အခန်း (၂၈၇၁-၂၈၇၂)
Vol. 228 Ch. 2871-2872
အခန်း(၂၈၇၁)
“ကောင်လေး မင်းဘယ်သူလဲ”
ဆံပင်ရွှေရောင်နှင့် တလော့အင်မော်တယ်က ကျန်းချန်ကို စိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် လေးနက်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
သူ၏ အမြင်အာရုံဖြင့် ဆိုလျှင် သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်က ရွှေအင်မော်တယ် စတုတ္ထအဆင့်သာ ရှိသည်ကို မြင်နိုင်ရန် မခဲယဥ်းပေ။
သို့သော်လည်း ရွှေအင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူသည် ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူကိုပင် လက်ညှိုးတစ်ချောင်းတည်းဖြင့် အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။
ဤကဲ့သို့သော ပါရမီရှင်မျိုးကို ဝိရောဓိနယ်မြေ အတွင်းရှိ ထိုက်ယီအဆင့် အင်အားစုကြီး လေးခုသာ ပျိုးထောင်နိုင်လိမ့်မည်ဖြစ်သည်။
ကျန်းချန်က ဆံပင်ရွှေရောင်နှင့် တလော့အင်မော်တယ်၏ မေးခွန်းကို ပြန်မဖြေဘဲ ထပ်မံ သတိပေးလိုက်သည်။
“ငါနောက်တစ်ကြိမ် သတိထပ်ပေးမယ်.. ဒီမျဥ်းကို ကျော်တဲ့သူမှန်သမျှ သေရလိမ့်မယ်”
“မင်းလိုကောင်လေး တစ်ယောက်ကများ ငါတို့ ရွှေဓားအင်မော်တယ်ဂိုဏ်းကို ဘယ်လိုတားဆီးနိုင်မလဲ ဆိုတာ ငါသိချင်သေးတယ်”
ရွှေအင်မော်တယ်နဝမအဆင့် ကျင့်ကြံသူတစ်ဦးက ရှေ့သို့ လှမ်းထွက်လာခဲ့သည်။
ထိုရွှေအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူသည် အရပ်အမောင်း အလွန်မြင့်မားပြီး သန်မာထွားကျိုင်းကာ အလွန်ပြင်းထန်သော အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့သည်။
သူက ဟန်ယွင်အင်မော်တယ် စမ်းရေတွင်း ဆီသို့ ခြေတစ်လှမ်းချင်းချဥ်းကပ်လာခဲ့ပြီး မကြာမီမှာပင် ကျန်းချန် မြေပြင်ပေါ်တွင် ရေးခြစ်ထားသည့် ဓားရာကို ကျော်ဖြတ်လိုက်သည်။
ယင်းအခိုက်အတန့်တွင် ကျန်းချန်သည် ထပ်မံ၍ လှုပ်ရှားလိုက်၏။
သူက ဆန်းကြယ်သော လက်ဟန်များ ထုတ်ဖော်လိုက်ရာ မိုင်တစ်ရာ ပတ်လည်ရှိ အင်မော်တယ် စွမ်းအင်များသည် ဤအခိုက်အတန့်တွင် သူ၏ လက်ဖဝါး ဆီသို့ ရုတ်တရက် စုစည်းလာကြသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ကျန်းချန်၏ လက်ဖဝါးထဲတွင် အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ် တစ်ခု ဖြစ်တည်လာခဲ့၏။
“ဝုန်း..”
ထို့နောက်တွင်မူ အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်သည် မြင့်မြတ်သော အင်မော်တယ်တောင်ကြီး တစ်လုံးနှယ် ဟင်းလင်းပြင်ကနေ ရွှေအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူ ထံသို့ ကျဆင်းလာခဲ့သည်။
စည်းတံဆိပ်ကြီး၏ အရှေ့တွင် အရပ်အမောင်း မြင့်မားပြီး သန်မာထွားကျိုင်းသော ရွှေအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူသည် အလွန်တရာ သေးငယ်သည်ဟု ထင်ရ၏။
“ပျက်စီးစမ်း..”
ရွှေအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူက ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး ရွှေရောင်ဓားချက် တစ်ချက်ကို ထုတ်ဖော်ကာ သူ၏ ဦးခေါင်းအထက်သို့ ကျဆင်းလာသည့် စည်းတံဆိပ်ကို ခုတ်ပိုင်းလိုက်သည်။
သို့သော် ရွှေအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူ၏ ရွှေရောင်ဓားချက်သည် အနက်ရောင် စည်းတံဆိပ်ကို အနည်းငယ်မျှသာ တုန်ခါသွားစေခဲ့ပြီး အောက်ဘက်သို့ ဆက်လက် ကျဆင်းလာသည်ကို မတားဆီးနိုင်ခဲ့ပေ။
“ပျက်စီးစမ်း”
ရွှေအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူက မာန်သွင်းအော်ဟစ်လိုက်ပြီး မြေပြင် ပေါ်သို့ ခြေတစ်ချက် ဆောင့်နင်းလိုက်ရာ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှ ကြွက်သားများသည် အရေကြိုထားသော သံရည်များ လောင်းထည့်လိုက် သကဲ့သို့ ဖောင်းကားလာခဲ့ပြီး သူ၏ ခန္ဓာကိုယ်က ရုတ်တရက် နှစ်ဆခန့် ကြီးမားသွားခဲ့သည်။
သူက ရွှေရောင်ဓားကြီးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ကြောက်မက်ဖွယ်ဓားချက်ကို ထုတ်ဖော်၍ စည်းတံဆိပ်ကို ထပ်မံ ခုတ်ပိုင်းလိုက်သည်။
သို့သော်လည်း အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်၏ အောက်တွင် သူ၏ အစွမ်းကုန် ထုတ်ဖော်လိုက်သော ဓားချက်သည် အချည်းနှီးသာ ဖြစ်သွားခဲ့ရ၏။
ဤသို့ဖြင့် အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်က သူ့ထံသို့ လျင်မြန်စွာ နီးကပ်လာသည်ကို ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
“ဝုန်း..”
ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီး ရွှေအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်ကြောင့် မြေပြင်ပေါ်သို့ ရိုက်ချခြင်း ခံလိုက်ရသည်။
အရိုးကျိုးသံများနှင့် ခန္ဓာကိုယ် ပေါက်ကွဲသံများနှင့် အတူ အဆုံးသတ်တွင် ရွှေအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူသည် အငွေ့ပျံ ပျောက်ကွယ်သွားခဲ့ပြီး မြေပြင်ထက်တွင် သွေးအိုင် သာလျှင် ကျန်ရစ်ခဲ့သည်။
ရွှေအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူကို စည်းတံဆိပ်တစ်ခုတည်းဖြင့်ပင် ကျန်းချန်က သတ်ဖြတ်ပစ်လိုက်သည်။
သူ၏ ရွှေအင်မော်တယ်စတုတ္ထအဆင့် အထွတ်အထိပ် ကျင့်ကြံခြင်းအဆင့်ဖြင့် ကမ္ဘာလောကကြီးကို ထိန်းချုပ်နိုင်စွမ်းရှိသည့် အင်မော်တယ်စွမ်းအားဖြင့် ကောင်းကင်ဧကရာဇ်စည်းတံဆိပ်ကို ထုတ်ဖော်လိုက်ခြင်းသည် ရွှေအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူကိုပင် အလွယ်တကူ သတ်ပစ်နိုင်စွမ်း ရှိနေခဲ့သည်။
ဤအခိုက်အတန့်တွင် ရွှေဓားအင်မော်တယ်ဂိုဏ်းမှ လူများသည် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်မိလိုက်ကြပြီး မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩ တုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ထိုကောင်လေးသည် ပေါ့ပေါးသော လှုပ်ရှားမှု တစ်ခုလေးဖြင့်ပင် ရွှေအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူကို သတ်ပစ်နိုင်ခဲ့သည်။
ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ် ပင်လျှင် ထိုကဲ့သို့ အလွယ်တကူ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ချေ။
သူတို့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ဤမျှလောက်အထိ ကြောက်မက်ဖွယ်ရာကောင်းသော အင်အားကို အဘယ်ကဲ့သို့ ပိုင်ဆိုင်ထားပါသနည်း။
“ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ အင်မော်တယ်စွမ်းအားပါလား.. မင်း.. မင်းက တလော့အင်မော်တယ်တစ်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်နေတာလား”
ရွှေဓားအင်မော်တယ်ဂိုဏ်းမှ ဆံပင်ရွှေရောင်နှင့် တလော့အင်မော်တယ်သည် မှင်တက်ရာကနေ သတိပြန်ဝင်လာခဲ့ပြီးနောက်တွင် ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။
မိုင်တစ်ရာ ပတ်ပတ်လည်ရှိ အင်မော်တယ် စွမ်းအင်များကို စုစည်းကာ အင်မော်တယ်နည်းစနစ် ထဲသို့ ပေါင်းစပ်ထည့်သွင်းခြင်းသည် ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အင်မော်တယ်စွမ်းအားကို တတ်မြောက်ထားသည့် တလော့အင်မော်တယ် သာလျှင် လုပ်ဆောင်နိုင်သော အရာဖြစ်သည်။
တလော့အင်မော်တယ် တစ်ပါး အနေဖြင့် သူက ထိုကဲ့သို့ စွမ်းအားမျိုးနှင့် အစိမ်းသက်သက် မဟုတ်ပေ။
ထို့ကြောင့် သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ရွှေအင်မော်တယ် စတုတ္ထအဆင့်သာ ရှိသေးသော်လည်း ကမ္ဘာလောကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အင်မော်တယ်စွမ်းအားကို နားလည်သဘောပေါက်ထားသည်မှာ ထင်ရှားနေခဲ့သည်။
အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ရွှေအင်မော်တယ် အဆင့်တွင်ပင် ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အင်မော်တယ်စွမ်းရည်ကို တတ်မြောက်ထားသည့် တလော့ အင်မော်တယ်တစ်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်နေခဲ့သည်။
ရွှေဓားအင်မော်တယ်ဂိုဏ်းမှ လူများသည် သူတို့ခေါင်းဆောင်၏ စကားကို ကြားလျှင် မှင်တက်ရာကနေ သတိပြန်ဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရသည်။
တလော့အင်မော်တယ် တစ်ပိုင်းအဆင့် ဆိုသည်မှာ ခြေလှမ်းတစ်ဝက် တလော့ အင်မော်တယ် အဆင့်သို့ မရောက်မီ အချိန်မှာပင် ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အင်မော်တယ်စွမ်းအားကို ကြိုတင်နားလည်သဘောပေါက်သည့် အနှိုင်းမဲ့ ပါရမီရှင်များကို ပေးအပ်ထားသည့် ဂုဏ်ထူးဆောင်ဘွဲ့အမည် ဆိုလည်း မမှားပေ။
ဆိုရလျှင် တလော့အင်မော်တယ်တစ်ပိုင်းအဆင့်ကျင့်ကြံသူသည် မတော်တဆဖြစ်ရပ်ဖြင့် မသေဆုံးသရွေ့ အနာဂတ်တွင် သေချာပေါက် တလော့အရှင်အဆင့်ကို ရောက်ရှိနိုင်လိမ့်မည်ဖြစ်သည်။
ဤကဲ့သို့ အနှိုင်းမဲ့ပါရမီရှင်မျိုးသည် အင်မော်တယ်လောကတစ်ခုလုံးတွင်ပင် အလွန်တရာ ရှားပါး၏။
ဝိရောဓိနယ်မြေတစ်ခုလုံးတွင်ပင် ထိုက်ယီအဆင့်အင်အားစုလေးစုထဲတွင် အင်အားအတောင့်တင်းဆုံးဖြစ်သော တိကွန်အင်မော်တယ်နန်းတော်မှ ရွှေအင်မော်တယ်နဝမအဆင့်ပါရမီရှင်သာလျှင် ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အင်မော်တယ်စွမ်းရည်ကို နားလည်သည်ဟု ဆိုကြသည်။
သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ်လူငယ်ကမူ ရွှေအင်မော်တယ်နဝမအဆင့်သို့ ရောက်ရှိရန် အလှမ်းဝေးနေဆဲဖြစ်၏။
ဤသည်ကို ကြည့်၍ အနက်ရောင်ဝတ်စုံဝတ်လူငယ်၏ ပါရမီသည် တိကွန်အင်မော်တယ်နန်းတော်မှ ပါရမီရှင်ထက်ပင် အဆပေါင်းများစွာ ပိုမိုကြောက်မက်ဖွယ်ရာကောင်းသည်မှာ ထင်ရှားနေခဲ့သည်မဟုတ်ပါလော။
“မင်းက တလော့အင်မော်တယ် တစ်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်နေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”
ဆံပင်ရွှေရောင်နှင့် တလော့အင်မော်တယ်က ကျန်းချန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“ဒါပေမဲ့ မင်းက တလော့ အင်မော်တယ်တစ်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်နေရင်တောင်မှ ဒီဟန်ယွင်အင်မော်တယ် စမ်းရေကို တစ်ယောက်တည်း မောင်ပိုင်စီးဖို့ အရည်အချင်းမျိုး ရှိမယ်လို့ ငါမထင်ဘူး”
ကျန်းချန်က ဆံပင်ရွှေရောင်နှင့် တလော့အင်မော်တယ်ကို ကြည့်ကာ တည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်သည်။
“ငါ ဒီဟန်ယွင်အင်မော်တယ်စမ်းရေကို မောင်ပိုင်စီးဖို့ တစ်ခါမှ မစဥ်းစားခဲ့ဖူးဘူး.. ဒါပေမဲ့ အခုအချိန်မှာတော့ မင်းတို့ ဒီနေရာထဲကို ဝင်လို့မရဘူး.. နာရီဝက် ကြာပြီးရင်တော့ ငါဒီနေရာကနေ ကိုယ့်ဘာသာကိုယ် ထွက်သွားမယ်.. အဲဒီ နာရီဝက်အတွင်းမှာတော့ ဒီမျဥ်းကို ကျော်ရဲတဲ့သူ မှန်သမျှ အသတ်ခံရလိမ့်မယ်”
