စစ်တပ်ကြီး ချီတက်လာခြင်း
Vol. 14 Ch. 144
သွေးထွက်လွန်ထားသောကြောင့် မိန်းကလေး လီဝမ်ရှို့ ၏ မျက်နှာမှာ ဖြူဖျော့နေဆဲ ဖြစ်သည်။
ချူကျန့်က မေးလိုက်၏။
"ခင်ဗျားရဲ့ ဒဏ်ရာတွေ ဘယ်လိုနေသေးလဲ"
"အများကြီး သက်သာနေပါပြီ... နောက်သုံးရက်လောက်ဆိုရင် လမ်းလျှောက်နိုင်ပြီလို့ သမားတော်က ပြောပါတယ်"
‘အော်... ဒါဆိုရင် ဒီကနေ ထွက်သွားနိုင်ဖို့ ဆယ်ရက်ကနေ လဝက်လောက် အချိန်ယူရဦးမယ့် သဘောပဲ'
ရင်တွင်း မှတ်ချက်ပြုရင်း ချူကျန့်က ဆက်မေးလိုက်လေသည်။
"မိန်းကလေး လီ... ခင်ဗျားက ဆွေ့ကျိုးပြည်နယ် ကို ဘယ်လိုလုပ် ရောက်လာတာလဲ... ရုပ်ရည်ကို ကြည့်ရတာတော့ တံတိုင်းကြီးရဲ့ အပြင်ဘက်ဒေသက လာတဲ့ပုံပဲ"
လီဝမ်ရှို့ တွင် သိုင်းလောက အတွေ့အကြုံ သိပ်မရှိချေ။ ထို့အပြင် အစေခံ မိန်းကလေး နှစ်ဦးထံမှ သူရဲကောင်း လူငယ် ချူကျန့် အကြောင်းကို ကြားသိထားရသဖြင့် သူသည် လူကောင်းတစ်ယောက် ဖြစ်မည်ဟု ယုံကြည်ထားပေသည်။ သူမက ပွင့်လင်းစွာပင် ဖြေကြားလိုက်၏။
"ကျွန်မက ငယ်ငယ်ကတည်းက မိဘတွေနဲ့အတူ တံတိုင်းကြီးရဲ့ အပြင်ဘက်ဒေသတွေမှာ လှည့်လည်သွားလာခဲ့တာပါ... နောက်တော့ မိဘတွေ ဆုံးပါးသွားပြီး ကြီး ဟုခေါ်တဲ့ ဟန်လူမျိုး သိုးကျောင်းသား အဘိုးကြီး တစ်ယောက်က ကျွန်မကို ပြုစုပျိုးထောင်ပေးခဲ့တယ်... အဲဒီနောက်တော့... အဘိုးကြီး ဆုံးသွားတော့ ကျွန်မ မွေးဖွားခဲ့တဲ့ ကျန်းနန်ဒေသကို ပြန်ပြီး ကြည့်ချင်စိတ် ပေါ်လာလို့ ထွက်လာခဲ့တာပါရှင့်"
စကားအဆုံးတွင် သူမ၏ မျက်နှာမှာ ညှိုးနွမ်းသွားလေသည်။
သူမ ဖုံးကွယ်ထားသော အကြောင်းအရာများစွာ ရှိနေသေးသည်ကို ချူကျန့် ရိပ်မိသော်လည်း၊ ဆက်လက်၍ အတင်းအကျပ် မေးမြန်းနေရန် အစီအစဉ် မရှိချေ။ သူမနှင့် ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေးမျိုး တည်ဆောက်လိုစိတ်လည်း အလျဉ်းမရှိပေ။
သူမ သွားလိုသော ခရီးပန်းတိုင်ကို သိရသည်ကပင် လုံလောက်နေပြီ မဟုတ်ပါလော။
ချူကျန့်က အကြံပေးလိုက်၏။
