အခန်း (၁၀၃၉-၁၀၄၀)
Vol. 104 Ch. 1039-1040
အခန်း (၁၀၃၉) ဤခန္ဓာကို အဘယ်ကြောင့် နှမြောနေရမည်နည်း
ဝူထိုင်တောင်
ယခုအချိန်တွင် ဤနေရာရှိ ဘုန်းတော်ကြီးကျောင်း အသီးသီးတို့သည် တောင်တံခါးများကို ပိတ်ဆို့ထားကြပြီး မိမိတို့ ဂိုဏ်းသား တပည့်များအား အပြင်သို့ မထွက်ရန် တားမြစ်ပိတ်ပင်ထားကြသလို၊ ဤကာလအတွင်း၌လည်း ဘုရားဖူးဧည့်သည်များ တောင်ပေါ်သို့ တက်ရောက်ခြင်းကို ပြင်းထန်စွာ တားမြစ်ထားခဲ့ကြသည်။
ထိုအချိန်တွင် တောင်တက်လမ်းအတွင်း၌ ခန့်ညားထည်ဝါလှသော လူငယ်တာအိုဆရာတစ်ဦး ရှိနေပြီး သူ၏ ဘေးနားတွင်မူ ကြောင်ကလေးတစ်ကောင် လိုက်ပါလာခဲ့သည်။ လူတစ်ယောက်နှင့် ကြောင်တစ်ကောင်သည် ကြည့်ရသည်မှာ စိတ်လက်အပန်းပြေနေသည့် အမူအရာ ရှိနေကြပြီး တောင်တက်လမ်းအတိုင်း တောင်အောက်သို့ ဖြည်းညင်းစွာ ဆင်းသက်လာခဲ့ကြသည်။
ရုပ်ရည်ချောမောခန့်ညားလှသော လူငယ်တာအိုဆရာက ခြေလှမ်းများကို ရပ်တန့်လိုက်လျှင် ကြောင်ကလေးသည် သာယာစွာ ခုန်တက်လိုက်ပြီး ကျားတစ်ကောင်ပမာ ကြီးမားလှသော အရွယ်အစားသို့ ပြောင်းလဲသွားခဲ့သည်။ သူ၏ ကိုယ်ဟန်သဏ္ဌာန်မှာ သွယ်လျပြီး အလွန်ပင် ကျော့ရှင်းလှပေသည်။
လူငယ်တာအိုဆရာသည် ဖျတ်ခတ်စွာဖြင့် ကျားကြီးပေါ်သို့ ခွစီးလိုက်သည်။ သူ၏ ပေါင်ကြား၌ ရှိနေသည်မှာ ကြောင်ကြီးတစ်ကောင် မဟုတ်ဘဲ ကျင့်ကြံခြင်း အောင်မြင်ပြီး တန်ခိုးရှိလှသော ကျားကြီးတစ်ကောင်အလား ဖြစ်နေခဲ့သည်။ ယခုအချိန်တွင် ထိုကြောင်ကြီး၏ ပတ်ဝန်းကျင်၌ နတ်ဘုရားအမွှေးတိုင်နံ့သာ အလင်းတန်းများ ရစ်ပတ်နှောင်ဖွဲ့နေခဲ့သဖြင့် အလွန်ပင် ဆန်းပြားဆန်းကြယ်လှပေသည်။
ကျွေ့ ဟွာ က ခေါင်းကို လှည့်၍ -
“ပဉ္စမမြောက် အမှတ်အသားရတနာကို ရှာမတွေ့ခဲ့ဘူးလား” ဟု မေးလိုက်သည်။
ဤလူတစ်ယောက်နှင့် ကြောင်တစ်ကောင်မှာ ထျန်းကျူလျှို့ဝှက်နယ်မြေအတွင်းမှ ထွက်ခွာလာခဲ့ကြသော လီယန်ချူနှင့် ကေျွ့ဟွာတို့ပင် ဖြစ်ကြသည်။
လီယန်ချူသည် ထိုစကားကို ကြားလျှင် ခေါင်းကို ခါယမ်းလိုက်ရင်း -
“လျှို့ဝှက်နယ်မြေထဲမှာ အာရုံခံမိသေးတယ်၊ ဒါပေမဲ့ အလွန်ပဲ အားနည်းလွန်းတယ်၊ ကြည့်ရတာ အဲဒီလူရဲ့ ခန္ဓာကိုယ်ပေါ်မှာ ကောင်းကင်လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားနိုင်တဲ့ ရတနာတစ်ခုခု ရှိနေပုံရတယ် ”
ဟု ဆိုလိုက်သည်။
ကျွေ့ဟွာက သက်ပြင်းတစ်ချက် ချလိုက်ရင်း -
“နည်းနည်းတော့ နှမြောဖို့ကောင်းတယ်၊ ဒီလူနဲ့ တွေ့ဖို့ အလွန်ခဲယဉ်းတာကို လွတ်သွားစေခဲ့ရတယ်။”
ဟု ပြောလိုက်သည်။
လီယန်ချူက ပြုံးလိုက်ရင်း -
“ကံတရားအပေါ်မှာပဲ မူတည်ပါတယ်၊ ကိုယ်ရသင့်ရထိုက်တဲ့ အရာတစ်ခုကတော့ ဘယ်လိုမှ လျော့နည်းသွားမှာ မဟုတ်ပါဘူး။” ဟု ဆိုလိုက်သည်။
ကျွေ့ဟွာက ခေါင်းကို လှည့်ကာ မျက်တောင်ခတ်လိုက်ရင်း -
“မရသင့်ရထိုက်တဲ့ အရာဆိုရင်ကော။” ဟု မေးလိုက်ပြန်သည်။
လီယန်ချူက ခဏမျှ တွေးတောလိုက်ပြီးနောက် -
“အဲဒါလည်း လျော့နည်းသွားမှာ မဟုတ်ဘူး။” ဟု ဖြေလိုက်သည်။
ကျွေ့ ဟွာသည် ကျယ်လောင်စွာဖြင့် ဟားဟားပဟား ရယ်မောလိုက်တော့သည်။
ကျွေ့ ဟွာ၏ ခြေဖဝါးအောက်တွင် တိမ်တိုက်များ ဖြစ်ပေါ်လာခဲ့ပြီး ဝေနိုင်ငံသို့ ပြန်လည် ထွက်ခွာခဲ့ကြသည်။ ပတ်ဝန်းကျင်တွင် အမွှေးတိုင်နံ့သာ အလင်းတန်းများ ရစ်ပတ်လျက် ခြေဖဝါးအောက်၌ မင်္ဂလာတိမ်တိုက်များကို နင်းခြေထားခဲ့သည်။
၎င်းမှာ သာမန်သတ္တဝါတစ်ကောင် လုံးဝ မဟုတ်တော့ဘဲ စစ်မှန်သော အမွှေးတိုင်နံ့သာ နတ်ဘုရားတစ်ပါးအလား ဖြစ်နေခဲ့ပြီ ဖြစ်သည်။
လီယန်ချူသည် လက်ထဲတွင် ကြေးနီနတ်ဘုရားမီးအိမ်ကို ကိုင်စွဲလျက် ထျန်းကျူလျှို့ဝှက်နယ်မြေတစ်ခုလုံးရှိ အမွှေးတိုင်နံ့သာ နတ်ဘုရားစွမ်းအားများကို စုဆောင်းလိုက်ပြီးနောက်
ထျန်းကျူလျှို့ဝှက်နယ်မြေသည် အသွင်သဏ္ဌာန်သစ် ပြောင်းလဲသွားခဲ့ပြီး၊ ထိုနေရာအတွင်းသို့ ဝင်ရောက်လာခဲ့ကြသော လူသားလောကမှ ကျင့်ကြံသူများကိုလည်း အပြင်သို့ ပို့ဆောင်ပေးလိုက်ပြီ ဖြစ်သည်။
ဤနေရာ၌ ထူးခြားလှသော မဟာတာအို ရှိနေခဲ့ပြီး၊ ထိုရှေးဟောင်းကျင့်ကြံသူကြီးသည် အားကောင်းလှသော တန်ခိုးပညာရပ်များကို ပိုင်ဆိုင်ထားခဲ့သဖြင့် ဤနေရာ၏ စည်းကမ်းချက် ကာကွယ်မှုများမှာ အလွန်ပင် ပြင်းထန်လှပေသည်။ လီယန်ချူသည် အစပိုင်းက ဤစည်းကမ်းချက် ကာကွယ်မှုများသည် ဝိညာဉ်ခြောက်ပါးအလံ၏ အမှတ်အသားရတနာများ၏ စွမ်းအားကိုသာ အသုံးပြုထားခြင်း ဖြစ်သည်ဟု ထင်မှတ်ထားခဲ့သည်။
လက်ထဲတွင် ဝိညာဉ်ခြောက်ပါးအလံ၏ အမှတ်အသားရတနာ လေးစင်းကို ကိုင်စွဲထားခဲ့ရာ သူသည် ထျန်းကျူလျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်လာခဲ့ကြသော လူသားကျင့်ကြံသူများ၏ အကြမ်းဖျင်း တည်နေရာကို အာရုံခံမိနိုင်ခဲ့သည်။ ထို့ပြင် ၎င်းတို့အတွင်း၌ တူညီသော ဝိညာဉ်ခြောက်ပါးအလံ အမှတ်အသားရတနာ၏ အငွေ့အသက်များ ရှိနေခဲ့သေးသည်။ သို့သော်လည်း လီယန်ချူသည် ထျန်းကျူလျှို့ဝှက်နယ်မြေကို သေချာစွာ မစစ်ဆေးရသေးမီမှာတင် ဤနေရာရှိ မဟာတာအိုက ၎င်းတို့အားလုံးကို အပြင်သို့ ပို့ဆောင်ပေးလိုက်ခြင်း ဖြစ်ပေသည်။
“လောကတစ်ခုစီမှာ လောကတစ်ခုစီရဲ့ ဖြစ်တည်မှု စည်းကမ်းချက်တွေ ရှိကြတာပဲ၊ ဒီထျန်းကျူလျှို့ဝှက်နယ်မြေကို သာမန်လျှို့ဝှက်နယ်မြေတစ်ခုလိုမျိုး သဘောထားလို့ မရဘူး၊ တစ်စုံတစ်ယောက်က ကြီးလှတဲ့ တန်ခိုးစွမ်းအားတွေကို အသုံးပြုပြီး ကမ္ဘာလောကကြီးတွေထဲက တစ်ခုကို ဒီနေရာမှာ ပြောင်းရွှေ့ သယ်ဆောင်လာခဲ့တာ ဖြစ်ရမယ်၊ ဒါက အခြား ကမ္ဘာလောကတစ်ခု ဖြစ်နေပြီ။”
လီယန်ချူ၏ မျက်ဝန်းအတွင်း၌ ထူးခြားလှသော တွေးတောဆင်ခြင်မှု အမူအရာများ ရှိနေခဲ့သည်။
“အဲဒီတုန်းက ရှေးဟောင်းကျင့်ကြံသူကြီးကလည်း တကယ်ကို အားထုတ် ကြိုးပမ်းခဲ့တာပဲ၊ ဒီလောက်အထိ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်တာတောင်... ထူးခြားတဲ့ နောက်ကွယ် အစီအစဉ်တွေကို ချန်ထားခဲ့ပြီး အထက်လောကရဲ့ စူးစမ်းရှာဖွေမှုကို တားဆီးထားခဲ့သေးတယ်။”
အခြားလူသည် ဗေဒင်တွက်ချက်ခြင်း ပညာရပ်များကို ကျွမ်းကျင်နှံ့စပ်သူ ဖြစ်ခြင်း ရှိမရှိ၊ ဤအဆင့်အထိ ကြိုတင်တွက်ချက်ထားခြင်း ရှိမရှိကိုမူ လီယန်ချူအနေဖြင့် မသိရှိနိုင်ချေ။
……………
ချန်နိုင်ငံ မြို့တော်သို့ ပြန်လည်ရောက်ရှိပြီးနောက် ကျွေ့ ဟွာသည် တန်ခိုးပညာရပ်များကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး သာယာစွာ ခုန်တက်လိုက်ရင်း လီယန်ချူ၏ ပုခုံးထက်သို့ ရောက်ရှိလာခဲ့သည်။
လူ့ဘဝဆိုတာ ဒီလိုပါပဲ၊ မင်းက ငါ့ကို စီးလိုက်၊ ငါက မင်းကို စီးလိုက်နဲ့ အားလုံး ပျော်ရွှင်နေကြတာ ဖြစ်ပေသည်။
ချင်းယွန်းကျောင်းဆောင်
လီယန်ချူသည် ဆိုင်ရှင်မ ကို ရှာဖွေတွေ့ရှိလိုက်ပြီး ဤအကြောင်းအရာကို ပြောပြလိုက်လျှင် ဆိုင်ရှင်မသည် ထိုစကားကို ကြားရသဖြင့် အလွန်ပင် အံ့ဩသွားခဲ့ရသည်။
“ဒီရှေးဟောင်းကျင့်ကြံသူကလည်း တကယ့်ကို ကရုဏာစိတ် ကြီးမားလှတဲ့လူပဲ။”
လီယန်ချူက ခေါင်းညိတ်လိုက်ရင်း - “ငါလည်း အဲဒီလိုပဲ ထင်တယ်။” ဟု ဆိုလိုက်သည်။
နတ်ဘုရားလောက၏ မှောင်မိုက်မှုများနှင့် ထိုအမွှေးနံ့သာ နတ်ဘုရားများ၏ စကားပြောဆိုချက် အကြောင်းအရာများနှင့် ပတ်သက်၍မူ ဆိုင်ရှင်မသည် အံ့ဩခြင်း မရှိချေ။
သူမသည် ကျွေ့ ဟွာအား ကြည့်ရှုလိုက်ရင်း ပြုံးလျက် -
“ဒီနတ်ဘုရားမီးအိမ်ထဲမှာ ဒီလောက်အထိ များပြားလှတဲ့ အမွှေးတိုင်နံ့သာ နတ်ဘုရားစွမ်းအားတွေ ရှိနေတာဆိုတော့... နင့်ရဲ့ သွေးမျိုးဆက် ပြဿနာက ဆယ်ပုံရှစ်ပုံလောက် ပြေလည်သွားနိုင်ပြီ။”
ဟု ဆိုလိုက်သည်။
ဆိုင်ရှင်မ၏ စကားသံမှာ အလွန်ပင် အလေးဂရုပြုစရာ ကောင်းလှသဖြင့် ကျွေ့ဟွာသည် ထိုစကားကို ကြားလျှင် မျက်ဝန်းအတွင်း၌ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသော အမူအရာများ ထွက်ပေါ်လာခဲ့ပြီး -
“တကယ်လား။” ဟု မေးလိုက်တော့သည်။
မူလက သူမသည် ထိုအရာကို အလေးမထားခဲ့ပါ
သူမသည် ယခင်က လူသားအသွင် ပြောင်းလဲခဲ့ဖူးသည့် တစ်ကြိမ်ကို တွေးတောမိလိုက်ရာ ရုပ်ရည်သွင်ပြင် အလွန်ပင် လှပပြီး၊ ရင်သားထွားထွား၊ တင်ပါးစွင့်စွင့်၊ ခြေတံရှည်ရှည်နှင့် ဖြစ်ပေသည်။ ထို့ပြင် လူသားအသွင် ပြောင်းလဲပြီးနောက် မိမိစိတ်ကြိုက် ကိစ္စရပ်များစွာကို လုပ်ဆောင်နိုင်သဖြင့် ထိုအရာကို တွေးတောမိလိုက်လျှင် ကျွေ့ ဟွာသည် အနည်းငယ် ဝမ်းမြောက်မိသွားခဲ့ခြင်း ဖြစ်ပေသည်။
ဆိုင်ရှင်မက ချိုသာစွာ ပြုံးလိုက်ရင်း -
“ဒီအမွှေးတိုင်နံ့သာ နတ်ဘုရားစွမ်းအားတွေကို အသုံးပြုပြီး ကျိုရှောင် နတ်ဘုရားကျင့်စဉ်ကို အလွန်မြင့်မားတဲ့ အဆင့်အထိ ကျင့်ကြံနိုင်လိမ့်မယ်၊ တကယ်လို့ စင်ကြယ်တဲ့ လမင်းစွမ်းအားတွေသာ ထပ်ပြီး ရှိနေဦးမယ်ဆိုရင်... နင့်ရဲ့ ထိုက်ယင်နတ်ဘုရားကျင့်စဉ်ကိုပါ တစ်ပြိုင်နက်တည်း တိုးတက်အောင် လုပ်ဆောင်နိုင်လိမ့်မယ် ”
“အဲဒီအချိန်ကျရင် ခန္ဓာကိုယ်ပေါ်မှာ အမွှေးတိုင်နံ့သာ နတ်ဘုရားစွမ်းအားတွေ ရှိနေပြီး နတ်ဘုရားကျင့်စဉ် နှစ်ခုကိုပါ ပေါင်းစပ်လိုက်ရင် သွေးမျိုးဆက် ပြဿနာက အလိုအလျောက် ပြေလည်သွားလိမ့်မယ်”
ဟု ရှင်းပြလိုက်သည်။
ကျွေ့ ဟွာသည် ထိုစကားကို ကြားလျှင် မျက်ဝန်းအတွင်း၌ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသော်လည်း၊ ချက်ချင်းပင် တစ်ဖန် ပြန်လည်၍ စိတ်ပျက်အားလျော့သွားခဲ့ရပြန်သည်။
“စင်ကြယ်တဲ့ လမင်းစွမ်းအားတွေကို ဘယ်နေရာကနေ ရနိုင်မှာလဲ။ လောကကြီးထဲမှာ ရှာဖွေဖို့ အလွန်ပဲ ခဲယဉ်းလွန်းတယ် ”
ကျွေ့ ဟွာ၏ အမွေဆက်ခံထားသော မှတ်ဉာဏ်များမှာ သာမန်မဟုတ်သဖြင့် ၎င်းတို့အတွင်း၌ အချို့သော ရတနာများနှင့် အချို့သော ရှေးဟောင်းတည်ရှိမှုများနှင့် ပတ်သက်၍လည်း နားလည်သဘောပေါက်ထားခဲ့သည်။ လမင်းစွမ်းအားများ၏ ရှားပါးလှပုံကို သူမ သေချာစွာ သိရှိထားခဲ့ခြင်း ဖြစ်ပေသည်။
ဆိုင်ရှင်မက လီယန်ချူအား တစ်ချက် ကြည့်ရှုလိုက်ရင်း ပြုံးလျက် -
“ဘယ်လိုလဲ။” ဟု မေးလိုက်သည်။
ကျွေ့ ဟွာတစ်ယောက် ဇဝေဇဝါ ဖြစ်နေခဲ့စဉ်အတွင်း၌ လီယန်ချူက တည်ငြိမ်စွာ ပြုံးလိုက်ရင်း -
“ကိစ္စသေးသေးလေးပါ။” ဟု ဆိုလိုက်သည်။
ကျွေ့ ဟွာ - “………………”
ကျွေ့ ဟွာသည် သာယာစွာ ခုန်တက်လိုက်ရင်း ဆိုင်ရှင်မ၏ ထွားကျိုင်းလှသော ရင်ခွင်အတွင်းသို့ ရောက်ရှိသွားခဲ့ပြီး ခေါင်းလေးကို အပြင်သို့ ပြူထွက်လိုက်ရင်း
“ငါ ဘာလို့ နည်းနည်း နားမလည်နိုင် ဖြစ်နေရတာလဲ”
ဟု ပြောလိုက်သည်။
