အခန်း ၂၇၅
Vol. 28 Ch. 275
275
မွန်းလွဲပိုင်းအချိန်တွင် ဒုတိယထပ်ရှိ ဘားကောင်တာလေးသည် ၎င်း၏ဖွင့်လှစ်မှုကို လူသိရှင်ကြား အကျယ်တဝင့် ကြော်ငြာခြင်းမပြုခဲ့ပေ။ ထိုအစား မွန်းလွဲပိုင်းတွင် ပန်းခြင်းတစ်လုံးမျှပင် ချိတ်ဆွဲထားခြင်းမရှိဘဲ အလွန်တရာ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် တံခါးများကို ဖွင့်လှစ်ခဲ့သည်။ ဘားကောင်တာ၏ ဖွင့်လှစ်ချိန်မှာ မွန်းလွဲ (၃) နာရီမှ သန်းခေါင်ယံအချိန်အထိဖြစ်၏။ နံနက်ခင်းအချိန်များတွင် မစ္စတာတုကန်သည် ပုံမှန်အားဖြင့် သူ့အိပ်ဆောင်ထဲ၌ အေးအေးလူလူမှေးစက်အိပ်ပျော်နေတတ်သည်။ နေ့လယ်စာ စားသောက်ပြီးနောက်တွင်မူ သူသည် အရိပ်ရ၍ အေးမြသောထောင့်စွန်းတစ်နေရာကို ရွေးချယ်ကာ အနားယူနေတတ်ပြီး မွန်းလွဲ (၃) နာရီအချိန်သို့ရောက်ရှိမှသာ စိတ်ခွန်အားအချို့ကို မနည်းပြန်လည်ဆွဲထုတ်နိုင်တော့ခြင်းဖြစ်သည်။
ဘားကောင်တာ ဖွင့်လှစ်ထားခဲ့သည်ဆိုသော်လည်း သူသည် ဘားကောင်တာနောက်ကွယ်တွင် လိမ်လိမ်မာမာဖြင့် ငြိမ်ငြိမ်သက်သက် နေထိုင်မည့်သူမျိုး မဟုတ်ချေ။ သူသည် သူ့ဝိုင်အိုးများကို သယ်ပိုးရင်း ပတ်ဝန်းကျင်အနှံ့တွင် လှည့်လည်သွားလာနေဆဲပင်။ ယခုအခါတွင် ပန်းတံတိုင်းကြီးအား မစ္စကျိနှင့် ရှောင်ရှီးတို့မှ တင်းကြပ်စွာ စောင့်ကြပ်နေကြပြီဖြစ်ရာ သူသည် ပန်းအသစ်များကို မရရှိနိုင်တော့သဖြင့် အသစ်ဝယ်ယူထားသော ကုန်ကြမ်းပစ္စည်းများကိုသာ လျှောက်လုပ်နေတော့သည်။ တစ်ချိန်က ကျယ်ဝန်းလှသော ကုန်ကြမ်းသိုလှောင်ခန်းနှင့် လုပ်ငန်းခွင်ဧရိယာကြီးတစ်ခုလုံးမှာ ယခုအခါတွင် သူ့ပုလင်းများနှင့် အိုးများဖြင့် ပြည့်နှက်နေခဲ့ပြီဖြစ်သည်။ လက်ရှိတွင် ဘားကောင်တာသည် လုပ်ငန်းလည်ပတ်နိုင်ရန်အတွက် အသစ်ငှားရမ်းထားသော အရက်ဖျော်စပ်ရောင်းချသူများအပေါ်၌သာ အဓိကမှီခိုနေရခြင်းဖြစ်ပြီး ၎င်းမှာလည်း သူတို့ဘားလုပ်ငန်းကို ကြော်ငြာခြင်းမပြုရသည့် အကြောင်းရင်းများထဲမှတစ်ချက်ဖြစ်သည်။ တုကန်၏ ထိန်းမနိုင်သိမ်းမရဘဲ လွတ်လပ်ပေါ့ပါးလွန်းလှသော ဗီဇသဘာဝအရ ဘားကောင်တာတွင် ရှာဖွေတွေ့ရှိနိုင်သည်ဆိုလျှင်ပင် ၎င်းမှာကံကောင်းလှသည့်အရာဖြစ်နေပြီပင်။
