အခန်း ၂၀၀
Vol. 20 Ch. 200
အခန်း (၂၀၀)
အိုယန်နာကျားနှင့်တွေ့ဆုံခြင်း
မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်သည် ထိုရွှေတုံးများကို မြင်တွေ့ရသောအခါ မျက်လုံးများ ပြူးကျယ်သွားခဲ့ ရလေသည်။ ငွေကြေးရှိမှသာ သူသည် ဤနေရာမှ ထွက်ခွာနိုင်ပြီး လွတ်လပ်မှုကို ပြန်လည် ရရှိနိုင်မည် ဖြစ်ပေ သည်။
သူတို့သည် နာမည်ကျော် ဓားပြကြီးများဖြစ်ကြရာ မည်သို့လျှင် ဤနေရာ၌ ဝပ်စင်းလျက် တစ်စုံတစ်ဦးအတွက် တံခါးစောင့်အဖြစ် တည်ရှိနေနိုင်ပါမည်နည်း။ ထို့အပြင် သူတို့တွင် လုပ်ဆောင်ရမည့် ကိစ္စရပ်များစွာ ရှိနေသေး ပေသည်။ အကယ်၍ ဤနေရာ၌ အချိန်ဖြုန်းနေပါက သူတို့၏ အရေးကြီးလှသော အစီအစဉ်များကို ပျက်စီး သွားစေလိမ့်မည် မဟုတ်ပါလား။
ရွှီပေါ်အန်းသည် ဤမြင်ကွင်းကို ကြည့်ရှုရင်း သဘောကျမိခဲ့ရသည်။ ထိုဓားပြများ၏ ခေါင်းဆောင်ဖြစ်သော မျက်လုံးတစ်ဖက်လပ်ခေါင်းဆောင်သည် ဤနေရာ၌ ရက်အတော်ကြာ ရှိနေခဲ့သော်လည်း ယနေ့တိုင် စိတ်မလျှော့ သေးဘဲ ထွက်ပြေးရန် အစဉ်သဖြင့် ကြံစည်နေဆဲ ဖြစ်ပေသည်။
သူ ထိုဓားပြငယ်လေးများကြားတွင် ထည့်သွင်းထားသော စုံစမ်းရေးသမားများမှာ သူတို့၏ မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင် ထွက်ပြေးချိန်၌ သူ့အား အချိန်မီ သတင်းပေးနိုင်ပါ့မလားဟူသည်ကို သူ စဉ်းစားတွေးတောမိလိုက် လေ၏။
မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်သည် မြို့ရိုးအစွန်းသို့ လျှောက်လှမ်းသွားပြီ အောက်သို့ အော်ဟစ်လိုက်လေ သည်။
“ကောင်းပြီ... မင်းတို့က ဒီလောက်အထိ ရိုးသားမှတော့ ငါ မင်းတို့ရဲ့ တောင်းဆိုမှုကို ခွင့်ပြုပေးပါ့မယ်...။ ဒါပေမဲ့ ကိစ္စတစ်ခုတော့ ရှိတယ်...၊ ငါ အရင်ဆုံး ပစ္စည်းကို စစ်ဆေးရမယ်...။”
“မင်း ပစ္စည်းကို ဘယ်လိုမျိုး စစ်ဆေးချင်လို့လဲ...။”
မျက်လုံးတစ်ဖက်လပ် နဂါးသည် ဝါးခြင်းတောင်းတစ်ခုကို မြှောက်ပြကာ ဝှေ့ယမ်းပြလိုက်ရင် ပြောလိုက်လေ သည်။
“သေသေချာချာ ကြည့်စမ်းပါဦး...၊ ငါ ဒီဝါးခြင်းတောင်းကို အောက်ကို လျှော့ချပေးမယ်... ။ မင်းတို့လူတစ် ယောက်ကို အထဲသို့ ရွှေတုံး ထည့်ခိုင်းလိုက်စမ်း...။”
