အခန်း ၆၅
Vol. 7 Ch. 65
အခန်း (၆၅) ဤအိမ်ထဲရှိသမျှ အရာအားလုံးက မင်းဥစ္စာပဲဟာ၊ ယူပြီးတော့သာ သုံးစမ်းပါ
ထိုအမျိုးသမီးသည် အဒေါ်ဖြစ်သူကျောက်လောက် အရပ်မရှည်ပေ။
ဘာပဲဖြစ်ဖြစ် အဒေါ်ဖြစ်သူက အရပ်အမောင်းကောင်းပြီး သန်မာထွားကျိုင်းကာ မြင်းမတစ်ကောင်ကဲ့သို့ ထည်ဝါလှသည်။
အင်ပါယာတစ်ခုလုံးတွင် ဤကဲ့သို့သော အမျိုးသမီးမျိုးမှာ တကယ်ပင် လက်ချိုးရေတွက်၍ ရနိုင်လောက်ပေသည်။
သို့သော် ဤအမျိုးသမီးကလည်း အရပ်မပုချေ။ သူမသည် အနည်းဆုံး ၁.၇မီတာခန့် မြင့်မားပြီး လုယွမ်၏ဇနီးဖြစ်သူနှင့် အရပ်အမောင်းချင်း မတိမ်းမယိမ်းရှိလှသည်။
ထိုအမျိုးသမီး ဝတ်ဆင်ထားသော ပိုးဖဲကတ္တီပါအဝတ်အစားများက ကျောက်ချောင်အာကဲ့သို့ပင် အလွန်တရာ ဆန်းပြားခမ်းနားလှ၏။
ထို့အပြင် ဤအဝတ်အစား၏ အတွင်းခံပိတ်စအမျိုးအစားကို ကြည့်ရုံမျှဖြင့် အရာရှိတစ်ဦးဦးနှင့် သက်ဆိုင်ကြောင်း ထင်ရှားစွာ သိသာနိုင်ပေသည်။
ထိုအမျိုးသမီးသည် အလွန်လှပသော်လည်း လုယွမ်၏ဇနီးဖြစ်သူ၏ အတုမရှိသော အလှတရားကိုမူ မမှီနိုင်ပေ။
အမှန်စင်စစ် ဤလောကတွင် သူ၏ဇနီးဖြစ်သူ၏ ပြိုင်ဘက်ကင်းသော အလှတရားနှင့် နှိုင်းယှဉ်နိုင်မည့်သူ ရှိလိမ့်မည်မဟုတ်ပေ။
သို့သော်လည်း သူမသည် ကျောက်ချောင်အာနှင့် တစ်တန်းတည်းထားနိုင်လောက်အောင် လှပဆဲပင်ဖြစ်သည်။
တကယ်ကို တင့်တယ်လှပလှပေသည်။
သို့သော် သူမက ချောမောလှပသော်လည်း မိန်းမဆန်သော ဆွဲဆောင်မှုမျိုးမူ ကင်းမဲ့နေခဲ့သည်။
အဒေါ်ဖြစ်သူနှင့် မတူညီပေ။ လုယွမ်နှင့် နှစ်ယောက်တည်း ရှိနေတတ်သော အချိန်များ၌ အဒေါ်ဖြစ်သူ၏ အမူအရာမျိုးကို ဆိုလိုခြင်းဖြစ်သည်။
သူမ၏ ညှို့ဓာတ်ပြင်းလှသော အလှတရာနှင့် ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိသော ကိုယ်ခန္ဓာအလှတရားတို့က ပေါင်းစပ်နေတတ်သည်။
ဒါက တကယ်ကိုပဲ…
သူသည် အဒေါ်ဖြစ်သူအား အုတ်ကုတင်ပေါ်သို့ ချက်ချင်းဆွဲခေါ်သွားပြီး သုံးရက်သုံးညတိုင်တိုင် အောက်ပေးမဆင်းဘဲ ထားချင်စိတ်များ ပေါက်ပွားလာရသည်။
ဤအမျိုးသမီးသည် လှပသော်လည်း သူမ၏ အမူအရာက အလွန်တရာ မာနထောင်လွှားနေပြီး လူသားအားလုံးကို ငုံ့ကြည့်နေသကဲ့သို့ ခံစားရစေသည်။
“နင် ဘာလို့ ဒီနေရာကို ရောက်နေတာလဲ...”
