← Chapters

အခန်း (၂၈၇၉-၂၈၈၀)

Vol. 228 Ch. 2879-2880

အခန်း (၂၈၇၉-၂၈၈၀)

Vol. 228 Ch. 2879-2880

အခန်း(၂၈၇၉)

ဖုန်းချီအင်မော်တယ်တောင်တန်း ထဲတွင် ကျိရီအင်မော်တယ် တောင်တန်း ထွက်ပေါ်လာသည့်အခါတွင် ဖုန်းချီ အင်မော်တယ် တောင်တန်း၏ သတင်းကို အမြဲမပြတ် အာရုံစိုက်နေသည့် ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းသည် ထိုသတင်းကို အလျင်အမြန်ပင် ရရှိခဲ့သည်။

ယွမ်ထျန်းအင်မော်တယ်ဂိုဏ်း၏ အစည်းအဝေးခန်းမ ထဲတွင် အကြီးအကဲများသည် ကျိရီ အင်မော်တယ် တောင်တန်းနှင့် ပတ်သက်၍ ဆွေးနွေးရန်အတွက် စုဝေး၍ ရှိနေခဲ့ကြသည်။

အဓိကထိုင်ခုံတွင် ထိုင်နေသည့် လူလတ်ပိုင်းအရွယ် အမျိုးသားမှာ ယွမ်ထျန်း အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ ယွမ်ထျန်းလွေ့ပင် ဖြစ်သည်။

ယွမ်ထျန်း အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် တစ်ဦး အနေဖြင့် ယွမ်ထျန်းလွေ့သည် တလော့ အထွတ်အထိပ်အဆင့်သို့‌ ရောက်ရှိနေရုံသာမက ရက်စက်ပြတ်သားပြီး ဗျူဟာမြောက် အစီအစဥ်များကိုလည်း ချမှတ်နိုင်စွမ်းရှိသည်။

ဆိုရလျှင် ဝိရောဓိနယ်မြေ တစ်ခုလုံးတွင် ယွမ်ထျန်းလွေ့ အကြောင်းကို သိရှိသူ မှန်သမျှသည် ယွမ်ထျန်းလေ့ကို ကြောက်ရွံ့ကြ၏။

“အကြီးအကဲတို့.. ဖုန်းချီအင်မော်တယ် တောင်တန်းကနေ ကျိရီအင်မော်တယ် တောင်တန်း ထွက်ပေါ်လာပြီ ဆိုတဲ့သတင်းကို ပို့လာခဲ့ပြီ.. ငါတို့ ယွမ်ထျန်း အင်မော်တယ်ဂိုဏ်း အနေနဲ့ လှုပ်ရှားရမဲ့အချိန်ကို ရောက်ပြီ”

ယွမ်ထျန်းလွေ့က ခန်းမထဲကို အနည်းငယ် ဝေ့ကြည့်လိုက်သည်။

သူ၏ တည်ငြိမ် အေးဆေးသော စကားသံသည် ခန်းမအတွင်း ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့သည်။

ထိုအချိန်တွင် ယွမ်ထျန်း အင်မော်တယ်ဂိုဏ်းမှ တလော့အင်မော်တယ် တစ်ပါးက တစ်ခဏမျှ စဥ်းစားပြီးနောက်တွင် ယွမ်ထျန်းလေ့ကို ပြောလိုက်သည်။

“ဂိုဏ်းချုပ်.. စီနီယာထိုက်ယွမ် မထွက်ခွာခင်တုန်းက ကျွန်တော် တို့ကို ကျိရီအင်မော်တယ်တောင်တန်းနဲ့ ပတ်သက်ပြီး လွယ်လွယ်နဲ့ မလှုပ်ရှားဖို့ အထပ်ထပ်အခါခါ မှာကြားခဲ့တယ်.. ကျွန်တော့်အမြင်အရတော့ စီနီယာထိုက်ယွမ်နဲ့ အရင်ဆုံး ဆက်သွယ်ကြည့်တာ ပိုကောင်းလိမ့်မယ် ထင်တယ်”

ယွမ်ထျန်းလေ့က ခေါင်းခါရမ်းကာ ပြောလိုက်သည်။

“ငါလည်း စီနီယာထိုက်ယွမ် ပြန်လာတဲ့အထိ စောင့်ချင်ခဲ့တာပဲ.. ဒါပေမဲ့ ထိုက်ယီအဆင့် အင်အားစုလေးစုက ကျိရီအင်မော်တယ်တောင်တန်းရဲ့နေရာနဲ့ ပတ်သက်ပြီး ဖိအားပေး မေးမြန်းနေကြတော့ ငါလည်း အခြေအနေအရ လိုက်လျောပေးလိုက်ရတယ်...အခုအချိန်မှာ ကျိရီ အင်မော်တယ် တောင်တန်း ထွက်ပေါ်လာပြီဆိုတော့ ငါတို့တွေ နှောင့်နှေးနေလို့ မဖြစ်တော့ဘူး”

တလော့အင်မော်တယ်က တစ်စုံတစ်ရာ ဆက်ပြောရန် ကြံရွယ်လိုက်သော်လည်း ယွမ်ထျန်းလေ့က လက်ကာပြလိုက်သည်။

“ဘာပဲဖြစ်ဖြစ် အခု ကျိရီအင်မော်တယ်တောင်တန်း ထွက်ပေါ်လာပြီ ဆိုတော့ ငါတို့ မဖြစ်မနေ သွားရတော့မယ်.. ဒါကြောင့် ငါကိုယ်တိုင် အဖွဲ့ကို ဦးဆောင်ပြီး သွားဖို့ ဆုံးဖြတ်လိုက်ပြီ”

