← Chapters

အခန်း (၂၀၇၁-၂၀၇၂)

Vol. 208 Ch. 2071-2072

အခန်း (၂၀၇၁-၂၀၇၂)

Vol. 208 Ch. 2071-2072

အခန်း (၂၀၇၁) အဘိုး၊ ကျွန်တော် မှားခဲ့ပါတယ်

"ရွှမ်ပုထုံကတော့ မိုက်မဲသူ မဟုတ်ဘူး။ တစ်ဖက်လူကို ကရုဏာတောင်ရဲ့ ကျင့်စဉ်တွေကို သုံးလာအောင် ဖိအားပေးဖို့ ကြိုးစားနေတာပဲ။ အကယ်၍သာ အဲဒီလို ဖြစ်လာရင် ဒီတိုက်ပွဲကို အနိုင်ရဖို့ တကယ့်ကို မျှော်လင့်ချက် ရှိနေတာပေါ့"

ဝေရွှင်က တိုးတိုးလေး ရေရွတ်လိုက်ပြီး သူ့မျက်ဝန်းထဲတွင် ချီးကျူးသည့်အရိပ်အယောင်တစ်ခု ပေါ်လာသည်။

မေဒေါင်ကွမ်း၏ စိတ်ထဲတွင် မျှော်လင့်ချက်အလင်းတန်းတစ်ခု ပြန်လည် ပေါ်ပေါက်လာသည်။

ရွှမ်ပုထုံမှာ ဖန့်ချန် စိန်ခေါ်ခဲ့သည့် ကျိုကျိတောင်မှ နောက်ဆုံးသော တစ်ပိုင်းသူတော်စင် ဖြစ်သည်။

အကယ်၍ ရွှမ်ပုထုံသာ ရှုံးနိမ့်သွားခဲ့လျှင် သူ၏ စိတ်ဓာတ်မှာ ပြန်လည် ကုစားနိုင်တော့မည် မဟုတ်သလို၊ သူတော်စင်ဖြစ်ဖို့ လမ်းစမှာလည်း လုံးဝ ပြတ်တောက်သွားတော့မည် ဖြစ်သည်။

"ကရုဏာတောင်ရဲ့ ကျင့်စဉ်တွေက ဘယ်လောက်ပဲ အားနည်းနေပါစေ၊ ဓာတ်ငါးပါးထိန်းချုပ်မှု ကျင့်စဉ်ထက်တော့ အားနည်းမှာ မဟုတ်ဘူးမလား။"

ထိုက်ရှီးဝမ်ကျန်းက ဝေရွှင်ကို တစ်ချက် ကြည့်လိုက်သည်။

"အဲဒီလိုလည်း မပြောနိုင်ဘူး။ သူက ငယ်စဉ်ကတည်းက ဓာတ်ငါးပါးထိန်းချုပ်မှု ကျင့်စဉ်ကို ကျွမ်းကျင်နေတာ ဖြစ်နိုင်တယ်။ ဒါကြောင့်လည်း အတွင်းကမ္ဘာနယ်မြေမှာ စွမ်းရည်အဖြစ် ထွင်းထုပြီးတဲ့နောက်မှာသာ သာမန်ထက် ပိုမိုပြင်းထန်တဲ့ စွမ်းအားကို ထုတ်လွှတ်နိုင်တာ ဖြစ်မယ်။

ဒီနှစ်ပိုင်းတွေမှာ သူ တခြားသူတွေနဲ့ တိုက်ခိုက်တဲ့အခါ အသုံးအများဆုံးက ဒီကျင့်စဉ်ပဲ။ ဒါ့အပြင် သူက တခြားကျင့်စဉ်တစ်ခုကိုလည်း နောက်ကွယ်က တပ်တစ်ခုအနေနဲ့ ကိုင်ထားသေးတယ်။ ဒီကျင့်စဉ် နှစ်ခုကပဲ သူ့ရဲ့ အဓိက အသက်သွေးကြောတွေ ဖြစ်မယ်။

ဆန့်ကျင်ဘက်အနေနဲ့ သူသာ ကရုဏာတောင်ရဲ့ ထိပ်တန်းကျင့်စဉ် သုံးခုထဲက တစ်ခုခုကို နားလည်ထားပြီး အတင်းအကျပ် သုံးမယ်ဆိုရင်တောင် သူ့ရဲ့ စွမ်းအားက ဓာတ်ငါးပါးထိန်းချုပ်မှု ကျင့်စဉ်လောက် အားကောင်းမှာ မဟုတ်ဘူး။"

ထိုအချိန်တွင် ကျိလင်၏ အသံက ထိုက်ရှီးဝမ်ကျန်းနှင့် ဝေရွှင်တို့၏ နားထဲသို့ ရောက်လာသည်။ ကျိလင်သည် ဖန့်ချန်ကို ကြည့်နေသော အကြည့်များမှာ ယုံကြည်မှု အပြည့်နှင့် ရှိနေပြီး ဖန့်ချန်၏ အခြေအနေကို အဆုံးအထိ ဖတ်နိုင်နေပုံရသည်။

"တစ်ဖက်လူကို စိန်ခေါ်တဲ့နည်းလမ်းက အလုပ်ဖြစ်မလားဆိုတာပဲ စောင့်ကြည့်ရတော့မယ်။"

ထိုက်ရှီးဝမ်ကျန်းက ရယ်မောသည်။

ထိုအချိန်တွင် ဟင်းလင်းပြင်အထက်၌ ဝေလျန့်ရွမ်က ရှူရှန်ကို အေးစက်စက် အကြည့်ပို့လိုက်သည်။

