← Chapters

အခန်း ၂၂၄

Vol. 23 Ch. 224

အခန်း ၂၂၄

Vol. 23 Ch. 224

အခန်း (၂၂၄) တတိယမြောက် အတုအယောင်ရတနာသိုက် ပေါ်ထွက်လာခြင်း

"ကျောက်လင်... ငါတို့ ရတနာသွားမရှာဘဲနေတာ တကယ်ပဲ အဆင်ပြေရဲ့လား..."

ထန်ဝေ့က သိုးသားကင်တစ်ဖဲ့ကို ဆွဲဆုတ်ကာ အကြီးကြီး တစ်ကိုက်ကိုက်ရင်း စိုးရိမ်တကြီး ပြောလိုက်၏။

စိုးရိမ်နေသည့်တိုင် ထန်ဝေ့သည် အခြားသူများထက် အသားကို ပို၍ စားနေခဲ့သည်။

ဘာကို စိုးရိမ်နေရမည်နည်း။

"ငါတို့က နောက်ကျရင် ရတနာရှာဖို့ ခွန်အားတွေ ရှိနေအောင် ဟော့ပေါ့နဲ့ အသားကင် စားပြီး အားမွေးနေတာလေ..."

"မင်းက ချီလင်အကယ်ဒမီက တခြားကျောင်းသားတွေကို ရတနာမရှာတော့ဘူးလို့ သွားပြောမှာမို့လို့လား..."

ကျောက်လင်က တူဖြင့် ခေါက်ဆွဲမျှင်များကို ညှပ်ယူလိုက်ပြီး ပြုံးလျက် ပြန်ဖြေလိုက်၏။

ကျောက်လင်၏ စကားကို ကြားလိုက်ရသောအခါ ယွီရွှေခရိုင် ချီလင်အကယ်ဒမီမှ အဖွဲ့သည် ၎င်းတို့၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားကြသည်။

ဟုတ်ပေသည်။ ၎င်းတို့သည် ဟော့ပေါ့စားရင်း အသားများကို မြိန်ရေယှက်ရေ စားသုံးနေကြ၏။ ၎င်းတို့က ရတနာမရှာတော့ဘူးဟု မပြောခဲ့ပေ။ စားပြီးသွားလျှင် ရတနာသွားရှာကြမည်သာဖြစ်သည်။

အကယ်၍ ချီလင်အကယ်ဒမီမှ လူများ လာရောက်မေးမြန်းခဲ့လျှင် ဤလူများ၌ ပုံသေအဖြေတစ်ခု ရှိနေပြီးသားဖြစ်သည်။

အသားကင် စားပြီးနောက် တကယ်ပဲ ရတနာသွားရှာမည် မရှာမည်ကမူ ကျောက်လင်၏ ဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်နေ၏။

မည်သို့ပင်ဖြစ်စေ ဤလူများက သဘောပေါက်ထားကြသည်မှာ ခေါင်းဖြတ်ခံထားရသော ယင်ကောင်များကဲ့သို့ ရတနာကို လိုက်ရှာနေမည့်အစား ကျောက်လင်နောက်သို့သာ ကပ်လိုက်နေခြင်းက ပိုကောင်းမည် ဟူ၍ပင်။

ကျောက်လင်က ရတနာရှာမည်ဟု ပြောသောကြောင့် သူတို့လည်း နောက်မှ လိုက်သွားခဲ့ကြသည်။ ကျောက်လင်က အရသာရှိသော အစားအစာများကို ဆက်လက် ချက်ပြုတ်နေမည်ဆိုလျှင်လည်း သူတို့ စားကြရမည်သာ ဖြစ်၏။

ထိုအခိုက်တွင် ကျောက်လင်၏ အသိစိတ်က ကံကြမ္မာနတ်ဘုရားအဆင့်စာရင်းနှင့် ပဲ့တင်ထပ်သွားပြီး ကြွက်လေး၏ အမြင်အာရုံမှတစ်ဆင့် ချီလင်အကယ်ဒမီမှ လူများသည် ဆရာသခင်အဆင့် ရုပ်သေးရုပ်ကို ဖျက်ဆီးလိုက်ကြပြီဖြစ်ကြောင်း သိလိုက်ရသည်။

