အခန်း ၁၃၆
Vol. 14 Ch. 136
အခန်း(၁၃၆) မြင်းရဟတ်ကို လက်ဗလာဖြင့် ရပ်တန့်ခြင်း
သုဿန်တစပြင်အလား တိတ်ဆိတ်သွား၏။
လုံးဝ တိတ်ဆိတ်သွားခြင်းဖြစ်သည်။
စူးရှသော သတ္တုပွတ်တိုက်သံကြီးများကြားတွင် ရွှင်လန်းခြင်းတေးသီချင်း၏ ရွှင်မြူးဖွယ် ဂီတသံမှာ ရုတ်တရက် ရပ်တန့်သွား၏။
မြင်းရဟတ် ဧရိယာတစ်ခုလုံး အသံပိတ်ခံလိုက်ရသကဲ့သို့ ရှိနေတော့သည်။
မြင်းရဟတ်ပေါ်တွင် ထိုင်နေသူဖြစ်စေ အပြင်ဘက်တွင် တန်းစီနေသူဖြစ်စေ ရာနှင့်ချီသော ဧည့်သည်များသည် နေရာတွင်ပင် ရေခဲရုပ်ကဲ့သို့ တောင့်တင်းသွားကာ လုံးဝ ကြက်သေသေသွားကြ၏။
ဧရာမ စက်ယန္တရားကြီးကို လက်တစ်ဖက်တည်းဖြင့် ရပ်တန့်လိုက်သော အမျိုးသားထံသို့ မျက်လုံးအားလုံး စူးစိုက်သွားကြသည်။
အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်လေးဖြစ်သော ကစားကွင်းဝန်ထမ်းမှာ သူ၏ စကားပြောစက်ကို ကြမ်းပြင်ပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျသွားစေ၏။
သူ၏ ပါးစပ်မှာ ဟောင်းလောင်းပွင့်နေပြီး မျက်လုံးများမှာ ပန်းကန်ပြားများကဲ့သို့ ပြူးကျယ်နေကာ သူ၏ ဦးနှောက်မှာ လုံးဝ အလုပ်လုပ်ရပ်စဲသွားတော့သည်။
စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုလား...
မဟုတ်ပေ။
သူ၏ ကိုယ်ပိုင်မျက်လုံးများဖြင့် တပ်အပ်မြင်လိုက်ရခြင်း ဖြစ်၏။
ထိုအမျိုးသားသည် လက်တစ်ဖက်တည်းဖြင့် တန်ဆယ်ဂဏန်းကျော် အလေးချိန်ရှိသော မြင်းရဟတ်ကြီးကို လုံးဝ ရပ်တန့်သွားစေခဲ့ခြင်း ဖြစ်သည်။
ဤအရာက လူသားတစ်ယောက် လုပ်နိုင်သည့်အရာ ဟုတ်ရဲ့လား...။
အကာအရံ၏ အပြင်ဘက်တွင် ရပ်နေသော လျိုချွမ် မှာမူ သူ၏ ကမ္ဘာ့အမြင်ကြီး အကြိမ်ကြိမ် ချေမှုန်းခံလိုက်ရပြီးနောက် ဖော်ပြ၍မရနိုင်သော အပိုင်းအစများအဖြစ် ပြန်လည်စုစည်းသွားသကဲ့သို့ ခံစားလိုက်ရ၏။
အစ်ကိုချူး ကြမ်းတမ်းကြောင်းကို သူ သိထားပြီး ဖြစ်သည်။
သို့သော် ရူပဗေဒနိယာမများကိုပါ ချိုးဖောက်နိုင်လောက်သည်အထိ အစ်ကိုချူး ဤမျှ စွမ်းအားကြီးမားလိမ့်မည်ဟု သူ မသိခဲ့ချေ။
ဤသည်မှာ အထူးတပ်ဖွဲ့များ၏ ဘုရင် မဟုတ်တော့ပေ။