ဘားကောင်တာ ဖွင့်လှစ်လိုက်ပြီဟူသော သတင်းကိုကြားသိရသောအခါ လိုင်နာသည် ပထမဆုံးအကြိမ်အဖြစ် လာရောက်အားပေးခဲ့သည်။ မနေ့တုန်းက သောက်စရာများ၏အရသာကို သူသေသေချာချာ မှတ်သားထားခဲ့ပါသော်လည်း သူသည် ကောင်းမွန်လှသော ဝိုင်၏ထောင်ချောက်ထဲသို့ သိသိသာသာပင် ကျဆင်းသွားခဲ့ပြီဖြစ်ရာ တစ်ရက်မျှ ဝိုင်မသောက်ရလျှင် စိတ်မသက်မသာဖြစ်နေမိတော့၏။ သူတို့သည် (၁၄၄) နာရီ ဗီဇာမလိုဘဲ ဖြတ်သန်းသွားလာခွင့်ဖြင့် တရုတ်နိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ရာ တရုတ်နိုင်ငံတွင် (၆)ရက်မျှသာ နေထိုင်ခွင့်ရှိကြသည်။ ခရီးလမ်းကြောင်းရှည်လျားလွန်းလှသဖြင့် လိုင်နာနှင့် တခြားသူများသည် ဟဲယဲ့တည်းခိုခန်းတွင် (၃) ရက်မျှသာ အခန်းကြိုတင်မှာယူထားခဲ့ကြရာ လိုင်နာသည် ထိုနေရာတွင်ရှိနေမည့် သူတို့အချိန်များကို အလွန်တရာ တန်ဖိုးထားနေခဲ့သည်။
"ခဏလောက် စောင့်ပေးပါ၊ မစ္စတာတုကန်က ဝိုင်ချက်တဲ့အခန်းထဲရောက်နေလို့ပါ"
အရက်ဖျော်စပ်ရောင်းချသူသည် လိုင်နာစောင့်ဆိုင်းနေစဥ်အတွင်း ပျင်းရိငြီးငွေ့သွားမည်ကို စိုးရိမ်သဖြင့် သူ့အား သောက်စရာအချို့ကို ပေးချင်နေမိပါသော်လည်း လိုင်နာမှာငြင်းပယ်လိုက်သည်။ လိုင်နာသည် ရေတစ်ခွက်ကိုသာ တောင်းဆိုလိုက်တော့၏။
"ကျွန်တော် ဆရာတုကို ဒီနေရာမှာပဲ စောင့်နေပါ့မယ်"
သူသည် ဆရာတုကန်၏ဝိုင်ကို မြည်းစမ်းနိုင်ရန်အတွက် သူ့ဝမ်းဗိုက်ထဲတွင် နေရာချန်ထားချင်နေမိပြီး ယခုအကြိမ်တွင်မူ တုကန် သူ့အားဝိုင်အသစ်ကို မြည်းစမ်းခွင့်ပြုမလားဆိုသည်ကို တွေးတောနေမိသည်။ မိနစ် (၃၀) ခန့် ကြာမြင့်ပြီးနောက်တွင်မူ တုကန်သည် ရေငတ်လာခဲ့သဖြင့် ဘားကောင်တာဆီသို့ ပျင်းရိစွာဖြင့် လျှောက်လှမ်းလာခဲ့၏။ သူသည် သူ့အတွက် ရေတစ်ခွက်ကိုလောင်းထည့်လိုက်ပြီး အရက်ဖျော်စပ်ရောင်းချသူ၏ သတိပေးချက်ကြောင့် ဘားကောင်တာတွင် သူ့ကိုထိုင်စောင့်နေသော လိုင်နာကို မြင်တွေ့သွားခဲ့ရသည်။ တုကန်သည် သူ့နားထင်များကို ပွတ်သပ်လိုက်မိ၏။ သူသည် ဟိုတယ်၏စည်းမျဥ်းစည်းကမ်းများကို လိုက်နာပြီး ကြိုးကြိုးစားစား အလုပ်လုပ်ပါမည်ဟု စုဟယ်ကို ကတိပေးထားခဲ့သည်။ ယခုအခါတွင် ဧည့်သည်များရောက်ရှိလာခဲ့ပြီဖြစ်ရာ သူသည် နိုးနိုးကြားကြားရှိနေရမည်ဖြစ်ပြီး သူတို့အပေါ် ဂရုစိုက်မှု ပေးရမည်ဖြစ်သည်။
"ဒါကို မြည်းကြည့်လိုက်"
လိုင်နာသည် အမြဲတမ်းလာနေကျ ဖောက်သည်တစ်ဦးဖြစ်သဖြင့် တုကန်သည် သူ့အပေါ်အားနာနာဖြင့် ယဉ်ကျေးမနေတော့ဘဲ ကြည်လင်နေသော အရက်တစ်ခွက်ကို လောင်းထည့်ပေးလိုက်သည်။ လိုင်နာသည် သောက်သုံးရန် ဝိုင်အသစ်ကိုရရှိခဲ့သဖြင့် အလွန်တရာ ဝမ်းမြောက်သွားခဲ့ရ၏။ ဖန်ခွက်ထဲရှိ ဝိုင်သည် ကြည်လင်ပြတ်သားကာ ပွင့်လင်းမြင်သာသော အရည်တစ်မျိုးဖြစ်သည်။ ဖန်ခွက်ကို အသာဝှေ့ယမ်းလိုက်သောအခါ ထိုအရည်များသည် ဖန်ခွက်နံရံပေါ်တွင် သိမ်မွေ့လှသော အစင်းကြောင်းများကို ချန်ရစ်ခဲ့ပြီး အဝါရောင်ဖျဖျသန်းနေခဲ့သည်။ လိုင်နာသည် သူ့နှာခေါင်းကို ဖန်ခွက်နှုတ်ခမ်းဝနားသို့ တိုးကပ်လိုက်သောအခါ သိပ်သည်းလှသော အရက်ရနံ့တစ်ခုမှာ ပျံလွင့်ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ ဝိုင်၏ သစ်သီးရနံ့များနှင့် ဘီယာ၏မုယောစပါးရနံ့များနှင့် ကွဲပြားခြားနားလှပေသည်။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းမှာပိုမိုရှုပ်ထွေးပြီး နက်ရှိုင်းလှသောရနံ့တစ်ခုဖြစ်နေခဲ့ရာ နှံစားသီးနှံများ၏ ချိုမြိန်မှု၊ တဆေး၏ နူးညံ့ပျော့ပျောင်းမှုနှင့် ပဲငံပြာရည်ရနံ့အနည်းငယ်ပင်ပါဝင်နေခဲ့၏။
