အခန်း (၂၀၇၇-၂၀၇၈)
Vol. 208 Ch. 2077-2078
အခန်း (၂၀၇၇) - မင်းဆိုတဲ့ တောင်ထိပ်ကို ကျော်ဖြတ်ပြီးပြီ
“ဖန့်ချန်လည်း ရောက်နေတာလား”
“တိုက်ပွဲပြိုင်ပွဲကို သွားတဲ့လမ်းမှာ ရွှမ်ပုထုံသူတော်စင်အဆင့်ကို တက်လှမ်းသွားတဲ့ စွမ်းအင်ကို ရိပ်မိပြီးတော့ အထူးတလည် လာကြည့်တာ ဖြစ်မယ်။”
“ဒီနေ့ဒီအချိန်မှာ သူ့စိတ်ထဲ ဘယ်လိုခံစားချက်မျိုး ရှိနေမလဲတော့ မသိဘူး၊ တစ်ချိန်က သူ့လက်အောက်မှာ ရှုံးနိမ့်ခဲ့ဖူးသူက အခုဆိုရင် စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်ကို ရောက်သွားပြီလေ……”
“အခုဆိုရင် ရွှမ်းပုထုံ နဲ့ ဖန့်ချန်တို့က တန်းတူအဆင့် မဟုတ်တော့ဘူး၊ တကယ်လို့ နောက်ထပ် နှစ်သုံးရာအတွင်း ဖန့်ချန်က စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့် မတက်နိုင်ရင် သူတို့နှစ်ယောက်ကြားမှာ ဆက်သွယ်စရာလည်း ဘာမှရှိတော့မှာ မဟုတ်ဘူး ”
အရပ်ရပ်မှ တိုးတိုးတိတ်တိတ် ပြောဆိုသံများမှာ ဆက်တိုက် ထွက်ပေါ်လာနေသည်။
ကျိုကျိတောင်ဘက်မှ လူများက ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ တစ်ယောက်ပြီးတစ်ယောက် မျက်ဝန်းတို့တွင် သရော်လိုစိတ် အနည်းငယ် ပါဝင်လာကြသည်။
နှစ်နှစ်ရာဆိုတဲ့ အချိန်ကာလက သူတို့ကို တစ်ချိန်က ဖြစ်ပျက်ခဲ့တဲ့ အရှက်ရစရာ ကိစ္စရပ်တွေကို မေ့ပျောက်လုနီးပါး ဖြစ်စေခဲ့ပြီ။
လက်ရှိတွင် သူတို့သိသည်မှာ ရွှမ်ပုထုံသည် အရှက်ကို သိ၍ အားထုတ်ခဲ့ပြီး စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်ကို တက်လှမ်းနိုင်ခဲ့ခြင်းသာ ဖြစ်သည်။
ဖန့်ချန်ဘက်ကို ပြန်ကြည့်လျှင်မူ တစ်ပိုင်းသူတော်စင်အဆင့်မှာပင် လှည့်လည်ကျက်စားနေဆဲဖြစ်ပြီး သူတော်စင်ဖြစ်လာမည့် အရိပ်အယောင်မျှပင် မတွေ့ရပေ။
ရွှမ်ပုထုံ၏ အနည်းငယ် စိန်ခေါ်လိုသော လေသံနှင့် မေးခွန်းကို ကြားလိုက်ရသည်။
ဝမ်ချုံစန်းက ဖန့်ချန်၏ မျက်နှာအမူအရာကို ခိုးကြည့်လိုက်ရာ၊ ဖန့်အစ်ကိုတော်မှာမူ မည်သည့် စိတ်လှုပ်ရှားမှုမျှ မရှိဘဲ အလွန်ပင် တည်ငြိမ်အေးဆေးနေသည်ကိုသာ တွေ့ရသည်။
“ရွှမ်ကျောင်းသား၊ မင်းပြောတဲ့ စကားရဲ့ အဓိပ္ပာယ်က ဘာလဲ”
ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။
ရွှမ်ပုထုံ၏ အကြည့်တို့မှာ အလွှာပေါင်းများစွာသော ဟင်းလင်းပြင်ကို ထိုးဖောက်ကာ အမှန်တကယ်ပင် ရုပ်လုံးပေါ်နေသကဲ့သို့ ဖန့်ချန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။
သူတော်စင်တစ်ဦး၏ ဖိအားများဖြင့် ဖန့်ချန်ကို ဖိနှိပ်ရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။
ထိုသို့သော အသေးအဖွဲ လုပ်ရပ်မျိုးကို လူသားမျိုးနွယ်တက္ကသိုလ်တွင် မည်သူကမျှ အပြစ်တင်ပြောဆိုကြမည် မဟုတ်ပေ။
သို့သော် ရလဒ်မှာ ဖန့်ချန်က မည်သို့မျှ မဖြစ်သည့်အတိုင်းပင်။ ထိုဖိအားများမှာ ဖန့်ချန်ကို ကျော်လွန်သွားပြီး သူ့အပေါ်သို့ ကျရောက်လာခြင်း မရှိသကဲ့သို့ ဖြစ်နေသည်။
ရွှမ်ပုထုံ အနည်းငယ် ကြောင်သွားမိသော်လည်း ဂရုမစိုက်ဟန်ပြုကာ အေးဆေးစွာ ရယ်မောလိုက်သည်။
“ငါ မေးတာ မင်း နောင်တရသလားလို့ တကယ်လို့ အရင်က မင်းသာ ငါ့စကားကို နားထောင်ပြီး ကရုဏာတောင်ကနေ ထွက်ခွာခဲ့မယ်ဆိုရင်……