ဤသည်မှာ သောက်ရူး... လူသားပုံစံ ဂန်ဒမ်းကြီးပင်(စက်ရုပ်နာမည်) ဖြစ်နေတော့၏။
ကွင်းပြင်တစ်ခုလုံး အေးခဲသွားသော ထိုစက္ကန့်ပိုင်းလေးအတွင်းမှာပင် မျက်နှာတစ်ထောင်၏ ပရော်ဖက်ရှင်နယ် အလိုအလျောက် တုံ့ပြန်မှုက သူမ၏ ဝိညာဉ်နက်ရှိုင်းရာမှ ကြောက်ရွံ့မှုကို နောက်ဆုံးတွင် ကျော်လွှားသွားခဲ့သည်။
ပြေးရမည်။
ထိုအရာက သူမ၏ စိတ်ထဲရှိ တစ်ခုတည်းသော အတွေးဖြစ်၏။
လူတိုင်း ထိတ်လန့်တုန်လှုပ်ပြီး ရှုပ်ထွေးနေချိန်တွင် ဤသည်က သူမ၏ တစ်ခုတည်းသော အခွင့်အရေးဖြစ်သည်။
သူမသည် အနည်းငယ်မျှ တုံ့ဆိုင်းခြင်းမရှိဘဲ လန့်ဖျပ်နေသော ကြောင်တစ်ကောင်ကဲ့သို့ ချူးရှန့် နှင့် ဆန့်ကျင်ဘက်ဖြစ်သော သစ်သားမြင်း၏ အခြားတစ်ဖက်မှ ခုန်ချလိုက်၏။
လှုပ်ရှားမှုများက ပေါ့ပါးနေပြီး မြေပြင်ပေါ်သို့ ဆင်းသက်ရာတွင်လည်း အသံလုံးဝ မထွက်ခဲ့ချေ။
နိုင်ငံတကာ ထိပ်တန်း သူခိုးတစ်ဦးပီပီ လက်ငင်းတုံ့ပြန်နိုင်စွမ်းမှာ အထူးအေးဂျင့်အများစုထက်ပင် သာလွန်နေသေးသည်။
မြေပြင်ပေါ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် သူမသည် ခဏမျှပင် မရပ်တန့်ဘဲ ချက်ချင်း ငုံ့ကာ ချောကျိနေသော ငါးရှဉ့်တစ်ကောင်ကဲ့သို့ လူအုပ်အထူထပ်ဆုံးနေရာဆီသို့ ပြေးထွက်သွားတော့၏။
သို့သော်...
သူမ လွတ်မြောက်တော့မည်ဟု ထင်မှတ်လိုက်ချိန်တွင်ပင်...
သူတို့၏ အနောက်ဘက်ရှိ သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်နေသော လူအုပ်ကြီးထံမှ ရုတ်တရက် မိုးကြိုးပစ်ချလိုက်သကဲ့သို့ အားပေးသြဘာသံများ ပေါက်ကွဲထွက်လာ၏။
“ဘုရားရေ... တကယ် မိုက်တာပဲ…”
စိတ်လှုပ်ရှားမှုကြောင့် မျက်နှာများ နီရဲနေသော လူငယ်တစ်ဦးသည် သူ၏ ဖုန်းဖြင့် တိုက်ရိုက်ထုတ်လွှင့်နေပြီး မျက်နှာပြင်ကိုကြည့်ကာ အော်ဟစ်လိုက်၏။
"မိသားစုဝင်တို့ရေ အားလုံးပဲ မြင်လိုက်ကြလား... တိုက်ရိုက်တင်ဆက်မှုကြီးပဲ... ဒါက ကစားကွင်းရဲ့ အသစ်ဆုံး အပြန်အလှန်ဖျော်ဖြေမှုကြီးပေါ့... မြင်းရဟတ်ကို လက်ဗလာနဲ့ ရပ်တန့်ပြလိုက်တာဟေ့..."
"ဝါး... ဟိုဦးလေးကြီးက သိပ်ချောတာပဲ... သိပ်လည်း သန်မာတယ်... သူက စူပါမန်းများလား..."
