အခန်း ၁၉၄
Vol. 20 Ch. 194
အခန်း (၁၉၄)
သူတို့၏ နေထိုင်စရာ အိမ်ရာများအတွက် သူ စိုးရိမ်နေရန် လိုအပ်ပါဦးမည်လား။
ထို့နောက် ဤနည်းလမ်းအတိုင်းပင် ရွှီပေါ်အန်းသည် မလှမ်းမကမ်းရှိ နံရံတစ်လျှောက်တွင် နောင်အခါ၌ ရေချိုးရန် အတွက် အနည်းငယ် နိမ့်ပါးသော ရေကန်ကြီး နှစ်ခုကို ဆောက်လုပ်ပေးလိုက်လေ၏။
သဘာဝအတိုင်း ရွှီပေါ်အန်းအတွက်မူ မဝေးလှဟု ထင်ရသော်လည်း လူသားငယ်လေးများအတွက်မူ အတော် လေး ဝေးကွာလှသော အကွာအဝေး ဖြစ်ပေသည်။
သို့သော်လည်း ၎င်းသည် တူးဖော်ထားသော ကျင်းနှင့် ပိုမို နီးကပ်သဖြင့် အတော်ပင် ကောင်းမွန်လှပေသည်။
ထို့နောက် ရွှီပေါ်အန်းသည် ဓားတစ်စင်းနှင့် ကော်ဖီဇွန်းတစ်စွန်းကို အသုံးပြုကာ ပထမရေကန်နှင့် နောက်ကွယ်ရှိ ရေကန်နှစ်ခုတို့အကြား ရေမြောင်းများကို ပြုလုပ်ပေးလိုက်ရာ ၎င်းက ပေါင်းစပ်ဒီဇိုင်းတစ်ခုအဖြစ် ဖြစ်ပေါ် သွားခဲ့ရလေသည်။
ဤနည်းလမ်းဖြင့် ပထမရေကန်အတွင်းရှိ ရေများသည် နောက်ကွယ်ရှိ ရေကန်နှစ်ခုအတွင်းသို့ စီးဝင်နိုင်ပြီး သဘာဝအတိုင်း လည်ပတ်မှုစနစ်ကို ရရှိစေခဲ့လေသည်။
ထို့နောက် နောက်ဆုံး ရေကန်နှစ်ခုအတွင်းရှိ ရေများကို လယ်ကွင်းများဆီသို့ လမ်းကြောင်းလွှဲပေးလိုက်၏။
၎င်းက လယ်ကွင်းများအတွင်း ရေသွင်းရန်အတွက် အလွန်တရာ အဆင်ပြေစေခဲ့ပေသည်။
ထို့နောက် ရွှီပေါ်အန်းသည် ရေကန်သုံးခု၏ ထောင့်စွန်းများကို သပ်ရပ်လှပစေရန်အတွက် အနည်းငယ် ပြုပြင် ပေးလိုက်လေ၏။
ဤနည်းလမ်းဖြင့် ရွှီပေါ်အန်း၏ ရေလမ်းကြောင်းလွှဲရေးစီမံကိန်းနှင့် ရေချိုးကန်စီမံကိန်းများအားလုံး ပြီးမြောက် သွားခဲ့ရလေတော့သည်။ နောက်တစ်ဆင့်အနေဖြင့် အင်္ဂတေများ မမာကြောလာသည်အထိ စောင့်ဆိုင်းရန်သာ လိုအပ်ပြီး ရေစိုခံဆေး သုတ်လိမ်းပေးလိုက်ရုံဖြင့် အရာရာ ပြီးဆုံးသွားမည် ဖြစ်ပေသည်။
ရွှီပေါ်အန်း၏ ဤလုပ်ရပ်များမှာ လူသားငယ်လေးများ၏ အာရုံစိုက်မှုကို သဘာဝအတိုင်း ဆွဲဆောင်မိသွား ခဲ့ရလေသည်။
