အခန်း ၂၇၈
Vol. 28 Ch. 278
278
ကျွမ်းကျင်ပညာရှင်လုသည် လက်နှစ်ဖက်ကို နောက်ပစ်ထားရင်း ဟဲယဲ့တည်းခိုခန်း၏ အဆောက်အအုံအတွင်း၌ တစ်ထပ်ပြီးတစ်ထပ်စိတ်အေးလက်အေး လှည့်လည်ကြည့်ရှုနေခဲ့သည်။ တည်းခိုခန်း၏အခန်းများအားလုံးမှာ ဧည့်သည်များဖြင့်ပြည့်နှက်နေခဲ့ပြီဖြစ်ပါသော်လည်း ဖျတ်လတ်သွက်လက်လှသော ကျွမ်းကျင်ပညာရှင်လုသည် အခန်းထိန်းဝန်ထမ်းများ အခန်းသန့်ရှင်းရေးလုပ်ဆောင်နေသည့် အခိုက်အတန့်ကို အသုံးချကာ အခန်းတွင်း ဖွဲ့စည်းတည်ဆောက်ပုံနှင့် အပြင်အဆင်များကို မသိမသာ ချောင်းမြောင်းကြည့်ရှုနိုင်ခဲ့ပေ၏။ အမှန်အတိုင်းဝန်ခံရလျှင်မူ အသစ်စက်စက် ပြုပြင်မွမ်းမံထားသော ဤနေရာသည် တကယ်ကိုစိတ်ကြည်နူးဖွယ်ကောင်းလှသည်။ ဟဲယဲ့တည်းခိုခန်းသည် ကြယ်ခြောက်ပွင့်အဆင့်ရှိသော ဟိုင်ဖန်ဟိုတယ်ကဲ့သို့ အလွန်အမင်း သားနားထည်ဝါခြင်းမရှိသော်လည်း ခေတ်မီဆန်းသစ်သော အသုံးအဆောင်ပစ္စည်းများနှင့် အဆောက်အအုံသစ်များကြောင့် ကြည့်ရသည်မှာ ထိုဟိုတယ်ကြီးနှင့် ရင်ဘောင်တန်းနိုင်လောက်အောင်ပင်လှပနေခဲ့သည်။
ထို့အပြင် စုဟယ်သည် ဟဲယဲ့တည်းခိုခန်းကို တည်ဆောက်စဉ်အခါတွင် ဟိုင်ဖန်ဟိုတယ်၏ ကောင်းမွန်သော အတွေ့အကြုံများကို အတုယူသင်ခန်းစာယူထားခဲ့သဖြင့် တည်းခိုခန်း၏ဖွဲ့စည်းပုံနှင့် ဒီဇိုင်းမှာ ပိုမိုစနစ်ကျပြီး ယုတ္တိရှိလှပေသည်။ ကျယ်ဝန်းလှသော အစည်းအဝေးခန်းမများနှင့် အသွားအလာလွယ်ကူချောမွေ့စေသည့် လမ်းကြောင်းဒီဇိုင်းများကြောင့် အစပိုင်းတွင် 'အင်တာနက်လူသိများ ကျော်ကြားရုံ သက်သက်'ဆိုသည့် စကားလုံးအပေါ် အတန်ငယ် အမြင်မကြည်လင်ဖြစ်နေခဲ့သော ကျွမ်းကျင်ပညာရှင်လုပင်လျှင် ကျေနပ်အားရစွာဖြင့် ခေါင်းတညိတ်ညိတ်ပြုလုပ်မိတော့၏။ ဟဲယဲ့တည်းခိုခန်းသည် အွန်လိုင်းပေါ်တွင် ယခုကဲ့သို့ ရေပန်းစားကျော်ကြားနေခြင်းမှာ တကယ်ပင် နာမည်နှင့် လိုက်ဖက်ညီလှပေသည်။ ကျွမ်းကျင်ပညာရှင်လုသည် အင်တာနက်ပေါ်တွင် အလွန်တရာ ခေတ်စားနေသော တည်းခိုခန်း၏ အခမ်းအနားများကိုလည်း ကိုယ်တိုင်ကိုယ်ကျသွားရောက်ကြည့်ရှုခဲ့သည်။ သူသည် အခန်းကြိုတင်မှာယူနိုင်ခဲ့ခြင်းမရှိသဖြင့် ဤအခမဲ့တက်ရောက်နိုင်သော