အခန်း ၁၉၇
Vol. 20 Ch. 197
အခန်း (၁၉၇)
မဟာလျန်နိုင်ငံက အဲဒီလောက်အထိ နာမည်ကြီးတာလား
ဘေးဘက်သို့ လှည့်ကြည့်လိုက်ရာ ဝေးကွာလှသော နေရာမှနေ၍ မြို့ရိုးဆီသို့ ဦးတည်မောင်းနှင်လာကြသော အထုပ်အပိုးများနှင့် ခရီးဆောင်ပစ္စည်းများ တင်ဆောင်ထားသည့် မြင်းလှည်းတန်းကြီးတစ်ခုကို မြင်တွေ့လိုက်ရ လေ၏။
မြင်းလှည်းတန်း၏ ဘေးတစ်ဖက်တစ်ချက်တွင် လှံရှည်များ ကိုင်ဆောင်ထားသူများနှင့် ခါးတွင် ဓားတိုများ ချိတ် ဆွဲထားကြသော အမျိုးသားတစ်စု စောင့်ကြပ်လိုက်ပါလာခဲ့ကြပေသည်။ သူတို့၏ ပုံပန်းသဏ္ဌာန်မှာ ခန့်ညား ထည်ဝါလှပြီး သူတို့၏ ခြေလှမ်းများမှာလည်း ညီညာလှသဖြင့် ခရီးဝေးမှ လာခဲ့ရသော်လည်း မောပန်းနွမ်းနယ် သည့် အရိပ်အယောင် စိုးစဉ်းမျှပင် မရှိကြချေ။
ရှေ့ဆုံးမှ မြင်းလှည်းထက်တွင် အပြာရောင် အလံတစ်ခု လွှင့်ထူထားခဲ့ပြီး ၎င်းပေါ်၌ ရွှီပေါ်အန်း မသိရှိသော စာလုံး သို့မဟုတ် ပုံသဏ္ဌာန်တစ်ခု ရေးဆွဲထားခဲ့ပေသည်။
မြင်းလှည်းတန်းကြီးသည် မြို့တံခါးဝသို့ပင် မရောက်ရှိသေးမီ ရွှီပေါ်အန်းသည် သေသေချာချာ စောင့်ကြည့်နေခဲ့ ပြီး ၎င်းနှင့်အတူ လိုက်ပါလာသော ထွားကြိုင်းလှသော အမျိုးသားအချို့သည် စပ်စုလိုစိတ်ဖြင့် တီးတိုး စကား ပြောဆိုနေကြသည်ကို ကြားလိုက်ရလေ၏။
“ဟမ်...၊ ဘယ်လိုဖြစ်လို့ ဒီလိုနေရာမှာ မြို့တစ်မြို့ ရှိနေရတာလဲ...။”
“တစ်ခါမှ မကြားဖူးပါဘူး...။ လုပ်ထုံးလုပ်နည်းအရဆိုရင် ဒီနေရာက ငါတို့ ရှန်းယန်ခရိုင်ရဲ့ နယ်နိမိတ်အတွင်းမှာ ရှိနေဆဲပဲလေ...။ ဘယ်လိုဖြစ်ပြီး ဒီနေရာမှာ တခြားမြို့တစ်မြို့ ရှိနေနိုင်ရတာလဲ...။”
“ဟုတ်ပ...၊ ကြည့်စမ်းပါဦး...။ မြို့ရိုးပေါ်မှာ လူတွေလည်း ရှိနေသေးတယ်...။ သူတို့တွေက ပုန်ကန်သူတွေ ဖြစ်နိုင်မလား...။”
“စကားအပိုတွေ ပြောမနေစမ်းနဲ့...၊ ဒီနေရာမှာ မြို့တစ်မြို့ တည်ဆောက်ဖို့ဆိုတာ တစ်ရက်နှစ်ရက်နဲ့ ပြီးနိုင်တဲ့ အရာ မဟုတ်ဘူး...။ ငါတို့မျက်စိအောက်မှာတင် ဒီလောက်အထိ ကြီးမားတဲ့ မြို့ကြီးတစ်မြို့ကိုတည်နေတာကို ငါတို့ မသိဘဲ နေပါ့မလား...။”
“ဟုတ်တယ်...၊ ငါ လွန်ခဲ့တဲ့ တစ်လကျော်လောက်က ဒီလမ်းအတိုင်း သွားခဲ့တုန်းက ဘာမှမရှိခဲ့ပါဘူး...။”