ကျောက်ချောင်အာသည် ဤအမျိုးသမီးအပေါ် အလွန်ရိုင်းပျစွာ ဆက်ဆံလိုက်သည်။ လုယွမ်၏ တွဲထူမှုဖြင့် မြင်းရထားပေါ်မှ ဆင်းလာပြီးနောက် သူမက မျက်ခုံးပင့်ကာ ချက်ချင်းမေးမြန်းလိုက်ခြင်းဖြစ်သည်။
ထိုမာနကြီးသော အလှပဂေးကလည်း မျက်ခုံးကို ချက်ချင်းပင့်လိုက်ပြီး ပြောလိုက်သည်။
“နင်တို့ဆီမှာ အလွန်တောက်ပတဲ့ ကြယ်ပွင့်တစ်ပွင့် ထွက်ပေါ်လာတယ်ဆိုလို့ ဘာတွေဖြစ်နေလဲဆိုတာကို ငါနဲ့ငါ့မောင်က လာကြည့်တာလေ...”
ကျောက်ချောင်အာက ထိုမာနကြီးသော အလှပဂေးကို မျက်စောင်းထိုးလိုက်သော်လည်း တံခါးဝတွင် ဘာမှဆက်မပြောတော့ပေ။
လူစုသည် အရှေ့ဘက်ဝင်းရှိ အဓိကခန်းမဆောင်ဆီသို့ ဦးတည်ကာ လျှောက်လှမ်းခဲ့ကြသည်။
ထိုမာနကြီးသော အလှပဂေးက မျက်လုံးကို အပေါ်ပင့်ကာ ညည်းတွားလိုက်သည်။
“တကယ်ပါပဲ နင်တို့တစ်တွေ ဘယ်ခရီးတွေ သွားနေကြတာလဲ... နင့်မိသားစုတွေကလည်း နင့်ကို ဘယ်နေရာမှ ရှာမတွေ့ဘူး။ ငါတို့တွေက တံခါးဝမှာ စောင့်နေရတာ တော်တော်ကြာလှပြီ။ ငါတို့ ဘယ်လောက်အေးနေလဲဆိုတာ ကြည့်ပါဦး...”
ကျောက်ချောင်အာက မျက်ခုံးပင့်လျက် ပြန်ပြောလိုက်သည်။
“ဒါဆိုရင်လည်း အထဲဝင်ပြီး စောင့်ပါလား။ နင်တို့ကို အထဲမဝင်ရဘူးလို့ ဘယ်သူက တားနေလို့လဲ...”
ထိုမာနကြီးသောအလှပဂေးက မျက်စောင်းပြန်ထိုးကာ ပြောလိုက်သည်။
“အထဲမှာက ပျင်းစရာကြီးလေ။ စကားပြောမယ့်သူလည်း တစ်ယောက်မှ မရှိဘူး...”
ထိုသို့ပြောပြီးနောက် မာနကြီးသော အလှပဂေးသည် မိမိတို့အနောက်မှ လိုက်ပါလာသော လုယွမ်နှင့် စုလီယန်တို့ကို သတိထားမိသွားသည်။
ဤမာနကြီးပြီး လှပသောအမျိုးသမီးကို အဆုံးစွန်ဆုံး ဇဝေဇဝါဖြစ်စေသည့် အရာမှာ စုလီယန်ပင်ဖြစ်သည်။
သူမက ချက်ချင်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ဟေး... နင် ဒီနေရာမှာ မြွေတစ်ကောင်ကို ဘယ်တုန်းကတည်းက...”