“ကြည့်ကြစမ်းပါဦး...၊ တောင်စောင့်နတ်မင်းဘိုးဘိုးကြီးက တန်ခိုးပြာဋိဟာပြနေပြန်ပြီ...။”
“အိုး...၊ ဒါက ကောင်းကင်ပြင်ဖာထေးတဲ့ နတ်မြေစေးပဲ...။”
“တကယ်ပဲ...၊ မနေ့ကထက်တောင် ပိုပြီး များပြားနေသေးတယ်...။”
“အိုး...၊ ငါတို့ဆီမှာ ကောင်းကင်ပြင်ဖာထေးတဲ့ နတ်မြေစေးအချို့ ကျန်ရှိနေသေးတယ်...၊ အဲဒါတွေကို မြေပြင်ကို သန့်စင်ဖို့အတွက် အသုံးပြုရင် ဘယ်လိုလဲ...။”
“တကယ့်ကို ကောင်းမွန်လှမှာပဲ...၊ မင်း ဟိုဘက်က မြို့ရိုးပေါ်က မြေပြင်ကို မမြင်ဖူးဘူးမလား...။ အလွန်တရာ သန့်ရှင်းနေပြီး ဖုန်မှုန့်တစ်စိမျှပင် မရှိဘဲ ထိန်းသိမ်းရတာလည်း အလွန် လွယ်ကူတယ်...။”
“ငါတို့ တောင်စောင့်နတ်မင်းကြီးကို လျှောက်တင်ကြည့်ရင် ဘယ်လိုလဲ...။”
“ရွာလူကြီး...၊ ဘယ်လိုထင်လဲ...။”
လီခန့်ရှန်းသည် ဝေးကွာလှသော မြို့ရိုးထက်သို့ အားကျစိတ်ဖြင့် ကြည့်ရှုလိုက်ပြီး ခေါင်းညိတ်ပြလိုက်လေသည်။
ထို့နောက် သူတို့သည် တောင်စောင့်နတ်မင်း နတ်ကွန်းရှိရာဘက်သို့ ဦးတည်၍ ဒူးထောက်လိုက်ကြပြီး ဆုတောင်း ပတ္ထနာပြုလိုက်ကြလေသည်။
“တောင်စောင့်နတ်မင်းကြီး...၊ ကျွန်တော်မျိုးတို့က ကျန်ရှိနေတဲ့ နတ်မြေစေးတွေကို အသုံးပြုပြီး ဤမြေပြင်ကို ပြုပြင်လိုပါတယ်...၊ ကျွန်တော်မျိုးတို့ရဲ့ တောင်းဆိုမှုကို ခွင့်ပြုပေးတော်မူပါ...။”
ရွှီပေါ်အန်းသည် ဤရေကန်သုံးခုကို ပြုပြင်ရန်အတွက် လက်သီးတစ်ဆုပ်ခန့်မျှသာရှိသော အင်္ဂတေကို အသုံးပြုခဲ့ ခြင်း ဖြစ်ပေသည်။
သူ့ထံတွင် အင်္ဂတေ အတော်များများ ကျန်ရှိနေသေးပေသည်။ ဤအရာကို သိမ်းဆည်းထားရန် မလိုအပ်သဖြင့် ရွှီပေါ်အန်းသည်လည်း ကပ်စေးနှဲနေမည် မဟုတ်ချေ။
သူသည် ကျန်ရှိသမျှသော အင်္ဂတေအားလုံးကို မြေနံရံအိမ်ရာ၏ ပြင်ပရှိ ကျယ်ပြန့်သော မြေပြင်ပေါ်သို့ လောင်း ထည့်ပေးလိုက်ပြီး ညွှန်ကြားလိုက်လေသည်။
“ဒါတွေအားလုံးက မင်းတို့အတွက်ပဲ...၊ ဒါပေမဲ့ တတ်နိုင်သမျှ မြန်မြန် အသုံးပြုကြနော်...။ မဟုတ်ရင် နောက်ပိုင်း မာကြောသွားခဲ့ရင် ကိုင်တွယ်ရခက်လိမ့်မယ်...။”
