← Chapters

အခန်း ၂၈၀

Vol. 28 Ch. 280

အခန်း ၂၈၀

Vol. 28 Ch. 280

280

တင်ဒါအစည်းအဝေးပွဲကြီးကို မြို့လယ်ခေါင်ရှိညီလာခံတစ်ခု၌ ကျင်းပခဲ့သည်။ ထိုညီလာခံမှာ လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက တည်ဆောက်ထားခဲ့ခြင်းဖြစ်သဖြင့် အနည်းငယ်သေးငယ်ကျဉ်းမြောင်းလှပေသည်။ ခန်းမအတွင်းရှိ ထိုင်ခုံများမှာလည်း ကြပ်သိပ်စွာစီထားသဖြင့် လူတိုင်းသည် တစ်ယောက်နှင့်တစ်ယောက် ခြေထောက်ချင်းထိလုနီးပါး ပြည့်ကျပ်စွာထိုင်နေကြရသည်။ ဤအချက်မှာပင် ယုံမြစ်ဝှမ်းဒေသ၏ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး နှီးနှောဖလှယ်ပွဲကြီးကို ဟိုတယ်တစ်ခုခု၌ အဘယ်ကြောင့်ပြောင်းလဲကျင်းပရန်လိုအပ်ကြောင်း သက်သေပြနေခဲ့သည်။

အချိန်နီးကပ်လာသည်နှင့်အမျှ တက်ရောက်လာကြသူများသည် ဝတ်စုံပြည့် ဝတ်ဆင်ထားကြရင်း လက်ထဲတွင်လည်း တင်ဒါစာရွက်စာတမ်းများနှင့် အချက်အလက်များကို ကိုင်ဆောင်လျက် တစ်ဦးနှင့်တစ်ဦးစကားစမြည် ပြောဆိုရင်း ခန်းမအတွင်းသို့ဝင်ရောက်လာကြတော့သည်။ အဝတ်အစား သပ်ရပ်သားနားပြီး တောက်ပရွှင်လန်းနေကြသော ဤလူအုပ်ကြီးထဲတွင် ကျားဖန်သည် အထူးပင်ထင်ရှားပေါ်လွင်နေခဲ့၏။ သူသည် ကိုယ်ပိုင်ဒီဇိုင်နာဖြင့် သေသေချာချာ ချုပ်လုပ်ထားသော နက်မှောင်သည့် ဝတ်စုံကို စမတ်ကျကျဝတ်ဆင်ထားပြီး လိုက်ဖက်ညီသော နက်ကတိုင်ကိုလည်း ဝတ်ထားရာ သူ့နယ်ပယ်အတွင်း ရောက်ရှိနေသည့် လူတိုင်းနှင့် အဆင်ပြေချောမွေ့စွာ ပေါင်းသင်းဆက်ဆံနေခဲ့သည်။ ပတ်ဝန်းကျင်မှ 'ဥက္ကဋ္ဌကျား' ၊ 'ဥက္ကဌကျား' ဟု တစ်တွတ်တွတ် ခေါ်ဆိုနှုတ်ဆက်နေကြသည့်အသံများကြောင့် ခန်းမတစ်ခုလုံး၏အခြေအနေမှာ ပိုမိုစည်ကား သက်ဝင်နေခဲ့ပြီး ထောင့်စွန်းတစ်နေရာတွင်ကပ်ထိုင်နေကြသော စုဟယ်နှင့် ကျန်းရှန့်နန်တို့နှစ်ဦးကိုမူ ပို၍ပင် အထီးကျန် ဆိတ်ငြိမ်သွားစေတော့၏။