မိန်းကလေးတစ်ဦးသည် သူမ၏ ချစ်သူကောင်လေး၏ လက်မောင်းကို ဆွဲကိုင်ကာ စိတ်လှုပ်ရှားစွာ ခုန်ပေါက်လျက် ပြောလိုက်သည်။
သူမ၏ ချစ်သူကောင်လေးမှာလည်း အလွန်အမင်း စိတ်လှုပ်ရှားနေ၏။
"ဘာစူပါမန်းလဲ... ဒါက အကြမ်းစားကြီးလေ... ဒါမှယောကျာ်းစစ်စစ်ကွ..."
ဖခင်ဖြစ်သူ၏ ပခုံးပေါ်တွင် စီးနင်းလိုက်ပါလာသော ကလေးငယ်တစ်ဦးက ဆုတ်ခွာပြေးလွှားနေသည့် မျက်နှာတစ်ထောင် ၏ ကျောပြင်ကို လက်ညှိုးထိုးကာ သူ၏ ကလေးဆန်သော အသံလေးဖြင့် အော်လိုက်၏။
"ဖေဖေ ဟိုမှာကြည့်... ဟိုအစ်မဆိုးကြီး ထွက်ပြေးနေပြီ..."
သူ၏ ဖခင်ဖြစ်သူက ရယ်မောလိုက်သည်။
"မကြောက်နဲ့ သားလေး... စူပါမန်းက သူ့ကို ဖမ်းလိမ့်မယ်..."
"မြန်မြန် ဓာတ်ပုံရိုက်ထားကြ... အထူးပြုလုပ်ချက်တွေက သိပ်ကို အစစ်နဲ့တူတာပဲ... သစ်သားမြင်းဆီကနေ မီးပွားတွေ ထွက်လာတာကို ကြည့်လိုက်ကြဦး..."
"ဒီလက်မှတ်က တကယ်ကို တန်တာပဲ... ဘယ်ဖိုးဒီ ရုပ်ရှင်ကြည့်ရတာထက်မဆို အများကြီး ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းတယ်..."
ခရီးသွားဧည့်သည်များသည် ထိတ်လန့်သွားမည့်အစား အဒရီနယ်လင်း ထိုးသွင်းခံလိုက်ရသကဲ့သို့ စိတ်လှုပ်ရှားနေကြပြီး သူတို့အားလုံးသည် ဖုန်းများကိုထုတ်ကာ ချူးရှန့် နှင့် ထွက်ပြေးနေသော မျက်နှာတစ်ထောင်တို့ကို အပြင်းအထန် ဓာတ်ပုံရိုက်ကြတော့၏။
လင်းလက်နေသော မီးရောင်များသည် စင်မြင့်ပေါ်ရှိ မီးမောင်းများထက်ပင် ပို၍ ပြင်းထန်နေသေးသည်။
"ရှေ့ဆက်သွားပါ စူပါမန်းဦးလေးကြီး..."
"ဟိုလူဆိုးမကြီးကို ဖမ်းလိုက်..."
"သူ့ကို အလွတ်မပေးနဲ့..."