ရွှီပေါ်အန်းအတွက်မူ ၎င်းက အင်္ဂတေအနည်းငယ်မျှသာဖြစ်သော်လည်း လူသားငယ်လေးများအတွက်မူ တောင်ငယ် တစ်လုံးကဲ့သို့ ကြီးမားလှပေသည်။
ချက်ချင်းပင် ခေါင်ရှန်းရွာသားအားလုံးသည် စိတ်အားထက်သန်စွာဖြင့် စတင် လုပ်ကိုင်ကြလေတော့သည်။
ရွှီပေါ်အန်းသည် တောင်စောင့်သားရဲမွေးပွနတ်ငယ်လေးအား ထပ်မံကြည့်ရှုလိုက်လေသည်။ ထိုကောင်လေး သည် တောင်တန်းများကြား လှည့်လည်သွားလာနေခဲ့ပေသည်။ ကြည့်ရသည်မှာ ၎င်းက အမဲလိုက်နေပုံရ၏။
ရွှီပေါ်အန်းသည် ချက်ချင်းပင် အသားအချို့ကို ယူဆောင်လိုက်ပြီး ဆိုလိုက်၏။
“မင်းရဲ့ ကူညီမှုအတွက် ဆုလာဘ်အနေနဲ့ ဒီမွှေးရနံ့သာအသားကို မင်းကို ဆုချပါ့မယ်...။”
ပြောရင်းဆိုရင်းဖြင့် သူသည် ဝက်ဦးခေါင်းသားအပိုင်းအစငယ်တစ်ခုကို ဝက်ဝံညိုကြီး၏ ရှေ့တွင် ချထားပေး လိုက်လေသည်။
ဝက်ဝံညိုကြီးသည် ရွှီပေါ်အန်း၏ စကားကို ကြားကတည်းက သွားရည်များ ကျဆင်းနေခဲ့ချေပြီ။ သူ၏ရှေ့မှ ဧရာမ အသားတုံးကြီးကို မြင်တွေ့လိုက်ရချိန်တွင်မူ ၎င်းသည် ချက်ချင်းပင် ခုန်အုပ်လိုက်ပြီး စားသောက်ကာ ကျေနပ်ဖွယ်ကောင်းသော အသံများကို ရံဖန်ရံခါ ထုတ်ဖော်နေခဲ့လေတော့သည်။
“မွှေးလိုက်တာ...တော်တော်မွှေးတာပဲ...။”
ရွှီပေါ်အန်းသည် တောင်စောင့်သားရဲလေးအား ကြည့်ရှုရင်း ကျေနပ်နေစဉ်မှာပင် သူ၏ ရုံးခန်းမှဖုန်းသံ ထွက်ပေါ်လာခဲ့လေသည်။
၎င်းမှာ အစည်းအဝေးတက်ရောက်ရန် အကြောင်းကြားခြင်းဖြစ်သဖြင့် ရွှီပေါ်အန်းသည် ဘွန်ဆိုင်းကို သိမ်းဆည်း လိုက်ပြီး သူ၏ ဘောပင်နှင့် မှတ်စုစာအုပ်ကို ယူဆောင်ကာ ဗီဒီယိုအစည်းအဝေးခန်းမဆီသို့ လျှောက်လှမ်းသွား ခဲ့လေ၏။
အစည်းအဝေး ပြီးဆုံးသွားချိန်တွင် တစ်နာရီခွဲခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ပေသည်။
ဘွန်ဆိုင်းကမ္ဘာအတွင်းသို့ ထပ်မံကြည့်ရှုလိုက်ချိန်၌ လူသားငယ်လေးများသည် မြေနံရံအိမ်ရာအတွင်းရှိ ဝိုင်းဝန်း သော ရင်ပြင်အား မာကြောအောင် ပြုလုပ်ပြီးရုံတင်မကဘဲ ကျန်ရှိနေသော အင်္ဂတေများကို အသုံးပြု၍ အိမ်ပုံ သဏ္ဌာန်ရှိသော အရာတစ်ခုကို ဆောက်လုပ်ရန် ကြိုးပမ်းနေကြသည်ကို မြင်တွေ့လိုက်ရ၏။
