အခန်း ၁၉၆
Vol. 20 Ch. 196
အခန်း (၁၉၆)
ကရိယာတန်ဆာပလာများအဆင့်မြှင့်တင်ခြင်း
ရွှီပေါ်အန်းသည် သူ၏ သေးငယ်သော ပန်းပုလုပ်ငန်းအပေါ် နားလည်မှုလွဲမှားသွားမည်ကို စိုးရိမ်သဖြင့် စုန့်ကျိရှား က ပျာပျာသလဲ ရှင်းပြလိုက်လေသည်။
“ငါ ပြောတာက အမြောက်အမြား ထုတ်လုပ်တဲ့ စက်မှုပစ္စည်းတွေကို ပြောတာပါ...၊ တကယ့် ပန်းပုလက်ရာ တွေ ကတော့ စုဆောင်းသိမ်းဆည်းဖို့အတွက် ဖြစ်ပြီး ငါတို့ ကျောင်းတုန်းက သင်ယူခဲ့ရတဲ့ သင်ခန်းစာထဲက ‘ပန်းပုလှေ ငယ်’ လိုမျိုး လက်ရာမျိုးပါ...။ ကျွမ်းကျင်တဲ့ ပညာရှင်တစ်ဦးက သစ်သီးစေ့လေးတွေကို အသုံးပြုပြီး တစ်နေကုန် အောင် အားစိုက်ထုလုပ်ရတာပါ...။ သာမန် သစ်သားကို အသုံးပြုမယ်ဆိုရင်တောင် ဈေးနှုန်းက ယွမ်တစ်ထောင် ကျော်အထိ ရှိပါတယ်...။”
ရွှီပေါ်အန်းသည် ထိုအကြောင်းအရာအပေါ် စိတ်ဝင်စားခြင်းမရှိဘဲ စက်မှုထုတ်လုပ်ရေးလုပ်ငန်းအပေါ်သာ ဆက် လက် မေးမြန်းလိုက်လေသည်။
“အကယ်၍ ဒီကိရိယာတွေကို သံမဏိကဲ့သို့သော သတ္တုတွေနဲ့ ပြုလုပ်မယ်ဆိုရင် မင်းတို့ဘက်က အလွယ်တကူ ထုတ်လုပ်နိုင်မယ်မဟုတ်ဘူးလား...။”
“သေချာတာပေါ့...၊ တကယ်လို့များ လိုအပ်ချက်က သိပ်ပြီး မမြင့်မားဘူးဆိုရင် ကွန်ပျူတာပေါ်မှာ ပုံစံဖော်လိုက် ပြီး စက်တွေကို ဖွင့်လိုက်တာနဲ့ ချက်ချင်း အမြောက်အမြား ထုတ်လုပ်နိုင်ပါတယ်...။”
ဤစကားကို ကြားရသောအခါ ရွှီပေါ်အန်းသည် အနည်းငယ် စိတ်အေးသွားခဲ့ရလေသည်။ အကယ်၍ ဤမျှအထိ ရိုးရှင်းလှပါက နောင်အခါတွင် သူကိုယ်တိုင် စက်ရုံတစ်ရုံ တည်ဆောက်ရန်အတွက် အလွန်တရာ အဆင်ပြေစေ လိမ့်မည် ဖြစ်၏။
ဘာပဲဖြစ်ဖြစ် စုန့်ကျိရှား၏ နည်းပညာများမှာ ရင့်ကျက်လှသော်လည်း သူကိုယ်တိုင် ပစ္စည်းအများအပြားကို သီးသန့် အော်ဒါမှာယူပါက တစ်ဖက်လူ၏ သံသယကို ဖြစ်ပေါ်စေလိမ့်မည် ဖြစ်ပေသည်။
သူသည် ပြည်ပမှ ဆန်းကြယ်လှသော ဝယ်ယူသူတစ်ဦးအဖြစ် ဟန်ဆောင်လိုခြင်း မရှိချေ။
စုန့်ညီအစ်ကိုများသည် သူ၏ နောက်ခံအခြေအနေများကို သိရှိထားကြသဖြင့် ရွှီပေါ်အန်းသည် မိမိကိုယ်မိမိ ပြဿနာ မရှာမိစေရန် လိုလားပေသည်။
