← Chapters

အခန်း ၆၇

Vol. 7 Ch. 67

အခန်း ၆၇

Vol. 7 Ch. 67

အခန်း (၆၇) ကျုပ်ပြောနေတာက မော်တာအမြှောက်တွေအကြောင်းပါ

တိုင်နင်းမြို့ရှိ ကြီးမားလှသော အိမ်တော်ကြီးတစ်လုံးအတွင်း၌ ဖြစ်သည်။

တိုင်နင်းမြို့၏ ဒေသခံအာဏာရှင်ကြီးဖြစ်သည့်အလျောက် ကျောက်မိသားစုသည် မြို့တော်ရှိ ပိုင်ဆိုင်မှုများ၏ ထက်ဝက်ကျော်ကို ပိုင်ဆိုင်ထားသည်ဟု ဆိုနိုင်ပေသည်။

အိမ်တော်ထိန်းအိုကြီးသည် အမိန့်ပေးလိုက်ရုံမျှဖြင့် လုယွမ် လိုချင်သောအရာကို ချက်ချင်းပင် ရရှိနိုင်ခဲ့သည်။

ဒိုင်း …

သေနတ်သံတစ်ချက် ဟိန်းထွက်သွားခဲ့သည်။

အိမ်တော်ထိန်းအိုကြီးသည် သူ၏လက်ထဲရှိ မီးခတ်သေနတ်ကို အံ့အားသင့်စွာဖြင့် စိုက်ကြည့်ရင်း ထိုနေရာတွင်ပင် အကြောင်သား ရပ်နေမိသည်။

အိမ်တော်ထိန်းအိုကြီးသည် ထိုညကပင် ဤအရာ၏ အစွမ်းထက်ပုံကို ကိုယ်တိုင်မျက်မြင် တွေ့ရှိခဲ့ရပြီးဖြစ်သည်။

သို့သော်လည်း လုယွမ်သည် ၎င်းကို အသုံးပြုပြီးနောက် ချက်ချင်းသိမ်းဆည်းလိုက်သဖြင့် အိမ်တော်ထိန်းအိုကြီးအနေဖြင့် အနီးကပ် သေချာမကြည့်လိုက်ရပေ။

ယခုအခါ ၎င်းကို မိမိလက်ထဲသို့ ရောက်ရှိလာပြီး ကိုယ်တိုင်အသုံးပြုကြည့်သောအခါတွင်မူ ၎င်း၏ စွမ်းပကားကို အမှန်တကယ်ပင် ချီးကျူးရမည်ဖြစ်သည်။

ဤသည်မှာ စစ်သည်များ၏ လက်ထဲတွင်ရှိသော မျက်လုံးသုံးလုံးပါ မီးဖောက်သေနတ်များထက်ပင် ပိုမိုအစွမ်းထက်လှသည်မဟုတ်ပါလား။

မီတာငါးဆယ်အကွာအဝေးမှ တစ်ချက်တည်းပစ်ခတ်ရုံဖြင့် ချိတ်ဆွဲထားသော ဝက်သေတစ်ကောင်ကို အပေါက်ဖောက် ဖြတ်သန်းသွားခဲ့သည်။

“သခင်လေး သခင်လေးရဲ့ ဒီပစ္စည်းက … တကယ့်ကို အံ့ဩစရာကောင်းတယ် ဒါကို သခင်းလေးကိုယ်တိုင်ပဲ တီထွင်ခဲ့တာလား...”

အိမ်တော်ထိန်းအိုကြီးသည် သူ၏လက်ထဲရှိ မီးခတ်သေနတ်ကို အံ့အားသင့်သောအမူအရာဖြင့် စစ်ဆေးနေခဲ့သည်။

လုယွမ်ကမူ လက်တစ်ဖက်တွင် စာရွက်နှင့် အခြားလက်တစ်ဖက်တွင် ကျောက်မီးသွေးခဲခဲတံကို ကိုင်ဆောင်ကာ စက်ခုံတစ်ခုကို ပတ်ပတ်လည်လျှောက်ရင်း ပုံကြမ်းများဆွဲကာ စာရေးသားနေခဲ့သည်။

သူသည် အိမ်တော်ထိန်းအိုကြီးကို မော့ပင်မကြည့်ဘဲ ပြောလိုက်သည်။

“ဘယ်လိုလဲ တော်တော်လေး စိတ်ဝင်စားရာကောင်းတယ် မဟုတ်လား...”