စကားပြောဆိုပြီးနောက် သူမသည် ဆိုင်ရှင်မ ၏ ရင်ခွင်အတွင်း၌ အကြိမ်အနည်းငယ် တိုးဝှေ့လိုက်ရင်း မျက်ဝန်းများကို မှိတ်ထားခဲ့ရာ အလွန်ပင် သက်တောင့်သက်သာ ရှိနေခဲ့သည့် ပုံစံ ဖြစ်ပေသည်။ ဆိုင်ရှင်မ က အလွန်ပင် သဘောကျစွာဖြင့် တခိခိ ရယ်မောလိုက်ရာ ကျွေ့ဟွာတစ်ယောက် အတွင်း၌ မွန်းကျပ်၍ သေလုနီးပါး ဖြစ်သွားခဲ့ရရှာသည်။
ချော့မြူတတ်သော ကြောင်ကလေးသည် ကံအကောင်းဆုံး ဖြစ်ပေသည်။
လီယန်ချူသည် အူလှိုက်သည်းလှိုက် ရယ်မောလိုက်ရင်း -
“ဒီတစ်ကြိမ်တော့ မင်း ဘုရားကျောင်းဆောင် မှားပြီး ကိုးကွယ်မိပြီ ထင်တယ်။” ဟု ဆိုလိုက်သည်။
ထို့နောက် သူသည် လက်ဖဝါးကို ဆန့်ထုတ်ပြလိုက်ရာ လက်ဖဝါးအလယ်တွင် တောက်ပစင်ကြယ်လှသော လမင်းကြီး၏ တံဆိပ်အမှတ်အသားတစ်ခု ရှိနေခဲ့သည်။ သူက ကျင့်ကြံခြင်းစွမ်းအားများကို လှုံ့ဆော်လိုက်လျှင် တောက်ပအေးမြလှသော အငွေ့အသက်များ ပတ်ဝန်းကျင်သို့ ပျံ့နှံ့ ထွက်ပေါ်လာခဲ့တော့သည်။
ကျွေ့ ဟွာ၏ မျက်နှာပြင်မှာ လုံးဝ ထိတ်လန့်တုန်လှုပ်သွားခဲ့ရပြီး -
“လမင်းအလင်းစွမ်းအားတွေပဲ။”
ဟု အော်ဟစ်လိုက်မိသည်။
လီယန်ချူ၏ လက်ဖဝါးအလယ်တွင် ဤမျှအထိ စင်ကြယ်လှသော လမင်းအလင်းစွမ်းအားများ ရှိနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။ ၎င်း၏ စင်ကြယ်မှုမှာ အလွန်ပင် မြင့်မားလှပေသည်။ လူသားကျင့်ကြံသူများအတွက် ဖြစ်စေ၊ မိစ္ဆာကျင့်ကြံသူများအတွက် ဖြစ်စေ ၎င်းမှာ အလွန်ပင် ကြီးမားလှသော အထောက်အကူပြု ရတနာတစ်ခု ဖြစ်ပေသည်။
ယခင်က လီယန်ချူသည် လူသူကင်းမဲ့သော လောကအတွင်းသို့ သွားရောက်ခဲ့စဉ်အတွင်း၌ သိုင်းပညာ စိတ်ဆန္ဒများအပြင် များစွာသော ကျင့်ကြံသူများနှင့် အားကောင်းလှသော ကျွမ်းကျင်ပညာရှင်များသည် ထိုအလင်းစွမ်းအားများကို ရယူရန်အတွက် အပြင်းအထန် လုယက် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ပေသည်။ နောက်ဆုံးတွင် ထိုလမင်းကြီးသည် လူသားလောကအတွင်းသို့ ကျရောက်သွားခဲ့ပြီး မည်သည့်နေရာသို့ ရောက်ရှိသွားသည်ကို မည်သူမျှ မသိရှိခဲ့ကြချေ။ သို့သော်လည်း အမှန်တကယ်တော့ ၎င်းမှာ နောက်ဆုံးတွင် လီယန်ချူ၏ လက်ဖဝါးအတွင်းသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။
ထိုလမင်းတံဆိပ်အမှတ်အသားကိုမူ လီယန်ချူအနေဖြင့် အသုံးပြုခဲလှသည်။ အကြောင်းမှာ သူ့အတွက်မူ ၎င်းမှာ ကျင့်ကြံခြင်းကို အထောက်အကူပြုသည့် ရတနာတစ်ခုသာ ဖြစ်ပြီး၊ သိုင်းပညာ စိတ်ဆန္ဒ အပိုင်းအစများနှင့် မတူညီဘဲ ထိုလမင်းတံဆိပ်အမှတ်အသားကို လီယန်ချူသည် အပြည့်အဝ အသုံးမပြုနိုင်သေးဘဲ အတွင်းရှိ လမင်းအလင်းစွမ်းအားများကို လှုံ့ဆော်၍ ကျင့်ကြံရုံမျှသာ တတ်နိုင်ခြင်း ဖြစ်ပေသည်။ သို့သော်လည်း ကျွေ့ဟွာအတွက်မူ ဤမျှအဆင့်ဖြင့်တင် အပြည့်အဝ လုံလောက်လှပေသည်။
ကျွေ့ ဟွာသည် ချက်ချင်းပင် မေးစေ့ကို ပင့်တင်လိုက်ရင်း စိတ်ထဲမှ -
“ဒီလိုဆိုရင်... ငါက ရှေးဟောင်းမိစ္ဆာလောကရဲ့ ကြီးမားလှတဲ့ ဘိုးဘေးကြီးတွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည် ဖော်ဆောင်နိုင်ပြီး၊ စစ်မှန်တဲ့ မိစ္ဆာနတ်ဘုရား အဆင့်သို့ တက်လှမ်းနိုင်ဖို့ အခွင့်အရေး ရှိသွားပြီပေါ့။”
ဟု တွေးတောလိုက်သည်။
ကျွေ့ ဟွာ၏ စိတ်ထဲ၌ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့ရသည်။ ဤမျှအထိ များပြားလှသော အရင်းအမြစ် ရတနာများ၏ ပံ့ပိုးမှုအောက်တွင်မှ စစ်မှန်သော မိစ္ဆာနတ်ဘုရား အဆင့်သို့ မတက်လှမ်းနိုင်သေးဘူးဆိုလျှင် သူမသည် အလွန်ပင် ညံ့ဖျင်းလွန်းရာ ကျပေလိမ့်မည်။
………………
ဝူထုန်လမ်းကြား၏ အနက်ရှိုင်းဆုံးနေရာတွင် တည်ရှိသော အရက်ဆိုင်လေးတစ်ဆိုင်အတွင်း၌ ကျိုးကြားလှသော အရက်သောက်သူ အနည်းငယ်တို့သည် ထိုင်၍ အရက်သောက်စားနေခဲ့ကြသည်။ အရက်ရောင်းချခြင်းအပြင် ဆိုင်အတွင်း၌ ဝက်ခေါင်းသား၊ ဝက်လျှာ၊ ဝက်နှလုံး စသည့် မြည်းစရာ ဟင်းလျာအချို့ကိုပါ ရောင်းချပေးနေခဲ့သည်။
ပုံမှန်အားဖြင့် ကုန်ထမ်းသမားများနှင့် လောကီလူသား ကျင့်ကြံသူများသည်လည်း ဤနေရာသို့ လာရောက်၍ အရက်အနည်းငယ် သောက်စားတတ်ကြသည်။
ဆိုင်ရှင်မှာ ရောဂါဝေဒနာ ခံစားနေရသော လူနာတစ်ဦးအလား ဖြစ်နေသည့် အလယ်အလတ်အရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ သူသည် အနည်းငယ် ကပ်စေးနှဲတတ်သော်လည်း မုန်းတီးစရာ မကောင်းချေ။
ကုန်ထမ်းသမားများနှင့်လည်း စကားစမြည် ပြောဆိုနိုင်သလို၊ ဓားစာခံအန္တရာယ်များနှင့် ရင်ဆိုင်နေရသော လောကီလူသားများနှင့်လည်း စကားအနည်းငယ် ပြောဆိုနိုင်သည်။ ထိုစီးပွားရေးမှာ ကြီးမားလှသည် မဟုတ်သော်လည်း ဆက်လက်၍ ထိန်းသိမ်း လုပ်ဆောင်နိုင်ဆဲ ဖြစ်ပေသည်။
ဆိုင်အတွင်း၌ အလုပ်သမားတစ်ဦးသာ ရှိပြီး အသက် တစ်ဆယ်ခွန်၊ တစ်ဆယ်ရှစ် နှစ်ခန့် ရှိကာ ရုပ်ရည်သွင်ပြင်မှာ သာမန်မျှသာ ဖြစ်ပေသည်။ တကယ်လို့ ထူးခြားချက် တစ်ခုခု ရှိနေသည်ဆိုလျှင် သူ၏ မျက်ဝန်းအစုံမှာ အလွန်ပင် တောက်ပလင်းလက်နေခဲ့ခြင်း ဖြစ်ပေသည်။
အရက်ဆိုင် ဆိုင်ရှင်သည် ကောင်တာ၏ နောက်ဘက်တွင် ထိုင်နေခဲ့ပြီး သူ၏ အောက်တွင်မူ ဝါးကုလားထိုင်တစ်ခု ရှိနေခဲ့သည်။ ယခုအချိန်တွင် ၁၁ လပိုင်းသို့ ရောက်ရှိလုနီးပါး ဖြစ်နေခဲ့သဖြင့် ရာသီဥတုမှာ အလွန်ပင် အေးစက်လှပေသည်။
ဆိုင်ရှင်၏ ခန္ဓာကိုယ်ပေါ်တွင် စောင်တစ်ထည်ကို ခြုံထားခဲ့ပြီး လက်ထဲတွင်မူ နွေးထွေးလှသော မီးဖိုလေးတစ်ခုကို ကိုင်စွဲထားခဲ့သည်။ ကြည့်ရသည်မှာ လောကကြီးနှင့် အဆက်အသွယ်မရှိဘဲ အေးချမ်းစွာ ရှိနေသည့် ပုံစံ ဖြစ်ပြီး၊ မျက်ဝန်းများကို မှိတ်ထားခဲ့ကာ နေရောင်ခြည်ကို ခံစားနေခဲ့သည်။
အလုပ်သမားငယ် သည် အလုပ်များ ပြီးစီးသွားခဲ့သဖြင့် ပုခုံးထက်တွင် ဖြူစင်လှသော မျက်နှာသုတ်ပဝါတစ်ထည်ကို တင်ထားခဲ့ရင်း ခုံတန်းလျားလေးတစ်ခုကို သယ်ဆောင်လာကာ အရက်ဆိုင် ဆိုင်ရှင်၏ ဘေးနားတွင် ထိုင်လိုက်ပြီး -
“ကျုပ် ပြောမယ် ဆိုင်ရှင်... ဒီလရဲ့ လုပ်ခလစာကို နည်းနည်းလောက် တိုးပေးသင့်တယ် မဟုတ်ဘူးလား။”
“ဟို ဆိုင်ကြီးတွေထဲက လုပ်ခလစာက... ကျုပ် ကြားတာတော့ ငွေပြား နှစ်ပြားတောင် ရကြတယ်တဲ့၊ ဘာလို့ ကျုပ်ကိုကျတော့ တစ်ပြားပဲ ပေးရတာလဲ”
ဟု မေးလိုက်သည်။
အရက်ဆိုင် ဆိုင်ရှင်သည် နွေးထွေးလှသော မီးဖိုလေးကို ကိုင်စွဲထားခဲ့ရင်း မျက်ဝန်းများကိုပင် ဖွင့်မကြည့်ဘဲ တည်ငြိမ်စွာဖြင့် -
“မင်းကိုယ်တိုင်လည်း သိတာပဲ၊ အဲဒါက ဆိုင်ကြီးတွေလေ။” ဟု ပြန်လည် ဖြေကြားလိုက်သည်။
လူငယ်အလုပ်သမားက နှုတ်ခမ်းကို မဲ့လိုက်ရင်း -
“ဒီလုပ်ခလစာကိုသာ မတိုးပေးဘူးဆိုရင်... ကျုပ် အလုပ်ထွက်တော့မယ်။” ဟု ဆိုလိုက်သည်။
အရက်ဆိုင် ဆိုင်ရှင်က သူ့အား -
“မင်းရဲ့ ဒီလိုမျိုး စိတ်တိုတတ်တဲ့ ဗီဇနဲ့ဆိုရင်... အပြင်ကို ထွက်သွားရင် သုံးရက်တောင် မပြည့်ခင် အခြားလူနဲ့ ရန်ဖြစ်ပြီး ရလာတဲ့ လုပ်ခလစာတွေ အကုန်လုံး လျော်ကြေးပေးလိုက်ရလိမ့်မယ်။” ဟု ပြန်လည် ချေပလိုက်သည်။
လူငယ်အလုပ်သမားသည် တစ်ခဏမျှ စကားမဲ့သွားခဲ့ရရှာသည်။
အရက်ဆိုင် ဆိုင်ရှင်သည် မျက်ဝန်းများကို ဖြည်းညင်းစွာ ဖွင့်လိုက်ရင်း အဝေးသို့ ကြည့်ရှုလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ အားအင်ကုန်ခမ်းနေခဲ့ပြီး အသည်းအသန် ဖျားနာနေသည့် ပုံစံအလား ဖြစ်နေခဲ့သည်။
လူငယ်အလုပ်သမားသည် ဆိုင်ရှင်၏ ဤကဲ့သို့သော ပုံစံမှာ ဟန်ဆောင်ထားခြင်းသာ ဖြစ်ကြောင်း သေချာစွာ သိရှိထားခဲ့သည်။ ဆိုင်ရှင်၏ အရက်သောက်နိုင်စွမ်းမှာ အလွန်ပင် ကောင်းမွန်လှပြီး၊ ဂျုံအရက် ပိဿာပေါင်း နှစ်ဆယ်ခန့်ကို သောက်စားလျှင်ပင် မျက်နှာပြင်မှာ အနည်းငယ်မျှ ပြောင်းလဲခြင်း မရှိချေ။ ဟုတ်ပါတယ်... ချောင်းဆိုးတာကိုတော့ ပြောင်းလဲလို့ မရချေ။ ထို့ပြင် ဝက်ခေါင်းသား ဆယ်ပိဿာခန့်ကိုလည်း စားသုံးနိုင်သည်။
လူငယ်အလုပ်သမားသည် အရက်ဆိုင်အတွင်း၌ စီးပွားရေး မကောင်းခြင်းမှာ ဆိုင်ရှင်က အလွန်အကျွံ စားသောက်လွန်းခြင်းကြောင့် ဖြစ်ရမည်ဟု ပြင်းထန်စွာ သံသယဝင်နေခဲ့သည်။ ယခုအချိန်တွင် သူသည် လက်ကို ဆန့်ထုတ်လိုက်ရင်း အရက်ဆိုင် ဆိုင်ရှင်၏ မျက်နှာရှေ့မှောက်၌ အကြိမ်အနည်းငယ် ဝှေ့ယမ်းလိုက်ပြီး -
“ဆိုင်ရှင်... ကျုပ် ငွေအကြောင်း ပြောတာနဲ့ ခင်ဗျားက စိတ်ကူးယဉ်မနေပါနဲ့လား။”
“ကျုပ်က အသက်ငယ်သေးတယ်၊ မိန်းမလည်း မရသေးဘူး... ခင်ဗျားလည်း ကျုပ်အတွက် နည်းနည်းလောက် စဉ်းစားပေးသင့်တာပေါ့။”
ဟု ပြောလိုက်သည်။
အရက်ဆိုင် ဆိုင်ရှင်သည် အကြည့်များကို ပြန်လည်ရုပ်သိမ်းလိုက်ရင်း သူ့အား တစ်ချက် စိုက်ကြည့်လိုက်ကာ -
“ဘာလဲ... ဘယ်က မိန်းကလေးက မျက်စိကန်းပြီး မင်းကို သဘောကျလို့လဲ။” ဟု မေးလိုက်သည်။
လူငယ်အလုပ်သမားက ထိုစကားကို ဂရုမစိုက်ဘဲ -
“ကျုပ် ခင်ဗျားဆီမှာ အလုပ်လုပ်နေတာ... အမြဲတမ်း ငွေမစုမိဘူး၊ ဘယ်က မိန်းကလေးက သဘောကျမှာလဲ။” ဟု ဆိုလိုက်သည်။
အရက်ဆိုင် ဆိုင်ရှင်က ခေါင်းညိတ်လိုက်ရင်း -
“ငါ ပြောတာလည်း အဲဒါပဲလေ။” ဟု ဆိုလိုက်သည်။
လူငယ်အလုပ်သမားသည် မျက်နှာပြင်ထက်တွင် နာကျင်ဝမ်းနည်းမှုများ ပြည့်နှက်သွားခဲ့ရပြီး လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်ပြလိုက်သည်။
“နောက်ထပ် ငွေပြား တစ်ပြားလောက် ထပ်တိုးပေးရင် ဘယ်လိုလဲ။”
“ဒါမှမဟုတ်ရင် ကျုပ် တကယ်ပဲ ထွက်တော့မယ်။”
ဟု ပြောလိုက်သည်။
အရက်ဆိုင် ဆိုင်ရှင်က သူ၏ လက်ကို ဖယ်ရှားပစ်လိုက်ရင်း လေးနက်လှသော အမူအရာဖြင့် -
“လူငယ်တွေက စိတ်ကူးယဉ် မဆန်သင့်ဘူး၊ ငယ်ရွယ်စဉ်ကာလမှာ ဒုက္ခအနည်းငယ် ခံစားရတာကို ဘာလို့ ကြောက်နေရမှာလဲ၊ မင်း ငွေကို အလွန်အကျွံ အလေးမထားပါနဲ့၊ ဒီလုပ်ငန်းစဉ်အတွင်းကနေ တစ်ခုခုကို သင်ယူနိုင်ဖို့ ကြိုးစားရမယ်။”
ဟု သွန်သင်လိုက်သည်။
လူငယ်အလုပ်သမားက ထိုစကားကို လက်မခံဘဲ -
“ကျုပ် အပြင်ထွက်ပြီး အလုပ်လုပ်တာ... ငွေကို အလေးမထားရင် ဘာကို အလေးထားရမှာလဲ။ ဆိုင်ရှင်... ခင်ဗျား တိုးပေးမှာလား မတိုးပေးဘူးလားဆိုတာကိုပဲ ပြောပါ။” ဟု ဆိုလိုက်သည်။
အရက်ဆိုင် ဆိုင်ရှင်က သူ့အား တစ်ချက် ကြည့်ရှုလိုက်ရင်း ခေါင်းကို ခါယမ်းလိုက်ကာ -
“မတိုးဘူး... မင်း ကြည့်စမ်း၊ ငါက ငွေပြားတစ်ပြားလောက် တန်ဖိုးရှိရဲ့လား။ မရဘူးဆိုရင် မင်း ငါ့ကိုပဲ ရောင်းပစ်လိုက်။” ဟု ပြောလိုက်သည်။
လူငယ်အလုပ်သမားသည် ချက်ချင်းပင် မတ်တတ်ထရပ်လိုက်သော်လည်း၊ ပတ်ဝန်းကျင်တွင် အရက်သောက်သူ အနည်းငယ် ရှိနေခဲ့သည်ကို မြင်တွေ့လိုက်ရသဖြင့် စကားသံကို ချက်ချင်းပင် နှိမ့်ချလိုက်ရင်း -
“ကျုပ်လိုမျိုး ရုပ်ရည်ချောမောခန့်ညားတဲ့ လူငယ်လေးတစ်ယောက်ကို... တစ်လကို ငွေပြားတစ်ပြားတည်းနဲ့ဆိုရင်... မီးအိမ်ထွန်းပြီး ရှာရင်တောင် တွေ့နိုင်မှာ မဟုတ်ဘူး၊ ကျုပ် မလုပ်တော့ဘူး။” ဟု ဆိုလိုက်သည်။
