အခန်း ၂၇၇
Vol. 28 Ch. 277
277
"တင်ဒါခေါ်ယူမှု ဟုတ်လား၊ ဘယ်လိုတင်ဒါမျိုးလဲ"
စုဟယ်သည် စိတ်ဝင်တစားဖြင့် အသေးစိတ်သိရှိနိုင်ရန် ဇွတ်အတင်း မေးမြန်းလိုက်တော့သည်။ ကျိန်းရှန်းစားသောက်ဆိုင်သည် ယုံမြစ်ဝှမ်းဒေသတွင် ကာလရှည်ကြာစွာ အခြေစိုက်လာခဲ့သည့် သက်တမ်းရင့် စားသောက်ဆိုင်ကြီးတစ်ဆိုင်ဖြစ်သည့်အားလျော်စွာ ဒေသတွင်း၌ ခိုင်မာသော အခြေအမြစ်များနှင့် ကျယ်ပြန့်လှသော လူမှုဆက်ဆံရေးကွန်ရက်ကို တည်ဆောက်ထားနိုင်ခဲ့ရာ ပတ်ဝန်းကျင်အခြေအနေ အရပ်ရပ်ကို အလွန်တရာ အကဲခတ်မိသိရှိထားခြင်း ဖြစ်ပေ၏။ ရော့စ် သူမအား စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြလိုက်သည်။
"အဲဒါက နှစ်စဉ်ကျင်းပတဲ့ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေး နှီးနှောဖလှယ်ပွဲကြီးလေ၊ ဒီနှစ်မှာတော့ ပြည်နယ်အဆင့် ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေး နှီးနှောဖလှယ်ပွဲကြီးကို ငါတို့ယုံမြစ်ဝှမ်းဒေသမှာ ကျင်းပဖို့ဖြစ်လာခဲ့တယ်၊ ဒီလို နှီးနှောဖလှယ်ပွဲကြီးမျိုးရဲ့သဘာဝက မင်းလည်းသိတဲ့အတိုင်းပဲ၊ သူတို့က ယုံမြစ်ဝှမ်းဒေသရဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ အလှတရားတွေကို ထုတ်ဖော်ပြသနိုင်ဖို့အတွက် လာရောက်ကြမယ့်သူတွေကို အကောင်းမွန်ဆုံးအစားအသောက်နဲ့ တည်းခိုနေထိုင်ရေး ဝန်ဆောင်မှုတွေ ပေးချင်ကြတာပေါ့၊ အခုခေတ်မှာ အစိုးရက ဦးစီးကျင်းပတဲ့ ဒီလိုနှီးနှောဖလှယ်ပွဲတွေက တော်တော်လေးကို တရားမျှတမှုရှိလာပြီလို့ ပြောရမယ်၊ ဘာဖြစ်လို့လဲဆိုတော့ ပွင့်လင်းမြင်သာတဲ့ တင်ဒါစနစ်ကို အသုံးပြုဖို့လိုအပ်လို့ပဲ၊ ဒီယဉ်ကျေးမှုနဲ့ ခရီးသွားလာရေး နှီးနှောဖလှယ်ပွဲကြီးက လာမယ့်လထဲမှာ စတင်ဖို့ မျှော်မှန်းထားပြီး တင်ဒါနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ နောက်တစ်ပတ်လောက်မှာထုတ်ပြန်လိမ့်မယ်၊ ကျားဖန်ကတော့ ဒီလိုအခွင့်အရေးမျိုးကို သူ့လက်ထဲကနေ အလွတ်ခံမှာ လုံးဝ မဟုတ်ဘူး"
