← Chapters

အခန်း ၂၇၆

Vol. 28 Ch. 276

အခန်း ၂၇၆

Vol. 28 Ch. 276

276

တုကန်တစ်ယောက် လိမ်လိမ်မာမာဖြင့် ကြိုးကြိုးစားစား အလုပ်လုပ်နေပြီဖြစ်ကြောင်းကြားသိရသောအခါ စုဟယ်သည် စိတ်သက်သာရာရကာ သက်ပြင်းတစ်ချက်ချလိုက်မိတော့သည်။ ဤအရက်သမားအိုကြီးကို ထိန်းချုပ်ထားနိုင်သရွေ့ သူမအတွက် လုံလောက်လှပြီ ဖြစ်၏။ ပြီးခဲ့သည့်အကြိမ် ကတ်နှိုက်စဉ်တွင် ချန်းနှင့် ရေဘဝဲမိစ္ဆာတို့ကို နှိုက်မိထားခဲ့သဖြင့် စုဟယ်သည် ယခုအကြိမ်တွင် နှိုက်မိမည့် ဇာတ်ကောင်မှာ လူသားမဟုတ်သူ ဖြစ်နေမည်ကို အထူးပင် စိုးရိမ်ပူပန်နေခဲ့မိသည်။ အဆုံးသတ်တွင်မူ ထိုလူသားမဟုတ်သောမျိုးနွယ်စုများ၏ ဆန်းပြားထူးဆန်းမှုများမှာ စိတ်နှလုံးကို တုန်လှုပ်ချောက်ချားစေလွန်းလှပေသည်။ သို့သော်လည်း တုကန်၏ ဇာတ်ကောင်ကတ်ကိုနှိုက်မိပြီးနောက်တွင်မူ စုဟယ်သည် မိမိမျိုးနွယ်စုခွဲခြားမှုနှင့် အစွဲအလမ်းကြီးမှုတို့အတွက် ရှက်ကိုးရှက်ကန်းဖြစ်သွားခဲ့ရသည်။

ရေသူများဖြစ်ကြသည့် ချန်းနှင့် ရေဘဝဲမိစ္ဆာတို့မှာ တုကန်ထက်စာလျှင် အဆပေါင်းများစွာ ပိုမိုလိမ္မာကြ၏။ တစ်ယောက်မှာ ဟိုတယ်၏ပြိုင်ဘက်ကင်း ရေကူးနည်းပြဖြစ်လာခဲ့ပြီး ဓာတ်ပုံရိုက်ရန်အတွက် ရေတွက်၍မကုန်နိုင်သော လူအများကို ဆွဲဆောင်နေခဲ့သည်။

နောက်တစ်ယောက်မှာမူ အလှအပနှင့် ခန္ဓာကိုယ်ထိန်းသိမ်းရေးစင်တာ၏ ထိပ်တန်းစွမ်းဆောင်ရည်ရှိသူဖြစ်နေခဲ့ရာ ဟိုတယ်အနေဖြင့် ကျန်းယွီ၏ နှိပ်နယ်မှုဝန်ဆောင်မှုကို ရရှိခံစားနိုင်ရန် ပြင်းပြင်းထန်ထန် တောင်းဆိုကြသည့် အမျိုးသမီးဧည့်သည်များထံမှ တိုင်ကြားဖုန်းအမြောက်အမြားကိုပင် လက်ခံရရှိထားခဲ့ရသည်။ တုကန်၏လူနေမှုဘဝမှာမူ ရိုးရှင်းပြီး သန့်စင်လွန်းလှ၏။ သူသည် လျှပ်စစ်မီးလုံးများ၏ လည်ပတ်ပုံ၊ အရာရာကို ချိတ်ဆက်ပေးထားသော အင်တာနက်ကွန်ရက် သို့မဟုတ် စည်းစိမ်ချမ်းသာနှင့် ကျော်စောမှုတို့ကို အနည်းငယ်မျှ စိတ်ဝင်စားခြင်း မရှိချေ။ သူ့ကမ္ဘာငယ်လေးထဲတွင် ဝိုင်တစ်မျိုးတည်းသာရှိသည်။ ၎င်းမှာ သူ့အသက်၊ သူ့စိတ်ဝိညာဉ်နှင့် သူ့အရာရာတိုင်းဖြစ်ပေသည်။