ဝီစကီနှင့် ဝိုင်တို့ကိုသာ သောက်သုံးလေ့ရှိသော လိုင်နာအတွက်မူ ဤအရသာက အနည်းငယ် ထူးဆန်းနေခဲ့ပြီး သူ့အနေဖြင့် ဖော်ပြရန်ခက်ခဲနေခဲ့သည်။ တစ်ငုံမျှ အသာမြည်းစမ်းကြည့်လိုက်သောအခါ ၎င်း၏အရသာမှာ ပါးစပ်အတွင်း၌ ချက်ချင်းပင်ပျံ့နှံ့သွားခဲ့တော့၏။ ၎င်းမှာပြင်းရှသော်လည်း ကြမ်းတမ်းခြင်းမရှိဘဲ ပုန်းကွယ်နေသော အရသာခံအာရုံများကို နိုးထစေသည့် နွေးထွေးသောနွေဦးလေပြေညင်းကဲ့သို့ဖြစ်ပြီး မည်သည့်လှုံ့ဆော်မှု သို့မဟုတ် အဆင်မပြေမှုမျှမရှိချေ။ ၎င်းမှာ သိပ်သည်းပြီး ဆွဲဆောင်မှုအပြည့်ရှိနေခဲ့ပါသော်လည်း လေးလံထိုင်းမှိုင်းခြင်း သို့မဟုတ် ဖိနှိပ်ထားခြင်းမျိုးကိုမခံစားရချေ။ လိုင်နာသည် အနည်းငယ်မျှ သောက်သုံးလိုက်ပြီးနောက်တွင်မူ သူ့စိတ်အာရုံမှာ ကြည်လင်နေဆဲဖြစ်ပြီး သူ့ပါးစပ်နှင့် လျှာတို့မှာလည်း ခြောက်ကပ်မသွားခဲ့ချေ။
ဖန်ခွက်ထဲရှိ အရည်များ တိတ်တဆိတ် အငွေ့ပျံပျောက်ကွယ်သွားခဲ့ပြီးနောက်တွင်ပင် ထူးခြားလှသောချိုမြိန်မှုမှာ သူ့ပါးစပ်အတွင်း၌ ပျောက်ကွယ်မသွားဘဲ စွဲကျန်ရစ်နေခဲ့သည်။ ဤချိုမြိန်မှုမှာ သကြားလုံးများ၏ တိုက်ရိုက်ဆန်သော ချိုမြိန်မှုနှင့် ကွဲပြားခြားနားလှသလို သစ်သီးများ၏ လန်းဆန်းမှုနှင့်လည်း ကွဲပြားခြားနားလှပေရာ ၎င်းမှာ နက်ရှိုင်းပြီး ရှုပ်ထွေးလှသော ချိုမြိန်မှုမျိုး ဖြစ်၏။ လိုင်နာသည် သူ့နှုတ်ခမ်းများကို သပ်လိုက်မိရင်း ဖန်ခွက်ကို မတတ်သာဘဲ ပြန်လည်ချထားလိုက်ကာ တုကန်ကို သူ အသစ်စက်စက် သင်ယူထားသော တရုတ်ဘာသာစကားဖြင့် လှမ်းပြောလိုက်သည်။
"အရသာရှိတယ်"
တုကန်သည် အနည်းငယ်မျှော်လင့်တောင့်တမိပါသော်လည်း အရက်သောက်ချင်စိတ်ကို မနည်းအောင့်အီး ထိန်းချုပ်လိုက်သည်။ အလုပ်ချိန်အတွင်း အရက်သောက်ခြင်းကို ခွင့်မပြုပါဟု စုဟယ်ပြောကြားထားခဲ့သည့်အပြင် ရှောင်ရှီး၏ခြိမ်းခြောက်မှုမှာလည်း ထိရောက်နေဆဲဖြစ်သဖြင့် သူသည် အရက်သောက်ချင်သော သူ့အလိုဆန္ဒကို မနည်းပင် ဖိနှိပ်ထားခဲ့ရခြင်း ဖြစ်သည်။ တုကန်သည် အရက်သောက်နေသော လိုင်နာကိုကြည့်ရသည်မှာ အနည်းငယ်မျက်စိနောက်စရာကောင်းသည်ဟု ထင်မြင်မိပါသော်လည်း ဟိုတယ်၏လမ်းညွှန်စာအုပ်ငယ်ထဲတွင်လည်း ဧည့်သည်များကို ပျူငှာလှိုက်လှဲစွာ ဧည့်ခံရမည်ဟု ဖော်ပြထားခဲ့၏။ တုကန်သည် လိုင်နာကို တစ်ချက်လှမ်းကြည့်လိုက်ပြီး စိတ်တိုတိုဖြင့် မေးလိုက်သည်။