"မိန်းကလေး လီ... ဒီကနေ ကျန်းနန်ဒေသကို ရောက်ဖို့ မိုင်တစ်ထောင်ကျော်တောင် လိုသေးတယ်... ဆွေ့ကျိုးပြည်နယ် ကလည်း အခုချိန်မှာ ငြိမ်းချမ်းနေတာ မဟုတ်ဘူး... ခင်ဗျား နယ်စပ်ဒေသကိုပဲ အရင် ပြန်သွားပါလား... ဆွေ့ကျိုးပြည်နယ် ငြိမ်းချမ်းသွားမှပဲ ကျန်းနန်ဒေသကို သွားပေါ့"
လီဝမ်ရှို့ က ခေါင်းခါယမ်းလျက် ဆိုလေသည်။
"ကျွန်မ နယ်စပ်ဒေသကို မပြန်တော့ဘူး"
သူမ၏ ပြတ်သားသော လေသံကို ကြားသောအခါ ချူကျန့်သည် ဆက်လက် ဖျောင်းဖျနေခြင်းကို ရပ်တန်းက ရပ်လိုက်တော့၏။ သူမ ဒဏ်ရာ ပျောက်ကင်းသွားသည်နှင့် ထွက်သွားခွင့်ပေးလိုက်ရန်၊ ထိုအခါ သူမ သွားချင်ရာသွားနိုင်ပြီ ဖြစ်ကြောင်း ဆုံးဖြတ်လိုက်လေသည်။
"ဒါနဲ့လေ... မနေ့ညက ကျွန်မကို မိန်းကလေး တစ်ယောက် လာပြုစုပေးတယ်လို့ ကြားတယ်... သူ ဘယ်ရောက်သွားလဲ မသိဘူး... ကျွန်မ ကျေးဇူးတင်စကားတောင် မပြောရသေးဘူးရှင့်"
'တုန်းဖန်းပုံပိုက် မလား... အဲဒီ ကောင်မလေးက သူ့ကို ဆင့်ခေါ်ထားတဲ့ အချိန်ကုန်သွားတော့ စာအုပ်ထဲကို အလိုလို ပြန်ဝင်ပြီး အိပ်နေပြီလေ'
ချူကျန့်က အကြောင်းပြချက် တစ်ခုပေးကာ စကားလမ်းကြောင်း လွှဲလိုက်သည်။
လီဝမ်ရှို့ က သူမ ကယ်တင်ထားခဲ့သော အမျိုးသမီးများ၏ အကြောင်းကို မေးမြန်းလာ၏။
ချူကျန့်သည် သူမ၏ မျက်နှာအမူအရာကို အကဲခတ်ကြည့်လိုက်ရာ၊ ကြမ္မာဆိုးနှင့် ရင်ဆိုင်ခဲ့ရသော ထိုအမျိုးသမီးများအပေါ် သူမက အမှန်တကယ်ပင် စာနာစိတ် ရှိကြောင်း သိလိုက်ရသဖြင့်၊ သူမအပေါ် မနှစ်မြို့သော စိတ်များလည်း လွင့်စင်သွားရတော့၏။
ချူကျန့်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် အမှန်အတိုင်း ပြောပြရန် ဆုံးဖြတ်လိုက်လေသည်။
အကြောင်းစုံကို ကြားသိရပြီးနောက် လီဝမ်ရှို့ မှာ အချိန်အတော်ကြာအောင် ဆွံ့အသွားပြီး၊ ရုတ်တရက် အသံထွက်ကာ ငိုကြွေးတော့၏။
"ဘာလို့များ ဒီလောကကြီးမှာ ကောင်းတာထက် ဆိုးတာတွေက ပိုများနေရတာလဲရှင်... အကောင်းပကတိ ရှိနေတဲ့ ဘဝလေးတွေက ဘာလို့ ချက်ချင်းကြီး ပျက်စီးသွားရတာလဲ"
သူမသည် ရင်တွင်းမှ ခံစားချက်အမှန်များကို ဖွင့်ဟနေဟန်တူသည်။ ရှိုက်ကြီးတငင် ငိုကြွေးလေရာ၊ ပါးပြင်ထက်တွင် မျက်ရည်များ ရွှဲရွှဲစိုနေတော့၏။
ချူကျန့်က သက်ပြင်းတစ်ချက်ကို ခပ်တိုးတိုး ချလိုက်၏။