ရော့စ်သည် မိမိသိရှိထားသမျှသော သတင်းအချက်အလက် အားလုံးကို စုဟယ်ထံသို့ တစ်ခုမကျန် ပြောပြလိုက်တော့သည်။ ဤယဉ်ကျေးမှုနဲ့ ခရီးသွားလာရေး နှီးနှောဖလှယ်ပွဲကြီးသည် ကျင်းပမည့် ရက်သတ္တပတ် ရှည်လျားလှသည့်အပြင် အကြီးစား အစည်းအဝေးများကိုပါ ပြုလုပ်ရန် လိုအပ်သဖြင့် ဧည့်သည်ဆောင်များ၊ အစည်းအဝေးခန်းမများနှင့် တခြားသော ဝန်ဆောင်မှု အမြောက်အမြားကို လိုအပ်ပေ၏။ ထို့အပြင် နှီးနှောဖလှယ်ပွဲအတွက် သတ်မှတ်ထားသော အစိုးရရန်ပုံငွေမှာ ကန့်သတ်ချက် ရှိနေခဲ့သဖြင့် တစ်ဦးလျှင် ပျမ်းမျှစားသောက်စရိတ် အလွန်တရာ မြင့်မားလှသော ကျိန်းရှန်းစားသောက်ဆိုင်ကဲ့သို့သော နေရာမျိုးသို့ သွားရောက်သုံးစွဲရန် မတတ်နိုင်ချေ။ ထို့ကြောင့်ပင် ကျိန်းရှန်းစားသောက်ဆိုင်သည် ဤတင်ဒါပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည် မဟုတ်ပေ။ စုဟယ်သည် ကျေးဇူးတင်သော လေသံဖြင့် ပြောလိုက်သည်။
"ကျေးဇူးအများကြီးတင်ပါတယ် ရော့စ်၊ နင်သာ ငါ့ဆီ ဒါကိုကြိုမပြောထားဘူးဆိုရင် ငါတို့တနင်္လာနေ့ကျရင် လာမယ့်လအတွက် အခန်းကြိုတင်မှာယူမှုတွေကို ဖွင့်ပေးလိုက်တော့မှာ"
ဟဲယဲ့တည်းခိုခန်း၏ အခန်းကြိုတင်မှာယူမှုစနစ်သည် ကြိုတင်ဖွင့်လှစ်ပေးထားခြင်းဖြစ်ရာ ယခုလ (၁)ရက်နေ့တွင် လာမည့်လ (၁)ရက်နေ့အတွက် အခန်းများကို စတင်မှာယူနိုင်ခြင်း ဖြစ်သည်။ အကယ်၍ ရော့စ်မှ သူမအား ကြိုတင်အသိပေးခြင်းမရှိခဲ့ပါက ဟဲယဲ့တည်းခိုခန်းအနေဖြင့် လာမည့်လအတွက် အခန်းမှာယူမှုများဖွင့်လှစ်လိုက်သည့်အခါ အခန်းများအားလုံး ပြည့်နှက်သွားမည်မှာ အမှန်ပင်ဖြစ်သဖြင့် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှီးနှောဖလှယ်ပွဲကြီးအတွက် တင်ဒါပြိုင်ပွဲကို သဘာဝကျကျပင်လွဲချော်သွားပေလိမ့်မည်။ ဤကဲ့သို့သော နှီးနှောဖလှယ်ပွဲကြီးများကို လက်ခံကျင်းပနိုင်ခြင်းမှာ ငွေကြေးအမြောက်အမြားရရှိရန်အတွက် မဟုတ်ချေ။ အဓိကအကျဆုံးအရာမှာ လူမှုလုပ်ငန်းလောကအတွင်း၌ ဟဲယဲ့တည်းခိုခန်း၏ အမှတ်တံဆိပ်အပေါ် သိရှိနားလည်မှုနှင့် ကျော်စောမှုကိုမြှင့်တင်ရန်အတွက်ဖြစ်သည်။
ယခုအချိန်တွင် လူအမြောက်အမြားမှာ ဟဲယဲ့တည်းခိုခန်း၌ လာရောက်တည်းခိုနေကြပြီဖြစ်ပါသော်လည်း နှီးနှောဖလှယ်ပွဲကြီးများ သို့မဟုတ် တခြားသော အခမ်းအနားကြီးများကို လက်ခံကျင်းပရမည့် အခြေအနေမျိုးသို့ရောက်ရှိလာသည့်အခါတွင်မူ ဟဲယဲ့တည်းခိုခန်းသည် ရွေးချယ်မှုစာရင်းထဲ၌ပင် ပါဝင်ခြင်းမရှိသေးချေ။ ဤကဲ့သို့သော လုပ်ငန်းအရင်းအမြစ်များနှင့် အခွင့်အလမ်းများသည် သက်တမ်းရင့် ဟိုတယ်ကြီးများ၏ လက်ထဲတွင်သာ ခိုင်ခိုင်မာမာတည်ရှိနေဆဲဖြစ်၏။ ရော့စ်အော်ဟစ်ရယ်မောလိုက်ရင်း ပြောလိုက်သည်။
"ငါ့ကို ဒီလောက်ကြီးအားနာမနေပါနဲ့၊ ငါပေးတဲ့ သတင်းအချက်အလက်အတွက် ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ငါ့ကို ဆံပင်ပေါက်ဆေး နောက်ထပ်နှစ်ပုလင်းလောက်သာ ပို့လိုက်စမ်းပါ"
"ဒါက ပြဿနာမရှိဘူး၊ နောက်နေ့ကျရင် နင့်အိမ်အရောက် ငါကိုယ်တိုင်လာပို့ပေးပါ့မယ်၊ အဲဒီအခါကျရင် တစ်ခါတည်း အပြင်မှာ ထမင်းပါတူတူစားကြတာပေါ့၊ ငါတို့ဟိုတယ်ရဲ့ ပင်လယ်စာတွေက မကြာသေးခင်ကမှ တော်တော်လေးကို အခြေအနေကောင်းနေတာမလို့ နင်လည်း တစ်ချိန်ချိန်ကျရင်လာပြီး မြည်းစမ်းကြည့်သင့်တယ်"
စုဟယ် ဖိတ်ခေါ်လိုက်သည်။ ရော့စ် လည်း ချက်ချင်းပင်သဘောတူညီလိုက်တော့၏။
"ကိစ္စမရှိဘူးလေ၊ မင်း ကျားဖန်ကို ဖုန်ထအောင် ရိုက်နှက်ဆုံးမပြီးသွားတဲ့ အခါကျမှ ငါလာခဲ့မယ်၊ အဲဒီကျရင် မင်းနဲ့အတူ အောင်ပွဲခံကြတာပေါ့"
ဖုန်းချလိုက်ပြီးနောက်တွင်မူ စုဟယ်သည် ထိုသတင်းစကားကို ကျန်းရှန့်နန်ထံသို့ ချက်ချင်းပင်လွှဲပြောင်းပေးပို့လိုက်တော့သည်။ ကျန်းရှန့်နန်သည် မိမိ၏ကျယ်ပြန့်လှသော လုပ်ငန်းအတွေ့အကြုံများနှင့် တင်ဒါပြိုင်ပွဲဆိုင်ရာအတွေ့အကြုံများကို အသုံးချကာ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး နှီးနှောဖလှယ်ပွဲကြီးနှင့် ပတ်သက်သည့် အချက်အလက်များကို ပိုမိုစုဆောင်းရန်အတွက် အဖွဲ့တစ်ခုကို လျင်မြန်စွာ ဖွဲ့စည်းလိုက်ပြီး တင်ဒါအဆိုပြုလွှာကိုလည်း သေသေချာချာအနုစိတ် ပြင်ဆင်တော့၏။ ဤယဉ်ကျေးမှုနှင့် ခရီးသွားလာရေး နှီးနှောဖလှယ်ပွဲကြီး ဆိုသည်မှာ အစိုးရမှဦးစီးကျင်းပသည့် ခရီးသွားလာရေးလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံသူများအတွက် စီးပွားရေးကွန်ရက် ချိတ်ဆက်မှုအခမ်းအနားတစ်ခုဖြစ်ပြီး သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များကို ပြည်နယ်အတွင်းသို့ ဆွဲဆောင်ကာ ဒေသတွင်းယဉ်ကျေးမှုနှင့် ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။