အရှင်ထိုက်ယွမ်ဆီမှ ကျိရီ အင်မော်တယ် တောင်တန်းနှင့်ပတ်သက်သည့် သတင်း အချက်အလက်ကို ရရှိခဲ့ကတည်းကပင် ယွမ်ထျန်းလွေ့သည် ကျိရီ အင်မော်တယ် တောင်တန်းနှင့်ပတ်သက်၍ အလွန်အမင်း အာရုံစိုက်ခဲ့သည်။

ဆိုရလျှင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် တလော့ အထွတ်အထိပ် အဆင့်ကို ရောက်ရှိနေပြီး ကြီးမားသော အခွင့်အလမ်းမျိုး မရှိဘဲ နောက်ထပ် အဆင့် တစ်ဆင့်ကို တက်လှမ်းရန်မှာ ဘယ်လိုမှ မဖြစ်နိုင်ပေ။

ကျိရီအင်မော်တယ်တောင်တန်းထဲမှ အခွင့်အလမ်းသည် သူ့အနေဖြင့် တလော့အင်မော်တယ် အဆင့်ကို ကျော်ဖြတ်ကာ ထိုက်ယီအင်မော်တယ် အဆင့်ကို တက်လှမ်းနိုင်မည့် တစ်ခုတည်းသော အခွင့်အရေးလည်း ဖြစ်သည်။

ယခုအခါ ကျိရီအင်မော်တယ်တောင်တန်းက ထွက်ပေါ်လာပြီဖြစ်ရာ သူက အဘယ်ကြောင့် ဤအတိုင်း လွယ်လွယ်ဖြင့် လက်လွှတ်ခံနိုင်ပါမည်နည်း။

သို့သော်လည်း ယွမ်ထျန်းလေ့၏ စကားသံ အဆုံးသတ်သည်နှင့် တစ်ပြိုင်နက် ခန်းမအတွင်း၌ သိမ်မွေ့သော ဟင်းလင်းပြင် လှိုင်းဂယက်များ ရုတ်တရက် ဖြစ်ပေါ်လာခဲ့ပြီး အေးစက်စက် ကြုံးဝါးသံ တစ်သံက ခန်းမထဲတွင် ထွက်ပေါ်လာခဲ့သည်။

“ယွမ်ထျန်းလွေ့ မင်းတော်တော် သတ္တိကောင်းနေပါလား.. ငါ ပြန်မလာခင်အထိ ကျိရီအင်မော်တယ် တောင်တန်းကို လက်ဖျားနဲ့တောင် မတို့ဖို့ မင်းကို ထပ်ခါတလဲလဲ မှာထားတာ မင်းမေ့နေပြီလား”

ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ယွမ်ထျန်းလွေ့ ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။

သူက အသံထွက်ပေါ်လာရာ ဆီသို့ ကြည့်လိုက်ရာ ခန်းမအတွင်း၌ မည်သည့်အချိန်ကတည်းကပင် ရောက်ရှိနေမှန်းမသိရသည့် အင်မော်တယ်အရှင်တစ်ပါး၏ အသွင်အပြင်မျိုးရှိသည့် အဘိုးအို တစ်ဦးကို တွေ့လိုက်ရသည်။

“စီနီယာထိုက်ယွမ်ကို ဂါဝရပြုပါတယ်”

ထိုအဘိုးအိုကိုမြင်လျှင် ယွမ်ထျန်းလွေ့နှင့် ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းမှ အကြီးအကဲများသည် အလျင်အမြန်ပင် အရိုအသေပေးလိုက်ကြသည်။

အစည်းအဝေးခန်းမတွင် ရုတ်တရက် ပေါ်ထွက်လာသည့် အဘိုးအိုမှာ တခြားသူမဟုတ်ဘဲ အရှင်ထိုက်ယွမ်ပင် ဖြစ်သည်။

အရှင်ထိုက်ယွမ်သည် ယွမ်ထျန်းအင်မော်တယ်ဂိုဏ်း၏ အဖွဲ့ဝင်တစ်ဦး မဟုတ်သော်လည်း ယွမ်ထျန်းအင်မော်တယ်ဂိုဏ်း၏ ယခင်ဂိုဏ်းချုပ်နှင့် အလွန်တရာ နက်ရှိုင်းသော ပတ်သက်မှု ရှိခဲ့သည်။

ယွမ်ထျန်းအင်မော်တယ်ဂိုဏ်း၏ ယခင်ဂိုဏ်းချုပ်သည် မတော်တဆ ကွယ်လွန်သွားခဲ့ရပြီး သူ မကွယ်လွန်ခင် ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းကို အရှင်ထိုက်ယွမ်ထံ အပ်နှံခဲ့ခြင်းဖြစ်၏။

ထိုအကြောင်းကြောင့်ပင် အရှင်ထိုက်ယွမ်သည် ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းတွင် အလွန်တရာ မြင့်မားသော အဆင့်အတန်း ရှိပြီး ဂိုဏ်းချုပ်ဖြစ်သူ ယွမ်ထျန်းလွေ့ ပင်လျှင် တရိုတသေ ဆက်ဆံရခြင်း ဖြစ်သည်။

အရှင်ထိုက်ယွမ်က ဤကဲ့သို့ အခြေအနေမျိုးတွင် ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းသို့ ပြန်ရောက်လာလိမ့်မည်ဟု ယွမ်ထျန်းလွေ့နှင့် အကြီးအကဲများ လုံးဝ ထင်မထားခဲ့ကြပေ။