အခုချိန်မှာ မင်းလည်း သူတော်စင်ဖြစ်နေလောက်ပြီပေါ့၊ တခြားသူတွေရဲ့ နောက်မှာ ကျန်ရစ်နေစရာ မလိုဘူး။”
“ရွှမ်ကျောင်းသားရဲ့ စကားကလည်း မှန်ကောင်းမှန်နိုင်မှာပါလေ ”
ဖန့်ချန်က သက်ပြင်းချကာ ခေါင်းကို အနည်းငယ် ညိတ်လိုက်သည်။
လူအများမှာ ကြောင်အသွားကြသည်။
“သူ တကယ်ပဲ နောင်တရနေတာလား”
“အခုမှ နောင်တရလည်း နောက်ကျသွားပြီ”
“နှစ်ခုနစ်ရာ အတွင်းမှာ ကောင်းကင်ငါးပါးနယ်မြေကို သွားဖို့ အခွင့်အရေး ခုနစ်ကြိမ်တောင် သူ လက်လွတ်သွားခဲ့တာ ”
“ကောင်းကင်ငါးပါးနယ်မြေထဲမှာ ဘယ်လောက်တောင် စိတ်လှုပ်ရှားဖို့ ကောင်းလဲဆိုတာ သူ လုံးဝ မသိရှာဘူး”
“အဲဒီလို လေ့ကျင့်ရတဲ့ အတွေ့အကြုံတွေက ကျင့်စဉ်အတွက် အများကြီး အကျိုးရှိတာကို သူက စွန့်လွတ်လိုက်တာလေ။”
“အခြေခံသင်တန်းကာလ ပြီးသွားရင် နောက်ထပ် ကောင်းကင်ငါးပါးနယ်မြေကို ဝင်ဖို့ အခွင့်အရေးတောင် ရတော့မှာ မဟုတ်ဘူး ”
ရွှမ်ပုထုံသည် ဖန့်ချန်က စကားပြန်လှန်၍ ခုခံလိမ့်မည်ဟု ထင်ထားသော်လည်း တစ်ဖက်လူကမူ ခေါင်းညိတ်၍ပင် သဘောတူလိုက်သည်။
ဤအချက်က သူ ပြင်ဆင်လာသော နောက်ဆက်တွဲ စကားလုံးများကို အသုံးမချနိုင်အောင် ဖြစ်သွားစေသည်။
စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် သူက အေးစက်စက် ပြောလိုက်သည်။
“အရင်တုန်းက မင်းက ငါ့ရှေ့မှာ တောင်ကြီးတစ်လုံးလိုပဲ၊ မင်းနောက်ကွယ်က ဘာတွေရှိလဲဆိုတာတောင် ငါ မမြင်ရသလိုပဲ၊ ငါ့မျက်စိထဲမှာ မင်းပဲ ပြည့်နှက်နေခဲ့တာ။
အချိန်အတော်ကြာတဲ့အထိ ငါ မျက်လုံးမှိတ်လိုက်တိုင်း မင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ အခိုက်အတန့်တွေကိုပဲ တွေးမိနေခဲ့တယ်။
ဒီလိုနေ့ရက်တွေကို ဖြတ်သန်းရတာ ဘယ်လောက်တောင် စိတ်ဆင်းရဲရလဲဆိုတာ မင်းသိလား”
“……”
ဖန့်ချန်က စဉ်းစားဟန်ဖြင့် ပြောသည်
“ရွှမ်ကျောင်းသား အဲဒီလောက်အထိ ဖြစ်စရာမလိုပါဘူး၊ အရင်ကတည်းက သိထားခဲ့ရင်လည်း ငါလည်း စိတ်မကောင်းပါဘူး”
“ဟဟ၊ နောက်တော့ မဖြစ်တော့ဘူး”
ရွမ်းဘူတုံက ရယ်မောလျက် ပြောသည်
“ငါ အရှက်ကို သိပြီး အားထုတ်ခဲ့တယ်၊ အရင်က သင်ခန်းစာတွေကို ယူပြီး ဒီနေ့မှာတော့ မင်းဆိုတဲ့ ဒီတောင်ကြီးကို ကျော်ဖြတ်နိုင်ခဲ့ပြီ။
နောက်ပြန်လှည့်ကြည့်လိုက်တော့ ဘယ်မှာ တောင်ရှိတော့လဲ အခုတော့ ဒါက အင်းအိုင်လေး တစ်ခုလောက်ပဲ ရှိတော့တယ်။
အရင်တုန်းက ငါ့အမြင်က တိမ်လွန်းပြီး လုံလောက်အောင် မမြင့်မား၊ မဝေးလံခဲ့လို့သာ အဲဒီလို အခြေအနေမျိုး ရောက်ခဲ့တာ ”
“ရွှမ်အစ်ကိုတော်လည်း အခက်အခဲတွေကို ကျော်ဖြတ်ပြီးပြီပဲ၊ နားလည်သဘောပေါက်မှသာ ပြိုလဲရာကနေ ပြန်လည် တည်ဆောက်နိုင်မှာပေါ့ ”
“မေအစ်ကိုတော်အတွက်တော့ နှမြောစရာပဲ၊ သူ့အခြေအနေက အရမ်းခက်ခဲနေမှာ၊ သူ့အတွက် ကျန်နေတဲ့ အချိန်ကလည်း သိပ်မများတော့ဘူး ”
“ဒါပေမဲ့ သူတို့မျိုးဆက်က လူတွေက စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်ကို တက်သွားကြတာကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ ကျိုကျိတောင်ရဲ့ သင်ကြားရေးက လူသားမျိုးနွယ်တက္ကသိုလ်ရဲ့ ထိပ်တန်းဆိုတာ သက်သေပြနေတာပဲ ”
ကျိုကျိတောင်မှ သူတော်စင်အချို့က ရွှမ်ပုထုံကို ကျေနပ်အားရစွာ ကြည့်နေကြသည်။
