← Chapters

အခန်း (၁၀၃၃-၁၀၃၄)

Vol. 104 Ch. 1033-1034

အခန်း (၁၀၃၃-၁၀၃၄)

Vol. 104 Ch. 1033-1034

အခန်း (၁၀၃၃) အလှပဂေး၏ ရင်ခုန်သံ

တူကျွမ်၏ မျက်နှာတစ်ခုလုံး ဖြူဖျော့နေပြီး မျက်ဝန်းအစုံတွင်မူ အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ဆရာရန်ကဲ့သို့ အစွမ်းထက်လှသော လေ့ကျင့်သူကျင့်ကြံသူတစ်ဦးမှာ ဤမျှအထိ ငယ်ရွယ်သော လူငယ်လေး၏ လက်ချက်ဖြင့် လက်ကွက်အနည်းငယ်အတွင်းမှာတင် မှောက်သွားလိမ့်မည်ဟု သူမ လုံးဝထင်မှတ်မထားခဲ့ချေ။

လီယန်ချူသည် တူကျွမ်၏ အရှေ့မှောက်သို့ လျှောက်လှမ်းလာခဲ့သည်။

ယခုအချိန်တွင် တူကျွမ်၏ မျက်ဝန်းအစုံမှာ ဝေဝါးစပြုနေပြီဖြစ်ကာ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်လမ်းကြောင်းများမှာလည်း မီးခိုးဖြင့် ရှို့နေသကဲ့သို့၊ ဓားဖြင့် မွှန်းနေသကဲ့သို့ ပြင်းထန်စွာ နာကျင်ဝေဒနာ ခံစားနေရပေသည်။ သူမသည် ရင်ခွင်အတွင်းမှ ဒဏ်ရာကုသဆေးအချို့ကို ထုတ်ယူ၍ သောက်သုံးလိုက်သော်လည်း ဒဏ်ရာများ သက်သာလာခြင်းမရှိချေ။

လီယန်ချူသည် သူမ၏ အရှေ့သို့ ရောက်ရှိလာပြီး ရင်ခွင်အတွင်းမှ ကြွေပုလင်းငယ်တစ်ခုကို ထုတ်ယူကာ ဆို့ကို 'ဗျစ်' ခနဲ ဖွင့်လှစ်လိုက်သည်။ ချက်ချင်းပင် စူးရှထက်မြက်လှသော ဆေးရနံ့တစ်ခုမှာ ဘေးပတ်ပတ်လည်သို့ ပျံ့လွင့်သွားခဲ့ပြီး လူကို စိတ်ကြည်လင်လန်းဆန်းသွားစေသည်။

"တစ်ယောက်ယောက်ကတော့ ဒါကို ရှောင်ဟွာဒန် လို့ ခေါ်တယ်၊ ဒဏ်ရာကုသတဲ့နေရာမှာ အစွမ်းထက်တဲ့ ရတနာဆေးတစ်မျိုးပဲ၊ နင် စမ်းကြည့်လို့ရတယ်"

သူ၏ ပါးစပ်ဖျားမှ ပြောဆိုလိုက်သော လူမှာ သီဇီယူပင် ဖြစ်ပေသည်။ ဖုန်းလင်တောင်သည် ဓားပျံပညာရပ်ဖြင့် ကျော်ကြားလှသော်လည်း နောက်ပိုင်းတွင် ထူးဆန်းလှသော ဘိုးဘေးတစ်ဦး ထွက်ပေါ်လာခဲ့ပြီး ဓားပျံပညာရပ်တွင် သာမန်မျှသာရှိသော်လည်း ဆေးဖော်စပ်သည့်နေရာတွင်မူ အလွန်ပင် ထက်မြက်လှပေသည်။ ဤဒဏ်ရာကုသဆေး 'ရှောင်ဟွာဒန်' မှာ တူကျွမ်၏ ကိုယ်ပေါ်ရှိ ဆေးများထက် အဆပေါင်းများစွာ ပိုမို၍ ကောင်းမွန်လှပေသည်။

တူကျွမ်က လှမ်း၍ ယူလိုက်ပြီး -

"ကျေးဇူးတင်ပါတယ်"

ရှောင်ဟွာဒန် သုံးလုံးကို သောက်သုံးပြီးနောက် တူကျွမ်၏ မျက်နှာပြင်မှာ မျက်စိရှေ့မှောက်တင် ဖြူဖျော့ရာမှ နီမြန်းသော အရောင်သို့ ပြောင်းလဲသွားခဲ့သည်။ ရှေးယခင်က ပြင်းထန်လှသော ဒဏ်ရာများမှာ အတင်းအကျပ် ဖိနှိပ်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။

"ဒီဆေးက ကြည့်ရတာ အဆင်ပြေသားပဲ"

လီယန်ချူက တည်ငြိမ်စွာဖြင့် ဆိုလိုက်သည်။

တကယ်လို့ ဤစကားကို သီဇီယူသာ ကြားရလျှင် ရင်ကျိုးမတတ် ခံစားရပေလိမ့်မည်။ ရှောင်ဟွာဒန်မှာ ဖုန်းလင်တောင်၏ ဒဏ်ရာကုသရာတွင် အဖိုးတန်လှသော ရတနာဆေးတစ်မျိုးဖြစ်ပြီး သူ၏ ကိုယ်ပေါ်တွင် ငါးလုံးသာ ရှိခဲ့ခြင်း ဖြစ်သည်။ ထွက်လာသည်နှင့် လုယက်ခြင်း ခံလိုက်ရသည့်အပြင် ရရှိလိုက်သော မှတ်ချက်မှာလည်း 'အဆင်ပြေရုံမျှသာ' ဖြစ်နေခဲ့သည်။

တူကျွမ်၏ ဒဏ်ရာများမှာ အနည်းငယ် ပြန်လည်သက်သာလာခဲ့ပြီဖြစ်သော်လည်း အရှိန်အဝါများမှာမူ အားနည်းနေဆဲ ဖြစ်သည်။ မကြာသေးမီက မီးခိုးရောင်ဝတ်စုံနှင့် သက်ကြီးရွယ်အို၏ လက်ဝါးချက်ကြောင့် သူမ၏ စွမ်းအင်လမ်းကြောင်းများမှာ ကြေမွလုနီးပါး ဖြစ်သွားခဲ့ရသည်။

ယခုအချိန်တွင် ကျောပြင်ရှိ ကျောက်ဆစ်နေရာများမှာ အကုန်လုံးနီးပါး ကြေမွသွားခဲ့ရသဖြင့် ကျင့်ကြံခြင်းစွမ်းအားများ ပျက်စီးသွားခဲ့ရသည်။ အထူးသဖြင့် ရှေးယခင်က နိုင်ငံတော်ဆရာ ပစ်လွှတ်လိုက်သော ရေစက်ကြောင့် တူကျွမ်သည် မိမိကိုယ်ကိုယ် ကံဆိုးခြင်းများ လွှမ်းခြုံထားသကဲ့သို့ ခံစားနေရပြီး အရှိန်အဝါများ အားနည်းကာ နဖူးပြင်မှာလည်း ပူပြင်းလာခဲ့ရသည်။

လီယန်ချူက လက်ဖြင့် စမ်းသပ်ကြည့်လိုက်ပြီးနောက် မျက်ခုံးကို ပင့်လိုက်မိသည်။

"ဖျားနေတာလား"

သူသည် ဆေးပညာရပ်ကို အနည်းငယ်မျှသာ နားလည်သော်လည်း နောက်ပိုင်းတွင် ဤလမ်းစဉ်ကို အထူးတလည် လေ့ကျင့်ထားခြင်းမရှိချေ။ သူ၏ ကျင့်ကြံခြင်းစွမ်းအားဖြင့်ဆိုလျှင် သာမန်အားဖြင့် ဝိညာဥ်စွမ်းအင်တစ်ခုကို ပို့လွှတ်လိုက်ရုံဖြင့် မည်သည့်ရောဂါမျိုးမဆို ကောင်းမွန်သွားနိုင်ပေသည်။

ဒါတင်မကသေးဘဲ သူ၏ ကိုယ်ပေါ်တွင် အဖိုးတန်လှသော ဆေးရတနာများစွာ ရှိနေခဲ့ပြီး နတ်ဘုရားဆေးပင်နှစ်ပင်နှင့် များပြားလှသော ကောင်းကင်နှင့်မြေပြင် ရတနာများကို သောက်သုံးထားခဲ့ဖူးသဖြင့် ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ်တည်ဆောက်ပုံမှာ အလွန်ပင် ထူးခြားလှပေသည်။ သာမန်အဆိပ်အတောက် သို့မဟုတ် မိစ္ဆာအဆိပ်များမှာ သူ့အတွက် လုံးဝ အာနိသင်မရှိဘဲ ကျင့်ကြံခြင်းစွမ်းအားအတွင်း၌ပင် အဆိပ်ဖြေစွမ်းရည်များ ပါရှိနေခဲ့သည်။

သို့သော်လည်း ယခုအချိန်တွင် ဤကောင်းကင်နှင့်မြေပြင်၏ ပြင်းထန်စွာ ဖိနှိပ်ခြင်းကို ခံထားရသဖြင့် ထုတ်ဖော်၍မရချေ။

တူကျွမ်က လေးနက်သောအသံဖြင့် -

"ကျွန်မ နိုင်ငံတော်ဆရာရဲ့ လက်ချက်ကြောင့် ဒဏ်ရာရသွားတာပါ၊ တိုတောင်းတဲ့ အချိန်အတွင်းမှာတော့ အသက်အန္တရာယ်မရှိနိုင်ပါဘူး၊ ကယ်တင်ပေးခဲ့တဲ့အတွက် တာအိုဆရာကြီးကို ကျေးဇူးတင်ပါတယ်"

လီယန်ချူက ခေါင်းကို ခါယမ်းလိုက်ပြီး -

"ကိစ္စမရှိပါဘူး၊ ကိစ္စအသေးအမွှားလေးပါပဲ"

သူ့အတွက်မူ တကယ့်ကိုပဲ ကိစ္စအသေးအမွှားလေး ဖြစ်ပေသည်။ သူသည် မီးခိုးရောင်ဝတ်စုံနှင့် သက်ကြီးရွယ်အို၏ အရှေ့သို့ လျှောက်လှမ်းသွားခဲ့ပြီး တစ်ဖက်လူ၏ ကိုယ်ပေါ်ရှိ ပစ္စည်းများကို အကုန်အစင် ရှာဖွေထုတ်ယူလိုက်သည်။ အဆောင်မန္တန် ခုနစ်ပြား ရှစ်ပြားခန့် ရှိနေခဲ့ပြီး သွေးကဲ့သို့ ရဲရဲနီနေသော ကျောက်စိမ်းရတနာတစ်ခုလည်း ရှိနေခဲ့သည်။

သူသည် လူသတ်ခြင်းမပြုခဲ့သော်လည်း မကြာသေးမီက တိုက်ခိုက်မှုမှာ ပြင်းထန်လှသဖြင့် သက်ကြီးရွယ်အိုမှာ တိုတောင်းသော အချိန်အတွင်း၌ နိုးထလာနိုင်ခြင်းမရှိချေ။ ထို့နောက်တွင် သူသည် သက်လတ်ပိုင်းအမျိုးသား၏ အရှေ့သို့ ရောက်ရှိလာခဲ့ပြီး ကိုယ်ပေါ်ရှိ ပစ္စည်းများကို ရှာဖွေထုတ်ယူလိုက်ပြန်သည်။ တစ်ဖက်လူ၏ ကိုယ်ပေါ်တွင် နှစ်ပေခန့်သာ ရှည်လျားပြီး ခါးနောက်တွင် ညှပ်ထားသော ဓားမြှောင်လှံတိုတစ်လက်သာ ရှိနေခဲ့သည်။

"လှံတိုတစ်လက်ပဲ ရှိတာလား"

လီယန်ချူက ခေါင်းကို ခါယမ်းလိုက်သော်လည်း လက်ကို ဝှေ့ယမ်းလျက် ပစ္စည်းများကို သိမ်းဆည်းလိုက်သည်။ ဤကောင်းကင်နှင့်မြေပြင်ထံသို့ ရောက်ရှိလာခြင်းမှာ သူ့အတွက်မူ အလွန်ပင် ဆန်းပြားလှသော ခံစားချက်တစ်ခု ဖြစ်ပေသည်။ ကိုယ်ပေါ်ရှိ နတ်ဘုရားတန်ခိုးပညာရပ်များအားလုံး ဖိနှိပ်ခြင်း ခံထားရသဖြင့် သူသည် ဤနေရာမှ ဒေသခံများ၏ ရတနာများကို လိုက်လံသိမ်းဆည်းနေခြင်း ဖြစ်ပေသည်။ ရှေးယခင်က သီဇီယူ၏ ကိုယ်ပေါ်ရှိ ပစ္စည်းများအားလုံးမှာလည်း သူ၏ သိမ်းဆည်းခြင်းကို ခံလိုက်ရပြီး ဖြစ်သည်။

တူကျွမ်က ဘေးတစ်ဖက်မှ ရှင်းပြလိုက်သည်။

"ဒါကို ဝိညာဥ်စုပ်လှံ လို့ ခေါ်တယ်၊ ဝိညာဥ်ကို သီးသန့် ဒဏ်ရာရစေနိုင်တာ၊ တကယ်လို့ တစ်ဖက်လူကို ထိမှန်သွားခဲ့မယ်ဆိုရင် ဝိညာဥ်က ချက်ချင်းပဲ ပျက်စီးသွားလိမ့်မယ်"

လီယန်ချူက ခေါင်းကို ညိတ်လိုက်ပြီး မည်သည့်အံ့ဩတုန်လှုပ်မှုမျိုးမျှ မရှိဘဲ တစ်ဖက်လူ၏ လှံတိုမှာ အလွန်ပင် တိုတောင်းလှသည်ဟုသာ စိတ်ထဲ၌ တွေးတောနေခဲ့သည်။

"ဒီလူ့ကိုယ်ပေါ်မှာ ဒီလိုရတနာမျိုးရှိနေတာကို အသုံးမပြုခဲ့ဘူးဆိုတော့... မကြာခင်က နင့်အပေါ်မှာ ထူးဆန်းတဲ့ ရည်ရွယ်ချက်အချို့ ရှိနေပုံရတယ်"

လီယန်ချူက ဆိုလိုက်သည်။

တူကျွမ်၏ မျက်နှာပြင်မှာ ရဲခနဲ ဖြစ်သွားခဲ့ရသည်။ မကြာသေးမီက သက်လတ်ပိုင်းအမျိုးသား၏ အကြည့်များမှာ တကယ့်ကိုပဲ အလွန် ထူးဆန်းလှပေသည်။

ကျွေ့ဟွာက အစိမ်းရောင် အလင်းတန်းကြိုးကို ကိုက်ချီ၍ လီယန်ချူထံသို့ ပစ်ပေးလိုက်ရာ လီယန်ချူက လက်လှမ်း၍ ဖမ်းယူလိုက်ပြီး လက်ထဲတွင် ကိုင်စွဲလျက်

"သွားကြစို့၊ အရင်ဆုံး ဒီနေရာကနေ ထွက်သွားကြမယ်"

တူကျွမ်ကမူ အနည်းငယ်မျှ စူးစမ်းလိုစိတ် ဖြစ်ပေါ်နေခဲ့သည်။ ဤလူငယ်တာအိုဆရာ၏ လှုပ်ရှားမှုများမှာ အလွန်ပင် ထက်မြက်လှပြီး ကျင့်ကြံခြင်း မန္တန်ပညာရပ်များကို နားလည်ပုံမရချေ။ သို့သော်လည်း အရှိန်အဝါမှာမူ အလွန်ပင် ထူးခြားလှပြီး ဤကဲ့သို့သော အရှိန်အဝါမျိုးကို သူမ တစ်သက်တွင် တစ်ခါမျှ မမြင်ဖူးချေ။ လူကို ဒဏ်ရာသာ ရစေပြီး အသက်မသတ်ဘဲ တစ်ဖက်လူ၏ ကိုယ်ပေါ်ရှိ ပစ္စည်းများကိုမူ အကုန်အစင် လုယက်သွားခဲ့ခြင်း ဖြစ်ပေသည်။

လီယန်ချူက တူကျွမ်အား တစ်ချက် ကြည့်လိုက်ပြီးနောက် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး -

"ဒါနဲ့... ငါ ဒီနေရာမှာ လူတွေကို စိတ်ကြိုက်သတ်လို့မရဘူး၊ ဒီလူနှစ်ယောက်ကိုတော့ နင်ပဲ သဘောအတိုင်း လုပ်လိုက်တော့"