ထိုလူသားငယ်လေးများသည် သစ်သားပြားများဖြင့် ပုံစံခွက်များ ပြုလုပ်နေကြပြီး နံရံတစ်ဝက်ခန့်အပြီး ဆောက် လုပ်ပြီးစီးနေခဲ့ကြပြီ ဖြစ်ပေသည်။ ၎င်းက သူတို့သည် အင်္ဂတေသုံးစွဲပုံကို အခြေခံအားဖြင့် ကျွမ်းကျင်သွားခဲ့ကြ ပြီဖြစ်ကြောင်း ဖော်ပြနေပေသည်။
ဘေးဘက်ရှိ အုတ်တံတိုင်းနိမ့်လေးတစ်ခုမှာလည်း ရင်ပြင်ပုံစံအတိုင်း ပေါ်ထွက်လာခဲ့ပြီ ဖြစ်၏။
ဤလူသားငယ်လေးများ၏ တိုးတက်မှုကို မြင်တွေ့ရသဖြင့် ရွှီပေါ်အန်းသည် အတော်ပင် ကျေနပ်မိခဲ့လေသည်။ သူသည် စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေစဉ်မှာပင် ဆောက်လုပ်ပြီးစီးခါစ အုတ်တံတိုင်းကြီးမှာ ရုတ်တရက် ပြိုကျသွားခဲ့ရလေတော့သည်။
ကံကောင်းလှစွာပင် ဘေးနားရှိ အလုပ်လုပ်ကိုင်နေကြသော လူသားငယ်လေးနှစ်ဦးမှာ အချိန်မီ ရှောင်တိမ်းနိုင်ခဲ့ သဖြင့် ပိမိသွားခြင်း မရှိခဲ့ကြချေ။
“ဘုရားရေ...၊ အုတ်တံတိုင်း ပြိုကျသွားပြီ...။”
“ငါ အမြန်ပြေးခဲ့လို့ တော်သေးတာပေါ့...၊ မဟုတ်ရင်တော့ သေချင်သေသွားနိုင်တယ်...။”
“ဘယ်လိုဖြစ်လို့ ခုလိုမျိုး ဖြစ်ရတာလဲ...၊ ကောင်းကင်ပြင်ဖာထေးတဲ့ နတ်မြေစေးက ဒီလောက်အထိ ခိုင်မာပြီး စေးကပ်လှတာကို ဘာဖြစ်လို့ ပြိုကျသွားရတာလဲ...။”
ပြန့်ကျဲနေသော အင်္ဂတေများကို ကြည့်ရင်း ဤလူသားငယ်လေးများ ဆောက်လုပ်ထားသော နံရံများတွင် မည် သည့် ထောက်တိုင်မျှ မပါဝင်ဘဲ ဤအတိုင်းသာ ပုံဖော်ထားခြင်းဖြစ်ကြောင်း ရွှီပေါ်အန်း နားလည်သွားခဲ့ရ လေသည်။
ဤသို့ ပြုလုပ်၍ မရနိုင်ချေ... ထောက်တိုင်မပါဝင်သော အင်္ဂတေနံရံများမှာ မတ်မတ်ရပ်တည်ရန် အလွန် ခက်ခဲလှပေသည်။
“မင်းတို့က နံရံတွေထဲမှာ ထောက်တိုင်အချို့ ထည့်သွင်းရမယ်...။ သတ္တုဆိုရင် အကောင်းဆုံးပေါ့...၊ အဲဒါမှ မရှိရင်လည်း သစ်သားချောင်းလေးတွေ ထည့်ရင် ရပါတယ်...။”