“အဲ့လို လုပ်လို့ မရပါဘူး...။ တကယ်လို့ မင်းက ရွှေတုံးကို ယူပြီးတော့ ငါတို့ကို လမ်းမဖွင့်ပေးရင် ဘယ်လိုလုပ် မလဲ...။”
မျက်လုံးတစ်ဖက်လပ် နဂါးသည် သူ၏ နောက်လိုက်များအား ခြင်းတောင်းတွင် ကြိုးတုတ်နှောင်ရန် ညွှန်ကြား လိုက်ပြီး မြို့ရိုးပေါ်မှနေ၍ အော်ပြောလိုက်လေ၏။
“ဟေး...၊ မင်းတို့က ဒီလမ်းကနေ သွားချင်တယ်ဆိုရင်တော့ ဒီအတိုင်းပဲ လုပ်ရလိမ့်မယ်...။ တကယ်လို့ ငါပြောတဲ့ အတိုင်း မလုပ်ရင်တော့ မင်းတို့ တောနက်ကြီးထဲကနေပဲ သွားကြတော့ပေါ့...။”
“ဒါက...။”
ထိုထွားကြိုင်းသောအမျိုးသားမှာ ခေတ္တမျှ ဆွံ့အသွားခဲ့ပြီးမှ ဆိုလိုက်လေသည်။
“ကောင်းပြီ...၊ မင်းပြောတဲ့အတိုင်းပဲ လုပ်ပါ့မယ်...။ ဒါပေမဲ့ ငါ ကြိုပြောထားမယ်နော်...၊ အကယ်၍ မင်း ငါ့ကို လိမ်ညာရဲရင် မြေကမ္ဘာအဆုံးအထိ လိုက်လံတိုက်ခိုက်ပြီး မင်းကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး...။”
မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်သည် သူ၏ ခြိမ်းခြောက်မှုကို လုံးဝ ဂရုမစိုက်ဘဲ ကြိုးချည်ထားသော ခြင်းတောင်းအား မြို့ရိုးအောက်သို့ ချက်ချင်း လျှော့ချပေးလိုက်လေသည်။
မကြာမီ ထွားကြိုင်းသောအမျိုးသားတစ်ဦးသည် လျင်မြန်စွာ လျှောက်လှမ်းလာခဲ့ပြီး ခြင်းတောင်းအတွင်းသို့ ရွှေတုံးကို ထည့်သွင်းပေးလိုက်လေသည်။ မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်သည် လက်ဝှေ့ယမ်းပြလိုက်ရင်း ခြင်းတောင်းအား အထက်သို့ အမြန် ဆွဲတင်လိုက်လေတော့သည်။ ၎င်းမှာ အမှန်တကယ့်ကို အရည်အသွေး မြင့်မားပြီး တောက်ပလှသော ရွှေတုံးစစ်စစ် ဖြစ်ပေသည်။
မြို့ရိုးအောက်ခြေရှိ လူများသည် ဆက်လက်မစောင့်ဆိုင်းနိုင်ကြတော့ချေ။ ခြင်းတောင်းအား အထက်သို့ ဆွဲတင် သွားသည်ကို မြင်တွေ့ရသောအခါ သူတို့က အော်ဟစ်လိုက်ကြသည်။
“ဘယ်လိုလဲ...၊ ငါတို့ အခု မြို့ထဲ ဝင်လို့ရပြီလား...။”
“နေပါအုန်း...၊ မလောပါနဲ့...။”
မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်သည် ရွှေတုံးအား ပါးစပ်ထောင့်သို့ ယူဆောင်သွားကာ သာသာလေး ကိုက်ကြည့်လိုက်ပြီး ၎င်းမှာ ရွှေအစစ်အမှန်ဖြစ်ကြောင်း ပိုမို သေချာသွားခဲ့ရလေသည်။
ခဏမျှ ကြာပြီးနောက်တွင် မြို့ရိုးအောက်ခြေရှိ လူများသည် ပိုမို၍ စိတ်မရှည် ဖြစ်လာခဲ့ကြရလေသည်။ ရှေ့ဆုံးမှ ထွားကြိုင်းသောအမျိုးသားက တင်းမာစွာဖြင့် အော်ပြောလိုက်လေ၏။
“ဟေး...၊ မြို့ရိုးပေါ်က ကောင်လေး...၊ တံခါးကို အမြန် ဖွင့်စမ်း...။ မင်း ငါ့ရဲ့ ရွှေတုံးကို လိမ်ညာယူဖို့ ကြံစည် နေတာတော့ မဟုတ်ဘူးမလား...။”
မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်ကမူ အပြစ်ကင်းဟန်ဆောင်သော မျက်နှာအမူအရာဖြင့် တည်ကြည်စွာ ပြန် လည်မေးမြန်းလိုက်လေ၏။
“ရွှေတုံး ဟုတ်လား...၊ ဘယ်ကရွှေတုံးအကြောင်းကို ပြောနေတာလဲ...။”
မြို့ရိုးအောက်ခြေရှိ ထွားကြိုင်းသောအမျိုးသားတစ်စုသည် ချက်ချင်းပင် မျက်နှာအမူအရာများ ပြောင်းလဲသွားခဲ့ ရပြီး စတင် ဆဲဆိုကြလေတော့သည်။
မြို့ရိုးပေါ်မှ ခုနကတင် ဆင်းသက်လာခဲ့သော ယွီတောက်ချွမ်ပင်လျှင် ခေတ္တမျှ ကြက်သေ သေသွားခဲ့ရလေသည်။
*ငါတို့ခေါင်းဆောင်က ဘာလုပ်ဖို့ ကြံစည်နေတာလဲ...၊ ရွှေတုံးကို လိမ်ညာယူတာလား...၊ သူ ဒီလိုမျိုး စဉ်းစားမိ တာ တကယ့်ကို အံ့ဩစရာ ကောင်းတာပဲ…။*
“ယုတ်မာတဲ့ကောင်... ၊ မင်း ငါ့ရဲ့ ရွှေတုံးကို လိမ်ညာယူရဲတယ်ပေါ့...။ ငါ မင်းကို အသေဆိုးနဲ့သေသွားအောင် လုပ်နိုင်တယ်ဆိုတာ ယုံကြည်လိုက်စမ်းပါ...။”
မြို့ရိုးပေါ်၌ မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်၏ဘေးရှိ လူသားငယ်လေးတစ်ဦးက လက်မထောင်ပြလိုက်ရင်း ဆိုလိုက်၏။
“ခေါင်းဆောင်...၊ တကယ့်ကို ပြောင်မြောက်လှပေတယ်...။”
“ဟမ်...၊ ဘာက ပြောင်မြောက်လို့လဲ...။”
ထိုသူငယ်လေးက၊
“တောင်စောင့်နတ်မင်းဘိုးဘိုးကြီးက ဒီလူတွေကို မြို့ထဲ ပေးမဝင်ဖို့ ညွှန်ကြားထားခဲ့တာလေ...။ ခေါင်းဆောင်က တောင်စောင့်နတ်မင်းဘိုးဘိုးကြီးရဲ့ အမိန့်တော်ကို မဖီဆန်ခဲ့ရုံတင်မကဘဲ သူတို့ဆီက ရွှေတုံးကိုပါ လိမ်ညာယူ နိုင်ခဲ့တယ်...။ ဟီးဟီး...၊ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ မဟုတ်လား...။”