မပြတ်တမ်း ထွက်ပေါ်နေသော အားပေးသြဘာသံများက မြင်ကွင်းတစ်ခုလုံးကို အလွန်အမင်း ထူးဆန်းပြီး ရယ်စရာကောင်းသည့် အခြေအနေသို့ ရောက်ရှိသွားစေ၏။
အသက်လုပြေးနေရသော မျက်နှာတစ်ထောင် မှာ သူမ၏ အနောက်ဘက်မှ အားပေးသြဘာသံများကို ကြားလိုက်ရသောအခါ သွေးတစ်ပွက်ပင် အန်ထုတ်မိတော့မတတ် ဖြစ်သွားသည်။
*စူပါမန်းလား... လူဆိုးမကြီးလား…*
*နင်တို့တွေ သောက်ရူးတွေများ လုပ်နေကြတာလား…*
*ဒါက သေရေးရှင်ရေး ထွက်ပြေးလွတ်မြောက်ရမယ့်ကိစ္စပဲ... နင်တို့တွေရဲ့ ကစားကွင်းအစီအစဉ် မဟုတ်ဘူးလေ…*
လျိုချွမ်သည်လည်း ဤရုတ်တရက် ပြောင်းလဲသွားသော အခြေအနေကြောင့် အူကြောင်ကြောင် ဖြစ်သွားရ၏။
သူက သူ၏ ရဲလက်မှတ်ကို ထုတ်ကာရဲတွေ အမှုစုံစမ်းနေတယ်ဟု အော်ပြောရန် ပြင်လိုက်သော်လည်း သူမြင်လိုက်ရသော အရာကြောင့် ကြက်သေသေသွားရသည်။
ချူးရှန့်သည် သူမ၏နောက်သို့ လုံးဝ လိုက်မသွားခဲ့ချေ။
သူက လက်တစ်ဆစ်မျှပင် မလှုပ်ရှားခဲ့ပေ။
သူသည် ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေပြီး လူအုပ်ထဲတွင် သွက်လက်စွာ တိုးဝှေ့ကာ တစ်စထက်တစ်စ ဝေးကွာသွားအောင် ပြေးလွှားနေသော မျက်နှာတစ်ထောင်၏ ကျောပြင်ကို ခံစားချက်ကင်းမဲ့သော မျက်လုံးများဖြင့် စိုက်ကြည့်နေ၏။
"အစ်ကိုချူး... သူ ထွက်ပြေးသွားပြီ..."
လျိုချွမ်က စိုးရိမ်တကြီးဖြင့် ခြေဆောင့်ကာ ပြောလိုက်သည်။
ချူးရှန့် က သူ့ကို လျစ်လျူရှုထား၏။
သူသည် ရိုးရှင်းစွာပင် ဖြည်းညင်းစွာ ငုံ့လိုက်သည်။
မရေမတွက်နိုင်သော မိုဘိုင်းဖုန်း ကင်မရာများ၏ တိုက်ရိုက်ထုတ်လွှင့်မှု အောက်တွင်နှင့် ထိုနေရာရှိ ဧည့်သည်များအားလုံး၏ စပ်စုလိုသော အကြည့်များအောက်တွင် ဖြစ်၏။
သူသည် မြေပြင်ပေါ်မှ ကျောက်စရစ်ခဲလေး တစ်လုံးကို ကောက်ယူလိုက်သည်။
၎င်းမှာ လက်သည်းခွံအရွယ်အစားခန့်သာရှိပြီး လမ်းဘေး နေရာတိုင်းတွင် တွေ့မြင်နိုင်သော မထင်ရှားသည့် မီးခိုးရောင် ကျောက်စရစ်ခဲ သေးသေးလေး တစ်လုံးသာဖြစ်၏။
သူသည် ထိုကျောက်စရစ်ခဲလေးကို သူ၏ လက်မနှင့် လက်ခလယ်ကြားတွင် ညင်သာစွာ ညှပ်ကိုင်လိုက်သည်။
ထို့နောက် သူ မော့ကြည့်လိုက်၏။
သူ၏ အကြည့်သည် အဝေးရှိ ထောင့်ကွေ့တွင် ပျောက်ကွယ်တော့မည့် အဖြူရောင်ပုံရိပ်ပေါ်သို့ တည်ငြိမ်စွာ ကျရောက်သွားသည်။
ချိန်ရွယ်ခြင်း မရှိချေ။