ဘာပဲဖြစ်ရှိရှိ အိမ်၏အမြင့်မှာ သုံးလေးစင်တီမီတာခန့်သာ ရှိသဖြင့် သစ်သားချောင်းလေးများဖြင့်ပင် လုံလောက် လှပေသည်။
ပြောရင်းဆိုရင်းဖြင့် ရွှီပေါ်အန်းသည် မလှမ်းမကမ်းရှိ နံရံလှေကားထံသို့ လှမ်းကြည့်လိုက်လေသည်။
ဤကိစ္စရပ်အတွက် စက္ကူညှပ်ကတ္တူးလေးများကို အသုံးပြုပါက အလွန်တရာ သင့်လျော်လိမ့်မည် မဟုတ်ပါ လား။
ဤသို့ တွေးတောမိပြီးနောက် ရွှီပေါ်အန်းသည် စားပွဲဆွဲံအံဆွဲအတွင်းမှ စက္ကူညှပ်ကတ္တူးအချို့ကို ထုတ်ယူလိုက် ပြီး ညှပ်ပလာယာလေးဖြင့် အပြားလိုက် ဖြန့်လိုက်ကာ လူသားငယ်လေးများ၏ ရှေ့တွင် ချထားပေးလိုက်လေ သည်။
“ဒီအရာတွေကို အတွင်းထဲမှာ ထည့်သွင်းလိုက်ရုံပါပဲ...။”
လူသားငယ်လေးများအားလုံးသည် ဒူးထောက်လိုက်ကြပြီး ကျေးဇူးတင်စကား ဆိုလိုက်ကြလေတော့သည်။
ရွှီပေါ်အန်းအနေဖြင့်လည်း စိတ်ထဲတွင် အလွန်တရာ ကျေနပ်ဝမ်းမြောက်မိခဲ့ရလေသည်။
ဤလူသားငယ်လေးများတွင် ဤကဲ့သို့သော စွမ်းရည်များ ရှိနေမှတော့ နောင်အခါတွင် သူတို့၏ နေထိုင်စရာ အိမ်ရာများအတွက် သူ စိုးရိမ်နေရန် လိုအပ်ပါဦးမည်လား။
သူတို့အတွက် အင်္ဂတေအချို့ ပေးအပ်လိုက်ပြီး ကိုယ်ပိုင်အိမ်များကို ကိုယ်တိုင် ဆောက်လုပ်စေရုံဖြင့် လုံလောက် လှပေသည် မဟုတ်ပါလား။
ရွှီပေါ်အန်းသည် စိတ်လှုပ်ရှားစွာဖြင့် အလုပ်လုပ်ကိုင်နေကြသော လူသားငယ်လေးများအား ကျေနပ်စွာ စောင့် ကြည့်နေစဉ်မှာပင် ဖုန်းသံ ထွက်ပေါ်လာခဲ့ပြန်လေသည်။
၎င်းမှာ စုန့်ကျိချိုးထံမှ ဖုန်းခေါ်ဆိုမှု ဖြစ်ပေသည်။
“ဟဲလို...၊ မစ္စတာရွှီ...၊ အလုပ်ရှုပ်နေပါသလား...။”
ရွှီပေါ်အန်းက ပြုံးလျက် ပြန်လည် ဖြေကြားလိုက်၏။
“မရှုပ်ပါဘူး...၊ ငါ့ဘက်က ကူညီပေးရမယ့် ကိစ္စရှိလို့လား မစ္စတာစုန့်...။”
စုန့်ကျိချိုးက ယဉ်ကျေးစွာဖြင့် ဆိုလိုက်လေသည်။
“ဥက္ကဋ္ဌရွှီ... အခြေအနေက ဒီလိုပါ...။ ငါ့ရဲ့ အစ်ကို ပြန်ရောက်လာပြီမလို့ မင်း အရင်က ခိုင်းစေထားတဲ့ ကိစ္စတွေ အကြောင်း သူ့ကို ပြောပြထားပါတယ်...။ မင်းတို့နှစ်ယေက် ဘယ်အချိန် ဆုံပြီး စကားပြောချင်လဲ...၊ ငါ လိုက်ပြီး ဧည့်ခံပါ့မယ်...။”