"ငါ့တပည့် ပြောတာ မှန်နေတာပဲ။ ဘာလို့ ဖန့်ချန်က ကရုဏာတောင် တပည့်ဖြစ်လျက်နဲ့ အပြင်ကနေ ယူလာတဲ့ အဆင့်နိမ့်ကျင့်စဉ်တွေကိုပဲ သုံးနေရတာလဲ။ မင်းတို့ ကရုဏာတောင်ရဲ့ ထိပ်တန်းကျင့်စဉ် သုံးခုထဲကမှ တစ်ခုတောင် သူ မနားလည်နိုင်ဘူးလား တကယ်လို့သာ ဒီလောက်ထိ ဉာဏ်ရည်နိမ့်ပါးနေရင် ရွှေဟွေးတက္ကသိုလ်မှာ နေပြီး ကျောင်းရဲ့ အရင်းအမြစ်တွေကို ဖြုန်းတီးနေတာပဲ။"

စကားပြောနေရင်း သူက တခြားဆရာများကို ကြည့်လိုက်သည်။

"အားလုံးပဲ ဘယ်လို ထင်ကြလဲ"

"ဒါလည်း ဟုတ်တာပဲ"

"နှစ်ငါးရာဆိုတဲ့ အချိန်ကာလက ကျင့်စဉ်တစ်ခုလောက်တော့ နားလည်သင့်နေပြီမလား ကျိုကျိတောင်က ကျောင်းသားသစ်တွေအားလုံးက ကိုးဆလက်သီးပညာကို နားလည်နေကြတာပဲလေ။ အဲဒီထဲမှာ မေဒေါင်ကွမ်းဆိုရင် ကျိုကျိလက်သီးနဲ့ မြားပစ် ကျင့်စဉ်ကိုပါ ရထားတာ၊ တကယ့်ကို နှမြောဖို့ ကောင်းတယ် "

ဆရာအချို့မှာ ခေါင်းညိတ်လိုက်ကြပြီး ဝေလျန့်ရွမ်၏ စကားကို ထောက်ခံလိုက်ကြသည်။ ဤရပ်တည်ချက်မှာ ပုဂ္ဂိုလ်ရေးအရ မဟုတ်ဘဲ လူသားမျိုးနွယ်စု တက္ကသိုလ်၏ ဆရာတစ်ဦးအနေဖြင့် အကန့်အသတ်ရှိသော အရင်းအမြစ်များကို အရည်အချင်းမရှိသော ကျောင်းသားများထံ အလဟဿ ပေးအပ်မည်ကို သူတို့ မလိုလားကြပေ။

"ဖန့်ချန်ကို ကရုဏာတောင် ကျင့်စဉ် သုံးခိုင်းချင်တာလား ကောင်းပြီလေ၊ ဖန့်ချန်က မဟာကရုဏာဓား ကို နားလည်ထားတာပဲ၊ သူ့ကို စမ်းသုံးခိုင်းကြည့်ပါဦး။"

ရှူရှန်က ဝေလျန့်ရွမ်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် အောက်ဘက်ကို ဦးတည်ကာ ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

"ဖန့်ချန်၊ ကရုဏာတောင်ရဲ့ တပည့်တစ်ဦးအနေနဲ့ ကရုဏာတောင်ရဲ့ ကျင့်စဉ်ကို သုံးသင့်ပြီ။ မင်းရဲ့ မဟာကရုဏာဓား နဲ့ ကျိုကျိတောင် တစ်ပိုင်းသူတော်စင်ရဲ့ အရည်အချင်းကို စမ်းသပ်ကြည့်လိုက်စမ်း။"

ရှူရှန်၏ အသံမှာ ဖန့်ချန်သာမက ကျိုကျိတောင်က လူအားလုံး ကြားနိုင်အောင် ကျယ်လောင်လှသည်။ ရွှမ်ပုထုံသည် တည်ငြိမ်အောင် ဟန်ဆောင်လိုက်ပြီး အနည်းငယ် စိုးရိမ်နေသော စိတ်မှာ ပေါ့ပါးသွားသည်။ ရှူရှန်ပင်လျှင် အမိန့်ပေးလိုက်ပြီ ဖြစ်ရာ ဖန့်ချန်အနေဖြင့် ဓာတ်ငါးပါးထိန်းချုပ်မှု ကျင့်စဉ်ကို ဆက်သုံးနေဖို့ အကြောင်းမရှိတော့ပေ။ လူအများ၏ အကြည့်များက ဖန့်ချန်အပေါ်တွင်သာ ကျရောက်နေပြီး သူ၏ အမူအရာ ပြောင်းလဲမှုကို စောင့်ကြည့်နေကြသည်။

ဖန့်ချန်က အချိန်အနည်းငယ် စောင့်ဆိုင်းပြီးနောက် ဟင်းလင်းပြင်အထက်သို့ လက်ယှက်၍ အရိုအသေပေးသည်။

"ဆရာ့ရဲ့ အမိန့်ကို နာခံပါတယ်၊ ကရုဏာတောင်ရဲ့ ထိပ်တန်းကျင့်စဉ် သုံးခုထဲက တစ်ခုဖြစ်တဲ့ မဟာကရုဏာဓား နဲ့ ကျိုကျိတောင်ရဲ့ ထိပ်တန်းကျောင်းသားကို စိန်ခေါ်ပါ့မယ် "

"သူ နည်းနည်းလေး တွေဝေသွားပုံပဲ။"

"ဆိုလိုတာက ကရုဏာတောင်ရဲ့ ကျင့်စဉ်အပေါ်မှာလည်း သူ ယုံကြည်မှု မရှိဘူးပေါ့။"