သို့သော် မာနကြီးသောအလှပဂေး စကားမဆုံးခင်မှာပင် သတိပြန်ဝင်လာသော ကျောက်ချောင်အာက ချက်ချင်း မျက်မှောင်ကြုတ်ကာ ကြားဖြတ်ပြောလိုက်သည်။
“ဟေး... နင့်ရဲ့ ညစ်ပတ်တဲ့ပါးစပ်ကနေ လျှောက်ပြီး အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းနဲ့။ ဒါက ငါ့တူရဲ့ဇနီးပဲ။ ပြီးတော့ ဒါက ငါ့ရဲ့တူ။ နင်သာ ဆက်ပြီး လျှောက်ပြောနေမယ်ဆိုရင် ငါ တကယ်ဒေါသထွက်မိတော့မယ်...”
ကျောက်ချောင်အာသည် ဤမာနကြီးသောအမျိုးသမီး၏ စရိုက်ကို ကောင်းစွာသိသောကြောင့် စကားကို အမြန်ဖြတ်ပစ်လိုက်ခြင်းဖြစ်သည်။
မဟုတ်ပါက ဤမိန်းမ၏ ပါးစပ်မှ မည်မျှဆိုးရွားသော စကားလုံးများ ထွက်ပေါ်လာမည်ကို မည်သူမျှ မသိနိုင်ပေ။
ထို့အတူပင် ဤမာနကြီးသောအလှပဂေးသည်လည်း ကျောက်ချောင်အာ၏ စရိုက်ကို ကောင်းစွာသိရှိပြီး ကျောက်ချောင်အာ မည်မျှအထိ တည်ကြည်လေးနက်နေသည်ကို မြင်တွေ့လိုက်ရသည်။
ထို့ကြောင့် သူမသည် စုလီယန်အကြောင်းကို ထပ်မံ၍ မပြောရဲတော့ပေ။
သို့သော် သတိပြန်ဝင်လာပြီးနောက် ထိုမာနကြီးသော အလှပဂေးက ရုတ်တရက် ရွှတ်နောက်နောက်ဖြင့် အော်ဟစ်ရယ်မောလိုက်ပြီး ကျောက်ချောင်အာကို ကြည့်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
“အို... နင့်မှာ မိသားစုဝင်တွေ ကျန်သေးတာပဲလား။ နင့်ရဲ့ မိသားစုဝင်အားလုံးကို နင်ကိုယ်တိုင်ပဲ သတ်ပစ်ခဲ့တာ မဟုတ်ဘူးလား...”
ကျောက်ချောင်အာ၏ မျက်နှာက ချက်ချင်း ပျက်ယွင်းသွားပြီး ပြုံးစိစိလုပ်နေဆဲဖြစ်သော မာနကြီးသောအလှပဂေးကို အဓိကခန်းမဆောင်ထဲသို့ အတင်းဆွဲခေါ်သွားတော့သည်။
ခန်းမဆောင်သို့ ရောက်ရှိသောအခါ ကျောက်ချောင်အာက ထိုလှပသော အမျိုးသမီးကို ဘေးသို့ဆွဲထုတ်ကာ ပြောလိုက်သည်။
“လာပြီး မိတ်ဆက်ပေးမယ်။ ဒါက ငါတို့ရဲ့တူ လုယွမ်လေ... ပြီးတော့ ဒါက ငါ့ရဲ့တူမ စုလီယန်...”
ထိုမာနကြီးသော အလှပဂေးကမူ လုံးဝစိတ်ဝင်စားပုံမရဘဲ လုယွမ်နှင့် စုလီယန်တို့ကို တစ်ချက်သာ ဝေ့ကြည့်ပြီး ဘာစကားမှမဆိုပေ။
ထို့နောက် ကျောက်ချောင်အာက လုယွမ်နှင့် စုလီယန်တို့ကို ပြုံးလျက် ကြည့်ကာ ပြောလိုက်သည်။
“သူမက ခုလိုစရိုက်မျိုးရှိတာပါ။ ပါးစပ်ကသာ အလွန်စောင်းချိတ်ပြီး ပြောတတ်တာ။ နှလုံးသားကတော့ တို့ဟူးတုံးလိုပဲ နူးညံ့ပါတယ်။ မင်းတို့ သူမကို အဒေါ်စုန့်လို့ပဲ ခေါ်လိုက်ပါ...”
