← Chapters

အခန်း ၆၁

Vol. 7 Ch. 61

အခန်း ၆၁

Vol. 7 Ch. 61

အခန်း (၆၁) သူ့ရဲ့တူဖြစ်သူဆီမှာ လုံးဝဒူးထောက် အရှုံးပေးလိုက်ရခြင်း

ကျောက်ချောင်အာသည် ဇွတ်တရွတ်နိုင်ပြီး ဗိုလ်ကျတတ်သော မိန်းမတစ်ယောက်ဖြစ်၏။ သို့သော် မည်မျှပင် ဇွတ်တရွတ်နိုင်သော မိန်းမဖြစ်ပါစေဦးတော့ မိမိစိတ်ဝင်စားရသော ယောကျာ်းနှင့် တွေ့ဆုံသောအခါတွင်မူ ထိုသို့မပြုမူနိုင်တော့ချေ။ အကယ်၍သာ အခြားသူတစ်ဦးဦးကသာ သူမ၏စကားကို တစ်ခွန်းမကျန် ပြန်လည်ငြင်းခုံနေပါက သူမသည် ထိုသူ၏ပါးကို ချက်ချင်းပင် ရိုက်နှက်လိုက်မည်ဖြစ်၏။ သို့သော် သူမ၏ ရတနာလေးနှင့် တွေ့သောအခါတွင်မူ ရိုက်နှက်ရန်နေနေသာသာ ထိုသူ့အား အလွန်အမင်းပင် မြတ်နိုးလှသဖြင့် လက်မှပင် မလွှတ်ချင်တော့ဘဲ ရင်ခွင်ထဲ၌ တင်းကျပ်စွာ ပွေ့ဖက်ထားမိတော့သည်။

ကျောက်ချောင်အာ၏ နူးညံ့ပြီး တင့်တယ်လှပသော ခန္ဓာကိုယ်အလှကို ခံစားနေရသော လုယွမ်က ဖြည်းညင်းစွာ ပြောလိုက်သည်။

“ပြောစရာတွေက အများကြီးရှိသေးတယ် အဒေါ်... ကျွန်တော်တို့ လုပ်စရာတွေ အများကြီးရှိသေးတာကိုး”

“မနက်ဖြန်ကျရင် ကျွန်တော်တို့ရဲ့ အိမ်ကြီးကို ပြန်လည်ပြင်ဆင်ရမယ်။ နံရံတွေကို ဖြိုချရမှာဖြစ်သလို အရှေ့ဘက်အဆောင်ကိုလည်း ဖျက်ဆီးပြီး အုတ်ကုတင် အပူပေးစနစ် တပ်ဆင်ရဦးမယ်။ လုပ်စရာတွေက တကယ့်ကို အများကြီးပဲ”

လုယွမ်၏ စကားကို ကြားလိုက်ရသောအခါ အဒေါဖြစ်သူက မကျေမနပ်ဖြစ်ပြီး ကျိန်ဆဲသလို ပြောလိုက်သည်။

“ဒါက အရေးကြီးတဲ့ကိစ္စလည်း မဟုတ်ပါဘူးကွယ်... ပြီးတော့ အလောတကြီး လုပ်ဖို့လည်း မလိုပါဘူး။ အဒေါ်က မနက်ဖြန်အတွက် အစီအစဉ်တွေ အားလုံးကို သေချာပြင်ဆင်ထားပြီးပြီ။ မနက်အစောကြီးထပြီး မင်းကို ဈေးဘက်ဆီ ခေါ်သွားပြီး လမ်းလျှောက်မယ်။ နေလည်လောက်ကျရင် မင်းနဲ့ စုလီယန်အတွက် အဝတ်အစားအသစ်တွေ သွားဝယ်ပေးမယ်။ မွန်းတည့်ချိန်ကျရင်တော့ ကျောက်ရှန်းလောက် စားသောက်ဆိုင်ကို သွားကြမယ်။ အဒေါ်က တစ်ဆိုင်လုံးကို ကြိုတင်ဘွတ်ကင် လုပ်ထားပြီးပြီ။ စားသောက်ပြီးတဲ့အခါကျရင် ငါ့ရဲ့ ရတနာလေးက ငါးမျှားတာ ဝါသနာပါတာ မဟုတ်လား... ရှောင်ပေ့လျိုဆီ သွားပြီး ငါးမျှားကြတာပေါ့။ ညနေပိုင်းကျရင်တော့...”

