အခန်း ၂၇၉
Vol. 28 Ch. 279
279
"ဥက္ကဌကျား၊ ကိစ္စရဲ့အနှစ်ချုပ်ကတော့ ဒါပါပဲ၊ ကျွန်တော့်ဘက်ကတော့ ဒီလောက်ပဲ ပြောပြနိုင်မယ်၊ ကိုယ်တိုင်ပဲ သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်တော့"
ကျားဖန်သည် ဖုန်းချလိုက်စဉ်တွင် မျက်နှာတစ်ခုလုံး မည်းမှောင်နေခဲ့သည်။ သူ့ဘေးတွင် မတ်တပ်ရပ်နေသော လက်ထောက်ဖြစ်သူမှာ စကားပြောရန် တုံ့ဆိုင်းနေမိပါသော်လည်း လက်ထဲတွင် ကိုင်ဆောင်ထားသော စာရွက်စာတမ်းများမှာမူ ကျားဖန်၏လက်မှတ်ရေးထိုးမှုကို စောင့်ဆိုင်းနေဆဲဖြစ်ပေ၏။ သူသည် စိတ်ကိုတင်းကာ အားတင်း၍ မေးမြန်းလိုက်ရရှာသည်။
"ဥက္ကဌကျား၊ ကျွန်တော်တို့ သတင်းထုတ်ပြန်ချက်ကို အပြင်ကိုဆက်ပြီးပို့ရမလား"
လက်ထောက်၏ထိုစကားလုံးများသည် အရှိန်အဟုန်ပြင်းစွာ တောက်လောင်နေသော ကျားဖန်၏ဒေါသမီးကို တမင်သက်သက် ဆွပေးလိုက်သကဲ့သို့ဖြစ်သွားပြီး ချက်ချင်းပင် စိတ်အာရုံကို ထိန်းချုပ်နိုင်စွမ်းကင်းမဲ့သွားတော့သည်။ သူသည် လက်ထောက်လက်ထဲမှ စာရွက်စာတမ်းတွဲကို ဆတ်ခနဲလုယူလိုက်ပြီး မိမိအားအင်ရှိသမျှ အသုံးပြုကာ ကြမ်းပြင်ပေါ်သို့ ဝုန်းခနဲ ဆောင့်ချပစ်လိုက်တော့၏။ ထိုသို့ပြင်းထန်စွာ လွှင့်ပစ်လိုက်သည့် အရှိန်ကြောင့် စက္ကူချပ်တစ်ခုကဲ့သို့ နုနယ်လှသော ဖိုင်တွဲကြီးသည် တစ်စစီ ကြေမွပျက်စီးသွားခဲ့ရပြီး စာရွက်စာတမ်းများနှင့် ဖိုင်တွဲအစအနများမှာ ကြမ်းပြင်တစ်ခုလုံးတွင် ဗရပွ လွင့်စင်ပျံ့နှံ့သွားခဲ့ရသည်။ လက်ထောက်ဖြစ်သူမှာ ကျားဖန်ကို ယခုထက်ပို၍ ဒေါသမထွက်လာစေရန်အတွက် အသက်ပင်ပြင်းပြင်းမရှူရဲဘဲ အသက်ရှူသံကို ထိန်းထားမိသည်။ သူသည် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော ဖိုင်အကျိုးအပဲ့များနှင့် စာရွက်များကို တိတ်ဆိတ်စွာပင် လိုက်လံကောက်ယူလိုက်ပြီးနောက် ခေါင်းငုံ့လျက် ရုံးခန်းထဲမှ ခိုးကြောင်ခိုးဝှက် ထွက်ခွာသွားခဲ့တော့သည်။
