← Chapters

စစ်သူကြီးချူ၏ မာန်အဟုန်

Vol. 14 Ch. 146

စစ်သူကြီးချူ၏ မာန်အဟုန်

Vol. 14 Ch. 146

ချူကျန့်သည် မြို့ရိုးပေါ်သို့ အပြေးအလွှား တက်လာခဲ့၏။ မြို့ပြင်ရှိ လွင်ပြင်ကျယ်ကြီးပေါ်တွင် မရေမတွက်နိုင်သော မီးရှူးမီးတိုင်များ ထိန်ထိန်လင်းနေပြီး၊ အမှောင်ထုထဲမှ မည်းမည်းသဏ္ဍာန် တန်းကြီးတစ်ခုသည် လျန်တူမြို့ဆီသို့ တစ်ဟုန်ထိုး လှိမ့်ဝင်လာနေသည်ကို မြင်လိုက်ရလေသည်။

ထိုအခိုက်အတန့်၌ သူ ကြိုတင်စေလွှတ်ထားသော ကင်းထောက်များ ပြန်လည်ရောက်ရှိလာကြသည်။ သူတို့၏ မျက်နှာများမှာ သွေးမရှိသကဲ့သို့ ဖြူဖျော့နေပြီး တုန်တုန်ရီရီဖြင့် အစီရင်ခံလာကြ၏။

"သတင်းပို့ပါတယ် သခင်လေးချူ... ယွီဝန်ဟွာကျီရဲ့ စစ်တပ်ကြီးပါ... အင်အား တစ်သောင်းနီးပါး ရှိပြီး လှေကားတွေလိုမျိုး မြို့သိမ်းလက်နက်တွေလည်း ပါလာကြတယ်... ခေါင်းဆောင်လာတာကတော့ 'ပြိုင်ဘက်ကင်းစစ်သူကြီး' လို့ နာမည်ကြီးတဲ့ ယွီဝန်ဟွာကျီရဲ့သား ယွီဝန်ဝူတိ ပါပဲ"

ချူကျန့်သည် ဤလူ၏အမည်ကို မကြားဖူးသော်လည်း 'ပြိုင်ဘက်ကင်း' ဟူသော ဘွဲ့ထူးကို ကြည့်ရုံနှင့် ယွီဝန်ဟွာကျီထက်ပင် ကိုင်တွယ်ရ ခက်ခဲမည့်ပုံရှိကြောင်း ရိပ်မိလိုက်သည်။

ခုံးကျုံးတို့အဖွဲ့က ရိက္ခာလှည်းတွေကို မီးရှို့ပြီး ယွီဝန်ဟွာကျီကို ခြုံခိုတိုက်ဖို့ သွားကြတာ မဟုတ်လား.. ဘာလို့များ ယွီဝန်ဝူတိက သူ့ရဲ့တပ်အင်အား တစ်ဝက်နီးပါးကို ဦးဆောင်ပြီး ညတွင်းချင်းကြီး လျန်တူမြို့ကို လာတိုက်နေရတာလဲ..

အဝေးမှ ပိုးစုန်းကြူးများအလား တရွေ့ရွေ့ နီးကပ်လာနေသော မီးရှူးတိုင်များကို ကြည့်ရင်း ကောင်းကင်ယံတစ်ခုလုံး တုန်ဟိန်းသွားစေမည့် ညာသံပေးသံများကို ကြားလိုက်ရချိန်တွင် ချူကျန့်သည် ခုံးကျုံး၏ စကားကို အမှတ်ရကာ လွှတ်ခနဲ ကျိန်ဆဲလိုက်မိတော့၏။

"ချီးပဲ... သေလိုက်စမ်း"

ယွီဝန်ဝူတိသည် စခန်းချရန်ပင် မစဉ်းစားတော့ဘဲ မြို့ကို တိုက်ရိုက်ဝင်တိုက်တော့မည် ဖြစ်ရာ လျန်တူမြို့ကို တစ်ချက်တည်းနှင့် အပြတ်သိမ်းပိုက်ရန် ကြံစည်နေခြင်းမှာ ထင်ရှားလှပေသည်။

