်လာပြီး ဆံပင်တွေ ကွက်ပြီး ပေါက်လာပြီ"

ဂုဏ်ထူးမှတ်ဖြင့် ဘွဲ့ရရှိသူ - "အား၊ ငါ ပိုပြီး စိတ်လှုပ်ရှားလာပြီ၊ ပညာရေးနယ်ပယ်က အလုပ်သမားတွေအတွက် ဒါက တကယ်ကို လိုအပ်တာ"

ဝမ် ဝမ် ဝမ် ဝမ် ဝမ် - "မပြောပါနဲ့တော့၊ ဒါတွေအကုန်လုံးက အဲဒီဘလော့ဂါတွေကြောင့်ပဲ၊ သူတို့က ညွှန်းလွန်းတာကိုး၊ အခုဆို ဒီဆံပင်ပေါက်ဆေးက အွန်လိုင်းပေါ်မှာ တကယ့်ကို ပေါက်သွားပြီထင်တယ်၊ လူအုပ်ကြီးက မျက်စိကျပြီး ဝိုင်းလုနေကြတာ"

စီနီယာအစ်မရန်ရဲ့ အတွင်းရေးမှူးလေး - "သတင်းထူး သတင်းထူးလာပြီဟေ့၊ ဒါက စီနီယာအစ်မရန် ပရိသတ်ဂရုထဲမှာ အခုတင်ပဲ မြင်လိုက်ရတဲ့ နောက်ဆုံးရသတင်းပဲ၊ ဟဲယဲ့တည်းခိုခန်းက တည်းခိုခန်းအတွင်းမှာ ဆံပင်ပေါက်ဆေး ပါဝင်တဲ့ ခေါင်းလျှော်ရည်ကို မိတ်ဆက်တော့မှာဖြစ်ပြီး တည်းခိုခန်းမှာ လာရောက်တည်းခိုတဲ့ ဧည့်သည်အားလုံး အခမဲ့ သုံးစွဲနိုင်မှာတဲ့"

စီနီယာအစ်မရန်၏ အခန်းဖော်ဖြစ်သူသည် ခေါင်းကို ကုတ်လိုက်ရင်း အနည်းငယ် ဝေခွဲမရဖြစ်စွာဖြင့်ဆိုသည်။

"ဘာဖြစ်လို့ ဒီမက်ဆေ့ချ်ရဲ့အောက်မှာ ဘယ်သူမှ ပြန်စာမရေးကြတာလဲ မသိဘူး"

စီနီယာအစ်မရန်သည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း သူမ၏ ဖုန်းကို စိုက်ကြည့်ကာ အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

"အဲဒါက သူတို့အားလုံး အခန်းသွားလုနေကြလို့ပေါ့၊ တော်သေးတာက ငါတို့ အခုတင်ပဲ အခန်းကို ကြိုတင်မှာယူလို့ အောင်မြင်သွားတာ၊ အခု အခန်းတွေအကုန်လုံး လုဝယ်ပြီးလို့ ကုန်သွားပြီ၊ President Suite တောင် မကျန်တော့ဘူး၊ ဘယ်လို လူကုံထံ အသိုင်းအဝိုင်းကလူက ဒီလောက်တောင် လက်မြန်ခြေမြန်ရှိလိုက်လဲ မသိပါဘူး”

All Chapters