ဤသည်မှာ စုဟယ်အဖို့ ယခုကဲ့သို့ ကြီးကျယ်ခမ်းနားသောပွဲမျိုးသို့ ပထမဆုံးအကြိမ် တက်ရောက်ဖူးခြင်းဖြစ်ပေသည်။ သူသည် လူအများကို သိပ်မသိကျွမ်းလှသလို ကျန်းရှန့်နန်၏ လူမှုကွန်ရက်အသိုင်းအဝိုင်းမှာလည်း ယုံမြစ်ဝှမ်းဒေသတွင်ရှိမနေခဲ့သည်မှာ ထင်ရှားလှ၏။ ထို့ကြောင့် ကျန်းရှန့်နန်သည် လူတိုင်းအမှတ်တရရှိနေစေရန်အတွက် သူ့လိပ်စာကတ်များကို လိုက်လံဝေမျှပြီးနောက် စုဟယ်၏ဘေးတွင် ပြန်ထိုင်ချလိုက်တော့သည်။ သို့သော်လည်း သူတို့နှစ်ဦးမှာအရေးမစိုက်ဘဲပစ်ပယ်ခံထားရသည်ဟု စိတ်ထဲတွင် လုံးဝမခံစားမိကြချေ။ ဟဲယဲ့တည်းခိုခန်းသည် ယခုမှသာစတင်ဖွံ့ဖြိုးတိုးတက်လာသည့်အဆင့်မျှသာ ရှိသေးရာ မကြာခင် အချိန်အတွင်းမှာပင် လူတိုင်း၏အာရုံစိုက်မှုကိုခံရမည့် ဗဟိုချက်မဖြစ်လာလိမ့်မည်ဟု သူတို့ အခိုင်အမာယုံကြည်ထားကြသည်။

ခန်းမအတွင်းရှိ မီးမောင်းများအားလုံးမှာ ဗဟိုသို့စုဆုံသွားခဲ့ပြီး လျှပ်စစ် LED စခရင်ကြီးပေါ်တွင် 'ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး နှီးနှောဖလှယ်ပွဲ စီမံကိန်းတင်ဒါအစည်းအဝေးပွဲ' ဟူသောစာလုံးကြီးများ ပေါ်ပေါက်လာခဲ့သည်။ အခမ်းအနားမှူးသည် စင်မြင့်ထက်သို့လှမ်းတက်သွားပြီး အစည်းအဝေးပွဲကြီးစတင်ပြီဖြစ်ကြောင်း တရားဝင်ကြေညာလိုက်တော့၏။ အခမ်းအနားမှူးသည် ထိုတင်ဒါခေါ်ယူမှုဖြစ်စဉ်၏ နောက်ခံသမိုင်းကြောင်းနှင့် အရေးပါပုံများကို အရင်ဆုံး ရှင်းလင်းမိတ်ဆက်ပေးခဲ့ပြီးနောက် တင်ဒါခေါ်ယူသည့် အဖွဲ့အစည်းမှ ကိုယ်စားလှယ်တစ်ဦးကို စင်မြင့်ထက်သို့ တက်ရောက်စကားပြောရန် ဖိတ်ခေါ်လိုက်သည်။ ထိုကိုယ်စားလှယ်က စီမံကိန်းအသေးစိတ်၊ တင်ဒါစည်းကမ်းချက်များနှင့် အကဲဖြတ်မှု စံနှုန်းများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်တွင်မူ တင်ဒါပြိုင်ပွဲဝင်ကုမ္ပဏီများ၏ ရှင်းလင်းတင်ပြမှု အစီအစဉ်ရောက်ရှိလာခဲ့ရာ ကုမ္ပဏီတစ်ခုချင်းစီမှ ကိုယ်စားလှယ်များသည် စင်ထက်သို့ အလှည့်ကျတက်ရောက်ကာ မိမိတို့အစီအစဉ်များနှင့် အားသာချက်များကို ရှင်းလင်းတင်ပြကြရသည်။