ဒုတိယမြောက် အတုအယောင်ရတနာသိုက် ရှာဖွေမှု ပြီးဆုံးသွားပြီ ဖြစ်၏။

တတိယမြောက် အတုအယောင်ရတနာသိုက်ကို ဖွင့်လိုက်ကြစို့။

ကျောက်လင်က ဆုံးဖြတ်ချက် ချလိုက်သည်။

နည်းပြချုပ်ဆယ်ယောက်က ပထမဆုံး အတုအယောင်ရတနာသိုက်ရှိရာ ကျောက်ဂူထဲသို့ ဝင်ရန် သူ့အား အတင်းအကျပ် ခိုင်းစေခဲ့စဉ်ကတည်းက ကျောက်လင်သည် ဤချီလင်အကယ်ဒမီအဖွဲ့ဝင် ဆယ်ယောက်အပေါ် ထားရှိသည့် ကရုဏာတရားများ ကုန်ခမ်းသွားခဲ့ပြီဖြစ်၏။

ကျန်ရှိနေသေးသော အတုအယောင်ရတနာသိုက် သုံးခုကို အသုံးပြု၍ ဤချီလင်အကယ်ဒမီ ကျောင်းများကို ဆက်လက် ဒုက္ခပေးကြစို့။

ဒုတိယမြောက် အတုအယောင်ရတနာထံမှ ငွေတုံးများအားလုံးကို ကြွက်လေးက ခိုးယူပြီးနောက် ကျောက်လင်ထံမှ ညွှန်ကြားချက်များကို ချက်ချင်း လက်ခံရရှိခဲ့ပြီး အနီးအနားရှိ တောင်တစ်တောင်ဆီသို့ ပြေးသွားခဲ့သည်။

တတိယမြောက် အတုအယောင်ရတနာသိုက်သည် သုံးလီအကွာရှိ တောင်ကြီးတစ်တောင်ပေါ်တွင် တည်ရှိသည်။

ကြွက်လေး၏ အမြန်နှုန်းဖြင့်ဆိုလျှင် ထိုနေရာသို့ရောက်ရန် နှစ်မိနစ်သာ အချိန်ယူရ၏။

ထို့နောက် ကြွက်လေးသည် အတုအယောင်ရတနာသိုက်ရှိကာ ဂူကို ရှာတွေ့ခဲ့သော်လည်း ဂူဝကို ကျောက်တုံးကြီးများဖြင့် လုံးဝ ပိတ်ဆို့ထားသည်။

သဘာဝကျကျပင် ရွှေခန္ဓာနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သော ကြွက်လေးသည် ကျောက်တုံးတစ်တုံးကို အလွယ်တကူ ဖယ်ရှားလိုက်ရာ ဂူဝတစ်ခုလုံး ပေါ်လာခဲ့၏။

ဂူထဲမှ ဆွဲဆောင်မှုရှိသော ရနံ့တစ်ခု ချက်ချင်း လွင့်ပျံလာသည်။

လေထဲရှိ ငှက်များသည် ထိုရနံ့ကို ရလိုက်သောအခါ ကျေးငှက်သံများ မြည်ကြွေးလျက် အောက်သို့ ထိုးဆင်းကာ ဂူထဲသို့ ဝင်သွားကြ၏။

ဤအငွေ့အသက်ကို အာရုံခံမိသောအခါ အနီးအနားတောင်များရှိ တောရိုင်းတိရစ္ဆာန်များသည် ဟိန်းဟောက်ကာ အုပ်စုဖွဲ့၍ ဂူဝဆီသို့ ဦးတည်လာကြသည်။

ကြွက်လေးက ဂူထဲသို့ ပြေးဝင်ချင်နေသော်လည်း ကျောက်လင်သည် ကံကြမ္မာနတ်ဘုရားအဆင့်စာရင်းမှတစ်ဆင့် ဂူဝနှင့် ဝေးရာသို့ လမ်းညွှန်ပေးခဲ့ပြီး ထိုအငွေ့အသက်၏ လွှမ်းမိုးမှုကို မခံရစေရန် တားဆီးခဲ့၏။

ဝူရှီးဟယ်သည် လူတိုင်းကို ဒုတိယမြောက် အတုအယောင်ရတနာသိုက်ရှိရာမှ ခေါ်ဆောင်လာခဲ့ပြီး တောင်ခြေသို့ ရောက်သောအခါ ခေတ္တအနားယူကြသည်။

