အခန်း ၂၇၃
Vol. 28 Ch. 273
273
ရှောင်ရှီးသည် သူ့ခြေသည်းများကို ပိုမိုတင်းကျပ်စွာဖိလိုက်ရာ တုကန်မှာ နာကျင်လွန်းသဖြင့် အော်ဟစ်ညည်းတွားရင်း ခြေလှမ်းများ တုံ့ခနဲ ရပ်တန့်သွားခဲ့ရသည်။ ရှောင်ရှီး သူ့ကို နှုတ်သီးဖြင့် တစ်ချက်ဆိတ်လိုက်၏။ ယခုရက်ပိုင်းအတွင်း ပန်းတံတိုင်းပေါ်ရှိ ပန်းများနည်းပါးလာခဲ့သဖြင့် လာရောက်ဓာတ်ပုံရိုက်သည့် ဧည့်သည်များလည်း လျော့နည်းသွားခဲ့ရာ ရှောင်ရှီးအနေဖြင့် လူတို့၏အာရုံစိုက်ခြင်းကိုခံရမှု နည်းပါးနေခဲ့သည်။ တကယ်လို့ စုဟယ်မှာ ကတ်ပြားမှထွက်လာသော ဇာတ်ကောင်အသစ်များကို သေသေချာချာ စောင့်ရှောက်ရမည်ဟု မပြောထားခဲ့ပါက ရှောင်ရှီးသည် စောစောစီးစီးကတည်းက ဒေါသပေါက်ကွဲပစ်လိုက်ပြီဖြစ်သည်။ တုကန်သည် စုဟယ်ကတ်ဆွဲရာမှတစ်ဆင့်ရရှိခဲ့သော ဇာတ်ကောင်အသစ်တစ်ဦးဖြစ်သည်။ ခေတ်ပေါ်အဝတ်အစားများ လဲလှယ်ဝတ်ဆင်ပြီးနောက်တွင်မူ သူသည် သာမန်မျှသာဖြစ်သော ပိန်လှီလှသော အဘိုးအိုတစ်ဦးနှင့် အလွန်တရာ တူညီလှ၏။ သို့သော်လည်း လက်တွေ့တွင်မူ သူ့၌ဝိုင်ချက်လုပ်ခြင်း အတတ်ပညာနှင့် ပတ်သက်၍ ထူးခြားဆန်းပြားလှသော အစွမ်းသတ္တိတစ်ခုရှိနေခဲ့သည်။
ဇာတ်ကောင်ကတ်ပြား - တုကန်
ဇာတ်ကောင်မိတ်ဆက် - "သောကတွေကို ဘယ်အရာက ပြေပျောက်စေနိုင်ပါ့မလဲ၊ တုကန်တစ်ဦးတည်းသာ ရှိပေသည်၊ ဝိုင်နတ်ဘုရား တုကန်သည် ပြောင်းဖူးဝိုင်ချက်လုပ်ခြင်း လုပ်ငန်း၏ အစဉ်အဆက်ရဲ့ ဖခင်ကြီး၊ စဦးမျိုးဆက်သခင်ဖြစ်သည်
ရှားပါးမှုအဆင့် - အဆင့်မြင့်
လက်ရှိအဆင့် - ကြယ်တစ်ပွင့်
ထူးခြားချက်ကျွမ်းကျင်မှု - နတ်သုဒ္ဓါရည်နှင့် ရွှေရည်စိမ် (ရေကို ဝိုင်အဖြစ် ပြောင်းလဲနိုင်ပြီး လူတို့ အတောင့်တဆုံးဖြစ်သော အကောင်းတကာ့ အကောင်းဆုံး ဝိုင်ကို ချက်လုပ်နိုင်စွမ်းရှိသည်)