"ဒါဆိုရင်တော့ တကယ့်ကို ကောင်းတာပဲ၊ ရွှမ်ညီလေး ဒီပွဲကို အနိုင်ရဖို့ အခွင့်အရေး အများကြီး ရှိတယ်"

"နောက်မှ ဖန့်ချန်က ရွှမ်ပုထုံလက်ထဲမှာ ရှုံးသွားရင် မင်းတို့ကပဲ သွားစိန်ခေါ်လိုက်ကြပါ။ သူ လာကတည်းက ကျိုကျိတောင်က တစ်ပိုင်းသူတော်စင် အားလုံးကို စိန်ခေါ်မယ်လို့ ပြောထားတာပဲ။ သူ စကားတည်အောင် ငါတို့ လုပ်ပေးရမှာပေါ့ "

ကျိလင်က တိုးတိုးလေး ရယ်မောသည်။ ဝူချုံ၏ အမူအရာမှာ အနည်းငယ် လှုပ်ရှားသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။

"သူ ခုနက ငါ့ကိုရော ချင်ထောင်ကိုပါ စိန်မခေါ်ဘူး။ အရင်က ရင်းနှီးခဲ့တဲ့အပေါ်မှာ ခံစားချက် ရှိနေတာ ဖြစ်မှာ။ အကယ်၍သာ ငါက..."

"ငါတို့က လင်မယားတွေ မဟုတ်လား လင်မယားဆိုတာ တစ်စိတ်တစ်ဝမ်းတည်း ရှိရမှာပေါ့။ ဖန့်ချန်က အရင်က ငါ့ကို ကျိုကျိတောင်မှာ မဝင်နိုင်အောင် လုပ်ခဲ့တယ်။ အခုလည်း မေဒေါင်ကွမ်းရဲ့ သူတော်စင်ဖြစ်ဖို့လမ်းကို ဖျက်ဆီးလိုက်ပြန်ပြီ။ ငါတို့နဲ့ ရန်ငြိုးက အမြစ်တွယ်နေပြီ၊ လွယ်လွယ်နဲ့ ပြေလည်နိုင်မှာ မဟုတ်ဘူး။

ဒီတစ်ခေါက် အခွင့်အရေးကို လွတ်မခံနဲ့။ ငါက တိုက်ခိုက်လို့ မရတော့ဘူး၊ မင်းပဲ ထွက်လာပြီး သူ့ကို တစ်ခါတည်း အဆုံးစီရင်လိုက်ပါ "

ကျိလင်က ပြုံးလိုက်ပြီးနောက် အကြည့်များ ပြောင်းလဲသွားသည်။

"မင်းသာ သူ့အပေါ် သံယောဇဉ် ရှိနေရင်တော့..."

"ဘာမှ မဖြစ်ပါဘူး၊ သူသာ ရှုံးသွားရင် ငါပဲ သူ့ကို သွားစိန်ခေါ်လိုက်မယ်။"

ဝူချုံက ခေါင်းညိတ်သည်။

"စိတ်မပူပါနဲ့၊ နင်နဲ့ငါက တစ်သားတည်း ဖြစ်နေပြီပဲ၊ ငါ နင်နဲ့ လက်တွဲသွားမှာပါ "

"ကျေးဇူးတင်ပါတယ်"

ကျိလင်၏ မျက်ဝန်းထဲတွင် ပြုံးရယ်ခြင်း အရိပ်အယောင်တစ်ခု ပေါ်လာသည်။ ထိုအချိန်တွင် ဟင်းလင်းပြင်ထဲ၌ အတွင်းကမ္ဘာနယ်မြေ တံခါးပေါင်းများစွာ တစ်ခုပြီးတစ်ခု ပေါ်လာသည်။ ထိုတံခါးများမှာ တိုက်ပွဲနေရာကို မကပ်ဘဲ အဝေးကနေသာ ငေးကြည့်နေကြသည်။ တစ်ပိုင်းသူတော်စင်များ၊ သူတော်စင်များအားလုံးမှာ တောင်အသီးသီးမှ ရောက်လာကြခြင်း ဖြစ်သည်။

"အမီလိုက်လာနိုင်လိုက်တယ်။"

ချိုင်စစ်ရှိုနှင့် လုကျိုဝမ်တို့သည် ဖန့်ချန်နှင့် ရွှမ်ပုထုံတို့၏ တိုက်ပွဲ မစတင်သေးသည်ကို တွေ့လိုက်ရသဖြင့် ဝမ်းသာသွားကြသည်။ မိုရှဲ့က သူတို့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် စိုးရိမ်သော မျက်နှာဖြင့် ဖန့်ချန်ကို ကြည့်လိုက်သည်။ သူ မလာခင်ကတည်းက ဖန့်ချန်က ကျိုကျိတောင်မှ အတွေ့အကြုံရင့်ကျက်သည့် တစ်ပိုင်းသူတော်စင်အားလုံးကို အနိုင်ယူထားပြီးသား ဖြစ်ကြောင်း ကြားသိထားပြီး ဖြစ်သည်။

ဤသတင်းမှာ သေးငယ်သော ကိစ္စ မဟုတ်သဖြင့် ဖန့်ချန်၏ စွမ်းအားကို သူ ပြန်လည် တိုင်းတာလိုက်ရသည်။

"တိုက်ပွဲ ပြီးရင် ဖန့်ချန်သာ ရှုံးသွားရင် ပိုကောင်းတာပေါ့၊ အနိုင်ရသွားရင်လည်း ကိစ္စမရှိဘူး။ မင်းတို့ နှစ်ယောက်က သူ့ကို သွားပြီး စွမ်းအားရှင်အဖွဲ့ထဲ ဝင်ဖို့ ဖျောင်းဖျလိုက်ပါ။ ဆရာက သူ့ကို အတော်လေး သဘောကျနေတာ၊ နှစ်တွေကြာတဲ့အထိ အကြီးအကဲတွေနဲ့ စကားပြောတိုင်း ဖန့်ချန်အကြောင်းပဲ အမြဲ ပါနေတာ "