ဤသည်က ချူကျန့်၏ နောက်ဆုံးမျှော်လင့်ချက်ကိုပင် ရိုက်ချိုးလိုက်ခြင်း ဖြစ်ချေ၏။

"ခေါင်းလောင်းတွေထိုး... သတိပေးချက်ထုတ်လိုက်... အားလုံး ကိုယ့်နေရာကိုယ်ယူပြီး မြို့ကို ကာကွယ်ဖို့ ပြင်ကြ... အစ်မ ရန်ကိုလည်း ငါ့ဆီ အမြန်ဆုံးလာခဲ့ဖို့ သွားပြောချေ"

ချူကျန့်က အမိန့်ကို ပြတ်သားစွာ ထုတ်ပြန်လိုက်သည်။ မကြာမီမှာပင် မြို့ရိုးတစ်လျှောက်၌ "ဒေါင်... ဒေါင်... ဒေါင်..." နှင့် ခေါင်းလောင်းသံများ ဆူညံသွားတော့၏။ မိနစ်ပိုင်းအတွင်းမှာပင် လျန်တူမြို့ရိုးကြီးတစ်ခုလုံး မီးရှူးတိုင်များ၏ အလင်းရောင်ကြောင့် နေ့ခင်းဘက်အလား ထိန်ထိန်လင်းသွားတော့၏။

လေးသည်တော် တစ်ထောင်ကျော်မှာ မြားများဖြင့် အသင့်နေရာယူထားကြပြီ ဖြစ်သည်။ ကျန်ရှိသော ဂိုဏ်းသားများကလည်း ဓား၊ လှံ၊ ကန်ပြောင်း စသည့် လက်နက်ကိုယ်စီဖြင့် အချက်အချာကျသော နေရာများကို စောင့်ကြပ်နေကြလေသည်။

ချူကျန့်သည် မိမိကိုယ်မိမိ တိတ်တခိုး ကံကောင်းသည်ဟု မှတ်ယူလိုက်မိ၏။ သူသည် သတိကြီးစွာဖြင့် မြို့စောင့်ဂိုဏ်းသားအားလုံးကို လက်နက်မချဘဲ အနားယူစေခဲ့သလို စိတ်ဓာတ်တက်ကြွစေရန်အတွက်လည်း ညလယ်စာအဖြစ် အသားဆန်ပြုတ်များကို အပိုကျွေးမွေးထားခဲ့သည် မဟုတ်ပါလော။ ယခုအခါ စစ်သည်များမှာ ဝဝလင်လင် စားသောက်ထားပြီး အိပ်ရေးလည်း ဝနေကြပြီဖြစ်ရာ အားအင်အပြည့်ဖြင့် အသင့်ဖြစ်နေကြပြီး အလစ်အငိုက် အတိုက်ခံရခြင်းမှ ကင်းဝေးသွားတော့၏။

သို့သော်ငြားလည်း သူသည် မြို့ကို မည်သို့ကာကွယ်ရမည်ဆိုသည်ကို တစ်စက်ကလေးမျှ နားမလည်ချေ။ သူ သိထားသည်မှာ လွန်ခဲ့သောနှစ်အချို့က ခေတ်သစ်လူ့အဖွဲ့အစည်းတွင်ကြည့်ခဲ့ရသည့် "သုံးပွင့်ဆိုင်ရာဇဝင်" ဇာတ်လမ်းတွဲများထဲမှ အသိပညာအချို့သာ ရှိသည်။ သို့သော် ၎င်းတို့မှာ စိတ်ကူးယဉ်ဇာတ်လမ်းများသာ ဖြစ်သဖြင့် လက်တွေ့တွင်မူ အသုံးဝင်မှု နည်းပါးလှပေသည်။