"မင်း နောက်ထပ်လိုချင်သေးလား"
လိုင်နာသည် အနည်းငယ်အံ့ဩဝမ်းသာသွားခဲ့ရသည်။ ယခုအကြိမ်တွင်မူ သူ တကယ်ကြီး နောက်ထပ်ရရှိနိုင်တော့မည်ပင်။ သူသည် ခေါင်းကို အဆက်မပြတ်ညိတ်ပြလိုက်မိပြီး ခေါင်းညိတ်တာနောက်ကျသွားပါက တုကန်မှ သူ့စကားကိုပြန်လည်ရုပ်သိမ်းသွားမည်ကို စိုးရိမ်နေမိသည်။
"တစ်ခွက်ကို ယွမ် (၅၀၀)"
တုကန်သည် ဘေးနားရှိ QR codeကို ပျင်းရိစွာဖြင့် ညွှန်ပြလိုက်သည်။ အရက်ဖျောက်စပ်ရောင်းချသူ၏ ကူညီမှုကြောင့် လိုင်နာသည် ကုဒ်ကို ကမောက်ကမဖြင့် စကင်ဖတ်လိုက်တော့၏။ သူသည် နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသည်တစ်ဦးဖြစ်သဖြင့် နိုင်ငံခြားငွေကြေးနှင့် တွက်ချက်လျှင် ယွမ် (၅၀၀) ဆိုသည်မှာ များပြားလှသည့် ပမာဏမဟုတ်ချေ။ ပြည်ပနိုင်ငံများတွင် လုပ်အားခကုန်ကျစရိတ်များမှာ မြင့်မားလှပြီး ကုန်ဈေးနှုန်းများမှာလည်း ပိုမိုကြီးမားလှသဖြင့် လိုင်နာသည် ဤသောက်စရာ၏စျေးနှုန်းအပေါ်တွင် မည်သည့်မှားယွင်းမှုမျိုးကိုမျှ မတွေးတောမိခဲ့ချေ။ ဖန်ခွက်၏ဆံ့ဝင်နှုန်းမှာ (၁၅၀) မီလီလီတာရှိသည်။ တရုတ်နိုင်ငံတွင် ဝိုင်တစ်ခွက်အတွက် တရုတ်ယွမ် (၅၀၀) ဆိုသည်မှာ ဈေးမပေါလှချေ။ အဆုံးသတ်တွင်မူ လူမှုရေးအရ တန်ဖိုးရှိလှသော ဝိုင်တစ်ပုလင်းပင်လျှင် ယွမ် (၂၅၀၀) ဝန်းကျင်မျှသာ ကျသင့်ခြင်းဖြစ်၏။ ငွေပေးချေပြီးနောက်တွင်မူ လိုင်နာသည် နောက်ထပ် ဝိုင်တစ်ခွက်ကို သောက်သုံးခွင့်ရရှိခဲ့သည်။ ယခုအကြိမ်တွင်မူ သူသည် အလွန်တရာ နှေးကွေးစွာသောက်သုံးနေခဲ့ပြီး နှမြောတသစိတ်အပြည့်ဖြင့် တစ်ငုံချင်းစီ မြည်းစမ်းနေခဲ့သည်။
"ဒါက တကယ်ကို အံ့ဩစရာကောင်းလိုက်တာ၊ ဒါ ဘယ်လိုဝိုင်မျိုးလဲ"
လိုင်နာသည် ဖန်ခွက်ကိုကိုင်ထားရင်း မျက်လုံးများကို မှေးစဥ်းကာမေးလိုက်သည်။