မိုရှဲ့က အမိန့်ပေးလိုက်သည်။ ချိုင်စစ်ရှိုက ချက်ချင်းပင် ခေါင်းညိတ်သည်။

"မိုအစ်ကိုကြီး စိတ်ချပါ၊ ဒီတိုက်ပွဲမှာ သူ့ရဲ့ အနိုင်ရနိုင်ခြေက မများပါဘူး။ သူ တိုက်ပွဲတွေ ဆက်တိုက် တိုက်ထားရတာလေ၊ ပုံမှန်ဆိုရင် လူတစ်ယောက်မှာ ဒီလောက် စွမ်းအင် ရှိမှာ မဟုတ်ဘူး၊ အခုဆိုရင် အတွင်းကမ္ဘာနယ်မြေရဲ့ စွမ်းအားကိုတောင် အနည်းငယ်ပဲ ထုတ်နိုင်တော့မှာ ဖြစ်လိမ့်မယ်။

သူ ရှုံးသွားရင် ကျွန်တော်တို့ သွားပြီး ဒီဂျန်တောင် ထဲ ဝင်ဖို့ ဖျောင်းဖျလိုက်မယ်။ အကယ်၍ သူ လက်မခံဘူးဆိုရင်တော့ သူ ထွက်ခွာသွားရုံပဲ ရှိတော့မှာပေါ့ "

"တိုက်ပွဲ စတော့မယ် ထင်တယ်။"

မိုရှဲ့၏ အကြည့်များမှာ စူးစိုက်သွားသည်။ စကားပြောပြီးသည်နှင့် ရွှမ်ပုထုံမှာ စတင် တိုက်ခိုက်လိုက်သည်။ သူ၏ စွမ်းအားမှာ ထိုသက်ကြီး တစ်ပိုင်းသူတော်စင် ငါးဦးနှင့် ယှဉ်လျှင် အဝေးကြီး လိုသေးသည်။ သို့သော် ဖန့်ချန်က ဓာတ်ငါးပါးထိန်းချုပ်မှု ကျင့်စဉ်ကို မသုံးနိုင်တော့သည့်အတွက် ရွှမ်ပုထုံမှာ အနိုင်ရနိုင်ခြေ ရှိနေသည်။

"ဖန့်ချန်၊ တိုက်ခိုက်ရေး နည်းစနစ်ဆိုရင် မင်းက ငါ့ထက် အများကြီး အားနည်းတယ်။ ဒီနှစ်တွေမှာ ငါက စစ်မြေပြင်မှာ အဆက်မပြတ် လေ့ကျင့်ပြီးတော့မှ ဒီအဆင့်ကို ရောက်လာခဲ့တာ။"

ရွှမ်ပုထုံက ပြုံးလျက် ပြောသည်။

"မင်းက ကရုဏာတောင်ရဲ့ ကျင့်စဉ်ကိုပဲ သုံးနိုင်တော့မှာ ဖြစ်တဲ့အတွက် ငါ့ကို ဘယ်လိုမှ မနိုင်နိုင်ဘူး။ အရှုံးပေးလိုက်တာက ပိုမကောင်းပေဘူးလား"

ဖန့်ချန်က ခဏစဉ်းစားပြီးနောက် ခေါင်းခါလိုက်ပြီးနောက် အမှတ်တရ ကျင့်စဉ် မဟာကရုဏာဓား ကို စတင် အသုံးပြုလိုက်သည်။ သူ့လက်ထဲတွင် ရုတ်တရက် တောက်ပသော နတ်ဓားတစ်လက် ပေါ်လာသည်။ တစ်ခဏချင်းတွင် သူ့ကိုယ်ထဲမှ ကရုဏာစိတ်ဓာတ်များ လွှမ်းခြုံသွားသည်။

ထိုအခိုက်အတန့်တွင် ရွှမ်ပုထုံမှာ ငယ်စဉ်က သူ့ကို အချစ်ရဆုံး၊ သို့သော် နှစ်ပေါင်းများစွာကတည်းက အသတ်ခံလိုက်ရသည့် သူ့ရဲ့ အဘိုးကို မြင်ယောင်လာမိသည်။ သတိမထားမိလိုက်သည့်အချိန်တွင် သူ၏ မျက်ဝန်းများမှာ နီရဲသွားသည်။

"ရွှမ်ပုထုံ၊ မင်း မှားမှန်း သိပြီလား"

ဖန့်ချန်က တိုးတိုးလေး မေးလိုက်သည်။

"ကျွန်တော် မှားခဲ့ပါတယ်၊ အဘိုး... ကျွန်တော် မှားခဲ့ပါတယ်..."

