← Chapters

ဒဏ်ရာများ

Vol. 14 Ch. 141

ဒဏ်ရာများ

Vol. 14 Ch. 141

ဤချောင်းမြောင်းတိုက်ခိုက်မှုမှာ လျှပ်စီးပမာ လျင်မြန်ပြီး ရုတ်တရက်ဆန်လွန်းလှ၏။ တိုက်ခိုက်သူ၏ ခွန်အားမှာ ယန်ချီ ထက် လုံးဝမနိမ့်ကျဘဲ အနည်းဆုံး သိုင်းပညာ အဆင့်သတ်မှတ်ချက် အမှတ် (၂၅၀) ခန့် ရှိမည်မှာ သေချာလှပေသည်။

သို့သော် ရေတွက်၍မရနိုင်သော တိုက်ပွဲများကို ဖြတ်သန်းခဲ့ပြီး ချောင်းမြောင်းတိုက်ခိုက်မှုများကြားတွင် နှစ်ပေါင်းများစွာ ရှင်သန်ခဲ့ရသော ချူကျန့်အတွက်မူ ဤသို့သော အကြောပိတ် တိုက်ခိုက်မှုမျိုးကို ခံရရန် အလွန် အလှမ်းဝေးနေဆဲပင်။

သူသည် လေပြေတစ်ခုပမာ ယိမ်းနွဲ့သွားပြီး ခြေလှမ်းများကို အံ့မခန်း လှုပ်ရှားလိုက်ရာ မျက်တောင်တစ်ခတ်အတွင်း မီးခိုးငွေ့လေးတစ်ခုအလား ပေါ့ပါးစွာဖြင့် တိုးဝင်လာသော လက်ချောင်းများအားလုံးကို အလွယ်တကူ ရှောင်တိမ်းလိုက်၏။

တိုက်ခိုက်သူမှာ အံ့အားသင့်စွာ ရေရွတ်လိုက်မိ၏။ ချူကျန့်၏ သိုင်းပညာများ ဤမျှလောက် အံ့မခန်း မြင့်မားနေမည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့သည်မှာ သိသာလှပြီး ဆက်လက်၍ တိုက်ခိုက်ရန် ကပျာကယာ ကြိုးပမ်းလိုက်သည်။ ထိုအခါ ချူကျန့်က အလျင်အမြန် လှမ်းအော်လိုက်တော့သည်။

“ရပ်လိုက်... ကျွန်တော်က ကောရှန် ရဲ့ မိတ်ဆွေပါ.. လူဆိုး မဟုတ်ဘူး”

တိုက်ခိုက်သူမှာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားသော်လည်း ချူကျန့်အား သတိကြီးစွာဖြင့် စောင့်ကြည့်နေဆဲပင်။ ချူကျန့်က သူမကို လှမ်းကြည့်လိုက်ရာ၊ အသက် (၁၆) နှစ်၊ (၁၇) နှစ်ခန့်သာ ရှိသေးပြီး ဘဲဥပုံ မျက်နှာလေးနှင့် အလွန် လှပကျက်သရေရှိသော အစိမ်းနုရောင် ဝတ်စုံဝတ် မိန်းမပျိုလေး တစ်ဦး ဖြစ်နေသည်ကို မြင်တွေ့လိုက်ရ၏။

အစိမ်းရောင် ဝတ်စုံနှင့် မိန်းကလေးက သံသယအပြည့်ဖြင့် မေးလိုက်သည်။

“ဘာ ကောရှန် လဲ.. ရှင်က ဓားပြ မဟုတ်ဘူးလား”

သူမ၏ အသံလေးမှာ နူးညံ့ချိုသာလှသော်လည်း ထိုစကားလုံးများက ချူကျန့်၏ ကျောရိုးတစ်လျှောက် ရေခဲရေတစ်ပုံးဖြင့် အလောင်းခံလိုက်ရသည့်အလား စိမ့်တက်သွားစေတော့၏။

‘ကောရှန် ဒီမှာ မရှိဘူးလား’