"ပြောင်းဖူးဝိုင်"
ငွေသားကိုလက်ခံရရှိပြီးနောက်တွင်မူ တုကန်သည် လိုင်နာနှင့် စကားပြောရန်အတွက် ထူးထူးခြားခြားစိတ်ပါလက်ပါ ရှိနေခဲ့သည်။ သူ ရောင်းချလိုက်ရသော ဝိုင်ပေါ်တွင် သူသည် ကော်မရှင်ခကို လက်ခံရရှိခြင်းဖြစ်ပြီး ငွေကြေးအမြောက်အမြားရှိလာလျှင် သူသည် ပိုမိုဈေးကြီးသော ဝိုင်ချက်လုပ်သည့် ကုန်ကြမ်းပစ္စည်းများကို ဝယ်ယူနိုင်မည် ဖြစ်ရာ သူသည် လိုင်နာအပေါ်ပိုမိုရင်းနှီးဖော်ရွေပြနေခြင်းဖြစ်၏။
လိုင်နာ၏ ဇဝေဇဝါဖြစ်နေသောပုံစံကို မြင်တွေ့လိုက်ရသောအခါ တုကန်ရှင်းပြလိုက်သည်။
"ဒါက ပြောင်းဖူးကနေ ချက်ထားတဲ့ဝိုင်ပဲ"
တခြားလုပ်စရာအလုပ်မရှိဘဲ အားလပ်နေသော အရက်ဖျော်စပ်ရောင်းချသူသည်လည်း တစ်ဦးတည်းသော ဖောက်သည်အတွက် မေးခွန်းကိုဖြေဆိုပေးရန် ဝမ်းမြောက်နေခဲ့သည်။
"တရုတ်အရက်ဖြူကို အစိုင်အခဲ အချဉ်ဖောက်တဲ့စနစ်နဲ့ ချက်လုပ်တာပါ၊ မင်းတို့ အမြဲတမ်းသောက်လေ့ရှိတဲ့ ဝီစကီကိုကျတော့ အရည် အချဉ်ဖောက်တဲ့စနစ်နဲ့ ချက်လုပ်တာ ဖြစ်တဲ့အတွက်ကြောင့်မလို့ အရက်တွေရဲ့အရသာက ကွဲပြားခြားနားသွားတာ"
လိုင်နာသည် ယခင်ကတရုတ်အရက်ဖြူအကြောင်းကို ကြားဖူးခဲလှသည်။ အရက်ဖျော်စပ်ရောက်းချသူ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက်တွင်မူ သူသည် ကွဲပြားမှုများကိုခံစားရင်း နောက်ထပ်အချို့ကို သေချာထပ်မံမြည်းစမ်းကြည့်လိုက်၏။ သူ့လုပ်ငန်းမှတ်တမ်းစာအုပ်ထဲတွင်မူ သူသည် ပထမဆုံးအကြိမ်အဖြစ် ဓမ္မဓိဋ္ဌာန်ကျလှသော သူ့ရှုထောင့်ကြီးကို စွန့်လွှတ်လိုက်ပြီး နက်ရှိုင်းလှသော စိတ်ခံစားမှုများဖြင့် ရေးသားလိုက်တော့သည်။
"တရုတ်နိုင်ငံရဲ့ဝိုင်က အံ့ဩစရာကောင်းတဲ့ရနံ့နဲ့ ဆန်းကြယ်တဲ့ အရသာကို ပိုင်ဆိုင်ထားရုံတင်မကဘဲ အထဲမှာ ကြွယ်ဝလှတဲ့သမိုင်းကြောင်းတွေလည်း ပါဝင်နေပါတယ်၊ လာရောက်ပြီး မြည်းစမ်းကြည့်လိုက်စမ်းပါ မင်းတို့လည်း ဒါကို လုံးဝစွဲလန်းနှစ်သက်သွားလိမ့်မယ်လို့ ငါယုံကြည်တယ်”