ပန်းတိုင်ကား လေ့ကုတောင်
Vol. 14 Ch. 149
ချူကျန့်မှာ ကျောက်ရုပ်ကြီးတစ်ရုပ်ပမာ မှင်သက်နေမိသည်။ ထိုစဉ် ကောင်းကင်ယံထက်မှ စနစ်၏ ကြေညာသံကြီးက ထပ်မံ၍ ဟိန်းထွက်လာပြန်၏။
[စနစ်အသိပေးချက် - တစ်လောကလုံး သိစေဖို့ ကြေညာလိုက်ပါတယ်... ကစားသမား 'ချူလော့ကျွင်း' ဟာ လျန်တူမြို့သိမ်းတိုက်ပွဲမှာ တစ်ကိုယ်တော် အစွမ်းပြပြီး အောင်ပွဲရယူနိုင်ခဲ့ပါတယ်... သူဟာ ဆာဗာအသစ်မှာ လူတစ်သောင်းကျော် ပါဝင်တဲ့ စစ်ပွဲကို ပထမဆုံးအကြိမ် အနိုင်ရရှိခဲ့တဲ့ ကစားသမား ဖြစ်လာပြီး သိုင်းလောကရဲ့ ဒုတိယမြောက် 'အံ့ဖွယ်ဖြစ်ရပ်' ကို ဖန်တီးလိုက်တာပါပဲ... ဆုလာဘ်အနေနဲ့ 'ပြိုင်ဘက်ကင်း စစ်သေနာပတိ' ဂုဏ်ထူးဆောင်ဘွဲ့နဲ့ 'စစ်သူကြီးချူ' ဆိုတဲ့ ဂုဏ်ပုဒ် အမည်ကို ချီးမြှင့်လိုက်ပါတယ်... ဒါ့အပြင် အထူးပစ္စည်းဖြစ်တဲ့ 'ဂိုဏ်းဂဏ တည်ထောင်ခွင့် အမိန့်လွှာ' ကိုလည်း ပေးအပ်လိုက်ပါတယ်... ဒီအဖြစ်အပျက်ကို 'ပိုင်ရှောင်ရှန်းရဲ့ သိုင်းလောက ဒဏ္ဍာရီမှတ်တမ်း' မှာလည်း ရေးထိုး မှတ်တမ်းတင်လိုက်ပါပြီ... ကျန်တဲ့ ကစားသမားတွေ အားလုံးလည်း ဒီမှတ်တမ်းမှာ ပါဝင်နိုင်ဖို့ ကြိုးစားကြပါ]
[စနစ်အသိပေးချက် - တစ်လောကလုံး သိစေဖို့ ကြေညာချက် ထပ်ရှိပါသေးတယ်... ကစားသမား 'ချူလော့ကျွင်း' ကြောင့် 'နယ်ပယ်အုပ်စိုးမှု အဆင့်သတ်မှတ်ချက်' ကို ဖွင့်လှစ်လိုက်ပါပြီ... အခုကစပြီး 'မြို့သိမ်းတိုက်ပွဲ' နဲ့ 'ဂိုဏ်းဂဏစစ်ပွဲ' တွေကို ဆင်နွှဲလို့ ရပါပြီ... ဂိုဏ်းဂဏ တည်ထောင်ခွင့် အမိန့်လွှာရှိတဲ့သူတွေက ကိုယ်ပိုင်အဖွဲ့အစည်းတွေ တည်ထောင်ပြီး ကစားသမားတွေရော ဒေသခံတွေကိုပါ စုဆောင်းနိုင်ပါပြီ... ကစားသမားတွေနဲ့ ဂိုဏ်းတွေအနေနဲ့ မိမိတို့ နှစ်သက်ရာ ကစားသမားဂိုဏ်း ဒါမှမဟုတ် အစိုးရတပ်တွေဘက်ကနေ ပါဝင်ပြီး သိုင်းလောက လမ်းစဉ်သစ်ကို ဖော်ဆောင်နိုင်ပါပြီ]
ဂိမ်းလောကတစ်ခုလုံး ပဲ့တင်ထပ်သွားသည့် စနစ်၏ သတိပေးချက်များကြောင့် ချူကျန့်မှာ ဆွံ့အလျက် ကြောင်အနေတော့၏။