ချူကျန့်က အလျင်အမြန် ရှင်းပြလိုက်သည်။

“ဓားပြတွေက လွန်ခဲ့တဲ့ တစ်နာရီလောက်ကတည်းက ထွက်ပြေးသွားကြပြီ”

ထို့နောက် သူက ဆက်လက်၍ မေးမြန်းလိုက်၏။

“ဒီမှာ အသက် (၁၆) နှစ်လောက်ရှိတဲ့... ဟို... အတော်လေး လှပတဲ့ မိန်းကလေး တစ်ယောက်များ ရှိလား.. သူ့နာမည်က ကောရှန် တဲ့ရှန်းချန်မြို့..ရှန်းချန် က သူရဲကောင်းကြီး ကော ရဲ့ ဒုတိယသမီးလေ”

သူ ဤနေရာသို့ မလာမီ သန့်ရှင်းသော အဝတ်အစားများကို လဲလှယ်ထားခဲ့သော်လည်း မကြာသေးမီက ဓားပြများနှင့် တိုက်ခိုက်ခဲ့စဉ်က သွေးနံ့များမှာ ပြင်းထန်နေဆဲ ဖြစ်ပြီး သူ၏ သာမန် ရုပ်သွင်တွင်ပင် ကြောက်မခန်းလိလိ လူသတ်လိုသော အငွေ့အသက်များ ကျန်ရစ်နေသေး၏။

အစိမ်းရောင် ဝတ်စုံနှင့် မိန်းကလေးမှာ ထိတ်လန့် ချောက်ခြားသွားပြီး ခေါင်းကို တဆတ်ဆတ် ခါယမ်းလိုက်၏။

“ဒီမှာ ကော ဆိုတဲ့ နာမည်နဲ့ လူ မရှိဘူး.. ရှင် နေရာမှားလာပြီ..အခုချက်ချင်း ထွက်သွား.. မဟုတ်ရင် ကျွန်မ ရိုင်းတယ်လို့ မပြောနဲ့နော်”

ကောရှန် ဤနေရာတွင် တကယ် မရှိဘူးလော သူမ ဘယ်များ ရောက်သွားပါလိမ့်။

ကောရှန် ပျောက်ဆုံးသွားသည်ဆိုသော အတွေးက ချူကျန်းအား အလွန်အမင်း စိုးရိမ်ပူပန်စေပြီး သူ၏ ပုံမှန် တည်ငြိမ်မှုများ အားလုံးကို လုံးဝ ပျောက်ဆုံးသွားစေတော့၏။ သူက ဘေးတွင်ရှိသော ယွင်ကျုံးဟယ် ကို ဆွဲကိုင်ကာ ဒေါသတကြီး မေးလိုက်၏။

“မင်း တကယ် မမှားဘူးဆိုတာ သေချာရဲ့လား”

ယွင်ကျုံးဟယ်မှာ ထိုအေးစက်လှသော အကြည့်အောက်တွင် သူ၏ ဆံပင်များပင် ထောင်မတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူက လေထဲတွင် ကပျာကယာ အနံ့ခံကြည့်လိုက်ပြီးနောက် တုန်ရီနေသော အသံဖြင့် ဖြေလိုက်၏။

“ဒီ... ဒီနေရာ ဖြစ်တယ်ဆိုတာ ကျွန်တော် အသက်နဲ့ရင်းပြီး ကျိန်ရဲပါတယ်”

“လမ်းပြစမ်း”

ချူကျန်းက သူ့အား ဆွဲကိုင်ကာ အိမ်ထဲသို့ ပြေးဝင်ရန် ပြင်လိုက်စဉ် မိန်းကလေးက အော်ဟစ် တားမြစ်လိုက်တော့၏။

“ဟေး... အထဲမှာ မိန်းကလေးတွေချည်းပဲ ရှိတာ၊ ယောက်ျားလေးတွေ ဝင်ဖို့ အဆင်မပြေဘူးလေ...”

ချူကျန့်မှာ သူမနှင့် အငြင်းပွားနေရန် အချိန်မရှိတော့ချေ။ လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လှသော အရှိန်ဖြင့် သူမ၏ သွေးကြောဆုံမှတ် အချို့ကို ပိတ်ဆို့လိုက်ပြီး အိမ်ထဲသို့ တဟုန်ထိုး ပြေးဝင်သွား၏။

၎င်းမှာ တံတိုင်းသုံးထပ် ကာရံထားသော အိမ်ကြီးတစ်လုံး ဖြစ်ပြီး၊ ကျိုးကြောင်းဆီလျော်ကာ ကျက်သရေရှိလှသော တည်ဆောက်ပုံများက မူလပိုင်ရှင်မှာ အတော်လေး ချမ်းသာကြွယ်ဝပြီး အဆင့်အတန်း မြင့်မားသူ ဖြစ်ကြောင်း ပြသနေ၏။ သို့သော် ချူကျန့်မှာ ထိုအရာများကို အကဲခတ်နေရန် အချိန်မရှိပေ။

ယွင်ကျုံးဟယ်၏ လမ်းညွှန်ချက်အတိုင်း လိုက်သွားရာ ဘေးဘက်ရှိ အခန်းငယ်တစ်ခုသို့ လျင်မြန်စွာ ရောက်ရှိသွားပြီး၊ တံခါးကို တွန်းဖွင့်လိုက်ချိန်တွင် အခန်းတွင်းမှ အမျိုးသမီး တစ်ဦး၏ အလန့်တကြား ရေရွတ်သံကို ကြားလိုက်ရ၏။

ချူကျန့် ဝင်ရောက်သွားသောအခါ ကုတင်စွန်းတွင် ထိုင်နေသော အဖြူရောင် ဝတ်စုံနှင့် မိန်းကလေး တစ်ဦးထံမှ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း တွေ့လိုက်ရ၏။ သူမမှာ အသက် (၁၇) နှစ်၊ (၁၈) နှစ်ခန့်သာ ရှိသေးပုံရပြီး အလွန်အမင်း လှပလွန်းလှကာ၊ ပန်းချီကားတစ်ချပ်ထဲမှ ထွက်ပေါ်လာသကဲ့သို့ ချင်ရူယွင် နှင့်ပင် ယှဉ်နိုင်လောက်ပေသည်။ သို့သော် ချူကျန့်က သူမကို တစ်ချက်သာ ဝေ့ကြည့်လိုက်ပြီးနောက်၊ ကုတင်ပေါ်တွင် သတိလစ်နေသော မိန်းကလေးထံသို့ အကြည့်များ ရောက်ရှိသွားကာ... ခြေလှမ်းများ တုံ့ခနဲ ရပ်တန့်သွားပြီး သူ၏ လက်သီးများ အလိုအလျောက် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိတော့၏။

ကုတင်ပေါ်ရှိ မိန်းကလေးမှာ သူ မှတ်မိနေသော တောက်ပ၊ ဖြူစင်၊ သွက်လက်ပြီး အစဉ်အလာများကို ဂရုမစိုက်တတ်သည့် ချစ်စရာကောင်းသော အသွင်အပြင်မျိုး လုံးဝ မရှိတော့ချေ။

သူမ၏ မျက်နှာလေးမှာ နီရဲနေပြီး နဖူးပြင်ထက်တွင် ချွေးများ ဖုံးလွှမ်းနေကာ အဖျား အလွန်တက်နေကြောင်း သိသာလှ၏။ မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားပြီး သူမ၏ ဘယ်ဘက်ပခုံးတွင် ထူထဲသော ပတ်တီးကြီးဖြင့် ပတ်ထားကာ သွေးနံ့များနှင့် ဆေးဖက်ဝင်အပင်များ၏ အနံ့များက ထောင်းခနဲ ထွက်ပေါ်နေ၏။ သူမ၏ အသက်ရှူသံများမှာ ပြတ်တောင်းပြတ်တောင်း ဖြစ်နေပြီး၊ ပါးပြင်များမှာလည်း ချိုင့်ဝင်နေကာ အလွန်အမင်း အားနည်းနေပုံရပေသည်။