လုယွမ်နှင့် စုလီယန်တို့က ခေါင်းညိတ်လိုက်ကြပြီး နှုတ်ဆက်ရန် ပြင်လိုက်ကြသည်။
သို့သော် စုန့်မိန်ချင်းက မျက်ခုံးပင့်ကာ ပြောလိုက်သည်။
“မခေါ်နဲ့... ငါတို့က နင်တို့ကို အသိအမှတ်မပြုဘူး။ နောင်ကျရင် ဆွေမျိုးတော်စပ်ဖို့ လာပြီး ကပ်သပ်နေမှာမျိုးတွေကို မလိုချင်လို့ပဲ...”
သို့သော်ငြားလည်း သူမ၏ စကားလုံးများက မလုံလောက်ခဲ့ပေ။ လုယွမ်နှင့် စုလီယန်တို့သည် အဒေါ်ဖြစ်သူ ကျောက်ချောင်အာ၏ စကားကိုသာ နားထောင်ရမည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ စုန့်မိန်ချင်းသည် တကယ်ပင် စကားကို အရှိအတိုင်း ဒဲ့တိုးပြောတတ်သူတစ်ဦးဖြစ်ကြောင်း ထင်ရှားလှပေသည်။
လုယွမ်နှင့် စုလီယန်တို့က ပြိုင်တူပင် အသံပြုလိုက်ကြသည်။
“အဒေါ်စုန့်..”
ဤသည်ကို ကြားလိုက်ရသောအခါ စုန့်မိန်ချင်းက နှာခေါင်းရှုံ့ကာ အင်းဟူသော အသံကိုသာ ပြုလုပ်လိုက်ပြီး သဘောတူညီမှုကို ပြသလိုက်တော့သည်။
လုယွမ်သည် လှပသောအမျိုးသမီးနှစ်ဦး စကားစမြည်ပြောဆိုခြင်းနှင့် အတိတ်ဟောင်းများကို အောက်မေ့ခြင်းတို့ကို မနှောင့်ယှက်လိုတော့သဖြင့် ချက်ချင်းပြောလိုက်သည်။
“အဒေါ်... ဒါဆိုရင် လီယန်နဲ့ ကျွန်တော် အရင်ဆုံးပြန်ပြီး အရှေ့ဘက်အဆောင်ကို သွားရောက်ရှင်းလင်းလိုက်ပါဦးမယ်...”
ကျောက်ချောင်အာက ခေါင်းကို အထပ်ထပ်ညိတ်ပြလိုက်သည်။ အကယ်၍ တခြားသူတစ်ယောက်ယောက်သာ လာခဲ့မည်ဆိုပါက ဤမျှအထိ ဆိုးရွားလိမ့်မည်မဟုတ်သော်လည်း ဤစုန့်မိန်ချင်းကမူ...