လူငယ်အလုပ်သမားသည် စကားပြောဆိုလိုက်ရင်း ပုခုံးထက်မှ မျက်နှာသုတ်ပဝါကို ဆွဲချရန် ပြင်ဆင်လိုက်သည်။
အရက်ဆိုင် ဆိုင်ရှင်က တည်ငြိမ်စွာဖြင့် -
“သေချာ စဉ်းစားပြီးပြီလား။” ဟု မေးလိုက်သည်။
လူငယ်အလုပ်သမားက ရဲရင့်ပြတ်သားစွာဖြင့် -
“ဒါပေါ့... ကျုပ် ကျောက်ရှင်း ဆုံးဖြတ်ပြီးသား ကိစ္စတစ်ခုကို... ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး။”
ဟု ဆိုလိုက်သည်။
ထိုအချိန်တွင် အရက်ဆိုင်အတွင်းသို့ တောင်ဝှေးကို ကိုင်စွဲထားသော အဖိုးအိုတစ်ဦး ဝင်ရောက်၍ ထိုင်လိုက်ပြီး -
“အလုပ်သမားလေး... အရက်တစ်အိုး ယူခဲ့စမ်း၊ ပြီးတော့ ဝက်ခေါင်းသား ဟင်းလျာ တစ်ပွဲလောက် ပြင်ပေးဦး။”
ဟု တောင်ဝှေးကို ကိုင်စွဲထားသော အဖိုးအိုက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
အရက်ဆိုင် ဆိုင်ရှင်က -
“ဧည့်သည် ရောက်လာပြီ၊ မြန်မြန်သွားပြီး ဧည့်ခံလိုက်ဦး။” ဟု တိုက်တွန်းလိုက်သည်။
လူငယ်အလုပ်သမားက အံ့ဩသွားခဲ့ရပြီး -
“ကျုပ်က အလုပ်ထွက်တော့မှာလေ... ခင်ဗျားအတွက် ဘာလို့ ဧည့်သည် သွားပြီး ဧည့်ခံပေးရဦးမှာလဲ။”
ဟု မေးလိုက်သည်။
အရက်ဆိုင် ဆိုင်ရှင်က စိတ်မရှည်စွာဖြင့် -
“တစ်ရက် အလုပ်လုပ်ရင် တစ်ရက် တာဝန်ကျေရမယ်၊ ဒီလရဲ့ လုပ်ခလစာကို မလိုချင်တော့ဘူးလား။”
ဟု ဆိုလိုက်သည်။
လူငယ်အလုပ်သမားသည် မကျေမနပ် ဖြစ်သွားခဲ့ရပြီး၊ လှည့်၍ ထိုတောင်ဝှေးကို ကိုင်စွဲထားသော အဖိုးအိုအား သွားရောက် ဧည့်ခံလိုက်တော့သည်။ သူသည် အနောက်ဘက်သို့ အလျင်အမြန် သွားရောက်၍ အရက်တစ်အိုးကို ယူဆောင်လာခဲ့ပြီး၊ ဝက်ခေါင်းသား ဟင်းလျာတစ်ပွဲကိုပါ ပြင်ဆင်၍ အဖိုးအို၏ ရှေ့မှောက်၌ ချထားပေးလိုက်သည်။
တောင်ဝှေးကို ကိုင်စွဲထားသော အဖိုးအိုသည် လူငယ်အလုပ်သမားအား တည်ငြိမ်စွာဖြင့် တစ်ချက် ကြည့်ရှုလိုက်ပြီးနောက်၊ ဝါးကုလားထိုင်ပေါ်တွင် လဲလျောင်းနေခဲ့သော အရက်ဆိုင် ဆိုင်ရှင်အားပါ တစ်ချက် ကြည့်ရှုလိုက်သည်။ သူ၏ မျက်ဝန်းအတွင်း၌ တွေးတောဆင်ခြင်မှု အမူအရာများ ထွက်ပေါ်လာခဲ့ပြီးနောက်၊ အကြည့်များကို ပြန်လည်ရုပ်သိမ်းလိုက်ရင်း မိမိကိုယ်ကိုယ် အရက်တစ်ခွက် ခတ်၍ တစ်ကျိုက်တည်း သောက်ပစ်လိုက်တော့သည်။
လူငယ်အလုပ်သမားသည် လှည့်၍ အနောက်ဘက်သို့ ပြန်လည် ထွက်ခွာသွားခဲ့ပြီး ထပ်မံ၍ အလုပ်များနေခဲ့ပြန်သည်။ အရက်ဆိုင် ဆိုင်ရှင်သည် မတ်တတ်ထရပ်လိုက်ရင်း ဖြည်းညင်းစွာဖြင့် ထိုတောင်ဝှေးကို ကိုင်စွဲထားသော အဖိုးအို၏ စားပွဲဘေးနားသို့ လျှောက်လှမ်းလာခဲ့ကာ -
“ငါ့ရဲ့ ဆိုင်လေးက သေးငယ်ပြီး အကျိုးအမြတ် နည်းပါးလှတယ်၊ ဒါကြောင့် အကြွေးစနစ် လုံးဝ မရှိဘူး၊ ပြီးခဲ့တဲ့အကြိမ်က မင်း ကြွေးချန်ထားခဲ့တဲ့ အရက်ဖိုးကို မပေးရသေးဘူး... ဒီတစ်ကြိမ်လည်း လာဝံ့သေးတာပဲ။”
ဟု ဆိုလိုက်သည်။
တောင်ဝှေးကို ကိုင်စွဲထားသော အဖိုးအိုက -
“ဒီတစ်ကြိမ် ငါ လာတာက... ကြီးမားလှတဲ့ အကြောင်းအရာတစ်ခု ရှိလို့ပဲ၊ အဲဒီအကြောင်းအရာက ပြီးခဲ့တဲ့အကြိမ်က မင်းရဲ့ အရက်ဖိုးထက် အများကြီး တန်ဖိုးရှိပါတယ်။” ဟု ပြောလိုက်သည်။
အရက်ဆိုင် ဆိုင်ရှင်က တည်ငြိမ်စွာဖြင့် -
“ဘာအကြောင်းအရာလဲ။” ဟု မေးလိုက်သည်။
တောင်ဝှေးကို ကိုင်စွဲထားသော အဖိုးအိုသည် စကားပြောရန် ပြင်ဆင်လိုက်သော်လည်း၊ ချက်ချင်းပင် တစ်ခုခုကို တွေးတောမိလိုက်ရာ စူးစမ်းလိုစိတ်ဖြင့် -
“ဒီအလုပ်သမားလေးက ဘာဖြစ်နေတာလဲ။”
ဟု မေးလိုက်သည်။ အကြောင်းမှာ သူသည် ယခင်က ၎င်းတို့ နှစ်ဦး၏ စကားပြောဆိုချက်များကို ကြားသိခဲ့ရခြင်း ဖြစ်ပေသည်။
အရက်ဆိုင် ဆိုင်ရှင်သည် ထိုတောင်ဝှေးကို ကိုင်စွဲထားသော အဖိုးအိုအား တည်ငြိမ်စွာဖြင့် တစ်ချက် ကြည့်ရှုလိုက်ရင်း စိတ်မရှည်စွာဖြင့် -
“ဘာဖြစ်ရမှာလဲ... ဒီလောက်အထိ သေးငယ်တဲ့ ဆိုင်လေးထဲမှာ လူအချို့က အရက်ကို အလကား သောက်ပြီး ငွေမပေးကြဘူးလေ၊ ဒါကြောင့် အလုပ်သမားရဲ့ လုပ်ခလစာကို ငါ မပေးနိုင်တော့လို့... သူက ဆက်ပြီး မလုပ်ချင်တော့တာ ဖြစ်ရမယ်။” ဟု ဆိုလိုက်သည်။
၎င်းမှာ အလွန်ပင် သာမန်မျှသာ ဖြစ်သော စကားတစ်ခွန်း ဖြစ်သော်လည်း၊ တောင်ဝှေးကို ကိုင်စွဲထားသော အဖိုးအိုသည် အရှေ့မှောက်၌ ရှိနေသော ဆိုင်ရှင်အား အလေးအနက် စိုက်ကြည့်လိုက်ရင်း -
“ဒါက မင်းရဲ့ စရိုက်နဲ့ သိပ်ပြီး မတူညီလှဘူး။” ဟု ပြောလိုက်သည်။
တူညီသော ရှန်နိုင်ငံတော်၏ အကြွင်းအကျန် လူသားတစ်ဦး ဖြစ်သဖြင့် အရက်ဆိုင် ဆိုင်ရှင်၏ ကျင့်ကြံခြင်းအဆင့်မှာ မိမိ၏ အောက်တွင် လုံးဝ ရှိမနေကြောင်း သူ သေချာစွာ သိရှိထားခဲ့သည်။ သူသည် ဆိုင်ရှင်၏ ဗီဇကို သေချာစွာ သိရှိထားပြီး အလွန်ပင် အေးစက်လှသော လူတစ်ဦး ဖြစ်သော်လည်း၊သူက ထိုလူငယ်အလုပ်သမားနှင့် စကားပြောဆိုခဲ့စဉ်အတွင်း၌မူ စကားပြောဆိုသံမှာ ပေါ့ပါးလှသဖြင့် သူ၏ ပုံမှန် ဗီဇနှင့် လုံးဝ ကွဲပြားနေခဲ့ခြင်း ဖြစ်ပေသည်။
အရက်ဆိုင် ဆိုင်ရှင်က တည်ငြိမ်စွာဖြင့် -
“မျက်စိထဲမှာ ကြည့်ရတာ အဆင်ပြေလို့ပါ၊ ဒါပေမဲ့ လမ်းကြောင်းဆိုတာ မိမိကိုယ်တိုင် ရွေးချယ်ရတာပဲလေ၊ သူက ထွက်သွားမယ်လို့ ပြောနေမှတော့... ငါလည်း ဘာမှ မတတ်နိုင်ဘူး။”
ဟု ဆိုလိုက်သည်။
တောင်ဝှေးကို ကိုင်စွဲထားသော အဖိုးအိုက အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။
“မထင်မှတ်ဘဲ ဒီလောက်အထိ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်တာတောင်... မင်းက တပည့်မွေးချင်တဲ့ စိတ်ဆန္ဒ ရှိနေသေးတာပဲ။”
ဟု ပြောလိုက်သည်။
အရက်ဆိုင် ဆိုင်ရှင်သည် သူ့အား အလေးအနက် စိုက်ကြည့်လိုက်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
“ဒီနေ့ မင်း လာတာက... ငါ့ကို ဒီလိုမျိုး ပေါက်ကရ စကားတွေ လာပြောဖို့အတွက်လား။” ဟု ဆိုလိုက်သည်။
တောင်ဝှေးကို ကိုင်စွဲထားသော အဖိုးအိုသည် အခြားလူ၏ အမူအရာကို ဂရုမစိုက်ဘဲ တည်ငြိမ်စွာဖြင့် -
“ငါ ခုနတင် ထျန်းကျူလျှို့ဝှက်နယ်မြေထဲကို သွားခဲ့သေးတယ်။” ဟု ပြောလိုက်သည်။
အရက်ဆိုင် ဆိုင်ရှင်သည် စကားတစ်ခွန်းမျှ မဆိုဘဲ လက်ထဲတွင် နွေးထွေးလှသော မီးဖိုလေးကိုသာ ကိုင်စွဲထားခဲ့ရင်း စိတ်ထဲ၌ အလေးမထားသည့် ပုံစံ ရှိနေခဲ့သည်။
“ပြီးခဲ့တဲ့အကြိမ်က မြို့လေးထဲမှာ ငါ့ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးပစ်ခဲ့တဲ့ အဲဒီလူငယ်တာအိုဆရာက... အထက်လောကက ဆင်းသက်လာတဲ့ နတ်ဘုရားတစ်ပါး ဖြစ်နေတယ်။”
ဤစကား ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အရှေ့မှောက်၌ ရှိနေသော အရက်ဆိုင် ဆိုင်ရှင်ပင်လျှင် ကြီးစွာ တုန်လှုပ်သွားခဲ့ရပြီး သူက ချက်ချင်းပင် ခေါင်းကို မော့လိုက်ကာ ထိုတောင်ဝှေးကို ကိုင်စွဲထားသော အဖိုးအိုအား စိုက်ကြည့်လိုက်သည်။
“အထက်လောကက နတ်ဘုရားလား... လူသားအသွင် ဝင်စားတာလား။” ဟု မေးလိုက်တော့သည်။
တောင်ဝှေးကို ကိုင်စွဲထားသော အဖိုးအိုက ခေါင်းကို ခါယမ်းလိုက်ရင်း -
“သူ့ရဲ့ နာမည်ရင်းက လုဘု တဲ့၊ အထက်လောကရဲ့ အမိန့်တော်ကို သယ်ဆောင်လာပြီး ကိုယ့်ရဲ့ ကျင့်ကြံခြင်းစွမ်းအားတွေကို နှိမ်ချပြီး ဆင်းသက်လာခဲ့တာ ဖြစ်ရမယ်၊ ထျန်းကျူလျှို့ဝှက်နယ်မြေထဲက အမွှေးတိုင်နံ့သာ နတ်ဘုရား သုံးပါးစလုံးကို သူက သတ်ပစ်လိုက်ပြီ။”
ဟု ပြောပြလိုက်သည်။
အရက်ဆိုင် ဆိုင်ရှင်၏ မျက်နှာပြင်မှာ လုံးဝ ထိတ်လန့်တုန်လှုပ်သွားခဲ့ရပြီး ယခင်က ကောင်းကင်နှင့် မြေပြင်ကို ဂရုမစိုက်လှသော ပုံစံမျိုး လုံးဝ ရှိမနေတော့ဘဲ -
“ငါ့ကို အဲဒီလူအကြောင်း သေချာလေး ပြောပြဦး။” ဟု ဆိုလိုက်သည်။
တောင်ဝှေးကို ကိုင်စွဲထားသော အဖိုးအိုသည် ချက်ချင်းပင် သူ ထျန်းကျူလျှို့ဝှက်နယ်မြေအတွင်း၌ မြင်တွေ့ခဲ့ရသော လီယန်ချူ ထုတ်ဖော်ပြသခဲ့သည့် တန်ခိုးပညာရပ်များနှင့် ရတနာများကို တစ်ခုချင်းစီ သေချာစွာ ရှင်းလင်း ပြောပြလိုက်တော့သည်။
အရက်ဆိုင် ဆိုင်ရှင်သည် ကြားရလေလေ... မျက်နှာပြင်ထက်မှ အမူအရာများမှာ ပိုမို၍ လေးနက်လာလေလေ ဖြစ်သည်။
“ဒီလူက အမှန်တကယ်တော့ ဘယ်သူ့အတွက် အလုပ်လုပ်ပေးနေတာလဲ... သူ့ရဲ့ နောက်ခံက တကယ့်ကို ကြောက်စရာကောင်းလွန်းတယ် ”
ဟု ညည်းတွားလိုက်သည်။
၎င်း၏ လက်ထဲမှ နတ်ဘုရားရတနာ အနည်းငယ်မျှဖြင့်တင် လူကို ကြီးစွာ ထိတ်လန့်စေနိုင်စွမ်း ရှိပေသည်။
တောင်ဝှေးကို ကိုင်စွဲထားသော အဖိုးအိုက သက်ပြင်းတစ်ချက် ချလိုက်သည်။
“ပြီးခဲ့တဲ့အကြိမ်က ငါ အားထုတ် ကြိုးပမ်းခဲ့တဲ့ မိစ္ဆာနယ်မြေ ကျူးကျော်မှုက... ဘာလှိုင်းတံပိုးမျှ မထွက်ပေါ်လာသေးခင်မှာတင် လုံးဝ ပျက်စီး ဆုံးရှုံးသွားခဲ့ရတာ... ငါ သံသယဝင်တာကတော့ အဲဒီလူ လုပ်ဆောင်ခဲ့တာ ဖြစ်ရမယ်။”
ဟု ဆိုလိုက်သည်။
အရက်ဆိုင် ဆိုင်ရှင်သည် ထိုစကားကို ကြားလျှင် အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့ရပြီးမှ ဖြည်းညင်းစွာဖြင့်
“ဟုတ်ပါတယ်... မင်း ပြောသလိုမျိုးသာ သိုင်းနတ်ဘုရားက ဒီလမ်းကြောင်းကို ကြိုတင် တည်ဆောက်ထားခဲ့တာဆိုရင်... ပြီးခဲ့တဲ့အကြိမ်က မိစ္ဆာနယ်မြေ ကျူးကျော်မှုအတွင်းမှာ... ဒီလူက သေချာပေါက် ပါဝင် ပတ်သက်ခဲ့မှာပဲ။”
ဟု ဆိုလိုက်သည်။
၎င်းတို့ နှစ်ဦးစလုံးသည် အချင်းချင်း စိုက်ကြည့်လိုက်ကြသည်။
တောင်ဝှေးကို ကိုင်စွဲထားသော အဖိုးအိုက သက်ပြင်းတစ်ချက် ချလိုက်ရင်း -
“သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အနည်းဆုံး ဝိညာဉ်ခြောက်ပါးအလံရဲ့ အမှတ်အသားရတနာ လေးစင်း ရှိနေတယ်၊ တကယ်လို့ ထျန်းကျူလျှို့ဝှက်နယ်မြေရဲ့ မဟာတာအိုက ငါတို့ကို အပြင်ကို ပို့မပေးခဲ့ဘူးဆိုရင်... သူ ဆက်ပြီး အာရုံခံနေဦးမယ်ဆိုရင်... ငါပါ ဒုက္ခရောက်သွားနိုင်တယ်။”
ဟု ပြောလိုက်သည်။
အရက်ဆိုင် ဆိုင်ရှင်က မျက်မှောင်များကို ပြင်းထန်စွာ ကြုတ်လိုက်ရင်း -
“ဒီလိုမျိုး လူတစ်ယောက် ရှိနေတာက... နောင်ပိုင်း ကိစ္စရပ်တွေကို လုပ်ဆောင်တဲ့အခါမှာ ကြီးမားတဲ့ အနှောင့်အယှက်တစ်ခု ဖြစ်လာလိမ့်မယ်။”
စကားပြောဆိုပြီးနောက် သူသည် ချောင်းအနည်းငယ် ဆိုးလိုက်မိပြန်သဖြင့် မျက်နှာပြင်မှာ ပိုမို၍ ဖြူဖျော့သွားခဲ့သည်။
“နတ်ဘုရားလောကကို တက်လှမ်းမယ့် အခွင့်အရေးက ရောက်ရှိတော့မယ်၊ တကယ်လို့ ဒီလူကိုသာ အသေအလဲ ဒေါသထွက်အောင် လုပ်မိရင်... အထက်ကို ရောက်သွားခဲ့ရင်တောင် အဆုံးမရှိတဲ့ ဒုက္ခတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်။”
ဟု ဆိုလိုက်သည်။