တစ်လောကလုံးသိအောင် ကြေညာသည့်ကိစ္စကို သူက အသားကျနေပြီ ဖြစ်သော်လည်း ပြဿနာမှာ မည်သူကများ ဂိုဏ်းဂဏ တည်ထောင်ချင်နေသနည်း။ မည်သူကများ လောကကို အုပ်စိုးချင်နေသနည်း။
' ငါက အေးအေးဆေးဆေး နေချင်တဲ့ ကစားသမား တစ်ယောက်ပါဆို ... ဒီနေ့လိုမျိုး မြို့သိမ်းခံရမှာကို စိုးရိမ်ပြီး အသက်နဲ့ရင်းရတာမျိုး ... မိတ်ဆွေတွေ သတ်ဖြတ်ခံရမှာကို ပူပန်နေရတာမျိုးတွေ မလုပ်ချင်ပါဘူး ... '
ချူကျန့်က တံတွေးတစ်ချက်ကို ခါးသီးစွာ မြိုချလိုက်မိသည်။ ကံကောင်းသည်မှာ ဂိမ်းစနစ်က သူ့အား အတင်းအဓမ္မ တာဝန်တွေ မပေးအပ်ထားခြင်းပင် ဖြစ်၏။
' ဒီ ဂိုဏ်းဂဏ တည်ထောင်ခွင့် အမိန့်လွှာကို ရောင်းစားလိုက်ရင်ရော ... ငါ အကြီးအကျယ် ချမ်းသာသွားနိုင်တာပဲ ... '
ချူကျန့်သည် သူ၏ သိုလှောင်အိတ်ကို ဖွင့်လိုက်ရာ လက်ဝါးခန့်ရှိသော နဂါးခေါင်းပုံ ထွင်းထုထားသည့် ရွှေရောင်အမိန့်လွှာ တစ်ခုကို တွေ့လိုက်ရသည်။ ၎င်းမှာ သတ္တုနှင့် ပြုလုပ်ထားသကဲ့သို့ လေးလံလှပေ၏။
[ဂိုဏ်းဂဏ တည်ထောင်ခွင့် အမိန့်လွှာ]
[အမျိုးအစား - အထူးပစ္စည်း]
[ဖော်ပြချက် - ဆာဗာအသစ်မှာ လူတစ်သောင်းကျော် စစ်ပွဲကို ပထမဆုံး အနိုင်ရခဲ့တဲ့ ကစားသမားအတွက် စနစ်ကပေးတဲ့ လျှို့ဝှက်ဆုလာဘ်ပါ... ဒီအမိန့်လွှာဟာ ချူလော့ကျွင်းနဲ့ ချည်နှောင်ထားပြီးသား ဖြစ်လို့ ရောင်းဝယ်တာ... လွှဲပြောင်းတာ... စွန့်ပစ်တာတွေ လုပ်လို့မရပါဘူး... (သတိပေးချက် - ကစားသမား အပြင်းအထန် ဒဏ်ရာရတဲ့အခါ ဒါမှမဟုတ် သေဆုံးခါနီး အချိန်မှာတော့ ဒီပစ္စည်း ကျန်ရစ်ခဲ့ဖို့ အခွင့်အလမ်း အနည်းငယ် ရှိပါတယ်)... ဒါကို တစ်ကြိမ်ပဲ အသုံးပြုလို့ ရမှာဖြစ်ပြီး အသုံးပြုပြီးတာနဲ့ ဂိုဏ်းအသစ်တစ်ခု တည်ထောင်နိုင်မှာပါ... ဒါ့အပြင် မြို့တစ်မြို့ကိုလည်း မင်းရဲ့ နယ်မြေအဖြစ် စနစ်က ကျပန်း သတ်မှတ်ပေးမှာ ဖြစ်ပြီး အဲ့ဒီနယ်မြေပေါ်မှာ မင်းဟာ အမြင့်ဆုံး အုပ်ချုပ်သူ ဖြစ်လာမှာပါ]
ဤဖော်ပြချက်ကို မြင်လိုက်ရသောအခါ ချူကျန့်မှာ မျက်လုံးပြူးသွားရသည်။ အခြားအချက်တွေက ပြဿနာမရှိသော်လည်း ရောင်းဝယ်ခွင့်မရှိ... စွန့်ပစ်ခွင့်မရှိ... ဆိုသည့်အချက်က အလွန် ထူးဆန်းနေတော့၏။ ပစ္စည်းတစ်ခုကို စွန့်ပစ်ခွင့်မရှိခြင်းမှာ သူ၏ ဘဝတွင် ပထမဆုံး ကြုံဖူးခြင်းပင် ဖြစ်ချေသည်။