သဘာဝအတိုင်း အလွန် သေသပ်လှသော ပစ္စည်းငယ်လေးများနှင့် ပတ်သက်လာပါက စုန့်ကျိရှားအား ကိုင်တွယ် ခိုင်းရန် လိုအပ်ပေသည်။
ဥပမာအားဖြင့် သာမန်လူများကို စက်မှုထုတ်လုပ်ထားသော လက်နက်များနှင့် ကိရိယာများ ပေးအပ်နိုင်သော် လည်း နောင်အခါ၌ အဆင့်မြင့်လူများနှင့် ဆုံတွေ့ရသဖြင့် သူတို့နှင့် မိတ်ဆွေဖွဲ့ရန် လိုအပ်ပါက ဆန်းကြယ်ကာ ထူးခြားဆန်းသစ်လှသော အရာများကို ပေးအပ်မှသာ ပိုမို ကောင်းမွန်သော ရလဒ်ကို ရရှိစေလိမ့်မည် ဖြစ်ပေ သည်။
မကြာမီ ရွှီပေါ်အန်းနှင့် ကျန်ရှိသောလူများ၏ ဆုံတွေ့မှုမှာ ပြီးဆုံးသွားခဲ့လေသည်။ ရွှီပေါ်အန်းသည် မူလက သူ ကိုယ်တိုင် ငွေချေရန် ရည်ရွယ်ထားသော်လည်း စုန့်ကျိချိုးက ငွေချေပြီးသားဖြစ်သည်ကို တွေ့ရှိလိုက်ရ၏။
“အို...၊ တကယ်တော့...။ ဧည့်သည်တော်ဖြစ်တဲ့ မစ္စတာစုန့်အတွက် ကြိုဆိုပွဲညစာကို ငါကပဲ ဧည့်ခံသင့်တာပါ...။ မစ္စတာစုန့်ကို တကယ့်ကို အားနာစရာ ဖြစ်သွားပါပြီ...။”
စုန့်ကျိချိုးသည် သူ၏ အစ်ကိုဖြစ်သူမှာ ပြည်နယ်မြို့တော်၌ အခြေချနေထိုင်သူဖြစ်ကြောင်း ပြောဆိုခဲ့ဖူးသည်ကို ရွှီပေါ်အန်း ပြန်လည်သတိရမိခဲ့လေသည်။
“မစ္စတာရွှီက အလွန် ယဉ်ကျေးလွန်းလှပါတယ်...၊ တကယ်တော့ ဒီဆုံတွေ့မှုကို ငါကပဲ စီစဉ်ခဲ့တာပါ...။”
စုန့်ကျိချိုးက ပြုံးလျက် ဆိုလိုက်၏။
ဤညစာမှာ ဈေးမနည်းလှသော်လည်း မည်သူနှင့် အတူတကွ စားသောက်ရသည်အပေါ်၌ မူတည်ပေသည်။ ရွှီပေါ်အန်း ကဲ့သို့သော အလားအလာရှိသည့် ဝယ်ယူသူကောင်းတစ်ဦးနှင့် စားသောက်ရခြင်းဖြစ်ရာ နောင်အခါ တွင် စီးပွားရေးအချို့ ရရှိခဲ့ပါက ဤညစာစရိတ်ကို အလွယ်တကူ ပြန်လည်ရရှိနိုင်မည် ဖြစ်ပေသည်။
သူတို့အဖွဲ့သည် စကားပြောဆိုရင်း နောက်ဖေးဘက်ရှိ ကားပါကင်ကွင်းဆီသို့ လျှောက်လှမ်းလာခဲ့ကြလေသည်။
ရွိုင်ရယ်ဒိုင်နက်စတီဟိုတယ်မှာ တုန်းကျန်းမြို့၌ အကောင်းဆုံးဟိုတယ်ဖြစ်သော်လည်း တုန်းကျန်းမြို့သည် အလွ န် ကြီးကျယ်လှသော မြို့ပြကြီးတစ်ခု မဟုတ်သဖြင့် ကားပါကင် ဝန်ဆောင်မှုစနစ်များစွာ မရှိချေ။