တောင်ဝှေးကို ကိုင်စွဲထားသော အဖိုးအိုက လေးနက်လှသော အသံဖြင့် -
“ ရှန့်ရှန်းနန်းတော်က အဲဒီနတ်ဘုရား အလုပ်အကျွေးတွေနဲ့ ဒီလူက ဘာပတ်သက်မှုမျိုး ရှိလဲဆိုတာကို ငါ မသိဘူး။”
ဟု ပြောလိုက်သည်။
အရက်ဆိုင် ဆိုင်ရှင်က -
“မင်းရဲ့ အဓိပ္ပာယ်က...” ဟု မေးလိုက်သည်။
တောင်ဝှေးကို ကိုင်စွဲထားသော အဖိုးအိုက တည်ငြိမ်စွာဖြင့် -
“တောင်ပေါ်မှာ ထိုင်ပြီး ကျားနှစ်ကောင် ကိုက်တာကို စောင့်ကြည့်ရမယ် ”
“နတ်ဘုရားလောကကို တက်လှမ်းမယ့် အခွင့်အရေး ရောက်ရှိလာတာနဲ့... ကောင်းကင်လူသား လူမျိုးစုတွေကလည်း ကမ္ဘာလောကအတွင်းကို ဆင်းသက်လာကြလိမ့်မယ်၊ အဲဒီအချိန်ကျရင် အဲဒီအင်အားစု နှစ်ခုက သေချာပေါက် အပြင်းထန် တိုက်ခိုက်ကြလိမ့်မယ် ”
“ငါတို့တွေကတော့ သူတို့ရဲ့ တိုက်ခိုက်မှုတွေကို ရှောင်ရှားလိုက်ရုံမျှနဲ့တင်... ဒီနတ်ဘုရားလောကကို တက်လှမ်းမယ့် အခွင့်အရေးကို လုယက် နိုင်လိမ့်မယ် ”
ဟု ဆိုလိုက်သည်။
အရက်ဆိုင် ဆိုင်ရှင်၏ မျက်နှာပြင်မှာ အလွန်ပင် လေးနက်နေခဲ့ပြီး -
“မုန်တိုင်း တိုက်တော့မယ်။” ဟု ညည်းတွားလိုက်တော့သည်။
ယခုအချိန်တွင် ၎င်းတို့ နှစ်ဦးစလုံးသည် လီယန်ချူအား အထက်နတ်ဘုရားလောကမှ ဆင်းသက်လာသူတစ်ဦး ဖြစ်သည်ဟု ပြင်းထန်စွာ ယူဆထားခဲ့ကြသည်။ ထိုကျားဦးခေါင်းနှင့် လူသားခန္ဓာကိုယ် ရှိသော နတ်ဘုရားသည် ယုံကြည်သွားခဲ့ပြီးနောက် ၎င်းမှာ ပိုမို၍ သေချာသော အမှန်တရားတစ်ခုအလား ဖြစ်ပေါ်နေခဲ့ခြင်း ဖြစ်ပေသည်။
………………
တောင်ဝှေးကို ကိုင်စွဲထားသော အဖိုးအိုသည် အရက်ဆိုင် ဆိုင်ရှင်နှင့် အချိန်အတော်ကြာ စကားပြောဆိုခဲ့ကြသည်။
ထိုတောင်ဝှေးကို ကိုင်စွဲထားသော အဖိုးအို ထွက်ခွာသွားခဲ့ပြီးနောက်၊ အရက်ဆိုင် ဆိုင်ရှင်သည် လက်ထဲတွင် အရက်ခွက်တစ်ခုကို ကိုင်စွဲထားခဲ့ရင်း အချိန်အတော်ကြာ စကားတစ်ခွန်းမျှ မဆိုဘဲ ငြိမ်သက်နေခဲ့သည်။
ထိုအချိန်တွင် လူငယ်အလုပ်သမားသည် အပြင်သို့ ထွက်လာခဲ့ပြီး စားပွဲကို သန့်ရှင်းရန် ပြင်ဆင်လိုက်သည်။
အရက်ဆိုင် ဆိုင်ရှင်က ရုတ်တရက် -
“ငွေပြား တစ်ပြားတည်း မဟုတ်လား... ငါ မင်းကို တိုးပေးမယ်။” ဟု ပြောလိုက်သည်။
လူငယ်အလုပ်သမားကျောက်ရှင်း သည် ထိုစကားကို ကြားလျှင် တစ်ခဏမျှ မှင်တက်သွားခဲ့ရပြီး လှည့်၍ ဆိုင်ရှင်အား ကြည့်ရှုလိုက်သည်။
“တကယ်လား။” ဟု မေးလိုက်သည်။
အရက်ဆိုင် ဆိုင်ရှင်က ပြုံးလိုက်ရင်း -
“သေချာတာပေါ့ တကယ်ပေါ့၊ ဒါပေမဲ့ ငါ မင်းကို အရာတစ်ခု သင်ပေးမယ်... မင်း အမြန်ဆုံး အလွတ်ကျက်မှတ်ရမယ်။” ဟု ဆိုလိုက်သည်။
လူငယ်အလုပ်သမားသည် မျက်နှာပျက်သွားခဲ့ရပြီး -
“ခင်ဗျား ပြောတဲ့ အဲဒီအရာက... အလွန်ပဲ နားလည်ရ ခဲယဉ်းပြီး ခက်လွန်းတယ်၊ ကျုပ်က စာမေးပွဲ ဖြေမှာလည်း မဟုတ်ဘူး... အဲဒီအရာတွေကို မှတ်သားပြီး ဘာလုပ်မှာလဲ။”
ဟု ပြောလိုက်သည်။
အရက်ဆိုင် ဆိုင်ရှင်က တည်ငြိမ်စွာဖြင့် -
“နောက်ထပ် ငွေပြား တစ်ပြား ထပ်တိုးပေးမယ်။” ဟု ဆိုလိုက်သည်။
လူငယ်အလုပ်သမား ကျောက်ရှင်းသည် ချက်ချင်းပင် ခေါင်းကို မော့လိုက်ရင်း လေးနက်လှသော အမူအရာဖြင့် -
“ကျုပ် သေချာပေါက် ကြိုးစားပြီး သင်ယူပါ့မယ်။”
ဟု ပြန်လည် ပြောကြားလိုက်တော့သည်။
အရက်ဆိုင် ဆိုင်ရှင်က တည်ငြိမ်စွာ ပြုံးလိုက်မိသည်။
အချိန်အများကြီး မကျန်တော့ချေ၊ မျက်စိထဲတွင် ကြည့်ရဆိုးလှသည် မဟုတ်သော လူငယ်လေးတစ်ယောက်နှင့် တွေ့ဆုံရခြင်းမှာလည်း ရေစက်တစ်ခုဟု သတ်မှတ်နိုင်ပေသည်။
“မွေးရာပါ ကန်ရွှေစွမ်းအား ရှိနေပြီး ကံတရားအရှိန်အဝါတွေက ခန္ဓာကိုယ်ပေါ်မှာ ပြည့်နှက်နေတာ... တကယ်လို့ ဒီလိုမျိုး အခြေအနေနဲ့တင် ထူးခြားတဲ့ အောင်မြင်မှုတစ်ခုကို မလုပ်နိုင်သေးဘူးဆိုရင်... မင်း ပဲပြားတစ်ခုခုကို ရှာပြီး စောင့်သေလိုက်တာက ပိုကောင်းလိမ့်မယ်။”
ဟု အရက်ဆိုင် ဆိုင်ရှင်က စိတ်ထဲမှ တွေးတောလိုက်သည်။
………………
ဝူထိုင်တောင်။
ခန္ဓာကိုယ် အချိုးအစား ကြီးမားထွားကျိုင်းလှသောဆရာတော်ကြီးသည် ယခုအချိန်တွင် မဟာဗိမာန်တော်အတွင်း၌ ထိုင်နေခဲ့ပြီး လက်ထဲမှ ကြီးမားလှသော သစ်သားငါးခေါက်တံကို ခေါင်းနေခဲ့သည်။ ဗိမာန်တော်တစ်ခုလုံးတွင် တရားဒေသနာ ရွတ်ဖတ်သံများ ပြည့်နှက်နေခဲ့ပြီး ရွှေရောင်လှိုင်းတံပိုးများ ပတ်ဝန်းကျင်သို့ ပျံ့နှံ့ ထွက်ပေါ်နေခဲ့သည်။
ထိုထွားကျိုင်းလှသော ဆရာတော်ကြီးသည် ဤတစ်ကြိမ် ထျန်းကျူလျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်ခဲ့စဉ်အတွင်း၌ မည်သည့် ရတနာတစ်ခုမျှ မရရှိခဲ့သည့်အပြင်၊ ကျင့်ကြံခြင်းစွမ်းအားများပါ ဖိနှိပ်ခြင်း ခံခဲ့ရသဖြင့် အသက်အန္တရာယ်နှင့်ပင် လုခဲ့ရရှာသည်။ ယခုအချိန်တွင် သူ၏ စိတ်နှလုံးမှာ ပျက်စီး ဆုံးရှုံးမှုများကို ခံစားနေရပြီး ကိလေသာ အာရုံများစွာ ထွက်ပေါ်နေခဲ့သည်။
ထို့ပြင် ဤတစ်ကြိမ် လျှို့ဝှက်နယ်မြေအတွင်းသို့ သွားရောက် စူးစမ်းခဲ့စဉ်အတွင်း၌ ကောင်းကင်လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားခြင်း မရှိခဲ့သဖြင့် ယခုအချိန်တွင် သူ၏ အသက်အကန့်အသတ်မှာ ကုန်ဆုံးလုနီးပါး ဖြစ်နေခဲ့ရပြီ ဖြစ်သည်။ ထျန်းကျူလျှို့ဝှက်နယ်မြေအတွင်း၌ ဤမျှအထိ ပြင်းထန်စွာ ဖိနှိပ်ချုပ်ချယ်ခြင်း ခံရလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြချေ။ ထို့ကြောင့် သူ၏ သက်စောင့်စွမ်းအားများမှာ ထိန်းချုပ်၍ မရနိုင်လောက်အောင် လေလွင့် ပျက်စီးသွားခဲ့ရခြင်း ဖြစ်ပေသည်။
“စိတ်ထဲမှာ ဒီလိုမျိုး အတွေးတွေ ထွက်ပေါ်လာတာက... အောက်တန်းကျလှတဲ့ လုပ်ဆောင်ချက် ဖြစ်နေပြီ။”
ထိုဝူထိုင်တောင်မှ ဆရာတော်ကြီးသည် သစ်သားငါးခေါက်တံကို ခေါက်နေခြင်းကို ရပ်တန့်လိုက်ရင်း လက်နှစ်ဖက်ကို ပူးကပ်ကာ ရှိခိုးလိုက်သည်။
သို့သော်လည်း ယခုအချိန်တွင် သူသည် ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါတစ်ခု ဝူထိုင်တောင်ပေါ်၌ ထွက်ပေါ်လာခဲ့သည်ကို အာရုံခံမိလိုက်သည်။
အဖိုးအိုဆရာတော်၏ မျက်ဝန်းအစုံမှာ ဓားကဲ့သို့ ထက်မြက်လှပြီး အကြည့်များမှာ ချက်ချင်းပင် ပြင်းထန်လာခဲ့သည်။
“မိစ္ဆာကောင်ပဲ။” ဟု ရေရွတ်လိုက်မိသည်။
ထိုအလွန်ပင် ထူထပ်လှသော မိစ္ဆာစွမ်းအားများကို အာရုံခံမိလိုက်လျှင် အဖိုးအိုဆရာတော်သည် လက်နှစ်ဖက်ဖြင့် တံဆိပ်အမှတ်အသားများကို ဖွဲ့စည်းလိုက်ရင်း ပါးစပ်မှ ဗုဒ္ဓဘာသာ၏ စစ်မှန်သော ဂါထာမန္တန်များကို ရွတ်ဖတ်လိုက်တော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာတင် သူ၏ ရုပ်ရည်သွင်ပြင်မှာ ပြန်လည်၍ ပိုမိုနုပျိုလာခဲ့သည်။ မူလက အလွန်ပင် အိုမင်းရင့်ရော်နေခဲ့သော်လည်း၊ ယခုအချိန်တွင်မူ ထွားကျိုင်းလှသော လူငယ်ဘုန်းတော်ကြီးတစ်ပါးအဖြစ် ပြောင်းလဲသွားခဲ့ပြီး ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများမှာ ထောင်ထွက်နေခဲ့ကာ ရွှေဝါရောင် သွန်းလောင်းထားသကဲ့သို့ ဖြစ်ပေသည်။
ထိုနေရာ၌ မတ်တတ်ရပ်နေရုံမျှဖြင့်တင် ဗုဒ္ဓဘာသာ၏ ဒေါသထွက်နေသော စောင့်ရှောက်သူ နတ်မင်းကြီးတစ်ပါးအလား ဖြစ်နေခဲ့သည်။
“စိတ်ကူးယဉ် အတွေးတွေကြောင့် အသက်အကန့်အသတ်က ကုန်ဆုံးတော့မှာ ဖြစ်နေမှတော့... ဒီခန္ဓာကို ဘာလို့ နှမြောနေရဦးမှာလဲ ”
အဖိုးအိုဆရာတော်သည် မဟာဗိမာန်တော်အတွင်းမှ ရှေ့သို့ တစ်လှမ်း လှမ်းလိုက်သည်။ ဝူထိုင်တောင်၏ ကျောင်းထိုင်ဆရာတော်သည် ဤမျှအထိ အားကောင်းလှသော အရှိန်အဝါကို အာရုံခံမိလိုက်လျှင် တစ်ခဏမျှ မှင်တက်သွားခဲ့ရသည်။
“ဘာကိစ္စ ဖြစ်ပျက်နေတာလဲ။” ဟု တွေးတောလိုက်မိသည်။
…………
ထိုအချိန်တွင်
ဝူထိုင်တောင်ပေါ်၌ မျက်ခုံး၊ မျက်ဝန်း သန့်စင်လှပသော လူငယ်အမျိုးသားတစ်ဦး ရှိနေခဲ့ပြီး သူ၏ နောက်ကျောထံတွင် ဝါးပိုးခြင်းတောင်းတစ်ခုကို လွယ်ထားခဲ့ကာ၊ ခါးဘေး၌ သံဓားတစ်စင်းကို ဆွဲချိတ်ထားခဲ့ရာ ကြည့်ရသည်မှာ ဓားကို ကိုင်စွဲလျက် ပညာရှာဖွေနေသော စာပေပညာရှင်တစ်ဦးအလား ဖြစ်ပေသည်။
ယခုအချိန်တွင် သူသည် ဝူထိုင်တောင် ဗုဒ္ဓဘာသာ သန့်စင်သော နယ်မြေကို သေချာစွာ စူးစမ်း ကြည့်ရှုနေခဲ့သည်။
မထင်မှတ်ဘဲ အရှေ့မှောက်၌ ချက်ချင်းပင် ထွားကျိုင်းလှသော လူငယ်ဘုန်းတော်ကြီးတစ်ပါး ထွက်ပေါ်လာခဲ့သည်။ သူ၏ ကိုယ်ဟန်သဏ္ဌာန်မှာ သာမန်လူများနှင့် မတူညီဘဲ အလွန်ပင် ထည်ဝါကြီးမားလှပြီး လက်နှစ်ဖက်ကို ပူးကပ်လျက် တည်ငြိမ်စွာဖြင့် -
“ဗုဒ္ဓဘာသာ သန့်စင်တဲ့ နယ်မြေကို... မိစ္ဆာကောင်တွေ ညစ်ပတ်အောင် လုပ်ဆောင်ခွင့် မပေးနိုင်ဘူး ”
ဟု ဆိုလိုက်တော့သည်။
အခန်း (၁၀၄၀) တစ်ဦးချင်း တိုက်ခိုက်မလား
စကားသံ ဆုံးသည်နှင့်တစ်ပြိုင်နက် လူငယ်ဘုန်းတော်ကြီး၏ မျက်ခုံးအလယ်ဗဟိုမှ ရွှေရောင်အလင်းစက်တစ်ခု တောက်ပလာပြီး တစ်ကိုယ်လုံး ခဏချင်းအတွင်း ရွှေဝါရောင်အဖြစ်သို့ ပြောင်းလဲသွားကာ ထူထပ်လှသော ဗုဒ္ဓဘာသာ၏ ကျင့်ကြံခြင်းစွမ်းအားများ ပတ်ဝန်းကျင်၌ ရစ်ပတ်နှောင်ဖွဲ့လာခဲ့သည်။
မိစ္ဆာနယ်မြေမှ ရောက်ရှိလာသော ထိုအရှင်သခင်သည် မျက်ခုံးကို ပင့်တင်လိုက်ရင်း မအောင့်နိုင်ဘဲ စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။
“ဒီဘုန်းကြီးက ဘာလို့ ဒီလောက်အထိ ဒေါသကြီးနေရတာလဲ၊ တွေ့တွေ့ချင်းပဲ တိုက်ခိုက်တော့တာပဲ။”
ထိုစဉ်က မိစ္ဆာနယ်မြေမှ အရှင်သခင်လေးပါးသည် နဂါးချိတ်ပိတ်တွင်းအနီး၌ ပူးပေါင်းကာ ဝင်ပေါက်ကို ဖွင့်လှစ်ခဲ့ပြီး လူသားလောကအတွင်းသို့ တစ်ဖန်ပြန်၍ ခိုးဝင်ရန် ကြိုးပမ်းခဲ့ကြသည်။ နောက်ဆုံးတွင် အရှင်သခင် သုံးပါးစလုံး ကျဆုံးသွားခဲ့ရပြီး ၎င်းတို့အတွင်းမှ မှောင်မိုက်သော မြူခိုးများ ရစ်ပတ်နေသည့် ဤအရှင်သခင်တစ်ပါးသာလျှင် လူငယ်စာပေပညာရှင်တစ်ဦးအသွင် ပြောင်းလဲကာ လူသားလောကအတွင်း၌ ပုန်းအောင်းနေခဲ့ခြင်း ဖြစ်ပေသည်။
သူသည် မူလက ဝူထိုင်တောင်ပေါ်၌ လှည့်ပတ်ကြည့်ရှုရင်း လမ်းကြုံလျှင် ဘုန်းကြီးအချို့ကို ဖမ်းဆီးစားသောက်ရန်သာ ရည်ရွယ်ခဲ့ပြီး ကြီးမားလှသော ပြဿနာများကို မဖန်တီးချင်ခဲ့ချေ။ အကြောင်းမှာ ပြဿနာတစ်ခုခု ဖြစ်ပွားခဲ့လျှင် သိုင်းနတ်ဘုရား၏ အာရုံစိုက်မှုကို ခံရမည် ဖြစ်သောကြောင့်ပင်။ သို့သော်လည်း ဝူထိုင်တောင်ပေါ်ရှိ ဤအဖိုးအိုဆရာတော်၏ အာရုံခံနိုင်စွမ်းမှာ ဤမျှအထိ ထက်မြက်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။ သူ၏ နတ်ဘုရားတန်ခိုးစွမ်းအားများဖြင့် ကြည့်ရှုလိုက်လျှင် ထိုရှေးဟောင်းဆရာတော်ကြီးသည် လူငယ်ဘုန်းတော်ကြီးအသွင် ပြောင်းလဲထားခဲ့သော်လည်း အတွင်းရှိ လျှို့ဝှက်ချက်များကို သေချာစွာ မြင်တွေ့နိုင်ခဲ့ခြင်း ဖြစ်ပေသည်။
ဝူးးးး... ဒုန်းးးး...