ချူကျန့်သည် ထိုအမိန့်လွှာကို မြေပြင်ပေါ်သို့ ပစ်ချကြည့်လိုက်၏။ မြေပြင်နှင့် ထိသည်နှင့် တစ်ပြိုင်နက် အမိန့်လွှာမှာ ပျောက်ကွယ်သွားပြီး သူ၏ လက်ထဲသို့ မှော်ပညာအလား ချက်ချင်း ပြန်လည် ရောက်ရှိလာတော့၏။
' ကောင်းပြီလေ ... ဒါကို သံတိုသံစ တစ်ခုလိုပဲ သဘောထားလိုက်တော့မယ် ... '
ချူကျန့်သည် ၎င်းကို သိုလှောင်အိတ်၏ ထောင့်တစ်နေရာသို့ ကျပမ်း ပစ်ထည့်လိုက်သည်။ သူသည် နတ်ဘုရား အလင်းဖြာကျင့်စဉ်ကို အသုံးပြုလျက် ကုန်ခမ်းနေသော အတွင်းအားများကို အမြန်ဆုံး ပြန်လည် စုဆောင်းရန် ပြင်လိုက်စဉ်မှာပင် စနစ်၏ ကြေညာသံကြီး ထပ်မံ ထွက်ပေါ်လာပြန်၏။
[စနစ်အသိပေးချက် - ကစားသမား 'ချူလော့ကျွင်း' ရဲ့ ဂုဏ်သတင်း ကျော်ကြားမှုဟာ အမှတ် (၂၀၀၀၀) ကျော်သွားပါပြီ... ဂိမ်းစတင်ပြီး ခြောက်လအတွင်း 'တစ်ကမ္ဘာလုံး သိစေသူ' အဆင့်ကို ပထမဆုံး ရောက်ရှိခဲ့တဲ့ ကစားသမား ဖြစ်လာပါတယ်... အခုဆိုရင် လျှို့ဝှက်ဖြစ်ရပ်တွေနဲ့ လျှို့ဝှက်တာဝန်တွေ အားလုံးကို သူ့အတွက် ဖွင့်လှစ်လိုက်ပါပြီ... ဒီအချက်ကိုလည်း 'ပိုင်ရှောင်ရှန်းရဲ့ သိုင်းလောက ဒဏ္ဍာရီမှတ်တမ်း' မှာ ရေးထိုး မှတ်တမ်းတင်လိုက်ပါတယ်]
' ဒါက ဘာကြီးလဲ ... လျှို့ဝှက်ဖြစ်ရပ်တွေနဲ့ တာဝန်တွေ အားလုံးက ငါ့အတွက် ပွင့်သွားပြီ ဟုတ်လား ... ဒါဆိုရင် နောင်မှာ ငါက လျှို့ဝှက်တာဝန်တွေနဲ့ ပိုပြီး ပတ်သက်ရတော့မှာပေါ့ ... ငါ့ကို လာမနောက်ကြပါနဲ့ ... '
ပုံမှန်အားဖြင့်ပင် သူသည် ရက်အနည်းငယ်ခြားတိုင်း လျှို့ဝှက်ဖြစ်ရပ်တစ်ခုခုနှင့် ကြုံတွေ့နေရသူ ဖြစ်သည်။ သူ့ကိုယ်သူပင် လျှို့ဝှက်တာဝန်များကို ဆင့်ခေါ်နေသည့် စက်ကြီးတစ်လုံးအလား ခံစားနေရ၏။ အကယ်၍ အခွင့်အလမ်းတွေ ထပ်တိုးလာမည်ဆိုလျှင် သူ ဤဂိမ်းကို ဆက်လက် ကစားနိုင်ပါဦးမည်လော။ ချူကျန့်မှာ ငိုချင်စိတ်ပင် ပေါက်သွားတော့၏။
' မတတ်နိုင်ဘူး ... ကြုံလာတဲ့ လှိုင်းကိုပဲ စီးရတော့မှာပေါ့ ... '