ထိုစကားကို ဆံပင်ရွှေရောင်နှင့် တလော့အင်မော်တယ်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
“တကယ်လို့ ငါက သဘောမတူရင်ရော”
ဂုဏ်သိက္ခာ ကြီးမားသော တလော့အင်မော်တယ် တစ်ပါးအနေဖြင့် ဆံပင်ရွှေရောင်နှင့် တလော့အင်မော်တယ်သည် တလော့အင်မော်တယ် တစ်ပိုင်းအဆင့် ကျင့်ကြံသူလောက်ကို သဘာဝကျစွာပင် ကြောက်ရွံ့နေမည် မဟုတ်ချေ။
ကျန်းချန်၏ ရည်ရွယ်ချက်က ဟန်ယွင်အင်မော်တယ် စမ်းရေတွင်း အနောက်ဘက်ရှိ ရင့်မှည့်ကာနီး အင်မော်တယ်သစ်သီး ဖြစ်မည်ကို သူ အလွယ်တကူပင် မြင်နိုင်ခဲ့သည်။
ထိုသစ်သီးက မည့်သည့် သစ်သီးမှန်း သူ မသိသော်လည်း ဟန်ယွင် အင်မော်တယ်စမ်းရေက ပျိုးထောင်ထားခြင်း ဖြစ်၍ ထူးခြားဆန်းပြားမည်မှာ သေချာသလောက်ပင်။
သူ့အနေဖြင့် အနက်ရောင် ဝတ်စုံဝတ် လူငယ်၏ ဇာစ်မြစ်ကို မသိ၍ အနည်းငယ် ကြောက်ရွံ့မိသော်လည်း ဤအချိန်တွင် ထိုအင်မော်တယ် သစ်သီးကို အဘယ်ကြောင့် လက်လွှတ်ရပါမည်နည်း။
သူက အချိန်နှောင်းသွားမည် စိုးသဖြင့် အနက်ရောင်ဝတ်စုံဝတ် လူငယ်နှင့် အချိန်ဖြန်းရန် ရည်ရွယ်ချက် မရှိခဲ့ပေ။
ဆိုရလျှင် သူတို့ ရွှေဓားအင်မော်တယ်ဂိုဏ်းသည် ဝိရောဓိနယ်မြေထဲတွင် အတော်အတန် လူသိများသော တလော့အင်အားစုတစ်စု ဖြစ်သော်လည်း သူတို့ ရွှေဓားအင်မော်တယ်ဂိုဏ်းထက် ပိုမို သန်မာသော အင်အားစုများကလည်း ဝိရောဓိနယ်မြေ အတွင်း မနည်းပေ။
အထူးသဖြင့် ထိုက်ယီအဆင့် အင်အားစုကြီး လေးခုကို ရွှေဓားအင်မော်တယ်ဂိုဏ်းသည် လုံးဝ ယှဥ်ပြိုင်နိုင်စွမ်းမရှိချေ။
နာရီဝက် ဟူသောအချိန်သည် အင်အားစုများစွာ အတွက် ဤချိုင့်ဝှမ်းကို ရှာဖွေတွေ့ရှိရန် လုံလောက်မည် ဖြစ်သည်။
ထိုက်ယီအဆင့် အင်အားစုကြီးလေးခုသာ ရောက်ရှိလာခဲ့လျှင် ဤဟန်ယွင်အင်မော်တယ် စမ်းရေတွင်းနှင့် အင်မော်တယ်သစ်သီးသည် သူတို့ ရွှေဓားအင်မော်တယ်ဂိုဏ်းနှင့် မည်သို့မျှ သက်ဆိုင်တော့မည် မဟုတ်ချေ။
“ခင်ဗျားမယုံရင် စမ်းကြည့်လို့ရတယ်”
ကျန်းချန်က ဆံပင်ရွှေရောင်နှင့် တလော့အင်မော်တယ်ကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
“ဒီမျဥ်းကို ကျော်တဲ့သူ မှန်သမျှ သေရလိမ့်မယ်.. ခင်ဗျားက တလော့အင်မော်တယ် တစ်ပါး ဖြစ်နေရင်တောင်မှပေါ့”
“ဒီလိုဆိုမှတော့ ငါ့ကို အနိုင်ကျင့်တယ် ဆိုပြီး အပြစ်မတင်နဲ့တော့”
ဆံပင်ရွှေရောင်နှင့် တလော့အင်မော်တယ်က လူသတ်ငွေ့လွှမ်းသော လေသံဖြင့် ရေရွတ်လိုက်သည်။
ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်ကနေ တလော့အဆင့် စွမ်းအားများ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့၏။
သူက လက်ဖဝါးကို တစ်ချက် လှုပ်ရှားလိုက်ရာ ကောင်းကင်နှင့်မြေပြင်ကြားရှိ အင်မော်တယ်စွမ်းအားများသည် ချက်ချင်းဆိုသလိုပင် ရွှေရောင်ဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ နေမင်းထက်ပင် ပိုမိုတောက်ပသော ဓားအလင်းကို ထုတ်ဖော်၍ ကျန်းချန်ကို ခုတ်ပိုင်းချလိုက်သည်။
အခန်း(၂၈၇၁)ပြီး၏။
အခန်း(၂၈၇၂)