ဤဇာတ်ကောင်ကတ်ပြားကို ဆင့်ခေါ်ပြီးနောက် စုဟယ်သည် တုကန်နှင့် သဘောတူညီချက်တစ်ခု ရရှိထားခဲ့ပြီးဖြစ်သည်။ ဒုတိယထပ်ရှိ ဘားကောင်တာမှာ အသုံးပြုရန် အဆင်သင့် ရှိနေသေးသဖြင့် တုကန်အနေဖြင့် ထိုနေရာတွင် အလုပ်လုပ်နိုင်ပြီး ၎င်းမှာ သူ့အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်နှင့်လည်း အလွန်တရာ ကိုက်ညီလှ၏။ စုဟယ်သည် တုကန်အတွက် လက်ထောက်အချို့ကိုလည်း ရှာဖွေပေးခဲ့ရာ တုကန်အနေဖြင့် ဝိုင်စပ်ရုံမျှသာ လိုအပ်တော့မည် ဖြစ်ပြီး စုဟယ်ကိုယ်တိုင်လည်း ဝိုင်ချက်ရန် လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို ဝယ်ယူရရှိနိုင်ရန်အတွက် အသည်းအသန် ကြိုးစားအားထုတ်ပေးနေခဲ့သည်။ သို့သော်လည်း တုကန်သည် စုဟယ်နှင့် ပြောဆိုခဲ့သော စကားများကို လုံးဝမေ့လျော့သွားခဲ့သည်။ ထိုစကားများကို ပြောဆိုနေစဥ်အတွင်း တုကန်တစ်ယောက် တကယ်ပဲ စိတ်အခြေအနေကောင်းကောင်းရှိနေခဲ့ရဲ့လား မဟုတ်ရင် ဘာဖြစ်လို့ စကားတစ်လုံးမှ နားထဲမဝင်ရပါလိမ့်ဟု စုဟယ်ပင် သံသယဝင်လာခဲ့မိသည်။
တည်းခိုခန်း၏ စည်းမျဉ်းစည်းကမ်းများကိုလိုက်နာရမည်ဟု စုဟယ် ပြောဆိုထားခဲ့ပါသော်လည်း တုကန်သည် တည်းခိုခန်းတစ်ခုလုံးတွင် ပြဿနာများကိုသာ တောက်လျှောက်ဖန်တီးနေခဲ့တော့သည်။ သူ့စိတ်ထဲ၌ ဝိုင်ချက်လုပ်နည်း ဖော်မြူလာအသစ်တစ်ခုခုပေါ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းကို ချက်ချင်းပင် လက်တွေ့စမ်းသပ်တော့၏။ တည်းခိုခန်း၏ ပန်းတံတိုင်းပေါ်ရှိ ပန်းများသာမကဘဲ မကြာသေးမီက အခြားအရာများစွာလည်း အလားတူလုပ်ခဲ့ရာ မီးဖိုချောင်ထဲရှိ အကောင်းစားဆန်များ၊ ဝက်သစ်ချပင်၏ သစ်ရွက်များနှင့် မက်မွန်ပင်ပေါ်ရှိ မက်မွန်သီးများအားလုံးမှာ အကြောင်းပြချက်မရှိဘဲ လျို့ဝှက်စွာ ပျောက်ကွယ်သွားခဲ့ကြသည်။
ထို့ပြင် တုကန်သည် ဝိုင်ချက်ရန်အတွက် သူ့မျက်ရည်များမှဖြစ်ပေါ်လာသော ပုလဲများကိုလိုချင်နေသည်ဟု ချန်းမှပင် စုဟယ်ထံသို့ တိတ်တဆိတ် လာရောက်တိုင်တန်းခဲ့သေးသည်။ အလုပ်ချိန်အတွင်းမှာ တည်းခိုခန်းဝန်ထမ်းများ အရက်သောက်သုံးခြင်းကို ပြတ်ပြတ်သားသားတားမြစ်ထားကြောင်း စုဟယ် ပြောကြားထားသဖြင့် တုကန်သည် အလုပ်ဆင်းချိန်မဟုတ်သည့်အချိန်ကို