မျက်လုံးပေါင်းများစွာက မိမိကို ဝိုင်းအုံကြည့်နေကြသည်ကို မြင်သောအခါ.. ချူကျန့်သည် အားတင်းကာ အမိန့်များကို ထုတ်ပြန်ရတော့၏။ အားလုံးကို မိမိတို့တာဝန်ကိုယ်စီ ကျေပွန်ကြရန် ညွှန်ကြားပြီးနောက် ရန်မေ့မေ့ ရောက်လာမည့်အချိန်ကို စိုးရိမ်တကြီး စောင့်ဆိုင်းနေမိတော့၏။

ဤ အစ်မ ရန် ကတော့ မြို့ကာကွယ်ရေး အတွေ့အကြုံ အနည်းငယ် ရှိနိုင်လိမ့်မည် မဟုတ်ပါလော။

ထိုအခိုက်အတန့်၌ နေ့ခင်းဘက်က မြို့ရိုးကာကွယ်ရေး အဆောက်အအုံများ ဆောက်လုပ်ရာတွင် ကူညီခဲ့ကြသည့် သန်သန်စွမ်းစွမ်း ပြည်သူလူထု ခေါင်းဆောင်များ ရောက်ရှိလာကြပြီး၊ မိမိတို့၏ အိမ်ဂေဟာကို ကာကွယ်ရန်အတွက် မြို့စောင့်တပ်တွင် ပါဝင်ခွင့်ပြုပါရန် တောင်းဆိုကြလေသည်။

ချူကျန့် ခေတ္တမျှ စဉ်းစားလိုက်၏။ အခြေအနေက အလွန်ပင် စိုးရိမ်စရာ ကောင်းနေပြီ ဖြစ်သည်။ အတွေ့အကြုံမရှိသော ဤပြည်သူများ ပါဝင်လာခြင်းက စာခြောက်ရုပ်များသဖွယ် ဖြစ်နေသော်ငြား၊ အနည်းဆုံးတော့ စစ်သည်အင်အား ပြည့်စုံသယောင်ရှိကာ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်လိမ့်မည် ဖြစ်သည်။ ထို့ကြောင့် အရာအားလုံးကို မိမိ၏အမိန့်အတိုင်း ခြွင်းချက်မရှိ နာခံရမည်ဟူသော စည်းကမ်းဖြင့် သူတို့၏ တောင်းဆိုမှုကို လက်ခံလိုက်ပြီး လက်နက်များ ထုတ်ပေးလိုက်လေသည်။

သို့သော် ဤလူများထဲတွင် သူလျှိုများ ပါလာမည်ကို စိုးရိမ်သဖြင့်၊ ချူကျန့်သည် သူတို့အားလုံးကို တစ်စုတစ်ဝေးတည်း ထားရှိကာ မိမိကိုယ်တိုင် ဦးဆောင်လေသည်။ ထို့နောက် အဖွဲ့ငယ် ဒါဇင်ပေါင်းများစွာ ခွဲလိုက်ပြီးနောက် မိမိ၏ သက်တော်စောင့်အဖြစ် တာဝန်ယူနေကြသည့် ကျူးချွမ်နှင့် အခြားဂိုဏ်းသားများကို အဖွဲ့ခေါင်းဆောင်များအဖြစ် ခန့်အပ်ကာ ဤ စည်းကမ်းမရှိသော လူအုပ်ကြီးကို ထိန်းကျောင်းစေတော့၏။

နောက်ဆုံးတွင်မူ ရန်မေ့မေ့ ရောက်ရှိလာခဲ့သည်။ သို့သော် သူမက ပုခုံးကို တွန့်ပြလျက် သူမကိုယ်တိုင်လည်း မြို့ကာကွယ်ရေးကို နားမလည်ကြောင်း ပြောပြလာသောအခါ ချူကျန့်မှာ ဆွံ့အသွားရပြန်သည်။ အကယ်၍သာ သူမ နားလည်ခဲ့မည်ဆိုလျှင် ဖုန်ချန်မြို့နှင့် လျန်တူမြို့တို့ကို စွန့်ပစ်ကာ လူဆိုးဓားပြများကို သောင်းကျန်းခွင့် ပေးထားမည် မဟုတ်ပေ။