ရွှေရောင်ဆံပင်နှင့် တလော့အင်မော်တယ်သည် အချိန်ဖြုန်းရန် ရည်ရွယ်ချက် မရှိသည်မှာ ထင်ရှားနေခဲ့သည်။
သူက စတင် တိုက်ခိုက်သည်နှင့် တစ်ပြိုင်နက် ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အင်မော်တယ်စွမ်းအားကို အသုံးပြုကာ ကျန်းချန်ကို ခုတ်ပိုင်းလိုက်သည်။
ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အင်မော်တယ်စွမ်းအားဖြင့် ထုတ်ဖော်ထားသော ထိုတိုက်ကွက်သည် ကျန်းချန် အစောပိုင်းက ထုတ်ဖော်ခဲ့သည့် ကောင်းကင်ဧကရာဇ် စည်းတံဆိပ်ထက်ပင် ပိုမို အစွမ်းထက်နေခဲ့သည်။
“အင်မော်တယ်ဘုရင်ရုပ်အလောင်း သွားစမ်း”
ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့်ပင် သူ၏ နံဘေးရှိ အင်မော်တယ်ဘုရင် ရုပ်အလောင်းကို တိုက်ရိုက် အမိန့်ပေးလိုက်သည်။
ကျန်းချန်၏ အမိန့်ကို ရရှိသည်နှင့် အင်မော်တယ်ဘုရင် ရုပ်အလောင်းသည် လက်သီးချက် တစ်ချက်ကို ထုတ်ဖော်ကာ ထိပ်တိုက် ရင်ဆိုင်လိုက်၏။
ဆံပင်ရွှေရောင်နှင့် တလော့အင်မော်တယ် ထုတ်ဖော်လိုက်သော ဓားချက်သည် အင်မော်တယ်ဘုရင် ရုပ်အလောင်း၏ လက်သီးချက်ကြောင့် ချက်ချင်းပင် ချေမှုန်းခံလိုက်ရသည်။
ဆံပင်ရွှေရောင်နှင့် တလော့အင်မော်တယ်သည် ညည်းညူလိုက်ရပြီး ခြေလှမ်း သုံးလှမ်းခန့် နောက်သို့ ဆုတ်သွားခဲ့ရသည်။
ဤအခိုက်အတန့်တွင် သူ့ရှေ့တွင် ရပ်နေသော အင်မော်တယ်ဘုရင် ရုပ်အလောင်းကို ကြည့်ကာ သူ၏ မျက်နှာက ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီး မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။
“တလော့အင်မော်တယ်အဆင့် ရုပ်သေးပါလား”
သူက ကျန်းချန်၏ နံဘေးရှိ ဤရုပ်သေးရုပ်ကို အချိန်တော်ကြာကတည်းက သတိပြုမိခဲ့သော်လည်း ရုပ်သေးတွင် တလော့အင်မော်တယ် အဆင့်ထက် မနိမ့်ကျသော စွမ်းရည်မျိုး ရှိနေလိမ့်မည်ဟု ဘယ်တုန်းကမျှ ထင်မထားခဲ့ပေ။
သူ သိထားသလောက် ဆိုလျှင် တလော့အင်မော်တယ်အဆင့် ရုပ်သေးရုပ်တစ်ရုပ်ကို သန့်စင်ရန်အတွက် ခက်ခဲမှုသည် တလော့အင်မော်တယ် တစ်ပါးကို ပျိုးထောင်ရသည်ထက်ပင် ပိုမို ခဲယဥ်း၏။
ဝိရောဓိနယ်မြေရှိ ထိုက်ယီအဆင့် အင်အားစုလေးစု ပင်လျှင် တလော့ အင်မော်တယ်အဆင့် ရုပ်သေးရုပ်ကို သန့်စင်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။
ကျန်းချန်က ဆံပင်ရွှေရောင်နှင့် တလော့အင်မော်တယ်ကို နောက်ဆုတ်အောင် တိုက်ခိုက်ပြီးနောက်တွင် တာအိုသစ်သီးကို ထပ်မံ၍ ကြည့်ရှုလိုက်သည်။
သူ၏ ခန့်မှန်းချက်အရ တာအိုသစ်သီး ရင့်မှည့်လာရန် အတွက် အချိန်များစွာ မလိုတော့ချေ။
ကျန်းချန်က သူ့ကို လျစ်လျူရှုထားသည်အား မြင်လျှင် တလော့အင်မော်တယ်၏ မျက်နှာအမူအရာက အလွန်တရာ သုန်မှုန်သွားခဲ့သည်။
ထိုကောင်လေးသည် တလော့အင်မော်တယ် တစ်ပိုင်းအဆင့်ကို ရောက်ရှိနေသည့် အပြင် တလော့အဆင့်နှင့် ညီမျှသည့် ရုပ်သေးရုပ် တစ်ရုပ်ကိုပင် ပိုင်ဆိုင်ထားခဲ့သည်။
ဤကဲ့သို့ အင်အားမျိုးကို ဖုန်းချီ အင်မော်တယ်တောင်တန်းဆီသို့ လာရောက်ခဲ့သည့် သူတို့ ရွှေဓားအင်မော်တယ်ဂိုဏ်းမှ အင်အားစု ပင်လျှင် အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။