လှုပ်ရှားမှုများတွင် ကိုယ်တိုင်ဝင်ရောက်မပါဝင်နိုင်ခဲ့ပါသော်လည်း ပတ်ဝန်းကျင် အခြေအနေကို အနီးကပ်မြင်တွေ့နိုင်ရန်အတွက် အခမ်းအနားကျင်းပရာ အခန်းအချို့၏ တံခါးဝများအထိအရောက်သွားကာ စေ့စေ့စပ်စပ်ကြည့်ရှုခဲ့သည်။ ရက်ကန်းလုပ်ငန်းခွင်နှင့် လက်ရေးလှစာသင်ခန်းများတွင် စနစ်တကျ ထိန်းသိမ်းပေးမည့် ဝန်ထမ်းများရှိနေခဲ့သဖြင့် အရာအားလုံးသည် စည်းစနစ်ကျနလှပြီး တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
အခုအချိန်မှာတော့ ရေကူးကန်သည် ဟဲယဲ့တည်းခိုခန်း၏ အစည်ကားဆုံးသော နေရာတစ်ခုဖြစ်နေခဲ့သည်။ လူအမြောက်အမြားသည် ရေကူးကန်ဘေးတွင် ဝိုင်းအုံစုဝေးနေကြပြီး နည်းပြချန်း ကို စိတ်ဝင်တစားဖြင့်ကြည့်ရှုနေကြပေသည်။ သို့သော်လည်း လူတိုင်းသည် အလွန်ပင် ယဉ်ကျေးပျူငှာကြပြီး နည်းပြချန်း စာသင်ပြနေသည့် အချိန်တွင်မူ ငြိမ်သက်စွာဖြင့်သာ စောင့်ကြည့်နေကြ၏။ အကယ်၍ မတော်တဆ တစ်စုံတစ်ဦးမှာ စိတ်လှုပ်ရှားစွာဖြင့် အသံအနည်းငယ် ထွက်ပေါ်အော်ဟစ်မိပါက အနီးနားရှိလူမှာ ချက်ချင်းပင် သတိပေးလိုက်တတ်သည်။
"အသံနည်းနည်းလောက် တိုးပေးပါဦး၊ နည်းပြချန်းက နေ့တိုင်းအရမ်းကြိုးစားပြီး သင်ပေးနေတာမလို့ အခု သူ့အသံတွေတောင် ဝင်နေပြီ"
နည်းပြချန်း၏အသံအက်အက်ကို ကြားလိုက်ရသည့်အခါတွင်မူ ထိုအော်ဟစ်မိခဲ့သော ဧည့်သည်သည်လည်း ချက်ချင်းပင် မိမိပါးစပ်ကို လက်ဖြင့် အမြန်ပိတ်လိုက်ပြီး အားနာလှသောအမူအရာဖြင့် ခေါင်းကို ညိတ်ပြရှာတော့သည်။ ဘေးမှစောင့်ကြည့်နေခဲ့သော ကျွမ်းကျင်ပညာရှင်လုသည် နည်းပြချန်း၏ ပြစ်မျိုးမှည့်မထင်လှပလှသော ရေကူးဟန်ပန်အမူအရာများကို အကဲခတ်မိသွားသည့်အခါ စိတ်ထဲမှနေ မချီးကျူးဘဲ မနေနိုင်တော့ချေ။ သူကိုယ်တိုင်လည်း ပုံမှန်ဘောလုံးကစားခြင်းနှင့် ရေကူးခြင်းတို့ကို ပြုလုပ်လေ့ရှိသည့် ကျန်းမာရေး ဝါသနာအိုးတစ်ဦးဖြစ်သည့်အားလျော်စွာ ရေကူးခြင်းနှင့် ပတ်သက်၍ အတော်အတန်နားလည်တတ်ကျွမ်းသူဖြစ်သည်။ နည်းပြချန်း၏ရေကူးနေသောပုံစံကို တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် နည်းပြချန်းသည် ရုပ်ရည်ရှိရုံသက်သက် သို့မဟုတ် ဟန်ဆောင်ပြသနေခြင်းမဟုတ်ဘဲ စစ်မှန်သော အရည်အချင်းနှင့် နည်းစနစ်ရှိသူတစ်ဦးဖြစ်ကြောင်း ကောင်းကောင်း သိလိုက်ပေ၏။ နည်းပြချန်းသည် ခန္ဓာကိုယ် သွယ်လျလှပါသော်လည်း သူ့ကြွက်သားများမှာမူ စနစ်တကျ ထင်ရှားပေါ်လွင်နေခဲ့သည်။