ချူကျန့်မှာ ဤစကားကို ကြားလိုက်ရချိန်တွင် ငိုချင်စိတ်ပင် ပေါက်သွားတော့၏။

ရန်သူက မြို့ကို တိုက်တော့မည်။ သို့သော် ခေါင်းဆောင်လုပ်သူ မည်သူတစ်ဦးတစ်ယောက်ကမျှ မြို့ကာကွယ်ရေးကို နားမလည်ကြဘူး တဲ့လား။

မတတ်နိုင်တော့ဘူး... ကြုံရာနည်းနဲ့ပဲ စမ်းကြည့်ရတော့မှာပဲ။

ဤကဲ့သို့ အရေးကြီးသော အချိန်တွင် ချူကျန့်သည် အံကိုကြိတ်ကာ ရှေ့သို့ ဆက်တိုးရတော့၏။

ရန်သူ့ဘက်တွင် မြို့ဖျက်လက်နက်ကြီးများ မပါလာသဖြင့် မြို့သိမ်းလှေကားများကိုသာ အဓိက အားကိုးရမည်မှာ သေချာလှသည်။

ချူကျန့်သည် ထိုလှေကားမျိုးကို ရုပ်မြင်သံကြားထဲတွင်သာ မြင်ဖူးခဲ့သည်။ ၎င်းတို့မှာ ရှည်လျားပြီး လေးလံလှသော သစ်သားလှေကားကြီးများ ဖြစ်ကြပြီး တစ်ခါ နေရာချပြီးလျှင် ရွှေ့ပြောင်းရန် အလွန်ခက်ခဲလှပေသည်။

သူ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ကြိုတင်ပြင်ဆင်ထားသော ကျောက်တုံးကြီးများ သစ်လုံးကြီးများနှင့် ဆီပူအိုးများကို အသင့်ပြင်ထားရန် ချက်ချင်း အမိန့်ပေးလိုက်၏။ ထို့ပြင် ပြည်သူများအား မိမိတို့အိမ်ရှိ ထင်းများကို မြို့ရိုးပေါ်သို့ အမြန်ဆုံး ယူဆောင်လာကြရန်လည်း သတင်းလွှတ်လိုက်လေသည်။

ဤအချိန်တွင် ရန်သူမှာ လျန်တူမြို့နှင့် တစ်မိုင်ပင် မဝေးတော့ချေ။ မီးရှူးတိုင်များ၏ အလင်းရောင်အောက်တွင် သာမန်ထက် ထူးကဲသော အမြင်အာရုံရှိသည့် ချူကျန့်သည် ရန်သူတို့၏ မျက်နှာများကိုပင် မြင်နေရပြီ ဖြစ်သည်။ အချို့မှာ ဒေါသကြောင့် ရှုံ့မဲ့နေကြပြီး အချို့မှာမူ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေကြ၏။

ဤသည်က သူ့အား သက်သာရာ ရစေသည်။ ရန်သူ့ဘက်တွင် အသစ်စုဆောင်းထားသော တပ်သားသစ်များသာ အများစုဖြစ်ပုံရ၏။ ဤ လူတစ်သောင်းထဲတွင် တစ်ဝက်ခန့်မှာ အတင်းအဓမ္မ ခေါ်ဆောင်လာသော အလုပ်သမားများသာ ဖြစ်နိုင်ပြီး စစ်သည် လေးထောင်ခန့်သာ မြို့သိမ်းတိုက်ပွဲတွင် အမှန်တကယ် ပါဝင်နိုင်လိမ့်မည် ဖြစ်သည်။