ထို့အပြင် ထိုကောင်လေး၏ နောက်ခံဇာစ်မြစ်သည် အလွန်ပင် ဆန်းကြယ်နေခဲ့သည်။
ဤတလော့အဆင့် ရုပ်သေးအပြင် ထိုကောင်လေး၏ ကိုယ်ပေါ်တွင် အခြားသော အစွမ်းထက် ဝှက်ဖဲတချို့လည်း ရှိနေနိုင်သဖြင့် ဤအခိုက်အတန့်တွင် ဆံပင်ရွှေရောင်နှင့် တလော့အင်မော်တယ်သည် မိုက်မိုက်ကန်းကန်း မလှုပ်ရှားရဲတော့ချေ။
“ဟန်ယွင်အင်မော်တယ် စမ်းရေတွင်းက ဒီဖုန်းချီအင်မော်တယ်တောင်တန်းထဲမှာ ဖြစ်တည်လာလိမ့်မယ်လို့ ငါ တကယ်ကို မထင်ထားခဲ့ဘူး.. ကြည့်ရတာ ကျိရီအင်မော်တယ်တောင်တန်းက ဖုန်းချီအင်မော်တယ် တောင်တန်းထဲမှာ ဖုံးကွယ်နေတယ် ဆိုတဲ့သတင်းက အခြေအမြစ်မရှိတဲ့ သတင်းတော့ မဟုတ်ဘူးထင်တယ်”
ဆံပင်ရွှေရောင်နှင့် တလော့အင်မော်တယ်က ကျန်းချန်နှင့် ဆက်လက် တိုက်ခိုက်ရန် တွေဝေနေသော အချိန်တွင် ရုတ်တရက် စကားသံ တစ်သံက ချိုင့်ဝှမ်းထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
ဆံပင်ရွှေရောင်နှင့် တလော့အင်မော်တယ်က ထိတ်လန့်သွားခဲ့ပြီး အသံထွက်ပေါ်လာရာ အရပ် ဆီသို့ လှမ်းကြည့်လိုက်သည်။
ထိုအခါ ဟင်းလင်းပြင်ကို ဖြတ်လျှောက်လာသည့် အဘိုးအိုတစ်ဦးကို မြင်လိုက်ရ၏။
ထိုအဘိုးအိုတွင် ရှုပ်ပွနေသော ဆံပင်ဖြူများ ရှိပြီး ခါးတွင်လည်း ဘူးသီးခြောက် အရက်ဘူးကို ချိတ်ဆွဲထားသည်။
အဘိုးအိုက အခါအားလျော်စွာ လေချဥ်တက်နေသည့် အပြင် မျက်ဝန်းကလည်း အလွန်ပင် ရီဝေဝေ ဖြစ်နေ၍ ယစ်ထုတ်ကြီး တစ်ဦး အလား ထင်မှတ်ရ၏။
“ယစ်ထုတ်အဘိုးအိုပါလား”
ရုတ်တရက် ပေါ်ထွက်လာသည့် အဘိုးအိုကို မြင်လျှင် ဖုန်းချန်ရှင်းသည် ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိကာ မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွားခဲ့သည်။
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့ပြီး ဖုန်းချန်ရှင်းကို မေးလိုက်သည်။
“ခင်ဗျား ဒီအဘိုးကြီးကို သိလို့လား”
ထိုအဘိုးအိုက ရွှေဓားအင်မော်တယ်ဂိုဏ်းမှ ဆံပင်ရွှေရောင်နှင့် တလော့အင်မော်တယ်ထက်ပင် ပိုမို အစွမ်းထက်မှန်း သူ၏ ပင်ကိုသိစိတ်ကနေ ခံစားမိနေခဲ့သည်။
“ယစ်ထုတ်အဘိုးအိုက ဝိရောဓိနယ်မြေထဲက တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ယောက်ပဲ.. သူက ဝိရောဓိနယ်မြေထဲက အသက်အကြီးဆုံး တလော့အင်မော်တယ်တွေထဲက တစ်ယောက်လည်းဖြစ်တယ်.. သူက ဝိရောဓိနယ်မြေထဲက တလော့အဆင့် အင်မော်တယ်တွေထဲမှာ အသန်မာဆုံးထဲက တစ်ယောက်ပဲ”
ဖုန်းချန်ရှင်းက လေးနက်စွာ ပြောလိုက်သည်။
ဆိုရလျှင် သူတို့ရှေမှ ယစ်ထုတ် အဘိုးအိုသည် ဝိရောဓိနယ်မြေထဲရှိ ထိုက်ယီအဆင့် အင်မော်တယ်များမှ လွဲလျှင် အစွမ်းအထက်ဆုံး ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
“ယစ်ထုတ်အဘိုးအို ခင်ဗျားလည်း ရောက်လာပြီပေါ့”
ဆံပင်ရွှေရောင်နှင့် တလော့အင်မော်တယ်က ယစ်ထုတ်အဘိုးအိုကို မြင်လျှင် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
ယစ်ထုတ်အဘိုးအိုက ဤချိုင့်ဝှမ်းဆီသို့ ရောက်ရှိလာလိမ့်မည်ဟု သူလုံးဝ ထင်မှတ်မထားခဲ့ပေ။