“လိုက်မေးကြည့်ရင် သိရမှာပေါ့...၊ အဝေးကနေပဲ စောင့်ကြည့်ဖို့ သတိထားဦးနော်...။ မြို့ရိုးပေါ်ကနေ မျှားတွေနဲ့ ပစ်ခတ်လာမှာကို သတိပြုစမ်း...။”
“ဘေးကင်းဖို့အတွက်...၊ ငါတို့ တခြားလမ်းကနေ သွားရင်ကော ဘယ်လိုလဲ...။”
“မင်း ငါ့ကို နောက်နေတာလား...၊ တကယ်လို့ ငါတို့ ဒီမြစ်လမ်းကြောင်းအတိုင်း မသွားရင် ထူထပ်လှတဲ့ တောနက် ကြီးက ပိုပြီးတော့ အန္တရာယ်များလိမ့်မယ်...။ မင်း ရူးသွားပြီလား...။”
“ဟုတ်တယ်...၊ အနည်းဆုံးတော့ ခြောက်သွေ့နေတဲ့ မြစ်ကြမ်းပြင်က မြင်ကွင်း ကောင်းမွန်လို့ အန္တရာယ်တစ်ခုခုရှိ ရင် အချိန်မီ မြင်နိုင်တာပေါ့...။”
“ဒါပေမဲ့ မြို့ကို စောင့်ကြပ်နေတဲ့လူတွေကလည်း လူကောင်းတွေ ဖြစ်ပုံမရဘူး...။ သူတို့တွေက ရန်သူလား...၊ မိတ်ဆွေလားဆိုတာ ခန့်မှန်းရခက်တယ်...။”
“ဟွန့်...၊ ဘာကို ကြောက်နေရတာလဲ...။ ငါတို့ အရင်ဆုံး စကားပြောကြည့်ရအောင်...။ အဆင်မပြေရင် တခြား နည်းလမ်းကို စဉ်းစားတာပေါ့...။ ငါတို့ ဒီနေရာအထိ ရောက်လာခဲ့ပြီဖြစ်လို့ နောက်ဆုတ်ဖို့ လမ်းမရှိတော့ဘူး...။”
မကြာမီ ထိုအဖွဲ့သည် မြို့ရိုးနှင့် မလှမ်းမကမ်းရှိ နေရာတစ်ခု၌ ရပ်တန့်လိုက်ကြလေသည်။
ကင်းစောင့်နေသော ယွီတောက်ချွမ်သည် ထိုလူများကို မြင်တွေ့ရသောအခါ အထက်မှနေ၍ အော်ဟစ်မေးမြန်း လိုက်လေ၏။
“မင်းတို့က ဘယ်သူတွေလဲ...။”
မြင်းလှည်းတန်းအတွင်းမှ အရပ်ရှည်ထွားကြိုင်းလှသော အမျိုးသားတစ်ဦးသည် ရှေ့သို့ လျှောက်လှမ်းလာ ခဲ့ေ သည်။
“ကျွန်တော်မျိုးတို့က ရှန်းယန်ခရိုင်ရဲ့ ဟူမန် အစောင့်အရှောက်အဖွဲ့က ရဲမက်တွေ ဖြစ်ကြပါတယ်...။ ကျွန်တော် မျိုးတို့က ယွီတောင်ကို ဖြတ်ကျော်ပြီး ချင်းချွမ်းစီရင်စုဆီ ပစ္စည်းတွေ သွားရောက်ပို့ဆောင်ရမှာမလို့ပါ...။ မင်းတို့ရဲ့ နယ်မြေကို ဖြတ်သန်းသွားရမှာဖြစ်လို့ ကျေးဇူးပြုပြီး လမ်းဖွင့်ပေးပါဦး...။”
ယွီတောက်ချွမ်သည် မြို့ရိုးအောက်ခြေရှိ လူများအား သံသယစိတ်ဖြင့် ကြည့်ရှုလိုက်ပြီး အပြာရောင်အလံငယ် လေးအား ခေတ္တမျှ စိုက်ကြည့်လိုက်ပြီးမှ ဆိုလိုက်လေသည်။