"လူတွေ ရှိနေတဲ့ နေရာတိုင်းမှာ သိုင်းလောက ရှိတယ်... သိုင်းလောက ရှိနေသရွေ့လည်း ရန်ငြိုးရန်စတွေ ဆိုတာ ရှိနေမှာပဲလေ... လူပုဂ္ဂိုလ်တွေ၊ ဂိုဏ်းတွေကနေစပြီး နိုင်ငံတွေ၊ လူမျိုးစုတွေအထိ အားလုံး အတူတူပါပဲ... ပဋိပက္ခတွေကြောင့် ဖြစ်လာတဲ့ ပျက်စီးဆုံးရှုံးမှုတွေက အကျိုးအမြတ်ထက် ပိုများလာတဲ့ အချိန်ကျမှသာ ခေတ္တခဏ ငြိမ်းချမ်းရေး ဆိုတာ ရနိုင်တာပါ"
လီဝမ်ရှို့ မှာ ခေါင်းငုံ့ကာ တိတ်ဆိတ်သွား၏။ ချူကျန့်၏ စကားများကို တွေးတောနေပုံ ရပေသည်။
ကောရှန်နှင့် ပတ်သက်၍ အခြေအနေမှာ အတန်ငယ် တည်ငြိမ်သွားပြီဟု ယူဆကာ ချူကျန့်က နှုတ်ဆက် ထွက်ခွာရန် ပြင်လိုက်သည်။ ထိုအခိုက်အတန့်၌ ဖုန်လျန်အဖွဲ့မှ ဂိုဏ်းသားတစ်ဦးက တံခါးလာခေါက်ပြီး လာရောက် အကြောင်းကြားလေ၏။
"သခင်လေး ချူ... သခင်လေး ခုံး ပြန်ရောက်နေပါပြီ... ခင်ဗျား အားရင် အရှေ့ဘက်မှာ အစည်းအဝေး လုပ်ဖို့ လာခဲ့ပါဦးတဲ့"
...
တည်းခိုခန်း၏ မြေညီထပ်ကို အစည်းအဝေးခန်းမ အဖြစ် ပြင်ဆင်ထားပြီး၊ မသက်ဆိုင်သူများ အားလုံးကို အပြင်သို့ ထွက်ခွာသွားစေခဲ့သည်။
ခရီးပန်းလာသော ခုံးကျုံး က ချူကျန့်ကို မြင်သည်နှင့် ချက်ချင်း ဆိုလိုက်၏။
"အစ်ကို ချူ... အခြေအနေတွေ ပြောင်းလဲသွားပြီ... ခင်ဗျား သခင်မလေး ကော နဲ့ မိန်းကလေး လီ ကို ခေါ်ပြီး လျန်တူမြို့ကနေ အရင် ထွက်သွားပါလား"
ချူကျန့်က မချိပြုံးတစ်ချက် ပြုံးလိုက်လေသည်။
သူ အမှန်တကယ်ပင် ထွက်သွားချင်သည်။ သို့သော် ပြဿနာမှာ ကောရှန်၏ လက်ရှိ အခြေအနေကို သူ ကောင်းကောင်းကြီး သိနေခြင်းပင်။ ကောရှန်မှာ အလွန် အားနည်းနေပြီး၊ သူ အခါအားလျော်စွာ သွတ်သွင်းပေးနေရသော နတ်ဘုရား အလင်းဖြာ အတွင်းအားပေါ်တွင်သာ လုံးလုံးလျားလျား မှီခိုနေရသည် မဟုတ်ပါလော။ သူမသည် ခရီးကြမ်းကို လုံးဝ (လုံးဝ) ခံနိုင်ရည် ရှိမည်မဟုတ်ပေ။ ထို့ကြောင့် သူ သဘောကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ လျန်တူမြို့ကို ကာကွယ်ရန် ခုံးကျုံး နှင့် ရွှီဇီလင်း တို့ကို ကူညီရတော့မည်သာ ဖြစ်သည်။ ဤသည်မှာ ကောရှန်း၏ ဘေးကင်းရာ ခိုလှုံရာကို ကာကွယ်ပေးခြင်းလည်း ဖြစ်ပေသည်။