မိမိတို့ဘက်မှာလည်း စည်းကမ်းမရှိသော လူအုပ်စုကြီး ဖြစ်သော်ငြား မြို့ရိုးကို အခြေပြု၍ ခုခံရခြင်းမှာ အားသာချက် တစ်ခုပင် မဟုတ်ပါလော။

ရန်သူ့တပ်ဦးတွင် မြင်းစီးလက်ရွေးစင် ရာဂဏန်းခန့် ရပ်တန့်နေသည်ကို မြင်လိုက်ရပြီး သူတို့၏ စစ်သူကြီးတစ်ဦးက လေးသည်တော်များကို မြားပစ်ရန် အမိန့်ပေးနေသည်ကို မြင်သောအခါ ချူကျန့်တွင် အကြံတစ်ခု ရသွားတော့၏။ သူသည် အချိန်ဆွဲရန်အတွက် လှည့်ကွက်တစ်ခုကို အသုံးပြုရန် ဆုံးဖြတ်လိုက်၏။ မိမိတို့ဘက်မှ ပြင်ဆင်မှုများ ပြုလုပ်ရန် အချိန်ပိုရစေရန် ဖြစ်ပေသည်။

သူသည် မိမိ၏ အတွင်းအားကို လှုံ့ဆော်လိုက်ပြီးနောက် ဟိန်းထွက်သွားသော ရယ်သံကြီးဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်တော့၏။

"ယွီဝန်ဝူတိ... မင်းကတော့ အသက်ဘေးနဲ့ ကြုံနေရတာကိုတောင် မသိသေးဘူးပဲ... တကယ်ကို ရယ်စရာ ကောင်းလှပါလား... ဟား... ဟား... ဟား..."

ချူကျန့်တွင် အဆင့်မြင့် နတ်အဆင့် အတွင်းအားကျင့်စဉ် နှစ်ခုရှိပြီး အဆင့်အတန်မြင့်နေပြီ ဖြစ်ရာ အတွင်းအားဖြင့် မြှင့်တင်လိုက်သော သူ၏အသံမှာ မိုင်ပေါင်းများစွာ အထိ ပဲ့တင်ထပ်သွားတော့၏။

ရန်သူ့ဘက်မှ စစ်သည်များမှာ စိတ်ဓာတ်များ ရုတ်ချည်း တုန်လှုပ်သွားကြပြီး တွေဝေသွားကြတော့၏။ ချူကျန့်က ဆက်လက်၍ အသံကုန် အော်ဟစ်လိုက်ပြန်သည်။

"ငါ အခုလေးတင် စာပို့ သိမ်းငှက်ဆီကနေ သတင်းရထားတယ်... ခုံးကျုံး နဲ့ ရွှီဇီလင်း တို့က မင်းတို့ရဲ့ ရိက္ခာလှည်းတွေကို မီးရှို့ဖျက်ဆီးလိုက်ပြီး၊ မင်းတို့ရဲ့ တပ်မှူးကြီး ယွီဝန်ဟွာကျီ ကိုလည်း သတ်ပစ်လိုက်ပြီတဲ့... အခု သူတို့က လက်ရွေးစင် စစ်သည် ထောင်ပေါင်းများစွာကို ဦးဆောင်ပြီး ဒီကို ပြန်လာနေပြီ... မင်းတို့ရဲ့ နေ့ရက်တွေ ကုန်ဆုံးသွားပြီ"

ဤစကားများမှာ အမှန်နှင့် အမှားကို ရောနှောထားခြင်း ဖြစ်သော်လည်း၊ ရန်သူ့စစ်သည်များ၏ စိတ်ဓာတ်ကို ချက်ချင်းပင် ချောက်ခြားသွားစေတော့၏။ တစ်ဖက်တွင်မူ မိမိတို့ဘက်မှ စစ်သည်များက ထိုစကားကို အရှိအတိုင်း ယုံကြည်သွားကြသဖြင့် စိတ်ဓာတ်များ တစ်ဟုန်ထိုး တက်ကြွလာကာ ကောင်းကင်ယံအထိ ညံသွားသော ညာသံများ ပေးလိုက်ကြလေတော့၏။