သဘာဝကျစွာပင် ဤနေရာ၌ ဆုကြေးငွေ ပေးအပ်သည့် အလေ့အထ မရှိခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။
စုန့်ကျိရှားသည် ဖို့စ်ဝက်ဂွန် ပါးဆက် အမျိုးအစား ကားတစ်စီးကို မောင်းနှင်ခြင်းဖြစ်ပြီး ၎င်းမှာ ရိုးရှင်းလှသော် လည်း အတော်လေး တင့်တယ်လှပလှပေသည်။
ကားအနားသို့ လျှောက်လှမ်းသွားပြီးနောက် စုန့်ကျိရှားသည် လက်ပ်တော့ပ်အိတ်ခန့် အရွယ်အစားရှိသော ကင်းဗတ်အိတ်တစ်အိတ်ကို ကားနောက်ဖုံးအတွင်းမှ ထုတ်ယူလိုက်ပြီး ရွှီပေါ်အန်းအား ပေးအပ်လိုက်ရင်း ပြောလိုက်လေ၏။
“မစ္စတာရွှီ...၊ မင်း လိုလားသမျှ ပစ္စည်းတွေအားလုံး ဒီထဲမှာ ရှိပါတယ်...။ အိုးခွက်တွေ၊ ပေါက်ပြားငယ်တွေနဲ့ ပုဆိန်ငယ်လေးတွေ ပါတယ်...။ ငါ အစက ဝယ်ယူသူတွေဆီကို ရောင်းချဖို့ ပြင်ဆင်ထားပေမဲ့ သူတို့ဘက်က မလိုအပ်တော့လို့ပါ...။ ဘာပဲဖြစ်ဖြစ် ဒါက ငါ့ရဲ့ အားစိုက်မှုလက်ရာဖြစ်လို့ လွှင့်ပစ်ဖို့ နှမြောတာနဲ့ ပြန်ယူလာခဲ့ တာပါ...။”
ဤစကားကို ကြားရသောအခါ ရွှီပေါ်အန်းသည် အလွန်တရာ ဝမ်းမြောက်သွားခဲ့ရလေသည်။ ဤပစ္စည်းများနှင့် အတူ ဘွန်ဆိုင်းကမ္ဘာအတွင်းရှိ ခေါင်ရှန်းရွာသည် ကြီးကျယ်လှသော ပြောင်းလဲမှုတစ်ရပ်ကို ကြုံတွေ့ရတော့မည် ဖြစ်ပေသည်။
ယေဘုယျအားဖြင့် ပြောရမည်ဆိုပါက လူသားနှင့် တိရစ္ဆာန်တို့အကြား အကြီးမားဆုံး ကွဲပြားခြားနားချက်မှာ လူသားသည် ကိရိယာတန်ဆာပလာများကို အသုံးပြုနိုင်ခြင်း ဖြစ်ပေသည်။
ကောင်းမွန်လှသော ထုတ်လုပ်မှုကိရိယာများ တည်ရှိခြင်းကြောင့် လူသားများသည် ပိုမို ကောင်းမွန်စွာ ဖွံ့ဖြိုး တိုးတက်လာနိုင်ပြီး တိုးတက်မှုများကို ရရှိစေနိုင်ပေသည်။
သေးငယ်သော အတိုင်းအတာအရ အနည်းဆုံးတော့ ကျင်းတာ့ကျန့်နှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များ၏ လုပ်ငန်း သုံး ကိရိယာများကို နောက်ဆုံးတွင် အသစ် ပြောင်းလဲနိုင်တော့မည် ဖြစ်ပေသည်။
စုန့်ကျိရှားအား နှုတ်ဆက်လိုက်ပြီးနောက် ရွှီပေါ်အန်းသည် အိမ်သို့ ပြန်ရန် မစောင့်နိုင်တော့ချေ။