“ဟူမန်အစောင့်အရှောက်အဖွဲ့ ဟုတ်လား...၊ ရှန်းယန်နဲ့ ချင်းချွမ်းက သိပ်မဝေးလှပါဘူး....။ ကျယ်ပြန့်လှတဲ့ လမ်းမကြီး ရှိနေတာကို ဘာဖြစ်လို့ ခက်ခဲလှတဲ့ ဒီတောတောင်လမ်းကို ရွေးချယ်ပြီး သွားနေကြရတာလဲ...။”
အော်ဟစ်ပြောဆိုခဲ့သော ထွားကြိုင်းသောအမျိုးသားက ပြန်လည်ဖြေကြားလိုက်လေသည်။
“မင်း မသိလို့ပါ...။ လမ်းမကြီးက အခု ဘေးမကင်းတော့ဘူး...၊ ပုန်ကန်မှုတွေက နေရာအနှံ့အပြားမှာ ဖြစ်ပွား နေပြီး စစ်မီးတွေ တောက်လောင်နေတာ...။ ဘယ်သူက လမ်းမကြီးပေါ်ကနေ သွားရဲပါ့မလဲ...။”
ယွီတောက်ချွမ်က အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်၏။
“ပုန်ကန်သူတွေ ဟုတ်လား...။ ပုန်ကန်သူတွေက ဘယ်ကနေ ရောက်လာကြတာလဲ...၊ ပိုင်မြန့်ဂိုဏ်းက ပုန်ကန်သူ တွေကို မောင်းထုတ်လိုက်ပြီ မဟုတ်ဘူးလား...။”
ထိုအမျိုးသားက ရှင်းပြလိုက်သည်။
“ပိုင်မြန့်ဂိုဏ်းက ပုန်ကန်သူတွေကို မောင်းထုတ်လိုက်ပေမဲ့ အခု ပြဿနာရှာနေတာက အစိုးရတပ်မတော်ပဲ...။ ချင်းယွန်းလမ်းရဲ့ လက်အောက်ခံဖြစ်တဲ့ စီရင်စုရှစ်ခုစလုံး ပုန်ကန်နေကြပြီး တပ်တံခွန်ရှစ်ခုစလုံးလည်း ချင်းယွန်း တပ်မတော်အပေါ် ပုန်ကန်တိုက်ခိုက်နေကြတာ...။ ချင်းမူတပ်တံခွန်ကလည်း လုံးဝ ဖယ်ထုတ်ခံလိုက်ရပြီး အဲဒီ အုပ်စုက သူတို့ကိုယ်သူတို့ မဟာလျန်မင်းဆက်ရဲ့ မျိုးဆက်တွေလို့ ကြေညာပြီး’မဟာကျင့်ကို တော်လှန်ပြီး လျန် ကို ပြန်လည်ထူထောင်စို့’ ဆိုတဲ့ ကြွေးကြော်သံနဲ့ ပုန်ကန်နေကြတာပါ...။”
ယွီတောက်ချွမ်သည် မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး တင်းမာစွာဖြင့် ဆိုလိုက်လေသည်။
“ဘာ...၊ မဟာလျန်နိုင်ငံ ဟုတ်လား...။ မင်းပြောတာက တစ်ချိန်တုန်းက အင်အားအကြီးဆုံး နိုင်ငံငါးခုထဲက တစ်ခု ဖြစ်ခဲ့တဲ့ မဟာလျန်နိုင်ငံအကြောင်းကို ပြောနေတာလား...။”
ထိုအမျိုးသားက ၊
“သေချာတာပေါ့... ချီ၊ ချူ၊ ယန်၊ လျန်နဲ့ ကျင့်နိုင်ငံထဲက လျန်နိုင်ငံပေါ့...။ ပိုင်မြန့်ဂိုဏ်းက ပုန်ကန်သူတွေနဲ့ ယွီ တောင်တန်းထဲက အစောင့်တပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ သူတို့ကပဲ ပိုင်မြန့်ဂိုဏ်းဝင်တွေကို ခိုးဝင်ခွင့်ပြုခဲ့ပြီး ချင်းယွန်းလမ်းအတွင်း ဆူပူသောင်းကျန်းမှုတွေ ဖြစ်ပေါ်စေခဲ့တာလို့ ပြောကြတယ်...။”