ရုံးခန်းတံခါး ပြန်ပိတ်သွားသည့် အချိန်ကျမှသာ သူသည် လေသံတိုးတိုးဖြင့် ကျိန်ဆဲမိတော့သည်။ သူသည် သာမန်လခစားဝန်ထမ်းတစ်ယောက်မျှသာဖြစ်ပါလျက်နှင့် ဘာဖြစ်လို့ သူ့ကိုမှ ရွေးပြီး အနိုင်ကျင့်နှိပ်စက်နေရသနည်း။ ရုံးခန်းအတွင်း၌မူ လက်ထောက်ဖြစ်သူထွက်ခွာသွားသည့်တိုင်အောင် ကျားဖန်၏ဒေါသတရားများမှာ ငြိမ်းအေးသွားခြင်း လုံးဝမရှိသေးချေ။ သူ့ဒေါသမျက်လုံးများသည် စာရေးစားပွဲပေါ်သို့ ဝေ့ဝဲကြည့်ရှုလိုက်ရာကနေ စက္ကူဖိကျောက်တုံးလေးပေါ်သို့ ကျရောက်သွားခဲ့သည်။ သူသည် ထိုကျောက်တုံးကို ကောက်ယူကာ ကြမ်းပြင်ပေါ်သို့ထုခွဲပစ်ရန် လက်လှမ်းလိုက်ပါသော်လည်း ထိုအရာ၏ အလွန်တရာကြီးမားလှသော တန်ဖိုးကို ရုတ်တရက် သတိရသွားမိသဖြင့် အရှိန်ကို အတင်းအကျပ်သတ်လိုက်ရရာ သူ့လက်မှာ လေထဲတွင်ပင်တန့်ခနဲ ရပ်တန့်သွားခဲ့ရ၏။
ကျားဖန်တွင် မိမိဒေါသများကို ပေါက်ကွဲပစ်ရန် မည်သည့်နေရာမျှမရှိတော့ချေ။ သူ့မျက်လုံးများသည် မိမိခံစားချက်များကို ရုန်းထွက်ခွင့်ပေးမည့် ထွက်ပေါက်တစ်ခုကို ရုံးခန်းအနှံ့ လိုက်လံရှာဖွေနေမိသည်။ သို့သော်လည်း ဤရုံးခန်းအတွင်းရှိ အရာရာတိုင်းမှာ သူကိုယ်တိုင် စေ့စပ်သေချာစွာ ပြင်ဆင်မွမ်းမံထားခဲ့သည့် အရာများဖြစ်နေသဖြင့် ခဏတာ စိတ်လိုက်မာန်ပါဖြစ်မှုကြောင့် အလဟဿ ပျက်စီးဆုံးရှုံးမှုများမဖြစ်ပေါ်စေချင်ချေ။ နောက်ဆုံးတွင်မူ သူသည် မိမိဒေါသမီးများကို ခွန်အားအဖြစ်သို့ အတင်းအကျပ်ပြောင်းလဲလိုက်ပြီး နံရံဆီသို့ လက်သီးဖြင့် အားကုန်လွှဲထုပစ်လိုက်တော့သည်။ နံရံသည် ထိုလက်သီးချက်ကို အပြည့်အဝ ခံယူလိုက်ရသဖြင့် ရုံးခန်းတစ်ခုလုံးတွင် အသံကြီးတစ်ချက်ဟိန်းထွက်သွားခဲ့၏။ နံရံမှာမူ မည်သည့် ပျက်စီးမှုမျှမရှိဘဲ ကြံ့ကြံ့ခံနိုင်ခဲ့ပါသော်လည်း ကျားဖန်၏လက်သီးမှာမူ စူးစူးရှရှဖြင့် ဆစ်ခနဲ နာကျင်သွားခဲ့ရသည်။ သူသည် ထိုနေရာတွင်ပင် မတ်တပ်ရပ်ရင်း အသက်ကိုပြင်းပြင်းရှူနေမိပြီး လက်သီးဆီမှ ပေးစွမ်းလာသော နာကျင်မှုဝေဒနာကြောင့် သူ့စိတ်အာရုံမှာ အနည်းငယ် ပြန်လည် နိုးထလာခဲ့ရသည်။