ဤနေရာမှာ သူ၏ အိမ်နှင့် ပိုမို နီးကပ်သဖြင့် ရွှီပေါ်အန်းသည် ဝေးကွာလှသော အလုပ်ခွင်ဆီသို့ မသွားတော့ဘဲ အိမ်သို့သာ တန်း၍ ပြန်လည်မောင်းနှင်ခဲ့လေသည်။
ရွှီပေါ်အန်းသည် ကင်းဗတ်အိတ်ကို ဖွင့်လှစ်လိုက်ချိန်တွင် သူ၏ မျက်နှာပေါ်၌ ကျေနပ်ဝမ်းမြောက်မှု အပြည့် ပေါ်ထွက်လာခဲ့ရလေသည်။
ကင်းဗတ်အိတ်အတွင်း၌ သံမဏိဖြင့် ပြုလုပ်ထားသော ကိရိယာငယ် အမျိုးအစား နှစ်ဆယ်ကျော်ခန့် ရှိနေပြီး ၎င်းတို့ကို ပွင့်လင်းမြင်သာသော အိတ်ငယ်လေးများအတွင်း သေသပ်စွာ ထည့်သွင်းထားခဲ့ပေသည်။
ထိုကိရိယာငယ်လေးများမှာ ဆန်စေ့ခန့် အရွယ်အစားသာ ရှိသဖြင့် ရွှီပေါ်အန်း၏ ကောင်းမွန်လှသော အမြင် အာရုံဖြင့်သာ မြင်တွေ့နိုင်ပြီး မဟုတ်ပါက သေသဲကွဲကွဲ မြင်တွေ့နိုင်ရန် ပုံကြီးချဲ့မှန်ဘီလူး လိုအပ်ပေလိမ့်မည်။
၎င်းထဲတွင် အိုးခွက်များသာမက ပေါက်ပြားများ၊ ပုဆိန်များ၊ တူများနှင့် သံချောင်းငယ်လေးများကဲ့သို့သော ကိရိယာငယ်များစွာ ပါဝင်ပေသည်။ တူငယ်အမျိုးအစားတင် ငါးမျိုး ခြောက်မျိုးခန့် ရှိနေခဲ့၏။
ရွှီပေါ်အန်းသည် ပိုမိုကြည့်ရှုလေလေ ဤအမှာစာများကို မှာယူခဲ့သော ပြည်ပမှ ဝယ်ယူသူများသည်လည်း သူနှင့် တူညီသော လိုအပ်ချက်များ ရှိနေကြကြောင်း ခံစားမိလေလေ ဖြစ်ပေသည်။
ဤသို့ တွေးတောမိလိုက်ချိန်တွင် ရွှီပေါ်အန်းသည် စိုးရိမ်ပူပန်မှု တဖန် ဖြစ်ပေါ်လာခဲ့ရပြန်သည်။ သူသည် ဘွန်ဆိုင်းကို ထုတ်ယူလိုက်ပြီးနောက် တောင်စောင့်နတ်မင်း နတ်ကွန်းအတွင်း အလုပ်ရှုပ်နေသော ကျင်းတာ့ကျန့် အား ညွှန်ကြားလိုက်လေသည်။
“ကျင်းတာ့ကျန့်... ဘယ်လောက်အထိ ပြီးစီးသွားပြီလဲ...။”
ရွှီပေါ်အန်း၏ စကားသံကို ကြားရသောအခါ သစ်သားတုံးပေါ်၌ အားစိုက်လုပ်ကိုင်နေသော ကျင်းတာ့ကျန့်သည် ပျာပျာသလဲ မြေပြင်ပေါ်သို့ ဒူးထောက်လိုက်လေသည်။ သူသည် သူ၏ မျက်နှာပေါ်မှ ချွေးများကိုပင် သုတ်ရန် အချိန်မရဘဲ ရိုသေစွာဖြင့် လျှောက်တင်လိုက်လေ၏။
“တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးတော်မူပါ...။ အခုအချိန်မှာ ကိရိယာတန်ဆာ ပလာတွေက သိပ်ပြီး မပြည့်စုံလှလို့ ပြီးစီးဖို့အတွက် ရက်အနည်းငယ် ထပ်ပြီး လိုအပ်ပါသေးတယ်...။ ကျွန်တော် မျိုးတို့ကို စျေးကိုသွားပြီး ဝယ်ယူဖို့အတွက် လူလွှတ်ထားပါတယ်...။ ကိရိယာတွေ ရောက်လာတာနဲ့ အမြန်ဆုံး ပြီးစီးအောင် လုပ်ဆောင်ပါ့မယ်...။”
ရွှီပေါ်အန်းသည် ပုဆိန်ငယ်အချို့ကို သူ၏ လက်ဖြင့် ကောက်ကိုင်လိုက်ရာ သူ၏ အရေပြားပေါ်တွင် စူးရှသော ခံစားချက်ကို ရရှိလိုက်ရလေသည်။
ခေတ္တမျှ စဉ်းစားပြီးနောက် ရွှီပေါ်အန်းသည် ကော်ဖီဇွန်းတစ်စွန်းကို ထုတ်ယူလိုက်ပြီး ပုဆိန်ငယ်လေးများ ထည့် သွင်းထားသော ပလတ်စတစ်အိတ်ငယ်အတွင်းမှ ပုဆိန် ဆယ်လက်ကျော်ခန့်ကို ဇွန်းဝက်ခန့် ခပ်ယူလိုက် လေသည်။
ထို့နောက် သူသည် ထိုကော်ဖီဇွန်းအား ဘွန်ဆိုင်းကမ္ဘာအတွင်းသို့ ဂရုတစိုက် ထည့်သွင်းလိုက်ပြီး လက်ကို အနည်းငယ်မျှပင် တုန်ယင်ခြင်း မရှိစေရန် သတိထားလိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် ပုဆိန်တစ်လက် မတော်တဆ ပြုတ်ကျသွားပြီး လူတစ်ဦးတစ်ယောက်အား ထိမှန်သွားပါက ဆိုးရွားနိုင်သောကြောင့် ဖြစ်၏။
မကြာမီ ရွှီပေါ်အန်းသည် ထိုဆယ်လက်ကျော်သော ပုဆိန်ငယ်လေးများကို ကျင်းတာ့ကျန့်၏ ရှေ့တွင် အဆင် ပြေချောမွေ့စွာ ချထားပေးလိုက်လေသည်။
“ကျင်းတာ့ကျန့်...၊ ဒါကို ကြည့်စမ်းပါဦး...။”
ကျင်းတာ့ကျန့်သည် ရုတ်တရက် ပေါ်ထွက်လာသော ငွေရောင် တောက်ပလှသည့် ပုဆိန်ငယ်လေးများကို မြင် တွေ့လိုက်ရချိန်တွင် ကြက်သေ သေသွားခဲ့ရလေသည်။ ထို့နောက် မယုံကြည်နိုင်သော လေသံဖြင့်၊
“ဒါတွေအားလုံးက...၊ ကျွန်တော်မျိုးတို့အတွက်လား...။”
ရွှီပေါ်အန်းက ရယ်မောလိုက်ပြီး ပြောလိုက်လေ၏။
“သေချာတာပေါ့...၊ မင်းတို့အတွက်ပဲ...။ ဒါတွေက မင်းတို့အတွက် လက်ဆောင်ဖြစ်ပြီး နောင်အခါမှာ လိုအပ် ရင်လည်း ထပ်ပြီး ပေးဦးမှာပါ...။”
ကျင်းတာ့ကျန့်နှင့် ကျန်ရှိသောလူများသည် ရုတ်တရက် ပေါ်ထွက်လာသော သတ္တုပုဆိန်ငယ်လေးများကို မျက် လုံးပြူးကာ စိုက်ကြည့်နေမိကြလေသည်။ ဤမျှလောက်အထိ တောက်ပလှသော ပုဆိန်မှာ နတ်ဘုရားများသာ အသုံးပြုထိုက်သော အရာ ဖြစ်ပေလိမ့်မည်။