ကျောက်ချောင်အာသည် မနက်ဖြန်အတွက် အစီအစဉ်များကို ကြိုတင်၍ သေချာပေါက် စီစဉ်ထားခဲ့ကြောင်း ထင်ရှားလှပေသည်။ သူမသည် အချိန်တိုင်းနှင့် အသေးစိတ်အချက်အလက်တိုင်းကို အလွန်ပင် စေ့စပ်သေချာစွာ စီစဉ်ထားခဲ့၏။

ဤအရာက လုယွမ်ကို တကယ့်ကို ခေါင်းခဲသွားစေသည်။ ဤသည်မှာ တစ်ရက်တာ ခရီးထွက်ရသလိုမျိုး ဖြစ်နေချေပြီ။ ဤမျှအထိ လုပ်ဆောင်ရန် လိုအပ်လို့လား... အပြင်ထွက်ပြီး ကစားရုံမျှကို ဤအချိန်တွင် ဤအရာလုပ်၊ ထိုအချိန်တွင် ထိုအရာလုပ်နှင့် အလွန်ပင် စည်းကမ်းကြီးလှသည်။ ဤသည်မှာ ဝံပုလွေများ၏ လိုက်လံအမဲလိုက်ခြင်းကို ခံနေရသလိုမျိုး ခံစားရစေ၏။ စဉ်းစားရုံမျှဖြင့်ပင် စိတ်မသက်မသာ ဖြစ်ရပေသည်။

ချက်ချင်းပင် လုယွမ်က ခေါင်းကိုခါယမ်းလိုက်ပြီး ပြောလိုက်သည်။

“မဖြစ်ဘူး အဒေါ်... ဒါက အရေးမကြီးတဲ့ ကိစ္စမဟုတ်ဘူး။ တကယ့်ကို အရေးတကြီး လုပ်ရမယ့်ကိစ္စပဲ။ အခုဆိုရင် ရာသီဥတုက တဖြည်းဖြည်း ပိုပြီးအေးလာခဲ့ပြီ။ ဆီးနှင်းတွေတောင် ကျနေပြီဆိုတော့ မကြာခင်မှာ နှင်းတွေ အများကြီး ကျလာတော့မယ်။ အကယ်၍ ကျွန်တော်တို့သာ အုတ်ကုတင် အပူပေးစနစ်အတွက် ပိုက်လိုင်းတွေကို အမြန်ဆုံး မတပ်ဆင်ရသေးဘူးဆိုရင် မကြာခင်မှာပဲ ခဲတော့မတတ် ချမ်းအေးရလိမ့်မယ်။ ဒါ့အပြင် ကျွန်တော့်ရဲ့ အရှေ့ဘက်အဆောင်မှာ အုတ်ကုတင် အပူပေးစနစ်ကို တပ်ဆင်ပြီးသွားလို့ အဒေါ်သာ သဘောကျတယ်ဆိုရင် အဒေါ်ရဲ့ အဓိကအခန်းကြီးထဲမှာလည်း တစ်ခါတည်း တပ်ဆင်ပေးရဦးမှာ။ အချိန်က ဘယ်လောက်တောင် ရှိသေးလို့လဲ... ကျွန်တော်တို့ အလျင်အမြန် မလုပ်သင့်ဘူးလား”

လုယွမ်၏ စကားကို ကြားရသောအခါ ကျောက်ချောင်အာက သူမ၏ မျက်လုံးများကို စွေစောင်းကြည့်လိုက်ပြီး ပြောလိုက်သည်။

“ဘာဖြစ်လို့ တခြားလူတစ်ယောက်ကို ခိုင်းပြီး မလုပ်ခိုင်းရတာလဲ... မင်းကိုယ်တိုင်သွားဖို့က တကယ့်ကို လိုအပ်လို့လား”

