← Chapters

ပြေးတော့

Vol. 14 Ch. 150

ပြေးတော့

Vol. 14 Ch. 150

ခုံးကျုံးက ပွင့်လင်းရိုးသားသော အမူအရာဖြင့် ဆိုလာလေ၏။

"အစ်ကိုချူ... ကျွန်တော် တစ်လောကလုံးမှာ အစ်ကို့ကိုပဲ အလေးစားဆုံးပါ... ဒီမြို့ကာကွယ်ရေးတိုက်ပွဲမှာ အစ်ကိုပြခဲ့တဲ့ ဗျူဟာနဲ့ ပါရမီက ကျွန်တော့်ထက် အများကြီး သာလွန်ပါတယ်... ဒါ့အပြင် အစ်ကိုက သာမန်ပြည်သူတွေအပေါ်မှာ တကယ် စေတနာရှိတာကို ကျွန်တော် မြင်တယ်... ကျွန်တော် အိပ်ရာထဲ လဲနေတဲ့ ဒီရက်ပိုင်းအတွင်းမှာ အစ်ကိုသာ ဦးဆောင်မှုမပေးခဲ့ရင် လျန်တူမြို့ကြီးက အခုလောက်ဆို ဖရိုဖရဲ ဖြစ်နေလောက်ပြီ... အစ်ကိုပဲ မြို့စားမင်း လုပ်သင့်တာပါ... ကျွန်တော်နဲ့ ဇီလင်းက အစ်ကို့နောက်ကနေ လိုက်ပြီး ဒီလောကကြီးကို ငြိမ်းချမ်းအောင် လုပ်ပေးဖို့ အသင့်ပါပဲ..."

ချူကျန့်အတွက် မြို့စားမင်းဖြစ်ရခြင်းသည် သေရသည်ထက်ပင် ဆိုးရွားနေပေသည်။ ထို့ကြောင့် သူက ပျာပျာသလဲ ငြင်းဆန်လိုက်တော့၏။

"မလုပ်ဘူး မလုပ်ဘူး... မင်းက ဒီမြို့ရဲ့ မြို့စားမင်းပဲ... ငါ ဒါကို ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး... အခု မင်း လမ်းလျှောက်နိုင်ပြီဆိုတော့ ဒီအလုပ်တွေအားလုံးကို မင်းဆီပဲ ပြန်လွှဲပေးခဲ့မယ်... စာရွက်စာတမ်းတွေနဲ့ တံဆိပ်တုံးတွေကို အစ်မ ရန်ဆီမှာ ငါ အပ်ထားခဲ့ပြီးပြီမို့ သူကတစ်ဆင့် မင်းကို ပြန်ပေးလိမ့်မယ်... ငါ သွားတော့မယ်... ဇီလင်း... မင်း ငါနဲ့ လေ့ကုတောင်ကို လိုက်စရာမလိုဘူး... ဒီမှာပဲ နေပြီး သခင်လေး ခုံးနဲ့ ငါ့ရဲ့ စီနီယာအစ်မ သခင်မလေးကောကို စောင့်ရှောက်ပေးလိုက်ပါဦး..."

ခုံးကျုံး ငြင်းဆန်ခွင့် သို့မဟုတ် ရွှီဇီလင်း ဖျောင်းဖျခွင့်ပင် မရလိုက်ချေ။ ချူကျန့်သည် လျှပ်တစ်ပြက်အတွင်း ကိုယ်ဖော့ပညာဖြင့် ဒရောသောပါး ပြေးထွက်သွားလေတော့၏။

ချူကျန့် ထွက်သွားပြီးနောက် ရွှီဇီလင်းသည် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး မကျေမနပ်ဖြစ်နေသော လေသံဖြင့် ဆိုလိုက်၏။

"ဒါဟာ နောက်ဆုံးအကြိမ် ဖြစ်ပါစေလို့ ငါ မျှော်လင့်ပါတယ်..."

ခုံးကျုံးက ဇဝေဇဝါဖြင့် ပြန်လည် တုန့်ပြန်လေသည်။

"ဘာ နောက်ဆုံးအကြိမ်လဲ... မင်း တစ်ခုခုကို အထင်လွဲနေတာလား..."

