လောကကို အုပ်စိုးမယ့် လမ်းစဉ်
Vol. 14 Ch. 148
ခေါင်ကျုံး ရေးသားထားသော စစ်မဟာဗျူဟာကျမ်းထဲမှ မီးမှုတ်စက်ကို အောင်မြင်စွာ တည်ဆောက်နိုင်ပြီဖြစ်ကြောင်း သိလိုက်ရသောအခါ ချူကျန့်၏ ရင်ထဲ၌ လှုပ်ရှားသွားလေသည်။ သူသည် ဖုန်လျန်ဂိုဏ်းမှ သတ္တိအရှိဆုံး လူ (၂၀၀) ကို ချက်ချင်း စုစည်းရန် ရန်မေမေကို အမိန့်ပေးလိုက်ရာ ခဏအတွင်းမှာပင် လူများ ရောက်ရှိလာကြတော့သည်။ ထိုသူများမှာ စနစ်တကျ လေ့ကျင့်ထားသော စစ်သည်များ မဟုတ်ကြသော်လည်း သူတို့၏ မျက်နှာထက်ရှိ ခက်ထန်သော အမူအရာများက အသက်ကို ပဓာနမထားဘဲ တိုက်ခိုက်မည့် လူမိုက်များဖြစ်ကြောင်း သက်သေပြနေကြချေသည်။
ချူကျန့်စီးနင်းထားသော မြင်းကောင်းတစ်ကောင်မှအပ မြင်းစီးစစ်သည် (၅၀) ပင် မပြည့်ဘဲ ကျန်သူများမှာ ခြေလျင်တပ်သားများသာ ဖြစ်ကြသည်။ အခွင့်အရေးမှာ အလွန် ရှားပါးလှပြီး အချိန်မှာလည်း အလွန် အဖိုးတန်လှကြောင်း သိထားသဖြင့် ချူကျန့်သည် စကားများများ မပြောတော့ဘဲ တိုက်ရိုက်ပင် အမိန့်ပေးလိုက်တော့၏။
“သွားကြစို့ ... ကျုပ်နောက်က လိုက်ခဲ့ကြ ... ယွီဝန်ဝူတိရဲ့ ခေါင်းကို ဖြတ်ပြီး ဘောလုံးလုပ်ကန်ပစ်ကြမလို့...”
လူ (၂၀၀) ခန့်မှာ ခဏမျှ ကြောင်အသွားကြသော်လည်း ခဏအကြာတွင်မူ သူတို့၏ မျက်လုံးများမှာ အရူးအမူး ယုံကြည်မှုများဖြင့် တောက်ပလာပြီး လက်နက်များကို ဝှေ့ယမ်းကာ ညာသံပေးကြတော့သည်။
“သတ် ... သတ် ... သတ် ...”
သူတို့၏ မိမိအပေါ် မျက်စိမှိတ် ယုံကြည်မှုအတွက် ချူကျန့်မှာ အလွန် ကျေးဇူးတင်မိလေသည်။ သူသည် မြို့တံခါးများကို ဖွင့်ရန် ချက်ချင်း အမိန့်ပေးလိုက်ပြီး လက်မှုပညာသည်များနှင့် ခွန်အားကြီးသော လူ (၁၂) ယောက်ကို မီးမှုတ်စက်အား ရှေ့ဆုံးမှ တွန်းထုတ်ကာ လမ်းရှင်းခိုင်းလိုက်၏။ သူကိုယ်တိုင်ကမူ နောက်မှ ဦးဆောင်လျက် ရန်သူ့တပ်ထဲသို့ ထိုးဖောက်ရန် ပြင်ဆင်လိုက်တော့သည်။
ယွီဝန်ဝူတိဘက်မှ မြို့သိမ်းစစ်သည်များသည် မြို့တံခါးနှင့် ပေ (၂၀) ခန့်အကွာသို့ ရောက်ရှိနေချိန်တွင် မြို့တံခါးကြီးမှာ ရုတ်တရက် ပွင့်သွားချေပြီ။ ထူးဆန်းသော သားရဲခေါင်း ရုပ်တုကို ထွင်းထုထားပြီး နက်နဲသော အစီရင်များ ရေးဆွဲထားသည့် စက်ကြီးတစ်လုံး ဝုန်းခနဲ ထွက်ပေါ်လာပြီး ပေ (၁၀) ကျော် ရှည်လျားသော မီးလျှံကြီးများကို မှုတ်ထုတ်လိုက်တော့သည်။
စောစောကပင် စိတ်ဓာတ်ကျနေသော ရန်သူ့စစ်သည်များသည် ဤမျှ ထူးဆန်းသော မီးမှုတ်စက်ကြီးကို မြင်ရသောအခါ အကြီးအကျယ် ထိတ်လန့်သွားကြပြီး အရပ်မျက်နှာအသီးသီးသို့ ဒရောသောပါး ထွက်ပြေးကြတော့၏။
ချူကျန့်သည် နောက်မှ ဦးဆောင်ထွက်လာပြီး ဟိန်းဟောက်လိုက်လေသည်။
“မင်းတို့တွေ ငါ့ရဲ့ ထောင်ချောက်ထဲ မိနေပြီ ... ယွီဝန်ဝူတိ ... သေဖို့ ပြင်ထားတော့ ...”