အထူးသဖြင့် လက်မောင်းပေါ်ရှိ ပြေပြစ်လှသော ကြွက်သားလိုင်းများ၊ ခါးနှင့် ဝမ်းဗိုက်ပိုင်းတွင် ပိုလျှံသော အဆီလုံးဝမရှိခြင်းနှင့် ကျစ်လျစ်လှသော ကြွက်သားတည်ဆောက်ပုံများမှာ သူသည် အဆင့်မြင့်ရေကူးသမားတစ်ဦး၏ခန္ဓာကိုယ်မျိုးဖြစ်ကြောင်း ထင်ရှားစွာ သက်သေပြနေခဲ့သည်။ ထို့အပြင် နည်းပြချန်း၏သင်ကြားပြသမှု စကားလုံးများမှာ ရိုးရှင်းပြီး နားလည်ရ လွယ်ကူလှပေ၏။ သူ့လှုပ်ရှားမှု သရုပ်ပြပုံများမှာလည်း အလွန်ပင်စံနမူနာကျလှပြီး သာမန်လှုပ်ရှားမှုများဖြစ်ပါသော်လည်း သူပြုလုပ်လိုက်သည့် အခါတွင်မူ ထူးခြားစွာဖြင့် လှပတင့်တယ်လွန်းနေခဲ့သည်။ လူအများမှာ သူ့ကို ဓာတ်ပုံများ တဖြတ်ဖြတ်ရိုက်ကူးနေကြသည့်တိုင်အောင် သူသည် အာရုံပျံ့လွင့်သွားခြင်း လုံးဝမရှိချေ။
သူသည် အပေါ်ယံသဘောမျိုးသင်ပြဟန်ဆောင်ရင်း မိမိခန္ဓာကိုယ်ကို တမင်သက်သက်ထုတ်ဖော်ပြသကာ အင်တာနက်ပေါ်တွင် လူကြိုက်များစေရန် ကြိုးစားနေသည့် လူစားမျိုးမဟုတ်သည့်အတွက် ကျွမ်းကျင်ပညာရှင်လုစိတ်ထဲတွင် သူ့အပေါ် ထားရှိသော အထင်အမြင်မှာ အဆပေါင်းများစွာ ပိုမိုကောင်းမွန်သွားခဲ့ရသည်။ ကျွမ်းကျင်ပညာရှင်လုကို အကျေနပ်ဆုံးဖြစ်စေခဲ့သည့်အရာမှာမူ ဟဲယဲ့တည်းခိုခန်း၏ ပထမထပ်တွင်ရှိနေသော ကျယ်ဝန်းလှသည့်ပန်းခြံကြီးပင် ဖြစ်သည်။ ပန်းခြံကြီးအတွင်း၌ အရောင်အသွေးစုံလင်လှသော ပန်းမျိုးစုံတို့ဖြင့်ပြည့်နှက်နေခဲ့ရာ လှည့်ပတ်ကြည့်ရှုလိုက်သည့် နေရာတိုင်းတွင် ပန်းချီကားတစ်ချပ်ကဲ့သို့ လှပသော မြင်ကွင်းများကို ပေးစွမ်းထားပြီး ကွေ့ကောက်လှသော လမ်းငယ်လေးများသည်လည်း ဆိတ်ငြိမ်လှသည့် နေရာလေးများဆီသို့ ဦးတည်ခေါ်ဆောင်သွားသဖြင့် ရှေးဟောင်းဂန္ထဝင်မြောက်ပန်းခြံကြီးတစ်ခုအတွင်းသို့ ရောက်ရှိနေရသကဲ့သို့ ခံစားရစေသည်။