တုကန်ကမ္ဘာထဲတွင် အချိန်ဆိုသည်မှာ အဓိပ္ပာယ်မဲ့သွားခဲ့ပုံရပြီး ပြောင်းလဲနေသော ရာသီဥတုများနှင့် ကုန်လွန်သွားသောနှစ်ကာလများမှာ သူနှင့် သက်ဆိုင်ခြင်းမရှိချေ။ သူသည် ရာထူးအဆင့်အတန်း တိုးတက်မြင့်မားလာနိုင်မည့်အရေးကို ဂရုမစိုက်ဘဲ ဝိုင်ရင့်မှည့်မှုနှင့် အရသာကိုသာ အလေးထားသူ ဖြစ်သည်။ သူသည် စိတ်အာရုံလန်းဆန်းစေရန်အတွက် နံနက်ခင်းတွင် ဝိုင်တစ်အိုးသောက်သုံးလေ့ရှိပြီး နေ့လယ်ပိုင်းတွင် အိပ်စက်ခြင်းကို အထောက်အကူပြုရန် နောက်ထပ်တစ်အိုးသောက်ကာ ညနေခင်းတွင်မူ အစာကြေညက်စေရန် ဝိုင်တစ်အိုး သောက်လေ့ရှိ၏။ သို့မဟုတ်ပါက သူသည် ဟိုတယ်အတွင်း၌ ဝိုင်ချက်လုပ်ရန်အတွက် အကောင်းဆုံးကုန်ကြမ်းပစ္စည်းများကို ရွေးချယ်ရင်း အချိန်ကုန်လွန်စေတတ်သည်။ ထို့ကြောင့် သူသည် အကောင်းဆုံး ပါဝင်ပစ္စည်းများကို ယူဆောင်ရန် မီးဖိုချောင်ထဲသို့ မောက်မာဝင့်ကြွားစွာဖြင့် လှမ်းဝင်လာတတ်ပြီး စနစ်တကျပြုစုပျိုးထောင်ထားသော ပန်းများကိုလည်း ဂရုမစိုက်ဘဲ ဆွတ်ခူးပစ်တတ်သည်။ သူသည် မစ္စကျိ၏ ဟင်းသီးဟင်းရွက်စိုက်ခင်းကိုပင် ကျော်ဖြတ်နင်းခြေကာ ဝိုင်အိုးများ မြှုပ်နှံရန်အတွက် ဝက်သစ်ချပင်ကြီးအောက်တွင် ကျင်းတစ်ခုတူးဆွနေခဲ့သေးသည်။ ယခုအခါတွင် သူသည် ဘားကောင်တာတွင် လိမ်လိမ်မာမာဖြင့် အလုပ်ဆင်းနေပြီဖြစ်ရာ ဖောက်သည်မည်မျှကို သူဝန်ဆောင်မှုကောင်းကောင်းပေးနိုင်သည်ဖြစ်စေ စုဟယ်မှာ စိတ်ကျေနပ်နေခဲ့ပြီဖြစ်သည်။

"တီ တီ"