သူ အခုနတင်က လက်ခံရရှိခဲ့သော ဖုန်းကောလ်မှာ သူ့မိတ်ဆွေဟောင်းတစ်ဦးထံမှ လာခြင်းဖြစ်သည်။ သူတို့သည် အကျိုးစီးပွားချင်း ဆက်နွှယ်နေသည့် အပေါ်ယံ မိတ်ဆွေများသာဖြစ်ကြပြီး တစ်ဦးနှင့်တစ်ဦး မိမိတို့လူမှုကွန်ရက် အသိုင်းအဝိုင်းတစ်ခုအဖြစ် သတ်မှတ်ထားကြရာ သူတို့နှစ်ဦးကြားမှာ ဆက်ဆံရေးမှာ ဖြူစင်လှသည်တော့ မဟုတ်ချေ။ ပုံမှန်အားဖြင့် ကျားဖန်သည် ထိုသူ့ထံသို့ ငွေကြေးအမြောက်အမြား ထောက်ပံ့ပေးလေ့ရှိပြီး ထိုသူမှာလည်း ကျားဖန်ထံသို့ အတွင်းရေး သတင်းအချက်အလက်များကို ပြန်လည်ပေးပို့လေ့ရှိသည်။ သူ့မိတ်ဆွေပြောပြချက်အရ တင်ဒါပြိုင်ပွဲရဲ့ အကဲဖြတ်အဖွဲ့ထဲတွင် ကျွမ်းကျင်ပညာရှင်တချို့သည် ယခုအချိန်မှာ ဟဲယဲ့တည်းခိုခန်းကိုမဲပေးဖို့ စိတ်ယိမ်းယိုင်နေကြပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် ကျားဖန်တစ်ယောက် သွေးဆူမတတ် ဒေါသထွက်သွားရခြင်းဖြစ်ပေ၏။
သူသည် တင်ဒါအောင်မြင်ပြီးသည်နှင့်တစ်ပြိုင်နက် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှီးနှောဖလှယ်ပွဲကြီးကို အကြီးအကျယ်ကြော်ငြာပြီး လူသိရှင်ကြား ထုတ်ဖော်ပြသနိုင်ရန်အတွက် ကြော်ငြာပစ္စည်းများနှင့် စာသားများကို အားလုံးအဆင်သင့် ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ လက်သီးဆီမှ ကျန်ရစ်နေဆဲဖြစ်သော နာကျင်မှုဝေဒနာကြောင့် ကျားဖန်သည် ပို၍ပင်ဒေါသချောင်းချောင်း ထွက်လာခဲ့ရ၏။ ဒါ တကယ့်ကို ရယ်စရာပြက်လုံးတစ်ခုပင် မဟုတ်ပါလား။ သူသည် ဟိုတယ်လောကအတွင်း၌ နှစ်ပေါင်းမြောက်မြားစွာ ကျင်လည်ခဲ့ပြီး အတွေ့အကြုံ ရင့်ကျက်နေသူဖြစ်ကာ စုဟယ်ဆိုသည်မှာ ယခုနှစ်မှသာ စားသောက်ဆိုင်နှင့် ဟိုတယ်လောက၏ နှစ်ပတ်လည် အစည်းအဝေးပွဲအတွင်းသို့ အသစ်စက်စက်ဝင်ရောက်လာခဲ့သည့် အတွေ့အကြုံမရှိသေးသော သူသက်သက်မျှသာဖြစ်သည်။ သူကိုယ်တိုင်ကသာ 'ဥက္ကဌကျား' ဟု အများမှ ရိုသေလေးစားစွာခေါ်ဆိုခြင်းကို ခံယူထိုက်သူမဟုတ်ပါလား။
အကယ်၍ သူသည် ပိုင်ဖေး၏ဖိလစ်နိုင်ငံတကာဟိုတယ်ကို ရှုံးနိမ့်ခဲ့မည်ဆိုလျှင် ထားလိုက်ပါတော့။ သို့သော်လည်း ယခုလို စုဟယ်ကဲ့သို့သော မိန်းကလေးငယ်တစ်ဦးကို ရှုံးနိမ့်ရမည်ဆိုပါက သူ့မျက်နှာကို ဘယ်နား သွားထားရတော့မည်နည်း။ ဒါတင်မကသေးဘဲ တင်ဒါအစည်းအဝေးပွဲကြီးမှာ ယခုထိ စတင်ကျင်းပရသေးခြင်းပင်မရှိသေးချေ။ ယခုသိရှိထားရသမျှ အရာအားလုံးမှာ ကျွမ်းကျင်ပညာရှင်များ၏ ပဏာမအထင်အမြင် အဆင့်မျှသာရှိသေးသည်။ လူငယ်များသည် တကယ်ကို နုနယ်လွန်းနေကြသေးသည်။ ဤလူ့လောကတွင်ဆက်လက်ရှင်သန်ရပ်တည်နိုင်ဖို့လျှင် လောက၏ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတတ်ဖို့ လိုအပ်ပေ၏။ ကျားဖန်သည် မိမိလက်ကောက်ဝတ်ကို အသာဆုပ်နယ်လိုက်ရင်း ဖုန်းကိုထုတ်ကာ ဖုန်းနံပါတ်အချို့ကို ဆက်တိုက်နှိပ်လိုက်တော့သည်။ သူသည် မိမိလေသံကို တမင်သက်သက်ပေါ့ပါးတည်ငြိမ်နေစေရန် အတင်းအကျပ် ထိန်းချုပ်လိုက်ရင်း ပြောလိုက်သည်။
"ဟယ်လို ဟယ်လို ကျွန်တော်ပါဗျာ ကျွန်တော်ပါ၊ နျိုကော အခုတလောအားလား ဟုတ်ကဲ့ဟုတ်ကဲ့၊ ကျွန်တော်က လူကြီးမင်းတို့အားလုံးကို ထမင်းတစ်နပ်လောက် ဖိတ်ကျွေးချင်လို့ပါ၊ နျိုကောအနေနဲ့ဝိုင်းပြီး စီစဉ်ပေးလို့ရမလား၊ အော် ဒါကတော့ ကျွန်တော် သေချာပေါက်သိတာပေါ့၊ ကျွန်တော် ဘာကိစ္စမှ လုံးဝမလုပ်ပါဘူး၊ အားလုံးကို ထမင်းစားဖို့ပဲ သီးသန့်ဖိတ်ခေါ်တာပါ၊ အဓိကကတော့ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ကျွန်တော်တို့ဘက်က တချို့အရာတွေကို သေသေချာချာ အဆင်သင့်မပြင်ဆင်နိုင်ခဲ့လို့ပါ၊ဟုတ်ကဲ့ ဟုတ်ကဲ့ပါ စိုးရိမ်စရာမရှိပါဘူး"
ကျားဖန်၏လေသံမှာ အလွန်တရာ မြှောက်ပင့်ဖားယားလှသော ဟန်ပန် ဖြစ်နေခဲ့သည်။ ဖုန်းချလိုက်ပြီးနောက်တွင်မူ သူ့မျက်နှာပေါ်၌ နှမြောတသဖြစ်ပြီး နာကျင်လှသောအမူအရာတစ်ခု ချက်ချင်းဖြတ်ပြေးသွားခဲ့၏။ ထို့နောက် သူသည် ရုံးခန်းအတွင်းရှိ အောက်လိုင်းဖုန်းကို ကောက်ကိုင်လိုက်ပြီး လက်ထောက်ဖြစ်သူထံသို့ လှမ်းခေါ်လိုက်သည်။
"ငါ့ရုံးခန်းထဲကို လာခဲ့ဦး၊ ပြီးတော့ ဟိုတယ်ရဲ့ ငွေဖြည့်ကတ် (၃၀)လောက် ယူလာခဲ့၊ ဒါတင်မကဘဲ တန်ဖိုးကြီး အရက်နှစ်သေတ္တာလောက်ပါ တစ်ခါတည်း ပြင်ဆင်ထားလိုက်၊ ဟုတ်တယ် အဲဒါတွေကို ကုမ္ပဏီရဲ့ အသုံးစရိတ်စာရင်းထဲမှာပဲ တိုက်ရိုက် ထည့်သွင်းလိုက်ပါ"
လက်ထောက်ဖြစ်သူကို လိုအပ်သည်များ ညွှန်ကြားပြီးနောက် ကျားဖန်သည် ရုံးခန်းအပြင်ဘက်သို့ထွက်လာခဲ့ပြီး ကိုယ်ပိုင်သီးသန့်ကမ်းခြေကြီးကို စိုက်ကြည့်နေမိသည်။ ညင်သာလှသော ပင်လယ်လေပြေညင်းသည် ပင်လယ်ပြင်၏ငန်ကျိကျိအနံ့အသက်များကို သယ်ဆောင်လာခဲ့ပြီး နူးညံ့လှသော သဲသောင်ပြင်သည်လည်း လေအဝေ့တွင် လှိုင်းတွန့်လေးများသဖွယ် အလွှာလိုက် အလွှာလိုက် အလွန်လှပစွာလှုပ်ခတ်နေခဲ့၏။ သူ ခပ်ဖွဖွရယ်မောလိုက်ရင်း တစ်ဦးတည်းရေရွတ်လိုက်တော့သည်။