ဆင်ခြေအဖြစ် အသုံးပြုကာ လူမသိသောထောင့်စွန်းနေရာများတွင် လျှောက်သွားရင်း အရက်သောက်လေ့ရှိ၏။ သူသည် ဧည့်သည်တစ်ဦး၏ဖမ်းမိခြင်းကို ခံခဲ့ရပြီး တစ်ကြိမ်တိုင်ကြားခြင်းခံခဲ့ရဖူးရာ ထိုအချိန်မှစ၍ တုကန်သည် သင်ခန်းစာရရှိသွားခဲ့ပြီး လူသူမသိသောနေရာများတွင် တမင်တကာပုန်းကွယ်ကာ အရက်သောက်တတ်လာခဲ့သော်လည်း ဤအရာမှာ သူအရက်သောက်နေသည့် အမှန်တရားကိုတော့ လုံးဝဖုံးကွယ်ထားနိုင်ခြင်းမရှိခဲ့ချေ။
စနစ်နှင့် ကြယ်ပွင့်အဆင့်မြှင့်တင်ခြင်းများနှင့် ပတ်သက်၍မူ တုကန်သည် လုံးဝ ဂရုစိုက်ခြင်းမရှိချေ။ သူ့အတွက် အရေးအကြီးဆုံးသော အရာများမှာ အရက်သောက်ခြင်းနှင့် ဝိုင်ချက်ခြင်းသာဖြစ်သည်။ ကြယ်ပွင့်အဆင့်မြှင့်တင်ခြင်းမှာ သူ့အတွက် ဘာအဓိပ္ပာယ်မျှ မရှိလှပေ။ တကယ်လို့သာ ကြယ်ပွင့်အဆင့်တွေကို ဝိုင်ချက်သည့်နေရာမှာ သုံးလို့ရမည်ဆိုလျှင် တုကန်မှာ သူ့၌ရှိသော တစ်လုံးတည်းသော ကြယ်ပွင့်ကိုဆွတ်ခူးပြီး ဝိုင်အိုးထဲသို့ ထည့်ပစ်ချင်နေလိမ့်မည်ဟု စုဟယ် ခန့်မှန်းမိ၏။
"မစ္စတာ တုကန်၊ ကျွန်မ ရှင့်ကိုကတိပေးပါတယ်၊ ကုန်ကြမ်းပစ္စည်းတွေအကုန်လုံးက မနက်ဖြန်ကျရင် အဆင်သင့်ဖြစ်စေရမယ် မနက်ဖြန်ပါပဲ၊ ဒါကြောင့် ကျေးဇူးပြုပြီး ပန်းတွေခိုးနေတာကို ရပ်ပေးပါတော့ ဟုတ်ပြီလား၊ ဘားကောင်တာထဲက သောက်စရာ အရက်တွေကိုတော့ ရှင်စိတ်ကြိုက် သောက်နိုင်ပါတယ်"
စုဟယ်သည် ရွေးချယ်စရာမရှိတော့သဖြင့် တစ်ကြိမ်ပြီးတစ်ကြိမ်အလျော့ပေးလိုက်ရတော့သည်။ ဘားကောင်တာထဲရှိ အရက်များကို သောက်သုံးနိုင်သည်ဟုကြားလိုက်ရသောအခါမှသာ တုကန်သည် နောက်ဆုံးတွင်စိတ်အားတက်ကြွလာခဲ့တော့၏။ ဝိုင်ကောင်းများကို အလွန်အမင်းနှစ်သက်မြတ်နိုးလှသောသူတစ်ဦးအဖို့ ကမ္ဘာတစ်ဝှမ်းမှ အမျိုးမျိုးသော ဝိုင်များကို သောက်သုံးနိုင်ခြင်းမှာ အလွန်တရာ ပျော်ရွှင်စရာကောင်းလှသော အရာတစ်ခု ဖြစ်ပေသည်။ သူသည် ဘားကောင်တာရှိ အရက်များကို