ရွှမ်ပုထုံက ရုတ်တရက် အော်ဟစ်ငိုယိုလိုက်သဖြင့် လူတိုင်းမှာ ထိတ်လန့်သွားကြသည်။ သူက ဖန့်ချန်ကို ခေါ်ဝေါ်လိုက်သည့် အမည်နာမမှာလည်း လူတိုင်းကို ပို၍ နားမလည်နိုင်အောင် ဖြစ်စေခဲ့သည်။

ထိုအချိန်တွင် ရွှမ်ပုထုံမှာ နောင်တတရားများဖြင့် အပြည့် နစ်မွန်းနေပြီး သူ့ရှေ့က လူ၏ အမှန်တကယ် ပုံပန်းသဏ္ဍာန်ကိုပင် မေ့လျော့နေတော့သည်။

အခန်း (၂၀၇၂) - ဤသည်ကား တရားသောလမ်းစဉ်ပင်

မဟာကရုဏာဓားကို အသုံးမပြုရသေးခင်မှာပင် ထိုမျှ ထိရောက်မှုရှိလာလိမ့်မည်ဟု ဖန့်ချန်ကိုယ်တိုင်လည်း မမျှော်လင့်ထားခဲ့ပေ။

ဤသည်မှာ သူ၏ ထူးခြားသော မူလဝိညာဉ် နှင့် ဆက်စပ်နေပေလိမ့်မည်။ ထို့ကြောင့်ပင် သူသုံးသမျှ နတ်ဘုရားကျင့်စဉ်များ၏ အစွမ်းမှာ အကြောင်းရင်းမရှိဘဲ များစွာ တိုးပွားလာခြင်း ဖြစ်သည်။ ယင်းအပြင် ရွှမ်ပုထုံ၏ ကိုယ်ပိုင်ကျင့်စဉ် အဆင့်အတန်းနှင့် သူ၏ စိတ်အခြေအနေ ကြံ့ခိုင်မှုအပေါ်တွင်လည်း မူတည်နေသေးသည်။

ထိုအချိန်တွင် ရွှမ်ပုထုံမှာ နောင်တတရားများ ပြည့်နှက်နေသည့် အတိတ်အမှတ်တရများထဲတွင် ဆက်လက် နစ်မွန်းနေဆဲပင်။ ဤရင်ကိုထိခတ်စေသည့် အမှတ်တရများထဲတွင် သူအလွန်ဆုံး နောင်တရမိသည်မှာ သူ၏အဘိုးအပေါ်တွင်ပင် ဖြစ်သည်။ ထို့ကြောင့်ပင် သူသည် မိမိကိုယ်မိမိ မှားကြောင်း အကြိမ်ကြိမ် ဆိုနေမိပြီး မျက်ရည်များမှာ သူ၏ အင်္ကျီရင်ဘတ်ကို စိုစွတ်သွားစေတော့သည်။

ကျိုကျိတောင်မှ တစ်ပိုင်းသူတော်စင်များမှသည် ရွှေရှင်းကဲ့သို့သော ကမ္ဘာတည်ဆောက်ခြင်း အဆင့်နောက်ပိုင်း ကျွမ်းကျင်သူများအထိ၊ ဝေလျန့်ရွှမ် ညီအစ်ကိုနှစ်ယောက်ပါမကျန်၊ ဤမြင်ကွင်းကြောင့် အလွန်အမင်း ရှက်ရွံ့နေကြကာ သူတို့၏ ပါးပြင်များမှာ မီးနှင့်ကင်ထားသကဲ့သို့ ပူလောင်နေကြသည်။

တခြားသော တောင်ထိပ်များမှ တိုက်ပွဲကို လာကြည့်ကြသည့် ကျောင်းသားများမှာလည်း အံ့အားသင့်ကာ ကြောင်အမ်းသွားကြသည်။

သူတို့ထဲတွင် ဒီဂျန်တောင်မှ ချိုင်စစ်ရှိုနှင့် လုကျိုဝမ်တို့မှာ အံ့ဩခြင်း အကြီးမားဆုံး ဖြစ်သည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့သည် ရွှမ်ပုထုံ၏ စွမ်းရည်ကို ကောင်းကောင်းသိသည်။

အကြောင်းမှာ သူတို့အားလုံးသည် ကရုဏာတောင်တွင် အတူကျင့်ကြံခဲ့ကြပြီး အနည်းငယ် ရင်းနှီးမှုရှိခဲ့ကြ၍ ဖြစ်သည်။ နောက်ပိုင်း ရွှမ်ပုထုံ ကျိုကျိတောင်သို့ ဝင်ရောက်သွားသောအခါ သူတို့သည်လည်း တစ်ချိန်က တိတ်တဆိတ် စောင့်ကြည့်ခဲ့ဖူးသည်။

သူတို့၏ ကောက်ချက်မှာ ရွှမ်ပုထုံသည် သူတို့ထက် တစ်ဆင့်သာလွန်နေသည် ဟူ၍ပင်။ ထိုအချိန်က သူတို့သည် ကောင်းကင်ငါးပါးစစ်မြေပြင်သို့ ဝင်ရောက်ခွင့် အကြိမ်အနည်းငယ်ကို ဖြုန်းတီးခဲ့မိ၍ ရွှမ်ပုထုံကို အမီလိုက်မမီ ဖြစ်ခဲ့ရသည့်အတွက် ကိုယ့်ကိုယ်ကို နောင်တရခဲ့ကြသည်။

သို့သော် ယခုမူ... သူတို့သည် မျက်စိရှေ့တွင် ဖြစ်ပျက်နေသည့် အဖြစ်အပျက်ကို မယုံကြည်နိုင်စွာ ကြည့်နေကြသည်။ သူတို့ထက် ပိုတော်သည့် ရွှမ်ပုထုံမှာ တိုက်ခိုက်ခြင်းမရှိသေးဘဲနှင့် ငိုယိုနေလေပြီဤသည်မှာ သူတို့တစ်သက်တာတွင် တစ်ခါမှ မမြင်ဖူးသည့် မြင်ကွင်းပင်။