မျက်နှာချင်းဆိုင် ရန်သူ့တပ်ထဲမှ ဟိန်းထွက်လာသော အသံတစ်သံ ထွက်ပေါ်လာ၏။

"အလကား စကားတွေ... ခုံးကျုံး နဲ့ ရွှီဇီလင်း တို့က ငါ့ဖခင်ရဲ့ ထောင်ချောက်ထဲကို ကျသွားပြီ... အခုဆိုရင် သူတို့ အလောင်းတောင် ပုပ်နေလောက်ပြီကွ"

"ဟားဟား... ထောင်ချောက်ထဲ မြှူဆွယ်တယ်ဆိုတဲ့ အဲ့ဒီ ကလေးကစားစရာ လှည့်ကွက်လေးက တကယ်ပဲ အောင်မြင်မယ်လို့ မင်း ထင်နေတာလား... မယုံရင် ခဏလောက် စောင့်ကြည့်လိုက်ပေါ့... ရိက္ခာလှည်းတွေ မီးလောင်သွားပြီဆိုတဲ့ သတင်းက အခုပဲ ရောက်လာတော့မှာ"

ချူကျန့်က ယွီဝန်ဝူတိ၏ စကားကို ပြန်ပြောခွင့်မပေးဘဲ ဆက်လက် အော်ဟစ်လိုက်ပြန်သည်။

"သတင်းကို စောင့်နေရင်းနဲ့ ငါတို့ တစ်ခုခု ကစားကြမလား... ယွီဝန်ဝူတိ... မင်းရဲ့ သိုင်းပညာက အတော်လေး ကောင်းတယ်လို့ ငါ ကြားဖူးတယ်... ငါ ချူလော့ကျွင်း နဲ့ တစ်ဦးချင်း ယှဉ်ပြိုင်တိုက်ခိုက်ရဲတဲ့ သတ္တိရော မင်းမှာ ရှိရဲ့လား... ဟက်... မင်းမှာ သတ္တိမရှိဘူးဆိုတာ ငါ သိပြီးသားပါ... ငါ့ရဲ့ ဓားတစ်ချက်ကိုတောင် မင်း ခံနိုင်မှာ မဟုတ်ဘူး"

သူ၏ စကားများကြောင့် ရန်သူ့တပ်ထဲတွင် ပို၍ပင် တုန်လှုပ်သွားကြပြန်သည်။

"ဒါဆို... သူက နာမည်ကျော် ချူလော့ကျွင်း ပေါ့လေ"

"ခုံးကျုံး နဲ့ ရွှီဇီလင်း တို့က ဒီမှာ တကယ် မရှိဘူးလား... သွားပြီ... ငါတို့ရဲ့ ရိက္ခာလှည်းတွေ တကယ်ပဲ မီးရှို့ခံလိုက်ရပြီလား မသိဘူး"

စစ်တပ်၏ စိတ်ဓာတ်များ ယိမ်းယိုင်နေသည်ကို မြင်သောအခါ.. ယွီဝန်ဝူတိသည် သူ၏ စစ်ဗိုလ်ချုပ်များကို စစ်သည်များကို ထိန်းသိမ်းရန် ချက်ချင်း အမိန့်ပေးလိုက်၏။ သူကိုယ်တိုင်မှာမူ ဒေါသတကြီးဖြင့် ပြန်လည် အော်ဟစ်လိုက်တော့၏။

"မင်းက ဘာမို့လို့ ဒီလောက် မောက်မာနေရတာလဲ... ငါ လျန်တူမြို့ကို သိမ်းပိုက်ပြီးတာနဲ့ မင်းရဲ့ဓားက ပိုထက်မလား ငါ့ရဲ့လှံက ပိုမြန်မလားဆိုတာ စမ်းသပ်ကြည့်ကြတာပေါ့... မြို့ကို တိုက်ခိုက်ဖို့ အဆင်သင့် ပြင်ကြစမ်း"

