အခန်း ၂၆၉
Vol. 27 Ch. 269
269
"လိုင်နာ မင်း တကယ်ပဲ ငါ့နောက်ကို တကောက်ကောက်လိုက်နေမှာလား"
ရှသည် မိမိဘေးနားတွင် ဟိုပြေးဒီပြေးလုပ်ရင်း ကင်မရာဖြင့် တဖျတ်ဖျတ် ဓာတ်ပုံရိုက်မပျက်ဖြစ်နေသော လိုင်နာကိုကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်မိသည်။ ထိုလူဝကြီးသည် တကယ့်ကို အားအင်တွေပြည့်လျှံနေပြီး ခဏလေးတောင်မှ ငြိမ်ငြိမ်မနေနိုင်ပေ။ လိုင်နာနှာခေါင်းနှစ်ချက် ရှုံ့လိုက်ရင်း မာန်ပါပါဖြင့် ပြန်ပြောလိုက်သည်။
"ငါက မင်းနောက်ကိုလိုက်နေတာ မဟုတ်ဘူး၊ ရစ်ချက်နောက်ကို လိုက်နေတာ ဟုတ်တယ်မလား ရစ်ချက်"
ရစ်ချက်သည် တစ်ဖက်တွင်လည်းစိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလှသော လိုင်နာကိုကြည့်လိုက်ပြီး အခြားတစ်ဖက်တွင်လည်း သူ့ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသော ရှကိုကြည့်လိုက်သည်။ နောက်ဆုံး၌ သူသည် ခေါင်းကို လွှဲလိုက်ပြီး ကြားလူအဖြစ် စေ့စပ်ပေးရန် ရွေးချယ်လိုက်တော့၏။
"အိုး တရုတ်ပြည်က တကယ်လှပတာပဲ၊ လီလီယန် ဟိုဘက်မှာရှိတဲ့ ပန်ဒါရုပ်တုကြီးကို ကြည့်စမ်းဦး၊ တရုတ်ပြည်မှာက တကယ်ပဲ နေရာတိုင်းမှာ ပန်ဒါတွေရှိနေတာပဲ"
လီလီယန်မှာမူ ရေတစ်ငုံသောက်လိုက်ပြီး ဘာမှ ပြန်မပြောခဲ့ပေ။ သူမသည် သူတို့အငြင်းပွားမှုထဲတွင် ပါဝင်ပတ်သက်လိုခြင်း မရှိချင်ပါ။ ရှမှဆက်၍ ညည်းတွားလိုက်သည်။
"ငါ တကယ်ကိုနားမလည်နိုင်တော့ဘူး၊ ဒါက ပညာရပ်ဆိုင်ရာ တွေ့ဆုံပွဲလေ၊ အစားအသောက် ကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့ မင်းက ဘာကိစ္စလိုက်လာရတာလဲ"
ရှ၊ ရစ်ချက်နှင့် လီလီယန်တို့သည် NR ဂျာနယ်၏ ပြင်ပစာစစ်သူများဖြစ်ကြသည်။ သူတို့အားလုံးသည် NR ဂျာနယ်ပေါ်ရှိ တရုတ်နိုင်ငံမှ တင်ပြထားသော သုတေသနစာတမ်းကို ဖတ်ရှုခဲ့ကြပြီး၊ စာတမ်းတွင် ဖော်ပြထားသော ဆံပင်ပေါက်ဆေးမှာ ထွက်ရှိပြီးနောက် တရုတ်နိုင်ငံတွင် အကြီးအကျယ် ပေါက်ကြားရေပန်းစားနေကြောင်း ကြားသိခဲ့ရသဖြင့် လေယာဉ်လက်မှတ်များ ဝယ်ယူကာ တရုတ်နိုင်ငံသို့ ပျံသန်းလာခဲ့ကြခြင်းဖြစ်၏။ ထိုဝတုတ်လိုင်နာမှာမူ KM အစားအသောက် မဂ္ဂဇင်း၏ အယ်ဒီတာချုပ်ဖြစ်သည်။ တခြားသူများ တရုတ်နိုင်ငံသို့ သွားမည်ကို သိရှိပြီးနောက် သူပါအတင်းအကျပ် လိုက်ပါလာခဲ့ခြင်းဖြစ်၏။ ယခုအခါတွင်မူ ခရီးစဉ်တစ်ခုလုံး၏ လေထုမှာ လုံးဝ ပြောင်းလဲသွားခဲ့ရသည်။ ရှအနေဖြင့် ရစ်ချက်၊ လီလီယန်တို့နှင့်အတူ နောက်ဆုံးပေါ် ခေတ်ရှေ့ပြေး သုတေသနလုပ်ငန်းများကို ဆွေးနွေးလိုသည့် အကြိမ်တိုင်းတွင် လိုင်နာမှကြားဖြတ်ပေါ်လာပြီး စကားလမ်းကြောင်းကို လွှဲပစ်ကာ သူ မကြာသေးမီက စားသုံးခဲ့သော အရသာရှိသည့်အစားအသောက်များအကြောင်းကို စိတ်အားထက်သန်စွာ ပြောဆိုတတ်သည်။ ထိုအခါ စကားဝိုင်း၏ခေါင်းစဉ်မှာ မော်လီကျူးများအကြောင်းမှ မော်လီကျူး အချက်အပြုတ်ပညာဆီသို့ ချက်ချင်း ကူးပြောင်းသွားတတ်သဖြင့် ၎င်းမှာ ရှကို အထူးတလည် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။
ကံကောင်းသည်မှာ သူတို့သည် နောက်ဆုံး၌ ခရီးဆုံးပန်းတိုင်သို့ ရောက်ရှိတော့မည်ဖြစ်သည်။ လိုင်နာသည် ပုံမှန်အားဖြင့် အားကိုးမရသကဲ့သို့ထင်ရသော်လည်း စားသောက်ဆိုင်တစ်ဆိုင်သို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် သူ့ဒုတိယပင်ကိုယ်စရိုက် နိုးထလာပြီး အစားအသောက်အပေါ်တွင် သေချာစေ့စပ်စွာ ဆက်ဆံတတ်ကြောင်း ရှသိရှိထား၏။ ထိုအချိန်ကျရင်တော့ သူ ဤမျှလောက် ဆူညံနေတော့မည်မဟုတ်ပါချေ။
"ငါတို့ ကြိုတင်မှာထားတဲ့ ကားရောက်ပြီ၊ သွားကြစို့"
ရစ်ချက်သည် ရှနှင့် လိုင်နာတို့ထပ်မံငြင်းခုံကြမည်ကို စိုးရိမ်သဖြင့် သူတို့လုပ်စရာရှိသည်ကို ခပ်သွက်သွက်လေး ရှာဖွေပေးလိုက်သည်။ လီလီယန်မှာမူ ရှေ့ခန်းယာဉ်မောင်းဘေးခုံကို လျင်မြန်စွာ နေရာယူလိုက်၏။ သူမသည် ကျန်လူသုံးယောက်နှင့်အတူ နောက်ခန်းတွင် ကျပ်ညပ်ပြီး မထိုင်ချင်ပါ။ သနားစရာကောင်းသော ရစ်ချက်မှာမူ နောက်တန်းခုံ၏ အလယ်တည့်တည့်တွင်ထိုင်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိခဲ့ချေ။ ဤနေရာမှာ သိသိသာသာပင် ကျဉ်းမြောင်းလှသဖြင့် ရစ်ချက်သည် သူ့ခြေလက်များကို ကျုံ့ကာထိုင်နေရရှာပြီး သနားစရာအမူအရာဖြစ်နေတော့သည်။ ယာဉ်မောင်းအတွက်မူ နိုင်ငံခြားသားများ အပြည့်ပါလာသော ကားကို ပထမဆုံးအကြိမ်ကြိုဆိုဖူးခြင်းဖြစ်သည်။ သူသည် သူတို့လေးယောက်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ဟဲလို ခင်ဗျားတို့ ဟဲယဲ့တည်းခိုခန်းကို သွားမလို့လား၊ အာ မဟုတ်သေးပါဘူး၊ ကျွန်တော်က နိုင်ငံခြားဘာသာစကားမပြောတတ်ဘူး"
ယာဉ်မောင်းသည် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး နိုင်ငံခြားသားများနှင့် ဆက်သွယ်ပြောဆိုရန် လက်လျှော့တော့မည့်ဆဲဆဲတွင် လိုင်နာမှာ စကားကို လွှဲယူလိုက်သဖြင့် အံ့ဩသွားရသည်။
"ဟုတ်ကဲ့၊ ကျွန်တော်တို့ အဲဒီကိုသွားမလို့ပါ"
လိုင်နာ၏လေယူလေသိမ်းမှာ အလွန်တရာ ဆိုးဝါးလှသော်လည်း သူ တရုတ်ဘာသာစကားကို ပြောတတ်နေသည် မဟုတ်ပါလား။ ဤအရာမှာ ယာဉ်မောင်းကိုသာမက ရှကိုပါ အံ့အားသင့်သွားစေခဲ့ပြီး ရှသည် လိုင်နာကို မှင်တက်မိသောမျက်နှာအမူအရာဖြင့် စိုက်ကြည့်လိုက်မိသည်။
"ဟင်း ကမ္ဘာအနှံ့က အစားအသောက်တွေကို လိုက်လံရှာဖွေတဲ့ အစားအသောက်သမားတစ်ယောက်အနေနဲ့ ဘာသာစကား တော်တော်များများကို တတ်ထားရတာပေါ့"
လိုင်နာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် သူ့ဗိုက်ကြီးကို ရှေ့သို့ပင့်လိုက်ရာ ခေါင်းမှာ ကားမျက်နှာကျက်နှင့် ဒုန်းခနဲဆောင့်မိသွားတော့သည်။ ဤအငှားယာဉ်၏ အတွင်းခန်းမှာ တကယ်ကို ကျဉ်းမြောင်းလွန်းလှ၏။ လိုင်နာ တရုတ်စကား နားလည်သည်ကိုမြင်သောအခါ ယာဉ်မောင်းသည် ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး ဟဲယဲ့တည်းခိုခန်းအကြောင်းကို မရပ်မနား တတွတ်တွတ် ပြောပါတော့သည်။
"အိုး ဒီတည်းခိုခန်းက တကယ်ကို နာမည်ကြီးတာဗျ၊ ကျွန်တော်ဆိုရင် လေဆိပ်ကနေ ဟဲယဲ့တည်းခိုခန်းကို သွားတဲ့ခရီးစဉ်ကို တစ်နေ့ကို အနည်းဆုံး သုံးခေါက်လောက်မောင်းရတယ်၊ ဒီတည်းခိုခန်းကလေ....."