“ရာဇဝတ်ကောင်တွေကို နှိမ်နင်းဖို့အတွက် ခုလိုမျိုးအရာကို အသုံးပြုတာနဲ့ပတ်သက်ပြီး ဦးလေး ဘယ်လိုထင်လဲ...”

အိမ်တော်ထိန်းအိုကြီးသည် သူ၏လက်ထဲရှိ မီးခတ်သေနတ်ကို စစ်ဆေးရင်း ခဏမျှ စဉ်းစားကာ သူ၏သုံးသပ်ချက်ကို ပေးလိုက်သည်။

“အကယ်၍ သာမန်ကျင့်ကြံသူတစ်ယောက်သာဆိုရင် ကျင့်ကြံသူရဲ့ ပညာရပ်တွေကို မသုံးရင်တောင်မှ ချက်ချင်းပဲ အမှုန့်ခြေပစ်နိုင်မှာ သေချာပါတယ်...”

“အကယ်၍ သူတို့က ပိုပြီး ကျွမ်းကျင်တယ်ဆိုရင်တော့ ကျည်ဆန်တွေကို ခွေးနက်သွေး၊ ကောက်ညှင်းရည် သို့မဟုတ် ကြက်ဥနဲ့ ကြက်သွေးတွေထဲမှာ ကြိုတင်စိမ်ထားလို့ ရတာပေါ့...”

“ဒါဆိုရင်တော့ ထူးခြားတဲ့ အကျိုးသက်ရောက်မှုရှိမှာ သေချာပါတယ် ဘာပဲဖြစ်ဖြစ် ဒါက အရမ်းမြန်ဆန်လွန်းတာကြောင့် ရှင်းကျီအနေနဲ့ ကျိန်းသေပေါက် အချိန်မီ တုံ့ပြန်နိုင်မှာ မဟုတ်ဘူးလေ...”

“ဒါပေမဲ့……”

ဤနေရာသို့ ရောက်သောအခါ အိမ်တော်ထိန်းအိုကြီးက စကားကို ခေတ္တရပ်လိုက်ပြီး အစောင့်အချို့ကို ဖယ်ရှားလိုက်ကာ တိုးတိုးလေး ပြောလိုက်သည်

“အကယ်၍ ငါတို့က အဲဒီ နှစ်နှစ်ရာသက်တမ်းရှိတဲ့ အရာတွေကို နှိမ်နင်းဖို့ ဒီဟာအပေါ်မှာပဲ မှီခိုနေမယ်ဆိုရင်တော့ ဖြစ်နိုင်မှာ မဟုတ်ဘူးထင်တယ်...”

“ငါသိသလောက်တော့ ရှီလင်းကျီမှာရှိတဲ့ သတ္တဝါက နှစ်နှစ်ရာသက်တမ်းရှိတဲ့ အဖြူရောင်ဖုတ်ကောင်တစ်ကောင်ဖြစ်ပုံရတယ် ဓားနဲ့ လှံတွေ မဖောက်နိုင်အောင် ကျင့်ကြံထားတဲ့ စစ်မှန်တဲ့ အဖြူရောင်ဖုတ်ကောင်ပဲဖြစ်ရမယ်...”

“အဲ့တာက လျိုမိသားစုရဲ့ ကိစ္စနဲ့ မတူဘူးလေ...”

“သခင်လေးရဲ့ လက်နက်က စွမ်းအားကြီးတယ်ဆိုပေမဲ့ အဲဒီအရာကို ထိမှန်သွားရင် ဘယ်လိုပုံစံမျိုး ဖြစ်လာမလဲဆိုတာ မသိနိုင်ဘူးလေ...”

“အကယ်၍ ဒါက အသုံးမဝင်ဘဲ ဟိုသတ္တဝါကို ဒေါသထွက်အောင် လုပ်မိရင်တော့ ငါတို့တွေထဲက ဘယ်သူမှ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူးလို့ ငါစိုးရိမ်မိတယ်...”