ကျွေ့ဟွာ၏ ပါးစပ်ဖျားမှတစ်ဆင့် ဤလူနှစ်ဦး၏ စိတ်နေစိတ်ထားမှာ သာမန်ညံ့ဖျင်းခြင်းမဟုတ်ဘဲ အလွန်ပင် ယုတ်မာကောက်ကျစ်ကြောင်း သူ သိရှိပြီးဖြစ်သည်။ ဤကောင်းကင်နှင့်မြေပြင်ထံသို့ ဝင်ရောက်လာပြီးနောက်တွင် မရေမရာလှသော ထူးဆန်းသည့် ဖိနှိပ်မှုတစ်ခုကို သူ အာရုံခံမိနေခဲ့သဖြင့် အမြဲတမ်း လက်မလွန်ခဲ့ခြင်း ဖြစ်ပေသည်။ သို့သော်လည်း တူကျွမ်ကိုယ်တိုင် တိုက်ရိုက်တိုက်ခိုက်ခြင်းကိုမူ တားဆီးရန် အကြောင်းမရှိချေ။

တူကျွမ်မှာ ခေတ္တမျှ ကြောင်အသွားခဲ့ရသည်။ အစကမူ ဤလူငယ်တာအိုဆရာတွင် ထူးဆန်းလှသော စည်းကမ်းချက်အချို့ ရှိနေသည်ဟု ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။ ထင်မှတ်မထားဘဲ ယခုအချိန်တွင် မိမိအား တိုက်ရိုက်မေးမြန်းလာခဲ့ခြင်း ဖြစ်ပေသည်။

သူမ နေရာတွင်တင် ရပ်တန့်နေသည်ကို မြင်လျှင် လီယန်ချူက စူးစမ်းလိုစိတ်ဖြင့် -

"သူတို့က နင့်ကို သတ်ချင်တာလေ၊ နင်လည်း သူတို့ကို ပြန်သတ်လိုက်ပေါ့၊ တကယ်လို့ မသတ်ချင်ဘူးဆိုရင်လည်း သွားကြမယ်၊ ဘာဖြစ်လို့ ဒီမှာ ကြောင်ပြီး ရပ်နေတာလဲ"

တူကျွမ်၏ မျက်ဝန်းအစုံမှာ လင်းလက်သွားခဲ့ပြီး -

"တာအိုဆရာကြီး ပြောတာ အဓိပ္ပာယ်ရှိပါတယ်"

ယခုအချိန်တွင် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ဒဏ်ရာများမှာ ပြန်လည်ကောင်းမွန်လာခြင်းမရှိသေးသော်လည်း အားအနည်းငယ်ကို အတင်းအကျပ် မြှင့်တင်လိုက်သည်။ လက်ထဲတွင် ဝိညာဥ်စုပ်လှံကို ကိုင်စွဲလျက် ထိုလူနှစ်ဦး၏ အရှေ့သို့ လျှောက်လှမ်းသွားခဲ့ရာ တူကျွမ်၏ မျက်ဝန်းအစုံမှာ ပြတ်သားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

"မိတ်ဆွေ ကို ရောင်းစားပြီး စည်းစိမ်ရှာတယ်၊ မိန်းမနဲ့ ကလေးအသတ်ခံရတဲ့ ရန်ငြိုးကိုတောင် မေ့ပစ်နိုင်တယ်၊ နင်က ငါ့ကို သတ်ချင်မှတော့... ငါ အခု နင့်ကို သတ်တာကိုလည်း အပြစ်မတင်နဲ့တော့"

တူကျွမ်က လက်ကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ပြီး သက်လတ်ပိုင်းအမျိုးသားအား တိုက်ရိုက် ထိုးသတ်လိုက်တော့သည်။ ဝိညာဥ်စုပ်လှံမှာ ဝိညာဥ်ကို ဒဏ်ရာရစေနိုင်စွမ်း ရှိသည့်အပြင် ကိုယ်ထည်မှာလည်း အလွန်ပင် ထက်မြက်လှပေသည်။ လှံတစ်ချက်က သက်လတ်ပိုင်းအမျိုးသား၏ လည်ပင်းထံသို့ စိုက်ဝင်သွားခဲ့ပြီး ထိုအမျိုးသားမှာ ချက်ချင်းပင် အသက်ပျောက်သွားခဲ့ရတော့သည်။

ထို့နောက်တွင် တူကျွမ်သည် မီးခိုးရောင်ဝတ်စုံနှင့် သက်ကြီးရွယ်အို၏ အရှေ့သို့ ရောက်ရှိလာခဲ့ရာ မျက်ဝန်းအစုံမှာ ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ဤသက်ကြီးရွယ်အိုမှာ ရှေးယခင်က မိမိအပေါ်တွင် ကောင်းမွန်ခဲ့ဖူးသော်လည်း ယခုအချိန်မှသာ သူ၏ စိတ်နေစိတ်ထားအမှန်ကို သိရှိလိုက်ရခြင်း ဖြစ်ပေသည်။ သူမသည် လက်ကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ပြီး သက်ကြီးရွယ်အိုကိုလည်း လှံဖြင့် တိုက်ရိုက် ထိုးသတ်လိုက်တော့သည်။

ဝိညာဥ်စုပ်လှံထက်မှ သွေးစက်များ စီးကျနေခဲ့ပြီး တူကျွမ်၏ မျက်ဝန်းအစုံအတွင်းရှိ အရိပ်အယောင်များ ပြောင်းလဲသွားခဲ့ကာ ပိုမို၍ ရင့်ကျက်လာခဲ့ပုံရသည်။

"တာအိုဆရာကြီးက ကျွန်မကို အခွင့်ကောင်းယူပြီး လူသတ်တယ်လို့ မထင်ဘူးမလား"

လီယန်ချူက ဤစကားကို ကြားလျှင် ခေတ္တမျှ ကြောင်အသွားခဲ့ပြီး သူမအား ထူးဆန်းစွာ စိုက်ကြည့်လျက် -

"ဘာဖြစ်လို့ ဒီလိုပြောတာလဲ"

ထိုကောင်းကင်နှင့်မြေပြင်ရှိ လေ့ကျင့်သူကျင့်ကြံသူများမှာ စိတ်နေစိတ်ထားကို အလွန်ပင် အလေးထားကြပြီး တပည့်များကို စမ်းသပ်သည့်အခါတွင်လည်း ကိစ္စရပ်များကို တိုက်ရိုက်ပြောဆိုခြင်းမရှိဘဲ အမြဲတမ်း မရေမရာဖြစ်အောင် ပြုလုပ်၍ ခန့်မှန်းခိုင်းတတ်ကြပေသည်။ ထို့ကြောင့် မကြာသေးမီက တူကျွမ်သည် ဤလူငယ်တာအိုဆရာမှာ မိမိ၏ စိတ်နေစိတ်ထားကို စမ်းသပ်နေခြင်းလောဟု သံသယဝင်မိခြင်း ဖြစ်သည်။ သို့သော်လည်း ဤစကားကို သူမ ထုတ်ဖော်ပြောဆို၍မရသဖြင့် နှုတ်ခမ်းကို တင်းတင်းစေ့လျက် ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ရသည်။

လီယန်ချူက လက်ကို ဝှေ့ယမ်းလိုက်ပြီး ဂရုမစိုက်စွာဖြင့် -

"ရန်ငြိုးရှိရင် ကလဲ့စားချေရမှာပဲ၊ အများကြီး ရှင်းပြနေစရာမလိုသလို အများကြီးလည်း တွေးမနေနဲ့"

သူသည် အလွန်ပင် တည်ငြိမ်လှပေသည်။

ကျွေ့ဟွာက ခပ်ဖွဖွလေး ခုန်ပျံလိုက်ပြီး လီယန်ချူ၏ ပုခုံးထက်သို့ ရောက်ရှိလာခဲ့ကာ ခေါင်းကို လှည့်၍ ထိုလူငယ်အမျိုးသမီးအား ခပ်အေးအေးဖြင့် လှောင်ပြောင်လိုက်သည်။

"စိတ်နေစိတ်ထားကလည်း မပြတ်သားဘူး၊ စိတ်ကလည်း မခိုင်မာဘူး၊ စည်းကမ်းချက်တွေကတော့ များလိုက်တာ၊ သနားစရာကောင်းလိုက်တာ"

တူကျွမ်၏ မျက်နှာပြင်မှာ ရဲခနဲ ဖြစ်သွားခဲ့ပြီး အံ့ဩတုန်လှုပ်စွာဖြင့် ကျွေ့ဟွာအား တစ်ချက် ကြည့်လိုက်ပြီးနောက် ခေါင်းကို ငုံ့ချလိုက်မိသည်။ ထို့နောက်တွင် သူမသည် အရှေ့သို့ လျှောက်လှမ်းလာခဲ့ပြီး ဤဝိညာဥ်စုပ်လှံကို လီယန်ချူထံသို့ ပြန်လည်အပ်နှံရန် ပြုလုပ်လိုက်သည်။

သို့သော်လည်း လီယန်ချူက ခေါင်းကို ခါယမ်းလိုက်ပြီး

"နင့်အတွက် ကာကွယ်ဖို့ သိမ်းထားလိုက်ပါ"

သူသည် အလောင်းများထံမှ ပစ္စည်းများကို ရှာဖွေရသည်ကို အလေ့အထဖြစ်နေခြင်းသာ ဖြစ်ပေသည်။ ယခုအချိန်တွင် သူ၌ မန္တန်စွမ်းအားများမရှိသဖြင့် ဤရတနာကို ရရှိလျှင်ပင် ထုတ်ဖော်၍ရနိုင်မည်မဟုတ်ချေ။ သို့သော်လည်း သူ၏ ဤလှုပ်ရှားမှုမှာ တူကျွမ်၏ မျက်ဝန်းထဲတွင်မူ ပိုမို၍ ဆန်းကြားနက်နဲကာ ခန့်မှန်းရခက်ခဲလှပေသည်။

၎င်းတို့သည် တိတ်ဆိတ်လှသော လမ်းကြားတစ်ခုထံသို့ ရောက်ရှိလာခဲ့ကြပြီး တူကျွမ်က ခြေတင်ပလ္လင်ခွေထိုင်လျက် တရားထိုင်လိုက်သည်။ သူမသည်လည်း လေ့ကျင့်သူကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။ ဤကမ္ဘာလောက၏ အဆင့်အတန်း သတ်မှတ်ချက်များအရဆိုလျှင် ထိုင်ကွမ်း ၊ တိန်ယွမ်၊ နင်ဒန် ၊ ရုရွှီ ၊ ကွေဝူ ဟူ၍ ရှိရာ တူကျွမ်မှာ တိန်ယွမ်အဆင့်ရှိ လေ့ကျင့်သူကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။ ယခုအချိန်တွင် ခြေတင်ပလ္လင်ခွေထိုင်လျက် တရားထိုင်နေခဲ့ပြီး ဖြူဖွေးသောအလင်းတန်းနှစ်ခုမှာ သူမ၏ နှာခေါင်းအတွင်းသို့ စီးဝင်သွားခဲ့သည်။

..................

လီယန်ချူသည် လေ့ကျင့်သူကျင့်ကြံသူ သီဇီယူ၏ ပါးစပ်ဖျားမှတစ်ဆင့် ဤကျင့်ကြံခြင်းအဆင့်အတန်းများကို သိရှိပြီးနောက်တွင် အနည်းငယ်မျှ ခေါင်းကိုက်သွားခဲ့ရသည်။ ထိုရီယွီနိုင်ငံတော်ဆရာမှာ ရုရွှီ အဆင့်ရှိ လေ့ကျင့်သူကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း ကြားသိရပြီး အချို့သော လူများကမူ သူသည် ကွေဝူ အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ နတ်ဘုရားများ၏ အောက်တွင် အစွမ်းထက်ဆုံးသော တည်ရှိမှုတစ်ခု ဖြစ်နေခဲ့ပြီဟု ပြောဆိုကြပေသည်။

..................

တူကျွမ်သည် စိတ်နှလုံးမန္တန်ကို ထုတ်ဖော်လျက် ဒဏ်ရာများကို ကုသနေခဲ့ပြီး ဖုန်းလင်တောင်၏ ဒဏ်ရာကုသဆေး ရှောင်ဟွာဒန်၏ အကူအညီကြောင့် အရှိန်အဝါများမှာ မကြာမီမှာပင် ပြန်လည်တည်ငြိမ်လာခဲ့သည်။ ရီယွီနိုင်ငံတော်ဆရာ၏ နတ်ဘုရားတန်ခိုးပညာရပ်ကို ဖျက်ဆီးနိုင်ခြင်းမရှိသေးသော်လည်း ယခုအချိန်တွင် သူမသည် သာမန်လူများအတိုင်း ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

"ကယ်တင်ပေးခဲ့တဲ့အတွက် တာအိုဆရာကြီးကို ထပ်မံကျေးဇူးတင်ပါတယ်"

တူကျွမ်က ထပ်မံ၍ ဂါရဝပြုလိုက်သည်။

လီယန်ချူက မေးမြန်းလိုက်သည်။

"အဲဒီနိုင်ငံတော်ဆရာက တကယ်တမ်းကျတော့ ဘာလဲ"

တူကျွမ်က ဆိုလိုက်သည်။

"ရီယွီက ဘုရင်အတွက် အသက်ရှည်ဆေးတွေကို ဖော်စပ်ပေးနေတာ၊ ဘုရင်က သူ့ရဲ့ လှည့်စားခြင်းကို ခံလိုက်ရပြီး နှလုံးသွေးတွေ၊ချင်းအချင်း (ချင်းအချင်း - ကလေးမွေးဖွားပြီးနောက် ကျန်ရှိသော အချင်း) တွေကို အသုံးပြုပြီး ရွှေစင်ရတနာဆေးတွေကို ဖော်စပ်နေတာ၊ ဒါကြောင့်မလို့ အရပ်သားတွေ ကို ဒုက္ခပေးခဲ့တယ်၊ ကျွန်မရဲ့ ဇာတိရွာလေးလည်း သူ့လက်ချက်ကြောင့် ပျက်စီးသွားခဲ့ရတာပါ"

လီယန်ချူက မျက်မှောင်ကြုတ်လိုက်မိသည်။ ဤအရာကို ကြည့်ခြင်းအားဖြင့် လုံးဝ မိစ္ဆာလမ်းစဉ်၏ ပြုမူလှုပ်ရှားပုံများ ဖြစ်ပေသည်။

"နတ်ဘုရားတွေက တကယ်တမ်းကျတော့ ဘာတွေလဲ၊ နင် သေချာသိလား"

တူကျွမ်က ခေတ္တမျှ ကြောင်အသွားခဲ့ပြီး -

"တာအိုဆရာကြီး ပြောတာ ဘာအဓိပ္ပာယ်လဲ"

လီယန်ချူက ရှင်းပြလိုက်သည်။

"ဘာဖြစ်လို့ သုံးနိုင်ငံလုံး ကိုးကွယ်ဆည်းကပ်နေကြတဲ့ နတ်ဘုရားတွေမှာ နာမည်မရှိကြတာလဲ၊ ကိုးကွယ်ဆည်းကပ်တဲ့အချိန်မှာ အမွှေးတိုင်နံ့သာတွေ မှားသွားမှာကို မကြောက်ကြဘူးလား"

တူကျွမ်က ခေါင်းကို ခါယမ်းလိုက်ပြီး -

"နတ်ဘုရားက နတ်ဘုရားပေါ့၊ နတ်ဘုရားတွေမှာ နာမည်ရှိသေးလို့လား"

လီယန်ချူ တိတ်ဆိတ်သွားခဲ့ရသည်။ ၎င်းမှာ တကယ့်ကိုပဲ ကွဲပြားခြားနားလှသော ယဉ်ကျေးမှုများ၏ ကွာဟချက် ဖြစ်ပေသည်။

တူကျွမ်က ဆက်လက်၍ ဆိုလိုက်သည်။

"အမွှေးတိုင်နံ့သာ ကိုးကွယ်ဆည်းကပ်တဲ့ ကိစ္စကတော့ လုံးဝမှားယွင်းသွားခြင်းမရှိနိုင်ပါဘူး၊ လျန်နိုင်ငံရဲ့ နတ်ဘုရားက ကျားခေါင်းနဲ့ လူခန္ဓာကိုယ် ရှိတာ၊ ကျောက်နိုင်ငံရဲ့ နတ်ဘုရားကတော့ လူခေါင်းနဲ့ ကျားခေါင်း ရှိတာပါ"

ကျွေ့ဟွာက မနေနိုင်ဘဲ ရယ်မောလိုက်ပြီး -

"ဒါဆို ဝေနိုင်ငံရဲ့ နတ်ဘုရားကကော... ကျားခေါင်းကျားကိုယ်လား"

တူကျွမ်မှာ ခေတ္တမျှ ကြောင်အသွားခဲ့ပြီးနောက် မနေနိုင်ဘဲ ခပ်ဖွဖွလေး ပြုံးလိုက်ကာ -

"ဝေနိုင်ငံရဲ့ နတ်ဘုရားက လူခန္ဓာကိုယ်နဲ့ မြွေခေါင်းရှိတာပါ"

ကျွေ့ဟွာက မျက်တောင်ကို ခတ်လိုက်ပြီး -

"ငါကတော့ ကျားခေါင်းမြွေမြီးလို့ ထင်နေတာ"

တူကျွမ် - "..............."