မျက်စိကျနေခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်ပြီး ထိုဝိုင်များနှင့် သူကိုယ်တိုင်ချက်လုပ်ထားသော ဝိုင်များကြားတွင် မည်ကဲ့သို့သော ကွဲပြားခြားနားမှုများရှိနေသည်ကို သိရှိလိုနေခဲ့ခြင်းဖြစ်၏။ ဘားကောင်တာပေါ်ရှိဝိုင်များသည် ကျန်းရှန့်နန်ကမ္ဘာအနှံ့အပြားမှ ရှာဖွေစုဆောင်းထားခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ကိုပြပွဲတစ်ခုအလား ဗီရိုထဲတွင် ခင်းကျင်းပြသထားခဲ့ကြပြီး အားလုံးမှာအလွန်တရာ အဖိုးတန်လှသည်။ ၎င်းတို့ထဲမှ အချို့မှာ ရှေးဟောင်းဝိုင်များဖြစ်ကြပြီး အချို့မှာမူ သက်တမ်းအတော်ကြာမြင့်နေပြီဖြစ်သည်။ စုဟယ်သည် ထိုအရက်သမားမှာ မိမိစကားကို နားထောင်လာစေရန်အတွက် ခက်ခက်ခဲခဲကြိုးစားအားထုတ်လိုက်ရတော့၏။
"တကယ်လို့ နောက်တစ်ခေါက်ထပ်ပြီး ဖြစ်လာဦးမယ်ဆိုရင်တော့ ကျွန်မရှင့်ကို လွယ်လွယ်ကူကူ လွှတ်ပေးမှာမဟုတ်တော့ဘူးနော်၊ ရှောင်ရှီးကိုလွှတ်ပြီး ရှင့်ကို ဆူခိုင်းလိုက်မှာ ပြီးတော့ ရှောင်ရှီးက ရှင့်ရဲ့ဝိုင်တွေကိုအကုန်လုံးပြန်ပြီး သိမ်းဆည်းလိုက်မှာ"
စုဟယ် ခါးကို လက်နှစ်ဖက်ဖြင့် ထောက်လိုက်ရင်း ခြိမ်းခြောက်စကား ဆိုလိုက်သည်။ ယခုအခါတွင်မူ တုကန်သည် တကယ်ကြီး အသိတရားဝင်သွားခဲ့ပြီဖြစ်၏။ ရှောင်ရှီး၏အနံ့ခံအာရုံမှာ အလွန်တရာစူးရှထက်မြက်လှသဖြင့် ရှောင်ရှီးသည် တုကန်ဝိုင်များ ဝှက်ထားခဲ့သောနေရာအချို့ကို ရှာဖွေတွေ့ရှိထားခဲ့ရာ ၎င်းမှာ သူ့ကို အလွန်အမင်း စိုးရိမ်ပူပန်သွားစေခဲ့သည်။ ထိုခြိမ်းခြောက်မှုကို ကြားလိုက်ရသောအခါ တုကန်သည် စိတ်မပါလက်မပါ အမူအရာဖြင့်ပြန်ပြောလိုက်သည်။
"ကောင်းပါပြီ"
စုဟယ်သည် တုကန်လက်ထဲရှိ ပန်းပွင့်များကို နောက်ထပ်တစ်ကြိမ်လှမ်းကြည့်လိုက်မိပြီး ကူရာကယ်ရာမဲ့စွာဖြင့် ထိုအတိုင်းသာ လွှတ်ပေးလိုက်ရတော့သည်။ ပန်းပွင့်များကို ဆွတ်ခူးပြီးနေခဲ့ပြီဖြစ်ရာ သူမအနေဖြင့် ဘာတတ်နိုင်ပါတော့မည်နည်း။ မစ္စကျိကိုယ်တိုင်ပင်လျှင် ၎င်းတို့ကိုပြန်လည်ရှင်သန်လာအောင် ပြုလုပ်နိုင်စွမ်းရှိတော့မည် မဟုတ်ချေ။ တုကန်အနေဖြင့် တည်းခိုခန်း၏စည်းမျဉ်းစည်းကမ်းများကို တကယ်ကြီးလိုက်နာစောင့်ထိန်းပါစေဟုသာ သူမမျှော်လင့်နိုင်တော့သည်။ ရှောင်ရှီးမှာမူ မိမိ၏ဒေါသများကို မပေါက်ကွဲလိုက်ရသဖြင့် အနည်းငယ်စိတ်မကျေမနပ် ဖြစ်နေဆဲရှိနေခဲ့ပြီး ညည်းတွားလိုက်သည်။
"နင်က ဘာဖြစ်လို့ သူ့ကို ဒီအတိုင်း လွှတ်ပေးလိုက်ရတာလဲ"
စုဟယ် သူ့ကိုချော့မော့လိုက်သည်။
"တကယ်လို့ သူ နောက်ထပ်တစ်ခေါက် မကောင်းတာထပ်လုပ်ရင်တော့ ငါ နင့်ကို တားမှာမဟုတ်တော့ဘူး၊ နင့်ကို သူ့ရဲ့အရက်တွေအကုန်လုံး သိမ်းဆည်းပစ်ခိုင်းလိုက်မယ်"
ရှောင်ရှီး မတတ်သာဘဲသဘောတူလိုက်သည်။
"ငါ သူ အရက်တွေဝှက်ထားတဲ့ နေရာသုံးနေရာကို ရှာတွေ့ထားပြီးပြီ၊ ငါ နင့်ကို အဲဒီနေရာဆီ ခေါ်သွားပေးမယ်"
သိပ်မဝေးလှသောနေရာသို့ ရောက်ရှိနေခဲ့သော တုကန်သည် ရှောင်ရှီး၏စကားများကို သေချာပေါက် ကြားလိုက်ရသည်။ သူ့ခန္ဓာကိုယ်ကြီး တောင့်တင်းသွားခဲ့ရပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါးပင် ဖြစ်သွားခဲ့ရ၏။ ယခုအကြိမ်တွင်မူ ရှောင်ရှီးမှာ သူ၏ပျော်ရွှင်စရာကောင်းလှသော အိမ်ဂေဟာလေးကို ဖျက်ဆီးပစ်လိမ့်မည်ကို အလွန်အမင်းကြောက်ရွံ့သွားခဲ့ရသဖြင့် သူ တကယ်ကြီး နောက်ထပ်မလုပ်ရဲတော့ချေ။ နောက်တစ်နေ့တွင် လိုင်နာသည် အလွန်စောစီးစွာအိပ်ရာမှနိုးထလာခဲ့သည်။ သူသည် အိပ်ပျော်ရန် ခက်ခဲလိမ့်မည်ဟု ထင်မှတ်နေခဲ့သော်လည်း တည်းခိုခန်း၏ကုတင်မှာ ဤမျှလောက်အထိ သက်တောင့်သက်သာရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ သူသည် အလွန်အမင်း နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့ရပြီး ယခုအခါတွင်မူ ရစ်ချက်မှာ သူ့ကိုထိုမူးနေသောအဘိုးအိုအား လိုက်လံရှာဖွေပေးရန်အတွက်သာ စောင့်ဆိုင်းနေခဲ့တော့သည်။
"ရစ်ချက် မင်း နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ၊ ဘာဖြစ်လို့ မင်းတစ်ယောက်တည်း ဖြစ်နေရတာလဲ၊ လီလီယန်နဲ့ ရှ ရောဘယ်မှာလဲ"