အရှင်ထိုက်ယွမ်က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။

“ယွမ်ထျန်းလွေ့.. ငါ ဝိရောဓိနယ်မြေကနေ မထွက်ခွာခင် မင်းကို သတိပေးခဲ့တာကို မင်းမှတ်မိသေးရဲ့လား”

“မှတ်မိပါတယ် စီနီယာ”

ယွမ်ထျန်းလွေ့က ခါးသီးစွာပြုံး၍ ပြောလိုက်သည်။

“စီနီယာ.. ထိုက်ယီအဆင့် အင်အားစုလေးစုက ကျိရီအင်မော်တယ်တောင်တန်းရဲ့တည်နေရာကို ဖိအားပေးနေကြတဲ့ အတွက် ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းအနေနဲ့ ကျိရီ အင်မော်တယ် တောင်တန်းရဲ့သတင်းကို ထုတ်ဖော်ပြောပြဖို့က လွဲပြီး အခြား ရွေးချယ်စရာမရှိခဲ့ဘူး”

ပြီးခဲ့သည့်နှစ်များအတွင်း ယွမ်ထျန်းလွေ့သည် ကျိရီအင်မော်တယ်တောင်တန်းကို အလွန်ပင် သွားရောက် စူးစမ်းလိုသော်လည်း အရှင်ထိုက်ယွမ်၏ ဆန္ဒကို မလွန်ဆန်ခဲ့ပေ။

သို့သော်လည်း ဝိရောဓိနယ်မြေထဲမှ ထိုက်ယီအဆင့် အင်အားစု လေးစုသည် ယွမ်ထျန်းအင်မော်တယ်ဂိုဏ်းမှတစ်ဆင့် ကျိရီအင်မော်တယ်တောင်တန်း၏ သတင်းကို ရယူရန် ကြိုးပမ်းလာခဲ့ကြသည်။

ယွမ်ထျန်း အင်မော်တယ်ဂိုဏ်းအနေဖြင့် ထိုက်ယီအဆင့် အင်အားစုကြီးလေးစုနှင့် ယှဥ်ပြိုင်နိုင်စွမ်း လုံးဝမရှိသဖြင့် ယွမ်ထျန်းလွေ့သည် ဤအခြေအနေကို အသုံးချကာ ကျိရီအင်မော်တယ် တောင်တန်း၏ သတင်းကို ထုတ်ဖော်လိုက်ခြင်းဖြစ်သည်။

ယခုအခြေအနေသည် ယွမ်ထျန်းလွေ့ မြင်တွေ့လိုသည့် အခြေအနေမျိုး ဖြစ်သော်လည်း ထိုအရာအားလုံးသည် ထိုက်ယီအဆင့် အင်အားစုလေးစု၏ ဖိအားပေးမှုကြောင့်လည်း ပါဝင်သည်။

“ထားလိုက်ပါ‌တော့”

အရှင်ထိုက်ယွမ်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

“ကျိရီအင်မော်တယ်တောင်တန်းထဲက အခြေအနေက မင်းတို့တွေ ထင်ထားသလောက် မရိုးရှင်းဘူး.. ကိစ္စက ဒီအဆင့်အထိတောင် ရောက်လာပြီ ဆိုမှတော့ ငါကိုယ်တိုင် ကျိရီအင်မော်တယ်တောင်တန်း ဆီကို လိုက်ခဲ့မယ်”

အရှင်ထိုက်ယွမ်သည် ကျိရီအင်မော်တယ်တောင်တန်း ထဲကို မဝင်ရောက်ခင်တွင် ကောင်းကင်အင်မော်တယ် နဝမအဆင့် ကျင့်ကြံသူမျှသာ ရှိခဲ့သည်။

သူ ကျိရီအင်မော်တယ်တောင်တန်းထဲကို ဝင်ရောက်နိုင်ခဲ့သည့် အကြောင်းရင်းမှာ ကျိရီအင်မော်တယ်တောင်တန်းထဲမှ လူက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့၍ ဖြစ်သည်။

ယင်းကြောင့်လည်း သူ့ကို ကျိရီ အင်မော်တယ် တောင်တန်းထဲသို့ ပေးဝင်ခဲ့သူသည် သူ့ကို လုံးဝ ထိန်းချုပ်ထားခဲ့၏။

သူ့ကို ကျိရီအင်မော်တယ်တောင်တန်း ထဲတွင် အခွင့်အလမ်းများ ပေးခဲ့သည်ကလည်း ထိုလူ အတွက် ကိစ္စတချို့ကို ပြီးမြောက်အောင် ဆောင်ရွက်ခိုင်းရန် သက်သက်သာ ဖြစ်သည်။

သို့သော်လည်း အရှင်ထိုက်ယွမ်သည် ထိုလူ၏ ထိန်းချုပ်ခြင်းကို ခံရပြီး ထိုလူ စေခိုင်းသမျှ လုပ်ဆောင်ရသည့် ရုပ်သေးရုပ်တစ်ရုပ် အဖြစ်သို့ မရောက်ရှိလိုခဲ့ချေ။

ထို့ကြောင့်ပင် ကျိရီအင်မော်တယ်တောင်တန်း ထဲတွင် အလိုက်သင့် နေထိုင်ခဲ့ပြီး အဆုံးသတ်၌ ထိုလူအား ကျိရီအင်မော်တယ်တောင်တန်း ထဲကနေ ထွက်ခွာခွင့်ပေးရန် ဖျောင်းဖျနားချနိုင်ခဲ့သည်။