ဖုန်းမြည်သံကြောင့် စုဟယ်၏အတွေးစများ ပြတ်တောက်သွားခဲ့ရသည်။ ၎င်းမှာ ရော့စ်ထံမှ ဖုန်းခေါ်ဆိုမှုဖြစ်၏။ စုဟယ်သည် အနည်းငယ်အပြစ်မကင်းသလို ခံစားလိုက်ရပြီး ‌လုပ်ငန်းခွဲအသစ်ဖွင့်လှစ်ခြင်းကိစ္စရပ်များဖြင့် အလွန်တရာ အလုပ်ရှုပ်နေခဲ့သဖြင့် ရော့စ်အား ဟဲယဲ့တည်းခိုခန်းသို့ လာရောက်လည်ပတ်ရန် မဖိတ်ကြားရသေးသည်ကို သတိပြုမိသွားသည်။ သို့သော်လည်း ရော့စ်သည် စုဟယ်ကို အပြစ်တင်ရန် ဖုန်းခေါ်ဆိုခဲ့ခြင်းမဟုတ်ချေ။ ဖုန်းလိုင်းချိတ်ဆက်မိသည်နှင့်တစ်ပြိုင်နက် သူအော်ဟစ်ဆူညံကာ ပြောဆိုတော့သည်။

"စုဟယ် ဒီတစ်ကြိမ်တော့ မင်း သူ့ကိုဒီအတိုင်း လွှတ်ပေးထားလို့မရဘူးနော်၊ သူ့ကို သေသေချာချာသင်ခန်းစာပေးရမယ်"

စုဟယ်မှာ လုံးဝဇဝေဇဝါဖြစ်သွားခဲ့ရသည်။

"ဘယ်သူလဲ"

သူမက ဘယ်သူ့ကိုသင်ခန်းစာပေးရမှာလဲ။ ဘယ်သူ့အတွက် ပြဿနာရှာပေးရမှာလဲ။ သူမအနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာတစ်ခုမှ မသိရသေးပါလား။ သို့သော်လည်း ရော့စ်သည် အကြောင်းပြချက်မရှိဘဲ ပြဿနာရှာတတ်မည့်သူမျိုးမဟုတ်မှန်း သူမသိရှိထားသည်။

"စိတ်မလောပါနဲ့၊ ငါ့ကို အေးအေးဆေးဆေးပဲ ပြောပြပါဦး၊ ဘာဖြစ်လို့လဲ"

ဖုန်းတစ်ဖက်ခြမ်းရှိရော့စ်မှာ သူမထက်ပင် ပိုမိုအံ့ဩသွားပုံရပြီး အသံကိုမြှင့်ကာ ပြောလိုက်သည်။

"ဘာ မင်းမသိသေးဘူးလား ကြည့်လိုက်ဦး၊ သူက မင်းကွယ်ရာမှာ မင်းအကြောင်းကို လျှောက်ပြောနေတာ"

ထို့နောက် သူ စုဟယ်ထံသို့ လင့်ခ်တစ်ခု ပေးပို့လိုက်သည်။

"Black Diamond စားသောက်ဆိုင်လမ်းညွှန်ထွက်ရှိလာပြီဖြစ်ပြီး ယုံမြစ်ဝှမ်းဒေသမှာ တစ်ဆိုင်တည်းသာရှိပါတယ် ဟိုင်ဖန်ဟိုတယ်နှင့် အင်တာဗျူး"

စုဟယ်သည် ထိုစာသား၏ခေါင်းစဉ်ကို ဖတ်ရှုလိုက်သည်။

"ဟိုင်ဖန်ဟိုတယ်က Black Diamond လမ်းညွှန်ချက်ရဲ့ထောက်ခံမှုကိုရရှိသွားတာလား၊ ဥက္ကဋ္ဌကျားတစ်ယောက်တော့ အပျော်လွန်နေတော့မှာပဲ"