ရွှီဇီလင်းက တည်ငြိမ်စွာပင် ဆိုလိုက်၏။

"အစ်ကိုချူကို မင်း စမ်းသပ်စရာ မလိုပါဘူး... သူက မင်းနဲ့ လျန်တူမြို့ကို လုယူဖို့ နည်းနည်းလေးမှ စိတ်မကူးထားဘူး..."

ခုံးကျုံးသည် ခဏမျှ မှင်သက်သွားပြီးမှ ခါးသီးစွာ ပြုံးလိုက်တော့၏။

"ငါ အခုနက အစ်ကိုချူကို စမ်းသပ်နေတယ်လို့ မင်း ထင်တာလား..."

"ငါတို့ ငယ်ငယ်ကတည်းက အတူတူ ကြီးပြင်းလာကြတာ... မင်း ဘယ်သူ့ရှေ့မှာမှ ခေါင်းငုံ့တာမျိုး ငါ မမြင်ဖူးဘူး... လီရှီမင်မှာ ချီဟန်ကျင့်ကျဲရဲ့ ထောက်ခံမှုနဲ့ တပ်မတော်ရဲ့ ယုံကြည်မှုတွေ ရှိနေတာတောင် မင်းက လောကကို စိန်ခေါ်မယ့် ရည်မှန်းချက်ကို ဘယ်တော့မှ မစွန့်လွှတ်ခဲ့ဘူး မဟုတ်လား..."

ခုံးကျုံးသည် ရွှီဇီလင်း၏ မျက်လုံးများကို စူးစိုက်ကြည့်လိုက်လေသည်။

"လင်းအာ... ငါ ခုံးကျုံး လောကကို အုပ်စိုးဖို့ ကြိုးစားရင်းနဲ့ လိပ်ပြာမလုံတဲ့ အလုပ်တချို့ လုပ်ခဲ့မိတာ မှန်ပါတယ်... ဝမ်ရှီချုံးနဲ့ ရှောင်ရှန်းတို့ကိုတောင် ကူညီခဲ့ဖူးတယ်... ဒါပေမဲ့ ငါ့ရဲ့ မိတ်ဆွေတွေအပေါ်မှာတော့ သစ္စာမရှိတာမျိုး တစ်ခါမှ မလုပ်ခဲ့ဘူး... ငါ အစ်ကိုချူကို တကယ် လေးစားမိတာပါ... ဒီ လျန်တူမြို့ ကာကွယ်ရေးတိုက်ပွဲရဲ့ အသေးစိတ်ကို မင်း သိပြီးပြီလား..."

ရွှီဇီလင်းက ခေါင်းညိတ်ပြလိုက်၏။

"သိပါတယ်... တစ်မြို့လုံးမှာလည်း ဒီရက်ပိုင်း အဲဒီအကြောင်းတွေ ပြောနေကြတာပဲ... လော့ချီဖေးကလည်း ငါ့ကို ပြောပြထားတယ်..."

"ဒါဆိုရင် ဒီတိုက်ပွဲမှာ အစ်ကိုချူရဲ့ ဦးဆောင်မှုကို မင်း ဘယ်လို မြင်လဲ..."

ရွှီဇီလင်းသည် ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ပြန်ဖြေလေသည်။

" သူက လူသားတွေရဲ့ စိတ်သဘာဝကို အကဲခတ် အရမ်းတော်တာပဲ... ပြီးတော့ သူ့မှာ ရှိတဲ့ အားသာချက်တွေကို အကောင်းဆုံး အသုံးချတတ်တယ်..."