ကံမကောင်းစွာဖြင့်ပင် ဟဲယဲ့တည်းခိုခန်းမှာ ပထမဆုံးအလှည့်ကျနေခဲ့ရာ ဤအချက်သည် ကောင်းမွန်သည်တော့ မဟုတ်ချေ။ ကျန်းရှန့်နန်သည် မိမိအဝတ်အစားများကို သပ်ရပ်အောင် ပြန်လည်ပြင်ဆင်လိုက်ပြီး ရှောင်ယင်းတို့အဖွဲ့နှင့် သွားရောက်တွေ့ဆုံရန် နောက်သို့လှမ်းသွားခဲ့သည်။ သူတို့အဖွဲ့သည် ဟဲယဲ့တည်းခိုခန်း၌ ထိုအစီအစဉ်များကို အကြိမ်ကြိမ်အခါခါ ဇာတ်တိုက်လေ့ကျင့်ထားခဲ့ကြပြီးဖြစ်ရာ အခုအချိန်မှာတော့ အောက်တွင် ကြည့်ရှုနေသည့် ပရိသတ်ပိုမိုများပြားလာခြင်းမျှသာ ကွဲပြားခြားနားလှပေ၏။ ကျန်းရှန့်နန်သည် အသက်ကို ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး မတ်မတ်ရပ်လျက် အောက်မှပရိသတ်ကြီးကို အနည်းငယ်ဦးညွှတ်ကာ အလေးပြုလိုက်ပြီးနောက် သူ့ရှင်းလင်းတင်ပြမှုကို စတင်လိုက်တော့သည်။ စင်မြင့်ထက်တွင် အတွေ့အကြုံရှိခဲ့ဖူးသည့်အားလျော်စွာ ကျန်းရှန့်နန်သည် လုံးဝ တုန်လှုပ်ခြောက်ခြားခြင်းမရှိချေ။ သူ၏ပြတ်သားပြီး ဆွဲဆောင်မှုရှိလှသောလေသံဖြင့် ဟဲယဲ့တည်းခိုခန်း၏ တင်ဒါအဆိုပြုချက်ကို အသေးစိတ် ရှင်းလင်းပြောကြားသွားခဲ့ရာ ဒီဇိုင်းအယူအဆများမှနေစ၍ အကောင်အထည်ဖော်မည့် အသေးစိတ် အချက်အလက်များအထိ ပါဝင်ပေသည်။

သူသည် ကဏ္ဍတိုင်းကို အသေးစိတ် စေ့စပ်စွာရှင်းလင်းပြသခဲ့ပြီး အထူးသဖြင့် ဟဲယဲ့တည်းခိုခန်းမှပေးစွမ်းထားသည့် အလွန်တရာ အပြိုင်အဆိုင်ဖြစ်စေမည့် စျေးနှုန်းကို အဓိကထား၍ မီးမောင်းထိုးပြသွားခဲ့သည်။ လုပ်ငန်းနယ်ပယ်အတွင်းတွင် ကျွမ်းကျင်ပညာရှင်များနှင့် တင်ဒါခေါ်ယူသည့်အဖွဲ့အစည်းမှ ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသော အကဲဖြတ်ဒိုင်အဖွဲ့သည် အဓိကအချက်အလက်များကို မှတ်စုစာအုပ်ထဲတွင် လိုက်လံမှတ်သားနေကြပြီး ရံဖန်ရံခါတွင်လည်း အချင်းချင်း အကြံဉာဏ်များဖလှယ်နေကြပေ၏။

နောက်ဆုံး ပြီးဆုံးသွားသည့် အခိုက်အတန့်တွင်မူ စုဟယ်သည် အောက်မှနေပြီး စိတ်အားထက်သန်စွာဖြင့် လက်ခုပ်တီး၍အားပေးလိုက်တော့သည်။ ဟဲယဲ့တည်းခိုခန်းသည် မိမိတို့ဖြေရှင်းချက်များနှင့် အားသာချက်များကို အမှားမရှိအပြည့်အဝ ပြသနိုင်ခဲ့ပြီဖြစ်ရာ ကျန်ရှိသည့်အပိုင်းမှာ ဒိုင်လူကြီးများ၏ဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်တော့သည်။