"ယွီဝန်ဟွာကျီ လာနေပြီလား"
ခုံးကျုံး က အံ့အားသင့်စွာဖြင့် မေးလိုက်၏။
"ခင်ဗျား သိနေပြီလား"
ချူကျန့်က ထိုင်ခုံတစ်လုံးကို ဆွဲယူကာ ဝင်ထိုင်လိုက်သည်။
"မြို့တစ်မြို့လုံးတောင် ဒီအကြောင်းကို သိနေပြီပဲ... ကျွန်တော်က ဘယ်လိုလုပ် မသိဘဲ နေမှာလဲ... စစ်တပ်အင်အား ဘယ်လောက် လာမှာတဲ့လဲ"
"ယွီဝန်ဟွာကျီ ကိုယ်တိုင် စစ်တပ်အင်အား နှစ်သောင်း ကို ဦးဆောင်ပြီး တိုက်ခိုက်ဖို့ လာနေတယ်... ယွီဝန်ကျီကျီ နဲ့ ယွီဝန်ဝူတိ တို့က ဒုတိယ တပ်မှူးတွေ အဖြစ် ပါလာတယ်... အဲဒီထဲမှာ သေချာ လေ့ကျင့်ပေးထားတဲ့ လက်ရွေးစင် စစ်သည် ငါးထောင် ပါတယ်တဲ့... ကျန်တဲ့သူတွေကတော့ အသစ်စုဆောင်းထားတဲ့ တပ်သားတွေပေါ့... တောက်... ကျွန်တော်တို့ဘက်မှာက လူဆယ်ဂဏန်းလောက်ပဲ ရှိတာ... အခြေအနေက ဆိုးရုံတင် မကဘူး၊ လုံးဝကို စုတ်ပြတ်သတ်နေပြီ"
ချူကျန့်က နှစ်သိမ့်လိုက်လေသည်။
"ခင်ဗျား ကံကောင်းပါတယ်... ဒီနေ့မနက်တင် လူနှစ်ထောင်ကျော်လောက် ထပ်တိုးလာတယ်လေ... ဖုန်လျန်အဖွဲ့ရဲ့ နေရာအနှံ့က လူတွေ အားလုံး ခင်ဗျားဆီကို လာပူးပေါင်းနေကြတယ်"
ခုံးကျုံး ၏ မျက်နှာမှာ အစပိုင်းတွင် ဝမ်းသာသွားသော်လည်း၊ ချက်ချင်းပင် သက်ပြင်းချလိုက်ပြန်၏။
"အလကားပါ... သူတို့အားလုံးက စည်းကမ်းမရှိတဲ့ လူအုပ်စုကြီးပါ... အရင်က လူဆိုးဓားပြတွေကိုတောင် မနိုင်လို့ ထွက်ပြေးလာကြတာပဲ... ယွီဝန်ဟွာကျီ ရဲ့ စစ်ပွဲအတွေ့အကြုံရင့် စစ်သားတွေကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ"
သူက ခါးသီးစွာ ပြုံးလိုက်သည်။
"အမှန်အတိုင်း ပြောရရင် အခုအချိန်မှာ ယွီဝန်ဟွာကျီ ရဲ့ လက်ရွေးစင် တပ်တွေကို တကယ် ရင်ဆိုင်တိုက်ခိုက်နိုင်မှာက အစ်ကို ချူ၊ ရှောင်လင် နဲ့ ကျွန်တော်... ဒီ လူမိုက် သုံးယောက်ပဲ ရှိတာဗျ"
"ယွီဝန်ဟွာကျီ ရဲ့ စစ်တပ်တွေ ဘယ်လောက်ကြာရင် ရောက်လာမလဲ"
"အမြန်ဆုံးဆိုရင် မနက်ဖြန်... အနှေးဆုံးဆိုရင် သန်ဘက်ခါတော့ သေချာပေါက် ရောက်လာလိမ့်မယ်"