လုယွမ်က ခေါင်းကိုမော့ပြီး ပြောလိုက်သည်။

“ကျိန်းသေပေါက် လိုအပ်တာပေါ့... ဒါကို ကျွန်တော်ပဲ လုပ်တတ်တာလေ”

ပြင်ပလူများက ဤအရာကို နားလည်နိုင်ကြမည် မဟုတ်ပေ။

သူမရတနာလေး၏ စကားကို ကြားလိုက်ရသောအခါ ကျောက်ချောင်အာသည် သူမ၏ ဆွဲဆောင်မှုရှိသော နှုတ်ခမ်းနီရဲရဲလေးကို မချင့်မရဲဖြင့် ဆူပုတ်လိုက်ပြီး မိန်းကလေးငယ်တစ်ဦးကဲ့သို့ စိတ်ကောက်သောအမူအရာဖြင့်…

“အဒေါ်က စိတ်မကောင်းဖြစ်သွားပြီနော်... အဒေါ်က မင်းကို ဂရုမစိုက်တော့ဘူး” ဟု ပြောလိုက်သည်။

ကျောက်ချောင်အာက ဂရုမစိုက်တော့ဟု ပြောလိုက်သော်လည်း လက်တွေ့တွင်မူ မည်သည့်အရာမျှ မလုပ်ဆောင်ခဲ့ပေ။ တောက်ပသော လက်သည်းနီများ ဆိုးထားသည့် သူမ၏ ဖယောင်းကဲ့သို့ ဖြူစင်နူးညံ့သော လက်ကလေးနှစ်ဖက်ဖြင့် လုယွမ်အား တင်းကျပ်စွာ ဖက်တွယ်ထားပြီး အနည်းငယ်မျှပင် လက်မှမလွှတ်ချင်ပေ။

ဘာပဲပြောပြော ဤသို့သော အရွယ်ရောက်ပြီး တင့်တယ်လှပသော အမျိုးသမီးကြီးက စိတ်ကောက်နေသည်မှာ တစ်မျိုးလေး ချစ်စရာကောင်းနေသည်ဟု ဆိုရမည်ဖြစ်သည်။

လုယွမ်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။

“ဒါဆ်ုရင် ဘယ်လိုလဲ အဒေါ်... မနက်ဖြန်ကျရင် အဒေါ်လည်း ကျွန်တော်နဲ့အတူ လိုက်ခဲ့ပါလား။ ကျွန်တော်သွားတဲ့ နေရာတိုင်းကို အဒေါ် လိုက်ခဲ့ပေါ့။ ဒါနဲ့ ကြုံတုန်း အုတ်ကုတင် အပူပေးစနစ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို အဒေါ်ကို ပြပေးမယ်လေ”

“ဟင်...”

ကျောက်ချောင်အာက အံ့အားသင့်သွားခဲ့သည်။

ကျောက်ချောင်အာက စဉ်းစားနေဆဲဖြစ်ရာ လုယွမ်သည် ကျောက်ချောင်အာ တစ်ဖန်ပြန်၍ စိတ်ဆိုးသွားမည်ကို စိုးရိမ်မိသည်။ ထို့ကြောင့် သူက မျက်တောင်ကို ချက်ချင်းပင် ခတ်လိုက်ပြီး လည်ချောင်းကို တစ်ချက်ရှင်းကာ တည်ငြိမ်လေးနက်သော လေသံဖြင့် မေးလိုက်သည်။

“အဒေါ်... ကျွန်တော်က ဘယ်သူလဲ”

“ဟင်...”

အတွေးပင်လယ်ထဲ၌ နစ်မျောနေသော ကျောက်ချောင်အာက သတိပြန်ဝင်လာခဲ့ပြီး ဤမေးခွန်းက အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။ သူမသည် လုယွမ် ဘာကိုဆိုလိုမှန်း မသိပေ။ သို့သော် သူမက ဤလှပသော မျက်လုံးများကို မှိတ်တုတ်မှိတ်တုတ် လုပ်လိုက်ပြီးနောက် ညင်သာစွာ ပြောလိုက်သည်။

“မင်းက ငါ့ရဲ့ ရတနာလေးပဲ မဟုတ်ဘူးလား...”