ထိုအခိုက်တွင် ဝူရှီးဟယ်က မတ်တတ်ရပ်လိုက်ပြီး ချီလင်အကယ်ဒမီမှ လူကိုးယောက်ကို အနီးအနားရှိ တောင်များနှင့် သစ်တောများတွင် ရတနာသိုက်ကို ဆက်ရှာရန် အမိန့်ပေးလိုက်၏။

ရှီခွေ၊ ရှကောင်းလီနှင့် ဝူချုံးရှောင်တို့ အပါအဝင် နည်းပြချုပ် ကိုးယောက်သည် ဝူရှီးဟယ် မတ်တတ်ရပ်လိုက်သည်ကို မြင်သောအခါ သူတို့၏ နှလုံးသားများ အေးစက်သွားကြသည်။

ဒုတိယမြောက် အတုအယောင်ရတနာသိုက် ရှာဖွေမှုသည် နည်းပြများနှင့် ကျောင်းသားအချို့၏ အသက်ကို ဆုံးရှုံးစေခဲ့ပြီ ဖြစ်သည်။ ချီလင်အကယ်ဒမီ အဖွဲ့ဝင်ကိုးယောက်သည် ရတနာ ဆက်ရှာရန် စိတ်ဝင်စားမှု ပျောက်ဆုံးနေကြပြီး အစီအစဉ်မှ နုတ်ထွက်ရန် စဉ်းစားနေကြ၏။

မည်သို့ပင်ဆိုစေကာမူ ချီလင်အကယ်ဒမီမှ ကျောက်စိမ်းနယ်ပယ် ကျွမ်းကျင်သူတစ်စု ပေါ်လာခြင်းနှင့်အတူ ဤချီလင်အကယ်ဒမီ၏ ပြိုင်ပွဲသည် ချီလင်အကယ်ဒမီမှ နောက်ကွယ်မှ ခြယ်လှယ်နေခြင်းဖြစ်ကြောင်း ဤနည်းပြချုပ်များ သဘောပေါက်သွားကြသည်။

ရည်ရွယ်ချက်မှာ ချီလင်အကယ်ဒမီ အဖွဲ့ဝင်ဆယ်ယောက်ကို အမြောက်စာအဖြစ် အသုံးပြုပြီး ချီလင်အကယ်ဒမီက အကျိုးအမြတ်များကို ရယူရန်ပင် ဖြစ်သည်။

"အားလုံး နားထောင်ကြ... အနီးအနားက တောင်တွေနဲ့ သစ်တောတွေထဲမှာ ရတနာသိုကါကို ဆက်ရှာကြ..."

"ဒီတစ်ကြိမ် ချီလင်အကယ်ဒမီကိုယ်စား ဆုံးဖြတ်ချက်တစ်ခုကို ငါ ကြေညာမယ်... အကယ်၍ တစ်ယောက်ယောက်က အတုအယောင်ရတနာသိုက်ကို ရှာတွေ့ခဲ့ရင်တောင် ချီလင်အကယ်ဒမီသို့ တိုက်ရိုက်တက်လှမ်းပြီး ကျင့်ကြံခွင့်ရမယ်..."

ဝူရှီးဟယ်က အော်ပြောလိုက်၏။

ဤအခိုက်အတန့်တွင် ချီလင်အကယ်ဒမီမှ လူကိုးယောက်ထဲမှ မည်သူမျှ ယခင်ကဲ့သို့ စိတ်အားထက်သန်စွာ တုံ့ပြန်ခြင်း မရှိတော့ပေ။ ယင်းအစား ဝူရှီးဟယ်ကိုသာ အေးတိအေးစက် ကြည့်နေကြ၏။

အကယ်၍ ၎င်းတို့သည် ဝူရှီးဟယ်၏ ခွန်အားကို မကြောက်ရွံ့ပါက ဤကျောင်းကိုးကျောင်းမှ လူများသည် ချက်ချင်း ထွက်ပြေးချင်နေကြလိမ့်မည်။

ဝူရှီးဟယ်က တစ်ခုခု ထပ်ပြောရန် ပြင်လိုက်စဉ်မှာပင် လေထဲတွင် ငှက်များ၏ အော်သံများ ဆက်တိုက် ထွက်ပေါ်လာပြီး အနီးအနားရှိ တောင်များနှင့် သစ်တောများမှ တောရိုင်းတိရစ္ဆာန်များ၏ ဟိန်းဟောက်သံများ ပဲ့တင်ထပ်လာရာ တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ရှင်းလင်းစွာ ညွှန်ပြနေ၏။

"အဲ့ဒီမှာ... ဘာဖြစ်တာလဲ..."