ကျိရီအင်မော်တယ်တောင်တန်းမှ ထွက်ခွာလာပြီးနောက်တွင် အရှင်ထိုက်ယွမ်သည် ထိုလူ ဖြစ်စေချင်သည့် အတိုင်း လုပ်ဆောင်ခြင်း မရှိခဲ့ပေ။

သူက ထိုလူ၏ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်ရန် အစွမ်းကုန် ကြိုးစားခဲ့ကြသည်။

သို့သော်လည်း ဟန်ယွင်အဆင့် အင်မော်တယ်၏ နည်းလမ်းများသည် အလွန်တရာပင် ဆန်းကြယ်သဖြင့် သူ၏ ကျင့်ကြံခြင်းအဆင့်က ထိုက်ယီ အင်မော်တယ်အဆင့် အထိ ရောက်ရှိသွားခဲ့သည့်တိုင် ထိုစွမ်းအား၏ ချုပ်နှောင်မှုကနေ ရုန်းထွက်နိုင်ခြင်း မရှိခဲ့ချေ။

ယင်းသို့ မျှော်လင့်ချက်မဲ့နေသည့် အခြေအနေတွင် အရှင်ထိုက်ယွမ်သည် ဝိရောဓိနယ်မြေကနေ ထွက်ခွာ၍ ထိုပြဿနာအား ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရှာဖွေရန် ဆုံးဖြတ်ခဲ့သည်။

ဤသို့ဖြင့် လွန်ခဲ့သော နှစ်များအတွင်း အရှင်ထိုက်ယွမ်သည် ခရမ်းရောင်မီးလျှံ ကောင်းကင်နယ်မြေထဲတွင် လှည့်လည်သွားလာခဲ့ပြီး နာမည်ကျော်ကြားသော ဟန်ယွင် အင်မော်တယ်များထံ သွားရောက်ခဲ့ရာ အဆုံးသတ်တွင် ဖြေရှင်းနည်းကို ရရှိခဲ့သည်။

သူ့ကိုသာ အချိန်အနည်းငယ်လောက် ပေးမည် ဆိုလျှင် ကျိရီအင်မော်တယ် တောင်တန်းထဲမှ လူ၏ ထိန်းချုပ်မှုအောက်ကနေ လုံးဝ လွတ်မြောက်အောင် လုပ်ဆောင်နိုင်လိမ့်မည် ဖြစ်သည်။

သို့သော်လည်း ဤကဲ့သို့ အရေးကြီး အချိန်အခါမျိုးတွင် အရှင်ထိုက်ယွမ်သည် ကျိရီအင်မော်တယ်တောင်တန်းထဲမှ ထိုလူက သူ့ကို ဆင့်ခေါ်နေမှန်း ခံစားလိုက်ရသည်။

ထို့ကြောင့် အရှင်ထိုက်ယွမ်သည် တွေးနေစရာပင် မလိုဘဲ ကျိရီ အင်မော်တယ် တောင်တန်း ထဲတွင် တစ်စုံတစ်ရာအပြောင်းအလဲ ဖြစ်ပျက်နေကြောင်း ချက်ချင်း သိရှိလိုက်၏။

ဤအကြောင်းကြောင့်ပင် သူက အမြန်ဆုံး ပြန်ရောက်လာခဲ့ခြင်း ဖြစ်သည်။

ယခု ကျိရီ အင်မော်တယ်တောင်တန်း၏ အကြောင်းကို သိလိုက်ရလျှင် အရှင်ထိုက်ယွမ်သည် ကျိရီအင်မော်တယ်တောင်တန်းထဲမှ ထိုလူ၏ အစီအစဥ်က နောက်ဆုံးအဆင့်ကို ရောက်နေမှန်း ရိပ်မိလိုက်သည်။

သူက ယခုအချိန်အထိ ထိုလူ၏ ထိန်းချုပ်မှုအောက်ကနေ မလွတ်မြောက်နိုင်သေးသော်လည်း ကျိရီ အင်မော်တယ်တောင်တန်း ဆီသို့ မဖြစ်မနေ သွားရလိမ့်မည် ဖြစ်သည်။

လွန်ခဲ့သော နှစ်များအတွင်း အရှင်ထိုက်ယွမ်သည် ကျိရီအင်မော်တယ် တောင်တန်းထဲက ထွက်ခွာလာပြီးနောက်တွင် ထိုလူ၏ ဆန္ဒကို လုံးဝနီးပါး ဆန့်ကျင်ခဲ့သည်။

ဆိုရလျှင် အရှင်ထိုက်ယွမ်သည် ထိုလူ၏ ရည်ရွယ်ချက်ကို ကောင်းစွာ သိရှိထားခဲ့သည်။

အကယ်၍ ထိုလူ၏ အစီအစဥ်သာ အထမြောက်သွားမည် ဆိုလျှင် သူတစ်ယောက်တည်း သေဆုံးရုံတင် မကဘဲ ဝိရောဓိနယ်မြေ တစ်ခုလုံးပါ ပျက်စီးခြင်းသို့ ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။

ထိုအချိန်တွင် ယွမ်ထျန်းလွေ့သည် အရှင်ထိုက်ယွမ်၏ စိတ်ထဲတွင် မည်သို့ တွေးနေသည်ကို မသိသော်လည်း အရှင်ထိုက်ယွမ် ကိုယ်တိုင် ကျိရီ အင်မော်တယ် တောင်တန်း ဆီသို့ လိုက်ပါမည်ဟု ကြားလိုက်ရလျှင် ယွမ်ထျန်းလွေ့၏ မျက်ဝန်းထဲ၌ စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