ခုံးကျုံးသည် သက်ပြင်းတစ်ချက်ကို ရှည်လျားစွာ ချလိုက်၏။

"မှန်တယ်... ငါ့အမြင်မှာတော့ အစ်ကိုချူဟာ မြို့ရိုးပေါ်ကနေ စကားစပြောကတည်းက တိုက်စစ်ကို စတင်လိုက်တာပဲ... စိတ်ဓာတ်စစ်ဆင်ရေးကနေ စပြီး နောက်ပိုင်းက ထူးဆန်းလှတဲ့ ထင်းတုံးတွေနဲ့ တိုက်ခိုက်တာတွေအထိ... အားလုံးက ရန်သူ့စိတ်ဓာတ်ကို ချိုးနှိမ်ပစ်ဖို့ပဲ... ခြေလျင်တပ်သားသစ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ယွီဝန်ဝူတိရဲ့ စစ်တပ်ဟာ ညတွင်းချင်း လာတိုက်တာမို့ အစပိုင်းမှာ မာန်ရှိနေပေမယ့် နောက်ပိုင်းမှာ စိတ်ဓာတ်ကျလာမယ်ဆိုတာကို သူက တွက်ချက်ထားတာ... ဒါကြောင့် ရန်သူကို စကားနဲ့ အရင် ခြောက်လှန့်လိုက်တယ်... ပြီးတော့ သူ့ရဲ့ ကျော်ကြားမှုနဲ့ အောင်မြင်မှုတွေ၊ ဆရာဖြစ်သူရဲ့ ဂုဏ်သတင်းကို သုံးပြီး ကြီးမားတဲ့ ဖိအားကို ပေးလိုက်တယ်... အဲဒီနောက်မှာတော့ လုံးဝ ယုတ္တိမရှိတဲ့ ထင်းတုံးတွေ ပစ်ချတာမျိုးလုပ်ပြီး ဖိအားကို အမြင့်ဆုံးအထိ တင်လိုက်တယ်... နောက်ဆုံးမှာတော့ မီးမှုတ်စက်ကြီးကို သုံးပြီး ရန်သူ တစ်သောင်းကျော်ရဲ့ စိတ်ဓာတ်ကို အစအဆုံး ခြေမှုန်းပစ်လိုက်တာပဲ..."

ခုံးကျုံး၏ မျက်နှာထက်တွင် စစ်မှန်သော ကြည်ညိုလေးစားမှုများ ထင်ဟပ်နေတော့၏။

"ဒီ လျန်တူမြို့ ကာကွယ်ရေးမှာ ငါတို့ဘက်က စစ်သည် တစ်ယောက်မှ မဆုံးရှုံးဘဲ ရန်သူ့တပ်ကြီးကို အပြတ်အသတ် နိုင်လိုက်တာဟာ သူ့ရဲ့ ခန့်မှန်းရခက်တဲ့ နည်းဗျူဟာတွေနဲ့ လူ့စိတ်ကို နားလည်နိုင်စွမ်းတွေကြောင့်ပဲ... ငါသာ မြို့ကိုကာကွယ်ရမယ်ဆိုရင် ဒီလို ရလဒ်မျိုး ဘယ်တော့မှ ရမှာ မဟုတ်ဘူး... အဲဒါကြောင့် ငါ သူ့ကို တကယ် လေးစားတာ..."

ရွှီဇီလင်းသည်လည်း သဘောတူသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်လေသည်။

"ဟုတ်တယ်... အစ်ကိုချူက တကယ်ကို ထူးခြားတဲ့သူပါပဲ..."

"ဒါ့အပြင်... လော့ချီဖေး ပြောပြတာက ဒီရက်ပိုင်း အစ်ကိုချူ ဘယ်လောက်ပဲ အလုပ်များနေပါစေ... ကိစ္စတစ်ခုကိုတော့ သေသေချာချာ လုပ်ခဲ့တယ်တဲ့... ဘယ်အိမ်ကများ မြို့ရိုးအတွက် ထင်းတွေ လှူခဲ့သလဲဆိုတာကို စာရင်းပြုစုခိုင်းပြီး အစ်မ ရန်ကို လျော်ကြေးငွေတွေ ကိုယ်တိုင် အိမ်တိုင်ရာရောက် လိုက်ပေးခိုင်းတယ်... တစ်အိမ်မှ မကျန်စေရဘူးတဲ့... လမ်းဘေးမှာ လူတွေက သူ့ကို ငါးတွေ ကြက်ဥတွေ ပေးကြတာတောင် ပိုက်ဆံပြန်ပေးဖို့ လိုက်ပြေးရှာနေသေးတာ... ဒါက ဘာကို ဆိုလိုတာလဲ... သူဟာ ပြည်သူတွေကို တကယ် ဂရုစိုက်တယ်... လေးစားတယ်... သူတို့ဆီက အပ်တစ်ချောင်း ဆံမျှင်တစ်မျှင်တောင် အလကား မယူချင်ဘူး... သူတို့ အထိနာမှာကို လုံးဝ အဖြစ်မခံနိုင်ဘူး ဆိုတဲ့ သဘောပဲ မဟုတ်လား..."