"ဟက်... ကြည့်ရတာ ယွီဝန်ဝူတိ ဆိုတာလည်း အလကားပါပဲလား... ငါနဲ့ တစ်ဦးချင်း တိုက်ဖို့တောင် မဝံ့ရဲဘူးလား"

ချူကျန့်က ဆက်လက်၍ ဟားတိုက် ရယ်မောလိုက်လေသည်။

"မင်းတို့က သေချင်သပ ဆိုလည်း လာခဲ့ကြလေ... မြို့ကာကွယ်တဲ့ နေရာမှာတော့ ငါ့ရဲ့ဆရာ ကောကျင့် ကို ဘယ်သူက ယှဉ်နိုင်မှာလဲ... ဒီနေ့ ငါက ဆရာကိုယ်တိုင် သင်ကြားပေးထားတဲ့ မြို့ကာကွယ်ရေး လျှို့ဝှက်ချက်တွေကို သုံးပြီး မင်းတို့ကို တစ်ယောက်မကျန် သတ်ပစ်မယ်... မနေ့ကတင် ငါ့ရဲ့ ပြောင်မြောက်တဲ့ အကြံနဲ့ လူဆိုးဓားပြ ရာပေါင်းများစွာကို သတ်ပစ်ခဲ့တာ မင်းတို့ သိကြမှာပေါ့... အခု မင်းတို့လို ရှုံးနိမ့်နေတဲ့ စစ်သည်တွေ ဘာလုပ်နိုင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"

သူ၏ အမူအရာမှာ အလွန်ပင် မောက်မာလွန်းလှသော်လည်း မြို့ရိုးဆီသို့ ဒိုင်းလွှားများကို ကိုင်ဆောင်ကာ တရွေ့ရွေ့ ချီတက်လာနေသော ရန်သူ့စစ်သည်များမှာမူ ထိုစကားကို ကြားသည်နှင့် တစ်ပြိုင်နက် နောက်တွန့်သွားကြတော့၏။

မှန်ပေသည် ကောကျင့်သည် ရှန်းချန်မြို့ကို ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ကာကွယ်ခဲ့ပြီး နာမည်ကျော် မွန်ဂိုမြင်းစီးတပ်များကို အကြိမ်ကြိမ် နှိမ်နင်းခဲ့သူ မဟုတ်ပါလော။ ဤ ချူလော့ကျွင်း သည် သူ၏ နောက်ဆုံးတပည့် ဖြစ်နေလျှင်မူ အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။

ဤတစ်ကြိမ်တွင်မူ စစ်သည်များသာမက ယွီဝန်ဝူတိ ကိုယ်တိုင်ပင် တွေဝေသွားတော့သည်။

အခြားတစ်ဖက်တွင်မူ လျန်တူမြို့၏ စိတ်ဓာတ်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေချေပြီ။ တစ်စုံတစ်ယောက်က "စစ်သူကြီးချူ... မာန်အဟုန် ပြင်းထန်ပါစေ" ဟု အော်ဟစ်လိုက်ရာ မရေမတွက်နိုင်သော ထောက်ခံသံများ ချက်ချင်း ထွက်ပေါ်လာတော့၏။

မျက်တောင်တစ်ခတ်အတွင်းမှာပင် "စစ်သူကြီးချူ... မာန်အဟုန် ပြင်းထန်ပါစေ" ဟူသော ကြွေးကြော်သံများ ကောင်းကင်ယံအထိ ပဲ့တင်ထပ်သွားပြီး၊ ယွီဝန်စစ်တပ်၏ စိတ်ဓာတ်ကို ပို၍ပင် ညှိုးနွမ်းသွားစေတော့၏။

ယွီဝန်ဝူတိသည် ဒေါသတကြီးဖြင့် သူ၏မြင်းကို နှင်တံဖြင့် ခပ်ကြမ်းကြမ်း ရိုက်လိုက်မိသည်။