ကျန်းရှန့်နန်သည် ရှင်းလင်းတင်ပြမှုကို အောင်မြင်စွာအဆုံးသတ်ပြီး မိမိထိုင်ခုံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ သို့သော်လည်း မိမိအလှည့်ပြီးဆုံးသွားသည့်တိုင်အောင် စိတ်ကိုလျှော့ချလိုက်ခြင်း လုံးဝမရှိဘဲ သတိတရားကို ချက်ချင်းပြန်လည်စုစည်းကာ စုဟယ်နှင့်အတူ အခြားသော တင်ဒါပြိုင်ပွဲဝင်များ၏ ရှင်းလင်းတင်ပြမှုများကို အာရုံစိုက်၍ သေသေချာချာနားထောင်နေမိ၏။ ပြိုင်ပွဲဝင် ကုမ္ပဏီတိုင်းသည် မိမိတို့ကြိုးစားပြင်ဆင်ထားခဲ့သော အဆိုပြုချက်များကို တင်ပြသွားကြရာ သူတို့စွမ်းဆောင်ရည်များမှာလည်း အလားတူပင် ကျွမ်းကျင်မှုအပြည့်နှင့် ဆွဲဆောင်နိုင်စွမ်းရှိလှပေသည်။ ထိုတင်ဒါအစည်းအဝေးပွဲအထိ တက်လှမ်းလာနိုင်ခဲ့ကြသော ပြိုင်ပွဲဝင်တိုင်းတွင် မိမိတို့၏ကိုယ်ပိုင် အားသာချက်များနှင့် ထူးခြားသော ဝိသေသလက္ခဏာများ အသီးသီးရှိကြသည်ဟုဆိုရပေမည်။ အချို့သော ပြိုင်ပွဲဝင်များသည် ဝန်ဆောင်မှုအပိုင်းတွင်ထူးချွန်ကြပြီး အချို့မှာမူ ကုန်ကျစရိတ် ထိန်းချုပ်မှုအပိုင်း၌ ထူးကဲသော အရည်အချင်းကိုပြသသွားကြ၏။ သူတို့အဆိုပြုချက်များသည် အရည်အသွေးကို အပြည့်အဝအာမခံနိုင်သည့်တိုင်အောင် ပိုမိုချွေတာနိုင်သော ရွေးချယ်မှုများကို ပေးစွမ်းထားခဲ့သည်။ ကျန်းရှန့်နန်နှင့် စုဟယ်တို့သည် စူးစိုက်နားထောင်ရင်း မိမိတို့စိတ်ထဲမှ သူတို့အဆိုပြုချက်များကို အသီးသီး နှိုင်းယှဉ်နေမိကြသည်။

"အပြိုင်အဆိုင်က အရမ်းပြင်းထန်လွန်းတယ်"

စုဟယ် လေသံတိုးတိုးဖြင့်ရေရွတ်လိုက်မိသည်။ သူမသည် ဟဲယဲ့တည်းခိုခန်း၏ အမြတ်အစွန်းကို အနည်းဆုံးဖြစ်အောင်အထိ ချထားခဲ့ပြီးပြီဟု ထင်မှတ်ထားခဲ့ပါသော်လည်း ဤတင်ဒါပွဲအတွင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် အမြတ်မရလျှင်ပင်ဖြစ်စေ သို့မဟုတ် အရှုံးခံ၍ပင်ဖြစ်စေ ပါဝင်ဆင်နွှဲလိုကြသည့် ကုမ္ပဏီများရှိနေလိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့မိချေ။ ကျန်းရှန့်နန်သည်လည်း မိမိ၏မျှော်လင့်ချက်များကို စိတ်ထဲမှ နောက်တစ်ကြိမ် ထပ်မံလျှော့ချလိုက်ရသည်။ နှစ်ပေါင်းများစွာ အခြေခိုင်လာခဲ့သည့် ကြယ်ငါးပွင့်အဆင့်ရှိ ဖိလစ်နိုင်ငံတကာဟိုတယ်ပင်လျှင် သူတို့စံနှုန်းများကိုလျှော့ချကာ စျေးနှုန်းအနိမ့်ဖြင့် ကမ်းလှမ်းလာခဲ့၏။ ကြည့်ရသည်မှာ ဤတင်ဒါအစည်းအဝေးပွဲကြီးမှာ ထင်သလောက်ရိုးရှင်းလှသည်တော့ မဟုတ်ပေ။ နောက်ဆုံးစကားပြောရမည့်အလှည့်မှာ ဟိုင်ဖန်ဟိုတယ်ဖြစ်ပေသည်။ ကျားဖန်သည် စင်မြင့်ထက်သို့ ကိုယ်တိုင်ကိုယ်ကျ တက်လှမ်းသွားပြီး အောက်မှပရိသတ်ကြီးကို ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီးနောက် သူ့ရှင်းလင်းတင်ပြမှုကို စတင်လိုက်တော့သည်။