ဤအရာက တကယ့်ကို အထင်ကြီးစရာကောင်းပုံရသည်။

သို့သော်လည်း မည်သူမျှ ယခင်က မစမ်းသပ်ဖူးသဖြင့် အကယ်၍ ၎င်းက အလုပ်မဖြစ်ခဲ့လျှင် မည်သို့လုပ်မည်နည်း။

အကယ်၍ လူပေါင်းများစွာကို စေလွှတ်လိုက်ပြီး အလုပ်မဖြစ်ခဲ့လျှင် ကုန်ကျစရိတ်က အလွန်ကြီးမားသွားပေလိမ့်မည်။

အိမ်တော်ထိန်းအိုကြီး စကားပြောပြီးနောက် လုယွမ်က ခေါင်းကို အနည်းငယ်မော့ကာ အိမ်တော်ထိန်းအိုကြီးကို ကြည့်ပြီး ပြုံးလျက် ပြောလိုက်သည်။

“ကျုပ် ရှီလင်းကျီကို သွားတော့မယ်ဆိုတာ ဦးလေး ဘယ်လိုသိလဲ...”

အိမ်တော်ထိန်းအိုကြီးသည် သူ၏ ခံစားချက်ကင်းမဲ့ပြီး သစ်သားကဲ့သို့ တောင့်တင်းနေသော မျက်နှာထက်သို့ အပြုံးတစ်ခုကို အစွမ်းကုန်ဖော်ကျူးရင်း ပြောလိုက်သည်။

“ဒါက ခန့်မှန်းရ မခက်ပါဘူး...”

လုယွမ်က ခေါင်းညိတ်လိုက်ပြီးနောက် ပြောလိုက်သည်။

“ရှီလင်းကျီက အဒေါ်ကျောက်အတွက် အလွန်အရေးကြီးတယ် မဟုတ်လား အကယ်၍ အဲ့ကိစ္စကို မဖြေရှင်းနိုင်ရင် အဒေါ်ကျောက်အနေနဲ့ နောက်နှစ်မှာ ပိုက်ဆံအများကြီး ပေးဆောင်ရလိမ့်မယ်...”

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အိမ်တော်ထိန်းအိုကြီးက ပြောလိုက်သည်။

“ဒီကိစ္စမှာ ပိုက်ဆံကိစ္စတင် မကဘူး ရှီလင်းကျီ တစ်ခုလုံးကိုလည်း နန်းတော်က ပြန်လည်သိမ်းဆည်းသွားလိမ့်မယ်လို့ ကျွန်တော် စိုးရိမ်မိတယ်...”

ဤသည်ကို ကြားသောအခါ လုယွမ်က မျက်ခုံးပင့်လိုက်ပြီး ပြောလိုက်သည်။

“အဲ့လောက်တောင် ပြင်းထန်တာလား...”

အိမ်တော်ထိန်းအိုကြီးက ခေါင်းကို အနည်းငယ်ညိတ်ပြလိုက်ပြီး ပြောလိုက်သည်။

“မြောက်ပိုင်းက စစ်ပွဲက နောက်ဆုံးအဆင့်ကို ရောက်လုနီးပါး ဖြစ်နေပါပြီ...”

“နေရာအသီးသီးကနေ စုဆောင်းထားတဲ့ စစ်တပ်အချို့ကလည်း သူတို့ရဲ့ မူလနေရာတွေဆီ ပြန်ရောက်ကုန်ကြပြီလေ...”

“နန်းတော်ရဲ့ ဒေသအပေါ် ထိန်းချုပ်မှုက တစ်ရက်ထက်တစ်ရက် ပိုမိုအားကောင်းလာပြီး အစိုးရအရာရှိတွေရဲ့ အရေအတွက်ကလည်း တစ်နေ့ထက်တစ်နေ့ တိုးပွားလာနေတာပဲ...”

“ယခင်ကတော့ တခြားနည်းလမ်းမရှိတာကြောင့် ခုလိုမျိုး ကြီးမားတဲ့ သတ္တုတွင်းဒေသတွေကို ဂိုဏ်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်...”

“ဒါပေမဲ့ အခုတော့ အခြေအနေက မတူတော့ဘူး နန်းတော်က ဝိညာဉ်ကျောက်တုံးတွင်းတွေကို ပြန်သိမ်းပြီး တိုက်ရိုက်တူးဖော်ချင်နေတာပဲ ဒါပေမဲ့ သူတို့က ဗြောင်ကျကျတော့ မလုယက်နိုင်ဘူးလေ...”