ချူကျန့်သည် ထိုစိုးရိမ်ပူပန်မှုများကို ဘေးဖယ်ထားလိုက်ပြီးနောက် မိမိစီးနင်းလာသော မြင်းကြီးကို စစ်ဆေးကြည့်လိုက်ရာ အလွန်ပင် ကောင်းမွန်လှသည်။ အကယ်၍ ပစ္စည်းအဆင့်အတန်းနှင့် ခွဲခြားမည်ဆိုလျှင် ငွေရောင်အဆင့် ရှိပေလိမ့်မည်။ သို့သော် ဤကမ္ဘာတွင် တိရစ္ဆာန်များကို အဆင့်အတန်းခွဲခြားသည့် စနစ် မရှိသဖြင့် သူ၏ ယခင် သိုင်းလောကမှ ဗဟုသုတများဖြင့်သာ ခန့်မှန်းလိုက်ခြင်း ဖြစ်သည်။
' ဟီးဟီး ... ဒါတော့ အမြတ်ထွက်သွားတာပဲ ... '
ချူကျန့်၏ စိတ်အခြေအနေမှာ အနည်းငယ် ပြန်လည် ကောင်းမွန်လာရ၏။ ထိုအခိုက် အဝေးမှ ညာသံပေးသံများနှင့်အတူ ခုံးကျုံးနှင့် ရွှီဇီလင်းတို့ နောက်ဆုံးတွင် ပြန်လည် ရောက်ရှိလာကြချေပြီ။
ချူကျန့်မှာ သက်ပြင်းတစ်ချက် ချလိုက်ပြီး မြင်းပေါ်မှ ဆင်းလိုက်သည်။ ယွီဝန်ဝူတိ၏ အလောင်းပေါ်မှ တန်ဖိုးရှိသော ပစ္စည်းအချို့ကိုလည်း ယူဆောင်လိုက်၏။ ကံမကောင်းသည်မှာ သူ၏ လိမ္မော်ရောင် လှံရှည်ကြီးမှာ သူ့ဓားချက်ကြောင့် နှစ်ပိုင်းပြတ်သွားခဲ့သဖြင့် ရောင်းမစားနိုင်တော့ခြင်းပင်။
လျန်တူမြို့ ကာကွယ်ရေးတိုက်ပွဲမှာ လျန်တူမြို့၏ အပြတ်အသတ် အောင်ပွဲနှင့်အတူ အဆုံးသတ်သွားခဲ့လေသည်။ ချူကျန့်ဘက်မှ ကျူးကျော်လာသော ရန်သူ့တပ်ကြီးကို အစအဆုံး နှိမ်နင်းနိုင်ခဲ့သလို ရွှီဇီလင်းကလည်း ယွီဝန်ဟွာကျီ၏ ရိက္ခာလှည်းများကို အောင်မြင်စွာ မီးရှို့နိုင်ခဲ့၏။ ခုံးကျုံးမှာမူ ခြုံခိုတိုက်ခိုက်မှုကို အခွင့်ကောင်းယူလျက် ရိက္ခာလှည်းများကို လာရောက်ကူညီသော ယွီဝန်ဟွာကျီကို အပြင်းအထန် ဒဏ်ရာရအောင် တိုက်ခိုက်နိုင်ခဲ့၏။
ဤတိုက်ပွဲ (၃) ခုပေါင်း၏ ရလဒ်အရ ယွီဝန်မျိုးနွယ်စုမှ စစ်သည် (၂၀၀၀) နီးပါး သေဆုံးခဲ့ပြီး (၅၀၀၀) ကျော်မှာ အရှင်ဖမ်းဆီးခံခဲ့ရကာ ကျန်သူများမှာ အရပ်မျက်နှာအသီးသီးသို့ ထွက်ပြေးသွားကြတော့၏။ တစ်ချိန်က ဩဇာကြီးမားခဲ့သော ယွီဝန်မျိုးနွယ်စုမှာ ဤတိုက်ပွဲတွင် အစအန ပျောက်ကွယ်သွားခဲ့ရပြီး ခုံးကျုံး၊ ရွှီဇီလင်း နှင့် ချူလော့ကျွင်း တို့၏ ဂုဏ်သတင်းမှာ တစ်ဟုန်ထိုး ကျော်ကြားသွားတော့၏။
လျန်တူမြို့ ...