ချူကျန့်သည် စစ်ရေးစစ်ရာများနှင့် ပတ်သက်၍ ဘာဆိုဘာမျှ နားမလည်ချေ။ ထို့ကြောင့် အခြေအနေကို သူ အကျွမ်းကျင်ဆုံးဖြစ်သော သိုင်းလောက၏ တိုက်ခိုက်ရေး ပုံစံမျိုးသို့ ပြောင်းလဲပစ်ရန်သာ ကြိုးစားရတော့၏။ သူက အကြံပြုလိုက်၏။
"ဒီလို အခြေအနေမျိုးမှာ မြို့ကို ကာကွယ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး... အဲဒီတော့ ခေါင်းဆောင်ကို အရင် ဖမ်းမယ် ဆိုတဲ့ ဗျူဟာကို သုံးကြမလား... သူတို့ မြို့အပြင်ကို ထွက်လာတဲ့ လမ်းမှာ ကင်းပုန်းဝပ်နေပြီး ယွီဝန်ဟွာကျီ ကို သတ်ပစ်လိုက်ရင်ရော ဘယ်လိုလဲ"
ခုံးကျုံး က ခေါင်းခါယမ်းလိုက်လေသည်။
"ခက်တယ်... အောင်မြင်နိုင်ချေ လုံးဝ မရှိသလောက်ပဲ... ယွီဝန်ဟွာကျီ ရဲ့ သိုင်းပညာက ကျွန်တော်တို့ထက် အများကြီး နိမ့်ကျမနေဘူး... ပြီးတော့ သူက ဗဟိုတပ်မကြီးထဲမှာ နေတာ.. သူ့ကို သတ်ချင်ရင် လက်ရွေးစင် စစ်သား ထောင်နဲ့ချီပြီး ခြံရံထားတဲ့ ကြားထဲကို အရင်ဆုံး ထိုးဖောက်ဝင်ရောက်ရလိမ့်မယ်... ရုပ်ဖျက်ပြီး ခိုးဝင်ဖို့ နည်းလမ်းရှာနိုင်ရင်တောင်မှ၊ ယွီဝန်ဟွာကျီ အနားကို ကပ်ဖို့ဆိုတာ အရမ်းကို ခက်ခဲလိမ့်မယ်... ကျွန်တော်တို့ ရထားတဲ့ သတင်းတွေအရ ယွီဝန်ဟွာကျီ က ဒီလို လုပ်လာမယ့် အန္တရာယ်ကို ကြိုတင် ကာကွယ်ထားပြီးသားတဲ့... သူ့ရဲ့ အယုံကြည်ရဆုံး စစ်သူကြီးတွေနဲ့ ရွေးချယ်ထားတဲ့ သက်တော်စောင့် အယောက်နှစ်ဆယ် လောက်ကလွဲရင်၊ ကျန်တဲ့ ဘယ်သူမှ သူ့ရဲ့ ပေနှစ်ဆယ် အကွာအဝေး အတွင်းကို ဝင်လာခွင့်မရှိဘူး... ဝင်လာတာနဲ့ လုပ်ကြံသူလို့ သတ်မှတ်ပြီး ချက်ချင်း သတ်ပစ်ဖို့ အမိန့်ပေးထားတယ်တဲ့"
ထိုစဉ် ကျူးချွမ် ဝင်လာပြီး သတင်းပို့လေ၏။
"သခင်လေး ခုံး... သခင်လေး ချူ... ကျွန်တော်တို့ရဲ့ တတိယ ခေါင်းဆောင်နဲ့ ရွှမ်ယုံ ဆိုတဲ့ လူတစ်ယောက် အတူတူ ရောက်လာပြီး ခင်ဗျားတို့ကို တွေ့ခွင့်တောင်းနေပါတယ်"
ခုံးကျုံး မှာ အလွန် ဝမ်းသာသွားပြီး ချက်ချင်း ဝင်ခွင့်ပြုလိုက်လေသည်။
ရန်မေ့မေ့ နှင့် ရွှမ်ယုံ တို့မှာ ခုံးကျုံး ၏ မိတ်ဆွေဟောင်းများ ဖြစ်ကြပေသည်။ ခုံးကျုံး သည် ဤနေရာတွင် သူ၏ နောက်လိုက်များကို လူသိရှင်ကြား စုစည်းနေကြောင်း ကြားသိရသဖြင့် သူတို့ နှစ်ဦးစလုံးက မိမိတို့၏ လူများကို ခေါ်ဆောင်ကာ လာရောက် ပူးပေါင်းကြခြင်း ဖြစ်သည်။