“အခုအခါ ရှီလင်းကျီမှာ ပြဿနာတက်နေပြီဖြစ်လို့ နန်းတော်အနေနဲ့ အဲ့တာကို အကြောင်းပြချက်တစ်ခုအနေနဲ့ သုံးပြီး နောက်နှစ်မှာ ရှီလင်းကျီကို ပြန်သိမ်းဆည်းသွားမှာ မဟုတ်ဘူးလို့ အာမခံဖို့ ခက်ခဲပါတယ်...”

“အကယ်၍ ကျွန်တော်တို့က ပိုက်ဆံတွေ ဆုံးရှုံးပြီး ဝိညာဉ်ကျောက်တုံးတွင်းရဲ့ ထက်ဝက်ကိုပါ ဆုံးရှုံးရမယ်ဆိုရင်တော့ သခင်မကြီး … ဒုက္ခရောက်ရပါလိမ့်မယ်...”

လုယွမ်က ခေါင်းကို အနည်းငယ်ညိတ်လိုက်သည်။

ဤသည်မှာ ယခင်က လုယွမ် ပြောခဲ့ဖူးသော အလားအလာပင်ဖြစ်သည်။

သည်ဝိညာဉ်ကျောက်တုံးတွင်းကို နောက်ဆုံးတွင် နန်းတော်က ပြန်လည်သိမ်းဆည်းသွားမည်ဖြစ်သော်လည်း သူတို့အနေဖြင့် ၎င်းကို တတ်နိုင်သမျှ အချိန်ဆွဲထားရမည်ဖြစ်သည်။

အနည်းဆုံးတော့ ယခုနှစ်တွင် ကြီးမားသော ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည်ဟု ဆိုကာ ၎င်းတို့ကို ပြန်လည်သိမ်းဆည်းခွင့် မပေးနိုင်ပေ။

သူတို့က ခုလိုမျိုး ဘယ်လိုရှင်သန်နိုင်မှာလဲ။

“ခရိုင်မြို့တော်မှာရှိတဲ့ ကောင်းကင်ဆရာသခင်ကိုတောင် ရှာမတွေ့နိုင်တော့ဘူး မဟုတ်လား...”

လုယွမ်သည် စက်ခုံကို ထပ်မံကြည့်ရှုရင်း မေးခွန်းတစ်ခု မေးလိုက်သည်။

အိမ်တော်ထိန်းအိုကြီးက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“အဲ့လိုဖြစ်ရပါလိမ့်မယ် ခရိုင်မြို့တော်က စစ်ဗိုလ်ချုပ်တွေတောင် ရောက်လာကြပြီဆိုတော့ သဘာဝကျကျပဲ ခရိုင်ရဲ့ ကောင်းကင်ဆရာသခင်တွေ အားလုံးကိုလည်း လှုပ်ရှားစေခဲ့တာပေါ့...”

ထိုသို့ပြောပြီးနောက် …

အိမ်တော်ထိန်းအိုကြီးသည် လုယွမ် ဘာကိုဆိုလိုသည်ကို နားလည်သွားပုံရသည်။

သူသည် သူ၏လက်ထဲရှိ မီးခတ်သေနတ်ကို ကြည့်ကာ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်နေပြီးနောက် ထပ်မံပြောလိုက်သည်။

“ငါတို့တွေ တကယ့်ကို အစွမ်းကုန် ကြိုးစားရမှာပဲ...”

“ဒိုးရှီးကျောင်းတော်မှာ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ သိချင်မိတယ် အကယ်၍ အချိန်တိုအတွင်းမှာ ဖြေရှင်းနိုင်ရင်တော့ ကောင်းတာပေါ့...”

“အကယ်၍ ဒီကိစ္စကို အမြန်မဖြေရှင်းနိုင်ရင်တော့ သခင်မကြီး အန္တရာယ်ရှိလာလိမ့်မယ်...”

“သခင်လေး ခုလိုမျိုးအရာကို ဘယ်နှခုလောက် ပြုလုပ်နိုင်မလဲ အနည်းဆုံး ခြောက်ဆယ်လောက်တော့ လိုအပ်တယ်...”