တစ်ပိုင်းသူတော်စင်များနှင့် နှိုင်းယှဉ်လျှင် နှစ်ပေါင်းများစွာ စုဆောင်းထားမှုများကြောင့် ကျိုကျိတောင်ရှိ သူတော်စင်အရေအတွက်မှာ တစ်ပိုင်းသူတော်စင်များထက် အဆပေါင်းများစွာ များပြားသည်။ လက်ရှိတွင်လည်း သူတော်စင်ရာပေါင်းများစွာက ဤနေရာတွင် ပွဲကြည့်နေကြသည်။
ကရုဏာတောင်ဘက်ကို ပြန်ကြည့်လျှင်မူ သူတော်စင်အသေးအကြီး ပေါင်းမှ ဆယ်ဂဏန်းသာ ရှိသည်။
ဤမျှ ကြီးမားသော ကွာဟချက်ကပင် လူသားမျိုးနွယ်တက္ကသိုလ်၊ ရွှေဟွေးကျောင်းတော် တစ်ခုလုံးက ကရုဏာတောင်၏ သင်ကြားရေးစနစ်ကို အဆင့်နိမ့်သည်ဟု ယူဆစေသော အကြောင်းရင်း ဖြစ်သည်။
“ရွှမ်ကျောင်းသားကို ဂုဏ်ယူပါတယ်ဗျာ”
ဖန့်ချန်က ပြုံး၍ လက်ယှက်ကာ ဂုဏ်ပြုလိုက်သည်။
“မင်းရဲ့ ဂုဏ်ပြုမှုက ဘာမို့လို့လဲ”
ရွမ်းဘူတုံက အနည်းငယ် ရယ်မောကာ ခေါင်းခါလိုက်ပြီးနောက် သူတော်စင် အစ်ကိုတော်၊ အစ်မတော်များ ရှိရာသို့ ပြန်သွားကာ သူတို့နှင့် ရယ်မော ပြောဆိုနေကြသည်။
သူ၏ သဘောထားမှာ အလွန်ရှင်းလင်းနေသည်။
ဒီနေ့မှစ၍ သူသည် တစ်ချိန်က ပြိုင်ဘက်ဟောင်းများကို မျက်စိထဲ ထည့်တော့မည် မဟုတ်ပေ။
သူ၏ ဘဝစာမျက်နှာမှာ အသစ်စတင်နေပြီ ဖြစ်သည်။
“ဖန့်အစ်ကိုတော်၊ ကျွန်တော်တို့ သွားကြရအောင်လား”
ဝမ်ချုံစန်းသည် အနီးအနားမှ လူများက သူတို့နှစ်ဦးကို လက်ညှိုးထိုး ပြောဆိုနေကြသည်ကို မြင်ရသဖြင့် စိတ်ထဲတွင် မသက်မသာ ဖြစ်လာသည်။
“အင်း”
……
……
တိုက်ပွဲပြိုင်ပွဲ
ဖန့်ချန်နှင့် ဝမ်ချုံစန်းတို့ ရောက်ရှိချိန်တွင် ကရုဏာတောင်မှ လူတစ်ယောက်မျှ မရောက်သေးပေ……
နှစ်ယောက်သား ရပ်နေကြရင်း ပွဲကြည့်သူများက အကဲခတ်၊ စူးစမ်း၊ ကြည့်ရှုနေကြသည့် မြင်ကွင်းမှာ တိရစ္ဆာန်ရုံမှ ပြသထားသော အရာတစ်ခုကဲ့သို့ ဖြစ်နေသည်။
ကျိုကျိတောင်မှ လူများလည်း ရောက်မလာသေးပုံ ရသည်။
သို့သော်လည်း လူသားမျိုးနွယ်တက္ကသိုလ်၏ အခြားတောင်ထိပ်များမှ ကျောင်းသားသစ်၊ ကျောင်းသားဟောင်းနှင့် ဆရာများမှာမူ ရောက်နှင့်ကြပြီ ဖြစ်သည်။
ထိုအခိုက်အတန့်တွင်မှ ဝမ်ချုံစန်းသည် လူသားမျိုးနွယ်တက္ကသိုလ်၏ အရင်းအမြစ်ကို အပြည့်အဝ ခံစားမိလိုက်သည်။
တောင်ထိပ်တစ်ခုစီတိုင်းတွင် လူတစ်ရာ၊ နှစ်ရာစီ ရှိနေသည်။
အခြားမျိုးနွယ်စု ကျောင်းတော်များမှ လာရောက်ကြည့်ရှုသူများကို ပေါင်းလိုက်လျှင် ဤနေရာတွင် တစ်ပိုင်းသူတော်စင်နှင့် သူတော်စင် စုစုပေါင်း တစ်သိန်းကျော် ရှိနေသည်။
“အရင်က နတ်ဘုရားမျိုးနွယ်တွေက တော်တာ်အစွမ်းထက်ခဲ့တယ်၊ ဒါတောင် သူတော်စင် ရာဂဏန်းပဲ ရှိတာ၊ ဒါပေမဲ့ ဒီမှာတော့ လူသားမျိုးနွယ်တက္ကသိုလ်ရဲ့ တစ်စိတ်တစ်ပိုင်း အရည်အချင်းတွေကိုပဲ မြင်ရသေးတာ၊ သူတော်စင်အရေအတွက်က အဲဒီလောက်ထိ ကြောက်ခမန်းလိလိ ဖြစ်နေပြီ ”
ဖန့်ချန်က စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။
တကယ်လို့သာ ရွှေဟွေးကျောင်းတော်ကို မလာခဲ့ဘူးဆိုရင် ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ထဲက တကယ့်အစွမ်းထက်တဲ့ မျိုးနွယ်စုတွေနဲ့ အားနည်းတဲ့ မျိုးနွယ်စုတွေကြားမှာ ဒီလောက်တောင် ကွာဟချက် ကြီးမားနေမယ်လို့ သူ ဘယ်လိုလုပ် သိနိုင်မှာလဲ။
ထိုစဉ်က နတ်ဘုရားမျိုးနွယ်၏ သူတော်စင် ရှစ်ရာကပင် ရှန်းဟုန်မျိုးနွယ်အတွက် တောင်ထိပ်သဖွယ် မြင့်မားလွန်းခဲ့သည်။