ရန်မေ့မေ့ သည် ဖုန်လျန်အဖွဲ့၏ တတိယ ခေါင်းဆောင် ဖြစ်ပြီး သူမ၏ လက်အောက်တွင် လူအင်အား ရှိရုံသာမက လျန်တူမြို့ အနီးအနားတွင် လျှို့ဝှက် သိမ်းဆည်းထားသော စားနပ်ရိက္ခာ အမြောက်အမြားလည်း ရှိပေသည်။ ရွှမ်ယုံ မှာမူ မြို့ကာကွယ်ရေးနှင့် စစ်တပ် အုပ်ချုပ်ရေးတို့တွင် ကျွမ်းကျင်သူဖြစ်ပြီး သူ၏ လက်အောက်တွင် စနစ်တကျ လေ့ကျင့်ထားသော စစ်ပွဲအတွေ့အကြုံရင့် တပ်သား နှစ်ထောင် ပါရှိလာလေသည်။
သူတို့ နှစ်ဦး၏ အကူအညီကြောင့် ခုံးကျုံး နှင့် ချူကျန့် တို့မှာ သက်ပြင်းချနိုင်သွားပြီး၊ မြို့ကို ကာကွယ်နိုင်မည့် မျှော်လင့်ချက်ကို မြင်တွေ့လိုက်ရတော့၏။ သို့သော် မြို့၏ ကာကွယ်ရေး ယန္တရားများကို ပိုမို ခိုင်မာအားကောင်းစေရန်အတွက် ခုံးကျုံး နှင့် ချူကျန့် တို့သည် ပတ်ဝန်းကျင် ဒေသများကို ခွဲခြား စစ်ဆေးကာ၊ မြို့ကာကွယ်ရေးတွင် ပါဝင်ရန် ပြည်သူများကို လှုံ့ဆော်စည်းရုံးရတော့၏။
ချူကျန့်သည် ဤသို့သော အလုပ်မျိုးကို လုပ်လေ့လုပ်ထ မရှိသော်ငြား၊ လျန်တူမြို့ကို ကာကွယ်ရန်အတွက် မဖြစ်မနေ လုပ်ဆောင်ရတော့၏။ ကံကောင်းထောက်မစွာဖြင့် သူ၏ ဂုဏ်သတင်းနှင့် ဩဇာလွှမ်းမိုးမှုမှာ သူ ထင်မှတ်ထားသည်ထက် ပိုမို ကြီးမားနေပေသည်။ မြို့ကို ကာကွယ်ရန် သူက တောင်းဆိုနေကြောင်း ကြားသိရသည်နှင့် တစ်ပြိုင်နက်၊ ပတ်ဝန်းကျင် ဒေသများမှ သိုင်းလောကသားများနှင့် ရဲရင့်သော လူစွမ်းကောင်းများ အသီးသီး ရောက်ရှိလာကြပြီး၊ နေ့တစ်ဝက် အတွင်းမှာပင် မြို့ရိုးကာကွယ်ရေး အဆောက်အအုံများ တည်ဆောက်ရန် လူနှစ်ထောင်ခန့်ကို စုစည်းနိုင်ခဲ့လေသည်။
အချိန်ကား လျင်မြန်စွာ ကုန်ဆုံးသွား၏။ မွန်းလွဲပိုင်း အချိန်ကို အနည်းငယ် ကျော်လွန်သောအခါ.. ရွှီဇီလင်း သည် ရှီချီကျိန်း ဟု အမည်ရသော သမားတော်ကြီးကို ခေါ်ဆောင်ကာ ပြန်လည် ရောက်ရှိလာတော့၏။
ရွှီဇီလင်း သည် သူ၏ ကတိအတိုင်း တည်ခဲ့ပေသည်။ ရှီချီကျိန်း သည် အလွန် ထူးဆန်းသော စိတ်သဘောထား ရှိပြီး ခရီးဝေး သွားရန် ငြင်းဆန်ခဲ့သဖြင့်၊ ရွှီဇီလင်း က သူ့ကို ကြိုးဖြင့် တုပ်နှောင်ကာ ခေါ်လာခဲ့ရလေ၏။ လမ်းတစ်လျှောက်တွင်လည်း တိုက်ပွဲ အကြိမ်ကြိမ် ဖြစ်ပွားခဲ့သဖြင့် ရွှီဇီလင်း ၏ တစ်ကိုယ်လုံးတွင် ဖုန်များနှင့် သွေးကွက်များဖြင့် ပေကျံနေတော့၏။