မျက်လုံးတစ်ဖက်လပ် နဂါး၏ မျက်နှာပေါ်တွင် မည်သည့် ဝမ်းမြောက်မှု အရိပ်အယောင်မျှ မရှိဘဲ တည်ငြိမ်စွာ ပြောလိုက်လေသည်။
“ဘာတစ်ချက်ခုတ် နှစ်ချက်ပြတ်လဲ...၊ ဘာတောင်စောင့်နတ်မင်းကြီးရဲ့ အမိန့်တော်လဲ...။ ငါ အခုမှ ရောက်လာ တာလေ ဘာမှ မသိဘူး...။ ပြီးတော့ မင်းပြောတဲ့ ရွှေတုံးဆိုတာကိုလည်း ငါ လုံးဝ မသိပါဘူး...။ ငါ သူတို့ဆီက ရွှေတုံးကို မယူခဲ့ပါဘူး...၊ ငါက သူတို့ကို သနားလို့ ကူညီပေးရုံသက်သက်ပါ...။”
မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်၏ဘေးရှိ ထိုဓားပြငယ်မှာ ကြောင်အမ်းသွားခဲ့ရပြီး မသိစိတ်အရ ပါးစပ်ဟ လျက်၊
“ဟမ်...။”
“ဘာကို ဟမ် နေရတာလဲ...၊ မြန်မြန် အောက်ကိုဆင်းပြီး သူတို့ကို လမ်းဖွင့်ပေးလိုက်စမ်း...။”
ထိုဓားပြငယ်သည် သူ၏ ခေါင်းဆောင်က ထိုရွှေတုံးကို တစ်ဦးတည်း သိမ်းပိုက်လိုခြင်းဖြစ်ကြောင်း ချက်ချင်း နားလည်သွားခဲ့ရလေသည်။ သူ၏ အမူအရာကို ကြည့်ခြင်းဖြင့် သူသည် တစ်ပါးသူ၏ ရွှေတုံးကို ယူခဲ့သည်ဟူ သည်ကို ဘယ်တော့မှ ဝန်ခံလိမ့်မည် မဟုတ်ချေ။
ရွှီပေါ်အန်းသည် ဤအခြေအနေကို စောင့်ကြည့်ရင်း မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်အပေါ် တဖန် မကျေ မနပ် ဖြစ်ပေါ်လာခဲ့ရပြန်သည်။
*ဘုရားရေ...၊ မင်းက တကယ့်ကို ပါးနပ်တာပဲ...။ မင်းတို့ စကားပြောဆိုသံတွေကို ငါ ဘွန်ဆိုင်းပြင်ပကနေ ရှင်းရှင်းလင်းလင်း ကြားနေရတယ်လေ... *
သို့ဖြစ်ရာ မင်းက တောင်စောင့်နတ်မင်းကြီး၏ အမိန့်တော်ကို ဖီဆန်ခဲ့ရသည့် တာဝန်ကိုလည်း မယူလိုဘဲ တစ်ပါး သူ၏ ရွှေတုံးကို လက်ခံခဲ့သည်ဟူသည်ကိုလည်း ဝန်မခံလိုခြင်း ဖြစ်ပေသည်။ ဤကဲ့သို့သော အမူ အကျင့်နှင့် နည်းလမ်းများရှိသည့် လူတစ်ဦးက ဤကဲ့သို့သော အဖွဲ့အစည်းတစ်ခုကို တည်ဆောက်နိုင်ခဲ့သည်မှာ တကယ့်ကို အံ့ဩစရာ ကောင်းလှပေစွ...။