ထွားကျိုင်းလှသော လူငယ်ဘုန်းတော်ကြီး၏ ခန္ဓာကိုယ်အတွင်းမှ တောက်ပလှသော ဗုဒ္ဓအလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ထိုထွားကျိုင်းလှသော ဘုန်းတော်ကြီးသည် ရှေ့သို့ တိုက်ရိုက် တိုးဝင်လာခဲ့ကာ လက်သီးတစ်ချက်ဖြင့် ထိုသန့်စင်လှပသော စာပေပညာရှင်၏ ရင်ဘတ်ဆီသို့ ပြင်းထန်စွာ ထိုးနှက်လိုက်တော့သည်။
စာပေပညာရှင်သည် အရှိန်အဟုန်ဖြင့် အနောက်ဘက်သို့ ဆုတ်ခွာ လွင့်ပျံသွားခဲ့သည်။ သို့သော်လည်း သူ မည်ကဲ့သို့ပင် အနောက်ဘက်သို့ ရှောင်တိမ်းဆုတ်ခွာပါစေ၊ ထိုလက်သီးချက်၏ ပြင်းထန်လှသော ဖိအားကိုမူ လုံးဝ ဖယ်ရှားပစ်နိုင်ခြင်း မရှိချေ။ ထို့ပြင် သူ၏ ကိုယ်ဟန်သဏ္ဌာန်မှာလည်း မူလနေရာ၌ပင် ရှိနေခဲ့ပြီး လုံးဝ ရွေ့လျားသွားခြင်း မရှိခဲ့ချေ။
၎င်းမှာ နီးကပ်လှသော မိုးကုပ်စက်ဝိုင်း ပညာရပ်ပင် ဖြစ်သည်။
သန့်စင်လှပသော စာပေပညာရှင်သည် မျက်ခုံးကို ပင့်တင်လိုက်ရင်း ခန္ဓာကိုယ်ပေါ်မှ အားကောင်းလှသော မိစ္ဆာစွမ်းအားများကို ပေါက်ကွဲထွက်ပေါ်စေလိုက်ရာ ၎င်းတို့မှာ ရေစီးကြောင်းပမာ သူ၏ ပတ်ဝန်းကျင်၌ ရစ်ပတ်လျက် ဤပြင်းထန်လှသော လက်သီးစိတ်ဆန္ဒကို ဖျက်ဆီးပစ်လိုက်တော့သည်။
ထွားကျိုင်းလှသော လူငယ်ဘုန်းတော်ကြီးသည် လက်နှစ်ဖက်ဖြင့် မျက်ခုံးအလယ်ဗဟိုသို့ ဆွဲတင်လိုက်ရာ မျက်ဝန်းအစုံအတွင်းမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး ခဏချင်းအတွင်းမှာပင် ထိုသန့်စင်လှပသော စာပေပညာရှင်၏ ခန္ဓာကိုယ်ကို အေးခဲရပ်တန့်သွားစေခဲ့သည်။
ထို့ပြင် ယခုအချိန်တွင် သူ၏ အရှိန်အဟါန်မှာ ချက်ပြုတ်နေသော ဆီအိုးပမာ ပြင်းထန်လှပြီး ပတ်ဝန်းကျင်ရှိ ထူထပ်လှသော ရွှေရောင်အလင်းတန်းများမှာ မီးလျှံများအသွင်သို့ ပြောင်းလဲသွားကာ အလွန်ပင် တောက်ပဆန်းပြားလှပေသည်။
“မဟာရိုဟန် ဗုဒ္ဓလက်ဝါး။”
ယခုအချိန်တွင် သူ၏ သက်စောင့်စွမ်းအားများမှာ အဆက်မပြတ် လေလွင့်ပျက်စီးနေခဲ့သဖြင့် လူငယ်ဘုန်းတော်ကြီးသည် တစ်ချက်မျှ တွေးတောတုံ့ဆိုင်းမနေတော့ဘဲ တွေ့တွေ့ချင်းမှာပင် မိမိ၏ အားအကောင်းဆုံး တန်ခိုးပညာရပ်ကို ထုတ်ဖော်လိုက်ခြင်း ဖြစ်ပေသည်။ ထူထပ်လှသော ကျင့်ကြံခြင်းစွမ်းအားများသည် ရွှေရောင်ဗုဒ္ဓလက်ဝါးကြီးအသွင်ဖြင့် ကောင်းကင်ထက်မှ တိုက်ရိုက် ကျဆင်းလာခဲ့ပြီး ထိုသန့်စင်လှပသော စာပေပညာရှင်အား ဖိနှိပ်ချုပ်ချယ်ရန် ပြင်ဆင်လိုက်တော့သည်။
သန့်စင်လှပသော စာပေပညာရှင်သည် မျက်ခုံးကို ပင့်တင်လိုက်ရင်း မအောင့်နိုင်ဘဲ ကျယ်လောင်စွာ ဆဲရေးတိုင်းထွာလိုက်မိသည်။
“ဒီဘုန်းကြီး ရူးသွားပြီလား ”
သူသည် ခါးဘေးမှ သံဓားကို အလျင်အမြန် ဆွဲထုတ်လိုက်ပြီး လက်ထဲတွင် ကိုင်စွဲထားခဲ့သည်။ ပါးစပ်မှလည်း ဂါထာမန္တန်များကို တတွတ်တွတ် ရွတ်ဖတ်နေခဲ့ရာ ကြည့်ရသည်မှာ မိစ္ဆာနယ်မြေမှ စစ်မှန်သော မိစ္ဆာတစ်ကောင်နှင့် လုံးဝ မတူညီဘဲ တာအိုဂိုဏ်းမှ စစ်မှန်သော ပညာရှိကြီးတစ်ဦးအလား ဖြစ်နေခဲ့သည်။ သူ ဂါထာမန္တန်များကို ရွတ်ဖတ်လိုက်သည်နှင့်အမျှ လက်ထဲမှ သံဓားသည် တဝီဝီ မြည်ဟည်းလာခဲ့ပြီး လက်ထဲမှ ထွက်ခွာသွားရန် ပြင်ဆင်နေခဲ့သည်။
ရွှေဗုဒ္ဓလက်ဝါးကြီး မြေပြင်သို့ ကျရောက်လာချိန်တွင် သန့်စင်လှပသော စာပေပညာရှင်၏ ပါးစပ်မှ ဂါထာမန္တန် ရွတ်ဖတ်သံမှာလည်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
“သွားစမ်း ”
စကားသံ ဆုံးသည်နှင့်တစ်ပြိုင်နက် လက်ထဲမှ သံဓားသည် ဖြူစင်လှသော အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ထက်သို့ တိုက်ရိုက် အံတု တိုးဝင်သွားခဲ့တော့သည်။ ဤ ‘မဟာရိုဟန် ဗုဒ္ဓလက်ဝါး’ ပညာရပ်မှာ ဗုဒ္ဓဘာသာ၏ အထက်တန်းလွန် နတ်ဘုရားတန်ခိုးပညာရပ် ဖြစ်သဖြင့် မိစ္ဆာများကို ဖိနှိပ်နိုင်ပြီး ဝိညာဉ်နှင့် ခန္ဓာကိုယ်ကိုပါ ပျက်စီး ဆုံးရှုံးစေနိုင်စွမ်း ရှိပေသည်။
ယခုအချိန်တွင် ထိုတန်ခိုးပညာရပ်သည် သံဓားနှင့် ပြင်းထန်စွာ တိုက်မိသွားခဲ့ရာ ရွှေရောင်လက်ဝါးကြီးပေါ်တွင် အစက်အပြောက်များစွာ ဖြစ်ပေါ်လာခဲ့သလို ထိုသံဓားမှာလည်း အဆက်မပြတ် ပွတ်တိုက်ပျက်စီးလာခဲ့သည်။ ၎င်းမှာ ၎င်းတို့ နှစ်ဦး၏ တန်ခိုးပညာရပ် အဆင့်အတန်းချင်း အပြန်အလှန် တိုက်ခိုက်နေကြခြင်း ဖြစ်ပေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မဟာရိုဟန် ဗုဒ္ဓလက်ဝါးကြီးနှင့် ထိုသံဓားတို့အကြား၌ ရာပေါင်းများစွာသော တန်ခိုးပညာရပ်များ အပြန်အလှန် ဆုံတွေ့သွားခဲ့ကြပြီး အဆက်မပြတ် တောက်ပလှသော အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာကာ မိုးကြိုးနှင့် မီးလျှံအငွေ့အသက်များ ပတ်ဝန်းကျင်သို့ ပျံ့နှံ့ ထွက်ပေါ်သွားခဲ့တော့သည်။
ထွားကျိုင်းလှသော ဘုန်းတော်ကြီးသည် ယခုအချိန်တွင် စိတ်နှလုံး ပျက်စီးနေခဲ့ပြီး မိမိ၏ အသက်အကန့်အသတ် ကုန်ဆုံးတော့မည်ကို သိရှိထားခဲ့သဖြင့် မည်သည့်အရာကိုမျှ ချန်လှပ်ထားခြင်း မရှိတော့ချေ။
သူက မိုးကြိုးပေါက်ကွဲသံပမာ ကျယ်လောင်စွာ အော်ဟစ်လိုက်ရင်း -
“မိစ္ဆာကို နှိမ်နင်းခြင်း။” ဟု ဆိုလိုက်သည်။
သူ၏ စကားသံ ဆုံးသည်နှင့်အမျှ ကောင်းကင်ထက်၌ တစ်ဖန် ပြန်လည်၍ အလွန်ပင် တောက်ပလှသော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး မဟာရိုဟန် ဗုဒ္ဓလက်ဝါးကြီး၏ စွမ်းအားကို အထွတ်အထိပ်အထိ တွန်းပို့ပေးလိုက်ကာ ထိုသံဓားကို လုံးဝ ပျက်စီး ဆုံးရှုံးသွားစေခဲ့သည်။
သန့်စင်လှပသော စာပေပညာရှင်၏ မျက်နှာပြင်မှာ အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး ယခုအချိန်တွင် သူသည် မိမိ၏ အရှိန်အဝါကို ဖိနှိပ်ထားရန် ဂရုမစိုက်နိုင်တော့ဘဲ လက်သီးတစ်ချက် အင်တိုက်အားတိုက် ထိုးနှက်လိုက်ရာ ပြင်းထန်လှသော ရှေးဟောင်းကျင့်ကြံသူကြီး၏ မိစ္ဆာစွမ်းအားများ ပတ်ဝန်းကျင်သို့ ပျံ့နှံ့ သွားခဲ့တော့သည်။ သူ၏ ရှေ့မှောက်တွင် ‘ဖီရှူ’ မိစ္ဆာကောင်ကြီးတစ်ကောင် ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ထက်သို့ ပြင်းထန်စွာ တိုးဝင်သွားခဲ့သည်။
ထို ဖီရှူ မိစ္ဆာကောင်ကြီးသည် အလွန်ပင် သက်ရှိထင်ရှား ရှိလှပြီး အမှန်တကယ်ပင် ရှေးဟောင်းမိစ္ဆာကောင်ကြီးတစ်ကောင် လောကီလူသားကမ္ဘာသို့ ဆင်းသက်လာခဲ့သည့်အလား ဖြစ်နေခဲ့သည်။ ထိုတန်ခိုးပညာရပ်ဖြင့် ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်နှင့်အမျှ -
ဝူးးးး... ဒုန်းးးး... ဒုန်းးးး...
မြေပြင်နှင့် တောင်တန်းများ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ပြီး ဝူထိုင်တောင်တစ်ခုလုံး၏ တောင်စောင့်ကာကွယ်ရေးအစီရင်များ ပွင့်လာခဲ့ကာ ရွှေရောင်အလင်းတန်းတစ်ခုက ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းမိုးသွားခဲ့သည်။ သို့သော်လည်း ယခုအချိန်တွင် ပတ်ဝန်းကျင်မှာ အဆက်မပြတ် လှုပ်ခတ်တုန်လှုပ်နေဆဲ ဖြစ်ပေသည်။
စာပေပညာရှင်သည် ဤဗုဒ္ဓဘာသာ၏ တန်ခိုးပညာရပ်ကို ဖျက်ဆီးပစ်လိုက်သော်လည်း ထိုထွားကျိုင်းလှသော ဘုန်းတော်ကြီးမှာမူ အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိဘဲ တည်ငြိမ်လှသော အမူအရာဖြင့် -
“မင်းတို့လို မိစ္ဆာကောင်တွေက လူသားလောကထဲမှာ ပုန်းအောင်းနေတာဆိုတော့... ဒီနေ့ မင်းကို ဘယ်လိုမှ ပုန်းကွယ်လို့မရအောင် လုပ်ဆောင်ပေးမယ်။”
ဟု ဆိုလိုက်သည်။
ယခုအချိန်တွင် ထိုထွားကျိုင်းလှသော
ဘုန်းတော်ကြီး၏ ခန္ဓာကိုယ်မှာ အလျင်အမြန် ပြောင်းလဲသွားခဲ့ပြီး အိုမင်းရင့်ရော်နေသော အဖိုးအိုဆရာတော်အဖြစ်သို့ တစ်ဖန် ပြန်လည် ရောက်ရှိသွားခဲ့သည်။ အကြောင်းမှာ သူသည် လောကီစိတ်ဆန္ဒများ ထွက်ပေါ်လာခဲ့သဖြင့် အသက်အကန့်အသတ်မှာ ကုန်ဆုံးသွားခဲ့ရခြင်း ဖြစ်ပေသည်။ ယခုအချိန်တွင် မိမိ၏ နောက်ဆုံးအချိန်၌ မိစ္ဆာကို အစွမ်းကုန် နှိမ်နင်းလိုက်ရသဖြင့် စိတ်ထဲတွင် အချို့သော နားလည်သဘောပေါက်မှုများ ထွက်ပေါ်လာခဲ့ရသည်။
“နောက်ဘဝရောက်မှပဲ ကျင့်ကြံခြင်းကို တစ်ဖန် ပြန်လည် လုပ်ဆောင်ရတော့မှာပဲ။”
ဤကဲ့သို့သော ဗုဒ္ဓဘာသာ၏ အထက်တန်းလွန် ဆရာတော်ကြီးများအတွက်မူ ဤတစ်ဘဝတွင် ကျင့်ကြံခြင်း မအောင်မြင်ခဲ့လျှင် နောက်တစ်ဘဝတွင် တစ်ဖန် ပြန်လည်၍ ကျင့်ကြံခြင်းမှာ သာမန်မျှသာ ဖြစ်သော လုပ်ဆောင်ချက် ဖြစ်ပေသည်။ ယခုအချိန်တွင် သူသည် ကောင်းကင်ယံထံမှ အလွန်ပင် ပြင်းထန်လှသော အရှိန်အဝါတစ်ခုကို အာရုံခံမိလိုက်သဖြင့် တည်ငြိမ်စွာ ပြုံးလိုက်ရင်း ဝူထိုင်တောင်အတွင်း၌ပင် ပျံလွန်တော်မူသွားခဲ့ရပြီး ခန္ဓာကိုယ်မှာ လေလှိုင်းနှင့်အတူ ပျောက်ကွယ်သွားခဲ့တော့သည်။
စာပေပညာရှင်မှာမူ - “………………”
ရှူးးးး...