စုဟယ်သည် အံ့ဩမနေခဲ့ချေ။ ဟိုင်ဖန်ဟိုတယ်သည် ကြီးမားလှသော အရှိန်အဟုန်ဖြင့် ဝင်ရောက်လာခဲ့ပြီး အမြောက်အမြားရင်းနှီးမြှုပ်နှံထားခဲ့ခြင်းဖြစ်ရာ သူတို့အနေဖြင့် အောင်မြင်မှုတစ်ခုခုကို ရယူလိုကြမည်မှာ အမှန်ပင်ဖြစ်သည်။ Black Diamond Guide ဆိုသည်မှာ Michelinအဆင့်သတ်မှတ်ချက်စနစ်ကို တုပယူထားသည့် တရုတ်နိုင်ငံတွင်း အွန်လိုင်းပလတ်ဖောင်းတစ်ခုဖြစ်၏။ Michelin အဆင့်သတ်မှတ်ချက်စနစ်မှာ နှစ်ပေါင်းများစွာတည်ရှိနေခဲ့ပြီဖြစ်သဖြင့် အချိန်ကြာလာသည်နှင့်အမျှ စားသောက်ဆိုင်အတော်များများမှာ ဤဂုဏ်ထူးဆောင်ဘွဲ့ကို ရရှိထားကြပြီးဖြစ်သည်။ ထို့အပြင် Michenlin အဆင့်သတ်မှတ်ချက်စနစ်သည် မကြာသေးမီကမှကြယ်ပွင့်အဆင့်သတ်မှတ်ချက်မပါဝင်ဘဲ ထောက်ခံချက်ဘွဲ့အမည်ကိုသာ ပေးအပ်သည့် "Michelin ထောက်ခံချက်ရ စားသောက်ဆိုင်များ" ကို စတင်မိတ်ဆက်ခဲ့သည်။ သို့သော်လည်း အချို့သော စီးပွားရေးလုပ်ငန်းများမှာ ဈေးကွက်ရှာဖွေရေးအတွက် Michelin ဟူသော နာမည်ကိုသာအဓိက အာရုံစိုက်ကြသဖြင့် Michelin စားသောက်ဆိုင်များမှာ အလွန်တရာ အတွေ့ရများပြားလှပုံ ပေါ်နေခဲ့သည်။

သို့သော်လည်း ပြည်တွင်းအွန်လိုင်းပလတ်ဖောင်းများသည် မိမိတို့၏ရေပန်းစားမှုကို မြှင့်တင်ရန်အတွက် Black Diamondအဖွဲ့ဝင် အရေအတွက်ကို တင်းကြပ်စွာ ကန့်သတ်ထားကြသည်။ ထို့အပြင် Michelin အဆင့်သတ်မှတ်ချက်များနှင့် မတူညီသည်မှာ ၎င်းတို့သည် သင့်တင့်သောစျေးနှုန်းရှိသည့် စားသောက်ဆိုင်များနှင့် လမ်းဘေးဈေးဆိုင်များကို အဆင့်သတ်မှတ်ပေးခြင်းမရှိချေ။ ထို့ကြောင့် Black Diamond လမ်းညွှန်သည် လူသားတို့စိတ်အာရုံတွင် ဇိမ်ခံမှုဟူသော အထင်အမြင်မျိုးကို ချန်ရစ်ထားခဲ့ခြင်း ဖြစ်သည်။

"စာမျက်နှာ (၄)ကို အမြန်လှန်လိုက်ဦး၊ အဲဒီမှာ ကျားဖန်ရဲ့အင်တာဗျူးရှိတယ်"

ရော့စ်မှာ အနည်းငယ်စိတ်မရှည်သော လေယူလေသိမ်းဖြင့် ပြောကြားလိုက်သည်။

သတင်းထောက် - ပထမဦးဆုံးအနေနဲ့ ဟိုင်ဖန်ဟိုတယ်ရဲ့ စားသောက်ဆိုင်က Black Diamond ဂုဏ်ထူးဆောင်ဘွဲ့ကို ရရှိသွားတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်၊ ဒီအပေါ်မှာ လူကြီးမင်းရဲ့ အမြင်က ဘယ်လိုရှိပါသလဲ