အားယူခြင်းလည်း မရှိပေ။
မလိုအပ်သော လှုပ်ရှားမှုတစ်ခုမျှပင် မရှိခဲ့ချေ။
ထိုသို့ဖြင့် ပေါ့ပေါ့ပါးပါးပင် ထိုအရပ်ဆီသို့ မျက်နှာမူလိုက်၏။
ညင်သာစွာ ခေါက်ထုတ်လိုက်သည်။
ရွှီး…
သာမန်မျက်စိဖြင့် မမြင်နိုင်လောက်သော လေပြေတစ်ခု ဖြတ်ပြေးသွား၏။
အပြင်းအထန် ထွက်ပြေးနေသော မျက်နှာတစ်ထောင်သည် မျှော်လင့်ချက်ရောင်ခြည်လေးကို စတင်ခံစားနေရပြီ ဖြစ်သည်။
သူမသည် ရှေ့မလှမ်းမကမ်းရှိ သရဲအိမ်ကို မြင်တွေ့နေရပြီဖြစ်၏။ ထိုအထဲသို့ ဝင်ရောက်သွားသည်နှင့် ရှုပ်ထွေးသော မြေပြင်အနေအထားနှင့် မှောင်မိုက်သော ပတ်ဝန်းကျင်ကို အခွင့်ကောင်းယူကာ ထိုဘီလူးကြီးကို အပြည့်အဝ ဖြတ်ချနိုင်မည်ဟု သူမ ရာခိုင်နှုန်းပြည့် ယုံကြည်ထားသည်။
သို့သော်... ဤအချိန်လေးမှာပင်…
သူမ၏ ဘယ်ဘက်ဒူးခေါင်း အနောက်ဘက်တွင် စူးရှသော ထုံကျင်မှုကို ရုတ်တရက် ခံစားလိုက်ရ၏။
၎င်းသည် အလွန်အမင်း ထူးဆန်းသော ခံစားချက်ဖြစ်ပြီး ဗို့အားမြင့် လျှပ်စစ်စီးကြောင်းဖြင့် အပြင်းအထန် အထိုးခံလိုက်ရသကဲ့သို့ သူမ၏ ဘယ်ဘက်ခြေထောက်ရှိ ခွန်အားအားလုံး ချက်ချင်း စုပ်ယူခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။
"ဟင်..."
မည်သည့်အရာ ဖြစ်ပျက်သွားသည်ကို ခွဲခြမ်းစိတ်ဖြာရန် သူမ၏ ဦးနှောက်က အချိန်ပင် မရလိုက်ချေ။
ခန္ဓာကိုယ်သည် ဟန်ချက်ပျက်သွား၏။
လူတိုင်း၏ မျက်မှောက်တွင်ပင်ဖြစ်သည်။
နိုင်ငံတကာတွင် နာမည်ကျော်ကြားသော ဤမာစတာသူခိုးကြီး တစ္ဆေလက်ဝါး အဖွဲ့၏ အတော်ဆုံးဖြစ်သော မျက်နှာတစ်ထောင်သည် အလွန်အမင်း ရှက်ဖွယ်ကောင်းသော မှောက်လျက်လဲကျသည့် ကိုယ်ဟန်ဖြင့် ရှေ့သို့ ထိုးကျသွားတော့၏။
ဘုန်း...
ပြတ်သားပြီး တုံးတိတိအသံတစ်သံ ထွက်ပေါ်လာ၏။
သူမသည် အာတာပူစီဆိုင်လေး တစ်ဆိုင်ရှေ့တွင် မှောက်လျက်သား လဲကျသွားသည်။
လတ်လတ်ဆတ်ဆတ် ပြုလုပ်ထားသော ပန်းရောင် အာတာပူစီကြီးတစ်ခုက သူမ၏ မျက်နှာတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။
"ဖူး... ဟားဟားဟား..."
"ဝါး... ဒီသရုပ်ဆောင်က သိပ်ကို ပရော်ဖက်ရှင်နယ် ဆန်တာပဲ... သူ လဲကျသွားတာက သိပ်ကို အစစ်နဲ့တူတယ်..."
"သူ့မျက်နှာတစ်ခုလုံး အာတာပူစီတွေ ဖုံးသွားပြီဟေ့... အရမ်းရယ်ရတာပဲ..."
"အံ့သြစရာကောင်းတဲ့ သရုပ်ဆောင်မှုပဲ... သူ ဆုကြေးရဖို့ ထိုက်တန်တယ်..."