ခုံးကျုံးသည် မျက်နှာတွင် လေးစားမှုများ ပြည့်နှက်နေလျက် ခါးသီးစွာ ပြုံးလိုက်ပြန်သည်။

"ငါတို့သာ ဆိုရင် ပြည်သူတွေ ငါတို့ကို ယုံကြည်နေကြပြီဆိုပြီး ဂုဏ်ယူမိနေကြမှာ မဟုတ်လား... ဒါကြောင့် အခုနက ငါပြောခဲ့တာတွေက စိတ်ရင်းပါ... အစ်ကိုချူဟာ ပြည်သူကို ချစ်တဲ့နေရာမှာရော ဗျူဟာပိုင်းမှာရော ငါ့ထက် သာလွန်တယ်လို့ ငါထင်တယ်... လောကကြီးသာ ငြိမ်းချမ်းပြီး ပြည်သူတွေ ဘဝကောင်းကောင်း ရကြမယ်ဆိုရင် ငါက ဘာလို့ အဲ့ဒီ ပလ္လင်ပေါ် ထိုင်ဖို့ စိတ်ကူးနေရဦးမှာလဲ..."

ရွှီဇီလင်းက သူ့ပုခုံးကို ပုတ်လိုက်ရင်း တောင်းပန်သည့်ဟန်ဖြင့် ဆိုလိုက်၏။

"ငါ မင်းကို အထင်လွဲသွားမိတယ်... ဒါပေမဲ့ အစ်ကိုချူကတော့ လျန်တူမြို့ကို ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူးဆိုတာ ငါ ယုံကြည်တယ်..."

"ဘာလို့လဲ..."

ရွှီဇီလင်းက စကားလုံးတစ်လုံးချင်းစီကို ပြတ်သားစွာ ဆိုလိုက်လေသည်။

"ဘာလို့လဲဆိုတော့ ငါတို့က သူ့ရဲ့ မိတ်ဆွေတွေ ဖြစ်နေလို့ပဲ... သူဟာ တစ်ကမ္ဘာလုံးကို အုပ်စိုးချင်ရင်တောင် သူ့ရဲ့ မိတ်ဆွေတွေကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်သလို... မိတ်ဆွေတွေဆီက မြို့ကိုလည်း လုယူမှာ မဟုတ်ဘူး..."

ခုံးကျုံးသည် ပါးစပ်ဟလျက် အချိန်အတော်ကြာမှ စကားဆိုနိုင်တော့၏။

"ဒါပေမဲ့ ဒီ မြို့စားမင်း ရာထူးက ငါ့အတွက်လို့ သူ မပြောခဲ့ဘူး မဟုတ်လား..."