နှစ်စဉ်ကျင်းပမြဲဖြစ်သော ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှီးနှောဖလှယ်ပွဲကြီးသည် အလွန်တရာအောင်မြင်မှုရရှိလေ့ရှိပြီး အစိုးရအနေဖြင့်လည်း ထိုဒေသအတွက် စီးပွားရေးလုပ်ငန်းများထံမှ ရင်းနှီးမြှုပ်နှံမှု အော်ဒါများကို လက်ခံရရှိလေ့ရှိသည်။ ထို့ကြောင့်ပင် အစိုးရသည် ထိုယဉ်ကျေးမှုနှင့် ခရီးသွားလာရေး နှီးနှောဖလှယ်ပွဲကြီးကို အလွန်အမင်းအလေးအနက်ထားပြီး နှီးနှောဖလှယ်ပွဲ၏ကိစ္စရပ်များအပေါ်တွင်လည်း အလွန်တရာမြင့်မားလှသော လိုအပ်ချက်များကို သတ်မှတ်ထားခဲ့၏။ ကျန်းရှန့်နန်သည် ထိုနှီးနှောဖလှယ်ပွဲကြီး၏ အတိုင်းအတာပမာဏကို ကြိုတင်စုံစမ်းမေးမြန်းထားခဲ့သည်။ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှီးနှောဖလှယ်ပွဲကြီးကို (၅) ရက် ဆက်တိုက် ကျင်းပမည်ဖြစ်ပြီး အနည်းဆုံး ဧည့်သည်အခန်းပေါင်း (၁၀၀)ခန့် လိုအပ်ပေသည်။ ဟဲယဲ့တည်းခိုခန်းသည် ဧည့်ခံကျင်းပရန် လိုအပ်ချက်များနှင့် အပြည့်အဝကိုက်ညီနေခဲ့သဖြင့် ပွင့်လင်းမြင်သာသော တင်ဒါခေါ်ယူမှုကို ကြေညာလိုက်သည်နှင့်တစ်ပြိုင်နက် ကျန်းရှန့်နန်သည် သူမ၏တင်ဒါအဆိုပြုလွှာကို ချက်ချင်းပင် တင်သွင်းလိုက်တော့သည်။
ဟဲယဲ့တည်းခိုခန်းသည် သင့်တင့်မျှတသောတည်းခိုနေထိုင်ရေးနှင့် စားသောက်ရေး ရွေးချယ်မှုများကိုပေးစွမ်းထားခြင်းဖြစ်သည်။ တင်ဒါပြိုင်ပွဲတွင် အနိုင်ရရှိနိုင်မည့် အခွင့်အလမ်းကိုမြှင့်တင်ရန်အတွက် ဟဲယဲ့တည်းခိုခန်းသည် တည်းခိုခနှင့် စားသောက်စရိတ် ဈေးနှုန်းများကို သိသိသာသာပင် လျှော့ချပစ်ခဲ့၏။ အကယ်၍ သူတို့ တင်ဒါအောင်မြင်ခဲ့မည်ဆိုလျှင်ပင် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး နှီးနှောဖလှယ်ပွဲကြီးထံမှရရှိမည့် အကျိုးအမြတ်မှာ ဟဲယဲ့တည်းခိုခန်းအတွက် ယွမ် (၂၀,၀၀၀)ထက် ပိုမိုများပြားလိမ့်မည်မဟုတ်ချေ။ ပုံမှန် လုပ်ငန်းလည်ပတ်မှုများနှင့် နှိုင်းယှဉ်လျှင် (၅) ရက်အတွင်း