“ပိုကြောက်ဖို့ကောင်းတာက……ဟော်ဆွေ့ မျိုးနွယ်ရဲ့ အရင်းအမြစ်က အခု ငါမြင်နေရတာထက်တောင် အများကြီး ပိုသာနေဦးမှာ……”
ဖန့်ချန်၏ မျက်ဝန်းတို့တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။
မျက်စိရှေ့က သူတော်စင်တွေက များပြားပေမယ့် အများစုကတော့ ကမ္ဘာငယ် အဆင့် သူတော်စင်တွေသာ ဖြစ်ကြသည်။ ကမ္ဘာကြီး သူတော်စင်က အနည်းငယ်သာ ရှိပြီး ကောင်းကင်နိမိတ်ဖြစ်စဥ် အဆင့်ပင် မတွေ့ရသေးပေ။
ဟော်ဆွေ့မျိုးနွယ်တွင်မူ ကောင်းကင်နိမိတ်ဖြစ်စဥ်အဆင့်နှင့် အထွတ်ထိပ်တာအို သူတော်စင် အရေအတွက်မှာ အလွန်များပြားလိမ့်မည်။
နောက်ပြီး ဟော်ဆွေ့ဘိုးဘေး ဟုခေါ်သော ကောင်းကင်အရှင်သူတော်စင်ကလည်း ရှိသေးသည်။ ဤသို့ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းအစတွေကြောင့် လူကြီးပိုင်းတွေက နှစ်ပေါင်းများစွာ ရုန်းကန်ပြီး နောက်ဆုံးတွင် ကိုယ့်ကိုယ်ကို ထိခိုက်စေမည့် နည်းလမ်းဖြင့် ရှန်းဟုန်မျိုးနွယ်ကို ဆက်လက်ထိန်းသိမ်းခဲ့ရခြင်း ဖြစ်ပေမည်။
“ဖန့်အစ်ကိုတော်၊ ဆရာနဲ့ အစ်ကိုကြီးတို့က ဘာလို့ နောက်ကျနေတာလဲ မသိဘူး။”
ဝမ်ချုံစန်းသည် လူအများ၏ အကြည့်ဒဏ်ကို မခံနိုင်တော့သဖြင့် ရှက်ရွံ့မှုကို လျော့ပါးစေရန် ဖန့်ချန်ကို စကားပြောလိုက်သည်။
“ကိစ္စတစ်ခုခုနဲ့ နောက်ကျနေတာ ဖြစ်မှာပါ၊ ဘာမှ မဖြစ်ပါဘူး ”
ဖန့်ချန်က ပြုံး၍ ပြောသည်။
စကားဆုံးသည်နှင့် တစ်ပြိုင်နက် ခမ်းနားသော အတွင်းကမ္ဘာနယ်မြေ နှစ်ခုမှာ ဟင်းလင်းပြင်ကို ထိုးခွဲ၍ ရောက်ရှိလာသည်။
ဆက်လက်၍ ကျိုကျိတောင်မှ လူများမှာ အတွင်းကမ္ဘာနယ်မြေထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။
ကျောင်းသားသစ်များ၊ ထိုက်ရှန်းဝမ်ကျန်း၊ ဝေရွှင်တို့ကဲ့သို့သော ကျောင်းသားဟောင်းများ၊ ပြီးလျှင် ကျိလင်၊ ရွှမ်ပုထုံ တို့ကဲ့သို့ အခြေခံသင်တန်းကာလတွင် အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည့် သူတော်စင်များလည်း ပါသည်။
ဖန့်ချန်နှင့် ဝမ်ချုံစန်းတို့မှာ အလိုအလျောက် ကြည့်မိလိုက်ရာ အရင်က မတွေ့ဖူးသည့် မျက်နှာသစ်များစွာကိုလည်း တွေ့လိုက်ရသည်။ ဆိုလိုသည်မှာ ဖန့်ချန်သည် ဤနှစ်ခုနစ်ရာအတွင်း သူတို့ကို တစ်ခါမျှ မတွေ့ဖူးသေးခြင်း ဖြစ်သည်။
“ဒါက ကျိုကျိတောင်ရဲ့ အရင်းအမြစ်လား ကမ္ဘာငယ် သူတော်စင် ငါးရာကျော်တောင် ရှိတာလား ”
ဖန့်ချန် အံ့ဩမိသည်။
ကျိုကျိတောင်ကို လူသားမျိုးနွယ်တက္ကသိုလ်၏ နံပါတ်တစ်တောင်ထိပ်အဖြစ် အသိအမှတ်ပြုခြင်းမှာ မမှားပေ။ သူတို့၏ ကျောင်းသားများသည် အခြေခံသင်တန်းကာလအတွင်း စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်ကို တက်လှမ်းနိုင်မည့် အခွင့်အရေးမှာ အလွန်ပင် မြင့်မားလွန်းလှသည်။
အခန်း (၂၀၇၈) - တောင်းပန်ပါတယ်
တောင်ထိပ် အသီးသီးမှ ဆရာများက ဝေလျန့်ရွမ်တို့ ညီအစ်ကိုနှစ်ဦး ရောက်ရှိလာသည်ကို မြင်သောအခါ အလုအယက် ရှေ့တိုးလာပြီး နှုတ်ဆက်ကြသည်။
သူတို့၏ လက်အောက်မှ ကျောင်းသားများမှာမူ ဖန့်ချန်နှင့် ဝမ်ချုံစန်းတို့ကို ထူးဆန်းသော အကြည့်များဖြင့် ဆက်လက်စူးစမ်းနေကြသည်။
ကျိုကျိတောင်၏ ကြီးကျယ်ခမ်းနားလှသော အင်အားစုများနှင့် နှိုင်းယှဉ်လိုက်လျှင်...
ကရုဏာတောင်ဘက်ကတော့...