သူမ၏သူငယ်ချင်းသည် ပါးစပ်သရမ်းလှသဖြင့် သူမသာ သေချာစောင့်မကြည့်ပါက မကြာခဏဆိုသလို စိတ်အနှောင့်အယှက်ဖြစ်စရာ စကားလုံးများကို လွှတ်ကနဲ ပြောထွက်သွားတတ်ပေသည်။
လုယွမ်သည် စုလီယန်၏ နူးညံ့သိမ်မွေ့သော လက်ကလေးကို ဆုပ်ကိုင်ကာ ထွက်ခွာရန် ပြင်လိုက်သည်။
ထိုအချိန်တွင် အိမ်တော်ထိန်းအိုကြီးသည် တာအိုဆရာငယ်လေးတစ်ဦးနှင့်အတူ ရောက်ရှိလာခဲ့သည်။
ဤတာအိုဆရာငယ်လေးသည် တာအိုဆရာလုံချွမ်း၏ တပည့်တစ်ဦးဖြစ်သည်။
သူ့ကို မနေ့ညကတည်းက မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။
တာအိုဆရာငယ်လေးသည် ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် အဒေါ်ဖြစ်သူအား ရိုသေစွာ ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။
“သခင်မကြီး... ကျွန်တော့်ရဲ့ ဆရာသခင်က သခင်မကြီးထံ စကားတစ်ခွန်း ပါးလိုက်ပါတယ်...”
အဒေါ်ဖြစ်သူက အံ့အားသင့်သွားပြီးနောက် ဤအရာသည် ရှီလင်းကျီနှင့် သက်ဆိုင်လိမ့်မည်ဟု ခန့်မှန်းမိကာ ခေါင်းကို ဆက်တိုက်ညိတ်ပြလိုက်သည်။
လုယွမ်သည် စုစုစည်းစည်း သိချင်စိတ်ပြင်းပြနေသဖြင့် ချက်ချင်းမထွက်ခွာသေးဘဲ တံခါးဝတွင် ရပ်တန့်ကာ နားထောင်နေမိသည်။
ထို့နောက် တာအိုဆရာငယ်လေးက ဆက်ပြောသည်။
“ညအချိန်တုန်းက ကျွန်တော့်ရဲ့ဆရာသခင်က ရှီလင်းကျီဆီကို သွားပြီး စစ်ဆေးခဲ့ပါတယ်... ဒီတစ်ကြိမ်မှာ အထဲကအဖွဲ့က တော်တော်လေး ကြီးမားလှပါတယ်။ သူတို့မှာ အနည်းဆုံး ကျင့်ကြံခြင်းသက်တမ်း နှစ်ရာကျော်လောက် ရှိနေပါလိမ့်မယ်...”
ဤသည်ကို ကြားလိုက်ရသောအခါ ကျောက်ချောင်အာက မျက်မှောင်ကြုတ်သွားခဲ့သည်။ ဤသည်မှာ...
ဤကိစ္စက သေးငယ်သော ကိစ္စမဟုတ်ပေ။
လွန်စွာကြီးမားလွန်းလှသည်။
ဤသည်မှာ ကျောက်ချောင်အာအတွက် နှစ်ပေါင်းများစွာအတွင်း ဤကဲ့သို့သော အခြေအနေမျိုးနှင့် ပထမဦးဆုံးအကြိမ် ဆုံတွေ့ဖူးခြင်းပင်ဖြစ်သည်။
ထို့နောက် တာအိုဆရာငယ်လေးက ဆက်ပြောသည်။
“မူလကတော့ ဆရာသခင်က ပြင်ဆင်မှုတချို့ ပြုလုပ်ပြီး တခြားဂိုဏ်းတူညီအစ်ကိုတချို့ကိုပါ ဖိတ်ခေါ်ကာ နောက်ရက်အနည်းငယ်အတွင်း ရှီလင်းကျီဆီကို သွားရောက်ပြီး ဒီလုပ်ငန်းခွင်ကို ပူးပေါင်းလုပ်ဆောင်ဖို့ စီစဉ်ထားခဲ့တာပါ... ဒါပေမယ့်လည်း ရုတ်တရက်ဆိုသလိုပဲ ဂိုဏ်းချုပ်ဆီကနေ အမိန့်တစ်ခု ထွက်ပေါ်လာခဲ့ပြီး အပြင်ဘက်မှာရှိတဲ့ ဒိုးရှီးကျောင်းတော်က လူအားလုံးကို ဂိုဏ်းဆီကို ချက်ချင်းပြန်လာဖို့ ညွှန်ကြားခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ဆရာသခင်လည်း