အရှင်ထိုက်ယွမ်သည် ဝိရောဓိနယ်မြေထဲမှ ထိုက်ယီအဆင့်အင်အားစု လေးစုကိုပင် လွှမ်းမိုးနိုင်သော ကျင့်ကြံသူ တစ်ဦး ဖြစ်ပြီး ဝိရောဓိနယ်မြေ၏ နံပါတ်တစ် အသန်မာဆုံး ပုဂ္ဂိုလ်ကြီးလည်း ဖြစ်သည်။

ယခု အရှင်ထိုက်ယွမ် ကိုယ်တိုင် လှုပ်ရှားလာပြီ ဖြစ်ရာ ကျိရီအင်မော်တယ် တောင်တန်း ထဲမှ အခွင့်အလမ်းသည် သူတို့ ယွမ်ထျန်း အင်မော်တယ်ဂိုဏ်း၏ လက်ထဲကို သေချာပေါက် ‌ရောက်ရှိလာတော့မည် မဟုတ်ပါလား။

အခန်း(၂၈၇၉)ပြီး၏။

အခန်း(၂၈၈၀)

အနီရောင်နန်းတော်ကြီး၏ အ‌ရှေ့တွင် ထိုက်ယီအဆင့်အင်အားစုလေးစုဦးဆောင်သည့် အစွမ်းထက် ပုဂ္ဂိုလ်မျာသည် စုဝေး၍ ရောက်ရှိနေကြပြီး သူတို့ရှေ့ရှိ နန်းတ်ေကို ငြိမ်သက်စွာ ကြည့်ရှုနေကြကာ မည်သူကမျှ ထိုအထဲသို့ အလွယ်တကူ မဝင်ရောက်ရဲကြပေ။

ဆိုရလျှင် သူတို့ရှေ့မှ ကြီးမားသော နန်းတော်ကြီးသည် ဝိရောဓိနယ်မြေ၏ တစ်ချိန်က အင်အားအကြီးဆုံး ကျင့်ကြံသူဖြစ်သည့် ဟန်ယွင် အထွတ်အထိပ်အဆင့် ကျင့်ကြံသူ၏ ကျင့်ကြံသောနေရာ ဖြစ်ရာ အထဲတွင် သေချာပေါက် အန္တရာယ်များဖြင့် ပြည့်နှက်နေလောက်သည်။

အနည်းငယ်လောက် ပေါ့ဆမိသည်နှင့် တလော့အင်မော်တယ်တစ်ယောက်ပင်လျှင် အသက်အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်၏။

ထို့ကြောင့်ပင် ထိုက်ယီအဆင့် အင်အားစုလေးစု ဖြစ်နေလျှင်ပင် မည်သူကမျှ ထိုကြီးမားသော နန်းတော်ကြီးအတွင်းသို့ အရင်ဦးဆုံး ဝင်ရောက် စူးစမ်းလိုခြင်း မရှိကြပေ။

“အားလုံးပဲ.. ငါတို့ ဒီနေရာမှာ ဒီအတိုင်း စောင့်နေကြတာက အဖြေတစ်ခုတော့ မဟုတ်ဘူး.. ငါတို့ ထိုက်ယီအဆင့်အင်အားစု တစ်စုချင်းစီကနေ တလော့်အင်မော်တယ် တစ်ပါးစီကို အခြေအနေ သွားရောက်စစ်ဆေးဖို့အတွက် အထဲကို စေလွှတ်ကြမယ် ဆိုရင် ဘယ်လိုသဘောရလဲ”

ခဏအကြာတွင် တိကွန်အင်မော်တယ်နန်းတော်သခင် ဖြစ်သည့် အရှင်ဟွမ်ချန်က အဆုံးသတ်တွင် တိတ်ဆိတ်မှုကို စတင် ဖြိုခွင်းလိုက်သည်။

“ငါတော့ အရှင်ဟွမ်ချန်ရဲ့ ဆုံးဖြတ်ချက်ကို သဘောတူတယ်”

လဲ့ယန်အင်မော်တယ် နန်းတော်မှ အရှင်ဟုန်ယွင်၊ ထျန်းကန်းအင်မော်တယ် နန်းတော်မှ အရှင်ထျန်းခိုင်၊ ကျိုးမင်အင်မော်တယ်နန်းတော်မှ အရှင်မင် တို့က တိကွန်အင်မော်တယ်နန်းတော်မှ အရှင်ဟွမ်ချန်၏ ဆုံးဖြတ်ချက်ကို သဘောတူခဲ့ကြသည်။

ယခုအခါ အရှင်ဇူရီ၏ ကျင့်ကြံသော နေရာက သူတို့၏ရှေ့တွင် ရှိနေပြီ ဖြစ်ရာ သူတို့အနေဖြင့် အလွယ်တကူ ပြန်လည်ထွက်ခွာသွားရန်မှာ သဘာဝကျစွာပင် မဖြစ်နိုင်ချေ။

ထို့ကြောင့် လမ်းပြအဖြစ် အခြေအနေကို ဦးစွာ သွားရောက်စူးစမ်းရန် နန်းတော် အတွင်းသို့ လူစေလွှတ်ခြင်းသည် သံသယဖြစ်ဖွယ်ရာမရှိ အကောင်းမွန်ဆုံး နည်းလမ်းဖြစ်သည်။