ဟိုင်ဖန်ဟိုတယ်၏ အဆိုပြုချက်သည်လည်း သူတို့၏အကြီးမားဆုံးသော အားသာချက်များကို ထင်ရှားစွာ မီးမောင်းထိုးပြထားသည်။ ကျားဖန်သည် ဟိုင်ဖန်ဟိုတယ်၏ကြယ်ခြောက်ပွင့်အဆင့်ရှိခြင်း၊ မကြာသေးမီကမှရရှိထားခဲ့သော Black Diamond အဆင့်သတ်မှတ်ချက်နှင့် ပြည်တွင်း၊ ပြည်ပဆုတံဆိပ်အမြောက်အမြားကို ထုတ်ဖော်ကာ အချိန်အတော်ကြာအောင် ကြွားဝါပြောဆိုနေခဲ့၏။ သို့သော်လည်း ဟိုင်ဖန်ဟိုတယ်မှာ သူတို့စျေးနှုန်းကိုကြေညာလိုက်သည့် အခိုက်အတန့်တွင်မူ ခန်းမကြီးအတွင်းရှိ လေထုအခြေအနေမှာ မသိမသာ ပြောင်းလဲသွားခဲ့ရသည်။ ဟိုင်ဖန်ဟိုတယ်၏စျေးနှုန်းမှာ အမြင့်မားဆုံး ဖြစ်နေခဲ့ပြီး သတ်မှတ်ဘတ်ဂျက်ထက်ပင် ကျော်လွန်နေခဲ့သောကြောင့် ဖြစ်သည်။ တင်ဒါခေါ်ယူမှုဖြစ်စဉ်အတွင်းစျေးနှုန်းသည် အမြဲတမ်း အဓိက ဆုံးဖြတ်ချက်ချရမည့် သော့ချက်တစ်ခုဖြစ်လေ့ရှိပြီး အထူးသဖြင့် ဘတ်ဂျက် ကန့်သတ်ချက်များရှိနေသည့် အချိန်မျိုးတွင် ပို၍ပင်အရေးပါလှသည်။ သို့သော်လည်း မည်သည့်အရာမျှပုံသေတွက်၍တော့မရနိုင်သေးချေ။ ပြိုင်ပွဲဝင်ကုမ္ပဏီအားလုံး၏ ရှင်းလင်းတင်ပြမှုများ ပြီးဆုံးသွားပြီးနောက်တွင် ခန်းမအတွင်းရှိ လေထုမှာ ပို၍ပင်တင်းမာအုံ့ဆိုင်းလာခဲ့ရ၏။

အခမ်းအနားမှူးမှာ အစည်းအဝေးကို အကဲဖြတ်ဒိုင်အဖွဲ့၏ တံခါးပိတ် ဆွေးနွေးပွဲအဖြစ် ဆက်လက် ဆောင်ရွက်တော့မည်ဖြစ်ကြောင်း ကြေညာလိုက်ရာ တက်ရောက်လာကြသူ အားလုံးသည် မိမိတို့အာရုံများကို တံခါးပိတ်ဆွေးနွေးခန်း၏ တံခါးဝဆီသို့သာစုစည်းထားကြရင်း နောက်ဆုံး ထွက်ပေါ်လာမည့်ရလဒ်ကို စိုးရိမ်တကြီး စောင့်ဆိုင်းနေကြတော့သည်။ အမြဲတမ်းမာနထောင်လွှားတတ်သော ပိုင်ဖေးပင်လျှင် တံခါးပိတ်ထားသဖြင့် မည်သည့်အရာကိုမျှမြင်တွေ့နိုင်မည်မဟုတ်ကြောင်းသိနေပါသော်လည်း ခြေဖျားထောက်ကာ တံခါးအက်ကွဲကြောင်းလေးမှ မသိမသာ ချောင်းမြောင်းကြည့်ရှုနေမိ၏။ ထိုအမူအရာသည် ကြည့်ရသည်မှာ အနည်းငယ် ရယ်စရာကောင်းနေခဲ့ပါသော်လည်း စုဟယ်သည် သူမကိုလုံးဝ မလှောင်ပြောင်မိချေ။ သူမ ကိုယ်တိုင်၏ လက်ဖဝါးများတွင်လည်း ချွေးစေးများပြည့်နှက်နေခဲ့ရာ ဤကဲ့သို့ အချိန်မျိုးတွင် မည်သူကများ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။