ချူကျန်း၏ ရင်ဘတ်ထဲတွင် ဆို့နင့်သွားကာ ပြင်းထန်စွာ နာကျင်သွားတော့၏။ ချန်လင်းစု အသည်းအသန် ဖျားနာခဲ့စဉ်ကပင် ဤမျှလောက် ဆိုးရွားသော အခြေအနေမျိုး မရှိခဲ့ဖူးချေ။

ထို့အပြင် အားနည်းမှုနှင့် အအေးမိခြင်းကြောင့် ဖျားနာခဲ့သော ချန်လင်းစုနှင့် မတူဘဲ ကောရှန်၏ အဖျားမှာ ဒဏ်ရာ ပိုးဝင်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ဟန်တူသည်။ ဓားပြများ လွှတ်ချခဲ့သော သံချေးတက်နေသည့် ဓားများကို မြင်တွေ့ခဲ့ရကတည်းက သူ ဤကိစ္စကို တွေးပူနေခဲ့မိပြီး ကောရှန်မှာ ဒဏ်ရာမရမီ ရေထဲသို့ ခုန်ချ ထွက်ပြေးနိုင်ခဲ့လိမ့်မည်ဟု မျှော်လင့်ချက် သေးသေးလေး တစ်ခုကိုသာ ဆုပ်ကိုင်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် သူ မမြင်ချင်ဆုံးသော အခြေအနေဆိုးကြီးက တကယ်ပင် ဖြစ်လာခဲ့ချေပြီ။

ပဋိဇီဝဆေးများနှင့် ရောင်ရမ်းမှုကျဆေးများ မရှိသော ဤရှေးဟောင်း သိုင်းလောကတွင် ဒဏ်ရာ ပိုးဝင်ခြင်း ဆိုသည်မှာ သေဒဏ်ချမှတ်ခံရသကဲ့သို့ပင် ဖြစ်ပေသည်။

ချူကျန့်၏ လက်သီးများမှာ ကျိုးပဲ့ထွက်သွားမတတ် တင်းကျပ်စွာ ဆုပ်ထားမိ၏။ ဤအခိုက်အတန့်တွင် သူသည် ကိုယ့်ကိုယ်ကိုယ် အလွန်အမင်း မုန်းတီးသွားတော့၏။ လုံလောက်အောင် မကြိုးစားခဲ့မိသည့်အတွက်၊ အချိန်မီ မရောက်ရှိလာနိုင်ခဲ့သည့်အတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမိသည်။ အကယ်၍ သူသာ ကောရှန်ကို လွန်ခဲ့သော နှစ်ရက် သုံးရက်ခန့်က ရှာတွေ့ခဲ့မည်ဆိုပါက၊ သူမကို ကယ်တင်နိုင်ခဲ့မည်ဖြစ်ပြီး ဤကဲ့သို့ ဒုက္ခခံစားရမည် မဟုတ်ပေ။

သူ အသက်ပြင်းပြင်း တစ်ချက် ရှိုက်သွင်းလိုက်ပြီး တင်းမာ ပူပန်နေသော စိတ်များကို မနည်း တည်ငြိမ်အောင် ထိန်းချုပ်ကာ၊ ကုတင်နားသို့ အလျင်အမြန် ချဉ်းကပ်သွားလိုက်၏။ အဖြူရောင် ဝတ်စုံနှင့် မိန်းကလေးက သူ့အား တားဆီးရန် ကပျာကယာ ထရပ်လိုက်ပြီး ပြောလိုက်၏။

“ဟေ့... ရှင် ဘယ်သူလဲ.. ဘာလုပ်ချင်လို့လဲ”

ချူကျန့်က သူမကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ ဘေးသို့ တွန်းဖယ်လိုက်၏။