လိုင်နာသည် အနည်းငယ် နားမလည်နိုင်အောင် ဖြစ်သွားခဲ့ရသည်။ အမြဲတမ်း အိပ်ရာထနောက်ကျတတ်သော ရစ်ချက်ပင်လျှင် အိပ်ရာမှနိုးထနေခဲ့ပြီ ဖြစ်ပါသော်လည်း ဘာဖြစ်လို့ အမျိုးသမီးနှစ်ဦးမှာ ယခုထက်ထိအရိပ်အယောင်မျှ မတွေ့ရသေးပါလိမ့်။
"အဲဒီနှစ်ယောက်က ရေကူးသွားကြတယ်လေ၊ ငါ ကြားရသလောက်တော့ တည်းခိုခန်းမှာ အရမ်းနာမည်ကြီးတဲ့ ရေကူးနည်းပြတစ်ယောက် ရှိတယ်တဲ့၊ လာပါ ငါ မင်းကို မစ္စတာယွမ်ဆီခေါ်သွားပေးမယ်"
ရစ်ချက် ပုခုံးတစ်ချက်တွန့်လိုက်ရင်း ဆိုသည်။ သူသည် ထိုအမျိုးသမီးများ၏ရူးသွပ်မှုကို လုံးဝနားမလည်နိုင်ချေ။ ရစ်ချက်သည် လိုင်နာကို တတိယထပ်ရှိကြံ့ခိုင်ရေး ဧရိယာဆီသို့ ခေါ်ဆောင်လာခဲ့ရာ ထိုနေရာတွင် ယွမ်ဒန်ချူးသည် အဖွဲ့ဝင်များကို ခေါ်ဆောင်ကာ ကိုယ်ခံပညာ လေ့ကျင့်ခန်းများကို ပြုလုပ်ပေးနေခဲ့သည်။ ချန်းထံတွင် ရေကူးသင်ခန်းစာရယူခွင့်မှာ ကန့်သတ်ချက်များရှိနေသဖြင့် အဖွဲ့ဝင်အများစုမှာ ယွမ်ဒန်ချူး၏တရုတ်ရိုးရာ ကိုယ်ခံပညာ သင်တန်းများကိုသာ ရွေးချယ်လေ့ကျင့်ကြခြင်းဖြစ်၏။ ရစ်ချက်နှင့် လိုင်နာတို့သည်လည်း ထိုအဖွဲ့ထဲသို့ ပူးပေါင်းပါဝင်လိုက်ကြပြီး အနောက်ဆုံးတွင် ရပ်တန့်ကာ အားလုံးနှင့်အတူ အကွက်များကို လေ့ကျင့်ခဲ့ကြသည်။ သင်တန်းပြီးဆုံးသွားသောအခါ သူတို့သည် တစ်ကိုယ်လုံးနွေးထွေးလာခဲ့သည်ဟု ခံစားလိုက်ရတော့သည်။
"အိုး ရစ်ချက်၊ ငါ့ခေါင်းတစ်ခုလုံး အငွေ့တွေပျံနေသလိုမျိုး ခံစားနေရတယ်"
လိုင်နာသည် ထိုခံစားချက်ကိုမည်သို့ ဖော်ပြရမှန်းမသိသော်လည်း သူ့ဦးရေပြားပေါ်ရှိ ချွေးပေါက်လေးများအားလုံးပွင့်အာသွားသည့်အလား ခံစားရပြီး အလွန်အမင်း သက်တောင့်သက်သာရှိလှသည်ဟု ထင်မြင်မိသည်။
"သေချာတာပေါ့၊ လျိုနနဆီက ငါကြားရသလောက်တော့ တည်းခိုခန်းရဲ့ ခေါင်းလျှော်ရည်ထဲမှာ ဆံပင်ပေါက်စေတဲ့ ဒြပ်ပစ္စည်းတွေ ပါဝင်နေပြီးတော့ တကယ်လို့ ဒါကိုလေ့ကျင့်ခန်းလုပ်တာနဲ့ပါ ပူးပေါင်းလိုက်မယ်ဆိုရင် ဆံပင်ပေါက်ဆေးရဲ့ ထိရောက်မှုကို ပိုကောင်းအောင် ကူညီပေးနိုင်တယ်တဲ့"