ပန်းတံတိုင်းများ၏ ထောင့်စွန်းနေရာများတွင် နေကာထီးကြီးများနှင့် စားပွဲကုလားထိုင်များကို စနစ်တကျချထားပေးထားပြီး သိပ်သည်းလှသော သစ်ပင်ကြီးများမှာလည်း သဘာဝအတိုင်း အေးမြလှသောအရိပ်အာဝါသကို ဖန်တီးပေးထားရာ ပူပြင်းလှသော နေရောင်ခြည်ဒဏ်ကို စိုးရိမ်စရာမလိုဘဲ သီးသန့်လူမှုရေးကိစ္စရပ်များကို စကားစမြည် ပြောဆိုဆွေးနွေးရန်အတွက် အကောင်းမွန်ဆုံးနေရာလေးတစ်ခုဖြစ်ပေ၏။ ကျွမ်းကျင်ပညာရှင်လုသည် ဟဲယဲ့တည်းခိုခန်း၏ကျယ်ပြောလှသော ဤပန်းခြံကြီးနှင့် ဟိုင်ဖန်ဟိုတယ်၏ ကိုယ်ပိုင်သီးသန့်ကမ်းခြေတို့ကို စိတ်ထဲကနေ မသိမသာနှိုင်းယှဉ်မိသွားသည်။ ဟိုင်ဖန်ဟိုတယ်၏ ကိုယ်ပိုင်သီးသန့်ကမ်းခြေသည် မြင်ကွင်းကျယ်လှပြီး ပိုမိုခမ်းနားထည်ဝါသည်မှာ အမှန်ပင်ဖြစ်ကာ အဆုံးမဲ့ကျယ်ပြောလှသော ပင်လယ်ပြာကြီးနှင့်အတူ အလွန်လှပသော ရှုခင်းကို ပေးစွမ်းထားသည်။ ကိုယ်ပိုင်ကမ်းခြေတစ်ခု၏ အားသာချက်မှာ ကျယ်ဝန်းခြင်းဖြစ်ပါသော်လည်း အားနည်းချက်မှာလည်း ထိုကဲ့သို့ အလွန်အမင်း ကျယ်ပြောလွန်းနေခြင်းပင်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းရှင် နှစ်ဦးမှာ ပူပြင်းလှသောနေရောင်ခြည်အောက်မှ ကမ်းခြေသဲသောင်ပြင်ပေါ်မှာထိုင်ပြီး စီးပွားရေးအကြောင်း ဆွေးနွေးကြလိမ့်မယ်လို့ မင်းအနေနှင့်မျှော်လင့်၍မရနိုင်ပေ။
ညနေခင်းအချိန်တွင် စီးပွားရေးလုပ်ငန်းရှင်များသည် ကမ်းခြေတစ်လျှောက် လမ်းလျှောက်ချင်ကြမည်ဖြစ်ပါသော်လည်း ကမ်းခြေသည် အလွန်တရာ ကျယ်ပြောလွန်းလှသဖြင့် တစ်ပြင်လုံးကို လျှပ်စစ်မီးလိုင်းများမသွယ်တန်းနိုင်ခဲ့ရာ ကမ်းစပ်တစ်ခုလုံး မှောင်မည်းနေခဲ့ပြီး ခြင်များလည်း အလွန်တရာပေါများလှသဖြင့် စီးပွားရေးအကြောင်း ဆွေးနွေးရန်အတွက် ကောင်းမွန်သောနေရာတစ်ခု လုံးဝမဟုတ်ချေ။ သို့သော်လည်း ဟဲယဲ့တည်းခိုခန်း၏ ဤပန်းခြံကြီးမှာမူဖြစ်တည်မှုချင်းကွဲပြားခြားနားလှ၏။ ပန်းတံတိုင်းများသည် ကျယ်ဝန်းလှသော ဧရိယာကို လွှမ်းခြုံထားပြီး တည်းခိုခန်း၏ ပါးနပ်လှသောဒီဇိုင်းပုံစံကြောင့် ပန်းခြံကြီးကိုအပိုင်းအစိတ်ငယ်လေးများအဖြစ် လှပစွာခွဲခြားပေးထားသည်။ လာရောက်ကြမည့် စီးပွားရေးလုပ်ငန်းရှင်များသည် ပန်းတံတိုင်းများနှင့် သစ်ပင်ကြီးများအောက်ရှိ အေးမြသောအရိပ်အောက် သို့မဟုတ် နေကာထီးများအောက်တွင် အေးအေးလူလူထိုင်ကာ ကော်ဖီသောက်ရင်း၊ လှပလှသော ရှုခင်းများကိုခံစားရင်း စီးပွားရေးကိစ္စရပ်များကို ကောင်းမွန်စွာ ဆွေးနွေးနိုင်ကြပေလိမ့်မည်။ ဒါက ကမ်းခြေမှာရှိနေရတာထက်စာရင် အဆပေါင်းများစွာပိုမိုသာလွန်ကောင်းမွန်တဲ့ အတွေ့အကြုံကို ပေးစွမ်းနိုင်မည်မှာ အသေအချာပင် ဖြစ်သည်။
ကျွမ်းကျင်ပညာရှင်လုသည် မစ္စကျိအခမ်းအနားအတွက် အသုံးပြုခဲ့သည့် စင်မြင့်လေးကိုလည်း အလွန်တရာ သဘောကျသွားခဲ့ရသည်။ သူသည် မိမိမေးစေ့ကို လက်ဖြင့်အသာသပ်ရင်း စိတ်ထဲမှနေ တွေးတောမြော်မြင်မိသည်မှာ အကယ်၍ စီးပွားရေးလုပ်ငန်းရှင်များ အချင်းချင်းသဘောတူညီမှုရရှိ၍ စာချုပ်ချုပ်ဆိုကြသည့်အခါ ဤစင်မြင့်ထက်တွင် စာချုပ်လက်မှတ်ရေးထိုးပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြမည်ဆိုပါက ထွက်ပေါ်လာမည့်ဓာတ်ပုံများမှာ တကယ်ကိုဆွဲဆောင်မှုအပြည့်ရှိပြီး အလွန်ပင် ခန့်ညားလှပနေပေလိမ့်မည်။ တည်းခိုခန်း၏ အဆောက်အအုံနှင့် ဝန်ဆောင်မှုအခြေအနေများကို စစ်ဆေးပြီးနောက်တွင်မူ ကျွမ်းကျင်ပညာရှင်လုသည် ဟဲယဲ့တည်းခိုခန်း၏ အစားအသောက်အရသာကိုလည်း ကိုယ်တိုင်ကိုယ်ကျ မြည်းစမ်းကြည့်ချင်စိတ်ဖြစ်ပေါ်လာခဲ့၏။
သူသည် အရင်ဆုံး မုန့်အရောင်းကောင်တာဆီသို့ လျှောက်လှမ်းသွားခဲ့သည်။ မကြာသေးခင်ကမှ ဟဲယဲ့တည်းခိုခန်း၏ မုန့်အရောင်းကောင်တာတွင် မုန့်အမျိုးအစားအသစ်များကို ထပ်မံဖြည့်စွက်ထားခဲ့ခြင်းဖြစ်၏။ ယခုအကြိမ်တွင် မုန့်ကောင်တာ၌ ယုံမြစ်ဝှမ်းဒေသ၏ ရိုးရာအမွေအနှစ် မုန့်များဖြစ်သော ကောက်ညှင်းမုန့်များနှင့် မုန့်လုံးများ အမြောက်အမြားရှိနေခဲ့ရာ ဥပမာအားဖြင့် ရေမျှော်စင်မုန့် နှင့် ကောက်ညှင်းမုန့်တို့ ဖြစ်ကြသည်။ သို့သော်လည်း စားဖိုမှူးဟုန်လျန် သည် ဤရိုးရာမုန့်များနှင့် သရေစာများ၏ အရသာကို ပိုမိုကောင်းမွန်ဆန်းသစ်သွားစေရန်အတွက် မုန့်လုပ်နည်းဖော်မြူလာများကို အနုစိတ် မွမ်းမံပြင်ဆင်ထားခဲ့ခြင်းဖြစ်၏။ ထိုမုန့်များကို မြည်းစမ်းကြည့်ပြီးနောက်တွင်မူ ကျွမ်းကျင်ပညာရှင်လုသည် မိမိအနီးနားရှိ ဝန်ထမ်းများကိုကြည့်ကာ ချီးကျူးစကားဆိုရင်း ခေါင်းတညိတ်ညိတ် ပြုလုပ်မိတော့သည်။