သာမန်အားဖြင့် သံထည်ကို ချွေတာရန်အတွက် လူများသည် ပုဆိန်ဦးခေါင်းကိုသာ သံဖြင့် ပြုလုပ်လေ့ရှိပြီး ပုဆိန်ရိုးကိုမူ သစ်သားဖြင့်သာ ပြုလုပ်လေ့ရှိကြသည်ကို သိရှိရပေသည်။
သစ်သားပုဆိန်ရိုးများတွင် ကောင်းမွန်သော ပျော့ပျောင်းမှုရှိပြီး အသုံးပြုရလွယ်ကူကာ ကုန်ကျစရိတ် သက် သာခြင်း စသည့် အကျိုးကျေးဇူးများ ရှိသော်လည်း ပြင်းထန်သော အလုပ်များကို လုပ်ဆောင်ရသည့် ပန်းပု ဆရာများအတွက်မူ ပျက်စီးလွယ်လွန်းလှပေသည်။
ဤသံပုဆိန်မှာမူ လုံးဝ သံဖြင့် ပြုလုပ်ထားခြင်းဖြစ်သဖြင့် အလွန်တရာ အသုံးဝင်လှပေသည်။ နောက်ဆုံးတွင် အားအလွန်စိုက်မိ၍ ပုဆိန်ရိုးကျိုးသွားကာ မိမိကိုယ်မိမိ ထိခိုက်မိမည့်အရေးကို စိုးရိမ်စရာ မလိုတော့ချေ။
ကျင်းတာ့ကျန့်သည် တံတွေးကို မျိုချလိုက်မိပြီး ထိုပုဆိန်ငယ်လေးများဆီသို့ တိုးကပ်ကာ ဦးချလိုစိတ်ကို ထိန်းချုပ်လိုက်ရင်း လျှောက်တင်လိုက်လေသည်။
“တောင်စောင့်နတ်မင်းဘိုးဘိုးကြီးရဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်...။ ဒီပုဆိန်တွေနဲ့ဆိုရင် ကျွန်တော် မျိုးတို့ လုပ်ငန်းတွေကို ပိုပြီး မြန်မြန် လုပ်ဆောင်နိုင်ပြီး တောင်စောင့်နတ်မင်း နတ်ကွန်း ပြုပြင်တည်ဆောက် ရေးကို တတ်နိုင်သမျှ အမြန်ဆုံး ပြီးစီးအောင် လုပ်ဆောင်ပါ့မယ်...။”
ရွှီပေါ်အန်းသည် တူများနှင့် သံဆောက်များကို ထပ်မံထုတ်ယူလိုက်ပြီး ကျင်းတာ့ကျန့်အား ဆုလာဘ်အဖြစ် ပေး အပ်လိုက်ရင်း ဆိုလိုက်၏။
“မင်းတို့ဆီမှာ ဘာတွေ လိုအပ်နေလဲဆိုတာ ငါ သေသေချာချာ မသိဘူး...။ နောင်အခါမှာ မင်းတို့ ကိရိယာတွေ လိုအပ်မယ်ဆိုရင် ငါ့ဆီကို နမူနာ ပုံစံလေးတွေ ယူဆောင်လာခဲ့ပါ...။ ငါ ပိုပြီး ခိုင်မာပြီး တောင့်တင်းလှတဲ့ ကိရိယာတွေကို ရှာဖွေပေးပါ့မယ်...။”
ကျင်းတာ့ကျန့်နှင့် ကျန်ရှိသော လက်မှုပညာရှင်များသည် ချက်ချင်းပင် အတူတကွ ထပ်မံ၍ ဒူးထောက်ဦးချလိုက် ကြလေသည်။