မကြာမီ မြင်းလှည်းတန်းကြီးသည် မြို့တံခါးဝကို ဖြတ်သန်းခွင့် ရရှိသွားခဲ့ပြီး မြို့ရိုးအတွင်းသို့ ဝင်ရောက်လာခဲ့ လေသည်။ ထိုစဉ် အစောင့်အရှောက်အဖွဲ့ဝင်အားလုံး ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရလေတော့သည်။
“ဘာ...၊ ဒါက... မြို့ရိုးတစ်ချပ်သက်သက်ပဲ ဟုတ်လား...။”
“ဟုတ်ပ... ငါကတော့ မြို့ကြီးတစ်မြို့လို့ ထင်မှတ်ထားခဲ့တာ...။”
ထိုသူများသည် အပြန်အလှန် စကားပြောဆိုနေကြသော်လည်း ၎င်းအစား သူတို့၏ ကြာပွတ်များကို ဝှေ့ယမ်း လျက် ခရီးစဉ်ကို အရှိန်မြှင့်တင်ကာ ခြောက်သွေ့နေသော မြစ်လမ်းကြောင်းအတိုင်း အလျင်အမြန် မောင်းနှင် ထွက်ခွာသွားခဲ့ကြလေသည်။
ရွှီပေါ်အန်းအနေဖြင့်မူ ဤကိစ္စရပ်အပေါ် အလေးထားပုံမရချေ။ မူလက သူတို့ကို လမ်းမဖွင့်ပေးရန် ဆုံးဖြတ်ခဲ့ ခြင်းမှာ ယွီတောက်ချွမ်၏ ဆန်းစစ်ချက်ကြောင့် ဖြစ်ပြီး သူသည် ယွီတောက်ချွမ်၏ အကြံပြုချက်ကို ခဏမျှ သဘောတူခဲ့ခြင်း သက်သက်သာ ဖြစ်ပေသည်။
ယခုအခါ ထိုသူများသည် အတွင်းသို့ ဝင်ရောက်သွားခဲ့ကြပြီဖြစ်ရာ ရွှီပေါ်အန်းသည် မျက်လုံးတစ်ဖက်လပ် နဂါး အား ချက်ချင်း အပြစ်ပေးရန် မရည်ရွယ်တော့ချေ။ ဘာပဲဖြစ်ဖြစ် အကယ်၍ အခုချက်ချင်း အပြစ်ပေးလိုက်ပါက မျက်လုံးတစ်ဖက်လပ် နဂါး၏ “ထွက်ပြေးပုန်းအောင်းမှု” ကစားပွဲကို သူ မည်သို့ ဆက်လက် ကြည့်ရှုနိုင်ပါတော့ မည်နည်း။
ရွှီပေါ်အန်းသည် ထိုအစောင့်အရှောက်များအပေါ် စိတ်ဝင်စားမှု မရှိတော့သဖြင့် တောင်စောင့်သားရဲမွေးပွ နတ်ငယ်လေးအား ချက်ချင်း ဆက်သွယ်လိုက်ပြီး ဝက်ဝံညိုကြီးအား ထိုသူများ၏နောက်သို့ သေသေချာချာ စောင့်ကြည့်ရန် ညွှန်ကြားလိုက်လေသည်။
ထို့နောက် သူသည် ကားကို စတင်မောင်းနှင်လိုက်ပြီး ယွီကျင့်ရှီးကူ ဗီလာအိမ်ရာရှိရာဘက်သို့ ဦးတည်မောင်းနှင် ခဲ့လေတော့သည်။
ရွှီပေါ်အန်းသည် လမ်းမပေါ်၌ အရှိန်အဟုန်ဖြင့် မောင်းနှင်နေခဲ့ပေသည်။ ဘွန်ဆိုင်းကမ္ဘာအတွင်းရှိ အစောင့် အရှောက်အဖွဲ့ဝင်များသည်မူ မညီညာလှသော မြစ်လမ်းကြောင်းတလျှောက် ခက်ခဲစွာ ဖြတ်သန်းမောင်းနှင် နေခဲ့ကြရလေသည်။