စောင်ကို ခွာလိုက်ချိန်တွင် ကောရှန်၏ မီးလောင်မတတ် ပူလောင်နေသော ခန္ဓာကိုယ် အပူချိန်ကို အထင်အရှား ခံစားလိုက်ရတော့သည်။

သူမ၏ နဖူးကို စမ်းကြည့်လိုက်ရာ အနည်းဆုံး ဒီဂရီ (၄၀) ခန့် ရှိလောက်အောင် ပူခြစ်နေ၏။

ချူကျန့်မှာ ပို၍ပင် စိုးရိမ်ပူပန်လာ၏။ ဒီဂရီ (၄၀) ကျော်သော အဖျားက ဦးနှောက်ကို အလွယ်တကူ ထိခိုက်စေနိုင်ပြီး သူမ၏ အပူချိန်ကို အမြန်ဆုံး မချပေးနိုင်ပါက အခြေအနေ အလွန် ဆိုးရွားသွားနိုင်ပေသည်။

ကံကောင်းထောက်မစွာဖြင့် ကုတင်ဘေးရှိ စားပွဲငယ်လေးပေါ်တွင် ရေဇလုံ တစ်လုံးနှင့် တဘက် တစ်ထည် ရှိနေပြီး၊ အဖြူရောင် ဝတ်စုံနှင့် မိန်းကလေးက ပြင်ဆင်ထားပေးခြင်း ဖြစ်ဟန်တူသည်။ ချူကျန့်က တဘက်ကို ရေစွတ်ကာ အရည်ညှစ်လိုက်ပြီးနောက် ကောရှန်၏ နဖူးပေါ်သို့ တင်ပေးလိုက်၏။ ရုတ်တရက် အေးစက်သွားပါက ကောရှန် နေရခက်မည်ကို စိုးရိမ်သဖြင့် စိုစွတ်နေသော တဘက်ကို ဖြည်းညှင်းစွာနှင့် သတိကြီးစွာ ချပေးလိုက်၏။

ကြမ်းတမ်းစွာ တွန်းဖယ်ခံလိုက်ရသဖြင့် အစပိုင်းတွင် ဒေါသထွက်ကာ ထိတ်လန့်သွားခဲ့သော အဖြူရောင် ဝတ်စုံနှင့် မိန်းကလေးမှာ ချူကျန့်၏ ညင်သာပြီး ဂရုတစိုက်ရှိလှသော လှုပ်ရှားမှုများကို မြင်တွေ့လိုက်ရသောအခါ အံ့အားသင့်ကာ ရပ်တန့်သွားတော့၏။

“ရှင်... ရှင် ဒီညီမလေးကို သိလို့လား”

ချူကျန်းက ခေါင်းညိတ်လိုက်ပြီး ကောရှန်း၏ ပခုံးပေါ်မှ ပတ်တီးများကို ကျွမ်းကျင်စွာ ဖြေချရင်း ဖြေလိုက်သည်။

“သူက ကျွန်တော့်ရဲ့ စီနီယာအစ်မ ပါ...”

သူ၏ စကားများ ရုတ်တရက် ရပ်တန့်သွားတော့၏။

ဆေးဖက်ဝင် အပင်များကို ဖယ်ရှားလိုက်ချိန်တွင် ကောရှန်၏ ပခုံးပေါ်ရှိ ဒဏ်ရာကို မြင်တွေ့လိုက်ရ၏။ သူ၏ ဦးနှောက်တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်သွားပြီး အဖြူရောင် ဝတ်စုံနှင့် မိန်းကလေး ပြောနေသည့် စကားများကိုပင် မကြားနိုင်တော့ချေ။

ဒဏ်ရာမှာ (၃) လက်မခန့် ရှည်လျားပြီး အရိုးပေါ်သည်အထိ နက်ရှိုင်းလှ၏။ သွေးများ စိမ့်ထွက်နေဆဲဖြစ်ကာ နီရဲပြီး ရောင်ရမ်းကာ ပိုးဝင်နေလေပြီ။