သူတို့ကားပေါ်မှဆင်းပြီး တည်းခိုခန်းသို့ ရောက်ရှိလာသည့်အချိန်ကျမှသာ ယာဉ်မောင်း၏စကားသံများ ရပ်တန့်သွားခဲ့သည်။ လီလီယန်သည် တဒိတ်ဒိတ်ဖြင့်ကိုက်ခဲနေသော သူမနားထင်များကို လက်ဖြင့်ပွတ်လိုက်ရင်း မိမိရွေးချယ်မှု မှားယွင်းသွားခဲ့ကြောင်း ပထမဆုံးအကြိမ် ခံစားလိုက်ရ၏။ သူမသည် ဘာဖြစ်လို့ ယာဉ်မောင်းဘေးတွင်ထိုင်ရန် ရွေးချယ်ခဲ့မိပါလိမ့်။ သူမရှေ့မှောက်တွင်ရှိသော ဇိမ်ခံဆန်ပြီး သစ်လွင်တောက်ပနေသည့် တည်းခိုခန်းကြီးကိုကြည့်ရင်း လီလီယန် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"စောစောက အဲဒီယာဉ်မောင်း ဘာတွေ ပြောနေတာလဲ"
လိုင်နာ ခေါင်းခါလိုက်သည်။
"ငါလည်း တရုတ်စကားကို နည်းနည်းပဲ တတ်တာ၊ အဲဒီယာဉ်မောင်းပြောတာကတော့ ဒီနေရာက စားလို့ကောင်းပြီး ကစားလို့ကောင်းတယ်လို့ ပြောပုံရတယ်"
ရှသည် မျက်လုံးကို တဖန်စွေစောင်းကြည့်လိုက်မိပြန်သည်။ လိုင်နာ အကုန်လုံးကို နားလည်သည်ဟုထင်ခဲ့သော်လည်း အခုပြောလိုက်သည်မှာ ဘာမှမပြောတာနှင့် အတူတူပဲမဟုတ်ပါလား။ လီလီယန်သည် သူတို့အငြင်းပွားမှုထဲတွင် မပါဝင်လိုတော့သဖြင့် သူမ၏ခရီးဆောင်အိတ်ကိုဆွဲကာ တည်းခိုခန်းအတွင်းသို့ လှမ်းဝင်ခဲ့တော့သည်။ တည်းခိုခန်းသို့ ရောက်ရှိသွားသောအခါမှသာ အဆက်မပြတ် ငြင်းခုံနေကြသည့် အသံများ နောက်ဆုံး၌စဲသွားခဲ့၏။ လီလီယန်သည် လျိုနနထံသို့ ဆက်သွယ်လိုက်သည်။ သူတို့အဖွဲ့သည် ဓာတ်ခွဲခန်းသို့ သွားရောက်လေ့လာကြမည်ဖြစ်ပြီး လီလီယန်အနေဖြင့် သူတို့ NR ဂျာနယ်တွင် တင်ပြထားသော စာတမ်းအပေါ်တွင် အမြဲတမ်း အလွန်တရာ စူးစမ်းလိုစိတ် ပြင်းပြနေခဲ့ခြင်း ဖြစ်သည်။ လိုင်နာမှာမူ ခရီးဆောင်အိတ်ကို ချပြီးသည်နှင့် တစ်ပြိုင်နက် ဖျတ်ခနဲ လှုပ်ရှားမှုဖြင့် စားသောက်ခန်းမဆီသို့ ဦးတည်ပြေးသွားခဲ့သည်။ သူ့အချက်အပြုတ်ခရီးစဉ်ကို စတင်တော့မည် မဟုတ်ပါလား။