ချူကျန့်သည် မြို့ကာကွယ်ရေး ကိစ္စများကို ဘေးချိတ်ထားလိုက်ပြီး၊ ခုံးကျုံး ထံသို့ သတင်းပို့ရန် လူတစ်ယောက်ကို စေလွှတ်လိုက်သည်။ ထို့နောက် သူ့နောက်သို့ အမြဲ တကောက်ကောက် လိုက်နေတတ်သော ကျူးချွမ် အား အလုပ်များကို ဆက်လက် လုပ်ဆောင်ရန် ညွှန်ကြားလိုက်၏။ ထို့နောက် သူနှင့် ရွှီဇီလင်း တို့ နှစ်ဦးသည် ကောရှန်အား ကုသပေးရန် ရှီချီကျိန်း ကို ခေါ်ဆောင်သွားကြလေသည်။
ရှီချီကျိန်း သည် အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါးနှင့် အသက်လတ်ပိုင်း အရွယ်ရှိသူဖြစ်ပြီး၊ အလွန် မောက်မာကာ မည်သူ့ကိုမျှ ဂရုမစိုက်တတ်သူ ဖြစ်သည်။ ချူကျန့် နှင့် ရွှီဇီလင်း တို့၏ ဖမ်းဆီးခြင်းကို ခံထားရသော်ငြား၊ သူသည် ခေါင်းကို မော့ကာ စကားတစ်ခွန်းမျှပင် မပြောဘဲ နေလေ၏။
ကံမကောင်းစွာဖြင့် သူ မည်မျှပင် ခေါင်းမာစေကာမူ ချယ်လှယ်မှု ပညာရပ်တွင် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သော ချူကျန့် နှင့် တွေ့သောအခါ အရှုံးပေးရတော့၏။ ချူကျန့်က သူ၏ ဘောင်းဘီထဲသို့ အဆိပ်ပြင်းသော မြွေအချို့ကို ထည့်ရန် ပြင်လိုက်သောအခါ.. ရှီချီကျိန်း မှာ အကြောက်အလန့်တကြားဖြင့် အသံကုန် အော်ဟစ်တော့၏။
"ကုပေးပါ့မယ်... ကျွန်တော် ကုပေးပါ့မယ်"
သို့သော် ချူကျန့်၏ မျှော်လင့်ချက်များ အားလုံးကို ထမ်းပိုးထားသော ရှီချီကျိန်း သည် နောက်ဆုံးတွင်မူ သူ့အား စိတ်ပျက်သွားစေခဲ့လေသည်။
"ဒီမိန်းကလေးရဲ့ ဒဏ်ရာတွေက အချိန်ဆွဲတာ အရမ်း ကြာသွားပြီ... ပြီးတော့ သောက်သုံးမကျတဲ့ သမားတော်က ဆေးမှားတိုက်လိုက်တော့ သူ့အခြေအနေက ပိုဆိုးသွားတယ်... အခု ကျွန်တော် လုပ်ပေးနိုင်တာက သူ့အသက်ကို ကယ်တင်ဖို့ ကြိုးစားပေးတာပဲ... ဒါပေမဲ့ သူ သတိပြန်ရလာမလား ဆိုတာကိုတော့ အာမခံချက် မပေးနိုင်ဘူး"
'ဒါက ကောရှန် ကို သတိမရဘဲ အသက်ပဲ ရှိနေတဲ့ လူနာတစ်ယောက် ဖြစ်သွားနိုင်တယ် လို့ ပြောလိုက်တာ မဟုတ်လား…’