တောက်... သူ ထင်ထားသည်မှာ အကာအကွယ်မဲ့နေသော လျန်တူမြို့ကို အလွယ်တကူ သိမ်းပိုက်နိုင်မည် ဟူ၍ ဖြစ်သည်။ သို့သော် မျှော်လင့်မထားစွာပင် ချူလော့ကျွင်း ပေါ်လာလိမ့်မည် ဟု မထင်ထားခဲ့ပေ။

ဤလူသည် ခုကော ကို ဓားတစ်ချက်တည်းနှင့် သတ်ပစ်ခဲ့သည်ဟူသော သတင်းကို ကြားထားသဖြင့်၊ သူ၏ သိုင်းပညာမှာ အတိုင်းအဆမရှိ နက်နဲလှပေလိမ့်မည်။ ထို့ပြင် သူက မြို့ကာကွယ်ရေးတွင် ပြိုင်ဘက်ကင်းသော ကောကျင့်၏ တပည့်လည်း ဖြစ်နေပြန်ရာ ဤတိုက်ပွဲသည် အလွန်ပင် ခက်ခဲလိမ့်မည်မှာ သေချာလှပေသည်။

မြို့ရိုးပေါ်တွင် ထိန်ထိန်လင်းနေသော မီးရောင်များနှင့် လူပေါင်းသောင်းချီ ရှိနေဟန်တူသော တပ်သားများကို မြင်ရသောအခါ.. သူ၏ အလစ်အငိုက် တိုက်ခိုက်မှုမှာ ကျရှုံးသွားပြီဖြစ်ကြောင်း ယွီဝန်ဝူတိ ရိပ်မိလိုက်သည်။ ညတွင်းချင်း မြို့ကို ဝင်တိုက်သင့် မတိုက်သင့်ကို သူ တွေဝေနေမိတော့၏။

ညတိုက်ပွဲဆိုသည်မှာ လွယ်ကူလှသည် မဟုတ်ချေ။ စစ်သည်အများစုမှာ အာဟာရချို့တဲ့မှုကြောင့် ညဘက်တွင် မျက်စိမကောင်းကြဘဲ ခြေလှမ်း ဆယ်လှမ်းထက် ပို၍ မမြင်နိုင်ကြပေ။ အစောင့်အကြပ်နည်းသော မြို့ကို အမှောင်ထုအားကိုးဖြင့် ဝင်တိုက်လျှင် အဆင်ပြေနိုင်သော်လည်း ဤကဲ့သို့ အကြီးအကျယ် ခုခံရန် ပြင်ထားသော မြို့ကို တိုက်ခိုက်ရန်မှာမူ မလွယ်ကူလှချေ။ လက်ရွေးစင်တပ်မတော် ဖြစ်လျှင်ပင် ခက်ခဲလိမ့်မည် ဖြစ်ရာ အလုပ်သမားများနှင့် တပ်သားသစ်များသာ ပါဝင်သော ဤ စည်းကမ်းမရှိသော တပ်မတော်အတွက်မူ ပို၍ပင် ဆိုဖွယ်ရာ မရှိတော့ချေ။

ထိုအခိုက်အတန့်၌ အကြံပေးအရာရှိတစ်ဦး ရှေ့သို့ထွက်လာပြီး အကြံပြုလာသည်က..

"စစ်သူကြီး ယွီဝန်... ကျွန်တော်တို့မှာ နောက်ဆုတ်စရာ လမ်းမရှိတော့ဘူး... အကယ်၍ လျန်တူမြို့ကို မသိမ်းနိုင်ဘူးဆိုရင် ကျွန်တော်တို့ရဲ့ အခြေအနေက ပိုပြီး ဆိုးသွားလိမ့်မယ်"

ယွီဝန်ဝူတိသည် အံကို ကြိတ်လိုက်ပြီး ဟစ်ကြွေးလိုက်တော့၏။

"အခုချက်ချင်း... မြို့ကို တိုက်ကြစမ်း”

All Chapters