"မကြာခင်မှာ လေဦးတည်ချက်က ပြောင်းလဲသွားတော့မှာပါ"
ယုံမြစ်ဝှမ်းဒေသ၏ရာသီဥတုမှာ မကြာသေးခင်ကစ၍ ထူးဆန်းစွာဖြင့် အလွန်တရာဆိုးရွားလာခဲ့ရာ မိုးမပြတ် ရွာသွန်းနေခဲ့ပြီး လေပြင်းများ တဝုန်းဝုန်းတိုက်ခတ်နေခဲ့သဖြင့် မြို့ပြကြီးတစ်ခုလုံးကို အေးစိမ့်လှသော အအေးဓာတ်အကျီကြီးတစ်ခု ခြုံလွှမ်းပေးထားသကဲ့သို့ဖြစ်နေခဲ့သည်။
ကျွမ်းကျင်ပညာရှင်လုသည် မိမိရုံးခန်းအပြင်ဘက်တွင် မတ်တပ်ရပ်ရင်း မိုးရေများစိုရွှဲနေခဲ့သောထီးကို အသာခေါက်သိမ်းလိုက်၏။ သူ့ဘောင်းဘီအောက်နားများမှာလည်း မိုးရေများဖြင့် စိုစွတ်နေခဲ့ပြီး ခြေထောက်တွင် စေးကပ်ကပ်ဖြင့် ကပ်ငြိနေခဲ့ပေသည်။ သူ ရုံးခန်းထဲသို့ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ပြင်းထန်လှသော လေပြင်းကြောင့် ရုံးခန်းတံခါးကြီးမှာ "ဝုန်း" ကနဲ အသံကျယ်ကြီးဖြင့် ပိတ်သွားခဲ့ရသည်။ ကျွမ်းကျင်ပညာရှင်လုမှာ တစ်ကိုယ်လုံးတုန့်ခနဲဖြစ်သွားရရှာသည်။
"အမလေး လန့်သွားတာပဲ၊ တကယ့်ကို စိတ်ပျက်စရာကောင်းတဲ့ ရာသီဥတုကွာ၊ ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေး နှီးနှောဖလှယ်ပွဲကြီးကျင်းပတဲ့အချိန်ကျရင်တော့ ရာသီဥတုလေး သာယာပါစေလို့ပဲ မျှော်လင့်ရတာပဲ၊ တင်ဒါအစည်းအဝေးပွဲက သဘက်ခါကျရင် စတော့မှာလေ၊ ဒါနဲ့ နေပါဦး၊ ခင်ဗျားတို့ရဲ့ ဆုံးဖြတ်ချက်တွေရော ဘယ်လိုအခြေအနေရှိနေကြပြီလဲ"
စေးကပ်ကပ်နိုင်လှသော ရာသီဥတုကြောင့် လူတိုင်း၏စိတ်အာရုံမှာ အနည်းငယ်စိတ်တိုလွယ်ပြီး စိတ်တိုစရာဖြစ်နေခဲ့ကြရာ ယခုကဲ့သို့ စကားဝိုင်းတစ်ခု စတင်လိုက်သည့် အခါတွင်မူ လူတိုင်းမှာ မိမိတို့၏လက်ရှိအလုပ်များကို ခေတ္တဘေးဖယ်ထားလိုက်ကြပြီး စကားဝိုင်းထဲသို့ စိတ်အားထက်သန်စွာဖြင့် ဝင်ရောက်လာကြတော့သည်။