လုယွမ်က မျက်ခုံးကိုပင့်လိုက်ပြီး ပြောလိုက်သည်။

“တခြားရောဘာရှိသေးလဲ”

ကျောက်ချောင်အာက ခဏမျှ သေချာစဉ်းစားလိုက်ပြီးနောက် ချိုသာသော အသံလေးဖြင့် ပြောလိုက်သည်။

“မင်းက အဒေါ်ရဲ့ တူလေးပဲ မဟုတ်ဘူးလား...”

လုယွမ်က မျက်ခုံးကို တစ်ဖန်ပြန်၍ ပင့်လိုက်ပြီးနောက်…

“ဒါတွေအပြင် တခြားဘာရှိသေးလဲ” ဟု ထပ်မံမေးလိုက်သည်။

ကျောက်ချောင်အာက ထပ်မံ၍ သေသေချာချာ စဉ်းစားလိုက်ပြီးနောက် ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ကာ သူမ၏ရင်ခွင်ထဲမှ လုယွမ်ကို စိုက်ကြည့်ရင်း တိုးညင်းစွာ ပြောလိုက်သည်။

“ဘာလဲဟင်... အဒေါ်က ဘာမှစဉ်းစားလို့ မရတော့ဘူး။ ရတနာလေး... အဒေါ်ကို ပြောပြပါဦး”

လုယွမ်က လည်ချောင်းကို တစ်ချက်ရှင်းလိုက်ပြီး တည်ငြိမ်လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“ကျွန်တော်က ယောကျာ်းတစ်ယောက်လည်း ဖြစ်သေးတယ်လေ”

လုယွမ်က စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ကျောက်ချောင်အာက သူဆိုလိုသည့် အဓိပ္ပာယ်ကို ချက်ချင်းပင် နားလည်သွားခဲ့သည်။ လုယွမ်၏ စကားကို ကြားလိုက်ရသောအခါ သူမ၏ ပြည့်ဖြိုးပြီး လှပသော ခြေထောက်နှစ်ဖက်က မသိစိတ်အလျောက် စုကပ်သွားခဲ့ပြီး ဖြူစင်နူးညံ့သော ပါးပြင်တစ်ဖက်ကလည်း ရဲရဲနီသွားခဲ့သည်။

လုယွမ်က မျက်ခုံးကိုပင့်လိုက်ပြီး မေးလိုက်သည်။

“ဒါဆိုရင် အဒေါ်ကရော ဘယ်သူလဲ”

သတိပြန်ဝင်လာသောအခါ ကျောက်ချောင်အာက လုယွမ်ကို လွှတ်လိုက်ပြီး သူ့ဘက်မှ မျက်နှာလွှဲလိုက်ကာ မူနွဲ့သောအမူအရာဖြင့်…

“အဒေါ်က အဒေါ်ပဲပေါ့... တခြား ဘာဖြစ်ရဦးမှာလဲ” ဟု ပြောလိုက်သည်။

ကျောက်ချောင်အာက ဤအကြောင်းကို ယခင်က အမြဲတမ်း နောက်ပြောင်ကျီစယ်လေ့ ရှိသော်လည်း လက်တွေ့တွင်မူ လုယွမ်က ဤကိစ္စကို တကယ်တမ်း ထုတ်ဖော်ပြောဆိုလာသောအခါတွင်မူ... သူမသည် စကားမပြောနိုင်လောက်အောင်ပင် ရှက်သွေးဖြာသွားရရှာသည်။ အထူးသဖြင့် ဤအိမ်ကြီးထဲတွင် အခြားသူတစ်ဦးလည်း ရှိနေသေးသည် မဟုတ်လား...။ အိမ်တော်ထိန်းအိုကြီးကလည်း ဤအခန်းထဲ၌ မတ်တတ်ရပ်နေဆဲ ဖြစ်သည်။

သို့သော် လုယွမ်ကမူ စိတ်ဝင်တစားဖြင့် မျက်ခုံးကိုပင့်လိုက်ပြီး အဒေါ်ဖြစ်သူကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“အဒေါ်အပြင် တခြားရောဘာဖြစ်နိုင်သေးလဲ”