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ချူကျန့်နှင့် ရွှီဇီလင်းတို့သည် ခုံးကျုံး၏ ဒဏ်ရာများကို အတွင်းအားဖြင့် ကုသပေးနေကြလေသည်။ အပ်စိုက်ကုသမှုကိုလည်း တစ်ပြိုင်နက် လုပ်ဆောင်ပေးခဲ့ကြ၏။ ခုံးကျုံး၏ ဒဏ်ရာများမှာ လျင်မြန်စွာ သက်သာလာခဲ့ပြီး ငါးရက်အကြာတွင်မူ ကုတင်ပေါ်မှ ဆင်းကာ လမ်းလျှောက်နိုင်လာခဲ့သည်။ သို့သော် လုံးဝ ကျန်းမာလာရန်မှာမူ နောက်ထပ် (၁၀) ရက်ခန့် အချိန်ယူရဦးမည် ဖြစ်ပေသည်။
ခုံးကျုံး ဒဏ်ရာရနေသော်လည်း လျန်တူမြို့၏ အရေးကိစ္စများကိုမူ ပစ်ထား၍ မရနိုင်ချေ။ ရွှီဇီလင်းမှာမူ သူ၏ အတွင်းအားမှာ ခုံးကျုံးနှင့် လိုက်ဖက်ညီပြီး ဒဏ်ရာကို ပိုမို သက်သာစေနိုင်သဖြင့် ခုံးကျုံးအနားတွင်သာ တစ်ချိန်လုံး ရှိနေရသည်။ ထို့ကြောင့် စစ်ရေးနှင့် အုပ်ချုပ်ရေး ကိစ္စ ရှစ်ဆယ်ရာခိုင်နှုန်းခန့်မှာ ချူကျန့်၏ ပုခုံးပေါ်သို့ ကျရောက်လာတော့၏။
ချူကျန့်မှာ အကြီးအကျယ် အလုပ်ရှုပ်နေရသော်လည်း ကောရှန်မှာ မြို့ထဲတွင် ရှိနေဆဲဖြစ်သလို ပင်လယ်အရှေ့ပိုင်းဂိုဏ်းမှ ကျန်ရှိနေသော လူဆိုးများနှင့် ထွက်ပြေးနေသော စစ်ပြေးများ၏ အန္တရာယ်က လျန်တူမြို့၏ လုံခြုံရေးကို ခြိမ်းခြောက်နေဆဲ ဖြစ်သည်။ ထို့ကြောင့် သူသည် အံကိုကြိတ်လျက် အလုပ်များကို လုပ်ဆောင်နေရတော့၏။
လျန်တူမြို့မှာ ပြန်လည် တည်ဆောက်ရေးအတွက် အလွန် အလုပ်ရှုပ်နေ၏။ ရွှမ်ယုံ၊ ရန်မေမေ နှင့် ချန်ကျားဖုန်းတို့၏ အကူအညီများ ရှိနေသော်လည်း ချူကျန့်မှာမူ စစ်သုံ့ပန်းများကို လက်ခံခြင်း လူသောင်းပေါင်းများစွာအတွက် စားနပ်ရိက္ခာများကို စီမံခန့်ခွဲခြင်း တပ်သားသစ်များကို လေ့ကျင့်ပေးခြင်းနှင့် အရပ်မျက်နှာအသီးသီးမှ လာရောက်ပူးပေါင်းကြသော သူရဲကောင်းများကို ဧည့်ခံခြင်းတို့ဖြင့် နားချိန်ပင် မရှိတော့ချေ။
ချူကျန့်သည် အုပ်ချုပ်ရေးနှင့် ပတ်သက်၍ ပါရမီလည်း မရှိသလို စိတ်ဝင်စားမှုလည်း မရှိကြောင်းကို သူ့ကိုယ်သူ ထပ်မံ သိလိုက်ရသည်။ ကောရှန်၏ ရောဂါအခြေအနေကိုလည်း စိုးရိမ်နေမိဆဲ ဖြစ်၏။ ထို့ကြောင့် လျန်တူမြို့၏ အခြေအနေ တည်ငြိမ်သွားပြီး ခုံးကျုံး၏ ဒဏ်ရာများ ထက်ဝက်ခန့် သက်သာလာသည်နှင့် တစ်ပြိုင်နက် သူသည် လေ့ကုတောင် ဆွံ့အနားမကြား တောင်ကြားသို့ သွားရန်အတွက် နှုတ်ဆက်စကား ဆိုလိုက်လေ၏။
ခုံးကျုံးက ကပျာကယာ လှမ်းပြောလေ၏။
"အစ်ကိုချူ ... ဒီကိစ္စကို ဇီလင်းပဲ သွားလုပ်ခွင့်ပေးလိုက်ပါလား ... အစ်ကို ထွက်သွားလို့ မရဘူးနော် ... အစ်ကိုသာ မရှိရင် လျန်တူမြို့ကြီး ဘယ်လိုလုပ်မလဲ ..."
ချူကျန့်က မျက်လုံးကို လှန်ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။
"ဘယ်လိုလုပ်မလဲ ဆိုတာကို မေးနေရသေးတယ်လား ... မင်းက ဒီမြို့ရဲ့ မြို့စားမင်းပဲ မဟုတ်လား သခင်လေးခုံးရဲ့ …”