ကောရှန်၏ အခြေအနေ ဤမျှလောက် ဆိုးရွားနေမည်ဟု သူ ဘယ်တုန်းကမှ မထင်မှတ်ထားခဲ့ပေ။

စစ်ပွဲများကြောင့် ပရမ်းပတာ ဖြစ်နေသော ဤဆွေ့ကျိုးနယ်အတွင်းသို့ သူ့အား ရှာဖွေရန် စိတ်ပိုင်းဖြတ်ပြီး ဝင်ရောက်လာခဲ့သော ဤမိန်းမပျိုလေးမှာ ယခင်က တစ်ခါမှ မကြုံတွေ့ဖူးသော အလွန်အမင်း ခက်ခဲကြမ်းတမ်းမှုများကို ရင်ဆိုင်ခဲ့ရကြောင်း သိသာလှပေသည်။

ပထမဆုံးအကြိမ်အဖြစ် ချူကျန့်၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲတက်လာတော့၏။

သူ အံကို တင်းတင်းကြိတ်ကာ တည်ငြိမ်အောင် မနည်း အားယူလိုက်ရသည်။

အသက်နှင့် သေခြင်း ကြားရှိ အခြေအနေပေါင်း မြောက်မြားစွာကို ကြုံတွေ့ခဲ့ဖူးသော သူ၏ အတွေ့အကြုံများအရ ယခု အခြေအနေမှာ အလွန် အန္တရာယ်ကြီးမားကြောင်း သူ သိနေသည်။ တစ်စက္ကန့်မျှ မတုံ့ဆိုင်းတော့ဘဲ ဒဏ်ရာအနီးရှိ အဝတ်အစားများကို ဆွဲဖြဲလိုက်ပြီး အနီးတစ်ဝိုက်ရှိ သွေးကြောဆုံမှတ်များကို လျင်မြန်စွာ နှိပ်ပေးလိုက်၏။ ထို့နောက် ဓားငယ်တစ်လက်ကို ထုတ်ယူကာ တဘက်ဖြင့် သန့်ရှင်းအောင် သုတ်လိုက်ပြီး မီးခတ်ကျောက်ကို အသုံးပြု၍ ဓားသွား နီရဲလာသည်အထိ အပူပေးလိုက်၏။ ထို့နောက် ဒဏ်ရာ၏ ပိုးဝင်ရောင်ရမ်းနေသော အစိတ်အပိုင်းများကို အလွန် သတိကြီးစွာဖြင့် စတင် လှီးထုတ်လေတော့၏။

ဓားပြ ဒါဇင်ပေါင်းများစွာကို သတ်ဖြတ်ပြီးသည့်တိုင်အောင် တည်ငြိမ်ခိုင်မာနေတတ်သော သူ၏ လက်များမှာ ယခုအခါ ဓားကို ကိုင်ဆောင်ထားစဉ် အတားအဆီးမဲ့ တုန်ယင်နေတော့၏။

ကောရှန်၏ ဒဏ်ရာကို တစ်ချက် လှီးထုတ်လိုက်တိုင်း၊ သူမ၏ သေးငယ်သော ခန္ဓာကိုယ်လေးမှာ အလိုအလျောက် တုန်ယင်သွားတတ်ပြီး၊ ထိုအရာက ချူကျန့်၏ ရင်ဘတ်ကိုပါ တုန်လှုပ်သွားစေကာ သူမနှင့်အတူ နာကျင်မှုကို ခံစားနေရသည့်အလား ဖြစ်နေ၏။

နောက်ဆုံးတွင် ဒဏ်ရာကို ကုသပြီးစီးသွားသောအခါ ချူကျန့် တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်နေပြီး၊ ထိပ်တန်း သိုင်းဆရာကြီး တစ်ဦးနှင့် အကွက်ပေါင်း ရာချီ၍ တိုက်ခိုက်ခဲ့ရသည်ထက်ပင် ပို၍ ပင်ပန်းနွမ်းနယ်နေတော့သည်။