ချွင်းချက်မရှိပါဘူး... ဒါကြောင့် ရှီလင်းကျီကိစ္စက ဆရာသခင်က ကတိဖျက်ချင်လို့ မဟုတ်ပါဘူး။ သူ တကယ်ပဲ တခြားရွေးချယ်စရာ မရှိတော့လို့ပါ... ဆရာသခင် ဆိုလိုတာကတော့ ကျောင်းတော်ကိစ္စက အလွန်တရာ အရေးကြီးနေပြီး ဘယ်အချိန်မှာ ပြန်လာနိုင်မလဲဆိုတာ ပြောဖို့ခက်ခဲပါတယ်... အကယ်၍ အဆင်မပြေဖြစ်ခဲ့ရင် သခင်မကြီးအနေနဲ့ တခြား ပိုပြီးစွမ်းဆောင်ရည်ရှိတဲ့သူကို သေချာရွေးချယ်ဖို့ တိုက်တွန်းလိုပါတယ်။ အကယ်၍ တခြားသူကို မရှာဖွေနိုင်ခဲ့ရင်တော့ ဒီနှစ်အတွက် ရှီလင်းကျီကို လက်လွှတ်လိုက်တာက ပိုကောင်းပါလိမ့်မယ်...”
တာအိုဆရာငယ်လေးသည် စကားပြောဆိုပြီးနောက် အချိန်ဆွဲမနေတော့ဘဲ အခန်းထဲရှိ လူများကို ထပ်မံဦးညွှတ်နှုတ်ဆက်ကာ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။
သူသည် ဒိုးရှီးကျောင်းတော်သို့ ပြန်ရန် အချိန်တန်ပြီဟု ထင်ရပေသည်။
တာအိုဆရာငယ်လေး ထွက်ခွာသွားပြီးနောက် အဓိကခန်းမဆောင်တစ်ခုလုံး တိတ်ဆိတ်ခြင်းအတိ ဖုံးလွှမ်းသွားခဲ့သည်။
လူတိုင်း၏ အတွေးများက ထပ်တူနီးပါး ဖြစ်နေကြသည်။
ပထမဦးစွာ ဒိုးရှီးကျောင်းတော်က မည်မျှအထိ ကြီးမားသော လုပ်ငန်းကြီးတစ်ခုကို ဖန်တီးခဲ့သနည်း။
အစောပိုင်းက စစ်သည်တော်များကို မြင်တွေ့ခဲ့ရသော်လည်း ဤအဖွဲ့သည် တကယ်ပင် အစွမ်းထက်ကြောင်း ကြိုတင်သိရှိထားပြီးဖြစ်သည်။
ဘာပဲဖြစ်ဖြစ် အစိုးရစစ်တပ်များကိုပင် လှုပ်ရှားစေရသည်အထိ ဖြစ်သောကြောင့် ဤလုပ်ငန်းခွင်လမ်းကြောင်းသည် သဘာဝအတိုင်း အလွန်ခက်ခဲလှပေလိမ့်မည်။
သို့သော် ခံစားချက်က ပကတိမကျသေးချေ။
သို့သော်လည်း ဤမျှတိုတောင်းသော အချိန်ကာလအတွင်းမှာပင် တာအိုဆရာလုံချွမ်းက သူ၏ဂိုဏ်းသို့ ပြန်ရတော့မည်ဟု ပြောဆိုခဲ့ပြီး ဒိုးရှီးကျောင်းတော်မှ အမိန့်တစ်ခု ထပ်မံထွက်ပေါ်လာကာ မည်သည့်အချိန်တွင် ပြန်လာနိုင်မည်ကို မပြောနိုင်တော့ပေ။
ခဏမျှအတွင်း လူတိုင်း စိတ်လှုပ်ရှားတုန်လှုပ်သွားကြရသည်။
ဤကိစ္စသည် တကယ်ပင် အထူးပင် အရေးကြီးလှပေသည်။
သဘာဝအတိုင်း ကောင်းကင်ကြီး ပြိုကျလာပါက အရပ်ရှည်သောသူက တောင့်ခံထားလိမ့်မည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ အရာရှိများနှင့် စစ်သည်တော်များ ဤနယ်မြေထဲသို့ ဝင်ရောက်လာသရွေ့ အခြေအနေများက အလွန်အမင်း ရှုပ်ထွေးသွားလိမ့်မည်မဟုတ်ပေ။
နောက်ထပ် ပြဿနာတစ်ခုမှာ အကယ်၍ နောက်နှစ်တွင် ရှီလင်းကျီကို မတူးဖော်နိုင်ခဲ့ပါက...