"သူက မင်းပိုင်တယ်လို့ သတ်မှတ်လိုက်တာနဲ့ ဒါဟာ မင်းပိုင်တာပဲ... သူက မင်းကို မြို့စားမင်းလို့ ဘယ်တော့မှ မခေါ်ဘဲ သခင်လေး ခုံးလို့ပဲ ခေါ်နေတာကို မင်း အထင်မမှားနဲ့... မင်း လောကကို စိန်ခေါ်ဖို့အတွက် ဒီ လျန်တူမြို့ဆိုတဲ့ အခြေခံစခန်း လိုအပ်နေတာကို သူ သိနေတယ်... အဲဒါကြောင့် သူ ဒါကို ဘယ်တော့မှ မထိဘူး... မင်းသိလား... ဒီရက်ပိုင်း သူနဲ့ ငါ အလုပ်လုပ်နေတုန်းက လူအင်အားနဲ့ ပတ်သက်တဲ့ ကိစ္စမှန်သမျှကို ငါ့ဆီပဲ ပုံအပ်ထားတယ်... အစကတော့ သူပျင်းလို့လို့ ငါထင်နေတာ... ဒါပေမဲ့ နောက်ပိုင်းကျမှ သူဟာ လူယုံတွေ မွေးထားတယ်လို့ မင်း အထင်မမှားစေချင်လို့ ရှောင်လွှဲနေမှန်း ငါသိလိုက်ရတယ်... ပြီးတော့ သူ ကိုင်တွယ်သမျှ စာရွက်စာတမ်းတွေနဲ့ တံဆိပ်တုံးတွေကိုလည်း ညတိုင်း အစ်မ ရန်ဆီ ပြန်အပ်ပေးတယ်... အစ်မ ရန်က မင်းကို တစ်စိုက်မတ်မတ် ထောက်ခံနေသူဆိုတာ မင်းလည်း သိတာပဲ... သူ ဘာလို့ ဒါတွေ လုပ်နေသလဲဆိုတာ မင်း စဉ်းစားကြည့်ပေါ့..."

ခုံးကျုံးသည် သက်ပြင်းကို ပြင်းထန်စွာ ချလိုက်လေသည်။

"သူ ဒီလောက်အထိ လုပ်စရာမလိုပါဘူး..."

"အင်အားကြီးတဲ့ အဖွဲ့အစည်းတစ်ခုမှာ အဆိုးဆုံးက အမိန့်ပေးသူ နှစ်ယောက် ဖြစ်နေတာပဲ..."

ရွှီဇီလင်းက ဆက်လက်ပြောပြလေသည်။

"အစ်ကိုချူရဲ့ လျန်တူမြို့က ဂုဏ်သတင်းက မင်းထက် မလျော့ဘူး... ဒါပေမဲ့ မင်းက ဒဏ်ရာရနေပြီး အလုပ်တွေ မလုပ်နိုင်တဲ့အချိန်မှာ သူက အားလုံးကို စည်းကမ်းတွေ စနစ်တကျ ချမှတ်ပေးခဲ့တယ်... မင်းသာလျှင် မြို့စားမင်း ဖြစ်တယ်ဆိုတာကို အားလုံး သိအောင် လုပ်ပေးခဲ့တာပဲ..."

ခုံးကျုံး၏ မျက်ဝန်းများမှာ အနည်းငယ် နီမြန်းလာတော့၏။ မိမိကဲ့သို့ မိတ်ဆွေတစ်ယောက်အတွက် ဤမျှအထိ စဉ်းစားပေးခဲ့လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

ရွှီဇီလင်းက ခုံးကျုံး၏ ဘေးတွင် ဝင်ထိုင်လိုက်ရင်း ညင်သာစွာ ဆိုလိုက်၏။

"ငါ အစ်ကိုချူနဲ့ ပတ်သက်တဲ့ ပုံပြင်လေးတစ်ပုဒ် ကြားဖူးတယ်... အစ်ကိုချူဟာ တစ်ခါက လူဆိုးတောင်ကြားက လူငယ်လေးတစ်ယောက်အတွက်နဲ့ နာမည်ကျော် သိုင်းလောက မြင့်မြတ် နယ်မြေ ဖြစ်တဲ့ ယီဟွာနန်းတော်ကိုတောင် ရန်စဖို့ ဝန်မလေးခဲ့ဘူး... ယီဟွာနန်းတော်ရဲ့ ဟွာဝူချွဲနဲ့တောင် ရင်ဆိုင်တိုက်ခိုက်ခဲ့သေးတယ်... တစ်ဖက်မှာက လူတိုင်း ကြောက်ရွံ့မုန်းတီးကြတဲ့ လူဆိုးတောင်ကြားက လူငယ်... နောက်တစ်ဖက်မှာက ခန့်ညားပြီး ဂုဏ်သိက္ခာရှိတဲ့ ယီဟွာနန်းတော်က လူငယ်... ဒါပေမဲ့ သူက လူဆိုးတောင်ကြားက လူငယ်လေးဘက်ကနေ ရပ်တည်ပေးခဲ့တယ်... ဘာလို့လဲဆိုတော့ အဲ့ဒီလူက သူ့ရဲ့ မိတ်ဆွေ ဖြစ်နေလို့ပဲ..."