ကျားဖန် - အများကြီး ကျေးဇူးတင်ပါတယ်၊ Black Diamond ထောက်ခံချက်ကိုရရှိတာက ကျွန်တော်တို့အတွက် ကြီးမားတဲ့ ဂုဏ်ယူစရာတစ်ခုဖြစ်သလို ကျွန်တော်တို့ စားသောက်ဆိုင်အဖွဲ့သားတွေရဲ့ ကျွမ်းကျင်မှုနဲ့ မနားမနေ ကြိုးစားအားထုတ်မှုတွေကို အသိအမှတ်ပြုလိုက်တာလည်းဖြစ်ပါတယ်၊ ဒါက အစားအစာရဲ့ အရည်အသွေးကို အတည်ပြုပေးလိုက်တာတင်မကဘဲ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုအဆင့်အတန်းနဲ့ အလုံးစုံသော စားသောက်မှုအတွေ့အကြုံတွေကိုပါ တန်ဖိုးထား အသိအမှတ်ပြုလိုက်တာ ဖြစ်ပါတယ်

သတင်းထောက် - လူကြီးမင်းရဲ့အမြင်အရ ဟိုင်ဖန်ဟိုတယ်ရဲ့ စားသောက်ဆိုင်က တခြားဟိုတယ်စားသောက်ဆိုင်တွေနဲ့ နှိုင်းယှဉ်ရင် အကြီးမားဆုံး အားသာချက်ကဘာဖြစ်မလဲ

ကျားဖန် - ကျွန်တော်တို့ရဲ့ အားသာချက်ကတော့ အရည်အသွေးအပေါ် မဆုတ်မနစ်လိုက်စားမှုနဲ့ အသေးစိတ်အချက်အလက်တွေအပေါ် စေ့စေ့စပ်စပ် ဂရုစိုက်မှုတို့မှာရှိနေပါတယ်၊ ကျွန်တော်တို့က အကောင်းမွန်ဆုံး ပါဝင်ပစ္စည်းတွေ၊ အနုစိတ်ဆုံး အချက်အပြုတ်ကျွမ်းကျင်မှုတွေနဲ့ အကောင်းမွန်ဆုံး ဝန်ဆောင်မှုတွေကို ပေးအပ်ဖို့ သန္နိဋ္ဌာန်ချထားပါတယ်၊ စစ်မှန်တဲ့ဇိမ်ခံမှုဆိုတာ ရုပ်ဝတ္ထုပစ္စည်း သက်သက်တင်မကဘဲ လူနေမှုဘဝရဲ့ အရည်အသွေးအပေါ် လိုက်စားမှုနဲ့ လေးစားမှုတို့ပဲဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်

မေးခွန်းနှစ်ခုလုံး၏အဖြေများမှာ ပုံမှန်အတိုင်းပင်ဖြစ်ပါသော်လည်း အောက်ပါ ကျားဖန်၏အဖြေမှာမူ အနည်းငယ် ထူးဆန်းနေခဲ့သည်။

သတင်းထောက် - ဟိုတယ်လောကမှာ နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့ပြီးနောက် လူကြီးမင်းရဲ့ရည်မှန်းချက်က ဘာဖြစ်မလဲ