မိုင်ပေါင်းများစွာ ဝေးသော နေရာမှပင် ကြားနိုင်သော သူ၏ ဟိန်းဟောက်သံမှာ ရန်သူတို့အတွက် နောက်ဆုံး မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်သည့် သံတူကြီး တစ်ချောင်းအလား ဖြစ်သွားတော့၏။ ယွီဝန်ဝူတိ၏ စစ်သည်များသည် မည်သို့သော ထောင်ချောက်ထဲ မိနေသည်ကို မစဉ်းစားနိုင်ကြတော့ဘဲ ဒိုင်းကိုင်တပ်သားများနှင့် ဓားကိုင်တပ်သားများသည် လက်နက်များကို ပစ်ချလျက် ဒီရေအလား နောက်သို့ ဆုတ်ခွာကြတော့သည်။ ကြီးကြပ်ရေးအရာရှိများမှာမူ ထွက်ပြေးသူများကို သတ်ရမည်လော ဟူ၍ တွေဝေနေကြစဉ်မှာပင် တပ်သားအားလုံး၏ စိတ်ဓာတ်မှာ အစအဆုံး ပြိုလဲသွားလေပြီ။
ညဘက် တိုက်ပွဲများ၏ အကြောက်စရာအကောင်းဆုံးအချက်မှာ ရှုပ်ထွေးမှုနှင့် ထိတ်လန့်ချောက်ခြားမှုပင် ဖြစ်၏။ ချူကျန့်၏ မမျှော်လင့်ထားသော တိုက်စစ်မှာ ရန်သူများကို အကြီးအကျယ် တုန့်ပြန်လိုက်နိုင်ချေသည်။ ယွီဝန်ဝူတိ၏ လူ (၁၀၀၀၀) ကျော် ရှိသော တပ်မကြီးတွင် အများစုမှာ အတင်းအဓမ္မ စုဆောင်းထားသော အလုပ်သမားများနှင့် စစ်သားအသစ်များသာ ဖြစ်ကြသည်။ ချူကျန့်တွင် နက်နဲသော စစ်ဗျူဟာများ ရှိနေမည် သို့မဟုတ် သူရဲကောင်းကြီး ကောကျင့်ထံမှ နတ်သားရဲများကို ဆင့်ခေါ်သည့် နည်းလမ်းများကို သင်ယူထားမည်ဟု သူတို့ ယုံကြည်သွားကြတော့၏။ ထိုသို့ ထိတ်လန့်နေကြသဖြင့် မည်သူမျှ ပြန်လည် မတိုက်ခိုက်ဝံ့ဘဲ ဦးတည်ရာမဲ့ ထွက်ပြေးနေကြတော့သည်။
ထိုစဉ်တွင် မြို့ရိုးပေါ်မှ ရန်မေမေ ၊ ချန်ကျားဖုန်းနှင့် အခြားသူများသည် မီးမှုတ်စက်ကြီး ထွက်ပေါ်လာပုံနှင့် ချူကျန့်နှင့် သူ၏ လူများက စစ်နတ်ဘုရားများအလား ရန်သူ့တပ်ထဲ တိုးဝင်သွားပုံကို အံ့အားသင့်စွာ ငေးကြည့်နေမိကြသည်။ လျန်တူမြို့ကို ဝိုင်းရံထားသော ရန်သူ့စစ်သည်များ ဖရိုဖရဲ ပြိုကွဲသွားသည်ကို မြင်ရသောအခါ အားလုံးမှာ စကားပင် မဆိုနိုင်တော့ချေ။
ကျူချွမ်ကမူ အလွန်အမင်း လေးစားသော မျက်လုံးများဖြင့် အော်ဟစ်လိုက်လေသည်။
“စစ်သူကြီးချူက တကယ်ကို ပါရမီရှင်ပဲ.. တကယ်ကို အစွမ်းထက်လှပါတယ် ...”