ထိုစဉ် မသိစိတ်အရပင် နောက်ဆုံးလှည်းပေါ်မှ ပိုးထည်အထုပ်ငယ်လေးတစ်ထုပ် မြေပြင်ပေါ်သို့ ပြုတ်ကျကျန် ရစ်ခဲ့လေသည်။ ဆူညံလှသော ပတ်ဝန်းကျင်အခြေအနေကြောင့် ထိုအထုပ်ငယ်လေး ပြုတ်ကျကျန်ရစ်ခဲ့သည်ကို မည်သူမျှ သတိပြုမိခဲ့ကြချေ။
နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် ရွှီပေါ်အန်းသည် ယွီကျင့်ရှီးကူ ဗီလာအိမ်ရာသို့ ပြန်လည်ရောက်ရှိလာခဲ့ရာ ၎င်းမှာ ယခင်အတိုင်းပင် ရိုးရှင်းလှသော်လည်း တကယ့်ကို တင့်တယ်ထည်ဝါနေဆဲ ဖြစ်ပေသည်။
တောင်စောင်းပေါ်၌ တည်ဆောက်ထားသော အဆောက်အအုံများသည် စိမ်းလန်းစိုပြည်လှသော သစ်ပင်ပန်းမန် များဖြင့် ဝိုင်းရံထားသဖြင့် စိတ်နှလုံးကို ချက်ချင်းပင် လန်းဆန်းစေပြီး လတ်ဆတ်သော လေထုကို အပြည့်အဝ ရှူရှိုက်ချင်စိတ် ဖြစ်ပေါ်စေပေသည်။
ဤဗီလာအိမ်ရာ၏ ပန်းခြံပုံစံ ဗိသုကာလက်ရာများမှာ သဘာဝရှုခင်းများနှင့် အလွန်တရာ လိုက်ဖက်ညီလှပြီး လှပတင့်တယ်လှသော ရှုခင်းတစ်ခုအဖြစ် တည်ရှိနေခဲ့လေသည်။
တစ်ခုလုံးသော ဗီလာအိမ်ရာသည် ရှေးဟောင်းပုံစံ ဒီဇိုင်းကို အခြေခံထားသဖြင့် ဘေးပတ်လည်ရှိ သဘာဝရှုခင်း များနှင့် ပိုမို လိုက်ဖက်ညီလှစေပြီး ရှေးဟောင်းနှင့် ခေတ်သစ်ပေါင်းစပ်မှု၏ အလှတရားတစ်ခုကို ဖြစ်ပေါ်စေ ပေသည်။
ဗီလာအိမ်ရာ၏ ပင်မတံခါးဝမှနေ၍ ရှေ့သို့ လှမ်းကြည့်လိုက်ပါက ကွေ့ကောက်လှသော လမ်းငယ်လေးများနှင့် ထူထပ်လှသော သစ်တောငယ်လေးများမှာ တိတ်ဆိတ်အေးချမ်းလှသော အခြေအနေကို ပေးစွမ်းနေပြီး စိတ်နှလုံး ကို အေးချမ်းစေကာ အလွန်တရာ သက်တောင့်သက်သာရှိမှုကို ခံစားရစေပေသည်။
ရွှီပေါ်အန်း နေထိုင်သောနေရာအား ခေတ္တမြို့ပြဗီလာတစ်ခုအဖြစ် ခေါ်ဆိုနိုင်ပါက ဥက္ကဋ္ဌကျောက် နေထိုင် သောနေရာမှာမူ ပန်းခြံဗီလာတစ်ခုအဖြစ် ပိုမို၍ တိကျစွာ ခေါ်ဆိုထိုက်ပေသည်။
ရွှီပေါ်အန်း သူ၏ ကားကို ရပ်တန့်လိုက်သည်နှင့် တစ်ပြိုင်နက် အိမ်ရာဝန်ဆောင်မှု ဝန်ထမ်းများကဲ့သို့ ဝတ်ဆင် ထားသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် လျှောက်လှမ်းလာခဲ့ကြလေသည်။
သူတို့နှစ်ဦးစလုံးသည် တရားဝင် ဝတ်စုံများနှင့် ကုတ်အင်္ကျီများကို စနစ်တကျ ဝတ်ဆင်ထားကြပြီး နားကြပ် များကို တပ်ဆင်ထားသဖြင့် အလွန် ပညာရှင်ဆန်လှပေသည်။