ဝူရှီးဟယ်က ချက်ချင်း မေးလိုက်သည်။

ထိုအခါ ချီလင်အကယ်ဒမီမှ ကျောက်စိမ်းနယ်ပယ် နည်းပြတစ်ယောက်က လေထဲသို့ ပျံတက်သွားပြီး အနီးအနားရှိ တောင်၏ အခြေအနေကို ကြည့်လိုက်၏။

"နည်းပြဝူ... အနီးအနားက တောင်မှာ ဂူတစ်ခု ပေါ်လာပြီး ငှက်တွေ၊ သားရဲတွေ အဲ့ဒီထဲကို အုပ်စုလိုက် ဝင်သွားကြတယ်..."

နည်းပြက ပြန်ဖြေလိုက်သည်။

ရုတ်တရက် ဝူရှီးဟယ်၏ မျက်လုံးများ အရောင်လက်သွား၏။

"အားလုံး... ငါ့အမိန့်ကို နားထောင်... ရှေ့က တောင်ဆီကို တိုက်ရိုက်သွားကြ..."

ဝူရှီးဟယ်က တစ်စုံတစ်ရာကို သဘောပေါက်သွားပြီး တတိယမြောက်တောင်ဆီသို့ သူ့နောက်မှ လိုက်လာရန် လူတိုင်းကို အတင်းအကျပ် ခိုင်းစေပြန်၏။

ဝူရှီးဟယ်၏ အမိန့်ကို ကြားသောအခါ ချီလင်အကယ်ဒမီမှ နည်းပြကိုးယောက်နှင့် ကျောင်းသားများသည် မည်သည့် ကန့်ကွက်သံမျှ မထွက်ရဲကြချေ။

မည်သို့ပင်ဖြစ်စေ ဝူရှီးဟယ်၏ ရက်စက်သော လုပ်ရပ်များကို ၎င်းတို့ မျက်မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ သူသည် အနည်းငယ် သဘောထားကွဲလွဲရုံဖြင့် လက်ညှိုးတစ်ချောင်းတည်းနှင့် သတ်ဖြတ်နိုင်သည်။ မည်သူက ကန့်ကွက်ရဲမည်နည်း။

လူတိုင်းသည် ဝူရှီးဟယ်၏နောက်မှ တတိယမြောက်တောင်ဆီသို့ လိုက်သွားကြ၏။

နာရီဝက် ကြာပြီးနောက်။

အဖွဲ့သည် နောက်ဆုံးတွင် တောင်ခြေသို့ ရောက်ရှိသွားသည်။

ထိုအခိုက်တွင် တောင်များနှင့် သစ်တောများထဲမှ ရေတွက်မရနိုင်သော သားရဲများ၏ ဟိန်းဟောက်သံများ ရပ်တန့်သွားပြီး အရာအားလုံးသည် အလွန်တိတ်ဆိတ်သွား၏။

တောရိုင်းတိရစ္ဆာန်များအားလုံး ဂူထဲသို့ ပြေးဝင်သွားကြပြီ ဖြစ်သည်။

ဝူရှီးဟယ် ရောက်လာသောအခါ ဂူထဲမှ ဆွဲဆောင်မှုရှိသော ဝိညာဉ်စွမ်းအင် အငွေ့အသက်များ ထွက်ပေါ်နေကြောင်း သူ၏ စိတ်စွမ်းအားဖြင့် အာရုံခံမိလိုက်၏။

ဤဝိညာဉ်စွမ်းအင်သည် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် လူကို အလွန်ပေါ့ပါးလန်းဆန်းသွားစေသည်။

"ဒါက တကယ့် အစစ်အမှန်ရတနာသိုက်များ ဖြစ်နေမလား..."

"ဂူထဲမှာ ဆေးဖက်ဝင်အပင် အမြောက်အမြားကို သိုလှောင်ထားတာများလား..."

ဝူရှီးဟယ်က သူ့ကိုယ်သူ မေးခွန်းထုတ်လိုက်၏။

"နည်းပြဝူ... ကျွန်တော်တို့ အထဲကို ဝင်ကြည့်ဖို့ လူလွှတ်သင့်လား..."

ချီလင်အကယ်ဒမီမှ နည်းပြတစ်ယောက်က တိုးတိုးလေး မေးလိုက်သည်။

"ချီလင်အကယ်ဒမီက လူကိုးယောက်... နားထောင်ကြ..."