မုန့်အရောင်းပြတင်းပေါက်တွင် ရွှေဝါရောင်ဆံပင်ပွပွနှင့် ခေါင်းကြီးတစ်ခုမှာ မှန်ချပ်၏ရှေ့မှောက်တွင် ဝဲလည်ဝဲလည် ဖြစ်နေခဲ့သည်။ သူ့မျက်နှာအမူအရာမှာ တည်ကြည်လေးနက်နေပြီး မုန့်များကို ပြုလုပ်နေသော ဟုန်လျန်ကို စိုက်ကြည့်ရင်း လက်ထဲမှဖုန်းဖြင့်လည်း တဖျတ်ဖျတ် ဓာတ်ပုံနှင့် ဗီဒီယို များရိုက်နေခဲ့သည်။ စားဖိုမှူးသည် ယခင်ကလည်း မုန့်ပြုလုပ်ပုံကို စိတ်ဝင်တစား စူးစမ်းကြည့်ရှုကြသော ဖောက်သည်များကို မြင်ဖူးခဲ့သော်လည်း ဤနိုင်ငံခြားသား ဖောက်သည်ကြီးမှာ ထိုနေရာတွင် ရပ်နေသည်မှာ အချိန်အတော်ကြာနေပြီ မဟုတ်ပါလား။ ထို့ပြင် သူသည် ဖုန်းဖြင့် တောက်လျှောက် ဗီဒီယိုရိုက်နေသဖြင့် စားဖိုမှူးမှာ ကင်မရာရှိန်ကြောင့် လက်တုန်ခြေတုန်ပင် ဖြစ်လာရသည်။
"မုန့်နှစ်က လုံလောက်တဲ့ရုန်းကန်အား မရှိသေးဘူး"
တည်ငြိမ်အေးဆေးသောအသံတစ်ခု ဘေးနားမှ ထွက်ပေါ်လာသည်။ ဟုန်လျန်သည် လက်ကို ဆန့်ထုတ်လိုက်ပြီး စားပွဲခုံပေါ်ရှိ မုန့်နှစ်တစ်ခုကို အသာအယာ ဆိတ်ဆွဲကြည့်ကာ ညွှန်ကြားချက်အသစ်ကို ပေးလိုက်၏။ စားဖိုမှူးသည် တုန့်ခနဲဖြစ်သွားရပြီး မှန်ပြင်ပမှ လိုင်နာကိုလုံးဝမေ့လျော့သွားကာ မုန့်နှစ်ကို အားသွန်ခွန်စိုက်နယ်တော့သည်။ ဆရာမဟုန်လျန်၏ပညာမှာ အလွန်တရာမြင့်မားလှသဖြင့် မုန့်နှစ်၏အပြောင်းအလဲ အသေးအဖွဲလေးတစ်ခုမျှပင် သူမမျက်စိကို လှည့်စား၍မရနိုင်ချေ။ အကယ်၍ သူ့လုပ်ဆောင်ချက်မှာ စံချိန်စံညွှန်းမမီပါက လုပ်ငန်းစွမ်းဆောင်ရည်အမှတ်များ အဖြတ်ခံရပေလိမ့်မည်။
လိုင်နာသည် ဤမြင်ကွင်းကို သဘာဝကျကျပင်မြင်တွေ့လိုက်ရသည်။ သူသည် စိတ်ထဲမှတိတ်တဆိတ် ခေါင်းညိတ်လိုက်မိပြီး ဤတည်းခိုခန်း၏ စားသောက်မှုတွင် အရည်အသွေးကို သေချာထိန်းချုပ်ပေးမည့် သီးသန့်တာဝန်ခံတစ်ဦးရှိနေကြောင်း သဘောပေါက်လိုက်၏။ ဤအရာမှာ မုန့်အရသာကို အမြဲတမ်း တည်ငြိမ်မှုရှိစေမည်ဖြစ်ပြီး အရည်အသွေး အတက်အကျဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပေလိမ့်မည်။ ထို့ပြင် ဤနေရာရှိ မုန့်အားလုံးမှာ လက်လုပ်များဖြစ်ကြသဖြင့် တကယ့်ကို မြည်းစမ်းကြည့်ရန် ထိုက်တန်လှသည်။ ဖန်ပြတင်းပေါက်ရှေ့တွင် အချိန်အကြာကြီး ရပ်ကြည့်ပြီးနောက် ဂျုံမှုန့်များမှတစ်ဆင့် မုန့်အဖြစ်သို့ ပြောင်းလဲသွားသည့် လုပ်ငန်းစဉ်တစ်ခုလုံးကို ကြည့်ရှုပြီးသောအခါ လိုင်နာသည် နောက်ဆုံး၌ ပြတင်းပေါက်မှတစ်ဆင့် မုန့်ပြသရာ မှန်ဗူးဆီသို့ ရွှေ့ဆိုင်းသွားခဲ့၏။ လိုင်နာ မပီမသတရုတ်စကားဖြင့် ပြောလိုက်သည်။