ပတ်ဝန်းကျင်ရှိ ခရီးသွားဧည့်သည်များထံမှ အရင်ကထက်ပင် ပို၍ စိတ်အားထက်သန်သော ရယ်မောသံများနှင့် လက်ခုပ်သြဘာသံများ ပေါက်ကွဲထွက်လာတော့သည်။
မျက်နှာတစ်ထောင်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး သူမ၏ စိတ်ထဲတွင် ဗလာကျင်းနေ၏။
သူမ အလွန် ဂုဏ်ယူခဲ့ရသော သူမ၏ အမြန်နှုန်းနှင့် အံ့မခန်း လွတ်မြောက်နိုင်စွမ်း ကျွမ်းကျင်မှုတို့မှာ ဤအခိုက်အတန့်တွင် ဟာသတစ်ခု ဖြစ်သွားရသည်။
သူမ မည်သို့ လဲကျသွားသည်ကိုပင် သူမ ကိုယ်တိုင် မသိလိုက်ချေ။
အရှက်ကွဲခြင်း…
တစ်ခါမှ မကြုံဖူးသော အရှက်ကွဲခြင်းပင် ဖြစ်၏။
သူမ ရုန်းကန်ထရန် ကြိုးစားလိုက်ချိန်တွင်ပင် အနက်ရောင် တိုက်ခိုက်ရေးဘွတ်ဖိနပ် တစ်ရံသည် သူမ၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာသည်။
သူမသည် ခေါင်းကို တောင့်တင်းစွာ မော့ကြည့်လိုက်၏။
ထိုအမျိုးသားသည် သူမဆီသို့ ဖြည်းညင်းစွာ လျှောက်လာသည်ကို မြင်လိုက်ရသည်။
သူ ဖြည်းညင်းစွာ လျှောက်လာသော်လည်း သူမ၏ နှလုံးသားပေါ်သို့ နင်းလျှောက်လာသကဲ့သို့ ခံစားရပြီး ခြေလှမ်းတိုင်းက သူမကို အသက်ရှူကျပ်သွားစေ၏။
ပတ်ဝန်းကျင်ရှိ ခရီးသွားဧည့်သည်များသည် အလိုအလျောက် လမ်းဖယ်ပေးကြပြီး သူတို့၏ စူပါမန်း ကို ချစ်ခင်မြတ်နိုးကာ စွဲလန်းနေသော မျက်လုံးများဖြင့် အားပေးနေကြသည်။
ချူးရှန့်က သူမအနီးသို့ ရောက်သောအခါ ရပ်တန့်လိုက်၏။
မျက်နှာတစ်ခုလုံး ပန်းရောင် အာတာပူစီများဖြင့် ဖုံးလွှမ်းနေပြီး မျက်လုံးများတွင် ကြောက်ရွံ့မှုနှင့် အရှက်ကွဲမှုများ ပြည့်နှက်နေသော မိန်းကလေးကို သူ ငုံ့ကြည့်လိုက်သည်။
ထို့နောက် ပရိသတ်တစ်ခွင်လုံးထံမှ မိုးခြိမ်းသံကဲ့သို့သော လက်ခုပ်သြဘာသံများကြားတွင် ဖြစ်၏။
သူသည် လက်ကိုဆန့်ထုတ်ကာ သူမ၏ ဂါဝန်နောက်ဘက် ကော်လာမှ ဆွဲကိုင်လိုက်သည်။
သူသည် အမှားလုပ်ထားသော ကြက်ပေါက်လေးတစ်ကောင်ကို ကောက်ယူလိုက်သကဲ့သို့ သူမကို မြေပြင်ပေါ်မှ လက်တစ်ဖက်တည်းဖြင့် မ,တင်လိုက်၏။
လုပ်ငန်းစဉ်တစ်ခုလုံးသည် ချောမွေ့ကာ ကျက်သရေရှိနေပြီး အကြမ်းဖက်မှု အလှတရားများဖြင့် ပြည့်နှက်နေသည်။
"ဝိုး..."