ဤကိစ္စက ပြီးဆုံးသွားနိုင်မည့်ပုံ မပေါ်ပေ။ ကျွန်တော်သည် ဤဘဝတွင် ဤအရာကို ဘယ်တော့မှ ကျော်ဖြတ်နိုင်မည် မဟုတ်ချေ။ ဤဘဝတွင် ကျော်ဖြတ်၍မရနိုင်မှတော့ ဤအရာကိုပဲ အသုံးချရတော့မည်။ မည်သူကမှ မလုပ်နိုင်စရာ အကြောင်းမရှိပေ။

ဤအခိုက်အတန့်၌ ဘေးတွင် မတ်တတ်ရပ်နေသော အိမ်တော်ထိန်းအိုကြီးသည်လည်း ဘာတွေဖြစ်ပျက်နေသည်ကို ရိပ်မိသွားပြီး မိမိသည် ဤနေရာ၌ မျက်စိစပါးမွှေးစရာ ဖြစ်နေကြောင်း နားလည်လိုက်သည်။ နောက်တစ်စက္ကန့်တွင် သူက ဦးညွှတ်လိုက်ပြီး ချက်ချင်းပင် ပြောလိုက်သည်။

“သခင်မကြီး... ကျွန်တော် အရှေ့ဘက်ဝင်းထဲမှာ လုပ်စရာကိစ္စတချို့ရှိနေလို့ သွားကြည့်လိုက်ပါဦးမယ်”

အိမ်တော်ထိန်းအိုကြီး၏ အသံက လုယွမ်ကို လန့်ဖြန့်သွားစေသည်။ ဤအိမ်တော်ထိန်းအိုကြီးသည် ပုံမှန်အားဖြင့် သစ်သားတုံးတစ်ခုကဲ့သို့ပင် ဤနေရာ၌ မတ်တတ်ရပ်နေပြီး မည်သည့်အသံမျှ မထွက်တတ်ပေ။ ထို့ကြောင့် လူများက သူ့ကို မေ့လျော့သွားရန် အလွန်ပင်လွယ်ကူလှသည်။

အိမ်တော်ထိန်းအိုကြီးက စကားပြောပြီးနောက် ကျောက်ချောင်အာ၏ သဘောတူညီချက်ကိုပင် မစောင့်တော့ဘဲ ချက်ချင်းပင် ခြေလှမ်းများကို ရွှေ့ကာ အဓိကခန်းမဆောင်ထဲမှ ထွက်ခွာသွားခဲ့သည်။

အိမ်တော်ထိန်းအိုကြီး ထွက်ခွာသွားပြီးနောက် ကျောက်ချောင်အာက မျက်နှာရဲရဲလေးဖြင့် ချိုသာစွာ ပြောလိုက်သည်။

“အဒေါ်ကလည်း မိန်းမတစ်ယောက်ပဲ ဥစ္စာကို...”

သတိပြန်ဝင်လာသောအခါ လုယွမ်က ပြုံးလိုက်ပြီး မျက်ခုံးကိုပင့်ကာ မေးလိုက်သည်။

“ဒါဆိုရင် မိန်းမတစ်ယောက်က ဘာလုပ်ရမလဲ”

ဤအခိုက်အတန့်တွင် ကျောက်ချောင်အာ၏ လှပသော မျက်နှာပြင်တစ်ခုလုံး ရှက်သွေးဖြာနေသော်လည်း သူမက လုယွမ်ကို လှပသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ မူနွဲ့စွာ ပြောလိုက်သည်။

“မိန်းမတွေက ယောကျာ်းတွေရဲ့ စကားကို နားထောင်ရတာပေါ့...”

လုယွမ်က ချက်ချင်းပင် အော်ဟစ်ရယ်မောလိုက်ပြီး ပြောလိုက်သည်။

“ဒါဆိုရင် အဒေါ်က နားထောင်မှာလား မနာထောင်ဘူးလား...”