ဤမုန့်များသည် တကယ်ကိုအရသာထူးကဲလှပြီး ယုံမြစ်ဝှမ်းဒေသ၏ ရိုးရာအရသာအပြည့်နှင့် ဒေသတွင်း ဝိသေသလက္ခဏာများကို ပေါ်လွင်စေကြောင်း သူကိုယ်တိုင်အတည်ပြုနိုင်ခဲ့သည်။ ဤဒေသတွင်း စေးပိုင်လှသော ကောက်ညှင်းမုန့်များအပြင် ဟုန်လျန်၏ကိုယ်ပိုင်လက်ရာဖြစ်သော ရူယိမုန့် နှင့် တခြားသောမုန့်သရေစာများမှာမူ ပို၍ပင်အံ့ဩမှင်သက်စရာကောင်းလှပေ၏။ အကယ်၍ သူသည် နေ့လယ်စာ အဝစားရန်အတွက် ဗိုက်ထဲမှာသာ နေရာချန်ထားချင်စိတ်မရှိခဲ့ပါက ကျွမ်းကျင်ပညာရှင်လုသည် ထိုနေရာရှိ မုန့်အမျိုးအစားတိုင်းကို တစ်ခုမကျန် မြည်းစမ်းကြည့်မိမှာ အမှန်ပင် ဖြစ်သည်။ ကျွမ်းကျင်ပညာရှင်လုနှင့်အတူ လာရောက်စစ်ဆေးကြသော ဝန်ထမ်းများထဲတွင် ယဉ်ကျေးမှု၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ ခရီးသွားလာရေးနှင့် အားကစားဗျူရိုမှ ဝန်ထမ်းများသာမက စျေးကွက်စောင့်ကြည့်ကြီးကြပ်ရေးဗျူရိုမှ ဝန်ထမ်းများလည်း ပါဝင်ပေသည်။ စျေးကွက်စောင့်ကြည့်ကြီးကြပ်ရေးဗျူရိုမှ ဝန်ထမ်းများသည် ဒုတိယထပ်ရှိတည်းခိုခန်း၏ စားပွဲခန်းမကို တစ်ချက်မျှ ဝေ့ဝဲကြည့်ရှုလိုက်ရုံဖြင့် ဟဲယဲ့တည်းခိုခန်း၏ သန့်ရှင်းရေး အခြေအနေကို ကောင်းမွန်စွာခန့်မှန်းသိရှိနိုင်ခဲ့ကြသည်။
ဟဲယဲ့တည်းခိုခန်း၏ မီးဖိုချောင်နှင့် အစားအသောက်မှာယူရာ နေရာတစ်ခုလုံးမှာ အလွန်တရာသန့်ရှင်းစင်ကြယ်လှပြီး ပတ်ဝန်းကျင်တွင် ခြင်တစ်ကောင်တစ်လေမျှပင် မြင်တွေ့ရခြင်းမရှိချေ။ အမှန်တော့ ကျွမ်းကျင်ပညာရှင်လူသည် နောက်ဖေးပန်းခြံထဲတွင်ရှိနေစဉ်ကတည်းက ဤအချက်ကိုသတိပြုမိခဲ့ခြင်းဖြစ်သည်။ ဟဲယဲ့တည်းခိုခန်း၏ နောက်ဖေးပန်းခြံထဲတွင် ရေပန်းစင်လေးတစ်ခုရှိနေခဲ့၏။ ပုံမှန်အားဖြင့် သစ်ပင်ကြီးများနှင့် ရေကန်များရှိသော နေရာများသည် ပိုးမွှားများနှင့်ခြင်များ အလွယ်တကူ ပေါက်ဖွားရှင်သန်နိုင်ဆုံး နေရာများဖြစ်ကြပါသော်လည်း ဟဲယဲ့တည်းခိုခန်းတွင်မူ ခြင်တစ်ကောင်မျှပင်မရှိချေ။ ဤအရာအားလုံးမှာ ရှောင်ရှီး၏ကျေးဇူးကြောင့်ပင်ဖြစ်သည်။ ရှောင်ရှီး၏ငှက်မွှေးများပေါ်တွင် အစစ်မှန်နေမင်းမီးတောက်၏ နတ်ဘုရားအရှိန်အဝါ အနည်းငယ်စွဲထင်နေခဲ့သည်။ စုဟယ်သည် ထိုငှက်မွှေးများကို တည်းခိုခန်း၏ ထောင့်စွန်းနေရာ အသီးသီးတွင် အနုစိတ်လိုက်လံချထားခဲ့သဖြင့် သဘာဝကျကျပင်ခြင်များ၊ ပိုးဟတ်များနှင့် ကြွက်များသည် ဤနေရာသို့ အနားပင်မကပ်ရဲကြချေ။
ရှောင်ရှီးအပြင် ရေဘဝဲမိစ္ဆာလည်းရှိနေသေးသည်။ ရေဘဝဲမိစ္ဆာသည် အရှေ့ပင်လယ်နဂါးနန်းတော်ထဲတွင် အဆင့်နိမ့် မိစ္ဆာတစ်ကောင်မျှသာဖြစ်သည်ဆိုသော်လည်း သူ့ခန္ဓာကိုယ်တွင် သာမန် တိရစ္ဆာန်အကောင်ငယ်လေးများမယှဉ်ပြိုင်ရဲသော မိစ္ဆာအရှိန်အဝါများ ကိန်းဝပ်နေခဲ့ပေသည်။ ထို့ကြောင့်ပင် ဟဲယဲ့တည်းခိုခန်းသည် ထူးခြားဆန်းပြားစွာဖြင့် အလွန်တရာသန့်ရှင်းစင်ကြယ်နေခြင်းဖြစ်ပြီး ပြင်းထန်လှသော ပင်လယ်စာအနံ့အသက်များရှိနေသည့်တိုင်အောင် ပတ်ဝန်းကျင်တွင် ခြင်များနှင့် ယင်ကောင်များအုံခဲနေခြင်းမျိုး လုံးဝမရှိခဲ့ချေ။ ကျွမ်းကျင်ပညာရှင်လုနှင့် သူ့ဝန်ထမ်းများသည် မိမိတို့သတ်မှတ်ဘတ်ဂျက်အတွင်းမှ တည်းခိုခန်း၏ နာမည်ကြီးဟင်းပွဲအချို့ကို မှာယူခဲ့ကြသည်။ အကြော်အလှော်များ၏အရသာမှာ အဆင့်အတန်းတစ်ခု၌ရှိနေခဲ့ပြီး ပင်လယ်စာဟင်းပွဲများမှာမူ တကယ်ကို အံ့ဩမှင်သက်စရာ ကောင်းလောက်အောင် ထူးကဲလှပေသည်။ ပင်လယ်စာဟင်းပွဲအားလုံးသည် စားပွဲပေါ်သို့ချလိုက်သည်နှင့်တစ်ပြိုင်နက် ခဏချင်းအတွင်းမှာပင် ပြောင်သလင်းခါသွားခဲ့ရပြီး ဝန်ထမ်းတိုင်းသည်လည်း ဟင်းပွဲများ၏အရသာအောက်တွင် နစ်မျောနေခဲ့ကြသဖြင့် မည်သူမျှ ခေါင်းပြန်မဖော်ချင်ကြတော့ချေ။
ကျွမ်းကျင်ပညာရှင်လု၏စိတ်ထဲတွင် ချိန်ခွင်လျှာသည် ဟဲယဲ့တည်းခိုခန်းဘက်သို့ တဖြည်းဖြည်းချင်းယိမ်းယိုင်လို့ လာခဲ့ရတော့သည်။ တကယ်ကို အဘိုးယောင်ပြောခဲ့သလိုပင်။ နောက်ဆုံး ဆုံးဖြတ်ချက်ကို မချမှတ်ရသေးခင်၌ တင်ဒါပြိုင်ပွဲဝင်မည့် ဟိုတယ်အားလုံးဆီကို ကိုယ်တိုင်ကိုယ်ကျလိုက်လံကြည့်ရှုစစ်ဆေးရမည်မှာ အမှန်ပင်ဖြစ်ပေတော့သည်။