သိထားရမည်မှာ ယခု ဝမ်းနည်းပူဆွေးကာ ငိုယိုနေသူမှာ သာမန်လူမဟုတ်၊ တစ်ပိုင်းသူတော်စင် အဆင့်ရှိသည့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ ရွှေဟွေးတက္ကသိုလ်တွင် ထိုအဆင့်မှာ ဘာမှမဟုတ်သည့်အပြင် ကျောင်းသားသစ်များနှင့်လည်း သိပ်မကွာခြားသော်လည်း၊ လူသားတို့၏ နတ်ဘုရားနယ်မြေ ခုနစ်ခု သို့မဟုတ် ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့တွင်မူ တစ်ပိုင်းသူတော်စင်ဆိုသည်မှာ အသင်းအဖွဲ့ကို ကိုယ်တိုင်တည်ထောင်နိုင်သည့် အကြီးအကဲတစ်ယောက် ဖြစ်ပေသည်။

"ကရုဏာတောင်ရဲ့ ကျင့်စဉ်တွေကလည်း သိပ်အားနည်းတာ မဟုတ်ဘူးပဲ"

ချိုင်င်စစ်ရှိုက တိုးတိုးလေး ရေရွတ်လိုက်သည်။

လုကျိုဝမ်ကမူ အချက်အလက်၏ အဓိကအချက်ကို ဖမ်းမိလိုက်ပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။

"ကရုဏာတောင်ရဲ့ ကျင့်စဉ်တွေက စိတ်ပိုင်းဆိုင်ရာကို အဓိကထားတာ ဖြစ်ဖို့များတယ်။ ရွှမ်ပုထုံက စိတ်အခြေအနေ အားနည်းလို့သာ အထိနာတာ။ စိတ်အခြေအနေသာ ကြံ့ခိုင်မယ်ဆိုရင် ဒီကျင့်စဉ်ရဲ့ အစွမ်းက အများကြီး လျော့ကျသွားမှာပါ။

ဒါ့အပြင် ကျင့်စဉ်ရဲ့ ပြင်းထန်မှုက အသုံးပြုသူပေါ်မှာလည်း မူတည်သေးတာပေါ့... တကယ်လို့ ဓာတ်ငါးပါးထိန်းချုပ်နည်းသာ ဆိုရင် ရွှမ်ပုထုံမှာ ငိုဖို့အခွင့်အရေးတောင် ရမှာ မဟုတ်ဘူး "

သူ့စကားကြောင့် ချိုင်စစ်ရှိုလည်း သဘောပေါက်သွားသည်။ ဟုတ်ပေသည် သူ၏စိတ်ထဲတွင် မဟာကရုဏာဓား၏ အစွမ်းအပေါ် ယခင်က ထားရှိခဲ့သည့် အမြင်သို့ ပြန်ရောက်သွားသည်။

ကျင့်စဉ်၏ သက်ရောက်မှု အားနည်းသွား၍လော သို့မဟုတ် ဖန့်ချန်၏ စွမ်းအင်များ တကယ်ပင် ကုန်ခန်းသွား၍လော မသိ၊ ရွှမ်ပုထုံမှာ ထိုသြဇာလွှမ်းမိုးမှုမှ တဖြည်းဖြည်း သတိပြန်ဝင်လာသည်။

သို့သော် ဖန့်ချန်၏ အတွင်းကမ္ဘာနယ်မြေက သူ့ရှေ့သို့ ရောက်လာပြီး ဖန့်ချန်၏ဓားမှာလည်း အကာအကွယ်မရှိသည့် သူ၏လည်ပင်းဆီသို့ ရောက်နေသည်ကို သူထိတ်လန့်စွာ တွေ့လိုက်ရသည်။

ဤပွဲတွင် ဖန့်ချန် အနိုင်ရသည်။ ဘက်ပေါင်းစုံမှ မည်သူမျှ ကန့်ကွက်စရာ မရှိကြပေ။ ဝေလျန့်ရွှမ်ပင်လျှင် ဘာမှမပြောဘဲ မျက်နှာပျက်လျက် ဆိတ်ဆိတ်သာ နေနေသည်။ ရှူရှန်၏ ရယ်သံများသာ သူ၏နားထဲတွင် ဆူညံနေပြီး စိတ်အနှောင့်အယှက် ဖြစ်ကာ ရှူရှန်ကို ချက်ချင်းပင် တိုက်ခိုက်ပစ်ချင်စိတ် ပေါ်လာသည်။

"ဒီမဟာကရုဏာဓားက သူတစ်ပါးရဲ့ စိတ်အခြေအနေကို ထိန်းချုပ်တဲ့နေရာမှာ အဓိကထားတာပဲ။ ဒါပေမဲ့ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက ဘယ်လောက်ရှိမလဲတော့ မသိဘူး"

ချင်ဝူဆန့်က တိုးတိုးလေး ပြောသည်။

"မတိုက်ဘဲ အနိုင်ယူတာကမှ တရားသောလမ်းစဉ် ပဲပေါ့ "

ရှူရှန်က ရယ်မောသည်။

ချင်ဝူဆန့်လည်း ရယ်မောလိုက်သော်လည်း သူ၏မျက်ဝန်းထဲတွင်မူ ပေါ့ပေါ့တန်တန် သဘောထားသည့် အရိပ်အယောင်လေး ပေါ်လာသည်။

ဘယ်ကနေ ဘယ်လို ပေါက်ဖွားလာတဲ့ လူစားမျိုးမို့လို့ ငါ့ရှေ့မှာ တရားသောလမ်းစဉ်အကြောင်း ပြောရဲတာလဲ ကရုဏာတောင်၏ 'အပြင်ပန်း သူတော်စင်၊ အတွင်း ဧကရာဇ်' ဟူသော စကားမှာ အံ့သြစရာပင်။

သို့သော် သူသည် တိုက်ရိုက်လှောင်ပြောင်ရန် ဝန်လေးသည်။ သူသည် ရွှေဟွေးတက္ကသိုလ်တွင် ကြာကြာနေမည်မဟုတ်ဟု ယုံကြည်ထားသည်။ ဟော်ဆွေ့ဘိုးဘေး သည် သူ၏အရည်အချင်းကို သိရှိလာမည်ဖြစ်ပြီး တစ်နေ့နေ့တွင် သူ့ကို ပြန်ခေါ်ကာ ကြီးမားသည့် တာဝန်များကို ပေးအပ်လိမ့်မည်ဟု သူယုံကြည်နေသည်။

...