လီယန်ချူသည် မကြာမီမှာပင် သတိပြုမိသွားခဲ့သည်။ ရှေးယခင်က သီဇီယူအား နတ်ဘုရားများ၏ ပုံသဏ္ဌာန်ကို မေးမြန်းခြင်းမရှိခဲ့ချေ။ ယခုအချိန်တွင် တူကျွမ်၏ ပြောဆိုချက်များကို ကြားရလျှင် သူ၏ စိတ်ထဲ၌ ခန့်မှန်းချက်တစ်ခု ရှိလာခဲ့သည်။

"အသူရာလမ်းစဉ်လား"

တူကျွမ်မှာ ဤနာမည်ကို လုံးဝမကြားဖူးသဖြင့် မရေမရာ ဖြစ်နေခဲ့ရသည်။ ကျွေ့ဟွာကလည်း လီယန်ချူအား တစ်ချက် ကြည့်လိုက်ပြီး မျက်ဝန်းအစုံတွင် စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။

လီယန်ချူက ဆိုလိုက်သည်။

"ငါ တစ်ခါက မာန်ဟွန်းကမ္ဘာ မှာ ရှိတဲ့ နတ်ဘုရားကျောင်းဆောင်ထဲမှာ ကိုးကွယ်ဆည်းကပ်ထားတဲ့ နတ်ဘုရားတစ်ပါးကို မြင်ဖူးခဲ့တယ်၊ အဲဒီထဲမှာ တစ်ပါးက မြွေခေါင်းနဲ့ လူခန္ဓာကိုယ် ရှိတာ၊ ဒါပေမဲ့ အတူတူပဲလားဆိုတာတော့ မသိဘူး"

တူကျွမ်၏ မျက်ဝန်းအစုံမှာ ကြီးမားသွားခဲ့ပြီး စကားအချို့ကို ပြောဆိုရန် ကြံရွယ်လိုက်စဉ် မကြာမီမှာပင် သတိပြုမိသွားခဲ့ပြီး -

"မာန်ဟွန်းကမ္ဘာလား"

လီယန်ချူက ပြုံးလိုက်ပြီး -

"နင် ရှိနေတဲ့ ဒီနေရာက ဘယ်နေရာလဲဆိုတာကို ငါမသိဘူး၊ ဒါပေမဲ့ များပြားလှတဲ့ ကမ္ဘာလောကတွေ ရှိကြတယ်၊ ဆိုလိုတာက လူ့ပြည်ကမ္ဘာလို နေရာတွေ အများကြီး ရှိတာပေါ့"

တူကျွမ်၏ မျက်နှာပြင်တွင် အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားခဲ့ရပြီး -

"တာအိုဆရာကြီးကကော ပြင်ပကမ္ဘာကနေ လာခဲ့တာလား"

လီယန်ချူက ခေါင်းကို ညိတ်လိုက်ပြီး -

"မှန်တယ်၊ ငါတို့ဆီမှာတော့ နင်တို့ ရှိနေတဲ့နေရာကို ထျန်းကျူး နယ်မြေ လို့ ခေါ်တယ်၊ အစကတော့ ဒီနေရာက ကောင်းကင်နှင့်မြေပြင် ရတနာတွေ၊ ထူးဆန်းတဲ့သားရဲတိရစ္ဆာန်တွေ ပြည့်နှက်နေတဲ့ ကျင့်ကြံခြင်း မင်္ဂလာနယ်မြေ တစ်ခုဖြစ်ရမှာ၊ ဘာဖြစ်လို့ ကောလာဟလတွေက မှားယွင်းနေခဲ့ပြီး လူသားအများအပြား ရှင်သန်နေထိုင်နေကြသလဲဆိုတာကို မသိတာ၊ ပြီးတော့ နာမည်ကလည်း လင်းကျိုး တဲ့"

လီယန်ချူ၏ စကားများကြောင့် တူကျွမ်မှာ ကြီးစွာသော တိတ်ဆိတ်မှုအတွင်းသို့ ကျရောက်သွားခဲ့ရသည်။ ၎င်းမှာ သူမ၏ ကမ္ဘာ့အမြင်ကို ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့ခြင်း ဖြစ်ပေသည်။

လီယန်ချူက ရုတ်တရက် မေးမြန်းလိုက်သည်။

"သုံးနိုင်ငံရဲ့ နတ်ဘုရားတွေကို ဘယ်အချိန်ကစပြီး ကိုးကွယ်ဆည်းကပ်ခဲ့ကြတာလဲ"

တူကျွမ်က ခေါင်းကို ခါယမ်းလိုက်ပြီး -

"ကျွန်မလည်း သေချာမသိဘူး"

ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက်မှ တူကျွမ်က ဆက်လက်၍ ဆိုလိုက်သည်။

"ဖြစ်နိုင်တာကတော့ အချို့ စီနီယာကြီးတွေက နတ်ဘုရားတွေရဲ့ အစအနကို သိနိုင်လိမ့်မယ်၊ ကျွန်မ သိတာကတော့ အခုအချိန်မှာ သုံးနိုင်ငံလုံးက နတ်ဘုရားတွေကို ကိုးကွယ်ဆည်းကပ်နေကြပြီး ကိုယ်ပိုင် အမွှေးတိုင်နံ့သာ စုဆောင်းတာကို အပြင်းအထန် တားမြစ်ထားတယ်၊ အရပ်သားတွေအကြားမှာ ရှိတဲ့ အမွှေးတိုင်နံ့သာ နတ်ဘုရားတွေကိုလည်း ဖမ်းဆီးနေကြတာပါ"

လီယန်ချူက ခပ်ဖွဖွလေး ခေါင်းညိတ်လိုက်သည်။ တူကျွမ်၏ အသက်အရွယ်မှာ အလွန်ပင် ငယ်ရွယ်လှသဖြင့် မသိရှိခြင်းမှာလည်း သာမန်မျှသာ ဖြစ်ပေသည်။ သို့သော်လည်း သူ၏ စိတ်ထဲ၌ အနည်းငယ်မျှ စူးစမ်းလိုစိတ် ဖြစ်ပေါ်နေခဲ့သည်။ ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ သန်မာမှုမှာ ဤကမ္ဘာလောကတွင် မည်သည့်အဆင့်ရှိ တိုက်ခိုက်ရေးစွမ်းရည် ဖြစ်မည်နည်း။

" မီးခိုးရောင်ဝတ်စုံနဲ့ သက်ကြီးရွယ်အိုက နင်တို့ဆီမှာ ဘာအဆင့်ရှိတာလဲ"

လီယန်ချူက ရုတ်တရက် မေးမြန်းလိုက်သည်။

တူကျွမ်က ဆိုလိုက်သည်။

"သူ့နာမည်က ရန်ကျင့် တဲ့၊ နင်ဒန်အဆင့်ရှိ လေ့ကျင့်သူကျင့်ကြံသူတစ်ဦး ဖြစ်ပြီး နာမည်ကျော်ကြားခဲ့တာ ကြာပါပြီ"

လီယန်ချူက ခေါင်းကို ညိတ်လိုက်ပြီး -

"ဒီ နင်ဒန်အဆင့်မှာ ဘာထူးခြားချက်တွေ ရှိလဲ"

တူကျွမ်က ရှင်းပြလိုက်သည်။

"နင်ဒန်အဆင့်ဆိုတာက ခန္ဓာကိုယ်အတွင်း မန္တန်စွမ်းအားတွေကို ရတနာဆေးလုံး ပုံသဏ္ဌာန်ကို စုစည်းတာ ဖြစ်ပြီး စစ်မှန်သောမီးနဲ့ သန့်စင်ဖို့ လိုအပ်တယ်၊ အစပိုင်းမှာတော့ သန္ဓေသားပုံစံပဲ ရှိပြီး အကြမ်းထည်ပဲ၊ နောက်ဆုံးမှာတော့ ဝိညာဥ်ဆေးလုံးအဖြစ် အပြစ်အနာအဆာမရှိတဲ့ အခြေအနေအထိ လေ့ကျင့်နိုင်ခဲ့မယ်ဆိုရင် ရုရွှီအဆင့်ကို ဖောက်ထွက်ဖို့ ကြိုးစားလို့ရပြီ၊ အဲဒီအချိန်ကျရင် နင်ဒန်က သန့်စင်တဲါ စွမ်းအင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး စွမ်းအင်ပင်လယ်အတွင်းမှာ သိမ်းဆည်းထားတာပါ"

လီယန်ချူက မျက်ခုံးကို ပင့်လိုက်မိသည်။ ဤနေရာအထိ ကြားရလျှင် နင်ဒန်အဆင့်မှာ ရွှေစင်ဆေးလုံးကို လေ့ကျင့်ခြင်းနှင့် အနည်းငယ် တူလှပေသည်။ သို့သော်လည်း ရွှေစင်ဆေးလုံးမှာ စတင်စုစည်းလိုက်သည်နှင့် အပြစ်အနာအဆာမရှိသော အခြေအနေဖြစ်ပြီး ပြည့်စုံဆန်းပြားလှပေသည်။

တူကျွမ်က ရုတ်တရက် ရိုသေကိုးကွယ်စွာဖြင့် ဆိုလိုက်သည်။

"တာအိုဆရာကြီးကို ဘယ်လိုခေါ်ရမလဲဆိုတာ မသိသေးပါဘူး"

လီယန်ချူက - "ငါက လီယန်ချူ ပါ"

ကျွေ့ဟွာက ဘေးတစ်ဖက်မှ -

"ငါ့ကိုတော့ တောင်စောင့်နတ်မင်းကြီးလို့ ခေါ်လို့ရတယ်"

တူကျွမ်က ခေါင်းကို မော့၍ ကျွေ့ဟွာအား ကြည့်လိုက်ပြီး -

"ဆရာကြီးက အမွှေးတိုင်နံ့သာ နတ်ဘုရားလား"

ကျွေ့ဟွာ၏ အမူအရာမှာ တည်ငြိမ်နေခဲ့ပြီး ခပ်ဖွဖွလေး ခေါင်းညိတ်ပြလျက် -

"ဒီလိုပြောလို့ရတာပေါ့"

တူကျွမ်၏ မျက်ဝန်းအစုံတွင် သံသယအချို့ ရှိနေခဲ့သည်။ အမွှေးတိုင်နံ့သာ နတ်ဘုရားဆိုလျှင် အမွှေးတိုင်နံ့သာ၏ စွမ်းအားကို ထုတ်ဖော်နိုင်စွမ်း ရှိပြီး ဆန်းပြားလှသော စွမ်းပကားများ ရှိရပေမည်။ သို့သော်လည်း မကြာသေးမီက ဤကြောင်ကလေးမှာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ သန်မာမှုဖြင့်သာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အခြားသော နည်းလမ်းများကို မြင်တွေ့ခဲ့ရခြင်းမရှိချေ။

တူကျွမ်၏ မသိမသာလှသော အကြည့်ကို အာရုံခံမိလိုက်လျှင် ကျွေ့ဟွာမှာ ချက်ချင်းပင် ဒေါသထွက်သွားခဲ့ရပြီး မေးကို မော့လျက် -

"နင်က ငါ့ကို မယုံကြည်တာလား"

တူကျွမ်က လျင်မြန်စွာဖြင့် -

"မဝံ့ပါဘူး မဝံ့ပါဘူး၊ ကျွန်မ ဘယ်လိုလုပ်ပြီး တောင်စောင့်နတ်မင်းကြီးကို သံသယဝင်ဝံ့ပါ့မလဲ"

ကျွေ့ဟွာက ခပ်အေးအေးဖြင့် နှာခေါင်းမှုတ်လိုက်ပြီး -

"တကယ်လို့ နင်တို့ ဒီနေရာမှာ ထူးဆန်းလှတဲ့ တားမြစ်ချက်တွေမရှိဘဲ ငါ့ရဲ့ အဆင့်အတန်းကို ဖိနှိပ်မထားဘူးဆိုရင်... ခုနာက လူနှစ်ယောက်က ငါ့ရဲ့ စိတ်ကူးတစ်ခုတည်းနဲ့တင် သေသွားလောက်ပြီ"

တူကျွမ်မှာ အနည်းငယ်မျှ အံ့ဩသွားခဲ့ရပြီး စိတ်ထဲ၌ -

"ဒီကြောင်ကလေးက တကယ့်ကိုပဲ လေကြီးတတ်တာပဲ" ဟု တွေးတောလိုက်မိသည်။

ဆရာရန်မှာ နင်ဒန်အဆင့် ပြည့်စုံခြင်းရှိသော လေ့ကျင့်သူကျင့်ကြံသူတစ်ဦး ဖြစ်ပြီး အခွင့်အရေးကို ရရှိလိုက်သည်နှင့် ရုရွှီအဆင့်ထံသို့ ခြေလှမ်းလှမ်းနိုင်မည့်သူ ဖြစ်ပေသည်။ ထိုအချိန်ကျလျှင် အင်အားမှာ အကြီးအကျယ် ပြောင်းလဲသွားလိမ့်မည်ဖြစ်သဖြင့် လျန်နိုင်ငံကလည်း အလွန်ပင် အလေးထားရသောသူ ဖြစ်ပေသည်။

ကျွေ့ဟွာက မေးကို မော့ထားခဲ့ပြီး အကြည့်များမှာ အထက်စီးဆန်နေခဲ့ကာ ဤအမြင်ကျဉ်းမြောင်းလှသော အမျိုးသမီးအား ထပ်မံ၍ ရှင်းပြရန် ရည်ရွယ်ချက်မရှိချေ။

လီယန်ချူက ဆိုလိုက်သည်။

"အရင်က နင် ရီယွီကို လုပ်ကြံချင်တာ၊ ဒါပေမဲ့ နင့်ရဲ့ အစီအစဉ်ကို ကြည့်ရတာ သေချာမှုမရှိဘူး၊ တမင်သက်သက် မြွေကို လန့်အောင် မြက်ကို ရိုက်လိုက်သလိုပဲ"

တူကျွမ်၏ မျက်နှာပြင်မှာ ရဲခနဲ ဖြစ်သွားခဲ့ပြီး -

"မဟုတ်ပါဘူး၊ ကျွန်မ လူအုပ်ကြီးထဲမှာ ရှိနေတုန်း ရုတ်တရက် စိတ်ခံစားမှုကို ထိန်းချုပ်လို့မရဘဲ ဓားကို ဆွဲထုတ်ပြီး တိုက်ခိုက်လိုက်မိတာပါ၊ ထင်မှတ်မထားဘဲ သူ့ရဲ့ မျက်နှာကိုတောင် မမြင်ရသေးခင်မှာတင် ဒဏ်ရာရသွားခဲ့ရတာ"

လီယန်ချူ - "..............."