"ကျွန်တော် အခုတင်ပဲဖုတ်ပြီးသားမုန့်တွေနဲ့ ပြီးတော့ ဒီဘက်က ခဏကြာအောင်ထားထားတဲ့ မုန့်တွေကိုလိုချင်တယ်"
သူပြောပြောဆိုဆိုဖြင့် လက်ဟန်ခြေဟန်များပါ ပြုလုပ်လိုက်သည်။ ဝန်ထမ်းမှာ သူ့ဆိုလိုရင်းကို နားလည်သွားပြီး တော်တော်လေး များပြားလှသော မုန့်အရေအတွက်ကို ကြည့်ကာ စေတနာဖြင့်အကြံပြုလိုက်၏။
"ဆရာ မင်္ဂလာပါရှင်၊ ဒါက မုန့်အရေအတွက် တော်တော်များနေတယ်နော်"
လိုင်နာ သူ့ဗိုက်ကြီးကို ရှေ့သို့ပင့်ပြလိုက်ရင်း သူစားနိုင်စွမ်းရှိကြောင်း သက်သေပြလိုက်ပြီး မုန့်ပန်းကန်အကြီးကြီးကို သယ်ဆောင်ကာ ထိုင်ခုံဆီသို့ လှမ်းလာခဲ့တော့သည်။ သူသည် သူ့လုပ်ငန်းခွင်သုံး မှတ်စုစာအုပ်ကို ထုတ်လိုက်ပြီး အစောဆုံးအနေဖြင့် အခုတင်ပဲ ဖုတ်ပြီးသားမုန့်ကို အနည်းငယ် ကိုက်စားလိုက်၏။ ထို့နောက် ပါးစပ်ထဲတွင် မူလအရသာကြွင်းကျန်ရစ်ခြင်းမရှိစေရန်အတွက် ရေဖြင့် ပလုပ်ကျင်းလိုက်ပြီးမှ နောက်ထပ် မုန့်တစ်မျိုးကို ထပ်မံမြည်းစမ်းကြည့်သည်။ သူသည် မြည်းစမ်းကြည့်သည့်အတိုင်း မုန့်၏ ချိုမြိန်မှုနှင့် ကြွပ်ဆတ်မှု အခြေအနေများကို မှတ်စုစာအုပ်ထဲတွင် အသေးစိတ် သေချာစွာ မှတ်တမ်းတင်နေခဲ့သည်။ လိုင်နာသည် သူ့မှတ်စုစာအုပ်ထဲတွင် ရေးသားလိုက်သည်။
"ငါက ကမ္ဘာအနှံ့မှာရှိတဲ့ တရုတ်မုန့်ပုံစံမျိုးစုံကို မြည်းစမ်းဖူးခဲ့ပေမယ့် တရုတ်မုန့် အများစုကတော့ စားဖိုမှူးရဲ့ အချက်အပြုတ် အာရုံခံစားမှုပေါ်မှာပဲ အများကြီး မူတည်နေတတ်တယ်၊ အဲဒီလို အာရုံခံစားမှုရှိတဲ့ စားဖိုမှူးတစ်ယောက်ထွက်သွားတဲ့အခါ ဒါမှမဟုတ် သူတို့ရဲ့ အာရုံခံစားမှုလွဲချော်သွားတဲ့အခါ မုန့်ရဲ့အရသာက ပြောင်းလဲသွားတတ်စမြဲပဲ၊ ဒါပေမယ့် ဒီနေရာမှာတော့ ငါက အလွန်တရာသန့်စင်ပြီး အရသာရှိတဲ့ မုန့်တွေကို မြည်းစမ်းခဲ့ရတယ်၊ ပြီးတော့ အရသာကလည်း တောက်လျှောက် ထပ်တူညီစွာ တည်ငြိမ်မှုရှိလှတယ်”