“ဒါကို တည်ဆောက်ဖို့ အချိန်ဘယ်လောက်ကြာမလဲ...”

အိမ်တော်ထိန်းအိုကြီး စကားပြောပြီးနောက် လုယွမ်က သူ့ကို သဘောကျသောအမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။

“ဦးလေး ဘာကိုတည်ဆောက်မှာလဲ...”

အိမ်တော်ထိန်းအိုကြီးသည် ကြက်သေသေသွားပြီးနောက် အံ့အားသင့်သောမျက်နှာထားဖြင့် ပြောလိုက်သည်။

“ဟင် … ”

“သခင်လေးက ဒီ … မီးခတ် … မီးခတ်သေနတ်ကို ရှင်းကျီတို့အဖွဲ့ကို တိုက်ခိုက်ဖို့ အသုံးပြုမယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား...”

လုယွမ်က ပြုံးလိုက်ပြီးနောက် ပြောလိုက်သည်။

“မဟုတ်ပါဘူး ကျုပ်က ဘယ်တုန်းက ဒီပစ္စည်းကိုသုံးပြီး ရှီလင်းကျီကအဖွဲ့ကို နှိမ်နင်းမယ်လို့ ပြောခဲ့လို့လဲ...”

“ဒါတင်မကသေးဘူး ဦးလေးကိုယ်တိုင်လည်း ဒီပစ္စည်းက စိတ်မချရဘူးလို့ ပြောခဲ့တယ်မဟုတ်လား...”

“ကျုပ်အနေနဲ့ ဒီပစ္စည်းရဲ့ စွမ်းအားကို စမ်းသပ်ဖို့အတွက် လူတိုင်းရဲ့ အသက်ကို စွန့်စားရမှာ မဟုတ်ဘူးလေ...”

လုယွမ်၏ စကားများကြောင့် အိမ်တော်ထိန်းအိုကြီးသည် လုံးဝ ဝေခွဲမရဖြစ်သွားခဲ့ရသည်။

“သခင်လေး သခင်လေးက……”

လုယွမ်သည် ခေါင်းကိုငုံ့ကာ စာရေးသားခြင်းနှင့် ပုံဆွဲခြင်းကို ဆက်လက်ပြုလုပ်နေခဲ့သည်။

“အမြှောက် … ”

“အမြှောက်လား”

ဤသည်ကို ကြားလိုက်ရသောအခါ အိမ်တော်ထိန်းအိုကြီးသည် အသက်ကို ပြင်းထန်စွာ ရှူသွင်းလိုက်မိပြီး သူ၏ဦးခေါင်းထဲမှ ကိုက်ခဲနာကျင်မှုကို ခံစားလိုက်ရသည်။

အိမ်တော်ထိန်းအိုကြီးသည် စက္ကန့်အနည်းငယ်မျှ စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီးနောက် လုယွမ်ကို ကူကယ်ရာမဲ့သောအမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။

“သခင်လေး ကျွန်တော်တို့ သခင်လေးကို အချက်တစ်ခု ပြောပြရမယ်...”

“ငါတို့ရဲ့ မင်းမင်းဆက်က တခြားခေတ်ကာလတွေနဲ့ မတူဘဲ လက်နက်တွေကို ပုဂ္ဂလိကပိုင်ဆိုင်ခွင့်အပေါ် အလွန်သည်းခံတတ်တာ မှန်ပါတယ်...”

“ဒါပေမဲ့ အမြှောက်တွေကတော့ ချပ်ဝတ်တန်ဆာတွေလိုပဲလေ...”

“အကယ်၍ တစ်စုံတစ်ယောက်က ဒါကို ပုဂ္ဂလိကအဖြစ် ပိုင်ဆိုင်ထားကြောင်း သိရှိသွားပါက အဲ့တာက ပုန်ကန်မှုမြောက်တဲ့ လုပ်ရပ်ပဲ ဖြစ်လိမ့်မယ်...”

“ဒါက သေဒဏ်ပေးခံရမယ့် ပြစ်မှုပဲ သခင်လေးရဲ့ မိသားစုတစ်ခုလုံး အသတ်ခံရလိမ့်မယ်...”