ဓာတ်တော်တစ်ဆူသည် ကောင်းကင်ယံကို ဖြတ်သန်းကာ ထွက်ပေါ်လာခဲ့ပြီး ဝူထိုင်တောင်၏ မဟာဗိမာန်တော်အတွင်းသို့ ဝင်ရောက်ရန် ပြင်ဆင်လိုက်သည်။ သန့်စင်လှပသော စာပေပညာရှင်သည် ၎င်းကို ဖမ်းယူရန် ကြိုးပမ်းလိုက်သော်လည်း၊ ကောင်းကင်ယံထံမှ ထိုပြင်းထန်လှသော အရှိန်အဝါကို အာရုံခံမိလိုက်လျှင် အမူအရာ ပြောင်းလဲသွားခဲ့ရပြီး လက်ကို ရုပ်သိမ်းလိုက်ကာ ကောင်းကင်ယံသို့ မျှော်ကြည့်လိုက်တော့သည်။
ကောင်းကင်ယံထက်တွင် တောက်ပလှသော ရွှေရောင်အလင်းတန်းများအတွင်း၌ ထွားကျိုင်းလှသော ကိုယ်ဟန်သဏ္ဌာန်တစ်ခု ရှိနေခဲ့သည်။
၎င်းမှာ နိုင်ငံတော်၏ တိုင်းပြည်စောင့်ရှောက်သူ သိုင်းနတ်ဘုရား ဖြစ်ပေသည်။
“ဒီနေရာမှာ အကြွင်းအကျန် မိစ္ဆာကောင်တွေ ပုန်းအောင်းနေသေးတာပဲ၊ မင်းတို့လို မိစ္ဆာနယ်မြေက လူတွေက တကယ်ကို အသက်နဲ့ လဲဝံ့တာပဲ။”
စကားသံ ဆုံးသည်နှင့်တစ်ပြိုင်နက် တိုင်းပြည်စောင့်ရှောက်သူ သိုင်းနတ်ဘုရားသည် ကောင်းကင်ထက်မှ တိုက်ရိုက် ကျဆင်းလာခဲ့ပြီး ခြေတစ်ဖက်ဖြင့် ထိုသန့်စင်လှပသော စာပေပညာရှင်အား ပြင်းထန်စွာ နင်းခြေလိုက်တော့သည်။
စာပေပညာရှင်သည် လက်နှစ်ဖက်လုံးကို ဆန့်ထုတ်လိုက်ရာ ထို ဖီရှူ မိစ္ဆာကောင်ကြီး တစ်ဖန် ပြန်လည် ထွက်ပေါ်လာခဲ့ပြီး တိုင်းပြည်စောင့်ရှောက်သူ သိုင်းနတ်ဘုရားထံသို့ ပြင်းထန်စွာ တိုးဝင် တိုက်ခိုက်သွားခဲ့သည်။ သို့သော်လည်း ဤတစ်ကြိမ်တွင်မူ ထို ဖီရှူ မိစ္ဆာကောင်ကြီးသည် တိုင်းပြည်စောင့်ရှောက်သူ သိုင်းနတ်ဘုရား၏ ခြေဖဝါးအောက်၌ တိုက်ရိုက် နင်းခြေခြင်း ခံလိုက်ရပြီး အနည်းငယ်မျှ လှုပ်ရှားနိုင်ခြင်း မရှိတော့ချေ။
ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါတစ်ခုသည် ခြေဖဝါးအောက်မှ ပတ်ဝန်းကျင်သို့ ပျံ့နှံ့ သွားခဲ့သည်။ ထိုအရှိန်အဝါသည် ဝူထိုင်တောင်၏ ကျောက်တုံးများကို ပျက်စီးစေခြင်း မရှိဘဲ များစွာသော ထက်မြက်လှသည့် ဓားအလား ထိုသန့်စင်လှပသော စာပေပညာရှင်၏ ရှေ့မှောက်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့သည်။ သန့်စင်လှပသော စာပေပညာရှင်သည် လက်နှစ်ဖက်ဖြင့် တန်ခိုးပညာရပ်များကို ဖွဲ့စည်းလိုက်ရာ မည်းမှောင်လှသော မိစ္ဆာစွမ်းအားများ ပတ်ဝန်းကျင်၌ ရစ်ပတ်လျက် ကြီးမားလှသော မြွေနဂါးကြီးတစ်ကောင်အလား ဖြစ်ပေါ်လာခဲ့ပြီး ထိုထက်မြက်လှသော ဓားအလင်းတန်းများကို ကာကွယ်တားဆီးပစ်လိုက်တော့သည်။
“ဒီလူရဲ့ အဆင့်အတန်းက ငါနဲ့ အတူတူပဲ၊ ဒါပေမဲ့ သူရဲ့သိုင်းပညာ တိုက်ခိုက်မှုစွမ်းရည်က အလွန် ထက်မြက်လွန်းလှတယ်၊ ပေါ့ဆလို့ မရဘူး ”
ဤမျှအထိ တွေးတောမိလိုက်လျှင် သန့်စင်လှပသော စာပေပညာရှင်သည် ဆက်လက်၍ တိုက်ခိုက်လိုစိတ် မရှိတော့ဘဲ တန်ခိုးပညာရပ်များကို ချက်ချင်း ဖွဲ့စည်းလိုက်ရင်း ဖြူစင်လှသော အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်ယံသို့ အလျင်အမြန် ရှောင်တိမ်း ထွက်ခွာသွားခဲ့တော့သည်။
ရွှေရောင်အလင်းတန်းများအတွင်း၌ ရှိနေသော ဝေဝါးလှသည့် ကိုယ်ဟန်သဏ္ဌာန်သည် လက်အင်္ကျီကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ယံထက်၌ မိုးကြိုးပေါက်ကွဲသံပမာ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
ဒုန်းးးး...
သန့်စင်လှပသော စာပေပညာရှင်၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ လှုပ်ခတ်သွားခဲ့ရပြီး သူ၏ ကိုယ်ဟန်သဏ္ဌာန်မှာ ပေါ်ထွက်လာခဲ့ကာ ခန္ဓာကိုယ်ပေါ်ရှိ မည်းမှောင်လှသော မိစ္ဆာစွမ်းအားများမှာ ပြင်းထန်စွာ လှုပ်ခတ်လျက် အားနည်းလှသော အော်ဟစ်မြည်တမ်းသံများ ထွက်ပေါ်နေခဲ့သည်။
“အဖိုးကြီး... မင်းက မင်းရဲ့ သိုင်းပညာစွမ်းအားတွေ ထက်မြက်တာကို အားကိုးနေပေမဲ့ မင်းရဲ့ အသက်အကန့်အသတ်ကလည်း အကန့်အသတ် ရှိနေတာပဲ၊ မင်း သေဆုံးသွားပြီးတဲ့နောက်မှာ... ဒီလူသားလောကကြီးက ဘာအသွင်သဏ္ဌာန် ပြောင်းလဲသွားမလဲဆိုတာကို ငါ စောင့်ကြည့်ချင်သေးတယ်။”
သန့်စင်လှပသော စာပေပညာရှင်၏ မျက်ဝန်းအတွင်း၌ ရက်စက်လှသော အမူအရာများ ပြည့်နှက်နေခဲ့ပြီး မျက်နှာပြင်မှာလည်း အလွန်ပင် မုန်းတီးစရာ ကောင်းလှပေသည်။ ကိုယ်ဟန်သဏ္ဌာန် ထွားကျိုင်းလှသော လက်တစ်ဖက်ပြတ် အဖိုးအိုကြီးသည် ထိုစကားကို ကြားလျှင် ဟားဟားပဟား ကျယ်လောင်စွာ ရယ်မောလိုက်ရင်း -
“ဒီစကားကို မင်းပြောတာ နောက်ကျသွားပြီ ”
ဟု ဆိုလိုက်သည်။
သူသည် ခဏမျှ တိတ်ဆိတ်သွားခဲ့ပြီးနောက် ထိုသန့်စင်လှပသော စာပေပညာရှင်အား စိုက်ကြည့်လိုက်ရင်း ကျယ်လောင်စွာဖြင့် -
“ဒီတစ်ကြိမ်တော့ မင်း အမြန်ဆုံး ထွက်ပြေးဖို့ ပြင်ဆင်ထားလိုက်ဦး၊ ဒါမှမဟုတ်ရင် အဲဒီလူ ရောက်လာခဲ့ရင်... မင်းရဲ့ ဝိညာဉ်ကပါ ပျက်စီး ဆုံးရှုံးသွားရလိမ့်မယ်၊ ဘယ်တော့မှ ပြန်လည်မွေးဖွားနိုင်မှာ မဟုတ်ဘူး ”
ဟု ဆိုလိုက်သည်။
သန့်စင်လှပသော စာပေပညာရှင်သည်လည်း ချက်ချင်းပင် အရှင်သခင် သုံးပါးစလုံးကို ဆက်တိုက် သတ်ပစ်ခဲ့သော ထိုရက်စက်လှသည့် လူငယ်တာအိုဆရာကို တွေးတောမိလိုက်သဖြင့် ချက်ချင်းပင် မျက်နှာပြင်မှာ လုံးဝ ပြောင်းလဲသွားခဲ့ရပြီး -
“အဖိုးကြီး... မင်းက သိုင်းပညာကို ကျင့်ကြံနေတဲ့လူ ဖြစ်တာကို...အစွမ်းရှိရင် အခြားလူကို အကူအညီ မတောင်းနဲ့လေ ”
ဟု အော်ဟစ်လိုက်မိသည်။
တိုင်းပြည်စောင့်ရှောက်သူ သိုင်းနတ်ဘုရားသည် မျက်နှာပြင်ထက်၌ အေးစက်လှသော အမူအရာ ရှိနေခဲ့ပြီး ထိုစကားကို ကြားလျှင် ပြက်ရယ်ပြုလျက်
“ငါက အကူအညီ တောင်းမှာပဲ။” ဟု ပြန်လည် ချေပလိုက်သည်။
သန့်စင်လှပသော စာပေပညာရှင်မှာမူ - “………………”
ဤလူသည် သိုင်းပညာ လူသားနတ်ဘုရား အဆင့်သို့ တက်လှမ်းထားခဲ့သဖြင့် တိုက်ခိုက်မှုစွမ်းရည်မှာ အဆင့်နှစ် မြေပြင်နတ်ဘုရား အဆင့်နှင့် ညီမျှလှပေသည်။ သူသည်လည်း ဤအဆင့်အတွင်း၌ ရှိနေခဲ့သော်လည်း ဤအဖိုးအိုကြီးနှင့် တိုက်ခိုက်ရာတွင်မူ အောက်တန်း၌သာ ရှိနေခဲ့ခြင်း ဖြစ်ပေသည်။ ထို့ပြင် သူသည် မိစ္ဆာနယ်မြေမှ အရှင်သခင် သုံးပါးစလုံးကို သတ်ပစ်ခဲ့သော ထိုရက်စက်လှသည့် လူငယ်တာအိုဆရာကို အမှန်တကယ်ပင် ကြောက်ရွံ့မိခြင်း ဖြစ်ပေသည်။
မဟုတ်သေးချေ... အတိအကျ ပြောရလျှင် ပေဖုန်း အရှင်သခင်သည်လည်း ထိုလူ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်ပေသည်။
ဤတိုင်းပြည်စောင့်ရှောက်သူ သိုင်းနတ်ဘုရားမှာ အလွန်ပင် ရင်ဆိုင်ရ ခက်ခဲလှသည်ကို မြင်တွေ့လိုက်ရသဖြင့် သန့်စင်လှပသော စာပေပညာရှင်သည် ခဏမျှ တွေးတောလိုက်ပြီးနောက် တစ်ဖန် ပြန်လည်၍ မည်းမှောင်လှသော မိစ္ဆာစွမ်းအားများကို ဖွဲ့စည်းလိုက်ရင်း ကြီးမားလှသော မြွေနဂါးကြီးကို စီးနင်းလျက် ကောင်းကင်ယံသို့ အလျင်အမြန် ရှောင်တိမ်း ထွက်ခွာသွားခဲ့တော့သည်။
ကိုယ်ဟန်သဏ္ဌာန် ထွားကျိုင်းလှသော လက်တစ်ဖက်ပြတ် အဖိုးအိုကြီးသည် ကောင်းကင်ယံ၌ လျှောက်လှမ်းလျက် ပတ်ဝန်းကျင်တွင် ရွှေရောင်အလင်းတန်းများ ရစ်ပတ်နေခဲ့ပြီး သွေးစွမ်းအားများမှာ ပင်လယ်ပြင်ပမာ ပြင်းထန်လှကာ အနောက်ဘက်မှ တိုက်ရိုက် လိုက်လံ ဖမ်းဆီးခဲ့သည်။ ထို့ပြင် သူသည် တစ်ပြိုင်နက်တည်းမှာပင် လီယန်ချူထံသို့ အချက်ပြ သတင်းပို့လိုက်တော့သည်။
………………
ချန်နိုင်ငံ မြို့တော်၊ ချင်းယွန်းကျောင်းဆောင်
လီယန်ချူသည် ယခုအချိန်တွင် ‘ဟွမ်ထင်တာအိုကျမ်း’ ကို ဖတ်ရှုနေခဲ့ပြီး အတွင်းရှိ လျှို့ဝှက်ချက်များကို နားလည်သဘောပေါက်ရန် ကြိုးပမ်းနေခဲ့သည်။ သူ၏ မျက်ဝန်းအစုံအတွင်း၌ အားနည်းလှသော ခရမ်းရွှေရောင် အလင်းတန်းများ ရှိနေခဲ့ပြီး ပတ်ဝန်းကျင်ရှိ အရှိန်အဝါများမှာလည်း တက်ကြွနေခဲ့ကာ မိမိကိုယ်ပိုင် နားလည်သဘောပေါက်မှုများကို ရရှိထားခဲ့ပြီ ဖြစ်သည်။
၎င်းမှာ ဆိုင်ရှင်မ ပြောဖူးခဲ့သော မြေပြင်နတ်ဘုရားတစ်ပါး၏ အသွင်သဏ္ဌာန်ပင် ဖြစ်ပေသည်။
သူသည် ရုတ်တရက် ဝိညာဉ်ရေးရာ ပြင်းထန်စွာ လှုပ်ခတ်သွားခဲ့ရပြီး တိုင်းပြည်စောင့်ရှောက်သူ သိုင်းနတ်ဘုရားထံမှ သတင်းစကားကို ရရှိလိုက်သည်။
“လူသားလောကထဲမှာ မိစ္ဆာနယ်မြေက အရှင်သခင် ကျန်ရှိနေသေးတာလား။”
လီယန်ချူအတွက်မူ ၎င်းမှာ မည်သည့် မိစ္ဆာနယ်မြေမှ အရှင်သခင်မျှ မဟုတ်ဘဲ ကုသိုလ်မှတ်များသာ ဖြစ်ပေသည်။ ဤမျှအထိ တွေးတောမိလိုက်လျှင် သူသည် ချက်ချင်းပင် တံခါးကို တွန်းဖွင့်၍ အပြင်သို့ ထွက်ခွာလာခဲ့ပြီး ကောင်းကင်ယံ၌ လျှောက်လှမ်းလျက် ဓားအလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်ယံသို့ ပျောက်ကွယ်သွားခဲ့တော့သည်။
…………
သန့်စင်လှပသော စာပေပညာရှင်နှင့် ကိုယ်ဟန်သဏ္ဌာန် ထွားကျိုင်းလှသော လက်တစ်ဖက်ပြတ် အဖိုးအိုကြီးတို့သည် အချင်းချင်း အဆက်မပြတ် တိုက်ခိုက်နေခဲ့ကြသည်။ သူသည် မြို့ပြများအတွင်းသို့ အကြိမ်အနည်းငယ် ပုန်းအောင်းရန် ကြိုးပမ်းခဲ့ပြီး ထိုလက်တစ်ဖက်ပြတ် အဖိုးအိုကြီးအား စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေရန် လုပ်ဆောင်ခဲ့သည်။ သို့သော်လည်း ထိုအဖိုးအိုကြီးသည် အလွန်ပင် ပြင်းထန်လှသော လက်သီးစွမ်းအားများကို ပေါက်ကွဲထွက်ပေါ်စေခဲ့သဖြင့် မြေပြင်နှင့် ကောင်းကင်ယံတို့ တုန်လှုပ်ကာ ဟာလာဟင်းလင်းပြင်ကြီးပင် တုန်ခါသွားခဲ့ရသည်။ ထို့ပြင် သူသည် အတူတူ သေဆုံးသွားမည့် ရက်စက်လှသော အမူအရာ ရှိနေခဲ့သည်။
သန့်စင်လှပသော စာပေပညာရှင်သည်လည်း ဤသိုင်းနတ်ဘုရားသည် မိမိ၏ ခြေလှမ်းများကို တားဆီးရန်အတွက် မြို့ပြတစ်ခုလုံးရှိ လူသားများကို စွန့်လွှတ်လိုက်မည်လား ဆိုသည်ကို မသေချာချေ။ မည်သို့ပင် ကြည့်ရှုပါစေ ဤသိုင်းနတ်ဘုရားမှာ အလွန်ပင် တင်းကျပ်လှသော ဖြောင့်မတ်သည့် ပုဂ္ဂိုလ်တစ်ဦးနှင့် လုံးဝ မတူညီချေ။
၎င်းတို့ နှစ်ဦးသည် တိုက်ခိုက်ရင်း လျှောက်လှမ်းလာခဲ့ကြပြီး တိုင်းပြည်စောင့်ရှောက်သူ သိုင်းနတ်ဘုရားသည်လည်း သတ်ဖြတ်လိုစိတ်များ ပြင်းထန်လာခဲ့သည်။ စစ်မှန်သော မိစ္ဆာတစ်ကောင်သည် လူသားလောကအတွင်းသို့ ပြောင်ပြောင်တင်းတင်း ဝင်ရောက်လာခဲ့ရုံမျှမက ယခင်က မိမိ၏ အာရုံခံနိုင်စွမ်းကို ဖုံးကွယ်ထားခဲ့ပြီး ဤနေရာ၌ တိတ်တဆိတ် ပုန်းအောင်းနေခဲ့သဖြင့် သေချာပေါက် သတ်ပစ်ရမည် ဖြစ်ပေသည်။
သန့်စင်လှပသော စာပေပညာရှင်သည် သူ၏ အဆက်မပြတ် တိုက်ခိုက်မှုကြောင့် စိတ်ပျက်အားလျော့လာခဲ့ရပြီး ခန္ဓာကိုယ်ပေါ်ရှိ မည်းမှောင်လှသော မိစ္ဆာစွမ်းအားများမှာ ကြီးမားလှသော မြွေနဂါးကြီးအသွင်ဖြင့် ကောင်းကင်ထက်၌ မတ်တတ်ရပ်နေခဲ့ကာ အေးစက်လှသော မျက်ဝန်းအစုံဖြင့် တိုင်းပြည်စောင့်ရှောက်သူ သိုင်းနတ်ဘုရားအား စိုက်ကြည့်လိုက်ရင်း -
“အဖိုးကြီး... မင်းက တကယ်ကို အကောင်းအဆိုး မသိတာပဲ၊ တကယ်လို့ ငါ့ကို ဆက်ပြီး နှောင့်ယှက်နေဦးမယ်ဆိုရင်... အဲဒီအချိန်ကျရင် ငါတို့တွေ မြို့ပြတွေထဲကို သွားပြီး တိုက်ခိုက်ကြမလား။ ငါ မင်းရဲ့ လူသားလောကက သက်ရှိတွေ ဘယ်လောက်အထိ ဖျက်ဆီးပစ်မလဲ၊ မြို့ပြ ဘယ်လောက်အထိ ပျက်စီးသွားမလဲဆိုတာကို စောင့်ကြည့်ရအောင်၊ မင်း ဘယ်အချိန်ကျမှ လက်လျှော့မလဲ။”
ဟု အော်ဟစ်လိုက်မိသည်။
လက်တစ်ဖက်ပြတ် အဖိုးအိုကြီးသည် မျက်နှာပြင်ထက်၌ အေးစက်လှသော အမူအရာ ရှိနေခဲ့ပြီး -
“ချန်နိုင်ငံတော်ရဲ့ လူဦးရေ တစ်ဝက်လောက်ကို မင်းသတ်ပစ်လိုက်ရင်တောင် အဲဒါက ထိုက်တန်ပါတယ်၊ မင်း စမ်းသပ်ကြည့်လို့ရတယ်။”
ဟု ဆိုလိုက်သည်။
စကားပြောဆိုပြီးနောက် သူက သန့်စင်လှပသော စာပေပညာရှင်အား ပြက်ရယ်ပြုသကဲ့သို့ တစ်ချက် ကြည့်ရှုလိုက်ရင်း -
“မြေးလေး... မင်းအတွက် အချိန်အများကြီး မကျန်တော့ဘူး ”
ဟု ဆိုလိုက်သည်။