ဤတူကျွမ်မှာ အနည်းငယ်မျှ နုနယ်လှပြီး ကိစ္စရပ်များကို ပြုလုပ်ရာတွင်လည်း တည်ငြိမ်မှုမရှိချေ၊ တကယ့်ကိုပဲ မိန်းကလေးတစ်ဦး၏ ပုံသဏ္ဌာန် ဖြစ်ပေသည်။

တူကျွမ်က ဆက်လက်၍ ဆိုလိုက်သည်။

"မနက်ဖြန်က တစ်နိုင်ငံလုံး နတ်ဘုရားတွေကို ကိုးကွယ်ဆည်းကပ်မယ့် နေ့ရက်ပဲ အဲဒီအချိန်ကျရင် အရပ်သား အများအပြား လာကြလိမ့်မယ်၊ ပြီးတော့ တကယ်များလှတဲ့ ပူဇော်သက္ကာပစ္စည်း တွေလည်း နေရာအနှံ့အပြားကနေ ရောက်ရှိနေပြီ"

လီယန်ချူက စူးစမ်းလိုစိတ်ဖြင့် -

"ဘာပူဇော်သက္ကာပစ္စည်းမျိုးလဲ"

တူကျွမ်က လေးနက်သောအသံဖြင့် -

"လူ... အသက်ရှင်နေတဲ့ လူတွေ၊ ဒီတစ်ကြိမ် ကိုးကွယ်ဆည်းကပ်မှုမှာ အသက်ရှင်နေတဲ့ လူသုံးရာကို ပူဇော်ရမှာ"

လီယန်ချူ စကားမပြောရသေးခင်မှာပင် ကျွေ့ဟွာက ချက်ချင်းပင် ဒေါသတကြီးဖြင့် -

"ဒါက ဘာနတ်ဘုရားလဲ၊ လုံးဝ လူစားတဲ့ မိစ္ဆာနတ်ဘုရားပဲ"

တူကျွမ်၏ အသံမှာ ကြေကွဲစရာ ကောင်းလှပေသည်။

"တစ်နှစ်မှာ အသေးစား ကိုးကွယ်မှုတစ်ခု၊ သုံးနှစ်မှာ အကြီးစား ကိုးကွယ်မှုတစ်ခု၊ နှစ်တိုင်း ရိုးရာပွဲတော်တွေမှာ ကိုးကွယ်ဆည်းကပ်ကြရတာပါ"

လီယန်ချူက -

"တစ်ကြိမ်စီ ကိုးကွယ်တဲ့ ပစ္စည်းတွေက လူတွေချည်းပဲလား"

တူကျွမ်က ခေါင်းကို ညိတ်လိုက်ပြီး - "မှန်ပါတယ်"

လီယန်ချူက မျက်ခုံးကို ပင့်လိုက်မိသည်။ ရှေးယခင်က ဤရီယွီနိုင်ငံတော်ဆရာမှာ လမ်းစဉ်လွဲနေသည်ဟု ထင်မှတ်ခဲ့သော်လည်း ယခုအချိန်တွင် ကြည့်ရသည်မှာမူ သုံးနိုင်ငံလုံး ကိုးကွယ်ဆည်းကပ်နေကြသော နတ်ဘုရားများမှာလည်း ဖြောင့်မတ်သော လမ်းစဉ်များ မဟုတ်ကြချေ။

"ဒါက တကယ်တမ်းကျတော့ ဘာကြီးလဲ"

သူ၏ မျက်ဝန်းအစုံတွင် တွေးတောမှု အရိပ်အယောင်များ ထွက်ပေါ်နေခဲ့သည်။ သို့သော်လည်း ယခုအချိန်တွင် မန္တန်တန်ခိုးပညာရပ်များအားလုံး ဆုံးရှုံးနေခဲ့ပြီး ဝိညာဥ်အာရုံကိုလည်း ဖွင့်လှစ်၍မရချေ။ စိတ်အာရုံပင်လယ်အတွင်းရှိ အစွမ်းထက်လှသော ရတနာများ၏ ကတ်ပြားများကိုလည်း ဆက်သွယ်၍မရချေ။

"အဆင့်မြင့် ကျင့်ကြံသူတွေကို ဖိနှိပ်ထားတာက..ဒီကမ္ဘာမှာ ရှိတဲ့ လေ့ကျင့်သူတွေရဲ့ အင်အား မလုံလောက်လို့လား"

လီယန်ချူသည် ခြေလှမ်းတစ်ချက် လှမ်းလိုက်ပြီးနောက် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး -

"ဒါက လူ့ပြည်ကမ္ဘာရဲ့ ကန့်သတ်ချက် သံခြေကျင်းနဲ့ မတူဘူးလား"

သူ၏ ခန္ဓာကိုယ်မှာ တစ်ချက် တုန်လှုပ်သွားခဲ့ရသည်။ လူ့ပြည်ကမ္ဘာရှိ လေ့ကျင့်သူများမှာ ရှေးယခင်က ဒုတိယအဆင့်သို့ ရောက်ရှိလျှင်ပင် အကန့်အသတ်ဖြစ်ပြီး တတိယအဆင့်မှာမူ အလွန်ပင် ရှားပါးလှပေသည်။ သို့သော်လည်း ထိုနေရာတွင် ထူးဆန်းလှသော စွမ်းအားကြီး တည်ရှိမှုများ ထွက်ပေါ်လာခဲ့ပြီး ကမ္ဘာလောကကို ဖျက်ဆီးခြင်းမရှိချေ။

"လူ့ပြည်ကမ္ဘာရဲ့ ကန့်သတ်ချက် သံခြေကျင်းက လမ်းစဉ်ကို ဖြတ်တောက်ထားတယ်ဆိုပေမဲ့... တစ်ဖက်မှာလည်း လူသားမျိုးနွယ်စုကို ကာကွယ်ပေးထားတာပဲ"

"ဒီကမ္ဘာက ကော ဒီလိုပဲလား"

သူသည် ယခုအချိန်အထိ ဤကောင်းကင်နှင့်မြေပြင်မှာ တကယ့် ပြင်ပကမ္ဘာလောကလော သို့မဟုတ် စိတ်အာရုံနယ်မြေလော၊ သို့မဟုတ် ရတနာတစ်ခုဖြင့် တည်ဆောက်ထားသော ထူးဆန်းလှသော ဟင်းလင်ပြင်နယ်မြေတစ်ခုလော ဆိုသည်ကို သေချာစွာ မသိရှိနိုင်သေးချေ။

"ရွှီထျန်းနန် ရဲ့ သတင်းအချက်အလက်ကတော့ မှားယွင်းနိုင်ခြင်းမရှိဘူး၊ ဒါဆိုရင် အစကတည်းက ဒီနေရာက နတ်ဘုရားနယ်မြေတစ်ခု ဖြစ်ရမှာ၊ ပြီးတော့ လျှို့ဝှက်ချက်အချို့ ရှိနေခဲ့တာ၊ ဒါပေမဲ့ ဘယ်အချိန်ကစပြီး အပြောင်းအလဲတွေ ဖြစ်ပွားခဲ့သလဲဆိုတာကိုတော့ မသိဘူး"

လီယန်ချူက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး -

"လျှို့ဝှက်ချက်... ထျန်းကျုနယ်မြေအတွင်းမှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်က...အခု ရှိနေတဲ့ လျန်၊ ကျောက်၊ ဝေ သုံးနိုင်ငံနဲ့ ဆက်စပ်နေတာလား"

ထိုကမ္ဘာထံသို့ ဝင်ရောက်လာပြီးနောက်တွင် မြူဆိုင်းနေသကဲ့သို့ ခံစားရသော်လည်း ယခုအချိန်တွင် အခြေခံအားဖြင့် ဆုံးဖြတ်နိုင်သည်မှာ ဤနိုင်ငံတော်ဆရာ ရီယွီနှင့် သုံးနိုင်ငံ ကိုးကွယ်ဆည်းကပ်နေကြသော နတ်ဘုရားများအားလုံးတွင် ပြဿနာ ရှိနေခဲ့ကြခြင်း ဖြစ်ပေသည်။

ဘေးကင်းစေရန်အတွက် လီယန်ချူသည် လမ်းမကြီးပေါ်သို့ ထွက်လာခဲ့ပြီး စားသောက်ဆိုင်တစ်ခုကို ရှာဖွေ၍ ထိုင်လိုက်သည်။ စားပွဲထိုးလေးက ရေနွေးငွေ့များ ထွက်ပေါ်နေသော ဟင်းလျာများကို လျင်မြန်စွာ ချထားပေးခဲ့ပြီး အက်ပရီကော့အရက် ဟု ခေါ်သော ဒေသထွက်အရက်တစ်အိုးကိုလည်း ချပေးခဲ့သည်။

သူ၏ ကိုယ်ပေါ်တွင် အစက ငွေကြေးမရှိခဲ့သော်လည်း သီဇီယူနှင့် ထိုလေ့ကျင့်သူနှစ်ဦးကို လုယက်ပြီးနောက်တွင်မူ လီယန်ချူသည် ချက်ချင်းပင် ချမ်းသာကြွယ်ဝသွားခဲ့ရသည်။ ဤစားသောက်ဆိုင်အတွင်း၌လည်း စျေးကြီးလှပေသည်။ စားသောက်ဆိုင်အတွင်း၌ လူပေါင်းစုံ ရှိနေကြသဖြင့် သတင်းအချက်အလက်များမှာ လျင်မြန်စွာ ပျံ့နှံ့နေခဲ့သည်။

လီယန်ချူသည် ထိုနေရာမှတစ်ဆင့် သတင်းအချက်အလက်အချို့ကို သိရှိလိုက်ရရာ ဤအမျိုးသမီး ပြောဆိုခဲ့သည်များနှင့် တစ်ထေရာတည်း တူညီလှပေသည်။ သူသည် ငွေကြေးအချို့ကို ထပ်မံထုတ်ယူ၍ စားသောက်ဆိုင်ရှိ အလုပ်သမားလေးအား သက်ဆိုင်ရာ ကိစ္စရပ်အချို့ကို မေးမြန်းလိုက်သည်။

စားသောက်ဆိုင် အလုပ်သမားလေးမှာ အသက် တစ်ဆယ့်ရှစ် ကိုးနှစ်ခန့်ရှိသော လူငယ်လေးတစ်ဦးဖြစ်ပြီး မျက်ဝန်းအစုံမှာ သေးငယ်လှသော်လည်း အလွန်ပင် လျင်မြန်ထက်မြက်ပုံရပေသည်။ လီယန်ချူက လက်ကြီးစွာဖြင့် ငွေအချို့ကို ကမ်းပေးလျက် နိုင်ငံတော်ဆရာနှင့် နတ်ဘုရားများ၏ ကိစ္စရပ်များကို မေးမြန်းလိုက်သည်။

နိုင်ငံတော်ဆရာ ရီယွီသည် ထိုရွာများအတွင်း၌ ပြုလုပ်ခဲ့သော ကောက်ကျစ်လှသော ရက်စက်မှုများကို ဤစားပွဲထိုးလေး မသိရှိသော်လည်း နှစ်တိုင်း နတ်ဘုရားများကို ကိုးကွယ်ဆည်းကပ်ရာတွင် အသက်ရှင်နေသော လူများကို ပူဇော်ရသည်မှာမူ တူကျွမ် ပြောဆိုခဲ့သည်များနှင့် တစ်ထေရာတည်း တူညီလှပေသည်။ ၎င်းက တူကျွမ်သည် ဤကိစ္စရပ်တွင် လုံးဝ လိမ်လည်ပြောဆိုခြင်းမရှိကြောင်း သက်သေပြနေခဲ့သည်။

လီယန်ချူသည် ဤကောင်းကင်နှင့်မြေပြင်ထံသို့ ဝင်ရောက်လာပြီးနောက် မည်သို့ ပြန်လည်ထွက်ခွာရမည်နည်း၊ မည်သို့ ကျင့်ကြံခြင်းစွမ်းအားများကို ပြန်လည်ရရှိအောင် ပြုလုပ်ရမည်နည်း ဆိုသည်ကို အနည်းငယ်မျှ စူးစမ်းလိုစိတ် ဖြစ်ပေါ်နေခဲ့သည်။

"ဒီနေရာမှာ ဝိညာဥ်စွမ်းအင်တွေကို စုပ်ယူလို့မရဘူး၊ ပြန်လည်ပြီးတော့ မလေ့ကျင့်နိုင်ဘူး"

"မဟုတ်ဘူး... ဝိညာဥ်စွမ်းအင်ကိုတောင် စုပ်ယူလို့မရမှတော့ ဒီနေရာက ကျင့်ကြံခြင်း မန္တန်တွေကိုလည်း လေ့ကျင့်လို့ရနိုင်မှာမဟုတ်ဘူး"

လီယန်ချူက စိတ်ထဲ၌ တွေးတောလိုက်သည်။ သူသည် စားသောက်ဆိုင်အတွင်း၌ တည်းခိုလိုက်ပြီး ကိုယ်ပေါ်ရှိ ငွေကြေးများမှာလည်း အလကားရရှိထားခြင်းဖြစ်သဖြင့် သုံးစွဲရသည်မှာ နှမြောခြင်းမရှိချေ။ ယခုအချိန်တွင် ခုတင်ထက်၌ ခြေတင်ပလ္လင်ခွေထိုင်လျက် တရားထိုင်နေခဲ့ပြီး စိတ်အာရုံပင်လယ်အတွင်းရှိ များပြားလှသော နည်းလမ်းများကို ဆက်သွယ်ရန် ကြံရွယ်လိုက်သည်။

သူကိုယ်တိုင်မှာ သိုင်းနတ်ဘုရား တစ်ဦးဖြစ်ပြီး ဆိုင်ရှင်မ၏ ပြောဆိုချက်အရဆိုလျှင် တိုက်ခိုက်ရေးစွမ်းရည်မှာ ဒုတိယအဆင့်ရှိ မြေပြင်နတ်ဘုရားတစ်ပါးနှင့် တူညီလှပေသည်။ မည်သည့်အသံမျှမထွက်ဘဲ ထိုမျှအထိ ဖိနှိပ်ခြင်း ခံရရန် အကြောင်းမရှိချေ။

ဤအရာအတွင်း၌ ရှုပ်ထွေးလှသော အကြောင်းရင်းများစွာ ရှိနေနိုင်ပေသည်။ သို့သော်လည်း အချိန်အတော်ကြာ ဆက်သွယ်သော်လည်း မည်သည့်ရလဒ်မျှ ထွက်ပေါ်လာခြင်းမရှိချေ။

လီယန်ချူသည် မျက်ဝန်းအစုံကို ဖြည်းညှင်းစွာ ဖွင့်လှစ်လိုက်သည်။ သူ၏ စွမ်းရည်များဖြင့်ဆိုလျှင် ဤနေရာတွင် ကောင်းမွန်စွာ ရှင်သန်နိုင်သော်လည်း သူသည် နတ်ဘုရားနယ်မြေကို စမ်းသပ်ရန်သာ လာခဲ့ခြင်းဖြစ်သဖြင့် ဤနေရာတွင် အချိန်အများအပြား ဖြုန်းတီးရန် ရည်ရွယ်ချက်မရှိချေ။

'ဒေါက် ဒေါက် ဒေါက်'

အပြင်ဘက်မှ တံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။

"တာအိုဆရာကြီး လီ... အနားယူပြီလား"

အသံမှာ နူးညံ့လှပြီး တကယ့်ကိုပဲ တူကျွမ်၏ အသံ ဖြစ်ပေသည်။ လီယန်ချူက ခုတင်ပေါ်မှ ဆင်း၍ တံခါးကို ဖွင့်လှစ်လိုက်ရာ တူကျွမ် တံခါးဝတွင် ရပ်တန့်နေသည်ကို မြင်တွေ့လိုက်ရပြီး -

"ဘာကိစ္စလဲ"

တူကျွမ်က ဆိုလိုက်သည်။

"ကျွန်မ ကမ္ဘာလောကနှစ်ခုရဲ့ ကျင့်ကြံခြင်း မန္တန်တွေရဲ့ ကွာဟချက်ကို အနည်းငယ်မျှ စူးစမ်းလိုစိတ် ဖြစ်ပေါ်နေလို့ပါ၊ ဒါကြောင့်မလို့ အထူးတလည် လာရောက်ပြီးတော့ လမ်းညွှန်မှု တောင်းခံတာပါ"

လီယန်ချူက တူကျွမ်အား အတွင်းသို့ ဝင်ရောက်ခွင့်ပြုလိုက်သည်။ တူကျွမ်က တိုးညှင်းသော အသံဖြင့် ဆိုလိုက်သည်။

" ညဉ့်နက်သန်းခေါင်မှာ... တာအိုဆရာ တစ်ယောက်တည်း ဒီနေရာမှာ ပျင်းရိငြီးငွေ့မနေဘူးလား"

လီယန်ချူက မျက်ခုံးကို ပင့်လိုက်မိပြီး -

"ဘာအဓိပ္ပာယ်လဲ"

တူကျွမ်၏ အပြုံးမှာ ညှို့ယူဖမ်းစားနိုင်စွမ်း ရှိလှပြီး မျက်ဝန်းအစုံအတွင်း၌ ဖော်ပြရန် ခက်ခဲလှသော လှုပ်ရှားစရာ ကောင်းသည့် အလှတရားများ ပြည့်နှက်နေခဲ့သည်။

"တာအိုဆရာက ငယ်ရွယ်ပြီး စွမ်းရည်ရှိတယ်၊ ပြီးတော့ ကျွန်မရဲ့ အသက်ကိုလည်း ကယ်တင်ပေးခဲ့တယ်၊ ကျွန်မက တာအိုဆရာအပေါ်မှာ ရင်ခုန်မိလို့ပါ၊ ဒီစိတ်ဆန္ဒကို တာအိုဆရာ နားလည်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်"

သူမ၏ အသံမှာ နူးညံ့လှပြီး လီယန်ချူ၏ ကိုယ်ပေါ်သို့ ဖြည်းညှင်းစွာ မှီတွဲလာခဲ့သည်။

ကျွေ့ဟွာမှာ ဒေါသထွက်သွားခဲ့ရပြီး ရုတ်တရက် ခုန်ပျံတက်လိုက်ကာ -

"ကောင်မစုတ်..."