ဆုံးရှုံးမှုက အလွန်အမင်း ကြီးမားလှပေလိမ့်မည်။
လုယွမ်သည်လည်း ဤအကြောင်းကို ကောင်းစွာ သတိပြုမိသည်။
ဘာပဲဖြစ်ဖြစ် အဒေါ်ဖြစ်သူသည် ထမင်းစားပွဲ၌ ကိစ္စရပ်များကို မကြာခဏ ကိုင်တွယ်ဖြေရှင်းလေ့ရှိပြီး လုယွမ်နှင့် စုလီယန်တို့အပေါ် သူမ၏ ဆက်ဆံရေးကို မည်သည့်အခါမျှ ဖုံးကွယ်ထားခြင်း မရှိခဲ့ပေ။
ရှီလင်းကျီရှိ ဝိညာဉ်ကျောက်တုံးတွင်းသည် အဒေါ်ဖြစ်သူ၏ အသင်းအဖွဲ့တွင် အကြီးမားဆုံးသော တွင်းထွက်ဧရိယာဖြစ်ပြီး နှစ်စဉ်ထွက်ရှိသော ဝိညာဉ်ကျောက်တုံးများ၏ ထက်ဝက်ခန့်မှာ ရှီလင်းကျီတွင်းထွက်ဧရိယာမှ လာခြင်းဖြစ်သည်။
အကယ်၍ နောက်နှစ်တွင် ရှီလင်းကျီရှိ ဝိညာဉ်ကျောက်တုံးတွင်းကို မထိတွေ့နိုင်တော့ပါက...
၎င်းသည် ငွေကြေးထက်ဝက်ခန့်သာ ဆုံးရှုံးရုံမျှမက အလွန်ရိုးရှင်းသော ကိစ္စမဟုတ်ပေ။
ဤအသင်းအဖွဲ့နှင့် တော်ဝင်နန်းတော်ကြားရှိ ဆက်ဆံရေးမှာ လယ်သမားများက အခွန်အတုတ် ပေးဆောင်ရသကဲ့သို့ပင် ဖြစ်သည်။
တော်ဝင်နန်းတော်သည် တွင်းထွက်ဧရိယာတစ်ခုစီအတွက် နှစ်စဉ် ကောက်ခံမည့် သတ်မှတ်ချက်ပမာဏကို သတ်မှတ်ထားလေ့ရှိသည်။
နှစ်စဉ်နှစ်တိုင်း ဤတွင်းထွက်ဧရိယာကို ထိန်းချုပ်ထားသော အသင်းအဖွဲ့သည် သတ်မှတ်ထားသော ဝိညာဉ်ကျောက်တုံးပမာဏကို မပျက်မကွက် ပေးဆောင်ရမည်ဖြစ်သည်။
အကယ်၍ သင်၏အသင်းအဖွဲ့က ဤနှစ်တွင် ပိုမိုတူးဖော်နိုင်ခဲ့ပါက ပိုလျှံသော အရင်းအမြစ်များသည် သင်၏အသင်းအဖွဲ့နှင့်သာ သက်ဆိုင်လိမ့်မည်ဖြစ်သည်။
ထို့အတူပင် အကယ်၍ တွင်းကို မဖွင့်လှစ်နိုင်ခဲ့ပါက…
ထိုအခါ ဆုံးရှုံးသွားသော ကွာဟချက်ပမာဏကို မိမိဘာသာ စိုက်ထုတ်ပေးဆောင်ရမည်သာဖြစ်သည်။
ဤနှစ်တွင် ရှီလငကျီရှိ ဝိညာဉ်ကျောက်တုံးတွင်းကို မတူးဖော်နိုင်ခဲ့ပါက အဒေါ်ဖြစ်သူသည် သတ်မှတ်ချက်ပမာဏ၏ ထက်ဝက်ကို မိမိ၏ကိုယ်ပိုင်အိတ်ကပ်ထဲမှ စိုက်ထုတ်ပေးရမည်ဟု ဆိုနိုင်ပေသည်။