ရွှီပေါ်အန်းမှာ အတော်ပင် အံ့အားသင့်သွားခဲ့ရလေသည်။ စုန့်ကျိချိုးသည် ယခင်က သူ၏ အစ်ကိုဖြစ်သူမှာ ပြည်ပ သို့ ရောက်ရှိနေသဖြင့် ပြန်လာရန် တစ်ပတ်ခန့် ကြာမြင့်မည်ဟု ပြောဆိုထားဖူးသောကြောင့် ဖြစ်၏။
“ဪ...၊ မင်းရဲ့ အစ်ကိုက ပြန်လာဖို့ တစ်ပတ်လောက် ကြာဦးမယ် မဟုတ်ဘူးလား...။”
စုန့်ကျိချိုးက ရှင်းပြလိုက်လေသည်။
“ဟုတ်ပါတယ်...၊ ငါ့အစ်ကိုက သူတို့ဆီကို အမှာစာ သွားပို့တာပါ...။ ဘာပဲဖြစ်ဖြစ် ဒါက ပထမဦးဆုံး ပူးပေါင်း ဆောင်ရွက်မှုဖြစ်တာမို့လို့ ငါ့အစ်ကိုက ကိုယ်တိုင် သွားပြီးစီစဉ်တာက ပိုပြီး စိတ်ချရတယ်လို့ စဉ်းစားခဲ့မိလို့ ပါ...။”
“အစကတော့ တစ်ဖက်လူက ပစ္စည်းတွေကို စစ်ဆေးဖို့အတွက် အတော်လေး ရှုပ်ထွေးလိမ့်မယ်လို့ ထင်ခဲ့တာ...၊ အခုလိုမျိုုး သေသပ်လှပတဲ့ လက်ရာတွေက လိုအပ်ချက် အလွန် မြင့်မားလေ့ရှိသလို တစ်ဖက်လူကလည်း အရည်အသွေးနဲ့ အရေအတွက်ကို အာမခံရမယ်လို့ သတိပေးထားဖူးလို့ပါ...။ ဒါပေမဲ့ အံ့ဩစရာကောင်းတာက
ငါ့အစ်ကို ရောက်သွားတဲ့အချိန်မှာ သူတို့က ပစ္စည်းတွေကို တစ်ချက်တောင် ကြည့်ရှုခြင်းမရှိဘဲ ချက်ချင်း လက်ခံ လက်မှတ်ထိုးပေးလိုက်ကြတယ်...။ အလွန်တရာ အဆင်ပြေချောမွေ့ခဲ့ရုံတင်မကဘဲ ငါ့အစ်ကိုဆီကို နောက်ထပ် အမှာစာ အများကြီး ထပ်ပြီး ပေးအပ်ခဲ့ကြတယ်လေ...။ ဒါကြောင့် ငါ့အစ်ကိုလည်း ချက်ချင်း ပြန်လာခဲ့ပြီး နောက် ထပ် ပစ္စည်းတွေကို ဆက်လက် ထုတ်လုပ်ဖို့ ပြင်ဆင်နေကြတာပါ...။”
စုန့်ကျိချိုး၏ အစ်ကိုသည် ပြည်ပသို့ တင်ပို့ရန်အတွက် သေသပ်လှပသော မော်ဒယ်ငယ်လေးများကို ထုတ်လုပ် နေသူဖြစ်ကြောင်း ရွှီပေါ်အန်း ပြန်လည်သတိရသွားခဲ့ပြီး ချက်ချင်းပင် ရယ်မောလျက် ဆိုလိုက်၏။
“အခုထက် ကောင်းတဲ့အချိန် မရှိတော့ဘူး...။ ငါတို့ အခုပဲ ဆုံတွေ့ကြတာပေါ့...။”
စုန့်ကျိချိုးက၊
“ကောင်းပါပြီ...၊ အဲဒီလိုဆိုရင်တော့ ရွိုင်ရယ်ဒိုင်နက်စတီဟိုတယ်မှာပဲ ဆုံတွေ့ကြတာပေါ့...။”