"ဟိုင်ဖန်ဟိုတယ်ဘက်ကတော့ ဒီတစ်ခေါက် ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေး နှီးနှောဖလှယ်ပွဲကြီးတစ်ခုလုံးကို ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်ကွပ်ကဲဖို့အတွက် Black Diamond အဆင့်သတ်မှတ်ချက်ရှိတဲ့ စားဖိုမှူးကြီးတစ်ယောက်ကို အထူးငှားရမ်းထားတယ်လို့ ကြားတယ်၊ သူတို့ရဲ့တင်ဒါစျေးနှုန်းကို ပြောင်းလဲလို့မရတော့ဘူးဆိုပေမယ့် ဒီလိုအချက်မျိုးက သူတို့ရဲ့ယှဉ်ပြိုင်နိုင်စွမ်းကို သေချာပေါက် ပိုပြီးမြင့်တက်သွားစေတာပေါ့"
"ဟိုင်ဖန်ဟိုတယ်က တကယ်ကိုကောင်းပါတယ်၊ သူတို့ရဲ့မန်နေဂျာက အတွေ့အကြုံလည်းရှိပြီး ပြတ်သားတဲ့သူလေ၊ သူပြောပြချက်အရဆိုရင် ဧည့်သည်တွေကို ဟိုတယ်ဆီတိုက်ရိုက် ခေါ်ဆောင်လာနိုင်ဖို့အတွက် အထူးလေ့ကျင့်ပေးထားတဲ့ တတိယအဖွဲ့အစည်းကားငှားရမ်းရေးကုမ္ပဏီတစ်ခုကိုတောင် ကြိုတင်ငှားရမ်းထားပြီးပြီလို့ သိရတယ်"
"ဟိုင်ဖန်ဟိုတယ်က အခန်းတွေလည်း အများကြီးရှိသလို ဧရိယာကလည်း ကျယ်ဝန်းတယ်၊ ပြီးတော့ ပင်လယ်နားမှာရှိတာဆိုတော့ ပင်လယ်ပြင်အလှတရားရနံ့တွေကို ပိုပြီးခံစားရစေတာပေါ့"
ကျွမ်းကျင်ပညာရှင်လုသည် ထိုစကားများကိုကြားလိုက်ရသည့်အခါ အနည်းငယ် ဝေခွဲမရဖြစ်သွားရသည်။
"ဟေး နေပါဦး၊ ခင်ဗျားတို့အားလုံး ဟဲယဲ့တည်းခိုခန်းကို သွားရောက်စစ်ဆေးပြီးတုန်းက အဲဒီနေရာလေးက တော်တော်လေး ကောင်းမွန်လှတယ်လို့ တွေးခဲ့ကြတာမဟုတ်ဘူးလား၊ ဘာဖြစ်လို့ အခုကျမှ စိတ်ကူးတွေချက်ချင်းကြီး ပြောင်းလဲသွားကြတာလဲ"
အတွေ့အကြုံရင့်ကျက်လှသော လူကြီးတစ်ဦးမှာ သူ့ပခုံးကို အသာပုတ်ရင်း ပြောလိုက်သည်။
"ဒါက ပုံမှန်ပါပဲ၊ အခု အခြေအနေတွေ ပြောင်းလဲသွားပြီလို့ မတွေးလိုက်ပါနဲ့ဦး၊ တင်ဒါအစည်းအဝေးပွဲကြီးမကျင်းပရသေးခင် အချိန်အထိတော့ ဘယ်သူမဆို သူတို့ရဲ့ထင်မြင်ချက်ကို အချိန်မရွေး ပြောင်းလဲပိုင်ခွင့်ရှိတာပဲလေ"
ကျွမ်းကျင်ပညာရှင်လုသည် ဤအချက်ကိုတော့ သဘောတူညီပေသည်။ လူများ၏ထင်မြင်ချက်မှာ ပြောင်းလဲနိုင်သည်မှာ အမှန်ပင်ဖြစ်၏။ သို့သော်လည်း မေးခွန်းထုတ်စရာရှိနေသည်မှာ ယခင်တုန်းက လူတိုင်းမှာ ဟဲယဲ့တည်းခိုခန်းအပေါ် အလွန်တရာ မျှော်လင့်ချက်ကြီးမားစွာထားရှိခဲ့ကြ၏။ အဘယ်ကြောင့် ယခုလို အချိန်တိုလေးအတွင်းမှာ အရာရာတိုင်းမှာ ကမောက်ကမ ပြောင်းလဲကုန်ရသနည်း။