"နင်က တကယ့်ကိုပဲ သူ့ရဲ့ ခန္ဓာကိုယ်ကို မက်မောနေတာပဲ"

အခန်း (၁၀၃၄) ရှေးဟောင်းအမှတ်အသားရတနာ

တူကျွမ်က ညှို့ယူဖမ်းစားနိုင်သော အပြုံးတစ်ခုကို ဆင်မြန်းလိုက်ရင်း -

"ယောက်ျားနဲ့ မိန်းမကြား သံယောဇဉ်ဖြစ်တာက သဘာဝဓမ္မပဲဟာကို... လီတာအိုဆရာက ဒီလောက်တောင် ချောမောခန့်ညားနေတာ၊ ကျွန်မ သူ့အပေါ် ရင်ခုန်မိတာကလည်း သာမန်ကိစ္စပဲမလား"

လီယန်ချူ၏ မျက်နှာပြင်မှာ ချက်ချင်းပင် အေးစက်ခဲသွားခဲ့ရသည်။ သူ၏ မျက်ဝန်းအစုံမှာ ထက်မြက်လှသော ဓားတစ်လက်ကဲ့သို့ စူးစိုက်ကြည့်လိုက်ပြီး -

"မင်း... တူကျွမ် မဟုတ်ဘူး"

ထိုအရှေ့တွင်ရှိနေသော တူကျွမ်က ပါးစပ်ကလေးကိုလက်ဖြင့်အုပ်ကာ ရှက်သွေးဖြန်းနေပြီး ရင်ညွန့်အစုံမှာလည်း တုန်ခါနေခဲ့သည်။

"တာအိုဆရာကလည်း နောက်နေပြန်ပြီ၊ ကျွန်မလို အသက်ရှင်နေတဲ့ လူသားတစ်ယောက်လုံးက အစ်ကို့အရှေ့မှာ မတ်တတ်ရပ်နေတာပဲကို... ဘာဖြစ်လို့ ကျွန်မမဟုတ်ဘူးလို့ ပြောရတာလဲ"

လီယန်ချူက အေးစက်စွာ ပြုံးလိုက်ရင်း -

"မင်းက ကျင့်ကြံသူတွေ မန္တန်ပညာရပ်တွေ ထုတ်သုံးလို့မရတော့ဘူးဆိုပြီး... မင်းရဲ့ လှည့်စားမှုကို ခံရမယ်လို့ တွေးနေတာလား"

စကားအဆုံးတွင် သူသည် ညာလက်ကို ဝှေ့ယမ်းကာ လက်သီးတစ်ချက်ကို တိုက်ရိုက် ထိုးနှက်လိုက်တော့သည်။ ဤလက်သီးချက်မှာ ပြင်းထန်လှသော အရှိန်အဝါများ ပြည့်နှက်နေခဲ့သည်။

'ဗုန်း'

ဟင်းလင်းပြင်အလယ်တွင် လေထုပေါက်ကွဲသံ တစ်ချက် ပြင်းထန်စွာ ထွက်ပေါ်သွားခဲ့ရသည်။

တူကျွမ်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ညာဘက်သို့ အလျင်အမြန် ရွေ့လျားသွားခဲ့ပြီး တစ္ဆေတစ်ကောင်ကဲ့သို့ ဖျတ်ခနဲ လှုပ်ရှားလျက် လီယန်ချူ၏ လက်သီးချက်ကို ရှောင်တိမ်းသွားခဲ့သည်။

လီယန်ချူ၏ လက်သီးချက် လွဲချော်သွားသည်နှင့် တစ်ပြိုင်နက် ကျွေ့ဟွာသည် ဟင်းလင်းပြင်ထံသို့ ခုန်ပျံတက်လိုက်ပြီး အရှိန်အဟုန်ဖြင့် လှမ်း၍ အုပ်လိုက်တော့သည်။

လီယန်ချူ ဤကဲ့သို့ ပြောဆိုလိုက်ခြင်းမှာ ၎င်းတွင် ကိုယ်ပိုင်အကြောင်းပြချက် ရှိနေခဲ့ခြင်း ဖြစ်ပေသည်။

ကျွေ့ဟွာသည် ဟင်းလင်းပြင်အလယ်တွင် နောက်ခံရိပ်များစွာ ထွက်ပေါ်အောင် လှုပ်ရှားလိုက်သည်။

ထိုတူကျွမ်၏ ခန္ဓာကိုယ်မှာလည်း တစ်ဖန် တစ္ဆေတစ်ကောင်ကဲ့သို့ အလျင်အမြန် ခုန်ပျံထွက်ခွာသွားခဲ့ပြန်သည်။

လီယန်ချူက အရင်ဆုံး ဦးဆောင်၍ တိုက်ခိုက်လိုက်ပြီး ကျွေ့ဟွာကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားခဲ့သည်။

သို့သော်လည်း ဤတူကျွမ်၏ ကိုယ်ဖော့ပညာမှာ အလွန်ပင် လျင်မြန်လှသဖြင့် ဟင်းလင်းပြင်အလယ်တွင် ရိပ်ခနဲ အရိပ်အယောင်များသာ ချန်ရစ်ခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာတင် လမ်းကွေ့တစ်ခုတွင် ပျောက်ကွယ်သွားခဲ့ရတော့သည်။

လီယန်ချူသည် လမ်းကွေ့နေရာသို့ ရောက်ရှိသွားခဲ့ရာ အရှေ့တည့်တည့်မှ သွယ်လျလှသော ခန္ဓာကိုယ်နှင့် စင်ကြယ်သန့်ရှင်းသည့် အလှတရားများ ရှိနေသော မိန်းကလေးတစ်ဦးမှာ လက်ထဲတွင် စားပွဲတင်လင်ဗန်းတစ်ခုကို ကိုင်စွဲလျက် လျှောက်လှမ်းလာခဲ့သည်။ သူမမှာ အစစ်အမှန် တူကျွမ်ပင် ဖြစ်ပေသည်။

လီယန်ချူနှင့် ကျွေ့ဟွာတို့က ဒေါသတကြီးဖြင့် ပြေးဝင်လာသည်ကို မြင်လျှင် -

တူကျွမ်မှာ နေရာတွင်တင် ကြောင်အသွားခဲ့ရပြီး -

"ဘာတွေ ဖြစ်လို့လဲ... ဘာကိစ္စရှိလို့လဲ"

ကျွေ့ဟွာက ထပ်မံ၍ အုပ်ရန် ပြုလုပ်လိုက်သော်လည်း လီယန်ချူက လက်ကိုမြှောက်၍ တားဆီးလိုက်သည်။

"သူက အစစ်ပဲ"

ကျွေ့ဟွာက လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး လီယန်ချူအား နားမလည်နိုင်စွာဖြင့် စိုက်ကြည့်လျက် -

"နင်က ဘယ်လိုလုပ်ပြီး ခွဲခြားသိတာလဲ"

လီယန်ချူက ရှင်းပြခြင်းမရှိဘဲ ခေါင်းကိုသာ ခါယမ်းလိုက်ပြီး ခန္ဓာကိုယ်ကို လွှဲလျက် ဒုတိယထပ်မှ အောက်ထပ်သို့ ခပ်ဖွဖွလေး ခုန်ဆင်းသွားခဲ့ရာ မည်သည့်အသံမျှ ထွက်ပေါ်လာခြင်းမရှိချေ။

သူ၏ ကျင့်ကြံခြင်းစွမ်းအားများ ပြင်းထန်စွာ ဖိနှိပ်ခြင်း ခံထားရသော်လည်း သူ၏ ကိုယ်ဖော့ပညာနှင့် သူ၏ စိတ်အာရုံခံစားမှုများမှာမူ သာမန်ထက် ကျော်လွန်နေဆဲ ဖြစ်ပေသည်။

အောက်ထပ်သို့ ရောက်ရှိပြီးနောက်တွင် သူ၏ မျက်ဝန်းအစုံဖြင့် ပတ်ဝန်းကျင်ကို ဝှေ့ယမ်းကြည့်လိုက်သော်လည်း မည်သည့်သဲလွန်စမျိုးမျှ ရှာဖွေတွေ့ရှိခြင်းမရှိချေ။

မကြာသေးမီက လမ်းကွေ့နေရာတွင် ထိုတူကျွမ်မှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

လီယန်ချူက မျက်မှောင်ကြုတ်လိုက်မိပြီး လှေကားထံသို့ ပြန်လည်တက်လာခဲ့သည်။

"တူကျွမ်... မင်း ဒါက ဘာလုပ်တာလဲ"

တူကျွမ်က ရှင်းပြလိုက်သည်။

"ကျွန်မ အလုပ်သမားလေးကို စားစရာအချို့ ပြင်ခိုင်းလိုက်တာ၊ တာအိုဆရာဆီကို ကိုယ်တိုင် လာပို့ပေးမလို့ပါ၊ ဒါနဲ့... တကယ်ပဲ ဘာကိစ္စ ဖြစ်ပွားခဲ့လို့လဲ"

လီယန်ချူက -

" တစ်ယောက်ယောက်က မင်းရဲ့ ပုံသဏ္ဌာန်အတိုင်း အသွင်ဆောင်ပြီးတော့ ငါ့ကို လာရောက်လှည့်စားသွားတယ်"

ကျွေ့ဟွာက ဘေးတစ်ဖက်မှ ထပ်လောင်း၍ -

"ဟုတ်တယ်... လာပြီးတော့ ညှို့ယူဖမ်းစားနေတာ၊ သူ့ကို ကုတင်ပေါ်ခေါ်ပြီး အတူတူအိပ်ဖို့ပါ ကြံစည်နေသေးတာ"

တူကျွမ်၏ မျက်နှာပြင်မှာ ရှက်သွေးဖြန်းကာ နီရဲသွားခဲ့ရသည်။

၎င်းတို့သည် အခန်းအတွင်းသို့ ပြန်လည်ရောက်ရှိလာကြပြီးနောက် တူကျွမ်က လက်ထဲမှ လင်ဗန်းကို ချထားလိုက်သည်။

လီယန်ချူက မေးမြန်းလိုက်သည်။

"မင်းတို့ ဒီနေရာက လေ့ကျင့်သူကျင့်ကြံသူတွေက အသွင်ပြောင်းလဲခြင်း မန္တန်ပညာရပ်တွေကို တတ်ကျွမ်းကြလား"

တူကျွမ်က ခေါင်းညိတ်လိုက်ပြီး -

"လေ့ကျင့်သူတွေတင်မကဘူး... အချို့ မိစ္ဆာသားရဲတွေ၊ မိစ္ဆာတွေကလည်း အသွင်ပြောင်းလဲခြင်း ပညာရပ်တွေကို တတ်ကျွမ်းကြပါတယ်"

ဤနေရာ၏ ကောင်းကင်နှင့်မြေပြင်တရားသဘောက ပြင်းထန်စွာ ဖိနှိပ်ထားသော်လည်း

လီယန်ချူ၏ သိုင်းပညာရှင် စိတ်အာရုံခံစားမှု မှာမူ ရှိနေဆဲ ဖြစ်ပေသည်။

ဒါတင်မကသေးဘဲ မကြာသေးမီက မိန်းကလေး၏ ပြုမူလှုပ်ရှားပုံများမှာ တူကျွမ်နှင့် လုံးဝ ကွဲပြားခြားနားလှပြီး ညှို့ယူဖမ်းစားလိုသော အငွေ့အသက်များ ပြည့်နှက်နေခဲ့ရာ စားသောက်ဆိုင်များရှိ ပြည့်တန်ဆာမ တစ်ဦးနှင့် တူလှပေသည်။

လူတစ်ယောက်သည် တိုတောင်းသော အချိန်အတွင်းတွင် ဤမျှအထိ စိတ်နေစိတ်ထား ပြောင်းလဲသွားရန် မဖြစ်နိုင်ချေ။

"ငါတို့ကို တစ်ယောက်ယောက်က စောင့်ကြည့်နေပြီ၊ ဒါတင်မကသေးဘူး... အဲဒီလူက ငါတို့ရဲ့ စကားပြောတွေကိုပါ ကြားသွားပုံရတယ်၊ ငါ ပြင်ပကမ္ဘာက လာခဲ့တယ်ဆိုတဲ့ ကိစ္စကိုပါ သိသွားပုံရတယ်"

တူကျွမ်က ရုတ်တရက် အာမေဍိတ်သံတစ်ခု ထွက်ပေါ်သွားခဲ့ပြီး မျက်နှာပြင်မှာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

"တာအိုဆရာ... အဲဒီလူက ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်မှာ အမြဲတမ်း လှည့်လည်နေတာကို ကျွန်မတို့ လုံးဝ သတိမထားမိခဲ့ဘူးလို့ ပြောချင်တာလား"

လီယန်ချူက ခပ်ဖွဖွလေး ခေါင်းညိတ်လိုက်သည်။

တူကျွမ်က မျက်မှောင်ကြုတ်လိုက်မိပြီး -

"တကယ်လို့ နိုင်ငံတော်ဆရာရဲ့ လက်အောက်ခံတွေသာဆိုရင် ကျွန်မကို ဒီလိုမျိုး အလွယ်တကူ လွှတ်ထားမှာမဟုတ်ဘူး၊ ပြီးတော့ တာအိုဆရာဆီကို အရင်ဆုံး ဦးတည်ပြီး တိုက်ခိုက်လာစရာ အကြောင်းမရှိဘူး"

လီယန်ချူက ဆိုလိုက်သည်။

"ဒီလျန်နိုင်ငံက လူပေါင်းစုံ ရောထွေးနေတာ၊ အခုအချိန်မှာ တစ်ဖက်လူရဲ့ အဆင့်အတန်းကို ဆုံးဖြတ်ဖို့ ခက်ခဲသေးတယ်၊ ငါတို့တွေ မခွဲကြတာ ပိုကောင်းမယ်၊ မဟုတ်ရင် တစ်ခုခု ဖြစ်ပွားခဲ့ရင် သိရှိနိုင်မှာမဟုတ်ဘူး"

တူကျွမ်မှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့ရသည်။

ညဉ့်နက်ပိုင်းသို့ ရောက်ရှိလာခဲ့ပြီးနောက် ၎င်းတို့ သုံးဦးစလုံးမှာ အခန်းတစ်ခန်းတည်း၌ ရှိနေကြသည်။

ယခုအချိန်တွင် လီယန်ချူသည် ခြေတင်ပလ္လင်ခွေထိုင်လျက် တရားထိုင်နေခဲ့ပြီး ကြည့်ရသည်မှာ ကျင့်ကြံခြင်းကို ပြုလုပ်နေသကဲ့သို့ ဖြစ်ပေသည်။

အခန်းတံခါးကို တင်းကျပ်စွာ ပိတ်ထားခဲ့ပြီး ကျွေ့ဟွာကမူ လီယန်ချူ၏ ဘေးတစ်ဖက်တွင် ပျင်းရိငြီးငွေ့စွာဖြင့် လှဲလျောင်းနေခဲ့သည်။

တူကျွမ်တစ်ဦးတည်းသာ အမူအရာမှာ လေးနက်နေခဲ့ပြီး လက်ထဲတွင် ဝိညာဉ်စုပ်လှံနှင့် ထက်မြက်လှသော ဓားရှည်တစ်လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။

..................