"ကျောင်းတစ်ကျောင်းစီက ရွှေခန္ဓာနယ်ပယ် ကျွမ်းကျင်သူ သုံးယောက်စီလွှတ်ပြီး ဂူထဲကို အတူတူဝင်... အထဲက အခြေအနေကို စုံစမ်းကြ..."

ဝူရှီးဟယ်က ကျောင်းသားကိုးယောက်ကို အေးစက်စွာ ကြည့်ရင်း ကြေညာလိုက်၏။

ချီလင်အကယ်ဒမီမှ ကျောက်စိမ်းနယ်ပယ် ကျွမ်းကျင်သူကို ဂူထဲ ဝင်ခိုင်းမည်လော။

မဖြစ်နိုင်ပေ။

မိမိအတွက် သေပေးမည့်အစား မိတ်ဆွေအတွက် သေပေးလိုက်ခြင်းက ပိုကောင်း၏။

ဤချီလင်အကယ်ဒမီမှ လူကိုးယောက်စလုံးသည် အမြောက်စာများသာ ဖြစ်သည်။

ဝူရှီးဟယ်၏ စကားကို ကြားသောအခါ ရှီခွေ၊ ရှကောင်းလီ၊ ဝူချုံးရှောင်၊ လွီဝေ့မို၊ ကျန်းဖေးချောင်၊ ချန်ကျန်းမင်၊ ကုရှင်းယွဲ့၊ ပါရှန်းလီနှင့် ရှန်ချင်းပေါ် ဟူသော နည်းပြချုပ် ကိုးယောက်သည် နောက်ဆုံးတွင် ၎င်းတို့၏ ဒေါသကို ထုတ်ဖော်ပြသလိုက်ကြ၏။

ဤသည်မှာ ချီလင်အကယ်ဒမီ အဖွဲ့ဝင် ကိုးယောက်၏ အသက်ကို လုံးဝ ဂရုမစိုက်ကြောင်း ပြသနေခြင်းပင်။

သို့သော်လည်း ဝူရှီးဟယ်၏ ကျောက်စိမ်းဗိမာန်နယ်ပယ် နောက်ဆုံးအဆင့် ခွန်အားသည် ၎င်းတို့ ကိုးယောက်အတွက် ကျော်လွှား၍မရနိုင်သော အတားအဆီးတစ်ခု ဖြစ်နေ၏။ သူတို့ ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ ဘာတတ်နိုင်မည်နည်း။

သူတို့တွင် အမိန့်နာခံရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိချေ။

ထို့ကြောင့် နည်းပြချုပ်ကိုးယောက်သည် ဒေါသကို မြိုသိပ်ကာ သက်ဆိုင်ရာ ကျောင်းများမှ ရွှေခန္ဓာနယ်ပယ် နည်းပြများနှင့် တိုင်ပင်ဆွေးနွေးပြီးနောက် တစ်ကျောင်းလျှင် နည်းပြသုံးယောက်စီ စေလွှတ်လိုက်ကြ၏။

ယွီလုံခရိုင်ရှိ ချီလင်အကယ်ဒမီတွင် ညီအစ်မသုံးယောက်ဖြစ်သော လုယွီပင်း၊ လုထင်ရွှယ်နှင့် လုနင်ရွှမ်းတို့က ဤတာဝန်ကို ယူရန် မိမိသဘောဆန္ဒအလျောက် ထွက်လာခဲ့ကြသည်။

ချန်းရှန်းခရိုင် ချီလင်အကယ်ဒမီတွင်မူ ဖုန်းယွမ်ရီ၊ တီတုံနှင့် လုချင်းဖုန်းတို့က တာဝန်ကို ဦးဆောင်ယူခဲ့ကြ၏။

လူနှစ်ဆယ့်ခုနစ်ယောက်သည် အလင်းဖြူတုတ်တံများကို ကိုင်ဆောင်လျက် တောင်ပေါ်သို့ အတူတကွ ပြေးတက်သွားကြပြီး ဂူထဲသို့ ဝင်သွားကြသည်။

ဝူရှီးဟယ်နှင့် အခြားသူများသည်လည်း ဂူဝသို့ ရောက်ရှိလာပြီး ထိုနေရာတွင် တိတ်ဆိတ်စွာ စောင့်ကြပ်နေကြ၏။

All Chapters