ကွင်းအတွင်းရှိ လေထုမှာ အမြင့်ဆုံးအမှတ်သို့ ရောက်ရှိသွားတော့၏။
လေထဲတွင် တွဲလောင်းဖြစ်နေသော မျက်နှာတစ်ထောင်သည် သူမ၏ ခြေထောက်များကို ကူကယ်ရာမဲ့စွာ ကန်ကျောက်နေသည်။
စိတ်လှုပ်ရှားမှုကြောင့် ရှုံ့မဲ့နေသော ပတ်ဝန်းကျင်မှ မျက်နှာများ၊ အဆက်မပြတ် လင်းလက်နေသော ဖုန်းကင်မရာများနှင့် စူးရှသော အားပေးသြဘာသံများနှင့် ရယ်မောသံများကို သူမ ကြည့်လိုက်မိ၏။
လူပုံအလယ်တွင် ကွပ်မျက်ခံနေရသော လူရွှင်တော်တစ်ဦးကဲ့သို့ သူမ ခံစားလိုက်ရသည်။
နိုင်ငံတကာနယ်ပယ်တွင် ကျင်လည်ကျက်စားခဲ့ပြီး မရေမတွက်နိုင်သော သူဌေးကြီးများနှင့် နိုင်ငံရေးသမားများ၏ နှလုံးသားထဲသို့ ကြောက်ရွံ့မှုများ ရိုက်သွင်းနိုင်ခဲ့သည့် ဤထိပ်တန်း အေးဂျင့်သည် ဤအခိုက်အတန့်တွင် သူမ၏ စိတ်ပိုင်းဆိုင်ရာ ကာကွယ်မှုများ လုံးဝ ပြိုလဲသွားခဲ့ရပြီ ဖြစ်၏။
အရှက်တရားနှင့် ကြောက်ရွံ့မှုတို့ ရောနှောနေသော ပူနွေးသည့် မျက်ရည်တစ်ပေါက်သည် သူမ၏ လှပသော မျက်လုံးမှ စီးကျလာသည်။
သူမကို လက်ထဲတွင် ကိုင်ထားသော ချူးရှန့် သည် လှည့်ကြည့်လိုက်ပြီး အပြေးရောက်လာကာ လက်ထိပ်ကို အသည်းအသန် ရှာဖွေနေသည့် လျိုချွမ်ကို မျက်မှောင်ကြုတ်ကြည့်လိုက်၏။
"ဒုက္ခများလိုက်တာ..."
ထိုသို့ပြောပြီးနောက် သူသည် လူတိုင်းကို လျစ်လျူရှုကာ မျက်နှာတစ်ထောင်ကို လက်တစ်ဖက်ဖြင့် ဆွဲမထားလျက် ကစားကွင်း ထွက်ပေါက်ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားသည်။
လူအုပ်ကြီးက အလိုအလျောက် လမ်းဖယ်ပေးကြ၏။
အင်တာနက်ဆယ်လီတစ်ဦး၏ တိုက်ရိုက်ထုတ်လွှင့်မှုက ဤအခိုက်အတန့်ကို အပြည့်အဝ ဖမ်းယူထားနိုင်ခဲ့သည်။
ထိုမြင်ကွင်းထဲတွင် အရပ်ရှည်ပြီး ခံစားချက်ကင်းမဲ့နေသော စူပါမန်းသည် မျက်နှာတစ်ခုလုံး အာတာပူစီများ ဖုံးလွှမ်းကာ ငိုကြွေးနေသော လူဆိုးမကြီးကို ဆွဲမထားလျက် မြင်းရဟတ်၏ အိပ်မက်ဆန်သော မီးရောင်များအောက်မှ တစ်စထက်တစ်စ ဝေးကွာသွားအောင် လျှောက်သွားနေ၏။
(အာတာပူစီက cotton candy ပါနော်။ စာရေးသူတို့ဘက်က အခေါ်အဝေါ်တိုင်းရေးတာပါရှင့်)
ထိုဗီဒီယိုကို သုံးမိနစ်အကြာတွင်
ပေါက်ကွဲစေတတ်သော ခေါင်းစဉ်တစ်ခုဖြင့် အွန်လိုင်းပေါ်သို့ တင်လိုက်တော့သည်။
“ဘုရားရေ... ကျန်းချန်က ကစားကွင်းတစ်ခုမှာ အသက်ရှင်နေတဲ့ စူပါမန်းကြီး ပေါ်လာပြီဟေ့... မြင်ကွင်းက ထိန်းချုပ်လို့မရလုနီးပါး ဖြစ်သွားခဲ့တယ်…”