သူက ဤကဲ့သို့သော ပုံစံမျိုး ရှိနေလေလေ... သန့်စင်လှပသော စာပေပညာရှင်၏ စိတ်ထဲ၌ ပိုမို၍ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာလေလေ ဖြစ်သည်။
“ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က အဲဒီလူတွေထက် အဆင့်တစ်ခု ပိုပြီး မြင့်မားတယ်၊ သူက အဲဒီလူ အနည်းငယ်ကို သတ်နိုင်ခဲ့ပေမဲ့ ငါ့ကို သတ်နိုင်ဖို့တော့ မသေချာဘူး၊ မိစ္ဆာနယ်မြေရဲ့ ဂုဏ်သိက္ခာကိုတော့ ပျက်စီးအောင် လုပ်လို့မရဘူး ”
ဤမျှအထိ တွေးတောမိလိုက်လျှင် သူ၏ မျက်ဝန်းအတွင်း၌ ချက်ချင်းပင် ပြတ်သားလှသော အမူအရာများ ထွက်ပေါ်လာခဲ့ပြီး ကျယ်လောင်စွာဖြင့် ဟားဟားပဟား ရယ်မောလိုက်ရင်း -
“သေးငယ်လှတဲ့ လူသားလောကရဲ့ ကျင့်ကြံသူတစ်ဦးက... အခုအချိန်မှာ ဒီလိုမျိုး ကြွားဝါလှတဲ့ စကားတွေကို ပြောဝံ့သေးတယ်၊ တကယ်ကို ရယ်စရာကောင်းလွန်းတယ် ”
ဟု ဆိုလိုက်သည်။
ခဏချင်းအတွင်းမှာပင် သူ၏ ပတ်ဝန်းကျင်၌ ရစ်ပတ်နေသော ထိုမြွေကြီးသည် ပေရာပေါင်းများစွာ ကြီးမားလှသော အရွယ်အစားသို့ ပြောင်းလဲသွားခဲ့သည်။
၎င်းမှာ ရှေးဟောင်းမိစ္ဆာကောင်ကြီး ဖြစ်သော ‘ပါးရှီ’ မြွေကြီးပင် ဖြစ်သည်။
ဤလူသည် များစွာသော တန်ခိုးပညာရပ် လျှို့ဝှက်ချက်များကို တတ်မြောက်ထားခဲ့သဖြင့် ယခုအချိန်တွင် ဖီရှူနှင့် ပါးရှီ မြွေကြီးကို ဖန်တီးလိုက်ရာ ရှေးဟောင်းမိစ္ဆာစွမ်းအားများ ပြည့်နှက်နေခဲ့ခြင်း ဖြစ်ပေသည်။
ထိုအချိန်တွင် ကောင်းကင်ယံထံမှ ဓားအလင်းတန်းတစ်ခု ပျံသန်း ရောက်ရှိလာခဲ့ပြီး အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တာအိုဆရာတစ်ဦး ပေါ်ထွက်လာခဲ့သည်။ သူ၏ ကိုယ်ဟန်သဏ္ဌာန်မှာ အလွန်ပင် ကျော့ရှင်းလှပပြီး ကမ္ဘာလောကကြီးတစ်ခုလုံးတွင် အနှိုင်းမဲ့လှပေသည်။
လီယန်ချူသည် ဤနေရာသို့ ရောက်ရှိလာခဲ့ပြီးနောက် တိုင်းပြည်စောင့်ရှောက်သူ သိုင်းနတ်ဘုရားအား လက်နှစ်ဖက်ကို ပူးကပ်လျက် ရှိခိုးလိုက်ရင်း -
“စီနီယာ... ကျုပ် နောက်ကျသွားခဲ့ပါပြီ။” ဟု ဆိုလိုက်သည်။
လက်တစ်ဖက်ပြတ် အဖိုးအိုကြီးက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ရင်း -
“နောက်မကျပါဘူး၊ အချိန်ကိုက်ပါပဲ။” ဟု ပြန်လည် ပြောကြားလိုက်သည်။
လီယန်ချူသည် ခေါင်းကို လှည့်၍ ထိုသန့်စင်လှပသော စာပေပညာရှင်အား အေးစက်စွာဖြင့် တစ်ချက် စိုက်ကြည့်လိုက်သည်။ ယခုအချိန်တွင် ထိုရုပ်ခန္ဓာ၏ အောက်၌ ပေတစ်ဆယ့်နှစ်ခန့် ကြီးမားလှသော မိစ္ဆာကောင်ကြီး၏ ခန္ဓာကိုယ် ရှိနေခဲ့ပြီး ပတ်ဝန်းကျင်တွင် မည်းမှောင်လှသော မြူခိုးများ ရစ်ပတ်လျက် အာရုံခံနိုင်စွမ်းကို ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်ပေသည်။
တောက်ပလှသော မီးအိမ်ကြီးပမာ ကြီးမားလှသည့် နီရဲနေသော မျက်ဝန်းအစုံသည် လီယန်ချူ၏ နတ်ဘုရားမျက်ဝန်းကို သတိပြုမိလိုက်ဟန်တူပြီး သူ့အား အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။
သန့်စင်လှပသော စာပေပညာရှင်က ပြက်ရယ်ပြုလိုက်ရင်း -
“နှစ်ယောက်တစ်ယောက် တိုက်ခိုက်တာလား၊ ဒါက မင်းတို့ လူသားလောကရဲ့ လုပ်ဆောင်ချက်လား ”
ဟု မေးလိုက်သည်။
လီယန်ချူက အေးစက်စွာဖြင့် အော်ဟစ်လိုက်ရင်း -
“မင်း ခွေးစကားတွေကို လျှောက်ပြောမနေနဲ့တော့။”
ဟု ဆိုလိုက်သည်။
သူ၏ စကားသံမှာ မိုးကြိုးပေါက်ကွဲသံပမာ ကျယ်လောင်လှသဖြင့် ကောင်းကင်ယံထက်မှ တိမ်တိုက်များမှာ ခဏချင်းအတွင်း လွင့်ပျောက်သွားခဲ့ရသည်။ လီယန်ချူသည် ရှေ့သို့ တစ်လှမ်း လှမ်းလိုက်သည်။
ထို ‘ပါးရှီ’ မြွေကြီးသည် ကောင်းကင်ယံ၌ မတ်တတ်ရပ်လျက် လီယန်ချူထံသို့ ပြင်းထန်စွာ ကိုက်ခဲရန် တိုးဝင်လာခဲ့သည်။ ထို့ပြင် ၎င်း၏ ပါးစပ်အတွင်းမှ အလွန်ပင် အေးစက်လှသော အအေးဓာတ်အငွေ့အသက်များကိုပါ မှုတ်ထုတ်လိုက်သည်။ ရှေးဟောင်းပါးရှီ မြွေကြီး၏ တန်ခိုးစွမ်းအားမှာ ဤအအေးဓာတ်အငွေ့အသက်တစ်ခုတည်းဖြင့်တင် လူသားများ၏ ဝိညာဉ်ကို လှုပ်ခတ်သွားစေနိုင်စွမ်း ရှိသဖြင့် သာမန် မြေပြင်နတ်ဘုရားများပင်လျှင် ရှောင်ရှားနိုင်ခြင်း မရှိချေ။
ယခုအချိန်တွင် လီယန်ချူ၏ ခန္ဓာကိုယ်ပေါ်၌ သွေးစွမ်းအားများမှာ ပင်လယ်ပြင်ပမာ ပြင်းထန်လှပြီး အလွန်ပင် တောက်ပလှပေသည်။ သူက လက်သီးတစ်ချက် ပြင်းထန်စွာ ထိုးနှက်လိုက်ရာ ထို ပါးရှီ မြွေကြီးသည် တိုက်ရိုက် နှစ်ပိုင်း ပြတ်တောက်သွားခဲ့ရတော့သည်။
သန့်စင်လှပသော စာပေပညာရှင်မှာမူ - “………………”
“နောက်ထပ် သိုင်းပညာ အရူးတစ်ယောက် ထပ်ရောက်လာပြန်ပြီ။”
လီယန်ချူသည် ချက်ချင်းပင် ခြေတစ်ဖက်ဖြင့် ထိုပါးရှီ မြွေကြီးကို ကန်ထုတ်ပစ်လိုက်ရာ မည်းမှောင်လှသော မိစ္ဆာစွမ်းအားများဖြင့် ဖွဲ့စည်းထားသည့် ပါးရှီ မြွေကြီးသည် ကောင်းကင်နှင့် မြေပြင်အကြား၌ လုံးဝ ပျက်စီး ကွယ်ပျောက်သွားခဲ့ရတော့သည်။
ဝူးးးး...
လီယန်ချူသည် လက်ကို ဆန့်ထုတ်၍ ဖမ်းယူလိုက်ရာ ဟာလာဟင်းလင်းပြင်ကြီးပင် တုန်ခါသွားခဲ့ရသည်။ သန့်စင်လှပသော စာပေပညာရှင်သည် လက်နှစ်ဖက်ဖြင့် တန်ခိုးပညာရပ်များကို အလျင်အမြန် ဖွဲ့စည်းလိုက်ရင်း လေးနက်လှသော အမူအရာ ရှိနေခဲ့သည်။ သူ၏ ပတ်ဝန်းကျင်၌ တစ်ဖန် ပြန်လည်၍ မည်းမှောင်လှသော မိစ္ဆာစွမ်းအား နှစ်ခု ထွက်ပေါ်လာခဲ့ပြီး ကြီးမားလှသော မြွေကြီး နှစ်ကောင်အသွင်ဖြင့် သူ၏ ရှေ့မှောက်၌ ရစ်ပတ် ကာကွယ်ထားခဲ့သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အမှန်တကယ်ပင် အလွန်မြင့်မားလှပြီး ‘ပေဖုန်း’ တို့ထက် အဆင့်တစ်ခု ပိုမို မြင့်မားလှပေသည်။
လီယန်ချူသည် လက်သီးတစ်ချက် ပြင်းထန်စွာ ထိုးနှက်လိုက်ရာ ထိုရစ်ပတ်နေသော မြွေကြီး နှစ်ကောင်မှာ တိုက်ရိုက် ခန္ဓာကိုယ်များ ပြတ်တောက်သွားခဲ့ရသည်။
ဝူးးးး... ဒုန်းးးး...
သန့်စင်လှပသော စာပေပညာရှင်သည် တစ်ကိုယ်လုံး အနောက်ဘက်သို့ လွင့်ပျံသွားခဲ့ရပြီး တောင်ထိပ်တစ်ခုကို တိုက်ရိုက် တိုက်မိဖျက်ဆီးပစ်လိုက်မိသည်။ သူသည် တောင်ထိပ်အတွင်းမှ ရုန်းကန်ထရပ်လိုက်စဥ်မှာတင် လူသားကြီးတစ်ဦး၏ ခြေဖဝါးကြီး ကောင်းကင်ထက်မှ နင်းခြေကျရောက်လာသည်ကို မြင်တွေ့လိုက်ရသည်။
“မိစ္ဆာနယ်မြေက ကောင်တွေကလည်း ဒီလောက်ပဲ ရှိတာပဲ ”
ကောင်းကင်နှင့် မြေပြင်အကြား၌ ကြီးမားလှသော အသံကြီး ထွက်ပေါ်လာခဲ့ပြီး စစ်မှန်သော နတ်ဘုရားတစ်ပါး လောကီလူသားကမ္ဘာသို့ ဆင်းသက်လာခဲ့ကာ မိစ္ဆာများကို နှိမ်နင်းနေသည့်အလား ဖြစ်နေခဲ့သည်။ ဤခြေတစ်ဖက် နင်းခြေကျရောက်လာသည်နှင့်အမျှ သန့်စင်လှပသော စာပေပညာရှင်သည် ခဏချင်းအတွင်း ဒွါခုနစ်ပေါက်မှ သွေးများ စီးကျလာခဲ့ရပြီး ခန္ဓာကိုယ်ပေါ်ရှိ ထူထပ်လှသော မိစ္ဆာစွမ်းအားများမှာ တိုက်ရိုက် ပျက်စီးသွားခဲ့ရကာ အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲ၍ ကောင်းကင်ယံသို့ အလျင်အမြန် ရှောင်တိမ်း ထွက်ခွာသွားခဲ့ရတော့သည်။
ခဏမျှ ကြာမြင့်ပြီးနောက်မှ ကောင်းကင်ယံထက်၌ ပေါ်ထွက်လာခဲ့သည်။
ယခုအချိန်တွင် သူသည် လီယန်ချူအား ကြည့်ရှုလိုက်သော မျက်ဝန်းအတွင်း၌ ကြောက်ရွံ့မှုများ ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။
လက်တစ်ဖက်ပြတ် အဖိုးအိုကြီးသည် မေးစေ့ကို ပွတ်သပ်လိုက်ရင်း မျက်ခုံးကို ပင့်တင်ကာ စိတ်ထဲမှ တွေးတောလိုက်မိသည်။
“ဒီကောင်လေးက ယခင်က ငါမြင်တွေ့ခဲ့ရတဲ့ အချိန်ထက်စာရင်... ပိုပြီးတော့ အားကောင်းလာပုံရတယ် ”
သူသည်လည်း မအောင့်နိုင်ဘဲ ခြေတစ်ဖက်ကို မြှောက်လိုက်သည့် အမူအရာကို ပြုလုပ်လိုက်သည်။
“ငါကော ခြေတစ်ဖက်တည်းနဲ့ ဒီမိစ္ဆာကောင်ကို ခြေဖဝါးအောက်မှာ နင်းခြေထားနိုင်ပါ့မလား ”
ဟု တွေးတောလိုက်မိသည်။
သူသည် စိတ်ထဲ၌ သေချာစွာ နှိုင်းယှဉ်ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်သည်။
“မလုပ်နိုင်ဘူး”
ထို့ကြောင့် သူသည် လီယန်ချူအား ကြည့်ရှုလိုက်သော မျက်ဝန်းအတွင်း၌ ပိုမို၍ သဘောကျ နှစ်သက်သော အမူအရာများ ထွက်ပေါ်လာခဲ့သည်။ လူသားလောကအတွင်း၌ ဤကဲ့သို့သော ကျွမ်းကျင်ပညာရှင် ရှိနေခဲ့မှသာလျှင် ကြီးမားလှသော ပြဿနာများ ဖြစ်ပွားလာလိမ့်မည် မဟုတ်ချေ။
သန့်စင်လှပသော စာပေပညာရှင်သည် အလွန်ပင် ဒေါသထွက်သွားခဲ့ရသည်။ ဖြောင့်မတ်လှသော တန်ခိုးပညာရပ် တိုက်ခိုက်မှုအတွင်း၌ သူသည် ထိုလူငယ်တာအိုဆရာ၏ လုံးဝ ဖိနှိပ်ခြင်းကို ခံလိုက်ရရုံမျှမက အခြားလူ၏ ခြေဖဝါးအောက်၌ပင် နင်းခြေခြင်း ခံလိုက်ရသဖြင့် ယခုအချိန်တွင် အလွန်ပင် ဒေါသထွက်လွန်းလှသဖြင့် လက်ကို ဆန့်ထုတ်၍ ဖမ်းယူလိုက်ရာ ဟင်းလင်းပြင်ကြီးအတွင်းမှ ရှည်လျားလှသော လှံတော်တစ်စင်းကို ဆွဲထုတ်လိုက်တော့သည်။ ထိုလှံတော်ပေါ်တွင် နဂါးပမာ မြွေပမာ ရှိသော သတ္တဝါဆန်းကြီးတစ်ကောင် ရစ်ပတ်နေခဲ့သည်။
၎င်းမှာ မိစ္ဆာနယ်မြေ၏ အထက်တန်းလွန် ရတနာ ဖြစ်သော ‘ချီကျွယ် မိစ္ဆာလှံတော်’ ဖြစ်ပေသည်။
၎င်းသည် ယခင်က များစွာသော သက်ရှိများကို သတ်ဖြတ်ခဲ့ဖူးပြီး မိစ္ဆာနယ်မြေအတွင်း၌ မိစ္ဆာစွမ်းအားများကို စုပ်ယူထားခဲ့ခြင်း ဖြစ်ပေသည်။ ၎င်းကို ထုတ်ဖော်လိုက်သည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ သက်စောင့်စွမ်းအားများမှာ ချက်ချင်းပင် ပြတ်တောက်သွားခဲ့ရပြီး သစ်ပင်ပန်းမန်များ ခြောက်သွေ့ကာ ကျောက်တုံးများနှင့် သဲများပင်လျှင် လုံးဝ ပျက်စီး ကွယ်ပျောက်သွားခဲ့ရပြီး သက်စောင့်စွမ်းအားများကို လုယက် စုပ်ယူနေခဲ့ခြင်း ဖြစ်ပေသည်။
“ဒီလှံတော်ကို မိစ္ဆာနယ်မြေရဲ့ ရှုပ်ထွေးလှတဲ့ နေရာကနေ ရရှိခဲ့ပြီးတဲ့နောက်... ဒီတစ်ကြိမ်ဟာ ပထမဆုံးအကြိမ် ထုတ်သုံးတာပဲ၊ မင်းတို့တွေလည်း ဒီလိုမျိုး ဂုဏ်အသရေကို ရရှိတာပေါ့ ”
သန့်စင်လှပသော စာပေပညာရှင်သည် လှံတော်ကို ကိုင်စွဲလျက် အေးစက်စွာ ပြုံးလိုက်သည်။
လီယန်ချူသည် လက်ကို ဝှေ့ယမ်းလိုက်ရင်း နဂါးကိုးကောင် နတ်ဘုရားမီးလျှံအုပ်ဆောင်း ရတနာကို တိုက်ရိုက် ထုတ်ဖော်လိုက်တော့သည်။ ရွှေဝါရောင် အုပ်ဆောင်းကြီးပေါ်တွင် ရှေးဟောင်းနဂါးကြီး ကိုးကောင်ကို ထုဆစ်ထားခဲ့ပြီး ၎င်းသည် လေလှိုင်းနှင့်အတူ ချက်ချင်းပင် ကြီးမားလှသော အရွယ်အစားသို့ ပြောင်းလဲသွားကာ သန့်စင်လှပသော စာပေပညာရှင်အား အတွင်း၌ တိုက်ရိုက် ပိတ်ဆို့ ချုပ်ချယ်ထားလိုက်တော့သည်။
သန့်စင်လှပသော စာပေပညာရှင်သည် ထိတ်လန့်သွားခဲ့ရပြီး ခန္ဓာကိုယ်ကို အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ထို ‘ချီကျွယ် မိစ္ဆာလှံတော်’ အတွင်းသို့ ပေါင်းစပ်လိုက်သည်။ ချီကျွယ် မိစ္ဆာလှံတော်သည် တဝီဝီ မြည်ဟည်းလာခဲ့ပြီး လှံတော်ခန္ဓာကိုယ်မှာ ပြင်းထန်စွာ လှုပ်ခတ်လျက် မြေပြင်အောက်သို့ ပြင်းထန်စွာ တိုးဝင်သွားခဲ့ရာ မထင်မှတ်ဘဲ ထိုတန်ခိုးပညာရပ်ကို အသုံးပြု၍ ကိုးနဂါး နတ်ဘုရားမီးလျှံအုပ်ဆောင်း၏ အောက်မှ အသက်ဘေးမှ လွတ်မြောက်သွားခဲ့သည်။
ယခုအချိန်တွင် တစ်ဖန် ပြန်လည်၍ ပေါ်ထွက်လာသော သန့်စင်လှပသော စာပေပညာရှင်သည် ချီကျွယ် မိစ္ဆာလှံတော်ကို ကိုင်စွဲထားခဲ့ရင်း မျက်ဝန်းအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေခဲ့သည်။
“အလွန်ပဲ အန္တရာယ်များတယ် ”
ဟု တွေးတောလိုက်မိသည်။
လီယန်ချူက အေးစက်စွာ ပြုံးလိုက်သည်။
နဂါးကိုးကောင် နတ်ဘုရားမီးလျှံအုပ်ဆောင်းကို တစ်ဖန် ပြန်လည် ထုတ်ဖော်လိုက်ပြန်ရာ သန့်စင်လှပသော စာပေပညာရှင်သည် တစ်ဖန် ပြန်လည်၍ ချီကျွယ် မိစ္ဆာလှံတော်အတွင်းသို့ ပေါင်းစပ်လိုက်ပြန်သည်။ လီယန်ချူသည် လက်တစ်ဖက်ဖြင့် ရှေးဟောင်းကျော့ရှင်းလှသော ဝိညာဥ်ခြောက်ခြား ခေါင်းလောင်း ကို ထုတ်ဖော်လိုက်ပြီးနောက် -
ဒုန်းးးး...