လျန်နိုင်ငံ၏ မြို့တော်တွင် ညမထွက်ရအမိန့် ရှိနေသဖြင့် ညဉ့်နက်ပိုင်းသို့ ရောက်ရှိလာလျှင် လမ်းမများပေါ်တွင် မည်သည့်လမ်းသွားလမ်းလာမျှ ရှိမနေခဲ့ချေ။

ဒါတင်မကသေးဘဲ တူကျွမ်၏ ပြောပြချက်အရဆိုလျှင် လျန်နိုင်ငံ၏ မြို့တော်တွင် ညဉ့်နက်ပိုင်း၌ ကင်းလှည့်စစ်သည်များ သို့မဟုတ် အချိန်အချက်ပေးသူများ ပင် ရှိမနေခဲ့ချေ။

ညမထွက်ရအမိန့် ရှိနေခြင်းမှာ သာမန်မျှသာ ဖြစ်သော်လည်း ကင်းလှည့်စစ်သည် သို့မဟုတ် အချိန်အချက်ပေးသူပင် ရှိမနေခြင်းမှာမူ အနည်းငယ် ထူးဆန်းလှပေသည်။

ရုတ်တရက်။

တူကျွမ်သည် မျက်ခွံများ ပြင်းထန်စွာ လေးလံလာခဲ့ပြီး အိပ်ငိုက်ခြင်း ဝေဒနာမှာ တိုက်ခိုက်လာခဲ့သည်။

သူမသည် ခေါင်းကို ခါယမ်းလိုက်ပြီး စိတ်အာရုံကို တည်ငြိမ်အောင် ပြုလုပ်လိုက်သော်လည်း ဤအိပ်ငိုက်ခြင်း ခံစားချက်မှာ အလွန်ပင် ပြင်းထန်လှပေသည်။

တူကျွမ်သည် မျက်ခွံများ ပိုမို၍ လေးလံလာခဲ့ပြီး မှေးစက်လုနီးပါး ဖြစ်သွားခဲ့ရသော်လည်း နားထဲတွင်မူ ရှင်းလင်းပြတ်သားလှသော ခြေသံများကို ကြားနေခဲ့ရသည်။

'တောက် တောက် တောက်'

ခြေသံများမှာ အဆက်မပြတ် နီးကပ်လာခဲ့ပြီး တည်းခိုခန်း အခန်း၏ အပြင်ဘက်တွင် တစ်စုံတစ်ဦး လှည့်လည်သွားလာနေသကဲ့သို့ ဖြစ်ပေသည်။

ဝေဝါးနေသော စိတ်အာရုံကြားမှ တူကျွမ်သည် အခန်းတံခါးကို တွန်းဖွင့်၍ ဝင်ရောက်လာသော လူရိပ်တစ်ခုကို မြင်တွေ့လိုက်ရသည်။

ထိုလူ၏ လှုပ်ရှားမှုမှာ မမြန်ဆန်လှဘဲ မည်သူ့ကိုမျှ နှောင့်ယှက်ခြင်းမရှိချေ။

တူကျွမ်က စူးစိုက်ကြည့်လိုက်ပြီးနောက် အော်ဟစ်ရန် ကြံရွယ်လိုက်မိသည်။

တံခါးကို တွန်းဖွင့်၍ ဝင်ရောက်လာသောသူမှာ အမှန်တကယ်တော့ လီတာအိုဆရာ ဖြစ်နေခဲ့သောကြောင့်ပင်။

ခန္ဓာကိုယ်မှာ မတ်တတ်ရှိနေပြီး မျက်နှာပြင်မှာ ခန့်ညားလှကာ ခါးနောက်တွင်မူ ရှေးဟောင်းဓားရှည်တစ်လက်ကို ချိတ်ဆွဲထားခဲ့သည်။

"နောက်ထပ် လီတာအိုဆရာ တစ်ယောက်လား..."

တူကျွမ်က ပါးစပ်ကို ဖွင့်ဟ၍ ပြောဆိုလိုသော်လည်း မျက်ခွံများမှာ ဖွင့်၍မရဘဲ ပါးစပ်မှာလည်း စကားလုံးများ ထွက်ပေါ်လာခြင်းမရှိချေ။

ဝေဝါးနေသော အခြေအနေကြားမှ ထိုတံခါးကို တွန်းဖွင့်၍ ဝင်ရောက်လာသော လီတာအိုဆရာမှာ ကုတင်ထက်၌ ခြေတင်ပလ္လင်ခွေထိုင်လျက် တရားထိုင်နေသော လီတာအိုဆရာထံသို့ လျှောက်လှမ်းသွားသည်ကိုသာ မြင်တွေ့လိုက်ရသည်။

"သတိထား..."

တူကျွမ်၏ စိတ်ထဲတွင် ဒေါသတကြီး အော်ဟစ်လိုက်မိသော်လည်း ပါးစပ်ဖျားမှမူ မည်သည့်အသံမျှ ထွက်ပေါ်လာခြင်းမရှိချေ။

ဒါတင်မကသေးဘဲ သူမ၏ ပတ်ဝန်းကျင်ရှိ မြင်ကွင်းများမှာ အဆက်မပြတ် အောက်သို့ နိမ့်ဆင်းသွားခဲ့သည်။

မျက်စိရှေ့မှောက်ရှိ မြင်ကွင်းများမှာလည်း အဆက်မပြတ် ကျဉ်းမြောင်းသွားခဲ့ကာ စက်ဝိုင်းပုံစံ အပေါက်ငယ်တစ်ခုကဲ့သို့ ဖြစ်လာခဲ့ရသည်။

မျှော်လင့်ချက်မဲ့ခြင်းနှင့် အေးစက်လှသော ခံစားချက်တစ်ခုမှာ တူကျွမ်အား လွှမ်းခြုံသွားခဲ့ရတော့သည်။

"စိတ်ဝိညာဉ်ညှို့ယူခြင်း မန္တန်လား..."

"ဒါမှမဟုတ် မိစ္ဆာတစ်ကောင်ကောင် ဝင်ရောက်လာတာလား..."

တူကျွမ်၏ စိတ်ထဲ၌ နောက်ဆုံးသော ကြည်လင်မှုမှာ မှောင်မိုက်ခြင်းအတွင်းသို့ နစ်မြုပ်လုနီးပါး ဖြစ်သွားခဲ့ရစဉ် နားထဲတွင်မူ ရုတ်တရက် ပြင်းထန်လှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"သတ္တိရှိလှချေလား"

ကုတင်ထက်၌ တရားထိုင်နေသော လီယန်ချူသည် ရုတ်တရက် မျက်ဝန်းအစုံကို ဖွင့်လှစ်လိုက်ပြီး မျက်ဝန်းများမှာ မီးရှူးတန်ဆောင်ကဲ့သို့ လင်းလက်သွားခဲ့ကာ ဟင်းလင်းပြင်ထံသို့ လက်ဝါးတစ်ချက် ချက်ချင်း ရိုက်နှက်လိုက်တော့သည်။

စကားသံ မဆုံးခင်မှာတင် ဤလက်ဝါးချက်မှာ အရှေ့တည့်တည့်ရှိ လီယန်ချူထံသို့ ကျရောက်သွားခဲ့သည်။

ထိုအရှေ့တွင်ရှိနေသော ခန့်ညားလှသော လူငယ်တာအိုဆရာ၏ မျက်နှာပြင်တွင် ထူးဆန်းလှသော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

လီယန်ချူ၏ လှုပ်ရှားမှုကို အတုယူလျက် တူညီသော ပုံစံဖြင့် ပြန်လည်တိုက်ခိုက်လိုက်သည်။

သို့သော်လည်း လီယန်ချူ၏ တိုက်ကွက်ပြောင်းလဲမှုများမှာ အလွန်ပင် ဆန်းပြားလှသဖြင့် တိုက်ကွက်သုံးကွက်အတွင်းမှာတင် လက်သီးတစ်ချက်က ထိုလူ၏ နဖူးပြင်ထံသို့ တိုက်ရိုက်ကျရောက်သွားခဲ့သည်။

'ဗုန်း'

ပြင်းထန်လှသော ရိုက်ခတ်သံနှင့်အတူ ထိုလူငယ်တာအိုဆရာမှာ မြေပြင်သို့ လဲကျသွားခဲ့ရတော့သည်။

သို့သော်လည်း ဤအတုအယောင် တာအိုဆရာ၏ ပါးစပ်ဖျားတွင် ထူးဆန်းလှသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။

"မင်းက တကယ့်ကိုပဲ ကိုင်တွယ်ရ ခက်ခဲတာပဲ..."

ချက်ချင်းပင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး လီယန်ချူ၏ မျက်ခုံးအလယ် ထံသို့ ပျံသန်းဝင်ရောက်သွားခဲ့တော့သည်။

တူကျွမ်မှာမူ လီယန်ချူ၏ ပြင်းထန်သော အော်ဟစ်သံကြောင့် မျက်ဝန်းများမှာ ကြည်လင်မှုသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ကျွေ့ဟွာမှာမူ ရန်သူကြီးနှင့် ရင်ဆိုင်ရသကဲ့သို့ လီယန်ချူ၏ ဘေးတစ်ဖက်တွင် စိုးရိမ်ပူပန်စွာဖြင့် လှည့်လည်နေခဲ့သည်။

ဤရန်သူမှာ အမှန်တကယ်တော့ ဝိညာဉ်သိမ်းပိုက်ခြင်း မန္တန်ပညာရပ်ကို ထုတ်ဖော်နိုင်ခြင်း ဖြစ်ပေသည်။

ကျွေ့ဟွာမှာ ယခုအချိန်တွင် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ သန်မာမှုသာရှိပြီး မန္တန်တန်ခိုးပညာရပ်များကို ထုတ်ဖော်၍မရသဖြင့် မျက်နှာပြင်တွင် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေခဲ့ရသည်။

သို့သော်လည်း လီယန်ချူမှာမူ ယခုအချိန်တွင် အလွန်ပင် ဆန်းပြားလှသော ခံစားချက်တစ်ခုကို ရရှိနေခဲ့သည်။

အစကမူ သူ၏ စိတ်အာရုံပင်လယ် ကို လုံးဝ ဆက်သွယ်၍မရခဲ့သော်လည်း ယခုအချိန်တွင်မူ စိတ်အာရုံပင်လယ်၏ ဖြစ်တည်မှုကို အာရုံခံမိနေခဲ့ပြီ ဖြစ်သည်။

ပတ်ဝန်းကျင် အခြေအနေများမှာ ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး ဆန်းပြားလှသော ဟင်းလင်းပြင်တစ်ခုအတွင်းသို့ ရောက်ရှိသွားခဲ့ရာ ဤနေရာမှာ သူ၏ စိတ်အာရုံပင်လယ်ပင် ဖြစ်ပေသည်။

အရှေ့တည့်တည့်တွင်မူ သူနှင့် တစ်ထေရာတည်း တူညီလှသော အတုအယောင် တာအိုဆရာ ရှိနေခဲ့ပြီး မျက်နှာပြင်ရှိ အပြုံးမှာမူ အလွန်ပင် မကောင်းဆိုးဝါးဆန်လှပေသည်။

"တကယ်လို့ ထျန်းကျူးနယ်မြေရဲ့ ထူးဆန်းတဲ့ ဖိနှိပ်မှုသာမရှိရင်... ဒီလိုမျိုး ကြီးမားတဲ့ အခွင့်အရေးက ငါ့လက်ထဲကို ဘယ်လိုလုပ်ပြီး ရောက်ရှိလာမှာလဲ"

ထိုလူက ရူးသွပ်စွာဖြင့် ရယ်မောလိုက်ပြီး -

"သိုင်းနတ်ဘုရား တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်နိုင်မယ်ဆိုရင်... ဒီအခွင့်အရေးက ထျန်းကျူးနယ်မြေရဲ့ အကြီးမားဆုံးသော ကံကောင်းခြင်းထက်မညံ့ဘူး"

စကားအဆုံးတွင် သူသည် လက်ကိုဆန့်ထုတ်၍ လီယန်ချူထံသို့ လှမ်း၍ ဖမ်းဆီးလိုက်တော့သည်။

လီယန်ချူ၏ ပတ်ဝန်းကျင်တွင် ချက်ချင်းပင် အဖြူရောင် အရိုးစုအကျဉ်းထောင်တစ်ခု ထွက်ပေါ်လာခဲ့ပြီး အရိုးစုတစ်ခုချင်းစီမှာ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေခဲ့ကာ ဆန်းပြားလှသော အရှိန်အဝါများ ပြည့်နှက်နေခဲ့သော်လည်း မည်သည့်မိစ္ဆာအငွေ့အသက် သို့မဟုတ် အမိုက်မှောင်အငွေ့အသက်မျိုးမျှ ရှိမနေခဲ့ချေ။

လီယန်ချူ၏ အမူအရာမှာ တည်ငြိမ်နေခဲ့ပြီး အရှေ့တည့်တည့်ရှိ အတုအယောင် တာအိုဆရာအား လေးနက်စွာ တစ်ချက် ကြည့်လိုက်ပြီးနောက်

"လာတာ အချိန်ကိုက်ပဲ..."

သူက အေးစက်စွာ ပြုံးလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ ဤအဖြူရောင် အရိုးစုအကျဉ်းထောင်မှာ မည်သည့်အားစိုက်ထုတ်မှုမျှ ပြုလုပ်စရာမလိုဘဲ ချက်ချင်းပင် ကြေမွပျက်စီးသွားခဲ့ရတော့သည်။

သူနှင့် တစ်ထေရာတည်း တူညီလှသော အတုအယောင် တာအိုဆရာ၏ မျက်နှာပြင်မှာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

"မဖြစ်နိုင်တာ... မင်းက ဘာဖြစ်လို့ ဒီနေရာမှာ စွမ်းအားတွေကို ထုတ်သုံးလို့ရနေတာလဲ"

ယခုအချိန်တွင် လီယန်ချူသည် သူ၏ လက်ညှိုးဖြင့် မိမိ၏ နဖူးပြင်ကို ခပ်ဖွဖွလေး တောက်လိုက်ရာ ရေကန်တစ်ခုအတွင်းသို့ ရေစက်တစ်ခု ကျရောက်သွားသည့်အလား အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

သူ့အား ဗဟိုပြုလျက် အလင်းတန်းတစ်ခုမှာ ပတ်ဝန်းကျင်သို့ အရှိန်အဟုန်ဖြင့် ပြန့်နှက်သွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာတင် စိတ်အာရုံပင်လယ်တစ်ခုလုံးမှာ အလင်းတန်းများစွာဖြင့် လင်းလက်သွားခဲ့ရတော့သည်။

ဤအလင်းတန်းများ၏ ရိုက်ခတ်မှုအောက်တွင် အရှေ့တည့်တည့်ရှိ အတုအယောင် တာအိုဆရာ၏ ခန္ဓာကိုယ်မှာ ပြောင်းလဲသွားခဲ့သည်။

အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ အလွန်ပင် ညှို့ယူဖမ်းစားနိုင်စွမ်းရှိသော မိန်းကလေးတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့သည်။

အသားအရေမှာ နှင်းကဲ့သို့ ဖြူဖွေးနေခဲ့သော်လည်း မျက်ခုံးအစုံကြားတွင်မူ သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်နေခဲ့သည်။

မိန်းကလေး၏ မျက်နှာပြင်မှာ ကြီးစွာ ပြောင်းလဲသွားခဲ့ပြီး မန္တန်ပညာရပ်ကို ထုတ်ဖော်လျက် ဤနေရာမှ ထွက်ပြေးရန် ကြံရွယ်လိုက်သည်။

သို့သော်လည်း လီယန်ချူ၏ စိတ်အာရုံပင်လယ်အတွင်း၌ အလင်းတန်းများမှာ အဆမတန် ကြီးမားလာခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါများစွာ ထွက်ပေါ်လာခဲ့သည်။

ခရမ်းရွှေရောင်အငွေ့အသက်၊ မီးနတ်ဘုရားကျမ်း ၊ ဓားကျမ်းများနှင့် ရှင်းဟွမ်အလံတော် စသည့် ကတ်ပြားများအားလုံးမှာ လင်းလက်လာခဲ့ပြီး ကြီးမားဆန်းပြားလှသော အရှိန်အဝါများကို ထုတ်ဖော်လိုက်တော့သည်။

အနီရောင်ဝတ်စုံနှင့် မိန်းကလေးမှာ အစကမူ မျက်နှာပြင် အနည်းငယ် ပြောင်းလဲရုံမျှသာ ရှိသော်လည်း ယခုအချိန်တွင် ဤမျှအထိ များပြားလှသော ကတ်ပြားများကို မြင်တွေ့လိုက်ရလျှင်မူ ကြီးစွာ တုန်လှုပ်သွားခဲ့သည်။

"မဖြစ်နိုင်တာ... မဖြစ်နိုင်ဘူး..."

"မင်းက... မင်းက တကယ်တမ်းကျတော့ ဘယ်သူလဲ..."