ကျောက်ချောင်အာက ရှက်ကိုးရှက်ကန်းဖြစ်သွားပြီးနောက် ညင်သာစွာ ညည်းတွားလိုက်ကာ…

“နားထောင်မှာပေါ့...” ဟု ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ လုယွမ်က ကျေနပ်အားရစွာဖြင့် ပြုံးလိုက်သည်။ ဟုတ်တာပေါ့... ရှေးလူကြီးတွေ ပြောခဲ့တဲ့ စကားက တကယ့်ကို မှန်ကန်လှပေသည်။ ဤမိန်းမကို တကယ့်ကို ဆုံးမသွန်သင်ရန် လိုအပ်လှပေသည်။

သို့သော် လုယွမ်က စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် သူ၏ ခါးဘေးနားရှိ နူးညံ့သော အသားစိုင်ဆီမှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။ လုယွမ်သည် နာကျင်လွန်းသဖြင့် အံကြိတ်ကာ ချက်ချင်းပင် ခုန်တက်သွားရတော့သည်။

ကျောက်ချောင်အာက မျက်နှာရဲရဲလေးဖြင့် လုယွမ်ကို လှပသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ စိတ်ကောက်သောအသံလေးဖြင့်…

“မင်းက ငါ့ကို အခွင့်ကောင်းယူဖို့ ကြံနေတာပေါ့ ဟုတ်လား...” ဟု ပြောလိုက်သည်။

လုယွမ်က အော်ဟစ်ရယ်မောလိုက်ပြီး ချက်ချင်းပင် အပြစ်ရှိသလို အနူးအညွတ် တောင်းပန်လိုက်ရသည်။ ဤအရာက ကျောက်ချောင်အာကို လုယွမ်အား ညှို့ဓာတ်ပြင်းပြင်းဖြင့် စိုက်ကြည့်စေပြီး…

“တကယ့်ကို လည်တဲ့ကောင်လေး...” ဟု ပြောစေခဲ့သည်။

ဤအခိုက်အတန့်တွင် အိမ်တော်ထိန်းအိုကြီးသည် အရှေ့ဘက်ဝင်းဆီသို့ လျှောက်လှမ်းနေခဲ့သည်။ အိမ်တော်ထိန်းအိုကြီးသည် နောက်ခန်းထဲတွင် ဘာတွေဖြစ်ပျက်နေသည်ကို မသိစိတ်အလျောက် အကုန်လုံး ကြားနေရ၏။ ဘာပဲဖြစ်ဖြစ် ဝင်းထဲတွင် ဆူညံသံများစွာ မရှိပေ... အခန်းထဲ၌ ထိုလူနှစ်ယောက် စကားပြောနေကြခြင်းသာ ဖြစ်သည်။ သာမန်လူတစ်ယောက်ပင်လျှင် သေသေချာချာ ကြားနိုင်သည်ဆိုပါက အိမ်တော်ထိန်းအိုကြီးကဲ့သို့ စွမ်းရည်ထက်မြက်သော ကျွမ်းကျင်သူတစ်ဦးအတွက်မူ ဆိုဖွယ်ရာမရှိပေ။

သူ့နောက်ကွယ်မှ အဒေါ်နှင့် တူဖြစ်သူတို့၏ စကားပြောသံများကို နားထောင်ရင်း အိမ်တော်ထိန်းအိုကြီးက ခေါင်းကိုခါယမ်းလိုက်ပြီး မည်သည့်အမူအရာမျှ မပြဘဲ အရှေ့ဘက်ဝင်းဆီသို့ ဆက်လက်လျှောက်လှမ်းသွားခဲ့သည်။ သူက စိတ်ထဲတွင် သက်ပြင်းအနည်းငယ်သာ ချမိတော့သည်။ တိုင်နင်းမြို့ရှိ လူတိုင်းက ကြောက်လန့်တုန်လှုပ်ကြရသော အနက်ရောင်မုဆိုးမသည်ပင် သူမ၏ ကိုယ်ပိုင်တူဖြစ်သူဆီတွင် လုံးဝဒူးထောက် အရှုံးပေးလိုက်ရချေပြီ။ ရှေးလူကြီးတွေ ပြောခဲ့တဲ့ စကားက တကယ်ကို မှန်ကန်လှပေသည်။ အရာရာတိုင်းတွင် အပြန်အလှန် ထိန်းကျောင်းနိုင်သည့်အရာ ကျိန်းသေပေါက် ရှိစမြဲပေတည်း။

All Chapters