သူ၏ အသံမှာ အခန်းတွင်း၌ ပဲ့တင်ထပ်သွားလေသည်။

"အဲဒီလိုပဲ... သူက ငါတို့ကိုလည်း သူ့ရဲ့ မိတ်ဆွေတွေအဖြစ် သတ်မှတ်ထားတာ... အဲဒါကြောင့် သူ့ရဲ့ ရွေးချယ်မှုနဲ့ လုပ်ရပ်တွေအတွက် ငါ မအံ့သြတော့ဘူး... ဒီရက်ပိုင်း သူနဲ့အတူ နေခဲ့ပြီးတဲ့နောက် ငါ သူ့ကို နားလည်သွားပြီ... အစ်ကိုချူဟာ သမားရိုးကျ သူရဲကောင်းမျိုး မဟုတ်ဘူး... သူ့မှာ အချစ်နဲ့ အမုန်း ပြတ်သားတယ်... သစ္စာတရားကို တန်ဖိုးထားတယ်... ရန်သူတွေနဲ့ တိုင်းတစ်ပါးက လူယုတ်မာတွေအပေါ်မှာတော့ ရက်စက်မှုမှာ ပြိုင်ဘက်မရှိဘူး... ဒါပေမဲ့ သာမန်ပြည်သူတွေနဲ့ အတင်းအဓမ္မ ခေါ်လာခံရတဲ့ အပြစ်မဲ့သူတွေကိုတော့ သူ မသတ်ရက်ဘူး... စစ်ပွဲတုန်းကလည်း ယွီဝန်ဝူတိနဲ့ သူ့ရဲ့ ကိုယ်ရံတော် အနည်းငယ်ကိုပဲ သူ တစ်ချက်တည်းနဲ့ သတ်ခဲ့တာ... အဲဒီနောက်မှာ သူ ဓားမထုတ်တော့ဘူး... သူဟာ အပြစ်မဲ့သူတွေရဲ့ သွေးနဲ့ သူ့ဓားကို မပေကျံစေချင်ဘူးလို့ ငါနဲ့ အစ်မ ရန်တို့ ယူဆကြတယ်... သူ ဒီလောက်အထိ ပင်ပင်ပန်းပန်း စိတ်ဓာတ်စစ်ဆင်ရေးတွေ လုပ်ခဲ့တာကလည်း လျန်တူမြို့က စစ်သည်တွေနဲ့ ပြည်သူတွေ အသေအပျောက် မရှိစေချင်လို့ရော... စစ်တပ်ထဲ အတင်းအဓမ္မ ခေါ်လာခံရတဲ့ တပ်သားသစ်တွေကို မသေစေချင်လို့ရော ကြောင့်ပဲ မဟုတ်လား..."

ထိုနေရာတွင် ရွှီဇီလင်းက သက်ပြင်းတစ်ချက် ချလိုက်ပြန်၏။

"ဒါကြောင့် သူဟာ စစ်မြေပြင်အတွက် အသင့်တော်ဆုံး တပ်မှူးတစ်ယောက် ဟုတ်ချင်မှ ဟုတ်လိမ့်မယ်... ဒါပေမဲ့ သူ့ရဲ့ သစ္စာတရားနဲ့ မဟာကရုဏာစိတ်ထားကြောင့်တင် သူဟာ ငါ့အတွက်တော့ မင်းတို့.. ပါဖုန်းဟန်တို့လိုပဲ ရင်ထဲက လေးစားရတဲ့ ညီအစ်ကို မိတ်ဆွေစစ် တစ်ယောက် ဖြစ်နေပြီ..."

ခုံးကျုံးသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူ၏ မျက်လုံးများထဲတွင် ပြတ်သားသော အရှိန်အဝါများ တောက်ပလာတော့၏။

"အစ်ကိုချူက သူ့ရဲ့ ဆုံးဖြတ်ချက်ကို ချလိုက်ပြီဆိုမှတော့ လျန်တူမြို့ကြီးက ငါ့ရဲ့ သခင်ပဲ... အစ်ကိုချူသာ ငါ့ကို ကူညီပြီး လောကကို သိမ်းပိုက်ပေးမယ်ဆိုရင် ငါက သူ့ကို ညီအစ်ကိုတစ်ယောက်လို ခြွင်းချက်မရှိ ယုံကြည်အားကိုးမယ်... အကယ်၍ နောင်တစ်ချိန်မှာ အစ်ကိုချူက ကိုယ်ပိုင်စစ်တပ်ကို တည်ထောင်ခဲ့မယ်ဆိုရင်လည်း ငါက သူ့ကို ထာဝရ ဦးထိပ်ပန်ဆင်မယ့် ညီအစ်ကိုအဖြစ်ပဲ ရှိနေမှာပါ... ငါ ခုံးကျုံး ဒီနေ့ ပြောခဲ့တဲ့ ကတိစကားကို ဖောက်ဖျက်ခဲ့ရင် ဒီ စားပွဲကြီးက သက်သေပဲ..."

ခုံးကျုံးသည် သူ၏ ကျင်ယွဲ့ ဓားကို ဆွဲထုတ်လိုက်ပြီး စားပွဲကြီးကို "ခွပ်" ခနဲ ပိုင်းဖြတ်လိုက်ရာ စားပွဲကြီးမှာ တစ်ချက်တည်းနှင့် နှစ်ပိုင်း ပြတ်သွားလေတော့၏။

...

တစ်ဖက်တွင်မူ..ချူကျန့် တစ်ယောက် မြို့စားမင်း နန်းတော်မှ ထွက်လာခဲ့ပြီး ရင်ထဲ၌ ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရ၏။

လျန်တူမြို့အပေါ်မှာ သူ့မှာ ဘာအကြွေးမှ မရှိတော့ချေ။ သမားတော်ရွှယ်ကို ပင့်ဆောင်ပြီး ကောရှန်ကို ကယ်တင်နိုင်ပြီဆိုလျှင်မူ ဤရှုပ်ထွေးလှသော နေရာသို့ သူ ဘယ်တော့မှ ပြန်လာမည် မဟုတ်တော့ပေ။

လောကကို စိန်ခေါ်ရမယ့် လမ်းစဉ် ဟုတ်လား... လဲသေလိုက်စမ်းပါ... တိုက်ချင်တဲ့သူတွေသာ တိုက်ကြပေါ့။

ထိုအခိုက်အတန့်၌ ရွှေရောင်လင်းယုန်တစ်ကောင်သည် လေထဲမှ ပျံဆင်းလာပြီး သူ့အနားသို့ သက်ဆင်းလာလေသည်။

ချူကျန့်မှာ အံ့အားသင့်သွားရ၏။

တခြား မရှိ... ဒါဟာ ချင်ရူယွင်ပဲ ဖြစ်ရမယ်.. ဤမျှ ခမ်းနားလှသော ရွှေလင်းယုန် စာပို့စနစ်ကို အသုံးပြုနိုင်သူမှာ သူမကဲ့သို့ အရမ်းချမ်းသာပြီး လှပသော အမျိုးသမီးမှအပ အခြားသူ မရှိနိုင်ချေ။

ချင်ရူယွင်သည် ဒီရက်ပိုင်းအတွင်း သူ့ကို စိတ်ဆိုးနေပုံရပြီး ဘာမှ မဆက်သွယ်ခဲ့ချေ။ ယခု ဤစာသည် တာဝန်ကို အမြန်ဆုံး အပြီးသတ်ရန် တိုက်တွန်းခြင်း များလား..။

သူသည် စာလိပ်ကို ဖြန့်ကြည့်လိုက်ရာ... စာကြောင်းတစ်ကြောင်းတည်းသာ ပါဝင်နေသည်ကို တွေ့လိုက်ရ၏။

"ပြေးတော့... လျန်တူမြို့ကနေ ချက်ချင်း ထွက်သွား... ဆွေ့ကျိုးပြည်နယ် ကနေပါ ချက်ချင်း ထွက်သွားတာ အကောင်းဆုံးပဲ…”

Book 14 end.

All Chapters