မူလက သူတို့သည် ပိုင်မြန့်ဂိုဏ်းဝင်များ ဆူပူသောင်းကျန်းနေချိန်အတွင်း အခွင့်ကောင်းယူ၍ ရုတ်တရက် တိုက် ခိုက်ရန် ကြံစည်ခဲ့သော်လည်း ပိုင်မြန့်ဂိုဏ်းဝင်များ၏ အစွမ်းသတ္တိကို အထင်ကြီးလွန်းခဲ့မိကြပေသည်။
ပိုင်မြန့်ဂိုဏ်းသည် တိုက်ပွဲစတင်ပြီး နှစ်ရက်အတွင်းမှာပင် လုံးဝ ပြိုကွဲသွားခဲ့ရလေသည်။ ဤသည်မှာ သူတို့၏ အစီအစဉ်များအားလုံး ပျက်စီးသွားခဲ့ရပြီး ယခင်အားစိုက်ထုတ်မှုများအားလုံးလည်း အချည်းနှီး ဖြစ်သွားခဲ့ရလေ တော့သည်။
စစ်ဝန်ကြီးဌာနမှ ပိုင်မြန့်ဂိုဏ်းဝင်များ မည်သို့လျှင် ခံစစ်ကို ကျော်ဖြတ်နိုင်ခဲ့သလဲဟူသည်ကို လာရောက်စုံစမ်းစစ် ဆေးခဲ့ပေသည်။ မဟာလျန်နိုင်ငံ၏ မျိုးဆက်များသည် သူတို့၏ အကြံအစည်များ ပေါက်ကြားသွားပါက အောင် မြင်ရန် အခွင့်အရေး ပိုမို နည်းပါးသွားမည်ကို စိုးရိမ်သဖြင့် ယခုကဲ့သို့ အလျင်အမြန်ပင် ပုန်ကန်ခဲ့ကြခြင်း ဖြစ်ချေ သည်။
ထိုစကားကို ကြားလိုက်ရချိန်တွင် ယွီတောက်ချွမ်၏ မျက်နှာအမူအရာမှာ အလွန်တရာ ရှုပ်ထွေးသွားခဲ့ရပြီး သူ၏ မျက်ဝန်းများမှာလည်း လှုပ်ခတ်လျက် စိတ်ထဲတွင် ခံစားချက်မျိုးစုံဖြင့် ပြည့်နှက်သွားခဲ့ရလေသည်။
ရွှီပေါ်အန်းသည်လည်း သူတို့၏ စကားပြောဆိုမှုများကို ကြားသိခဲ့ရသဖြင့် ဤမဟာလျန်နိုင်ငံ၏ မျိုးဆက်များ ပုန်ကန်မှုအပေါ် စိတ်ဝင်စားမှု ဖြစ်ပေါ်လာခဲ့လေသည်။
“ယွီတောက်ချွမ်...၊ မဟာလျန်နိုင်ငံက အဲဒီလောက်အထိ နာမည်ကြီးတာလား...။”
ရွှီပေါ်အန်း၏ ဤမေးခွန်းမှာ တကယ်တော့ စမ်းသပ်ကြည့်ရှုခြင်း သက်သက်သာ ဖြစ်ပေသည်။ သူသည် ယခင်က ချန်ရှီရှီအား မဟာလျန်နိုင်ငံနှင့် ပတ်သက်သော ကိစ္စရပ်များကို မေးမြန်းခဲ့ဖူးပေသည်။ သို့သော်လည်း ယခုအခါ၌ ယွီတောက်ချွမ်၏ ထူးဆန်းသောအမူအရာကို မြင်ရသဖြင့် သူသည် စပ်စုလိုစိတ် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်၏။
ဤယွီတောက်ချွမ်သည် မြို့ရိုးအောက်ခြေရှိ အစောင့်အရှောက်များ ပြောဆိုနေကြသော “မဟာလျန်နိုင်ငံ၏ မျိုးဆက်” များထဲမှ တစ်ဦး ဖြစ်နေနိုင်မလား...။