သို့သော် ထိုက်ယီအဆင့် အင်အားစု လေးစုက နန်းတော်အတွင်းသို့ လူစေလွှတ်ရန် ဆုံးဖြတ်လိုက်သည့် အချိန်မှာပင် လွှမ်းမိုးနိုင်စွမ်း ရှိသော အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“မင်းတို့ရဲ့ လူတွေကို အထဲကိုသွားပြီး အလဟဿ အသေမခံခိုင်းချင်ဘူး ဆိုရင် အထဲကို မလွှတ်တာ အကောင်းဆုံးပဲ”

ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် အရှင်ဟွမ်ချန်နှင့်အခြားသူများသည် တစ်ခဏမျှ မှင်တက်သွားခဲ့ကြသည်။

သူတို့က အသံလာရာ ဆီသို့ ကြည့်လိုက်ရာ သူတို့၏ အကြည့်သည် အရှင်နှင်းမှုန် ဆီသို့ အလျင်အမြန်ပင် ကျရောက်သွားခဲ့သည်။

သူတို့ ခန့်မှန်း၍ မရသည့် အရှင်နှင်းမှုန်၏ အရှိန်အဝါကို ခံစားမိလျှင် အရှင်ဟွမ်ချန်သည် အလွန် ယဥ်‌ကျေးသော အမူအရာဖြင့် လက်သီးဆုပ်၍ ဂါဝရပြုကာ ပြောလိုက်သည်။

“ဒီက မိတ်ဆွေရဲ့စကားက ဘာကိုဆိုလိုတာလဲ ဆိုတာ သိပါရစေ”

ထိုအချိန်တွင် လဲ့ယန်အင်မော်တယ် နန်းတော်မှ အရှင်ဟုန်ယွင်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

ရုတ်တရက် စတင် စကားပြောလာသည့်သူက ကျန်းချန်၏ နံဘေးတွင် ရှိနေသည့် တလော့ အထွတ်အထိပ် အဆင့် ရုပ်သေးရုပ် ဖြစ်နေလိမ့်မည်ဟု သူလုံးဝထင်မှတ်မထားခဲ့ချေ။

သိပ်မကြာခင်ကပင် အရှင်ဟုန်ယွင်သည် ဟန်ယွင်အင်မော်တယ်စမ်းရေနှင့် ပတ်သက်၍ ကျန်းချန်နှင့် ယှဥ်ပြိုင်ခဲ့စဥ်က ထိုတလော့အဆင့်ရှိ ရုပ်သေးရုပ်နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ဖူးသည်။

သူအသေအချာ ပြောနိုင်သည့် အချက်မှာ ထိုအချိန်က တလော့ အထွတ်အထိပ် အဆင့်ရှိ ရုပ်သေးရုပ်သည် ရုပ်သေးရုပ်သက်သက်မျှသာ ရှိပြီး မည်သည့် အသိစိတ်မှ ရှိမနေခဲ့ချေ။

သို့သော်လည်း ယခုတစ်ကြိမ် ပြန်လည် ဆုံတွေ့သည့် အခါတွင် ရုပ်သေးရုပ်သည် ကိုယ်ပိုင် အသိစိတ်ရှိနေရုံသာမက စကားပင် ပြောဆိုနေလိမ့်မည်ဟု သူ မထင်ထားပေ။

အသိစိတ်မရှိသော ရုပ်သေးရုပ်ကပင် သူ့ကို သုံးပုံတစ်ပုံခန့် ကြောက်ရွံ့ထိတ်လန့်စေခဲ့ပြီ ဖြစ်သည်။

ယခု အသိစိတ်ပါ ရှိလာပြီ ဖြစ်ရာ ထိုရုပ်သေးရုပ်သည် သေချာပေါက်ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းနေပေလိမ့်မည်။

အရှင်နှင်းမှုန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

“ဘာကိုမှ မဆိုလိုပါဘူး.. ဒီအရှင်က မင်းတို့ကို သတိပေးရုံသက်သက်ပါပဲ”

“ဒါဆို ကျွန်တော်တို့ အခု ဘာဆက်လုပ်သင့်လဲ”

အရှင်ဟွမ်ချန်က တစ်ခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် အရှင်နှင်းမှုန်ကို ကြည့်ကာ သူ့ကိုယ်သူ နှိမ့်ချ၍ အကြံဥာဏ်တောင်းခံလိုက်သည်။

အရှင်နှင်းမှုန်က လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“အခု အကောင်းဆုံးနည်းလမ်းက မင်းတို့ အားလုံး ပူးပေါင်းပြီး မင်းတို့ရှေ့က နန်းတော်ကြီးကို ဖျက်ဆီးပစ်လိုက်ဖို့ပဲ”

“နန်းတော်ကြီးကို ဖျက်ဆီးပစ်ရမှာလား”

အရှင်ဟွမ်ချန်နှင့် အခြားသူများက တစ်ခဏမျှ မှင်တက်သွားခဲ့ကြသည်။

သူတို့ ထိုက်ယီအဆင့် အင်အားစုလေးစုသည် ယွမ်ထျန်းအင်မော်တယ်ဂိုဏ်း ထံတွင် ကျိရီအင်မော်တယ်တောင်တန်း၏ တည်နေရာကို မေးမြန်းရန် ဆုံးဖြတ်ခဲ့ရသည့် အကြောင်းအရင်းမှာ ကျိရီ အင်မော်တယ် တောင်တန်း ထဲတွင် အနှိုင်းမဲ့ အခွင့်အလမ်းများ ရှိသောကြောင့် ဖြစ်သည်။