ယွမ် (၂၀,၀၀၀) မျှသာရရှိခြင်းမှာ မထိုက်တန်လှပါသော်လည်း ကျန်းရှန့်နန်သည် မိမိတို့အနေဖြင့် ဤယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှီးနှောဖလှယ်ပွဲကြီးသို့ သွားရောက်ယှဉ်ပြိုင်ခြင်းမှာ ငွေကြေးအတွက်မဟုတ်မှန်းကိုလည်း ကောင်းမွန်စွာ နားလည်ထားသည်။
အကယ်၍ ဟဲယဲ့တည်းခိုခန်းသည် ယခုအကြိမ်တင်ဒါပြိုင်ပွဲတွင် အနိုင်ရရှိခဲ့လျှင် သို့မဟုတ် တင်ဒါအစည်းအဝေးတွင် အကောင်းဆုံးစွမ်းဆောင်ပြနိုင်ခဲ့လျှင် တင်ဒါမအောင်မြင်ခဲ့ဘဲ နောက်ဆုံးအဆင့်သို့သာ ရောက်ရှိခဲ့လျှင်ပင် ၎င်းမှာ ဟဲယဲ့တည်းခိုခန်းကို လူသိများလာစေမည့် အခွင့်အလမ်းကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ ဤနည်းလမ်းအားဖြင့် ဟဲယဲ့တည်းခိုခန်းသည် နောင်အနာဂတ်တွင် ကျင်းပမည့် အကြီးစားနှီးနှောဖလှယ်ပွဲကြီးများ သို့မဟုတ် အခမ်းအနားကြီးများ၏ စင်မြင့်ထက်သို့ တက်လှမ်းနိုင်မည့် အခွင့်အလမ်းကို ရရှိသွားမည်ဖြစ်၏။ လက်ရှိအချိန်တွင် အစိုးရ၏ရန်ပုံငွေမှာ ကန့်သတ်ချက်ရှိနေခဲ့ပြီး အခမ်းအနားအများစုကိုမူ ငွေကြေးကြွယ်ဝသော ကုမ္ပဏီကြီးများသာ အဓိကလက်ခံကျင်းပလေ့ရှိရာ ဥပမာအားဖြင့် အာမခံကုမ္ပဏီများမှာ သူတို့၏အရေးကြီးဖောက်သည်များကို ဧည့်ခံခြင်း သို့မဟုတ် အသေးစားစီးပွားရေးလုပ်ငန်းများနှင့် ကုမ္ပဏီများအတွက် အောင်ပွဲခံအခမ်းအနားများကျင်းပခြင်းတို့ဖြစ်သည်။
ကျန်းရှန့်နန်သည် ဤစျေးကွက်ကြီးအတွင်းသို့ ဝင်ရောက်ချင်နေခြင်းဖြစ်ပြီး ဟဲယဲ့တည်းခိုခန်းအနေဖြင့် ငွေကြေးရှာဖွေနိုင်မည့် အခွင့်အရေးကို လွဲချော်မသွားစေချင်ချေ။ ဤအခွင့်အရေးကို ဆုပ်ကိုင်ရန်အတွက် ဟဲယဲ့တည်းခိုခန်းတစ်ခုတည်းသာ စိတ်အားထက်သန်နေခဲ့ခြင်းမဟုတ်ဘဲ ယုံမြစ်ကမ်းနားတစ်လျှောက်ရှိ ဟိုတယ်များအားလုံးလည်း ထိုနည်းတူစွာပင် ပြုလုပ်နေကြ၏။ သတ်မှတ်ချက်များနှင့်ကိုက်ညီသော ဟိုတယ်ပိုင်ရှင်များသည် တင်ဒါအောင်မြင်နိုင်ရန်အတွက် မိမိတို့တတ်စွမ်းသမျှသော နည်းလမ်းပေါင်းစုံကို အသုံးပြုကာ အစွမ်းကုန်ကြိုးစားနေကြတော့သည်။ ဤနှီးနှောဖလှယ်ပွဲကြီးကို ဦးစီးကျင်းပသည့် ယုံမြစ်ဝှမ်းဒေသ ယဉ်ကျေးမှု၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ ခရီးသွားလာရေးနှင့် အားကစားဗျူရိုသည် ပဏာမ ရွေးချယ်မှုအဆင့်အတွင်း၌ပင် ဟိုတယ်များ၏စာရင်းကို ထက်ဝက်ကျော်ခန့် စစ်ထုတ်ဖယ်ရှားပြီးဖြစ်သည်။ ကျန်ရှိနေသောဟိုတယ်များမှာမူ ယုံမြစ်ဝှမ်း ဟိုတယ်လောကအတွင်းရှိ ထိပ်တန်းအဆင့်မြင့် လုပ်ငန်းစုကြီးများသာဖြစ်ကြတော့သည်။ နောက်ဆုံးရွေးချယ်မှုမှာမူ တင်ဒါအစည်းအဝေးပွဲ၌ တရားမျှတပြီး ပွင့်လင်းမြင်သာသော မဲခွဲဆုံးဖြတ်မှုအပေါ်တွင်သာ မူတည်နေတော့၏။
သို့သော်လည်း ယဉ်ကျေးမှု၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ ခရီးသွားလာရေးနှင့် အားကစားဗျူရိုအတွင်းရှိ လူများသည် တင်ဒါအစည်းအဝေးပွဲကိုသာ ဒီအတိုင်း ထိုင်စောင့်နေ၍မရချေ။ အကယ်၍ ထင်မှတ်မထားသော မတော်တဆမှုတစ်ခုခုဖြစ်ပွားခဲ့ပြီး တင်ဒါအောင်မြင်သွားသော ဟိုတယ်မှာ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး နှီးနှောဖလှယ်ပွဲကြီးအတွက် ဝန်ဆောင်မှုများကို အပြည့်အဝမပေးစွမ်းနိုင်ခဲ့ပါက ၎င်းမှာ ယုံမြစ်ဝှမ်းဒေသ၏ အမှတ်တံဆိပ်ဂုဏ်သိက္ခာကို ဖျက်ဆီးပစ်ရာ ရောက်ပေလိမ့်မည် မဟုတ်ပါလား။ ထို့ကြောင့်ပင် ယခုအကြိမ်တွင် ယဉ်ကျေးမှု၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ ခရီးသွားလာရေးနှင့် အားကစားဗျူရိုသည် တင်ဒါအစည်းအဝေးပွဲသို့ တက်လှမ်းနိုင်မည့် အခွင့်အလမ်းရှိသော ဟိုတယ်အချို့ထံသို့ လူစုခွဲကာသွားရောက်လေ့လာ စုံစမ်းစစ်ဆေးရန်အတွက် ကျွမ်းကျင်ပညာရှင်များနှင့် ဝန်ထမ်းများကို စေလွှတ်ခဲ့သည်။
"ဟေး အဘိုးယောင်၊ အဲဒီဘက်မှာ အခြေအနေ ဘယ်လိုလဲ၊ ကျွန်တော်တို့ကတော့ ဒီတစ်ခေါက် ဟိုင်ဖန်ဟိုတယ်ကိုသွားခဲ့ကြတာ၊ ဟေး ခင်ဗျားကိုပြောရဦးမယ် သူတို့ရဲ့ဝန်ဆောင်မှုက တကယ်ကို ကောင်းမွန်လွန်းတယ်၊ အထူးသဖြင့် အစားအသောက်ကတော့ဗျာ သူတို့ Black Diamondအဆင့်သတ်မှတ်ချက်ကိုရခဲ့တာ မဆန်းပါဘူး၊ ဟင်းပွဲတွေက ယုံမြစ်ဝှမ်းဒေသရဲ့ ထူးခြားတဲ့ ဝိသေသလက္ခဏာတွေရှိတဲ့အပြင် အတော်လည်းဆန်းသစ်တီထွင်ထားတယ်၊ အရသာကတော့ တကယ်ကို ရှယ်ပဲဗျာ"