ကျားဖန် - ကျွန်တော့်ရဲ့နောက်ဆုံးပန်းတိုင်ကတော့ ဟိုတယ်လုပ်ငန်းကဏ္ဍကြီးတစ်ခုလုံးကို အမြင့်ဆုံး အဆင့်အတန်းအသစ်တစ်ခုဆီသို့ တွန်းပို့ပေးဖို့ပဲဖြစ်ပါတယ်၊ ဟိုတယ်ဆိုတာ တည်းခိုနားနေစရာနေရာတစ်ခုထက်မကဘဲ လူနေမှုဘဝရဲ့အနုပညာနဲ့ ယဉ်ကျေးမှုကို ကိုယ်စားပြုတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ ဟိုင်ဖန်ဟိုတယ်မှာတော့ ကျွန်တော်တို့က ဖောက်သည်တွေရဲ့ အတွေ့အကြုံကို မြှင့်တင်ပေးဖို့ ကတိပြုထားပြီး ဖောက်သည်တွေရဲ့ မျှော်မှန်းချက်တွေကို ပြည့်မီစေဖို့၊ ကျော်လွန်သွားစေဖို့အတွက် အစဉ်တစိုက်ရှာဖွေစူးစမ်းပြီး ဆန်းသစ်တီထွင်နေပါတယ်၊ ဒါပေမဲ့ အချို့သောဟိုတယ်တွေကတော့ ဒီအဓိက ရည်မှန်းချက်ပန်းတိုင်ကနေ လမ်းလွဲသွားခဲ့ကြပုံရတာကို ကျွန်တော် သတိပြုမိပါတယ်၊ သူတို့က ထုတ်ကုန်တွေကို အွန်လိုင်းမှာလျှောက်ရောင်းတာမျိုးလိုမျိုး၊ ရေတိုစျေးကွက်ရှာဖွေရေး ဗျူဟာတွေအပေါ်မှာပဲ စွဲလန်းနေကြပြီး သိပ္ပံပညာရဲ့အကာအကွယ်ကိုသုံး ကျန်းမာရေးဖြည့်စွက်စာတွေကို လှည့်စားရောင်းချပြီး စားသုံးသူတွေကို လိမ်လည်လှည့်ဖြားတဲ့အထိဖြစ်နေကြပါတယ်၊ ဟိုတယ်တစ်ခုလုံးကို စျေးကွက်ကြီးတစ်ခုအဖြစ် ပြောင်းလဲပစ်နေကြတာပါ၊ ဒီလိုလုပ်ရပ်က အလွန်တရာ ရှက်ဖွယ်ကောင်းလှပြီး စားသုံးသူတွေရဲ့ အကျိုးစီးပွားကို ထိခိုက်စေရုံတင်မကဘဲ လုပ်ငန်းကဏ္ဍတစ်ခုလုံးရဲ့ ဂုဏ်သိက္ခာကိုပါ ပျက်စီးစေပါတယ်

စုဟယ်သည် မယုံကြည်နိုင်လောက်အောင် ရေရွတ်လိုက်မိသည်။

"ဒါ ဟဲယဲ့တည်းခိုခန်းကိုပြောနေတာ မဟုတ်လား၊ ငါတို့ဘယ်တုန်းက ကျန်းမာရေးဖြည့်စွက်စာတွေ လျှောက်ရောင်းလို့လဲ၊ ဒီလိုဆိုရင်တော့ 'ဆံပင်ပေါက်ဆေး'ဆိုတဲ့ စကားလုံးတွေကို ဝါးတားတားလုပ်ပေးထားတဲ့အတွက် ဒီမဂ္ဂဇင်းကိုပဲ ကျေးဇူးတင်ရတော့မယ်"

ရော့စ် ဆက်ပြောလိုက်သည်။

"ဟိုတယ်လောကမှာ လုပ်ကိုင်နေတဲ့သူ ဘယ်သူမဆို သူ့အဖြေကိုကြည့်လိုက်တာနဲ့ မင်းအကြောင်းပြောနေမှန်း သိသာတယ်၊ ဟဲယဲ့တည်းခိုခန်းရဲ့ ဆံပင်ပေါက်ဆေးက အခုအချိန်မှာ အရမ်းရေပန်းစားနေပြီး အင်တာနက်နေရာတိုင်းမှာ ဝယ်ယူဖို့တောင်းဆိုနေကြတဲ့လူတွေချည်းပဲ၊ ဒါနဲ့ စကားမစပ် မင်းငါ့ကိုပေးခဲ့တဲ့ ဆံပင်ပေါက်ဆေးအတွက် ကျေးဇူးတင်ရမယ်၊ ငါ့အဖေက ငါ့ဆံပင်တွေ ပိုကောင်းလာတယ်လို့တောင် ပြောနေတယ်"