“သခင်လေးက ပညာရှင်တစ်ယောက်ပဲ ကျွန်တော်တို့ထက် ပိုပြီး နားလည်သင့်တာပေါ့...”

လုယွမ်သည် ဤအရာကို သဘာဝကျကျ သိရှိပြီးဖြစ်သည်။ သမိုင်းထဲက မင်းမင်းဆက်သည်လည်း ထို့အတူပင်ဖြစ်သည်။

မင်းမင်းဆက်သည် လက်နက်ထိန်းချုပ်မှုအပေါ် အလွတ်လပ်ဆုံးသော မင်းဆက်ဖြစ်ခဲ့သည်။

ဓားနှင့် တခြားအရာများကို ခဏဖယ်ထားဦးတော့ တခြားသော မင်းဆက်များတွင် သာမန်လူများအတွက် ပြင်းထန်စွာ တားမြစ်ထားသော ဒူးလေးများကိုပင် ဆိုလိုသည်။

မင်းမင်းဆက်သည် သာမန်လူများကို ဤပစ္စည်းများကို လွတ်လပ်စွာ ပိုင်ဆိုင်ခွင့် ပေးထားခဲ့သည်။

အခြေခံအားဖြင့် မင်းမင်းဆက်တွင် မင်းအနေဖြင့် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်မထားသရွေ့ အဆင်ပြေမည်ဖြစ်သည်။

အချို့သော ဒေသခံအကြီးအကဲများပင်လျှင် အမှန်တကယ်ပင် အမြှောက်များကို တည်ဆောက်ခဲ့ကြသော်လည်း ဤသည်မှာ ကြီးမားသော ကိစ္စတစ်ခု မဟုတ်ခဲ့ပေ။

သို့သော်လည်း လုယွမ်သည် ဤနေရာတွင် အနီရောင်အမြောက်များကို တည်ဆောက်ရန် ရည်ရွယ်ချက်မရှိပေ။

ယခုအချိန်တွင် သည်ပစ္စည်းက ဘာအသုံးဝင်မှာလဲ။

အနီရောင်အမြောက်တစ်လက်ပင်လျှင် သံကီလိုဂရမ် တစ်ထောင်ကျော် လေးလံလှသည်ပြီး သည်လိုအမြောက်တစ်လက်ကို သွန်းလုပ်ရန် အနည်းဆုံး တစ်လ သို့မဟုတ် နှစ်လခန့် ကြာမြင့်မည်ဖြစ်သည်။

ထို့နောက် သူတို့က ကျည်ဆန်တွေနဲ့ တခြားသော ရှုပ်ပွမှုတွေကို ဖြေရှင်းရဦးမည်ဖြစ်သည်။

အထူးသဖြင့် အမြှောက်တစ်လက်တည်းက မီးစွမ်းအားကို မတားဆီးနိုင်ပေ။

၎င်းတို့ကို သုံးလက် သို့မဟုတ် ငါးလက်ခန့် စုစည်းနိုင်မှသာ အလုပ်ဖြစ်မည်ဖြစ်သည်။

လုယွမ်အနေဖြင့် အမှန်တကယ်ပင် အနီရောင်အမြောက် သုံးလက် သို့မဟုတ် ငါးလက်ခန့်ကို တည်ဆောက်ပြီးစီးမည့် အချိန်သည် ဘယ်သောအခါ ဖြစ်မည်နည်း။

ထိုအချိန်ကျလျှင် အချိန်မီတော့မည် မဟုတ်ပေ။

လုယွမ်က ခေါင်းကို အနည်းငယ်မော့ကာ လေးနက်သောအမူအရာရှိနေသော အိမ်တော်ထိန်းအိုကြီးကို ပြုံးပြလိုက်သည်။

“ကျုပ်က အနီရောင်အမြောက်ကို တည်ဆောက်ချင်တယ်လို့ ဘယ်တုန်းက ပြောခဲ့လို့လဲ...”

အိမ်တော်ထိန်းအိုကြီးကမူ ကြောင်အသွားခဲ့ရသည်။

“ဒါဆိုရင် အဲဒီအရာက ဘာလဲ”

“ကျုပ်ပြောနေတာက မော်တာတွေအကြောင်းပါ...”

All Chapters