အလွန်ပင် ဆင်းရဲနွမ်းပါးလွန်းနေသည်။
တစ်ပိုင်းသူတော်စင် နှစ်ဦးတည်းသာ ရောက်ရှိနေသည်မဟုတ်လား။
ဝမ်ချုံစန်း၏ ပါးပြင်နှစ်ဖက်ပေါ်တွင် ရှက်ရွံ့မှုကြောင့် ရဲတက်သွားသည်။
ဒီဂျွန်းတောင်မှ သူတော်စင်များလည်း အတူတကွ ရပ်နေကြပြီး ဤတိုက်ပွဲပြိုင်ပွဲအကြောင်း တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။
ချိုင်စစ်ရှို နှင့် လုကျိုဝမ်တို့မှာလည်း ထိုသူတော်စင်အုပ်စုထဲတွင် ပါဝင်နေပြီး အခြားသူတော်စင်များနှင့်အတူ ရယ်မောပျော်ရွှင်စွာ စကားပြောဆိုနေကြသည်။
သူတို့နှစ်ဦး၏ ခန္ဓာကိုယ်ပေါ်တွင် တစ်ပိုင်းသူတော်စင်အဆင့်ကို လုံးဝကျော်လွန်သွားပြီဖြစ်သော သိမ်မွေ့သည့် စွမ်းအင်အငွေ့အသက်များ ရှိနေသည်။
ဤအချက်က နှစ်ဦးစလုံးမှာ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်သို့ တက်လှမ်းသွားပြီဖြစ်ကြောင်း ပြသနေသည်။
“မိုရှဲ့ အစ်ကိုငယ်၊ ဂုဏ်ယူပါတယ်ဗျာ။ ဒီကာလအတွင်းမှာ စွမ်းအင်စုစည်းခြင်း အလယ်အဆင့်ကို တက်လှမ်းသွားနိုင်တာ၊ နောက်ဆိုရင် အသက်စွမ်းအင် အဆင့်ကို ရောက်ဖို့ မျှော်လင့်ချက် ရှိသွားပြီ။”
လူတစ်ယောက်က ရုတ်တရက် မိုရှဲ့ဘက်ကို လှည့်ကြည့်၍ ဂုဏ်ပြုလိုက်သည်။
မိုရှဲ့က ရိုကျိုးစွာ ပြုံးလိုက်သည်
“တခြား အစ်ကိုတော်၊ အစ်မတော်တွေနဲ့ နှိုင်းယှဉ်ရင် ငါ့ အောင်မြင်မှုမျိုးက ဘာမှ မဟုတ်ပါဘူး ”
“မိုရှဲ့ အရမ်း ရိုကျိုးမနေပါနဲ့။ မင်းရဲ့ အသက်အရွယ်က ငါတို့ထက် အများကြီး ပိုငယ်တယ်။ ဥပမာ ငါ့ကိုပဲ ကြည့်လေ၊ စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့်ကို ရောက်နေတာ ကြာပြီဖြစ်ပေမယ့် အသက်စွမ်းအင် ရဲ့ အတားအဆီးကို မကျော်ဖြတ်နိုင်ဘူး၊ နောက်ဆိုရင် ဒီအဆင့်မှာပဲ ရပ်တန့်သွားတော့မယ် ထင်တယ်။”
“အစ်ကိုတော် အရှုံးပေးတဲ့ စကားမျိုး မပြောပါနဲ့။ ကျောင်းတော်မှာ ရှိနေသရွေ့တော့ တက်လှမ်းနိုင်မယ့် အခွင့်အရေးကို ရှာဖွေနိုင်မှာ သေချာပါတယ် ”
မိုရှဲ့က ပြောလိုက်သည်။
ချိုင်စစ်ရှိုနှင့် လုကျိုဝမ်တို့လည်း ဂုဏ်ပြုစကား ဆိုကြသည်။
မိုရှဲ့က သူတို့နှစ်ဦးကို ကြည့်လိုက်ရာ မျက်ဝန်းထဲတွင် သက်ပြင်းချသံများ ထွက်ပေါ်လာသည်။
“ အရင်တုန်းကတော့ ငါမင်းတို့နှစ်ယောက်ကို အထင်မကြီးခဲ့မိဘူး။ တကယ်ကို အထင်ကြီးခဲ့တာက ဖန့်ချန်ကိုပဲ”
လုကျိုဝမ်က ပြုံး၍ ပြောသည်
“ကျွန်တော်တို့ နားလည်ပါတယ်"
သူတို့ နားလည်ကြသည်မှာ အမှန်ပင်။ မဟုတ်လျှင် မိုရှဲ့က ဖန့်ချန်ကို ဖိတ်ခေါ်နိုင်ရန် သူတို့နှစ်ယောက်ကို အကြိမ်ကြိမ် သွားခိုင်းမည် မဟုတ်ပေ။
“ဒါပေမဲ့ အခုတော့ မင်းတို့နှစ်ယောက်က စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်ကို တက်လှမ်းသွားပြီး၊ အဲဒီ ဖန့်ချန်ကတော့……”
မိုရှဲ့က အဝေးတစ်နေရာတွင် တစ်ယောက်တည်း ရပ်နေသော ဖန့်ချန်ကို လှမ်းကြည့်လိုက်သည်။ သူ၏ဘေးတွင် တစ်ပိုင်းသူတော်စင်သာဖြစ်သည့် ဝမ်ချုံစန်းတစ်ယောက်တည်း ရှိနေသည်ကို မြင်ရသဖြင့် သက်ပြင်းကိုသာ ဖွဖွချလိုက်မိသည်။
“သူက နောက်ထပ် နှစ်သုံးရာအတွင်း စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်ကို တက်လှမ်းနိုင်ရင်တောင် မင်းတို့နှစ်ယောက်ရဲ့ နောက်မှာ အဝေးကြီး ကျန်ရစ်ခဲ့တော့မှာပါ ”
ချိုင်စစ်ရှိုနှင့် လုကျိုဝမ်တို့မှာလည်း သက်ပြင်းချသံများဖြင့် ပြည့်နှက်နေသည်။