ဟိုင်ဖန်ဟိုတယ်ထံမှ စစ်ဆေးရေးခရီးစဉ်ကနေ လတ်လတ်ဆတ်ဆတ် ပြန်လည်ရောက်ရှိလာခဲ့သော ကျွမ်းကျင်ပညာရှင်မှာ ပြောကြားလိုက်သည်။ အဘိုးယောင်မှာ စကားတစ်ခွန်းမျှပြန်မပြောပါသော်လည်း အခြားတစ်ဖက်ရှိ ဌာနခွဲမှူးချန်တွင်မူ ပြောစရာ စကားများ ရှိနေခဲ့၏။
"ဟိုင်ဖန်ဟိုတယ်ရဲ့ အစီအစဉ်က တော်တော်လေးကို ဈေးကြီးလွန်းတယ်၊ သတ်မှတ်ထားတဲ့ ဘတ်ဂျက်ထက် နည်းနည်းကျော်နေတယ်၊ ပြီးတော့ နေရာကလည်းဝေးလွန်းတော့ ကားငှားခတွေက ပိုပြီးကုန်ကျလိမ့်မယ်၊ ကျွန်တော့်အမြင်အရတော့ ဖိလစ်နိုင်ငံတကာဟိုတယ်နဲ့ပဲ သွားသင့်တယ်၊ သူက မြို့လယ်ခေါင်မှာရှိတာမလို့ သွားရေးလာရေးအတွက် ပိုပြီးအဆင်ပြေစေတယ်၊ ပြီးတော့ သူတို့က ကျွန်တော်တို့နဲ့လည်း အကြိမ်ကြိမ်ပူးပေါင်းဆောင်ရွက်ဖူးပြီးသားဆိုတော့ ကဏ္ဍစုံမှာ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ကြတာပဲ"
ကျွမ်းကျင်ပညာရှင်လုမှာ ခေါင်းကို အဆက်မပြတ် ယမ်းလိုက်ရင်း ငြင်းပယ်လိုက်သည်။
"ဌာနခွဲမှူးချန်၊ ဖိလစ်နိုင်ငံတကာဟိုတယ်က တကယ်ကိုအဆင်ပြေတာတော့ အမှန်ပါပဲ၊ ကျွန်တော်တို့လည်း အဲဒီနေရာမှာ အစိုးရနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ညှိနှိုင်းဆွေးနွေးပွဲ အစည်းအဝေးတွေကို အကြိမ်ကြိမ် ကျင်းပခဲ့ဖူးပါတယ်၊ ဒါပေမဲ့ ဖိလစ်နိုင်ငံတကာဟိုတယ်က ရိုးရှင်းလွန်းတယ်၊ သူ့ရဲ့သွားလာရလွယ်ကူတဲ့ လမ်းပန်းဆက်သွယ်ရေးကလွဲရင် တခြား ဘာထူးခြားချက်ရှိသေးလို့လဲ၊ အစားအသောက်ကလည်း ညံ့ဖျင်းတယ်၊ တည်းခိုရေးပိုင်းမှာဆိုရင်လည်း အခန်းတွေက ကျယ်ဝန်းပေမယ့် အလှဆင်ထားတာတွေက ခေတ်နောက်ကျလွန်းနေပြီ၊ ဒါက သာမန်စီးပွားရေးဟိုတယ်တစ်ခုပုံစံမျိုးပဲ၊ ကျွန်တော့်အမြင်အရတော့ ဟိုင်ဖန်ဟိုတယ်က နည်းနည်းဝေးလည်း ပင်လယ်နားမှာ တိုက်ရိုက်ရှိနေတယ်၊ ယုံမြစ်ဝှမ်းဒေသက ကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်တာမလို့ ဒီယဉ်ကျေးမှုနဲ့ ခရီးသွားလာရေး နှီးနှောဖလှယ်ပွဲကြီးကနေတစ်ဆင့် တက်ရောက်လာကြမယ့် စီးပွားရေးလုပ်ငန်းရှင်တွေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ဖို့ ထိုက်တန်လှတဲ့ ပင်လယ်ပြာ သယံဇာတအရင်းအမြစ်တွေကို မြင်တွေ့သွားစေနိုင်တာပေါ့"