အခြားသူများသည် စစ်သူကြီးချူ မည်သည့် စစ်ဗျူဟာကို အသုံးပြုခဲ့သည်ကို နားမလည်ကြသော်လည်း ၊ သူ၏ အစီအစဉ်တစ်ခုတည်းဖြင့် ရန်သူ (၁၀၀၀၀) ကျော်ကို အနိုင်ယူလိုက်နိုင်သည်ကိုမူ မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရပြီ ဖြစ်သည်။ သူတို့၏ လေးစားမှုမှာ လှိုင်းလုံးကြီးများအလား မြင့်တက်လာပြီး တစ်မြို့လုံးမှာ စစ်သူကြီးချူအား ချီးမွမ်းသံများဖြင့် ဆူညံသွားတော့၏။
ရန်မေမေနှင့် ချန်ကျားဖုန်းတို့သည် ချက်ချင်းပင် အခွင့်အရေးကို အရယူလျက် မြို့စောင့်တပ်သားများအားလုံးကို မြို့ပြင်သို့ ထွက်တိုက်ရန် အမိန့်ပေးလိုက်ကြသည်။ ပြည်သူများပင် စိတ်လှုပ်ရှားမှုများ ကူးစက်သွားကြပြီး ဓားမများနှင့် သစ်သားတုတ်များကို ကိုင်ဆောင်ကာ ထွက်ပြေးနေသော ရန်သူများကို လိုက်လံ နှိမ်နင်းကြတော့၏။
အံ့အားအသင့်ဆုံးလူမှာမူ ချူကျန့်ကိုယ်တိုင်ပင် ဖြစ်ချေသည်။ သူသည် မြို့တံခါးဝရှိ ရန်သူများကို ခြောက်လှန့်လိုက်နိုင်ရုံနှင့် ကျေနပ်နေခဲ့သော်လည်း ၊ ရန်သူ့တပ်မကြီးတစ်ခုလုံး ဤမျှ အရှက်တရ ပြိုကွဲသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ဤမျှ ကောင်းမွန်လှသော အခွင့်အရေးကို သူ အလွတ်ပေးလိမ့်မည် မဟုတ်ပေ။ သူသည် မြင်းစီးအတတ်ပညာကို ကျွမ်းကျင်စွာ အသုံးချလျက် ယွီဝန်ဝူတိရှိရာသို့ တည့်တည့်မတ်မတ် ဦးတည်ကာ မုန်တိုင်းအလား တိုးဝင်သွားတော့သည်။ သူ့နောက်မှ လိုက်ပါလာသော ဂိုဏ်းသား (၂၀) ကျော်မှာလည်း အလွန် စိတ်လှုပ်ရှားနေကြပြီး ညာသံပေးကာ လိုက်ပါလာကြ၏။
ယွီဝန်ဝူတိတွင် မူလက လက်ရွေးစင် မြင်းစီးစစ်သည် ရာပေါင်းများစွာ ရှိသော်လည်း အများစုမှာ မြို့ကို အရပ်မျက်နှာအသီးသီးမှ ဝိုင်းရံထားသဖြင့် ဖရိုဖရဲ ပြိုကွဲနေသော ခြေလျင်တပ်သားများကြားတွင် ပိတ်မိနေကြချေပြီ။
ထို့ကြောင့် ယွီဝန်ဝူတိ၏ အနားတွင် စစ်သူကြီး (၁၀) ဂဏန်းခန့်နှင့် လက်ရွေးစင် မြင်းစီးစစ်သည် အနည်းငယ်သာ ကျန်ရှိတော့သည်။ ချူကျန့်၏ တားဆီး၍မရသော အရှိန်အဟုန်ကို မြင်ရသောအခါ ယွီဝန်ဝူတိသည် အခြေအနေ မကောင်းကြောင်း ရိပ်မိသွားပြီး ဆုတ်ခွာရန် အမိန့်ပေးလိုက်၏။ သို့သော် ချူကျန့်၏ မြင်းစီးအတတ်မှာ အလွန် ထူးချွန်လှသည်။ သူသည် အတွင်းအားကို မြင်း၏ ခန္ဓာကိုယ်ထဲသို့ ပို့လွှတ်လိုက်ရာ မြင်းကြီးမှာ ရူးသွပ်စွာ ဟီလိုက်ပြီး အမြောက်ဆန်တစ်ခုအလား ရှေ့သို့ တိုးဝင်သွားကာ လမ်းတွင်ရှိသော မြင်းစီးစစ်သည်များကို တိုက်ဖယ်ပစ်လိုက်တော့သည်။