အရင်တုန်းက ကရုဏာတောင်မှ အချိန်မီ ထွက်ခွာခဲ့နိုင်သည့်အတွက် ယနေ့ကဲ့သို့ အောင်မြင်မှုမျိုး ရရှိခဲ့ခြင်း ဖြစ်သည်ဟု သူတို့ အလွန်ပင် ကျေးဇူးတင်မိကြသည်။
“ကျွန်တော်တို့ကတော့ ဖန့်ချန်ကို ကျေးဇူးတင်ရမှာပါ။”
လုကျိုဝမ်က တိုးတိုးလေး ပြောသည်
“သာမန်အားဖြင့် သူ့ရဲ့ ရှိနေခြင်းက ကျွန်တော်တို့ကို အမြဲတစေ သတိပေးချက်တွေ ပေးနေသလိုပါပဲ။ ဒါကြောင့်လည်း ကျွန်တော်တို့က ဒီကာလအတွင်းမှာ စွမ်းအင်စုစည်းခြင်း သူတော်စင်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာပါ ”
“ဟုတ်တာပေါ့”
ချိုင်စစ်ရှိုက သက်ပြင်းချသည်
“နှစ်နှစ်ရာလောက်က အဲဒီတိုက်ပွဲကတော့ ကျွန်တော်တို့ရဲ့ အမြင်ကို တကယ်ပဲ ဖွင့်ပေးလိုက်သလိုပါပဲ။”
“တခါတလေကျရင် တချို့လူတွေက တချို့သော ကာလတွေမှာပဲ တောက်ပလေ့ရှိကြတယ်။ အဲဒီကာလကို ကျော်လွန်သွားတဲ့အခါ သူတို့က တခြားသူတွေရဲ့ အရွက်တွေ၊ နောက်ခံ အလှဆင်သူတွေ ဖြစ်သွားတော့တာပေါ့။”
မိုရှဲ့က ရယ်မော၍ ပြောသည်။
“သူက စွမ်းအားရှင်အဖွဲ့ထဲ မဝင်တာကပဲ သူ့ရဲ့ ဆုံးရှုံးမှုပါပဲ။ ဒီလူအကြောင်း ပြောမနေကြပါနဲ့တော့၊ ဒီတိုက်ပွဲပြိုင်ပွဲ ပြီးရင် ကရုဏာတောင်က ဆက်ရှိသေးမလား၊ မရှိတော့ဘူးဆိုရင် ဖန့်ချန်က ဘယ်တောင်ထိပ်ကို သွားပြီး ဆရာတင်မလဲဆိုတာ လောင်းကစား လုပ်ကြည့်ကြမလား”
……
……
တိုက်ပွဲပြိုင်ပွဲမှာ မစတင်ရသေးသော်လည်း ဤပွဲ၏ ထူးခြားသော သဘာဝကြောင့် အလွှာပေါင်းစုံမှ အထက်တန်းအဆင့် ပုဂ္ဂိုလ်များ ရောက်ရှိလာကြသည်။
ထိုအထက်တန်းအဆင့် ပုဂ္ဂိုလ်များမှာ စုဝေးခဲ့ကြသည်မှာ ကြာပြီဖြစ်၍ ဤအခွင့်အရေးကို အသုံးချကာ အချက်အလက်များကို အပြန်အလှန် ဆွေးနွေးနေကြသည်။
ဝေလျန့်ရွှမ် ညီအစ်ကိုနှစ်ဦးမှာ လက်ရှိခေတ်၏ ထူးချွန်သော ဆရာများဟု ဆိုနိုင်ပြီး ယနေ့တိုက်ပွဲပြိုင်ပွဲ၏ အဓိက ဇာတ်ဆောင်များ ဖြစ်ကြ၍ ကြယ်တာရာများ ဝန်းရံထားသကဲ့သို့ လူအများ၏ အာရုံစိုက်မှုကို ခံနေရသည်။
သို့သော် ထိုအထဲတွင် ချင်ဝူဆန့်မှာမူ ထိုညီအစ်ကိုနှစ်ဦး၏ အရှိန်အဝါကို အနည်းငယ် ဖုံးလွှမ်းသွားသလို ဖြစ်နေသည်။
ဘာကြောင့်ဆိုသော် ပြင်ပမျိုးနွယ် ကျောင်းတော်များမှ ဆရာအများအပြားမှာ ချင်ဝူဆန့်ကို ဆွဲခေါ်ကာ အတင်းအဖျင်း ပြောဆိုရင်း ရင်းနှီးအောင် ကြိုးစားနေကြသောကြောင့် ဖြစ်သည်။
ထင်ရှားသည်မှာ ချင်ဝူဆန့် နောက်ကွယ်ရှိ ရွှေရောင်ဆိုင်းဘုတ် ဟော်ဆွေ့မျိုးနွယ်ကြောင့် ဖြစ်သည်။
လူအများ စကားပြောနေကြစဉ် ရုတ်တရက် သူတို့အားလုံးမှာ အငွေ့အသက်တစ်ခုကို ခံစားမိလိုက်ကြသဖြင့် အတူတကွ လှည့်ကြည့်လိုက်ကြသည်။
ကျောင်းသားအချို့က ကရုဏာတောင်မှ ရှူရှန့် ရောက်လာပြီဟု ထင်လိုက်ကြသည်။
သို့သော် ထွက်ပေါ်လာသည်မှာ သာမန်အတိုင်းပင် ထင်ရသော အတွင်းကမ္ဘာနယ်မြေ သုံးခုဖြစ်သည်။
သို့သော် သူတော်စင်တိုင်းမှာ ထိုသာမန်ပုံစံ၏ နောက်ကွယ်တွင် ဝှက်ထားသော ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားများကို ရိပ်မိနေကြသည်။
အတွင်းကမ္ဘာနယ်မြေ သုံးခု နီးကပ်လာသောအခါ လူတိုင်းမှာ ပိုင်ရှင်များကို မြင်လိုက်ရသည်။ ဆရာအားလုံးမှာ ချက်ချင်းပင် အဝတ်အစားများကို ပြင်ဆင်ပြီး သူတို့ရှိရာဘက်သို့ ကြိုတင်၍ လက်ယှက်ကာ အလေးပြုကြသည်။
ချင်ဝူဆန့်မှာ တစ်စက္ကန့်ခန့် တွန့်ဆုတ်သွားပြီးနောက် လူအများနည်းတူ လက်ယှက်၍ အလေးပြုလိုက်သည်။
“ကျောင်းတော်ရဲ့ တကယ့် အထက်တန်းအဆင့်တွေ ရောက်လာပြီ ကျောင်းတော်အဆင့် အကြီးအကဲတွေလည်း ပါနိုင်တယ် ”