အစကမူ သူမတွင် မည်သည့်အမူအရာမျိုး ရှိနေပါစေ၊ အရာအားလုံးကို မိမိ၏ လက်ဖဝါးအတွင်း၌ ကစားနိုင်သည်ဟူသော တည်ငြိမ်မှုမျိုး ရှိနေခဲ့ခြင်း ဖြစ်ပေသည်။

သို့သော်လည်း ယခုအချိန်တွင်မူ သူမသည် လုံးဝ ထိတ်လန့်တုန်လှုပ်သွားခဲ့ရပြီ ဖြစ်သည်။

ဤကြီးမားလှသော အရှိန်အဝါတစ်ခုတည်းဖြင့်တင် သူမအား အသက်ရှူရ ခက်ခဲစေခဲ့သည်။

လီယန်ချူက တည်ငြိမ်စွာဖြင့် ဆိုလိုက်သည်။

"မင်းရဲ့ ကိုယ်ပေါ်မှာ ဒီကမ္ဘာလောကရဲ့ တရားသဘောနဲ့ ဆက်စပ်နေတဲ့ အရှိန်အဝါတစ်ခု ရှိနေတာပဲ၊ အချိန်ကိုက်ပဲ... မင်းရဲ့ ဒီအရှိန်အဝါကို အသုံးပြုပြီးတော့ ငါ့ရဲ့ ဖိနှိပ်မှု အစိတ်အပိုင်းအချို့ကို ဖောက်ဖျက်ရမယ်"

အမှန်တကယ်တော့ ထိုကမ္ဘာလောက၏ တရားသဘောမှာ မည်မျှပင် သန်မာနေပါစေ သိုင်းနတ်ဘုရားတစ်ဦးကို လုံးဝ နှိမ်နင်းထားနိုင်ခြင်းမရှိချေ၊ ဒါတင်မကသေးဘဲ လီယန်ချူတွင် သန်မာလှသော ကတ်ပြားများစွာ ရှိနေခဲ့သေးသည်။

သို့သော်လည်း အပြင်ပန်းတွင်မူ သူသည် မန္တန်ပညာရပ်များကို ထုတ်ဖော်၍မရဘဲ အဆက်အသွယ် ပြတ်တောက်နေသကဲ့သို့ ဖြစ်နေခဲ့ခြင်း ဖြစ်ပေသည်။

ဤမိန်းကလေး၏ ကိုယ်ပေါ်တွင် ထူးခြားလှသော အရှိန်အဝါတစ်ခု ရှိနေပြီး ၎င်းမှာ ဤကမ္ဘာလောက၏ ဖိနှိပ်မှု အစိတ်အပိုင်းအချို့ကို ပိုင်ဆိုင်ထားခြင်း ဖြစ်ပေသည်။

ယခုအချိန်တွင် သူမသည် သူ၏ စိတ်အာရုံပင်လယ်အတွင်း၌ ပိတ်မိနေခဲ့ပြီ ဖြစ်သည်။

မိန်းကလေး၏ မျက်နှာပြင်မှာ ပြောင်းလဲသွားခဲ့သော်လည်း မျက်ဝန်းအစုံတွင်မူ သတ်ဖြတ်လိုသော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။

သူမ၏ လက်ဖဝါးအတွင်းမှ အမည်းရောင်အငွေ့အသက်တစ်ခု ထွက်ပေါ်လာခဲ့ပြီး ထိုအငွေ့အသက်မှာ အမည်းရောင် အလံငယ်တစ်ခုအဖြစ် ပြောင်းလဲလျက် သူမ၏ ဦးခေါင်းထက်တွင် လွင့်ပျံနေခဲ့သည်။

"စိတ်အာရုံပင်လယ်အတွင်းမှာ တိုက်ခိုက်တယ်ဆိုတာ... ကိုယ့်ရဲ့ အိမ်အတွင်းမှာတင် ပြဿနာရှာတာနဲ့ အတူတူပဲ၊ ဒါက မင်းရဲ့ ကိုယ်ပိုင်နေရာပဲဟာကို၊ မင်းကိုယ်တိုင် သေလမ်းရှာတာပဲ၊ ငါ့ကို အပြစ်မတင်နဲ့"

အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ပြင်းထန်စွာ အော်ဟစ်လိုက်ပြီး အမည်းရောင် အလံငယ်ထံမှ ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားများ ထွက်ပေါ်လာခဲ့သည်။

၎င်းမှာ အလွန်ပင် ဆန်းပြားလှသော စွမ်းအားတစ်ခုဖြစ်ပြီး လူကို တုန်လှုပ်စေသော်လည်း မည်သည့်အမိုက်မှောင်အငွေ့အသက်မျိုးမျှ ရှိမနေခဲ့ဘဲ တိုက်ရိုက် တရားသဘောဆီသို့ ဦးတည်နေခဲ့သည်။

သို့သော်လည်း လည်ပတ်နေသော လီယန်ချူ၏ စိတ်အာရုံပင်လယ်အတွင်း၌မူ အလင်းတန်းများမှာ တောက်ပနေဆဲ ဖြစ်ပေသည်။

ရှင်းဟွမ်အလံတော်ထံမှ နတ်ဘုရားအလင်းတန်းများ ကျရောက်လာခဲ့ပြီး သူ၏ ပတ်ဝန်းကျင်ကို ကာကွယ်ထားသဖြင့် မည်သည့်မန္တန်ပညာရပ်မျိုးမျှ သက်ရောက်နိုင်ခြင်းမရှိချေ။

အပြာရောင်ကြာပန်းအလံတော် ထံမှလည်း အလင်းတန်းများစွာ ထွက်ပေါ်လာခဲ့ပြီး ဖြူဖွေးသောအလင်းတန်းတစ်ခုက မိန်းကလေး၏ အမည်းရောင်အလံငယ်ကို တိုက်ရိုက် ထိမှန်သွားခဲ့သည်။

"နတ်ဘုရားရတနာ အစစ်အမှန်မဟုတ်ဘဲ... အရှိန်အဝါ အစိတ်အပိုင်းတစ်ခုပဲကိုး"

လီယန်ချူက အေးစက်စွာ ပြုံးလိုက်သည်။

မိန်းကလေး၏ အမူအရာမှာ ကြီးစွာ ပြောင်းလဲသွားခဲ့ရသည်။ တစ်ဖက်လူ၏ စိတ်အာရုံပင်လယ်အတွင်း၌ နတ်ဘုရားရတနာ နှစ်ခုလုံး ရှိနေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါအံ့နည်း။

ယခုအချိန်တွင် သူမသည် မန္တန်ပညာရပ်ကို ထုတ်ဖော်လိုက်ပြီး ဦးခေါင်းနောက်ရှိ ဆံနွယ်ရှည်များကို ဝှေ့ယမ်းလိုက်ရာ ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းလှသော မြွေဆိုးများစွာအသွင် ပြောင်းလဲလျက် လီယန်ချူထံသို့ ပြေးဝင်သွားခဲ့တော့သည်။

ဤမန္တန်ပညာရပ်မှာ အဆိပ်အတောက် ပြည့်နှက်နေခဲ့သော်လည်း အလွန်ပင် ပြင်းထန်လှသော ခံစားချက်တစ်ခု ရှိနေခဲ့သည်။

ယခုအချိန်တွင် အပြာရောင်ကြာပန်းအလံတော်၏ လှုပ်ရှားမှုအောက်တွင် ဖြူဖွေးသောအလင်းတန်းက ဤမြွေဆိုးများအားလုံးကို တိုက်ရိုက် နှိမ်နင်းလိုက်တော့သည်။

မိန်းကလေးမှာလည်း ဖြူဖွေးသောအလင်းတန်း၏ အောက်တွင် လုံးဝ လှုပ်ရှား၍မရတော့ချေ။

"မင်းက တကယ့်ကိုပဲ သေလမ်းရှာနေတာပဲ"

လီယန်ချူ၏ အမူအရာမှာ အေးစက်နေခဲ့ပြီး လက်ဝါးတစ်ချက်ကို ထိုမိန်းကလေးထံသို့ ပြင်းထန်စွာ ရိုက်နှက်လိုက်တော့သည်။

အနီရောင်ဝတ်စုံနှင့် မိန်းကလေး၏ ခန္ဓာကိုယ်မှာ ဟင်းလင်းပြင်အလယ်တွင် ငြိမ်သက်သွားခဲ့ပြီး လီယန်ချူ၏ လက်ဝါးချက်ကြောင့် ရင်ညွန့်ရိုးများမှာ ချက်ချင်းပင် ကြေမွသွားခဲ့ရသည်။

'ကရွတ် ကရွတ်'

အရိုးစူးများမှာ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားခဲ့ပြီး မိန်းကလေး၏ မျက်ဝန်းအစုံမှာ အရောင်အဝါ မှိန်ဖျော့သွားခဲ့ရသည်။

သူမသည် ယခုအချိန်အထိ မယုံကြည်နိုင်သေးဘဲ မျက်နှာပြင်မှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းအောင် ပြောင်းလဲသွားခဲ့သည်။

"မင်းက... တကယ်တမ်းကျတော့ ဘယ်သူလဲလို့..."

လီယန်ချူ၏ အမူအရာမှာ အေးစက်နေခဲ့ပြီး ထိုမိန်းကလေးအား ပြန်လည်ဖြေကြားခြင်းမရှိဘဲ ဓားအလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်ရာ မိန်းကလေး၏ ရင်ညွန့်ကို တိုက်ရိုက် ဖောက်ထွက်သွားခဲ့ပြီး အကြိမ်ကြိမ် မွှန်းနှိပ်လိုက်တော့သည်။

၎င်းမှာ စိမ်းပြာရောင်ဓားဆန္ဒ ဖြစ်ပေသည်။

၎င်းမှာ ရှေးယခင်က တာအိုဆရာ တောက်ယန် ရရှိခဲ့သော ကြီးမားလှသော အခွင့်အရေးဖြစ်ပြီး နောက်ပိုင်းတွင် လီယန်ချူ၏ လက်ထဲသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

အစကမူ ဆိုင်ရှင်မ၏ အကူအညီဖြင့် ဖိနှိပ်မှုအားလုံးကို ဖျက်ဆီးထားခဲ့ပြီး ဖြစ်သည်။

နောက်ပိုင်းတွင် လီယန်ချူသည် ၎င်းအား မိမိ၏ စိတ်အာရုံပင်လယ်အတွင်း၌ အမြဲတမ်း မွေးမြူထားခဲ့ခြင်းဖြစ်ပြီး ဤရတနာမှာ အလွန်ပင် ထူးခြားလှကာ ဟင်းလင်းပြင်ကိုပင် ဖောက်ထွက်နိုင်စွမ်း ရှိပေသည်။

ဤအနီရောင်ဝတ်စုံနှင့် မိန်းကလေးမှာ တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် စိုရွှဲသွားခဲ့ရပြီး အသက်ရှူသံမှာ အားနည်းသွားခဲ့ရသည်။

တကယ်လို့ လီယန်ချူသာ သူမ၏ အသက်ကို ချန်မထားခဲ့လျှင် ယခုအချိန်တွင် သူမသည် လုံးဝ ကြေမွပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

..................

တည်းခိုခန်းအတွင်း၌မူ အရာအားလုံးမှာ မကြာသေးမီကမှ ဖြစ်ပျက်ခဲ့သကဲ့သို့ ရှိနေခဲ့သည်။

ကျွေ့ဟွာမှာ လီယန်ချူအား စိုးရိမ်ပူပန်စွာဖြင့် စိုက်ကြည့်နေဆဲ ဖြစ်သော်လည်း လီယန်ချူသည် ရုတ်တရက် မျက်ဝန်းအစုံကို ဖွင့်လှစ်လိုက်ပြီး လက်ထဲမှ အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်သည်။

မြေပြင်သို့ ကျရောက်သွားပြီးနောက်တွင် အနီရောင်ဝတ်စုံနှင့် မိန်းကလေးတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် စိုရွှဲနေခဲ့ကာ အလွန်ပင် သနားစရာကောင်းလှပေသည်။

ကျွေ့ဟွာသည် လီယန်ချူ နိုးထလာသည်ကို မြင်လျှင် ကြီးစွာ ဝမ်းမြောက်သွားခဲ့သည်။

"မင်း...ဘာမှမဖြစ်ဘူးမလား"

လီယန်ချူက သူမအား ခပ်ဖွဖွလေး ပြုံးပြလိုက်ပြီး -

"အဆင်ပြေပါတယ်၊ အချိန်ကိုက်ပဲ... ဒီမိန်းကလေးကို အသုံးပြုပြီးတော့ ဒီနေရာက ဖိနှိပ်မှုကို ဖောက်ဖျက်ရမယ်"

ကျွေ့ဟွာမှာ အံ့ဩဝမ်းသာသွားခဲ့ရပြီး -

"မင်း... မန္တန်ပညာရပ်တွေကို ထုတ်သုံးလို့ရသွားပြီလား"

လီယန်ချူ၏ လက်ဖဝါးအတွင်းမှ အမည်းရောင် အလံငယ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

၎င်းအား ခပ်ဖွဖွလေး ဝှေ့ယမ်းလိုက်ရာ ကျွေ့ဟွာသည် မိမိ၏ ခန္ဓာကိုယ်ပေါ်ရှိ လေးလံလှသော သံခြေကျင်းများ ကွာကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

ခန္ဓာကိုယ်အတွင်းရှိ ပြင်းထန်လှသော စွမ်းအားများမှာ ပြန်လည်ရောက်ရှိလာခဲ့ပြီး အထွတ်အထိပ်အချိန်ကို မမီသေးသော်လည်း ၎င်းမှာ သူမအား ကြီးစွာ အံ့ဩဝမ်းသာစေခဲ့သည်။

လီယန်ချူက တည်ငြိမ်စွာ ပြုံးလိုက်ရင်း -

"ဒီရတနာက ဒီနေရာရဲ့ ဖိနှိပ်မှုတွေနဲ့ ဆက်စပ်နေပုံရတယ်၊ ဖိနှိပ်မှု အစိတ်အပိုင်းအချို့ကို ဖောက်ဖျက်နိုင်စွမ်း ရှိတယ်"

မြေပြင်ပေါ်ရှိ အနီရောင်ဝတ်စုံနှင့် မိန်းကလေးမှာမူ ထူးထူးခြားခြား လှုပ်ရှားနိုင်ခြင်းမရှိဘဲ ခန္ဓာကိုယ်အတွင်း၌ ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားများစွာ ရှိနေခဲ့သည်။

အထူးသဖြင့် ထက်မြက်လှသော ဓားအရှိန်အဝါများမှာ သူမ၏ ခန္ဓာကိုယ်အတွင်း၌ ရူးသွပ်စွာဖြင့် လှည့်လည်နေသဖြင့် သူမသည် အချိန်တိုင်းတွင် နာကျင်သော ဝေဒနာကို ခံစားနေရခြင်း ဖြစ်ပေသည်။

လီယန်ချူက သူမအား တည်ငြိမ်စွာဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် -

"မင်း တကယ်လို့ ဒီကိစ္စရဲ့ အကြောင်းရင်းတွေကို သေချာရှင်းပြမယ်ဆိုရင်... ငါ မင်းကို လွှတ်ပေးမယ်"

အနီရောင်ဝတ်စုံနှင့် မိန်းကလေးသည် လီယန်ချူ၏ ထူးခြားမှုကို မြင်တွေ့ခဲ့ရပြီးဖြစ်သဖြင့် စိတ်အာရုံထဲ၌ တုန်လှုပ်နေခဲ့သည်။

ယခုအချိန်တွင် လီယန်ချူ ဤကဲ့သို့ ပြောဆိုသည်ကို ကြားရလျှင် မျက်ဝန်းအစုံ၌ အံ့ဩဝမ်းသာမှုများ ထွက်ပေါ်လာခဲ့သည်။

"တကယ်လား..."

လီယန်ချူ၏ အမူအရာမှာ တည်ငြိမ်နေခဲ့ပြီး အေးစက်စွာ ပြုံးလိုက်ရင်း -

"မင်းက ငါ လူဘု ကို ဘယ်လိုလူလို့ ထင်နေတာလဲ၊ မင်းလို မိန်းကလေးတစ်ယောက်ကို လိမ်လည်ပါ့မလား"

အနီရောင်ဝတ်စုံနှင့် မိန်းကလေးမှာ အံ့ဩဝမ်းသာသွားခဲ့သည်။

"အော်... ရှင့်ရဲ့ နာမည်အစစ်က လူဘူ ကိုး၊ ဒါကြောင့်မလို့ပဲ... အစက နာမည်အစစ်ကို လွယ်လွယ်နဲ့ မပြောတာနေမှာ"

ယခုအချိန်တွင် တူကျွမ်ကလည်း လီယန်ချူအား စိုက်ကြည့်လိုက်ပြီး အနည်းငယ်မျှ နားလည်သွားခဲ့ကာ -

"အော်... လီတာအိုဆရာရဲ့ နာမည်အစစ်က လူဘု ကိုး..."