သူ ရရှိထားသော ကျောက်လိုဏ်ဂူအတွင်းရှိ ရွှေတုံးများပေါ်တွင် “မဟာလျန်နိုင်ငံကို ပြန်လည်ထူထောင်စို့” ဟူ သော စာလုံးများ ရေးသားထားခဲ့သည်ကို ရွှီပေါ်အန်း သေသေချာချာ မှတ်မိနေခဲ့သည်။ ထိုရွှေတုံးများသည် မဟာလျန်နိုင်ငံသားများ သိမ်းဆည်းထားခဲ့ခြင်းဖြစ်ပြီး ကျောက်လိုဏ်ဂူအတွင်းရှိ ရွှေငွေရတနာများအားလုံးသည် လည်း နောင်အခါ၌ ပုန်ကန်ရန်အတွက် အသုံးပြုရန် သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်မှာ ထင်ရှားလှပေသည်။
သို့သော်လည်း ဤရတနာများအားလုံးကို သူကိုယ်တိုင် အလွယ်တကူ ရရှိသွားလိမ့်မည်ဟု သူ လုံးဝ ထင်မှတ် မထားခဲ့ချေ။
ရွှီပေါ်အန်း၏ စကားသံကို ကြားရသောအခါ ယွီတောက်ချွမ်သည် ပျာပျာသလဲ လှည့်ကြည့်လိုက်ပြီး တောင်စောင့် နတ်မင်း နတ်ကွန်းရှိရာဘက်သို့ ဦးတည်၍ ဒူးထောက်လိုက်ကာ လျှောက်တင်လိုက်လေသည်။
“တောင်စောင့်နတ်မင်းကြီး...။ အရှင်မင်းကြီး ကိုယ်တိုင် ကြွရောက်လာတာကို ကျွန်တော်မျိုး ယွီတောက်ချွမ် အနေနဲ့ ကောင်းစွာ မကြိုဆိုမိတဲ့အတွက် ကျေးဇူးပြုပြီး အပြစ်ပေးတော်မူပါ...။”
ယွီတောက်ချွမ်သည် ဤကဲ့သို့သော စနစ်များကို အလွန်တရာ အလေးထားသည်ကို ရွှီပေါ်အန်း သတိပြုမိလိုက် ပြီး သူ၏ ရိုသေကိုင်းညွတ်မှုအပေါ် စိတ်ကျေနပ်မိသဖြင့် ညှင်သာစွာ ပြောလိုက်သည်။
“မဟာလျန်နိုင်ငံရဲ့ ကိစ္စရပ်တွေကို ငါ့ကို ပြောပြစမ်းပါ...။”
ထိုစကားကို ကြားရသောအခါ ယွီတောက်ချွမ်သည် ပျာပျာသလဲ ရှင်းပြလေတော့သည်။ ယွီတောက်ချွမ်နှင့် အကမယ် ချန်ရှီရှီတို့ ပြောပြသော သမိုင်းကြောင်းများမှာ တူညီသော်လည်း ယခု ဖြစ်စဉ်များမှာ ပိုမို၍ စိတ်ဝင် စားစရာ ကောင်းလှပေသည်။
လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာခန့်က ယခု မဟာကျင့်မင်းဆက်၏ နယ်နိမိတ်အတွင်း အရွယ်အစား အမျိုးမျိုးရှိသော နိုင်ငံငယ် ပေါင်းများစွာ တည်ရှိနေခဲ့ပေသည်။
ထိုနိုင်ငံများသည် လွတ်လပ်စွာ ရပ်တည်နေကြသော်လည်း အမှန်တကယ်တော့ အင်အားအကြီးဆုံး နိုင်ငံကြီးငါးခု ၏ လက်အောက်ခံများသာ ဖြစ်ကြ၏။
စစ်ရေးအင်အားအကြီးဆုံး နိုင်ငံကြီးငါးခုမှာ ချီ၊ ချူ၊ ယန်၊ လျန်နှင့် ကျင့်နိုင်ငံတို့ ဖြစ်ကြပေသည်။