ဖန့်ချန်က စိတ်လှုပ်ရှားစွာဖြင့် ဝမ်ချုံစန်းကို သတိပေးလိုက်သည်။ နှစ်ဦးစလုံးမှာလည်း အနည်းငယ်မျှ မပေါ့ဆရဲဘဲ ထိုသုံးဦးရှိရာဘက်သို့ အလေးပြုလိုက်ကြသည်။
“မင်းတို့ အလေးပြုစရာ မလိုပါဘူး။ ငါ ဒီနေ့ လာတာကတော့ တိုက်ပွဲကို ကြည့်ဖို့ပဲ ဖိတ်ကြားခံရတာ၊ စကားပြောစရာ ရှိတာ ပြောကြ၊ ငါတို့ကို မေ့ထားလိုက်ပါ။”
အလယ်ဗဟိုရှိ အတွင်းကမ္ဘာနယ်မြေထဲတွင် ခန္ဓာကိုယ်ထွားကျိုင်းသည့် ပုဂ္ဂိုလ်တစ်ဦး ရပ်နေသည်။ သူ၏ ခန္ဓာကိုယ်မှာ သာမန်လူများထက် အဆပေါင်းများစွာ ကြီးမားပြီး ခန္ဓာကိုယ်ပေါ်တွင် ကျောက်စိမ်းကဲ့သို့သော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသည်။
သူ့ခေါင်းမှာ ပြောင်ချောနေပြီး ဆံပင်တစ်ပင်၊ မျက်ခုံးမွှေးတစ်ပင်မျှပင် မရှိပေ။
လူသားမျိုးနွယ်ဘက်က ကြည့်လိုက်သည်နှင့် ဤပုဂ္ဂိုလ်မှာ လူသားမျိုးနွယ်မဟုတ်ကြောင်း ချက်ချင်း သိလိုက်ကြသည်။
သူ့စကားပြီးနောက် ဝေလျန့်ရွမ်၊ ချင်ဝူဆန့်တို့ကဲ့သို့သော ဆရာအနည်းငယ်မှလွဲ၍ ကျန်ဆရာများမှာ ရှေ့သို့ တိုးလာရဲခြင်း မရှိကြပေ။
“ဖန့်အစ်ကိုတော်၊ ဒီသုံးယောက်က... ကောင်းကင်နိမိတ် သူတော်စင်တွေ ဖြစ်မယ်ထင်တယ်၊ ဟုတ်လား”
ဝမ်ချုံစန်း၏ မျက်ဝန်းထဲတွင် ရိုသေလေးစားမှုများ ပေါ်လာကာ မေးလိုက်သည်။
“ငါလည်း သေချာ မသိဘူး”
ဖန့်ချန် ခေါင်းခါလိုက်သည်။
“အလယ်က တစ်ယောက်ကတော့ ရွှေဟွေးကျောင်းတော်ရဲ့ စောင့်ကြည့်အရာရှိပါ။ ကျောင်းတော် အသီးသီးက ဆရာတွေ စည်းကမ်းဖောက်ဖျက်မှု ရှိ၊ မရှိ စစ်ဆေးဖို့ တာဝန်ယူရတာ။ တပ်စောင့်ဆရာတွေတောင် သူ့စစ်ဆေးမှုအောက်မှာ ရှိတယ်။ ဒီစောင့်ကြည့်အရာရှိရဲ့ နာမည်က အောင်ဝူဖား၊ သူက ဂျူလင်မျိုးနွယ် ရဲ့ အစွမ်းထက်သူ။
ဂျူလင်မျိုးနွယ်က ငါတို့ ဟင်းလင်းပြင်အဆင့်မြင့် မဟာမိတ်အဖွဲ့ထဲမှာ အလယ်အလတ် အဆင့်ရှိတဲ့ အစွမ်းထက်မျိုးနွယ်ပေါ့ ငါတို့ လူသားမျိုးနွယ်ထက် နည်းနည်း ပိုသာတယ် ”
“နောက်တစ်ယောက်ကတော့ ထိုင်ဆန်းကျောက်ဟွာတောင်ရဲ့ ကာကွယ်ရေးဆရာ၊ ချင်ဂွေ့။ ဟော်ဆွေ့မျိုးနွယ်ရဲ့ အကိုင်းအခက်ပါ ”
“နောက်တစ်ယောက်ကတော့ ရှစ်ဘူရှန်းတောင်ရဲ့ ကာကွယ်ရေးဆရာ၊ နာလန်ချိုဟုန် ”
လင်းဖုန်းက မည်သည့်အချိန်က ရောက်လာမှန်းမသိဘဲ ဖန့်ချန်တို့နှစ်ဦးဘေးတွင် ပေါ်လာကာ ဤအစွမ်းထက်သူ သုံးဦး၏ နောက်ခံကို ပြောပြလိုက်သည်။
ဖန့်ချန်သည် ချင်ဂွေ့၏ နောက်ကွယ်တွင် အရင်တုန်းက ထိုင်ဆန်းကျောက်ဟွာတောင် ခြေရင်းတွင် မြင်ခဲ့ရသည့် လူငယ်တစ်ယောက်၊ ထို ကမ္ဘာကြီးသူတော်စင်ကို ဝိုးတဝါး မြင်လိုက်ရသည်။
“လင်းဖုန်း အစ်ကိုတော်၊ ရှစ်ဘူရှန်းတောင်က ကျွန်တော်တို့ ကရုဏာတောင်ရဲ့ နောက်ခံ ဖြစ်နေတာလား”
ဝမ်ချုံစန်းက မျှော်လင့်ချက်ဖြင့် မေးလိုက်သည်။
လင်းဖုန်းက ပခုံးတွန့်လိုက်သည်
“ငါတို့ ကရုဏာတောင်မှာ နောက်ခံ မရှိဘူး၊ ဘယ်သူမှလည်း ငါတို့ကို မနှစ်သက်ကြဘူး။”
“……”
ဝမ်ချုံစန်း၏ စိတ်ထဲတွင် မယုံနိုင်စရာ ဖြစ်သွားသည်။
သူက ထိုင်ဆန်းကျောက်ဟွာတောင်ကို ကျိုကျိတောင်ရဲ့ နောက်ခံလို့ ထင်ထားတာ၊ ရှစ်ဘူရှန်းတောင်က ကရုဏာတောင်ရဲ့ နောက်ခံ ဖြစ်လိမ့်မယ်လို့ ထင်ခဲ့တာ၊ ဒီလိုမျိုး ဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး...
“နောက်ခံ ဘာလုပ်ဖို့လဲ၊ငါတို့ရဲ့ ပန်းတိုင်က တခြားသူတွေရဲ့ နောက်ခံ ဖြစ်ဖို့ပဲ၊ နားလည်လား”
လင်းဖုန်းက အေးဆေး ပြောလိုက်သည်။
“...အို...”