"ဟေး အဘိုးကြီးလု၊ ဟဲယဲ့တည်းခိုခန်းက တကယ်ကို ကောင်းမွန်တာတော့ အမှန်ပါပဲ၊ ဒါပေမဲ့ ခင်ဗျားအနေနဲ့ အဲဒီတည်းခိုခန်းရဲ့ ဥက္ကဋ္ဌက အသက်ဘယ်လောက်ရှိပြီလဲဆိုတာကိုရော ကြည့်ဖူးရဲ့လား၊ အမလေး ကျွန်တော်လည်း အစကကြည့်ပြီး တော်တော်လေး လန့်သွားရတယ်၊ သူက အရမ်းကို ငယ်ရွယ်လွန်းနေသေးတာ၊ တစ်ကယ်လို့ မတော်တဆတစ်ခုခုဖြစ်ပွားခဲ့မယ်ဆိုရင် ဒီလိုမိန်းကလေးငယ်လေးတစ်ယောက်က အခြေအနေအရပ်ရပ်ကို ဘယ်လိုမျိုးကိုင်တွယ်ဖြေရှင်းနိုင်မှာလဲ၊ ခင်ဗျားသိတဲ့အတိုင်းပဲ ဥက္ကဌကျားက ဒီဟိုတယ်လောကထဲမှာ လုပ်သက်နှစ်ပေါင်းမြောက်မြားစွာရှိခဲ့တာလေ၊ တခြားအရာတွေကို ခဏဘေးဖယ်ထားဦးတော့၊ အခု ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေးနှီးနှောဖလှယ်ပွဲကြီးလိုမျိုး အရမ်းအရေးကြီးတဲ့ အခမ်းအနားကြီးတစ်ခုမှာဆိုရင် အရာရာကိုထိန်းချုပ်ကွပ်ကဲနိုင်မယ့် အတွေ့အကြုံရှိတဲ့လူမျိုးကို သေချာပေါက်လိုအပ်တာပေါ့၊ ဟိုင်ဖန်ဟိုတယ်က ကြယ်ခြောက်ပွင့်အဆင့်ရှိတဲ့အပြင် Black Diamondအဆင့်သတ်မှတ်ချက်လည်း ရရှိထားတာမလို့ ကျွန်တော်တို့ သေချာပေါက် ဒီဟိုတယ်ကိုပဲရွေးချယ်ရမှာပဲ"
ကျွမ်းကျင်ပညာရှင်လုသည် ထိုစကားများကိုကြားပြီး စိတ်ထဲမှနေ အနည်းငယ် စည်းရုံးသိမ်းသွင်းခြင်းခံလိုက်ရလုနီးပါးဖြစ်သွားပါသော်လည်း တစ်ခုခုမှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။ ဟိုတယ်ဆိုသည်မှာ အခမ်းအနားအတွက် နေရာထိုင်ခင်းကိုသာပံ့ပိုးပေးရခြင်းဖြစ်ပြီး ယခုအကြိမ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး နှီးနှောဖလှယ်ပွဲကြီးအတွက် လိုအပ်သော လူအင်အားနှင့် ဝန်ထမ်းရေးရာ အားလုံးကို အစိုးရဌာနကသာ တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းမည်ဖြစ်သည်။
ဒါ ဟိုတယ်ပိုင်ရှင်ရဲ့ အတွေ့အကြုံရှိခြင်း၊ မရှိခြင်းနဲ့ ဘာများ ဆက်စပ်မှု ရှိနေလို့လဲ။ ဧည့်သည်အခန်းတွေနဲ့ အစည်းအဝေးခန်းမတွေကို အသုံးပြုဖို့အတွက် အတွေ့အကြုံတွေ အဲဒီလောက်ကြီးအထိ လိုအပ်နေလို့လား။
ကျွမ်းကျင်ပညာရှင်လုတစ်ယောက် စိတ်ထဲမှ လုံးဝဝေခွဲမရအောင် ဇဝေဇဝါ ဖြစ်သွားရရှာတော့သည်။