အကယ်၍ သူတို့သာ ဤနန်းတော်ကြီးကို ဖျက်ဆီးပစ်လိုက်မည်ဆိုလျှင် နန်းတော်ထဲရှိ အနှိုင်းမဲ့ အခွင့်အလမ်းကို လက်လွှတ်ရတော့မည်ဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလော။

ယခု သူတို့က ဤနေရာတွင် ရပ်နေကြပြီး အရှင်ဇူရီ၏ အမွေအနှစ် အခွင့်အလမ်းက သူတို့ ရှေ့တည့်တည့်တွင် ရှိနေသည် ဖြစ်ရာ အဘယ်ကြောင့် လွယ်လွယ်ဖြင့် လက်လွှတ်ခံနိုင်ပါမည်နည်း။

“ဟွမ်ချန်...မင်းဘာလို့ သူနဲ့ အပိုစကားတွေ ပြောနေသေးတာလဲ.. အချိန်မဖြုန်းနဲ့တော့.. အခြေအနေကို စုံစမ်းဖို့အတွက် လူအမြန်ဆုံး စေလွှတ်လိုက်ရအောင်”

ထျန်းကန် အင်မော်တယ်နန်း‌တော်မှ အရှင်ထျန်းခိုင်က စိတ်မရှည်သောလေသံဖြင့် ပြောလိုက်သည်။

အရှင်ဟွမ်ချန်က ခေါင်းညိတ်လိုက်ပြီး အရှင်နှင်းမှုန်၏ သတိပေးစကားကို ဂရုစိုက်မနေတော့ဘဲ အခြား ထိုက်ယီအဆင့် အင်အားစုသုံးစု နည်းတူ တလော့ အင်မော်တယ် တစ်ပါးကို ချက်ချင်းပင် ‌ရွေးချယ်လိုက်သည်။

တလော့ အထွတ်အထိပ် အဆင့်ကို ရောက်ရှိပြီးနောက်တွင် ထိုက်ယီ အင်မော်တယ်အဆင့်ကို တက်လှမ်းရန် အတွက် ပို၍ မြင့်မားသော အင်မော်တယ် ဥပ‌ဒေသများကို နားလည်သဘောပေါက်ရန် လိုအပ်သည်။

ထိုအကြောင်းကြောင့်ပင် ဝိရောဓိနယ်မြေထဲတွင် တလော့အင်မော်တယ် အများအပြား ရှိသော်လည်း ထိုက်ယီအင်မော်တယ် အဆင့်သို့ တက်လှမ်းနိုင်သူမှာ အလွန်တရာ နည်းပါးနေခြင်း ဖြစ်၏။

အရှင်ဟွမ်ချန်တို့ နန်းတော်သခင် လေးပါးသည် တလော့ အထွတ်အထိပ် အဆင့်တွင် နှစ်ပေါင်းများစွာကြာအောင် ရပ်တန့်နေကြသည့် ပုဂ္ဂိုလ်များ ဆိုလည်းမမှားပေ။

သူတို့သည် ထိုက်ယီအင်မော်တယ်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုတော့သော်လည်း သူတို့ ရှေ့မှ အတားအဆီးကို ‌ကျော်ဖြတ်ရန်မှာ အတော်လေး ခက်ခဲနေခဲ့သည်။

ဝိရောဓိနယ်မြေတွင် အရှင်ထိုက်ယွမ်၏ ဒဏ္ဍာရီနှင့်အတူ ကျိရီ အင်မော်တယ် တောင်တန်း ထဲတွင် ထိုက်ယီ အင်မော်တယ်အဆင့်ကို တက်လှမ်းနိုင်မည့် အနှိုင်းမဲ့ အခွင့်အလမ်းတစ်ခု ရှိနေမှန်း လူတိုင်းနီးပါး သိရှိထားကြ၏။

ယခု အရှင်ဇူရီ ကျင့်ကြံခဲ့သည့် နန်းတော်က သူတို့အရှေ့တွင် ရှိနေပြီ ဖြစ်ရာ သူတို့အနေဖြင့် အတွင်းသို့ ဝင်ရောက်ကာ အခြေအနေကို သွားရောက် မစုံစမ်းစရာ ဘာအကြောင်းပြချက်မှ မရှိပေ။

အလွန်လျင်မြန်စွာပင် ထိုက်ယီအဆင့် အင်အားစု လေးစုသည် တလော့အင်မော်တယ် တစ်ပါးစီကို အသီးသီး အတွင်းသို့ စေလွှတ်လိုက်ကြသည်။

တလော့အင်မော်တယ် လေးယောက်သည် သူတို့ ရှေ့မှ ကြီးမားသော နန်းတော်ကြီး ဆီသို့ သတိကြီးစွာဖြင့် ချဥ်းကပ်သွားခဲ့ကြ၏။

ထိုလေးယောက်သည် မည်သည့် အတားအဆီးကိုမျှ မကြုံတွေ့ရဘဲ နန်းတော် အတွင်းသို့ အလွန်တရာ လွယ်ကူစွာ ဝင်ရောက်သွားခဲ့ကြသည်။

“စီနီယာ.. နန်းတော်ထဲကို ဒီတလော့ အင်မော်တယ် လေးပါး ဝင်သွားတာ ဘာပြဿနာမှ မရှိလောက်ဘူး မဟုတ်လား”

နန်းတော်ထဲကို ဝင်ရောက်သွားသည့် တလော့ အင်မော်တယ် လေးပါးကို ကြည့်ရင်း ကျန်းချန်က ခပ်တိုးတိုး မေးလိုက်သည်။

အရှင်နှင်းမှုန်က အေးစက်စက် ပြုံးကာ ပြန်ဖြေလိုက်သည်။

“အဲဒီထဲကို ရောက်သွားရင် ပြန်ထွက်မလာနိုင်ဖို့က သေချာသလောက်ပဲ.. တလော့အဆင့်လောက်က‌တော့ ဒီနန်းတော်ထဲကို ဝင်သွားပြီးရင် အသက်ရှင်လျက် ဘယ်လိုမှ ပြန်ထွက်လာနိုင်မှာ မဟုတ်ဘူး”

အရှင်ဇူရီ၏ ပြိုင်ဘက်ဟောင်း တစ်ဦးအနေဖြင့် အရှင်နှင်းမှုန်သည် အရှင်ဇူရီ၏ အကြောင်းကို ကောင်းစွာ သိရှိထားခဲ့သည်။

အရှင်ဇူရီ၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ဟန်ယွင်အင်မော်တယ် အဆင့်ကို ချိုးဖျက်ပြီး အင်မော်တယ်ဘုရင် အဆင့်ကို တက်လှမ်းရန်ဖြစ်သည်။

ဤခြေလှမ်းအတွက် အရှင်ဇူရီသည် နည်းလမ်းမျိုးစုံကို ရက်စက်စွာ အသုံးပြုလေ့ ရှိပြီး သူ၏ ရည်မှန်းချက် မအောင်မြင်မချင်း လုံးဝ လက်လျှော့လိမ့်မည် မဟုတ်ချေ။

အရှင်နှင်းမှုန်သည် အရှင်ဇူရီ ထံတွင် မည်သည့် အစီအစဥ်မျိုး ရှိနေသည်ကို အတိအကျ မသိသော်လည်း အရှင်ဇူရီ၏ အဆင့်ချိုးဖျက်တတ်လှမ်းမည့် နည်းလမ်းမှာ ကောင်းကင်ကိုပင်ဆန့်ကျင်နေလောက်သည် အထိ ထူးခြားသည့် ရှေးဟောင်း အင်မော်တယ်အစီအရင်၏ အကူအညီ လိုအပ်မှန်း သိရှိထားခဲ့သည်။

ရှေးဟောင်း အင်မော်တယ်အစီအရင်၏ အကူအညီကို အသုံးပြုပြီး အင်မော်တယ်ဘုရင်အဆင့်သို့ ချိုးဖျက်တက်လှမ်း လိုလျှင် အနည်းဆုံး တလော့အဆင့်ပုဂ္ဂိုလ်များ၏ အင်မော်တယ် ခရစ္စတယ် ဆယ့်နှစ်ခု လိုအပ်ပေလိမ့်မည်။

ထို့အတွက်ကြောင့်ပင် အရှင်ဇူရီသည် သူ့ထံမှ အင်မော်တယ် ခရစ္စတယ်ကို ရယူရန်အတွက် သူ့ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဆိုရလျှင် ဟန်ယွင်အဆင့် ကျင့်ကြံသူ၏ အင်မော်တယ်ခရစ္စတယ်သည် အဆင့် ချိုးဖျက်တက်လှမ်းမည့် ဖြစ်စဥ်တွင် အလွန် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်၏။

သို့ရာတွင် အရှင်နှင်းမှုန်သည်လည်း ဟန်ယွင် အထွတ်အထိပ်အဆင့်မှ အင်မော်တယ်တစ်ပါး ဖြစ်၍ သာမန် မဟုတ်ချေ။

ထိုတိုက်ပွဲတွင် အရှင်နှင်းမှုန်သည် သေလုနီးပါး ဖြစ်ခဲ့ပြီး ရှင်သန်ရန် အတွက် အင်မော်တယ် ဝိညာဥ် တစ်ပိုင်းတစ်မျှသာ ကျန်ရှိခဲ့သည်။

အရှင်ဇူရီသည်လည်း အကြံအစည် အောင်မြင်မှု မရရှိခဲ့သည့်အပြင် ယင်းအတွက် ကြီးမားသော အဖိုးအခကိုပါ ပေးဆပ်ခဲ့ရသည်။

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးနောက်တွင် အရှင်ဇူရီ၏ အခြေအနေက မည်သို့သော အခြေအနေမျိုး ဖြစ်နေသည်ကို အရှင်နှင်းမှုန် မသိရှိသော်လည်း သေချာသောအချက်မှာ အရှင်ဇူရီသည် ဤနန်းတော်အတွင်း၌ သက်ရှိထင်ရှားရှိနေဆဲပင် ဖြစ်၏။

နောက်ထပ် အရှင်နှင်းမှုန် သိရှိထားသော အချက်တစ်ခုမှာ အရှင်ဇူရီ စီစဥ်ထားခဲ့သည့် ရှေးဟောင်း အင်မော်တယ် အစီအရင်သည်လည်း ဤနန်းတော် အတွင်း၌သာ ရှိနေခြင်းပင်။

အရှင်ဇူရီ၏ နည်းလမ်းများဖြင့် ဆိုလျှင် နန်းတော်အတွင်းသို့ ဝင်ရောက်သွားသည့် တလော့အင်မော်တယ် လေးပါးသည် ပြန်လမ်းမရှိသည်မှာ သေချာသလောက် ဖြစ်ပြီး ၎င်းတို့သည် နန်းတော် အတွင်းရှိ ရှေးဟောင်းအင်မော်တယ် အစီအရင်အတွက် အာဟာရများ ဖြစ်လာဖို့ များ၏။

အခန်း(၂၈၈၀)ပြီး၏။

All Chapters