ခြေသံနှင့်အတူ ဒိုင်လူကြီးများသည် မိမိတို့ထိုင်ခုံဆီသို့ ပြန်လည်ရောက်ရှိလာကြသည်။ အချို့မှာ စိတ်အေးလက်အေးရှိနေပုံရပါသော်လည်း အချို့မှာမူ မျက်မှောင်ကြုတ်လျက် ဇဝေဇဝါဖြစ်နေသော အမူအရာများရှိနေကြ၏။ ကျွမ်းကျင်ပညာရှင်လု၏ မျက်မှန်နောက်မှ မျက်လုံးများမှာမူ ထူးခြားစွာဖြင့် စူးရှတောက်ပနေခဲ့သည်။ သူသည် မိမိမှတ်စုစာအုပ်ကို လှန်လှောကြည့်ရှုရင်း အဆိုပြုချက်အမျိုးမျိုးကို ပြန်လည်တွေးတောနေပုံရကာ အနည်းငယ် စိုးရိမ်ပူပန်နေခဲ့သည်။ အခမ်းအနားမှူး၏လေသံသည် ခန်းမကြီးအတွင်းရှိ မိုက်ခရိုဖုန်းမှတစ်ဆင့် ပြတ်သားပြီး ခိုင်မာစွာဖြင့် ဟိန်းထွက်လာခဲ့သည်။

"လေးစားအပ်ပါသော လူကြီးမင်းတို့ခင်ဗျာ၊ ယနေ့ တင်ဒါအစည်းအဝေးပွဲကို တက်ရောက်ပေးကြတဲ့အတွက် အထူးပင် ကျေးဇူးတင်ရှိပါတယ်၊ ကျွန်တော်တို့ဘက်က သေချာပေါက် စေ့စပ်စွာစစ်ဆေးပြီး ဘက်‌ပေါင်းစုံကနေ ဘက်မလိုက်ဘဲ စဉ်းစားသုံးသပ်ပြီးတဲ့နောက်မှာတော့ ယခု စီမံကိန်းရဲ့ တင်ဒါအောင်မြင်သွားတဲ့ ဟိုတယ်ကို ဝမ်းမြောက်စွာဖြင့် ကြေညာပေးလိုက်ပါတယ်၊ အဲဒီဟိုတယ်ကတော့....."

ခန်းမကြီးတစ်ခုလုံးသည် ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရပြီး ထိုအခိုက်အတန့်တွင် လူတိုင်း၏အသက်ရှူသံများပင် ရပ်တန့်သွားခဲ့သကဲ့သို့ ခံစားရစေသည်။ စုဟယ်နှင့် ကျန်းရှန့်နန်တို့သည် တစ်ယောက်လက်ကိုတစ်ယောက် တင်းကျပ်စွာ ဆုပ်ကိုင်ထားမိကြ၏။

"ဟိုင်ဖန်ဟိုတယ်ဖြစ်ပါတယ်"