ဆံပင်ပေါက်ဆေးထုတ်လုပ်မှုမှာ တစ်နေ့ထက်တစ်နေ့ တိုးတက်များပြားလာနေခဲ့ပြီဖြစ်ပါသော်လည်း လိုအပ်ချက်ထက်မူ လျော့နည်းနေဆဲပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆံပင်ပေါက်ဆေးကို ပထမဆုံးဝယ်ယူခဲ့ကြသောလူများသည် သူတို့ရလဒ်များကို အွန်လိုင်းပေါ်တွင် တင်ပြထားခဲ့ကြပြီး ဖြစ်သောကြောင့်ဖြစ်၏။ ဆံပင်ကျွတ်ရသည့် အကြောင်းရင်းမှာ မည်သို့ပင်ဖြစ်စေကာမူ ဦးရေပြားပေါ်တွင် မွေးညင်းပေါက်များတည်ရှိနေသေးသရွေ့ ဆံပင်ပေါက်ဆေးကို လိမ်းကျံပေးခြင်းဖြင့် မွေးညင်းပေါက်များ၏ ဒုတိယအကြိမ်ကြီးထွားဖွံ့ဖြိုးမှုကို လှုံ့ဆော်ပေးနိုင်မည်ဖြစ်ရာ ဆံပင်အသစ်များ ထွက်ပေါ်လာစေမည် ဖြစ်သည်။ ဤသိသာထင်ရှားလှသော ထိရောက်မှုက လူသားများကို ရူးသွပ်သွားစေခဲ့ခြင်းဖြစ်သည်။

ဟဲယဲ့တည်းခိုခန်း၏ ရေပန်းစားမှုမှာ အရှိန်အဟုန်ဖြင့် မြင့်တက်နေခဲ့သည်။ နေ့စဥ် စုဟယ်နိုးထလာချိန်တိုင်းတွင် သူမသည် တည်းခိုခန်း၏ရေပန်းစားမှုနှုန်းမှာ ထင်မှတ်မထားလောက်အောင် သိသိသာသာခုန်တက်သွားခဲ့သည်ကို မြင်တွေ့ရတတ်၏။ စုဟယ်ခန့်မှန်းချက်အရ နောက်ထပ်ရက်အနည်းငယ် ကြာမြင့်ပါက တည်းခိုခန်း၏ ရေပန်းစားမှုအဆင့်မှာ ထပ်မံအဆင့်မြင့်မားသွားတော့မည်ဖြစ်သည်။ ရော့စ် ထပ်လောင်းပြောကြားလိုက်၏။

"ဆက်ဖတ်ကြည့်ဦး၊ နောက်ထပ်ရှိသေးတယ်"

သတင်းထောက် - Black Diamond ထောက်ခံချက်ကို ရရှိပြီးနောက် အစားအသောက် ဝန်ဆောင်မှုကဏ္ဍမှာ လုပ်ကိုင်နေကြတဲ့သူတွေကို လူကြီးမင်းအနေနဲ့ ဘာများပြောကြားချင်ပါသလဲခင်ဗျာ