ရစ်ချက် သူ့ကတုံးခေါင်းကို ပွတ်သပ်ရင်း ပြောလိုက်သည်။ လိုင်နာသည် မနေ့ညက ဆံပင်ပေါက်ဆေး ခေါင်းလျှော်ရည်ကိုအသုံးပြုရန် ရစ်ချက်၏ ပြင်းပြလှသောတိုက်တွန်းမှုကို သတိရမိသွားခဲ့၏။ သူသည် သံသယစိတ်များရှိနေခဲ့ပြီး ၎င်းကို အသုံးပြုခဲ့စဥ်အချိန်တုန်းကလည်း မျှော်လင့်ချက် အများကြီး မထားရှိခဲ့သော်လည်း ယခုအခါတွင်မူ သူ့ဦးရေပြားပေါ်တွင် တကယ်ကြီး အကျိုးသက်ရောက်မှုအချို့ရှိနေခဲ့သည့်အလား ခံစားလိုက်ရသည်။ ယွမ်ဒန်ချူး၏ သင်တန်းပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် လိုင်နာသည် မစောင့်ဆိုင်းနိုင်တော့ဘဲ ရစ်ချက်ကို အတင်းအကျပ် ဆွဲခေါ်သွားခဲ့တော့သည်။ ယွမ်ဒန်ချူးသည် NR ဂျာနယ်မှ နိုင်ငံခြားသား ပညာရှင်များ တည်းခိုခန်းသို့ ရောက်ရှိနေကြပြီး သူနှင့်အတူ အသေးစိတ် စကားပြောဆိုလိုကြကြောင်း သူ့တပည့်များထံမှ ကြိုတင်ကြားသိထားခဲ့ပြီးဖြစ်သည်။ သူသည် ထိုပညာရှင်နှစ်ဦးမှာ သူ့ကိုယ်ခံပညာ သင်တန်းသို့ပါ လာရောက်တက်ရောက်ကြလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ချေ။ ယွမ်ဒန်ချူး သူတို့ကို နှုတ်ဆက်လိုက်ပြီး ပညာရှင်နှစ်ဦးကို ဓာတ်ခွဲခန်းဆီသို့ခေါ်ဆောင်ကာ ထိုင်ခုံတွင်ထိုင်ရင်း အသေးစိတ် ဆွေးနွေးတိုင်ပင်ရန် ပြင်လိုက်စဥ်မှာပင် လိုင်နာမှာ အလောတကြီးလှမ်းမေးလိုက်သည်။
"မစ္စတာယွမ်၊ ခင်ဗျား မူးနေတဲ့အဘိုးအိုတစ်ယောက်ကို သိပါသလား"
ယွမ်ဒန်ချူးသည် လိုင်နာ၏မပီမသလှသော တရုတ်ဘာသာစကားကြောင့် အနည်းငယ် ဝေခွဲမရဖြစ်သွားခဲ့ရသည်။ သူတို့ ဒီနေရာကို စမ်းသပ်ချက်အကြောင်း ဆွေးနွေးဖို့လာခဲ့ကြတာ မဟုတ်ဘူးလား။ ဘာဖြစ်လို့ အဘိုးအိုတစ်ယောက်အကြောင်းကို စပြီးမေးမြန်းနေရတာပါလိမ့်။ သူသည် အနည်းငယ် ရှုပ်ထွေးသွားသော အမူအရာဖြစ်ပေါ်သွားခဲ့သော်လည်း ခေါင်းကိုညိတ်လိုက်ရင်း ပြန်လည်ဖြေကြားလိုက်သည်။
"ကျွန်တော် သိသင့်သလောက်တော့သိပါတယ်”