ထို့နောက် ရွှီပေါ်အန်းသည် လီခန့်ရှန်းအား ဆက်သွယ်လိုက်ပြီး ပေါက်ပြားများနှင့် ဂေါ်ပြားများကဲ့သို့သော ကိရိယာငယ်အချို့ကို ပေးအပ်လိုက်လေသည်။
လီခန့်ရှန်းသည်လည်း အလွန်ပင် ဝမ်းမြောက်သွားခဲ့ရလေသည်။ ရွာအတွင်းရှိ ပေါက်ပြားများနှင့် ဂေါ်ပြားများမှာ လွန်စွာ ဆွေးမြည့်ပျက်စီးနေခဲ့ပြီ ဖြစ်ပေသည်။ တောင်စောင့်နတ်မင်းကြီး ပေးသနားတော်မူသော ဤရတနာ ကိရိယာများကြောင့် လူတိုင်း၏ လုပ်ငန်းဆောင်တာများမှာ အလွန်တရာ လွယ်ကူသက်သာသွားခဲ့ရလေ တော့သည်။
ဤလုပ်ငန်းများ ပြီးဆုံးသွားပြီးနောက် ရွှီပေါ်အန်းက လီခန့်ရှန်းအား ဆိုလိုက်၏။
“ကိရိယာတန်ဆာပလာတွေ တိုးပွားလာတာနဲ့အမျှ ငါတို့ဆီမှာ လူဦးရေက နည်းနည်း နည်းပါးလွန်းနေပုံရတယ်...။ အကယ်၍ ဒီနေရာမှာ ရေရှည် ရှင်သန်နေထိုင်လိုရင်တော့ လူအင်အား အလုံအလောက် ရှိဖို့က အဓိက သော့ချက် ပဲ...။”
လီခန့်ရှန်းသည် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သူဖြစ်ရာ ရွှီပေါ်အန်း၏ ဆိုလိုရင်းကို မည်သို့လျှင် နားမလည်ဘဲ နေပါမည်နည်း။
လီခန့်ရှန်းက ချက်ချင်းပင် လျှောက်တင်လိုက်လေသည်။
“တောင်စောင့်နတ်မင်းဘိုးဘိုးကြီးရဲ့ စကားက တကယ့်ကို မှန်ကန်လှပါတယ်...။ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ဒုက္ခ သည်တွေကို လက်ခံခဲ့ပြီးတဲ့နောက် ကျွန်တော်မျိုးတို့ရဲ့ ရွာလေးက အမှန်ပင် ပိုပြီး စည်ကားလာခဲ့ပါတယ်...။ အဓိကအချက်ကတော့...၊ တစ်စုံတစ်ယောက်က လုပ်ငန်းတစ်ခုခု လုပ်ဆောင်လိုရင် လူအင်အား မရှိမှာကို စိုးရိမ် စရာ မလိုတော့ပါဘူး...။ အရင်တုန်းကလို အလုပ်လုပ်ဖို့ ခွန်အားရှိတဲ့ လူငယ်တွေကို ရှာမတွေ့ရတဲ့ အခြေအနေ မျိုး မဟုတ်တော့ပါဘူး...။”
ရွှီပေါ်အန်းသည် လီခန့်ရှန်းအား ခေါင်ရှန်းရွာကို ချဲ့ထွင်ရန်နှင့် လူအင်အား စုဆောင်းရန်အတွက် လမ်းညွှန်ချက် အချို့ ပေးအပ်ရန် ပြင်ဆင်လိုက်စဉ်မှာပင် သူ၏ မျက်လုံးထောင့်စွန်းမှတစ်ဆင့် များပြားလှသော လူရိပ်များကို ရုတ်တရက် မြင်တွေ့လိုက်ရလေသည်။