ယစ်ထုတ်အဘိုးအိုက ဆံပင်ရွှေရောင်နှင့် တလော့အင်မော်တယ်ကို ကြည့်လိုက်ပြီး သူ၏ ခါးတွင် ချိတ်ဆွဲထားသော ဘူးသီးခြောက် အရက်ဘူးကနေ အရက်တစ်ငုံ သောက်လိုက်ကာ ပျင်းရိလေးတွဲ့စွာ ပြောလိုက်သည်။
“ကျင်းဟုန်ကွမ်း.. ဟန်ယွင်အင်မော်တယ်စမ်းရေကိုတောင် ရှာတွေ့တယ် ဆိုတော့ မင်းတို့ ရွှေဓားအင်မော်တယ်ဂိုဏ်းက တကယ်ကို ကံကောင်းတာပဲ”
“ယစ်ထုတ်အဘိုးအို ခင်ဗျားရောက်လာတာနဲ့အတော်ပဲ.. ငါတို့လက်တွဲပြီး ဟန်ယွင် အင်မော်တယ်စမ်းရေကို ရယူကြရအောင်”
ကျင်းဟုန်ကွမ်းဟု ခေါ်သော ဆံပင်ရွှေရောင်နှင့် တလော့အင်မော်တယ်က လျင်မြန်စွာ ပြောလိုက်သည်။
ဟန်ယွင်အင်မော်တယ်စမ်းရေတွင်းကို မောင်ပိုင်စီးထားသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် နောက်ခံဇာစ်မြစ်ဆန်းကြယ်ပြီး ဝှက်ဖဲများကလည်း အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့သည်။
သူတစ်ယောက်တည်းဖြင့် ဆိုလျှင် ထိုလူငယ်ကို ရင်ဆိုင်ရန်မှာ မလွယ်ကူချေ။
ထို့ကြောင့် အနက်ရောင် ဝတ်စုံဝတ် လူငယ်ကို အနိုင်ယူကာ ဟန်ယွင်အင်မော်တယ် စမ်းရေတွင်းကို သိမ်းပိုက်ရန်အတွက် ယစ်ထုတ်အဘိုးအိုနှင့် လက်တွဲရန် ဆုံးဖြတ်လိုက်သည်။
ယစ်ထုတ် အဘိုးအိုက မူးဝေနောက်ကျိနေသော အမူအရာဖြင့် လေချဥ်တစ်ချက် တက်ကာ ပြောလိုက်သည်။
“ဟန်ယွင်အင်မော်တယ်စမ်းရေက မင်းတို့ ရွှေဓားအင်မော်တယ်ဂိုဏ်းရဲ့ အပိုင်ပဲ.. ငါအဘိုးကြီးကတော့ အဲဒီအင်မော်တယ်သစ်သီးကိုပဲ လိုချင်တယ်.. ဘယ်လိုလဲ”
ယစ်ထုတ်အဘိုးအိုက မူးနေသည်ဟု ထင်ရသော်လည်း စင်စစ် အလွန်တရာ သတိရှိနေခဲ့သည်။
ဟန်ယွင်အင်မော်တယ် စမ်းရေက ဆန်းကြယ်သော စမ်းရေ ဖြစ်သော်လည်း ၎င်းကို ယူဆောင်သွားရန်မှာ ဘယ်လိုမှ မဖြစ်နိုင်ချေ။
ယခုအခါတွင် ဝိရောဓိနယ်မြေ ထဲရှိ အင်အားစုများစွာသည် ဖုန်းချီအင်မော်တယ်တောင်တန်းတွင် စုဝေးနေကြပြီ ဖြစ်ရာ ရွှေဓားအင်မော်တယ်ဂိုဏ်းနှင့် လက်တွဲလျှင်ပင် ဟန်ယွင်အင်မော်တယ်စမ်းရေကို ထိန်းသိမ်းရန် ခဲယဥ်းလိမ့်မည် ဖြစ်သည်။
ဆိုရလျှင် ဟန်ယွင်အင်မော်တယ်စမ်းရေ၏ အဆီအနှစ်များကို စုပ်ယူကာ ပျိုးထောင်ထားသည့် အင်မော်တယ်သစ်သီး၏ တန်ဖိုးသည် မည်သည့်နည်းနှင့်မျှ ဟန်ယွင် အင်မော်တယ်စမ်းရေထက် လျော့နည်းလိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် ယစ်ထုတ်အဘိုးအိုသည် ထိုအင်မော်တယ် သစ်သီးကိုသာ ပစ်မှတ်ထားလိုက်သည်။
“ကောင်းပြီ”
ကျင်းဟုန်ကွမ်းက ထပ်မံ စဥ်းစားမနေတော့ဘဲ ချက်ချင်းပင် သဘောတူလိုက်သည်။
အင်မော်တယ်သစ်သီးက အလွန်တရာ ထူးခြားဆန်းပြားမှန်း ကျင်းဟုန်ကွမ်း သိသော်လည်း သူက ထပ်မံ၍ အချိန်မဖြုန်းချင်တော့ပေ။
အချိန်ကြာလာသည်နှင့်အမျှ ဤနေရာသို့ လူပေါင်းများစွာ ပိုမို ရောက်ရှိလာမည်မှာ သေချာပြီး ရွှေဓားအင်မော်တယ်ဂိုဏ်း၏ အကျိုးအမြတ်သည်လည်း ပိုမို၍ နည်းပါးသွားလိမ့်မည်ဖြစ်သည်။