တစ်ခုနှင့်တစ်ခု မထိမိခင် စက္ကန့်ပိုင်းအလိုမှာပင် ချူကျန့်သည် မြေပြင်မှ လေထဲသို့ ခုန်တက်လိုက်ပြီး ယွီဝန်ဝူတိဆီသို့ သိမ်းငှက်တစ်ကောင်အလား ထိုးဆင်းလိုက်လေသည်။
ထိုသူအား ရှာရသည်မှာ အလွန် လွယ်ကူလှ၏။ ရွှေရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဖြူဖွေးသော မြင်းကြီးကို စီးနင်းထားသဖြင့် ပစ်မှတ်ထားရန် အလွန် သိသာလွန်းနေသည် မဟုတ်ပါလော။
လေထဲမှ ဆင်းသက်လာသော ချူကျန့်ကို မြင်ရသောအခါ ယွီဝန်ဝူတိ၏ မျက်လုံးများထဲတွင် ရက်စက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ သူ၏ လှံရှည်မှာ လျှပ်စီးအလား မြန်ဆန်စွာ လှုပ်ရှားသွားပြီး ခုခံမှုရော တိုက်စစ်ပါ ပြီးပြည့်စုံနေသဖြင့် ချူကျန့်မှာ ဆူးများဖြင့် ပြည့်နေသော ဖြူးတစ်ကောင်ကို ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရ၏။
အကယ်၍ ချူကျန့်သာ နောက်ဆုတ်သွားခဲ့လျှင် သို့မဟုတ် လှံဖျားကြောင့် နောက်သို့ လွင့်စင်သွားခဲ့လျှင် ယွီဝန်ဝူတိသည် မိမိ၏ မြင်းကောင်းကို အသုံးပြုကာ ထွက်ပြေးနိုင်မည် ဖြစ်သည်။
သို့သော် ထိုအခိုက်အတန့်မှာပင် ယွီဝန်ဝူတိသည် မိမိ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အလွန် ကြောက်မက်ဖွယ်ကောင်းသော လူသတ်လိုသည့် အငွေ့အသက်များက လွှမ်းခြုံထားသည်ကို ခံစားလိုက်ရတော့၏။ သူ့မျက်စိရှေ့တွင် မရေမတွက်နိုင်သော အလောင်းတောင်များနှင့် သွေးပင်လယ်ပြင်ကြီး ထင်ယောင်ထင်မှား ဖြစ်ပေါ်လာပြီး လေထဲရှိ ချူကျန့်မှာ သွေးရဲရဲ သံရဲရဲနှင့် စစ်နတ်ဘုရားတစ်ပါးအလား ကြီးမားသော ဖိအားများကို ပေးနေတော့သည်။
တိုက်ပွဲပေါင်းများစွာတွင် လူသတ်ခဲ့ဖူးသော ယွီဝန်ဝူတိပင်လျှင် ရင်ထဲ၌ အေးစိမ့်သော ကြောက်ရွံ့မှုကြီးကို ခံစားလိုက်ရချေပြီ။
တစ်ပြိုင်နက်တည်းမှာပင် တောက်ပသော လိမ္မော်နီရောင် ဓားအလင်းတန်းမှာ ရုတ်တရက် ဝင်းလက်သွားပြီး မီတာ အတော်များများ ရှည်လျားသော ဓားရိပ်ကြီးအဖြစ် ပြောင်းလဲသွားကာ တောင်တန်ကြီးကို ဖြိုခွင်းနိုင်လောက်သည့် အရှိန်အဟုန်နှင့်အတူ စိုက်ကျလာတော့၏။
ယွီဝန်ဝူတိသည် မိမိ၏ စွမ်းအားရှိသမျှ ထုတ်ဖော်လျက် လှံကို ကာဆီးလိုက်သော်လည်း ...
ထိတ်လန့်ဖွယ်ကောင်းသော ထိုဓားချက်ကို လူတိုင်းက ငေးကြည့်နေမိကြသည်။
ကြီးမားလှသော ဓားရိပ်ကြီး၏ ရှေ့တွင်မူ ယွီဝန်ဝူတိမှာ သစ်ပင်ကို လှုပ်ခါရန် ကြိုးစားနေသည့် ပုရွက်ဆိတ်တစ်ကောင်ပမာ အင်မတန် သနားစရာ ကောင်းလှပေသည်။
“ဂျွတ် ...”