"ငါ ရှုံးသွားတာလား"

ရွှမ်ပုထုံသည် ဖန့်ချန်ကို ကြောင်အစွာ ကြည့်နေပြီး မယုံကြည်နိုင်စွာ ဖြစ်နေသည်။ ချက်ချင်းဆိုသလိုပင် သူသည် ယခင်က ဖြစ်ပျက်ခဲ့သည်များကို ပြန်စဉ်းစားမိပြီး သူ၏မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားသည်။

"မင်း ငါ့ကို လှည့်စားလိုက်တာပေါ့ "

ရွှမ်ပုထုံသည် ဖန့်ချန်ကို စူးစိုက်ကြည့်လိုက်သည်။ သူ၏မျက်လုံးထဲတွင် ရှက်ရွံ့မှု၊ ဒေါသ၊ မကျေနပ်မှုတို့ ပြည့်နှက်နေသည်။

သူသည် မိမိကိုယ်မိမိ ထိုသို့သော ပုံစံဖြင့် ရှုံးနိမ့်သွားလိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးပေ။ အကယ်၍ ဓာတ်ငါးပါးထိန်းချုပ်နည်းဖြင့်သာ ရှုံးသွားခဲ့လျှင် သူသည် ရှက်စရာဟု မထင်မိပါ၊ အကြောင်းမှာ တစ်ဖက်လူ၏ ထိုကျင့်စဉ်က လူအများအပြားကို အနိုင်ယူထားပြီးဖြစ်၍ သူ့တစ်ယောက်တည်း ရှုံးသည်မှာ မဆန်းလှပေ။

သို့သော် ယခုမူ လူသိများသော အမှိုက်ကျင့်စဉ် မဟာကရုဏာဓား ဖြင့် ရှုံးနိမ့်သွားရုံမက၊ အားလုံး၏ ရှေ့တွင် ငိုယိုလိုက်မိသည့်အတွက် အရှက်တကွဲ ဖြစ်ရလေပြီ။

ထိုအခြေအနေဖြင့် သူသည် လူသားမျိုးနွယ်တက္ကသိုလ်တွင် ဆက်လက်၍ မည်သို့ ရှင်သန်ရမည်နည်း။

သူသည် အလိုလိုပင် ထိုက်ရှီးဝမ်ကျန်း၊ ဝေရွှင်၊ ကျိလင်နှင့် ရွှေရှင်းတို့ကို ကြည့်မိလိုက်သည်။ သူတို့၏ မျက်လုံးများထဲတွင် စိတ်ပျက်မှု၊ လှောင်ပြောင်မှု၊ ဒေါသစသည့် ခံစားချက် အမျိုးမျိုးကို ရွှမ်ပုထုံ မြင်လိုက်ရသည်။

ထိုခံစားချက်များမှာ ထက်မြက်လှသည့် ဓားသွားများကဲ့သို့ သူ၏နှလုံးသားကို တစ်ချက်ချင်း စူးဝင်နေသလိုပင်။

နာကျင်လိုက်တာ ရွှမ်ပုထုံသည် မိမိ၏ရင်ဘတ်ကို အလိုလို ဖိလိုက်ပြီး သက်ပြင်းကြီးကြီး တစ်ချက် ချလိုက်သည်။ နောက်တစ်ခဏတွင် ကြောက်မက်ဖွယ်ကောင်းသည့် အတွင်းကမ္ဘာနယ်မြေ၏ စွမ်းအားများက သူ၏ခန္ဓာကိုယ်ထဲသို့ အတင်းအကျပ် စုဝေးလာသည်။

အားလုံးက သိလိုက်ကြသည်။

ရွှမ်ပုထုံ အရှုံးမပေးချင်သေးဘဲ အသက်ကို ပဓာနမထားဘဲ နောက်ဆုံးအနေဖြင့် တိုက်ခိုက်တော့မည်။

ဖြန်း

ထိုစဉ် ရွှမ်ပုထုံ၏ ပါးပြင်ပေါ်သို့ ရှင်းလင်းပြတ်သားသည့် လက်ဝါးရိုက်ချက်တစ်ခု ရောက်လာသည်။

ထိုရိုက်ချက်က ရွှမ်ပုထုံ၏ စုစည်းနေသော အတွင်းစွမ်းအားများကို အပြီးတိုင် ဖျက်ဆီးလိုက်ရုံမက သူ့ကိုပါ သတိပြန်ဝင်လာစေသည်။

"အရှက်မရှိတဲ့ကောင်၊ နောက်ဆုတ်လိုက်တော့"

ဝေလျန့်ရွမ်၏ အသံထွက်ပေါ်လာသည်။ အားလုံး၏ အမူအရာ ပြောင်းလဲသွားပြီး ထိုလက်ဝါးရိုက်ချက်မှာ ဝေလျန့်ရွမ်၏ လက်ချက်ဖြစ်ကြောင်း အားလုံး သိလိုက်ကြသည်။

ရွှမ်ပုထုံသည် မျက်နှာဖြူဖျော့လျက် ခေါင်းငုံ့ကာ ဟင်းလင်းပြင်ဘက်သို့ အရိုအသေပေးပြီးနောက် လူအုပ်ကြားထဲသို့ ခပ်မြန်မြန် ဆုတ်ခွာသွားတော့သည်။