ကျွမ်းကျင်ပညာရှင်လုနှင့် ဌာနခွဲမှူးချန်တို့တွင် မိမိတို့၏ကိုယ်ပိုင်အကြောင်းပြချက် အသီးသီးရှိနေကြသဖြင့် နှစ်ဦးစလုံးက အဘိုးယောင်ထံသို့ အကြည့်များကို လွှဲပြောင်းလိုက်ကြ၏။
"အဘိုးယောင်၊ ခင်ဗျားရော ဘယ်လိုထင်လဲ"
အဘိုးယောင်၏ အဓိကဗျူဟာမှာမူ နှစ်ဖက်စလုံးကို သဘောတူညီပေးပြီး မည်သူ့ကိုမျှ စိတ်အနှောင့်အယှက်မဖြစ်စေရန်ဖြစ်သည်။
"ဘာတွေ လောနေကြတာလဲ၊ ကျွန်တော်က ဟိုင်ဖန်ဟိုတယ်နဲ့ ဖိလစ်နိုင်ငံတကာဟိုတယ်တွေကို မရောက်ဖူးသေးဘူး၊ တစ်ဆိုင်ချင်းစီသွားပြီး စစ်ဆေးဖို့ လိုအပ်သေးတယ်လေ၊ ဒါနဲ့ စကားမစပ် ခင်ဗျားတို့ ဟဲယဲ့တည်းခိုခန်းကိုရော ရောက်ဖူးကြပြီလား"
ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ခုစီသည် နောက်ဆုံးအဆင့်သို့ တက်လှမ်းလာခဲ့သော ဟိုတယ်တိုင်းကို လိုက်လံစစ်ဆေးရန်လိုအပ်ပြီး ဟိုတယ်များ၏ အခြေအနေအရပ်ရပ်ကို မတူညီသော အချိန်ကာလများတွင် ပိုမိုကောင်းမွန်စွာ အကဲဖြတ်နိုင်ရန်အတွက် စစ်ဆေးမှုများကို မတူညီသောအချိန်များတွင် ပြုလုပ်ကြခြင်းဖြစ်သည်။ ကျွမ်းကျင်ပညာရှင်လုမှာ ပုခုံးပင့်လိုက်ရင်းပြောလိုက်၏။
"ကျွန်တော်ကတော့ မနက်ဖြန်သွားမှာ၊ ဒါပေမဲ့သွားရတာနဲ့ တန်လိမ့်မယ်လို့တော့မထင်ဘူး၊ ဒီဟိုတယ်က အင်တာနက်ပေါ်မှာ တအားခေတ်ရေစီးကြောင်း ဖြစ်လွန်းတယ်၊ ကျွန်တော့်အမြင်အရတော့ အဲဒီလိုခေတ်စားနေတဲ့အရာတွေက နာမည်ကြီးသလောက် လက်တွေ့မှာ အသုံးမကျတာ များပါတယ်"
ဌာနခွဲမှူးချန်သည်လည်း ထူးထူးခြားခြားပင် ကျွမ်းကျင်ပညာရှင်နှင့် သဘောထားချင်း တိုက်ဆိုင်သွားခဲ့ရသည်။ အစိုးရအတွင်းရှိ လူတစ်ဦးဖြစ်သည့်အားလျော်စွာ သူသည် ပိုမိုရှေးရိုးစွဲဆန်သူဖြစ်ပြီး အင်တာနက်လူသိများ ကျော်ကြားသူများအပေါ်တွင် ကောင်းမွန်သော အထင်အမြင်မျိုးမရှိချေ။
"ကျွန်တော်ကတော့ နောက်အပတ်မှ သွားရမှာ၊ အွန်လိုင်းပေါ်မှာ တချို့ကို လိုက်ကြည့်လိုက်တော့ ကြော်ငြာထားတာတွေက နည်းနည်းလွန်ကဲလွန်းနေသလိုပဲ"
အဘိုးယောင် ခပ်ဖွဖွရယ်မောလိုက်ရင်း မည်သည့်မှတ်ချက်မျိုးကိုမျှပေးရန် ငြင်းပယ်လိုက်ဆဲပင်ဖြစ်သည်။
"ကဲ စောင့်ကြည့်ကြတာပေါ့”