ဓားအလင်းတန်းက ယွီဝန်ဝူတိ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီး သူ့ရော သူ၏ လှံကိုပါ နှစ်ပိုင်း ပြတ်တောက်သွားစေတော့၏။
ဓားရိပ်၏ ကျန်ရှိနေသော အရှိန်အဟုန်က လက်ရွေးစင် မြင်းစီးစစ်သည် (၇) (၈) ယောက်ခန့်ကို လွင့်စင်သွားစေပြီးမှ ညမှောင်ထုအတွင်း ပျောက်ကွယ်သွားလေသည်။
ကျဆင်းလာသော အရှိန်ကို အသုံးပြုလျက် ချူကျန့်သည် ယွီဝန်ဝူတိ၏ အလောင်းကို မြင်းပေါ်မှ ကန်ချလိုက်ပြီး သူကိုယ်တိုင် နေရာယူလိုက်၏။ ထို့နောက် ဓားကို ဝှေ့ယမ်းလျက် ရှေ့သို့ ညွှန်ပြလိုက်တော့သည်။
သူသည် အားအင်ကုန်ခမ်းနေသဖြင့် စကားမပြောနိုင်တော့သော်လည်း နောက်မှ လိုက်ပါလာသူများအတွက်မူ ဤမြင်ကွင်းမှာ အလွန် ခန့်ညားထည်ဝါလှသော မြင်ကွင်းတစ်ခု ဖြစ်နေတော့၏။
“စစ်သူကြီးချူက ယွီဝန်ဝူတိကို ဓားတစ်ချက်တည်းနဲ့ ကွပ်မျက်လိုက်ပြီ ... ညီအစ်ကိုတို့ ... အားလုံးကို ရှင်းပစ်ကြစမ်း ...”
စိတ်လှုပ်ရှားနေသော ဂိုဏ်းသားများသည် သိုးအုပ်ထဲ တိုးဝင်သွားသော ကျားသစ်များအလား တိုက်ခိုက်ကြတော့ရာ ချူကျန့်၏ အနားတွင်မူ ကိုယ်ရံတော် (၂) ယောက်သာ ကျန်ရစ်တော့သည်။
သူတို့၏ ခေါင်းဆောင်က အဘယ်ကြောင့် ဆက်လက် မတိုက်ခိုက်တော့သနည်း ဟူ၍ ကိုယ်ရံတော်များက အနည်းငယ် နားမလည်ဖြစ်နေကြသော်လည်း ရန်သူ့ခေါင်းဆောင် သေဆုံးသွားပြီဖြစ်သဖြင့် ကျန်သူများမှာ စစ်သူကြီးချူ ကိုယ်တိုင် နှိမ်နင်းရန် မထိုက်တန်တော့ကြောင်း တွေးမိသွားကြသည်။ ချူကျန့်၏ အေးစက်ပြီး တည်ကြည်သော မျက်နှာထားကို ကြည့်ရင်း သူတို့၏ သွေးများမှာ ဆူပွက်လာရတော့၏။
ယောကျာ်းကောင်း ဆိုသည်မှာ ဤသို့ ဖြစ်သင့်သည် မဟုတ်ပါလော။
အတွင်းအား ကုန်ခမ်းနေသော ချူကျန့်မှာမူ အင်အားများကို အမြန်ဆုံး ပြန်လည် စုဆောင်းရန် ကြိုးစားရင်း ပြိုလဲနေသော ယွီဝန်တပ်မကြီးကို ကြည့်ကာ ကြောင်အစပြုနေမိသည်။
“ငါ တကယ်ပဲ ဒီမြို့သိမ်းတိုက်ပွဲကို နိုင်သွားတာလား ...”
ထိုအခိုက်အတန့်မှာပင် စနစ်မှ အသိပေးချက် ထွက်ပေါ်လာတော့သည်။
“ဒင် ...သင့်အနေနဲ့ လျန်တူမြို့ကို ဝိုင်းရံထားတဲ့ အထူးဖြစ်ရပ်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပါတယ် ... ဂုဏ်သတင်း ကျော်ကြားမှု (၅၀၀၀) ထပ်တိုး ရရှိပါတယ် ... လျှို့ဝှက် တာဝန်ဖြစ်တဲ့ 'လောကကို အုပ်စိုးမယ့် လမ်းစဉ်' ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါပြီ ... အခုဆိုရင် သင်က 'လောကကို စိန်ခေါ်သူ' အဖြစ် အရည်အချင်း ပြည့်မီသွားပြီမို့ ကိုယ်ပိုင် အဖွဲ့အစည်းကို တည်ထောင်ပြီး မြေပုံပေါ်က မြို့တစ်မြို့ကို အခြေစိုက်စခန်း အဖြစ် ရယူနိုင်ပါပြီ ...”
“ဘာ ... ဘယ်လို ... ငါ့ကို နောက်နေတာလား ...”
' လောကကို အုပ်စိုးမယ့်လမ်းစဉ် ... လောကကို စိန်ခေါ်ရမှာလား ... '