အဒေါ်ဖြစ်သူ၏ မိသားစုသည် အလွန်ချမ်းသာကြွယ်ဝသည် ဆိုသော်ငြားလည်း ဤသည်မှာ နာကျင်ဖွယ်ကောင်းသော ကုန်ကျစရိတ်ကြီးတစ်ခု ဖြစ်နေဆဲပင်။
အခြေခံအားဖြင့် နှစ်နှစ် သို့မဟုတ် သုံးနှစ်ခန့် ပင်ပန်းကြီးစွာ ကြိုးစားအားထုတ်ခဲ့သမျှ အရာအားလုံး အလဟဿ ဖြစ်သွားရသကဲ့သို့ပေ။
အဒေါ်ဖြစ်သူ၏ မျက်မှောင်ကြုတ်နေမှုကို မြင်လိုက်ရသောအခါ လုယွမ်က ခဏမျှ စဉ်းစားလိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။
“အဒေါ်... ကျွန်တော့်အတွက် စက်ခုံနှစ်ခုလောက် ရှာပေးပြီး ဝိညာဉ်ကျောက်တုံးအချို့ ပေးလို့ရမလား... ကျွန်တော် တစ်ခုခုကို စမ်းသပ်တီထွင်ကြည့်ချင်လို့ပါ...”
အဒေါ်ဖြစ်သူသည် သူမ၏ စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိသွားပြီးနောက် ယခုလေးတင် ကြားသိလိုက်ရသော သတင်းဆိုးကြောင့် လုယွမ်အပေါ် စိတ်တိုဒေါသထွက်ခြင်းမျိုး လုံးဝမပြုလုပ်ခဲ့ပေ။
ကျောက်ချောင်အာသည် သူမ၏ ချစ်လှစွာသော သားသမီးကဲ့သို့သောသူအပေါ် မည်သည့်အခါမျှ မျက်နှာပျက်အောင် မလုပ်ရက်ပေ။
သူမသည် လုယွမ်ကို ရတနာတစ်ခုကဲ့သို့ အမှန်တကယ်ပင် မြတ်နိုးတန်ဖိုးထားလှသည်။
လုယွမ်၏ စကားကို ကြားလိုက်ရသောအခါ ကျောက်ချောင်အာက သူ့ကို မျက်စောင်းထိုးလိုက်ပြီး ချွဲနွဲ့သောအသံဖြင့် ပြောလိုက်သည်။
“မင်းကတော့ မင်းရဲ့အဒေါ်အပေါ် အမြဲတမ်း အားနာတတ်လွန်းနေတာပဲ... ငါတို့အိမ်ထဲမှာရှိသမျှ အရာအားလုံးက မင်းဥစ္စာတွေပဲဟာ... ယူပြီးတော့သာ သုံးစမ်းပါ... အဒေါ့်ကို ဘာလို့ ခဏခဏ လာပြောနေရတာလဲ... နောက်တစ်ခါကျရင် အဒေါ့်အပေါ် အဲ့လောက်အထိ အားနာနေဦးမယ်ဆိုရင် အဒေါ်ကမင်းကို လုံးဝဂရုမစိုက်တော့ဘဲ နေလိုက်တော့မယ်နော်...”