သူသည် ခြေချောင်းများဖြင့် မြေပြင်ကို ကုတ်ခြစ်ကာ အပေါက်တစ်ခုဖောက်ပြီး မြေကြီးထဲသို့ ဝင်သွားချင်စိတ် ပေါက်နေမိသည်။

ထိုအချိန်တွင် မေဒေါင်ကွမ်း၏ မျက်လုံးထဲမှ အရောင်အဝါမှာလည်း ထပ်မံ ပျောက်ကွယ်သွားလေပြီ။ သူသည် ဖန့်ချန်ရှိရာဘက်ကို ငေးကြည့်နေပြီး ပါးစပ်မှာ တစ်ချက်တစ်ချက် တုန်ရီကာ ရူးသွပ်နေသည့် ပုံစံပေါက်နေသည်။

ဝေရွှင်သည် ထိုမြင်ကွင်းကို မြင်ပြီးနောက် သူ့ကို မည်သို့နှစ်သိမ့်ရမည်မှန်း မသိတော့သဖြင့် တိတ်ဆိတ်စွာပင် ဖန့်ချန်ကို အေးစက်သော အကြည့်ဖြင့်သာ ကြည့်နေတော့သည်။

"မင်း စွမ်းအားစုစည်းခြင်း အဆင့်ကို ရောက်နိုင်ဖို့ မျှော်လင့်ပါတယ်။ အဲ့ဒီလိုမှသာ မင်းနဲ့ ငါ တိုက်ခိုက်လို့ ရမှာလေ "

ဝေရွှင်က တိုးတိုးလေး ရေရွတ်သည်။ သူသည် မိမိကိုယ်မိမိ စွမ်းအားစုစည်းခြင်းအဆင့်သို့ စောစီးစွာ ရောက်သွားမိသည့်အတွက် နောင်တရနေမိသည်။

အကယ်၍သာ တစ်ပိုင်းသူတော်စင် အဆင့်တွင်သာ ရှိနေသေးလျှင် ယခုပင် ထွက်လာပြီး ကျိုကျိတောင်အတွက် အရှက်ဖြေပေးနိုင်မည် မဟုတ်ပါလော။

ထိုအချိန်တွင် ရှူရှန်၏ အသံမှာ ဟင်းလင်းပြင်ထဲ၌ ထွက်ပေါ်လာသည်။

"ဝေလျန့်ရွင်၊ ငါ့တပည့် ဖန့်ချန်က မင်းတို့ရဲ့ ကျိုကျိတောင်က တစ်ပိုင်းသူတော်စင်အားလုံးကို တိုက်ခိုက်ပြီးသွားပြီ၊ မင်း အရှုံးပေးသလား မပေးသလား ပြောစမ်း "

ကျိုကျိတောင်မှ လူများ၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသည်။ ထိုစကားသည် သူတို့၏ မျက်နှာအရေခွံကို အရှင်လတ်လတ် ဆွဲခွာလိုက်ပြီး မြေကြီးပေါ်တွင် အကြိမ်ကြိမ် နင်းခြေလိုက်သကဲ့သို့ ခံစားရစေသည်။

ဖန့်ချန်ကို ရှုံးနိမ့်ခဲ့သည့်သူများမှာ ရှက်ရွံ့စွာ ခေါင်းငုံ့ထားကြရသည်။ သူတို့၏ စိတ်အခြေအနေမှာလည်း မေဒေါင်ကွမ်းလောက် မဆိုးဝါးသော်လည်း သာမန်ထက် မသာလွန်လှပေ။

ကျိလင်သည် မျက်နှာပျက်လျက် ဝူချုံကို တစ်ချက်ကြည့်လိုက်သည်။ ဝူချုံသည် သက်ပြင်းရှည် တစ်ချက် ချလိုက်ပြီးနောက် ရုတ်တရက် ဆိုလိုက်သည်။

"ကျိုကျိတောင်ရဲ့ တစ်ပိုင်းသူတော်စင်တွေ အကုန်လုံး ရှုံးသွားတာ မဟုတ်သေးပါဘူး၊ ဒီမိန်းကလေးက ဖန့်ချန်နဲ့ တစ်ပွဲလောက် ယှဉ်ပြိုင်ချင်ပါသေးတယ် "

အားလုံး ကြောင်အသွားကြသည်။ လူအများစုမှာ ထူးဆန်းသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်၊ အကြောင်းမှာ ဖန့်ချန်၏ စွမ်းအင်များ ကုန်ခမ်းလုနီးပါး ဖြစ်နေသည်ကို သူတို့ ရိပ်မိနေ၍ ဖြစ်သည်၊ မဟုတ်လျှင် မဟာကရုဏာဓား၏ ကျင့်စဉ်မှာ ခဏတာမျှသာ ဖြစ်နေလိမ့်မည် မဟုတ်ပေ။

ဝူချုံဆိုသည်မှာ ဖန့်ချန်က သက်ညှာပေးခဲ့သည့် တစ်ပိုင်းသူတော်စင် နှစ်ဦးထဲမှ တစ်ဦး ဖြစ်သည်။

ယခု ဝူချုံက ကျေးဇူးမတင်ရုံမက အခွင့်ကောင်းယူပြီး တိုက်ခိုက်ရန် ကြိုးစားနေသည်ကို မြင်ရသောအခါ၊ လူတို့သည် အခြေခံသဘောတရားတစ်ခုကို ထပ်မံ သင်ယူလိုက်ရပြန်သည်။

တိုက်ပွဲဖြစ်ပါက၊ စိတ်မပျော့ညံ့ရပါ။

All Chapters