ဤနိုင်ငံကြီးငါးခုသည် ရှည်လျားလှသော သမိုင်းကြောင်းများ တည်ရှိခဲ့ကြပြီး နှစ်ပေါင်းထောင်ချီအောင် အပြန် အလှန် စစ်မီးများ တောက်လောင်ခဲ့ကြသော်လည်း မည်သူကမျှ အခြားတစ်ဦးကို အပြတ်အသတ် မအောင်နိုင် ခဲ့ကြချေ။
ထိုနိုင်ငံကြီးငါးခုကြားတွင် တည်ရှိနေကြသော နိုင်ငံငယ်လေးများမှာမူ ၎င်းတို့၏ ပြိုင်ဆိုင်မှုများကြောင့် မကြာ ခဏဆိုသလို မင်းဆက်များ ပြောင်းလဲခဲ့ကြရလေသည်။
မဟာကျင့်မင်းဆက်က ကျန်ရှိသော နိုင်ငံကြီးလေးခုကို မဖျက်ဆီးမီအချိန်က မဟာလျန်နိုင်ငံသည် အမျိုးသား အင်အားအရ အတောင့်တင်းဆုံး နိုင်ငံဖြစ်ခဲ့ပြီး မဟာကျင့်နိုင်ငံမှာမူ စတုတ္ထအဆင့်၌သာ ရှိနေခဲ့ပေသည်။
မဟာလျန်နိုင်ငံနှင့် မဟာကျင့်မင်းဆက်တို့သည် နယ်နိမိတ်ချင်း ထိစပ်နေသဖြင့် နှစ်နိုင်ငံအကြား ပဋိပက္ခများမှာ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပေသည်။
သို့သော်လည်း ထိုစဉ်က အခြေအနေအရ မဟာကျင့်မင်းဆက်သည် မဟာလျန်နိုင်ငံအား မည်သို့မျှ ယှဉ်နိုင်စွမ်း မရှိခဲ့ချေ။
သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် မဟာကျင့်မင်းဆက်အတွင်း ပါရမီရှင် သားရဲယဉ်ပါးအောင် ပြုလုပ် သူတစ်ဦး ပေါ်ထွက်လာခဲ့လေသည်။
ထိုသားရဲဆရာ၏ ကူညီမှုကြောင့် မဟာကျင့်မင်းဆက်၏ စစ်မြင်းမက်တပ်ဖွဲ့မှာ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက် လာခဲ့ပြီး ထင်ရှားကျော်ကြားလာခဲ့ရလေ၏။
သာမန် စစ်မြင်းမက်များအပြင် တိုက်ခိုက်ရေးစွမ်းရည် အလွန်မြင့်မားလှသော နွားတပ်ဖွဲ့၊ ဆင်တပ်ဖွဲ့နှင့် ကျားရဲ တပ်ဖွဲ့ကဲ့သို့သော အထူး တိုက်ခိုက်ရေးတပ်ဖွဲ့များစွာ ပေါ်ထွက်လာခဲ့ရလေသည်။
ထို့အပြင် လင်းယုန်၊ သိန်းငှက် စသည့် ငှက်ရဲများက ဝေဟင်မှ စစ်ကူပေးခဲ့ကြပြီး မိကျောင်းနှင့် ငါးမန်းကဲ့သို့သော ရေနေသတ္တဝါများကလည်း ရေပြင်မှတစ်ဆင့် ရုတ်တရက် တိုက်ခိုက်ခဲ့ကြပေသည်။
ဤကဲ့သို့သော အလုံးအရင်းဖြင့် စစ်ဆင်နွှဲမှုအောက်တွင် အိမ်နီးနားချင်းဖြစ်သော မဟာလျန်နိုင်ငံသည် ပထမဦး ဆုံး ဖျက်ဆီးခြင်း ခံခဲ့ရလေတော့သည်။