အခမ်းအနားမှူး၏အသံထပ်မံထွက်ပေါ်လာခဲ့သည်။ ခန်းမကြီးတစ်ခုလုံးသည် ခဏတာမျှမှင်သက်အံ့ဩသွားခဲ့ရပြီးနောက်တွင်မှ လက်ခုပ်သံများ ထွက်ပေါ်လာခဲ့ကာ လူတိုင်း၏မျက်လုံးများမှာ ကျားဖန်ဆီသို့ စုပြုံကျရောက်သွားခဲ့တော့၏။ စုဟယ်မျက်နှာအမူအရာမှာ ခဏမျှဆွံ့အမှင်သက်သွားခဲ့ရသည်။ သူမသည် ဟဲယဲ့တည်းခိုခန်းအနေဖြင့် တင်ဒါမအောင်မြင်နိုင်ခဲ့ပါက ရင်ဆိုင်နိုင်ရန်အတွက် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားခဲ့သည်မှာ အမှန်ပင်ဖြစ်သော်လည်း အောင်မြင်သွားသည့်ဟိုတယ်မှာ ဟိုင်ဖန်ဟိုတယ်ဖြစ်နေလိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့မိချေ။ ဟိုင်ဖန်ဟိုတယ်၏ စျေးနှုန်းမှာ တကယ့်ကို ယုတ္တိမရှိအောင်မြင့်မားလွန်းလှသည်။ ဤနှီးနှောဖလှယ်ပွဲကြီး၏ဘတ်ဂျက်မှာ အလွန်တရာ ကျဉ်းမြောင်းကျပ်တည်းလှသည် မဟုတ်ပါလား။ အဘယ်ကြောင့် သူတို့မှာ ဘတ်ဂျက်ထက်ကျော်လွန်နေသည့် ဟိုတယ်မျိုးကိုမှ ရွေးချယ်ခဲ့ကြရသနည်း။

ပတ်ဝန်းကျင်မှ လူအများ၏စိုက်ကြည့်နေကြသောမျက်လုံးများကို ဂရုမစိုက်ဘဲ ကျားဖန်သည် စင်မြင့်ထက်သို့ အောင်နိုင်သူတစ်ဦးကဲ့သို့ လှမ်းတက်သွားခဲ့ပြီး အခမ်းအနားမှူးထံမှ တင်ဒါအောင်မြင်ကြောင်း သက်သေခံလက်မှတ်ကို လှမ်းယူလိုက်သည်။ ထိုအခိုက်အတန့်တွင် သူသည် တစ်ခါဖူးမျှမခံစားခဲ့ဖူးသော အောင်မြင်မှု အရှိန်အဝါကို ပြည့်အဝခံစားလိုက်ရတော့၏။ သူသည် အောက်မှပရိသတ်ကြီးကိုငုံ့ကြည့်လိုက်ရာ ဇဝေဇဝါဖြစ်နေသော စုဟယ်နှင့် မျက်နှာတစ်ခုလုံး အေးစက်ခက်ထန်နေသည့် ပိုင်ဖေးတို့ကို မြင်တွေ့လိုက်ရသည်။ တွေ့ကြပြီမဟုတ်လား။ သူ ကိုယ်တိုင်ပြောခဲ့ဖူးသည့်အတိုင်း ဤလူ့လောကကြီးထဲတွင် စည်းမျဉ်းစည်းကမ်းတွေသာ အရေးအကြီးဆုံးဖြစ်ပေသည်။ အမျိုးသမီးတွေဆိုတာ နောက်ဆုံးတော့ ဒီစည်းမျဉ်း‌များအောက်မှ ဒုတိယတန်းစားသက်သက်မျှသာဖြစ်၏။ သူတို့အားလုံး ဘာဖြစ်လို့ အထက်တန်းဆန်ချင်ယောင်ဆောင်နေကြတာလဲ။ ကျားဖန်သည် မိုက်ခရိုဖုန်းရှေ့တွင် မတ်မတ်ရပ်လိုက်ပြီး ပြောလိုက်တော့သည်။

"လေးစားအပ်ပါသော ဒိုင်လူကြီးမင်းများနှင့် ဧည့်သည်တော်များခင်ဗျာ၊ အခုစီမံကိန်းမှာ လူကြီးမင်းတို့ရဲ့ ယုံကြည်မှုနဲ့ ပံ့ပိုးကူညီမှုတွေကိုရရှိခဲ့တဲ့အတွက် ကျွန်တော့်အနေနဲ့ အထူးဂုဏ်ယူဝမ်းမြောက်မိပါတယ်၊ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့အဖွဲ့သားတွေက လူကြီးမင်းတို့ရဲ့မျှော်လင့်ချက်တွေကို အလဟဿမဖြစ်စေဘဲ မိမိတို့ရဲ့စွမ်းဆောင်ရည်ရှိသမျှ အကောင်းဆုံး ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်”

All Chapters