ကောင်းကင်နှင့် မြေပြင်အကြား၌ ကြီးမားလှသော ခေါင်းလောင်းသံကြီး ထွက်ပေါ်လာခဲ့သည်။ ချီကျွယ် မိစ္ဆာလှံတော်အတွင်းမှ ကိုယ်ဟန်သဏ္ဌာန်တစ်ခု ထွက်ပေါ်လာခဲ့ရပြီး ၎င်းမှာ ထိုသန့်စင်လှပသော စာပေပညာရှင်သည် လော့ဟွန်း ခေါင်းလောင်း၏ တုန်ခါမှုကြောင့် အပြင်သို့ တိုက်ရိုက် ထွက်ပေါ်လာခဲ့ရခြင်း ဖြစ်ပေသည်။
နဂါးက်ုးကောင် နတ်ဘုရားမီးလျှံအုပ်ဆောင်းသည် သူ့အား အတွင်း၌ တိုက်ရိုက် ချုပ်ချယ်ထားလိုက်ပြီ ဖြစ်ပြီး ခဏချင်းအတွင်းမှာပင် မီးခိုးများနှင့် မီးလျှံများ ဖုံးလွှမ်းသွားခဲ့ရသည်။ သန့်စင်လှပသော စာပေပညာရှင်သည် ထိတ်လန့် အမျက်ဒေါသထွက်သွားခဲ့ရသည်။
“အစွမ်းရှိရင် ငါနဲ့ နောက်ထပ် အလှည့်ပေါင်း သုံးရာလောက် ထပ်ပြီး တိုက်ခိုက်စမ်းပါ၊ နတ်ဘုရားရတနာတွေရဲ့ စွမ်းအားကို အားမကိုးနဲ့ ”
ဟု အော်ဟစ်လိုက်မိသည်။
လီယန်ချူက ပြက်ရယ်ပြုလိုက်ရင်း -
“မင်းက နတ်ဘုရားရတနာ တစ်ခုတောင် မရှိဘဲနဲ့... လူသားလောကကို ကျူးကျော်ရဲတာဆိုတော့... မင်းရဲ့ ခေါင်းကို မြည်းကန်ထားတာ ဖြစ်ရမယ် ”
ဟု ဆိုလိုက်သည်။
သန့်စင်လှပသော စာပေပညာရှင် - “………………”
နဂါးကိုးကောင် နတ်ဘုရားမီးလျှံအုပ်ဆောင်းအတွင်း၌ ကြောက်မက်ဖွယ်ကောင်းလှသော နတ်ဘုရားမီးလျှံများ ပြည့်နှက်နေခဲ့သဖြင့် သူသည် အတွင်း၌ တန်ခိုးပညာရပ်များကို ထုတ်ဖော်လိုက်သော်လည်း သန့်စင်လှပသော စာပေပညာရှင်၏ မိစ္ဆာစွမ်းအားများမှာ တွေ့တွေ့ချင်းမှာပင် ပျက်စီး ဆုံးရှုံးသွားခဲ့ရပြီး အဆက်မပြတ် အတွင်း၌ ရှောင်တိမ်းနေခဲ့ရသည်။
သို့သော်လည်း ယခုအချိန်တွင် သူသည် အခွင့်အရေးကို လွတ်သွားစေခဲ့ပြီ ဖြစ်သဖြင့် မည်သို့မှ ရုန်းထွက်နိုင်ခြင်း မရှိတော့ချေ။
“အားးးး... အားးးး... အားးးး...”
သန့်စင်လှပသော စာပေပညာရှင်သည် နာကျင်လွန်းလှသဖြင့် စူးစူးဝါးဝါး အော်ဟစ်မြည်တမ်းနေခဲ့ရသည်။ သူ၏ ကိုယ်ဟန်သဏ္ဌာန်မှာ လှုပ်ခတ်သွားခဲ့ပြီး ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ထို ‘ချီကျွယ် မိစ္ဆာလှံတော်’ အတွင်းသို့ တိုက်ရိုက် ပေါင်းစပ်လိုက်တော့သည်။ ချီကျွယ် မိစ္ဆာလှံတော်အတွင်းမှ ကြောက်မက်ဖွယ်ကောင်းလှသော မိစ္ဆာစွမ်းအားများ ထွက်ပေါ်လာခဲ့ပြီး ယခုအချိန်တွင် အလွန်ပင် ထူထပ်လှသော သွေးပင်လယ်ပြင်ပမာ တန်ခိုးပုံရိပ်များ ဖြစ်ပေါ်လာခဲ့ကာ ထူထပ်လှသော သွေးအငွေ့အသက်များမှာ အမှန်တကယ်ပင် လက်တွေ့အသွင် ဖြစ်ပေါ်နေခဲ့သည်။
သို့သော်လည်း နဂါးကိုးကောင် နတ်ဘုရားမီးလျှံအုပ်ဆောင်းအတွင်း၌မူ ထိုတန်ခိုးပုံရိပ်များသည် အလျင်အမြန် ပျက်စီးသွားခဲ့ရပြီး လှံတော်အလွတ်တစ်ခုတည်းသာလျှင် နတ်ဘုရားမီးလျှံများ၏ လောင်ကျွမ်းခြင်းကို ခံနေခဲ့ရတော့သည်။
ချီကျွယ် မိစ္ဆာလှံတော်သည် အပူရှိန်ကြောင့် တဝီဝီ မြည်နေခဲ့ရပြီး နဂါးကိုးကောင် နတ်ဘုရားမီးလျှံအုပ်ဆောင်းအတွင်း၌ အဆက်မပြတ် လှုပ်ခတ်ပြေးလွှားနေခဲ့သည်။
ဒုန်းးးး... ဒုန်းးးး... ဒုန်းးးး...
ထိုလှံတော်သည် နတ်ဘုရားမီးလျှံအုပ်ဆောင်းကို ပြင်းထန်စွာ တိုက်ခိုက်နေသည့် အသံများကို ကြားသိနိုင်ခဲ့သည်။
လီယန်ချူသည် တည်ငြိမ်လှသော အမူအရာ ရှိနေခဲ့သည်။
“ဒီလူရဲ့ အဆင့်အတန်းက အရင်က တွေ့ခဲ့ရတဲ့ အရှင်သခင် အနည်းငယ်ထက် ပိုပြီး မြင့်မားတယ်၊ သာမန်မိစ္ဆာကောင်တော့ မဟုတ်ဘူး”
ဟု တွေးတောလိုက်မိသည်။
လောလောဆယ်တွင် ဤစာပေပညာရှင်မှာ သူ မြင်တွေ့ခဲ့ဖူးသမျှ အားအကောင်းဆုံးသော မိစ္ဆာကောင် ဖြစ်ပြီး ဆင်းသက်လာခဲ့သော ထိုကောင်းကင်လူသား ပင်လျှင် ဤလူ၏ ပြိုင်ဘက် မဟုတ်ချေ။ သို့သော်လည်း သူသည် ယခုအချိန်တွင် နတ်ဘုရားမီးလျှံအုပ်ဆောင်းကဲ့သို့သော အသက်သေစေနိုင်သည့် ရတနာကြီးကို ပိုင်ဆိုင်ထားခဲ့သဖြင့် တိုက်ရိုက် မီးရှို့သတ်ပစ်လိုက်ခြင်း ဖြစ်ပေသည်။
နတ်ဘုရားမီးလျှံအုပ်ဆောင်းအတွင်း၌ ချီကျွယ် မိစ္ဆာလှံတော်ပေါ်ရှိ မိစ္ဆာစွမ်းအားများမှာ အလျင်အမြန် ကုန်ဆုံးသွားခဲ့ရပြီး လှံတော်ခန္ဓာကိုယ်မှာ အနီရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ အတွင်း၌ ပုန်းအောင်းနေခဲ့သော သန့်စင်လှပသော စာပေပညာရှင်သည် ရက်စက်လှသော အမူအရာ ရှိနေခဲ့သည်။ သူသည် အမှန်တကယ်ပင် အချိန်အတော်ကြာ တောင့်ခံနိုင်ခဲ့သော်လည်း နောက်ဆုံးတွင်မူ နတ်ဘုရားမီးလျှံအုပ်ဆောင်းအတွင်း၌ပင် ဝိညာဉ် ပျက်စီး ဆုံးရှုံးသွားခဲ့ရပြီး ခန္ဓာကိုယ်ပါ လုံးဝ ပျောက်ကွယ်သွားခဲ့ရတော့သည်။
လီယန်ချူသည် ရွှေဝါရောင် အုပ်ဆောင်းကြီးကို ပြန်လည် သိမ်းဆည်းလိုက်သည်။
လက်တစ်ဖက်ပြတ် အဖိုးအိုကြီးသည် ထိုအုပ်ဆောင်းကို တစ်ချက် ကြည့်ရှုလိုက်သည်။
“နတ်ဘုရားမီးလျှံအုပ်ဆောင်းရဲ့ စွမ်းအားက ဒီလောက်အထိ ကြီးမားလိမ့်မယ်လို့ မထင်မှတ်ထားခဲ့ဘူး။”
ဟု အနည်းငယ် သက်ပြင်းချရင်း ဆိုလိုက်သည်။
သို့သော်လည်း ကမ္ဘာလောကကြီးအတွင်းရှိ ရတနာများကို ကံတရားရှိသူကသာ ရရှိနိုင်ခြင်း ဖြစ်သလို၊ နတ်ဘုရားရတနာ၏ စွမ်းအားမှာ ဤမျှအထိ ကြီးမားလှသော်လည်း နောက်ဆုံးတွင် လူသားလောကအတွင်းသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။
သူက ခဏမျှ တွေးတောလိုက်ပြီးနောက် -
“သတိထား၊ ဒီနတ်ဘုရားရတနာပေါ်မှာ အလွန်နက်ရှိုင်းလှတဲ့ အကျိုးဆက် ကံတရားတွေ ရှိနေပုံရတယ်၊ ဒါကြောင့်လည်း လူသားလောကထဲကို ကျဆင်းလာခဲ့တာ ဖြစ်ရမယ်။”
ဟု ပြောကြားလိုက်သည်။
လီယန်ချူသည် ထိုစကားကို ကြားလျှင် တစ်ခဏမျှ မှင်တက်သွားခဲ့ရပြီးမှ -
“စီနီယာရဲ့ သတိပေးချက်အတွက် ကျေးဇူးတင်ပါတယ်။”
ဟု ပြန်လည် ပြောကြားလိုက်သည်။
နတ်ဘုရားမီးလျှံအုပ်ဆောင်းသည် အမှန်တကယ်ပင် အားကောင်းလှသော တန်ခိုးစွမ်းအားများကို ပိုင်ဆိုင်ထားခဲ့သော်လည်း၊ အကျိုးဆက် ကံတရားများနှင့် ပတ်သက်၍မူ လီယန်ချူအနေဖြင့် အလွန်အကျွံ စိုးရိမ်ပူပန်ခြင်း မရှိချေ။ အကြောင်းမှာ သူ၏ ခန္ဓာကိုယ်ပေါ်တွင် နတ်ဘုရားရတနာများစွာ ရှိနေခဲ့ပြီး အကျိုးဆက် ကံတရားများမှာ ရှုပ်ထွေးလွန်းလှသဖြင့် တွက်ချက်၍ပင် မရနိုင်တော့သောကြောင့် ဖြစ်ပေသည်။
ထိုသန့်စင်လှပသော စာပေပညာရှင်အား မီးရှို့သတ်ပစ်လိုက်ပြီးနောက် လက်တစ်ဖက်ပြတ် အဖိုးအိုကြီးက ပြုံးလိုက်သည်။
“မင်းက အမှန်တကယ်ပဲ ချန်နိုင်ငံတော်ရဲ့ တိုင်းပြည်ကံတရားရဲ့ ကိုးကွယ်မှုကို မခံယူချင်ဘူးလား။ အဲဒါက မင်းရဲ့ သိုင်းပညာကျင့်ကြံခြင်း အဆင့်အတန်းအတွက် အများကြီး အထောက်အကူပြုတယ် ”
ဟု မေးလိုက်သည်။
လီယန်ချူက ခေါင်းကို ခါယမ်းလိုက်သည်။
အဖိုးအိုကြီးသည်လည်း အတင်းအကျပ် မပြုလုပ်တော့ဘဲ ပြုံးလျက် -
“ဒီကိစ္စ ပြီးဆုံးသွားပြီဆိုတော့... ငါတို့တွေ သွားပြီး အရက်တစ်ခွက် သောက်ကြမလား။”
ဟု မေးလိုက်သည်။
လီယန်ချူသည် တစ်ခဏမျှ မှင်တက်သွားခဲ့ရပြီးမှ အူလှိုက်သည်းလှိုက် ရယ်မောလိုက်မိသည်။
တိုင်းပြည်စောင့်ရှောက်သူ သိုင်းနတ်ဘုရားသည် ထွက်ပေါ်လာခဲ့စဉ်က နတ်ဘုရားအလင်းတန်းများ ရစ်ပတ်လျက် အလွန်ပင် ဆန်းပြားဆန်းကြယ်လှသဖြင့် သူ၏ မျက်ဝန်းအတွင်း၌ လောကီလူသားတို့၏ စရိုက်လက္ခဏာမျိုး လုံးဝ ရှိမနေခဲ့ချေ။ သို့သော်လည်း ယခုအချိန်တွင်မူ လောကီလူသားတို့၏ စရိုက်လက္ခဏာ အနည်းငယ် ရှိနေခဲ့ပြီ ဖြစ်သည်။
“ကောင်းပါပြီ”
လီယန်ချူနှင့် တိုင်းပြည်စောင့်ရှောက်သူ သိုင်းနတ်ဘုရားတို့သည် မြို့ပြတစ်ခုအတွင်းသို့ ပျံသန်း ရောက်ရှိလာခဲ့ကြပြီး အရက်ဆိုင်တစ်ဆိုင်ကို ရှာဖွေတွေ့ရှိလိုက်ကာ မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။ ၎င်းတို့ ရွေးချယ်ထားသော နေရာမှာ ပြတင်းပေါက်၏ ဘေးနားတွင် ဖြစ်သဖြင့် မြင်ကွင်းမှာ အလွန်ပင် ကောင်းမွန်လှသလို၊ စားပွဲပေါ်ရှိ ဟင်းလျာများနှင့် အရက်များမှာလည်း အလွန်ပင် ပြည့်စုံလှပေသည်။
လီယန်ချူသည် ထိုထွားကျိုင်းလှသော အဖိုးအိုကြီးနှင့် အတူတူ အရက်သောက်စားနေခဲ့ကြသည်။
လီယန်ချူသည် အရက်ခွက်ကို မြှောက်လိုက်ရင်း ပြုံးလျက် -
“အမြဲတမ်း စီနီယာရဲ့ နာမည်ရင်းကို မသိရှိခဲ့ရသေးသလို... ဘယ်လိုမျိုး ခေါ်ဝေါ်ရမလဲဆိုတာကိုလည်း မသိသေးဘူး ”
ဟု မေးလိုက်သည်။
လက်တစ်ဖက်ပြတ် အဖိုးအိုကြီးသည် တစ်ခဏမျှ မှင်တက်သွားခဲ့ရပြီးမှ ပြုံးလျက် -
“အခြားလူတွေက ငါ့ကို သိုင်းနတ်ဘုရားလို့ ခေါ်ဝေါ်ခဲ့ကြတာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်လို့... ငါကိုယ်တိုင်တောင် ဝေဝါးနေခဲ့မိတယ်၊ မထင်မှတ်ဘဲ ဒီအကြောင်းအရာကို ပြောပြဖို့ မေ့လျော့နေခဲ့မိတာပဲ ”
“ငါ့ရဲ့ မျိုးရိုးနာမည်က လီ ပါ၊ လီကျီ လို့ ခေါ်ပါတယ်”