သူသည် ချန်လင်းစု ဖော်စပ်ပေးထားသည့် အကောင်းဆုံးနှင့် အဖိုးတန်ဆုံးသော ရွှေရောင် ဒဏ်ရာကျက်ဆေး ပုလင်းငယ်ကို ထုတ်ယူကာ ကောရှန်၏ ဒဏ်ရာ တစ်ဝိုက်သို့ လူးပေးလိုက်၏။ ထို့နောက် သန့်ရှင်းသော ပတ်တီးစဖြင့် ဂရုတစိုက် ပတ်ပေးလိုက်ပြီး သူမ၏ အဝတ်အစားများကို ပြန်လည် သပ်ရပ်အောင် ပြင်ဆင်ပေးလိုက်သည်။ ပန်းကိုးပွင့် ကျောက်စိမ်းနှင်းရည် ဆေးလုံး နှစ်လုံးကို တိုက်ပေးပြီးနောက်မှသာ သူ သက်ပြင်းတစ်ချက်ကို အေးအေးဆေးဆေး ချနိုင်တော့၏။

ဤသို့ ကုသပေးလိုက်ခြင်းက အနည်းဆုံးတော့ ဒဏ်ရာ ပိုမို ဆိုးရွားလာခြင်းမှ ကာကွယ်ပေးနိုင်မည် ဖြစ်ပေသည်။

ကောရှန်း၏ နဖူးကို စမ်းကြည့်လိုက်ရာ အဖျားကြီးနေဆဲ ဖြစ်ကြောင်း တွေ့ရပြီး သွေးထွက်လွန်ထားသောကြောင့် မိန်းကလေး၏ အသက်ရှူသံမှာ ပို၍ပင် အားနည်းနေသေး၏။ ချူကျန့် မျက်မှောင်ကြုတ်လိုက်ပြီး အဖြူရောင် ဝတ်စုံနှင့် မိန်းကလေးဘက်သို့ လှည့်ကာ ပြောလိုက်၏။

“သခင်မလေး... ကျေးဇူးပြုပြီး ကျွန်တော့်ကို လာကူပေးပါ.. ကျွန်တော် ချူလော့ကျွင်း ဒီကျေးဇူးကို နောင်တစ်ချိန်မှာ သေချာပေါက် ပြန်ဆပ်ပါ့မယ်”

အဖြူရောင် ဝတ်စုံနှင့် မိန်းကလေးမှာ အံ့အားသင့်စွာ ရေရွတ်လိုက်မိ၏။

“အာ... ရှင်က ချူလော့ကျွင်း လား”

သူမက သူ့အား စေ့စေ့စပ်စပ် အကဲခတ်ကြည့်လိုက်ပြီးနောက်၊ သူသည် လုံးဝ ရန်လိုမှု မရှိတော့ကြောင်း မြင်လိုက်ရမှ ကပျာကယာ လျှောက်လာ၏။

ချူကျန့်သည် သူ၏ ဂုဏ်သတင်း ကျော်ကြားမှုကို ပထမဆုံးအကြိမ်အဖြစ် ကျေးဇူးတင်မိတော့သည်။ အကယ်၍ သူ၏ နာမည်ကြီးမှုနှင့် ဂိမ်းဇာတ်ကောင် အများစုက သူ၏အကြောင်းကို ကြားဖူးထားခြင်းမျိုးသာ မရှိခဲ့ပါက၊ သူမ အကူအညီပေးလာစေရန် ရှင်းပြ ဖျောင်းဖျနေရသည်နှင့်ပင် အချိန်များစွာ ကုန်ဆုံးသွားနိုင်ပေသည်။

သူ အတင်း ပြုံးပြလိုက်ပြီး ပြောလိုက်၏။

“ဟုတ်ပါတယ်..သူက ရှန်းချန်မြို့ရှန်းချန် က သူရဲကောင်းကြီး ကော ရဲ့ ဒုတိယသမီး ကောရှန် ပါ.. ကျေးဇူးပြုပြီး သူ့ကို ကူညီပေးပါဦး”

All Chapters