……
……
“ဆရာ”
ဝေလျန့်ရွမ်တို့ ညီအစ်ကိုနှစ်ဦးမှာ ချင်ဂွေ့ကို အလွန်ပင် ရိုသေစွာ အလေးပြုလိုက်ကြသည်။
ချင်ဂွေ့က ခေါင်းကို အနည်းငယ် ညိတ်လိုက်ရုံသာ ရှိသည်။ သူ၏ နောက်ကွယ်ရှိ လူအနည်းငယ်မှာလည်း ဤညီအစ်ကိုနှစ်ဦးကို မြင်သော်လည်း အလွန်အမင်း ရင်းနှီးသည့်ပုံစံ မပြခဲ့ပေ။
ဝေလျန့်ရွမ်တို့ ညီအစ်ကိုနှစ်ဦးမှာ မည်သည့် ထူးခြားသည့် အမူအရာမှ မပြဘဲ ဘေးတွင် ငြိမ်သက်စွာ ရပ်နေကြသည်။
“ဝူဆန့် ဒီနှစ်တွေအတွင်းမှာ ငါ တရားထိုင်နေခဲ့တာ၊ မင်း ဒီနေရာကို ရောက်လာပြီး ဆရာ တာဝန်ထမ်းဆောင်နေတယ်လို့ သိရပေမယ့် မင်းနဲ့ မတွေ့ဖြစ်သေးဘူး၊ မင်း ငါ့ကို စိတ်မဆိုးဘူး မဟုတ်လား ”
ချင်ဂွေ့၏ အကြည့်တို့က ချင်ဝူဆန့် ပေါ်သို့ ကျရောက်လာပြီး ပြုံး၍ ပြောလိုက်သည်။
“တပည့် ဘယ်လိုလုပ် စိတ်ဆိုးရဲပါ့မလဲ"
ချင်ဝူဆန့် က လက်ယှက်၍ အလေးပြုကာ ရိုကျိုးစွာ ပြောသည်။
တကယ်တမ်းတွင် သူကသာ ဟော်ဆွေ့မျိုးနွယ်၏ ဗဟိုချက်ဖြစ်ပြီး တစ်ဖက်လူကတော့ အကိုင်းအခက်သာ ဖြစ်သည်။
သို့သော် တစ်ဖက်လူမှာ ကောင်းကင်နိမိတ်သူတော်စင် ဖြစ်နေ၍ ဟော်ဆွေ့မျိုးနွယ်၏ အဓိကသွေးမျိုးဆက်ဖြစ်သူတောင်မှ သူတို့ရှေ့တွင် မာန်မာန မပြရဲပေ။
ချင်ဂွေ့၏ နောက်ကွယ်တွင် ရပ်နေသော ကမ္ဘာကြီးသူတော်စင် အနည်းငယ်မှာ ချင်ဝူဆန့်ကို အာရုံစိုက်နေကြပြီး မျက်ဝန်းထဲတွင် ရံဖန်ရံခါ သရော်လိုစိတ်များ ဖြတ်ပြေးနေကြသည်။
ချင်ဝူဆန့်က သတိပြုမိသော်လည်း မျက်နှာပေါ်တွင် မည်သည့် တုံ့ပြန်မှုမျှ မပြသော်လည်း စိတ်ထဲတွင်မူ အမျက်ဒေါသများ တောက်လောင်နေသည်။
“ဝူဖား အစ်ကိုကြီး၊ ဒီလူသားမျိုးနွယ်တက္ကသိုလ်ရဲ့ ဆရာသစ် ချင်ဝူဆန့်က ကျွန်တော်တို့ ဟော်ဆွေ့မျိုးနွယ်ရဲ့အဓိကသွေးမျိုးဆက်ပါ၊ သူ့အဖေက ဟော်ဆွေ့မျိုးနွယ်ရဲ့ လက်ရှိအိမ်တော်သခင် ပြောရရင် ငါနဲ့ သူ့အဖေနဲ့ကလည်း အတော်လေး ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့တာပါတယ်”
ချင်ဂွေ့က အောင်ဝူဖားကို ချင်ဝူဆန့်အကြောင်း မိတ်ဆက်ပေးလိုက်သည်။
ထို့နောက် နာလန်ချိုဟုန်ကိုလည်း ချင်ဝူဆန့်၏ နောက်ခံအကြောင်း မိတ်ဆက်ပေးလိုက်သည်။
ဤ ကောင်းကင်နိမိတ် သူတော်စင် နှစ်ဦးစလုံးမှာ ချင်ဝူဆန့်ကို ဖော်ရွေသော အပြုံးဖြင့် နှုတ်ဆက်ကြသည်။
“ဝူဆန့် ဒီတစ်ခါ မင်း ပြင်းထန်တဲ့ အမှားလုပ်မိလို့ မင်းအဖေက လူသားမျိုးနွယ်တက္ကသိုလ်ကို ပို့လိုက်တာပဲ။ သူက မင်း ဒီနေရာမှာ မင်းရဲ့ အမှားတွေကို သေချာ သိမြင်စေချင်တာပါ၊ နောက်ဆိုရင် မင်းရဲ့ အရည်အချင်းတွေကို ပိုအသုံးဝင်တဲ့ နေရာမှာ အသုံးပြုနိုင်အောင် လမ်းပြပေးလိမ့်မယ်။ မင်းစိတ်ထဲမှာ သူ့ကို အပြစ်မတင်ပါနဲ့။”
ချင်ဂွေ့က လူကြီးလူကောင်း ပုံစံဖြင့် သက်ပြင်းချလိုက်သည်။
“ဝူဆန့် နားလည်ပါတယ်”
ချင်ဝူဆန့်မှာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။
“ဒါဆိုရင်လည်း ကောင်းတာပေါ့”
ချင်ဂွေ့က ခေါင်းညိတ်လိုက်ပြီးနောက် ပွဲခင်းကို တစ်ချက်ကြည့်လိုက်ရာ ဖန့်ချန်တို့ သုံးဦးပေါ်တွင် အကြည့်ရပ်သွားပြီး မျက်မှောင်ကြုတ်လျက် ပြောသည်။
“ကရုဏာတောင်က လူတွေက ဘယ်မှာလဲ ကလေးသုံးယောက်ပဲ ရောက်လာတာလား”
သူ့စကားဆုံးသည်နှင့် တစ်ပြိုင်နက် ရှူရှန့်က ကျန်းတောက်ယွဲ့ တို့ကို ခေါ်ဆောင်ကာ အပြေးအလွှားရောက်လာသည်ကို မြင်လိုက်ရသည်။
“တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်၊ နည်းနည်း နောက်ကျသွားတယ် ”