မဟာလျန်နိုင်ငံ ပျက်စီးသွားပြီးနောက် ထိုပါရမီရှင် သားရဲဆရာသည် နိုင်ငံတော်ဆရာသခင်အဖြစ် ရာထူးတိုး မြှင့်ခြင်း ခံခဲ့ရလေ၏။
သူသည် တပ်ဖွဲ့များကို ဦးဆောင်လျက် နှစ်အနည်းငယ်အတွင်း ကျန်ရှိသော နိုင်ငံများကိုပါ ဖျက်ဆီးလိုက်ပြီး မဟာကျင့်မင်းဆက်၏ တစ်ဦးတည်းသော အုပ်ချုပ်သူအဖြစ် တည်ရှိစေခဲ့ရလေသည်။
ယခုအခါ ချင်းယွန်းလမ်းဟု ခေါ်ဆိုသော နေရာအများစုမှာ ထိုစဉ်က မဟာလျန်နိုင်ငံ၏ နယ်နိမိတ်အတွင်း တည်ရှိ ခဲ့ခြင်းဖြစ်သဖြင့် ဤနေရာရှိ လူများက “မဟာကျင့်ကို တော်လှန်ပြီး လျန်ကို ပြန်လည်ထူထောင်စို့” ဟူသော ကြွေးကြော်သံဖြင့် ပုန်ကန်ကြခြင်းမှာ အံ့ဩစရာ မရှိချေ။
“နှစ်ပေါင်းများစွာအတွင်း မဟာကျင့်မင်းဆက်ရဲ့ နေရာအနှံ့အပြားမှာ ပုန်ကန်မှုတွေ ရှိခဲ့ပေမဲ့ နယ်မြေတစ်ခု လုံးအဖြစ် ပျံ့နှံ့သွားတာကတော့ တကယ့်ကို ရှားပါးလှပါတယ်...။ ဒီပုန်ကန်မှုကတော့ ကြိုတင်ကြံစည်ထား ပုံရပါတယ်...။”
သူ၏ စကားအဆုံးတွင် ယွီတောက်ချွမ်သည် သူ၏ ကိုယ်ပိုင်တွက်ချက်မှုနှင့် သံသယများကို ထည့်သွင်းပြောဆို လိုက်လေသည်။
ရွှီပေါ်အန်းသည် မျက်တောင်ခတ်လိုက်မိသည်။ ယွီတောက်ချွမ်သည် ထိုလူများအကြောင်းကို ပြောဆိုစဉ်အတွင်း
“ပုန်ကန်သူများ” သို့မဟုတ် “ဆူပူသောင်းကျန်းသူများ” ဟူသော စကားလုံးကို အသုံးမပြုဘဲ ပိုမို မျှတလှသော တော်လှန်ပုန်ကန်မှုဟူသော စကားလုံးကို သုံးနှုန်းခဲ့သည်ကို သူ ရုတ်တရက် သတိပြုမိလိုက်ပေသည်။
ဤယွီတောက်ချွမ်သည် သူ အစက ထင်မှတ်ထားခဲ့မိသော လမ်းပိတ်ဆို့နေသည့် ဓားပြငယ်စုစုလေး၏ စစ်ကူ အကြံပေးအဆင့်မျှသာ ရှိသောလူတစ်ဦး မဟုတ်သည်မှာ ထင်ရှားလှပေသည်။
တောင်စောင့်နတ်မင်းကြီးသည် အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေသည်ကို မြင်တွေ့ရသောအခါ ယွီတောက်ချွမ်က ထပ်မံ၍ လျှောက်တင်လိုက်သည်။
“ဒီလူတွေကို ဖြတ်သန်းခွင့်ပြုသင့်သလားဆိုတာ တောင်စောင့်နတ်မင်းကြီးက လမ်းညွှန်ပြသပေးတော်မူပါ...။”
ရွှီပေါ်အန်းသည် ယွီတောက်ချွမ်အား စမ်းသပ်လိုသဖြင့် ချက်ချင်း လမ်းညွှန်ချက်မပေးဘဲ မေးခွန်းပြန်ထုတ် လိုက်လေ၏။
“မင်းရဲ့ အမြင်ကော ဘယ်လိုရှိလဲ...။”