ထိုကုတ်အင်္ကျီဝတ်အမျိုးသားသည် ရွှီပေါ်အန်းအား ကားရပ်နားရန် လမ်းညွှန်ပေးခဲ့ပြီး အမျိုးသမီးဝန်ထမ်းကမူ ပြုံးလျက် ကားတံခါးကို ဖွင့်ပေးလိုက်လေ၏။
“မင်္ဂလာပါ အစ်ကိုကြီး...။ ကားကို ဒီနေရာမှာ ရပ်နားနိုင်ပါတယ်...။ ကျွန်မတို့ဘက်က ဧည့်သည်တော် သွား ရောက်မယ့် နေရာဆီ လိုက်လံပို့ဆောင်ပေးဖို့အတွက် ကားတစ်စီး စီစဉ်ပေးပါ့မယ်...၊ ကြိုတင်ချိန်းဆိုထားတာ ရှိပါသလား...။”
ရွှီပေါ်အန်းက ခေါင်းညိတ်ပြလိုက်ပြီး ဥက္ကဋ္ဌကျောက်၏ နေရပ်လိပ်စာကို ပြောပြလိုက်လေသည်။
ထိုအမျိုးသမီးသည် သူမ၏ လက်ကောက်ဝတ်ရှိ လက်ပတ်နာရီပေါ်တွင် အနည်းငယ် နှိပ်လိုက်ပြီးနောက် ပြုံးလျက် ခေါင်းညိတ်ပြကာ ပြောလိုက်လေ၏။
“ကောင်းပါပြီ အစ်ကိုကြီး...၊ အကယ်၍ သယ်ဆောင်ရမယ့် ပစ္စည်းတွေရှိရင် ကျွန်မတို့ဘက်က ကူညီသယ်ဆောင် ပေးပါ့မယ်...။”
ရွှီပေါ်အန်းက ခေါင်းခါယမ်းပြလိုက်ရင်း၊
“မလိုပါဘူး... ကျေးဇူးတင်ပါတယ်...။”
သူ စကားပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် အဖြူရောင် လျှပ်စစ်ကားငယ်တစ်စီးသည် သူ၏ ဘေး၌ ရပ်တန့်လာ ခဲ့လေသည်။
ရွှီပေါ်အန်းသည် ကားပေါ်သို့ တက်ရောက်ရန် ပြင်လိုက်စဉ်မှာပင် သာယာနာပျော်ဖွယ်ကောင်းလှသော စကားသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
“မစ္စတာရွှီ...၊ တကယ့်ကို တိုက်ဆိုင်တာပဲနော်...။”
ရွှီပေါ်အန်း လှည့်ကြည့်လိုက်ရာ မလှမ်းမကမ်းရှိ အဖြူရောင် ကားငယ်တစ်စီးအတွင်းမှ ဆင်းသက်လာသော တင့်တယ်လှပလှသည့် အမျိုးသမီးတစ်ဦးကို မြင်တွေ့လိုက်ရ၏။
ထိုအမျိုးသမီးသည် အနက်ရောင် စကတ်ရှည်ကို ဝတ်ဆင်ထားပြီး သူမ၏ ရှည်လျားလှသော ဆံနွယ်လှိုင်းလေး များမှာ ပခုံးထက်သို့ ဝဲဖြာကျနေခဲ့ပေသည်။ သူမသည် လက်ထဲတွင် အဖြူရောင် လက်ကိုင်အိတ်ငယ်လေးကို ကိုင်ဆောင်ထားလျက် ရွှီပေါ်အန်းဆီသို့ ပြုံးရွှင်စွာဖြင့် လျှောက်လှမ်းလာခဲ့လေ၏။
၎င်းမှာ အခြားသူမဟုတ်ဘဲ တုန်းကျန်းမြို့၏ ကျော်ကြားလှသည့် ရုပ်သံအစီအစဉ်တင်ဆက်သူ အိုယန်နာကျား ပင် ဖြစ်ချေတော့သည်။