အထူးသဖြင့် ဝိရောဓိနယ်မြေထဲရှိ ထိုက်ယီအဆင့် အင်အားစုလေးစုသာ ဤနေရာကို ရှာဖွေတွေ့ရှိသွားလျှင် ရွှေဓားအင်မော်တယ်ဂိုဏ်း အနေဖြင့် ထိုထိုက်ယီအဆင့် အင်အားစုကြီး လေးစုက ဟန်ယွင် အင်မော်တယ်စမ်းရေကို လုယူသွားသည်ကိုသာ ငေးကြည့်နေရတော့မည် ဖြစ်သည်။
“ဒါဆိုရင်လည်း လှုပ်ရှားကြစို့”
စကားဆုံးသည်နှင့် ယစ်ထုတ်အဘိုးအို၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မျက်တောင်တစ်ခတ် အတွင်းမှာပင် နိုးကြားလာခဲ့ပြီး သူ၏ ခန္ဓာကိုယ်ကနေ အစွမ်းထက် တလော့အင်မော်တယ် စွမ်းအားများ ထွက်ပေါ်လာခဲ့သည်။
သူက ကျန်းချန် ရေးခြစ်ထားသည့် ဓားရာကို တိုက်ရိုက်ပင် ကျော်ဖြတ်လိုက်ပြီး ကျန်းချန်ကို တန်းတန်းမတ်မတ် ပြေးဝင် တိုက်ခိုက်လိုက်သည်။
ဤအခိုက်အတန့်တွင် ကျန်းချန်၏ ရှေ့တွင် ရှိနေသော အင်မော်တယ်ဘုရင် ရုပ်အလောင်းသည် တစ်ရှိန်ထိုး ပြေးဝင်လာသည့် ယစ်ထုတ်အဘိုးအိုကို ထိပ်တိုက် ရင်ဆိုင်လိုက်၏။
ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီးနောက်တွင် ယစ်ထုတ် အဘိုးအို၏ ခန္ဓာကိုယ်သည် အင်မော်တယ်ဘုရင်ရုပ်အလောင်းကြောင့် နောက်သို့ ပေပေါင်းများစွာ လွင့်ထွက်သွားခဲ့သည်။
“တလော့အဆင့် ရုပ်သေးရုပ်ပါလား”
သူ့ရှေ့မှ ရုပ်သေးရုပ်ကို မြင်လျှင် ယစ်ထုတ်အဘိုးအို၏ မျက်ဝန်းထဲတွင် အံ့ဩထိတ်လန့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
ဝိရောဓိနယ်မြေထဲရှိ သက်တော်ရှည် တလော့အင်မော်တယ်များထဲမှ တစ်ယောက် အနေဖြင့် ယစ်ထုတ်အဘိုးအိုသည် တလော့အင်မော်တယ် အထွတ်အထိပ် အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ကာ ထိုက်ယီအင်မော်တယ် အဆင့်ကို ရောက်ရှိရန်အတွက် ခြေတစ်လှမ်းမျှသာ လိုအပ်တော့သည်။
အစောပိုင်းက တိုက်ခိုက်မှုတွင် သူ၏ စွမ်းအားကို အကုန်အစင် အသုံးမပြုထားသော်လည်း ရုပ်သေးရုပ်က သူ့ကို နောက်သို့ ဆုတ်သွားအောင် တိုက်ခိုက်နိုင်ခဲ့ခြင်းသည် လွယ်ကူသောအရာ မဟုတ်ချေ။
“အင်မော်တယ်ဘုရင် ရုပ်အလောင်းရဲ့ စွမ်းရည်က ပိုသန်မာလာခဲ့ပြီ”
အင်မော်တယ်ဘုရင် ရုပ်အလောင်း၏ လက်ချက်ဖြင့် ယစ်ထုတ်အဘိုးအို နောက်သို့ ဆုတ်သွားရသည်ကို မြင်လျှင် ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သောအရိပ်အယောင် တစ်ခု ယှက်သန်းသွားခဲ့သည်။
အင်မော်တယ်ဧကရာဇ် ရှချင်းက သူ့အတွက် ဤအင်မော်တယ် ရုပ်အလောင်းကောင်ကို သန့်စင်ပေးခဲ့စဥ်တွင် အင်မော်တယ်ဘုရင် ရုပ်အလောင်း၏ စွမ်းအားသည် သူ၏ စွမ်းအားနှင့် အတူ တစ်ပြိုင်ထဲ တိုးတက်လာလိမ့်မည်ဟု ပြောပြခဲ့ဖူးသည်။
ယခုအခါ သူ၏ ကျင့်ကြံခြင်းအဆင့်က ရွှေအင်မော်တယ် စတုတ္ထအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီ ဖြစ်ရာ အင်မော်တယ်ဘုရင် ရုပ်အလောင်းကောင်၏ တိုက်ခိုက်ရေးစွမ်းအင်သည်လည်း သိသိသာသာပင် တိုးတက်လာခဲ့သည်။
“ယစ်ထုတ်အဘိုးအို သတိထားပါ.. ဒီရုပ်သေးရုပ်ရဲ့ စွမ်းအားက တလော့အင်မော်တယ် အဆင့်ထက် မနိမ့်ဘူး”
ထိုမြင်ကွင်းကို မြင်လျှင် ကျင်းဟုန်ကွမ်းသည် အလျင်အမြန်ပင် သတိပေးလိုက်သည်။
“အချိန်မနှောင်းခင် ငါတို့ လက်တွဲပြီး ဒီရုပ်သေးကို အမြန်ဆုံးရှင်းပစ်လိုက်ကြစို့”
အခန်း(၂၈၇၂)ပြီး၏။