ကျားဖန် - Black Diamond အဆင့်သတ်မှတ်ချက်ကိုရရှိတာက ကျွန်တော်တို့ ဟိုတယ်စားသောက်ဆိုင်အတွက် ဂုဏ်ယူစရာတစ်ခုတင်မကဘဲ အစားအသောက် ဝန်ဆောင်မှုကဏ္ဍကြီးတစ်ခုလုံးအတွက် အရေးကြီးတဲ့ သင်ခန်းစာတစ်ခုလည်း ဖြစ်ပါတယ်၊ ဒါ နှစ်ပေါင်းများစွာတည်ရှိလာခဲ့တဲ့ ဟိုတယ်တွေနဲ့ စားသောက်ဆိုင်တွေအနေနဲ့ လုပ်ငန်းလည်ပတ်မှုကို ဆက်လက်ထိန်းသိမ်းဖို့အတွက် သူတို့ရဲ့ အတိတ်ကကျော်စောမှုတွေနဲ့ သစ္စာရှိဖောက်သည်တွေရဲ့ အားပေးမှုအပေါ်မှာပဲ တစ်သက်လုံး မှီခိုနေလို့မရဘူးဆိုတာကို သတိပေးလိုက်တာပါပဲ၊ အထူးသဖြင့် ဒေသတွင်းက သက်တမ်းရင့်အမှတ်တံဆိပ်အချို့အတွက် သူတို့ရဲ့ အမှတ်တံဆိပ်သက်တမ်းရင့်မှုကိုသာ တစ်ခုတည်းသော အားသာချက်အဖြစ်မှီခိုနေပြီး ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေရဲ့ အရည်အသွေးကို လျစ်လျူရှုထားမယ်ဆိုရင်တော့ သူတို့ရဲ့အရသာနဲ့ ဆွဲဆောင်မှုတွေက တစ်နှစ်ထက်တစ်နှစ် ကျဆင်းသွားရုံပဲရှိပါလိမ့်မယ်

"ဖူး ဒီဒေသတွင်း သက်တမ်းရင့်အမှတ်တံဆိပ်ဆိုတာ ကျိန်းရှန်းစားသောက်ဆိုင်ကို ပြောနေတာ မဟုတ်လား"

စုဟယ်သည် ဒေါသတကြီးဖြင့် ရယ်မောလိုက်မိတော့သည်။ ကျားဖန်သည် အဘယ်ကြောင့်နေရာတကာမှာ ကျိန်းရှန်းစားသောက်ဆိုင်ကို နှိမ့်ချဖို့ ကြိုးစားနေရသနည်း။ ရော့စ် လှောင်ပြောင်လိုက်သည်။

"ဘာဖြစ်လို့လဲ ဟုတ်လား၊ သူတို့စိုးရိမ်ပူပန်နေကြတာပေါ့၊ ငါတို့ စားသောက်ဆိုင်ရဲ့ရောင်းအားက တစ်နှစ်ထက်တစ်နှစ် မြင့်တက်နေခဲ့ပြီး ဒီနှစ်မှာ ငါတို့ရဲ့အဖွဲ့ဝင်ကတ်ငွေဖြည့်သွင်းမှုပမာဏက မနှစ်ကအလားတူကာလနဲ့ နှိုင်းယှဉ်ရင် (၅)ရာခိုင်နှုန်း တိုးတက်လာခဲ့တယ်၊ မင်းရဲ့ဟဲယဲ့တည်းခိုခန်းကလည်း ယုံမြစ်ဝှမ်းဒေသမှာ ရေပန်းစားတဲ့နေရာတစ်ခုဖြစ်နေပြီး ဒေသတွင်းက ဧည့်သည်တွေကိုတင်မကဘဲ ဝေးလံတဲ့နေရာက ဧည့်သည်တွေကိုပါ ဆွဲဆောင်နေတာလေ၊ သူတို့မှာကကျ ဘာမှမရှိတာကို ဘာဖြစ်လို့မစိုးရိမ်ဘဲနေမလဲ အော် ဟုတ်သားပဲ သူ အစိုးရိမ်ဆုံးဖြစ်နေတဲ့အရာက အစိုးရရဲ့တင်ဒါခေါ်ယူမှုက မကြာခင်စတင်တော့မှာမလို့ပဲ"

ရော့စ်သည် နောက်ထပ်သတင်းအချက်အလက်အသစ်တစ်ခုကို သယ်ဆောင်လာခဲ့တော့သည်။

All Chapters