အနီရောင်ဝတ်စုံနှင့် မိန်းကလေးမှာ ခေတ္တမျှ စိတ်လွင့်သွားခဲ့ရသည်။

ယခုအချိန်တွင် သူမသည် ဤလူငယ်တာအိုဆရာ၏ တိုက်ခိုက်ခြင်းကို ခံထားရရုံမျှမကဘဲ ဝိညာဉ်ခြောက်ပါးအလံ ၏ အမှတ်အသားရတနာကိုလည်း ဆုံးရှုံးထားခဲ့ရသဖြင့် မကြာမီမှာပင် ထိုကမ္ဘာလောက၏ ပြင်းထန်စွာ ဖိနှိပ်ခြင်းကို ခံရတော့မည် ဖြစ်သည်။

သူမသည် နောက်ဆုံးအကြိမ်အဖြစ် ကြိုးစားလိုသဖြင့် တစ်ဖက်လူက နာမည်ကို တိုက်ရိုက်ပြောဆိုလာခြင်းကြောင့် လိမ်လည်နေခြင်းမဟုတ်ဟု တွေးတောလိုက်မိသည်။

"မင်းရဲ့ လက်ထဲမှာ ရှိနေတာက ဝိညာဉ်ခြောက်ပါးအလံရဲ့ အမှတ်အသားရတနာ ပဲ၊ စုစုပေါင်း အမှတ်အသားရတနာ ခြောက်ခု ရှိတာ၊ အကုန်လုံး စုစည်းနိုင်ခဲ့မယ်ဆိုရင် အစစ်အမှန် ဝိညာဉ်ခြောက်ပါးအလံကို ရှာဖွေတွေ့ရှိနိုင်မယ့် အခွင့်အရေး ရှိတယ်"

"ဒီထျန်းကျူးနယ်မြေအတွင်းမှာ ငါသိရသလောက်ဆိုရင် အမှတ်အသားရတနာ သုံးခု ရှိနေခဲ့တာ၊ ဒါကြောင့်မလို့ပဲ ဒီနေရာကို ဝင်ရောက်လာတဲ့ ကျင့်ကြံသူအားလုံးကို နှိမ်နင်းထားနိုင်တာပဲ စွမ်းအား သန်မာလေလေ၊ ဖိနှိပ်မှုက ပိုပြီးတော့ ပြင်းထန်လေလေပဲ၊ မန္တန်ပညာရပ်တွေကို ထုတ်သုံးလို့မရဘဲ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ သန်မာမှုကိုပဲ အားကိုးရတာ"

"အရင်က ငါက ဒီဝိညာဉ်ခြောက်ပါးအလံရဲ့ အမှတ်အသားရတနာတစ်ခုကို ကိုင်စွဲထားခဲ့လို့သာ ဒီနေရာရဲ့ ဖိနှိပ်မှုကို ရှောင်တိမ်းနိုင်ခဲ့ပြီး မန္တန်ပညာရပ် အစိတ်အပိုင်းအချို့ကို ထုတ်သုံးနိုင်ခဲ့တာ"

ဤနေရာအထိ ပြောဆိုလိုက်ပြီးနောက် သူမသည် လီယန်ချူအား အနည်းငယ် မျက်စောင်းထိုး၍ ကြည့်လိုက်မိသည်။

အခြားသော ဝိညာဉ်ခြောက်ပါးအလံ အမှတ်အသားရတနာကို ကိုင်စွဲထားသူများမှလွဲ၍ သူမထက် သန်မာသော စွမ်းအားကို ပိုင်ဆိုင်နိုင်ရန် လုံးဝ မဖြစ်နိုင်ချေ။

ဤနယ်မြေအတွင်းရှိ အစွမ်းထက်ဆုံးသော နတ်ဘုရားသုံးပါးကို သွားရောက်၍ မနှောင့်ယှက်သရွေ့ မည်သည့်ပြဿနာမျိုးမျှ ရှိမလာနိုင်ချေ။

သို့သော်လည်း မည်သူက ထင်မှတ်ထားပါအံ့နည်း၊ ဤလူငယ်တာအိုဆရာ၏ လက်ချက်ဖြင့် သူမ၏ ကျင့်ကြံခြင်းလမ်းစဉ် ပျက်စီးသွားခဲ့ရသည့်အပြင် အမှတ်အသားရတနာပါ လုယက်ခြင်း ခံလိုက်ရသည်။

လီယန်ချူက မျက်မှောင်ကြုတ်လိုက်မိပြီး -

"ဒီနေရာက တကယ်ပဲ စိတ်အာရုံနယ်မြေ လား၊ ဒါမှမဟုတ် တကယ်ပဲ တည်ရှိနေတဲ့ ကမ္ဘာလား"

ယခုအချိန်တွင် တူကျွမ်သည် ထိုစကားကို ကြားလျှင် မျက်ဝန်းအစုံကို ပြူးကျယ်လျက် ဤမြင်ကွင်းကို စိုက်ကြည့်နေခဲ့သည်။

အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ရှင်းပြလိုက်သည်။

"စိတ်အာရုံနယ်မြေမဟုတ်ပါဘူး၊ အရင်က နတ်ဘုရားတစ်ပါးက ပြင်ပကမ္ဘာတစ်ခုကို ဒီနေရာကို တိုက်ရိုက်ရွှေ့ပြောင်းထားခဲ့တာပဲ"

တူကျွမ်သည် ဤစကားကို ကြားလျှင် မည်သည့်အကြောင်းကြောင့်မှန်းမသိဘဲ စိတ်ထဲ၌ သက်ပြင်းတစ်ချက် ချလိုက်မိသည်။

လီယန်ချူက မျက်မှောင်ကြုတ်လိုက်မိပြီး -

"ဒီနေရာကို တိုက်ရိုက် ရွှေ့ပြောင်းထားတာလား..."

အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ခေါင်းညိတ်ပြလိုက်ပြီး -

" ဟုတ်တယ်"

လီယန်ချူက ရုတ်တရက် ဆိုလိုက်သည်။

"မင်းရဲ့ ဒီအမှတ်အသားရတနာက ဘယ်ကနေ ရရှိခဲ့တာလဲ"

အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ရှင်းပြလိုက်သည်။

"အရင်က ငါက မြို့ငယ်လေးတစ်ခုအတွင်းမှာ ပိတ်မိနေခဲ့တာ၊ အဲဒီမြို့လေးက ဒီအမှတ်အသားရတနာရဲ့ စွမ်းအားလွှမ်းမိုးမှုကြောင့် ထူးဆန်းတဲ့ လျှို့ဝှက်နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တယ်၊ နောက်ပိုင်း ဘာဖြစ်လို့လဲမသိဘဲ ဖိနှိပ်မှုတွေ ကြေမွသွားပြီး စွမ်းအားတွေ ယိုစိမ့်လာခဲ့လို့ ငါလည်း အဲဒီနေရာကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တာ"

လီယန်ချူက မျက်ခုံးကို ပင့်လိုက်မိပြီး -

"အဲဒီမြို့လေးရဲ့ နာမည်က ဘာလဲ..."

မိန်းကလေးက -

"လျူကျားမြို့ လို့ ခေါ်တယ်၊ အစက ငါက အဲဒီအမှတ်အသားရတနာကို ရှာဖွေဖို့ သွားခဲ့တာ၊ ဒါပေမဲ့ သွားတာ နောက်ကျသွားခဲ့လို့ အပြောင်းအလဲတွေ ဖြစ်ပွားသွားခဲ့တယ်၊ လျူမိသားစု ဘိုးဘေးနတ်ကွန်း အတွင်းက လူတစ်ယောက်က ဒီရတနာကို ရရှိသွားခဲ့ပြီး ဘိုးဘေးနတ်ကွန်းထဲမှာ ကိုးကွယ်ပူဇော်ထားခဲ့တာ"

လီယန်ချူသည် ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ရသည်။

လျူမိသားစု ဘိုးဘေးနတ်ကွန်း... ၎င်းမှာ ရှေးယခင်က သူ လျူကျွင်းကို သွားရောက်ကယ်တင်ခဲ့သော မြို့လေး ဖြစ်ပေသည်။

သူသည် ဤအနီရောင်ဝတ်စုံနှင့် မိန်းကလေးအား လေးနက်စွာ တစ်ချက် စိုက်ကြည့်လိုက်မိသည်။

တကယ်လို့ ရှေးယခင်က ထူးဆန်းလှသော ဖိနှိပ်မှုများမှာ ဤဝိညာဉ်ခြောက်ပါးအလံ၏ အမှတ်အသားရတနာကြောင့် ဖြစ်ပွားခဲ့ခြင်းဆိုလျှင်

အလွန်ပင် ဖြစ်နိုင်ချေရှိသည်မှာ အလားတူလှသော အခြားနေရာနှစ်ခုဖြစ်သည့်၊

ငရဲမိစ္ဆာဂိုဏ်း ရှိရာ ရှေးဟောင်းမြို့တော်၊

ဒါတင်မကသေးဘဲ ထောင်ယွမ်ရှန်း ဂူဗိမာန်အတွင်းရှိ တာအိုကျောင်းဆောင်များထဲတွင်၊

အခြားသော အမှတ်အသားရတနာ နှစ်ခု ရှိနေနိုင်ပေသည်။

လီယန်ချူသည် ဆက်လက်၍ ဤအနီရောင်ဝတ်စုံနှင့် မိန်းကလေး၏ နောက်ခံကို မေးမြန်းလိုက်သည်။

ဤမိန်းကလေးမှာ မဟာရှ ဟုခေါ်သော ခေတ်ကာလ က မြစ်စောင့်နတ်မင်း တစ်ပါးဖြစ်ပြီး အမွှေးတိုင်နံ့သာ စွမ်းအားဖြင့် တည်ဆောက်ထားသော နတ်ဘုရားတစ်ပါး ဖြစ်ပေသည်။

စစ်မှန်သော စွမ်းအားမှာ ပထမအဆင့်ထက် ကျော်လွန်နေပြီး မြေပြင်နတ်ဘုရားအဆင့်သို့ နီးကပ်လှပေသည်။

သို့သော်လည်း နောက်ပိုင်းတွင် စိတ်ကူးပေါက်ကာ မိမိအား ဘွဲ့အပ်နှင်းထားသော မြစ်ကြီးမှ ထွက်ခွာခဲ့ပြီး လျူမိသားစု ဘိုးဘေးနတ်ကွန်းအတွင်းရှိ ဝိညာဉ်ခြောက်ပါးအလံ အမှတ်အသားရတနာကို လာရောက်ရှာဖွေခဲ့သဖြင့် ထိုနေရာတွင် ပိတ်မိနေခဲ့ပြီး မကြာသေးမီကမှ ဖိနှိပ်မှုကို ဖောက်ဖွက်ကာ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

လီယန်ချူသည် ရှစ်ခွင်မှန် ကို ထုတ်ယူလိုက်ရာ ရှေးဟောင်းမှန်ပြောင်းမှာ လီယန်ချူ၏ ဘေးတစ်ဖက်တွင် လွင့်ပျံနေခဲ့သည်။

နတ်ဘုရားအလင်းတန်းတစ်ခု ကျရောက်သွားခဲ့ပြီး ထိုမိန်းကလေး၏ မူလခန္ဓာကိုယ်ကို ဖော်ပြလိုက်ရာ အရာအားလုံးမှာ အမွှေးတိုင်နံ့သာ စွမ်းအားဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပေသည်။

လီယန်ချူက ဝိညာဥ်မျက်စိ ဖြင့် ထပ်မံ၍ ဝှေ့ယမ်းကြည့်လိုက်လျှင်မူ ဤမိန်းကလေး၏ လာရာကို နားလည်သွားခဲ့သည်။

"မင်း မြစ်စောင့်နတ်မင်း ဖြစ်မလာခင်က... အစက မကောင်းဆိုးဝါး ဝိညာဉ် တစ်ခု ဖြစ်ခဲ့တာကိုး"

အနီရောင်ဝတ်စုံနှင့် မိန်းကလေးမှာ ခေတ္တမျှ ကြောင်အသွားခဲ့ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

"မှန်ပါတယ်..."

သူမသည် လီယန်ချူ၏ လက်ထဲရှိ ရှစ်

ခွင်မှန်ကို တစ်ချက် ကြည့်လိုက်ရာ ဤမှန်ပြောင်းအတွင်း၌ ဆန်းပြားလှသော အငွေ့အသက်များ ပြည့်နှက်နေခဲ့ပြီး နတ်ဘုရားများ၏ မူလအသွင်ကို ဖော်ပြနိုင်သော မှန်ပြောင်း နှင့် တူလှပေသည်။

ဤနတ်ဘုရားအလင်းတန်း၏ အောက်တွင် သူမသည် အလွန်ပင် မသက်မသာ ဖြစ်နေခဲ့ရပြီး ချက်ချင်းပင် ကြေမွပျက်စီးသွားတော့မည့်အတိုင်း ခံစားနေရသည်။

"တာအိုဆရာ... ငါ အမှန်တရားတွေကို အကုန်ပြောပြပြီးပြီပဲဟာကို၊ ငါ့ကို သွားခွင့်ပြုလို့ရပြီမလား"

လီယန်ချူက ခေါင်းကို ခါယမ်းလိုက်ပြီး -

"ဒါပေါ့... မရဘူးလေ"

အနီရောင်ဝတ်စုံနှင့် မိန်းကလေး - "..............."

သူမသည် လီယန်ချူအား အံ့ဩတုန်လှုပ်စွာဖြင့် စိုက်ကြည့်လိုက်ပြီး မယုံကြည်နိုင်စွာဖြင့် -

"တာအိုဆရာရဲ့ ကျင့်ကြံခြင်းက ကြီးမားလှပြီး ကြည့်ရတာ ကြီးမားတဲ့ ကံကြမ္မာတွေကို ပိုင်ဆိုင်ထားတဲ့သူပဲဟာကို... ဒီလိုမျိုး ပြုမူတာက မရေမရာတဲ့ ကံကြမ္မာတွေကို ထိခိုက်စေပြီး ကိုယ့်ကိုယ်ကို ဘေးဒုက္ခတွေ တိုးပွားအောင် ပြုလုပ်တာနဲ့ မတူဘူးလား"

သူမ ပြောဆိုလိုက်ခြင်းမှာ လိမ်လည်နေခြင်းမဟုတ်ချေ။

လေ့ကျင့်သူကျင့်ကြံသူတစ်ဦးသည် ကတိသစ္စာပြုလိုက်ပြီးနောက်တွင် သိသာလှသော ကန့်သတ်ချက်မျိုးမရှိသော်လည်း မိမိစိတ်အလိုအတိုင်း ဖောက်ဖျက်မည်ဆိုပါက နောင်တစ်ချိန်တွင် ကြီးစွာသော ဘေးဒုက္ခများကို ဖြစ်ပွားစေနိုင်ပြီး ၎င်းမှာ ကံကမ္မအကျိုးတရား နှင့် ဆက်စပ်နေခဲ့ခြင်း ဖြစ်ပေသည်။

ကျင့်ကြံခြင်းအဆင့် မြင့်မားလေလေ၊ ကန့်သတ်ချက်က ပိုမို၍ ကြီးမားလေလေ ဖြစ်ပေသည်။

လီယန်ချူ၏ အမူအရာမှာ အေးစက်နေခဲ့ပြီး

ချက်ချင်းပင် သုံးရောင်ခြယ်မီးတောက် တစ်ခုကို ပစ်လွှတ်လိုက်ရာ ထိုအနီရောင်ဝတ်စုံနှင့် မိန်းကလေးမှာ ချက်ချင်းပင် ပြာအဖြစ် ပြောင်းလဲသွားခဲ့ရတော့သည်။

မြန်ဆန်ပြတ်သားလှပေသည်။

တူကျွမ်မှာ နေရာတွင်တင် ကြောင်အသွားခဲ့ရပြီး စိတ်ထဲ၌ ရိုက်ခတ်မှု တစ်ခုကို ခံလိုက်ရပုံရသည်။

ထျန်းကျူးနယ်မြေအတွင်းရှိ လေ့ကျင့်သူကျင့်ကြံသူများမှာ ဤကဲ့သို့သော စည်းကမ်းချက်များကို အလွန်ပင် အလေးထားကြသောကြောင့်ပင်။

လီယန်ချူကမူ ဂရုမစိုက်စွာဖြင့် -

"လူဘု ရဲ့ ကတိကဝတ်က... ငါ လီယန်ချူ နဲ့ ဘာဆိုင်လို့လဲ"

All Chapters