အခန်း (၂၈၇၅-၂၈၇၆)
Vol. 228 Ch. 2875-2876
အခန်း(၂၈၇၅)
“ယစ်ထုတ်အဘိုးအို.. ခင်ဗျားကလည်း ကျုပ်တို့ လဲ့ယန်အင်မော်တယ် နန်းတော်နဲ့ ဟန်ယွင်အင်မော်တယ် စမ်းရေကို အပြိုင်လုဖို့ ကြံစည်နေတာလား”
ရွှေဓားအင်မော်တယ်ဂိုဏ်းမှ လူများ ထွက်ခွာသွားပြီးနောက်တွင် အရှင်ဟုန်ယွင်၏ အကြည့်သည် ယစ်ထုတ်အဘိုးအို ထံသို့ ကျရောက်သွားခဲ့သည်။
ယစ်ထုတ်အဘိုးအိုက ဘူးသီးခြောက်အရက်ဘူးမှ အရက်ကို တစ်ငုံ့ မော့သောက်လိုက်ပြီးနောက်တွင် ရီဝေဝေ အမူအရာသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။
“စိတ်မပူပါနဲ့ ဒီအဘိုးကြီးက ကိုယ့်နေရာ ကိုယ်သိပါတယ်.. မင်းတို့နဲ့ အပြိုင် ဟန်ယွင်အင်မော်တယ်စမ်းရေကို လုယူနေမှာ မဟုတ်ဘူး”
ထိုစကားကို ပြောပြီးသည်နှင့် ယစ်ထုတ် အဘိုးအိုသည်လည်း ချိုင့်ဝှမ်း အပြင်ဘက်သို့ ထွက်ခွာသွားခဲ့သည်။
ထွက်ခွာသွားသော ယစ်ထုတ် အဘိုးအို၏ ကျောပြင်ကို လှမ်းကြည့်ပြီးနောက်တွင် အရှင်ဟုန်ယွင်၏ အကြည့်သည် ကျန်းချန်နှင့် ဖုန်းချန်ရှင်း ပေါ်တို့ ကျရောက်သွားခဲ့ပြီး စိတ်မရှည်သော လေသံဖြင့် အော်ငေါက်လိုက်သည်။
“မင်းတို့နှစ်ယောက်ကရော ဘာလုပ်နေတာလဲ.. မသေချင်ရင် ဒီနေရာကနေ အခုချက်ချင်း ထွက်သွားစမ်း”
“သခင်လေးကျန်ချန်.. ကျွန်တော်တို့ ထွက်သွားကြမလား”
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ကျန်းချန်၏ နံဘေးမှ ဖုန်းချန်ရှင်းသည် ခပ်တိုးတိုး ကပ်ပြောလိုက်သည်။
လဲ့ယန်အင်မော်တယ်နန်းတော် ဆိုသည်မှာ ဝိရောဓိနယ်မြေထဲရှိ ထိုက်ယီအဆင့် အင်အားစုလေးစု ထဲမှ တစ်စု ဖြစ်ပြီး အလွန်တရာ အင်အားတောင့်တင်းသည်။
ထို့အပြင် သူတို့ရှေ့မှ အရှင်ဟုန်ယွင်သည် ဝိရောဓိနယ်မြေအတွင်းရှိ အသန်မာဆုံး တလော့အင်မော်တယ်များထဲမှ တစ်ပါးဖြစ်သည်။
ယခုအခါ အရှင်ဟုန်ယွင် အပြင် တလော့အင်မော်တယ် နှစ်ပါးလည်း ရှိနေခဲ့သည်။
ကျန်းချန်၏ ပါရမီအရ ကျန်းချန်၏ နောက်ကွယ်မှ အင်အားစုသည် လဲ့ယန်အင်မော်တယ်နန်းတော် ကဲ့သို့ ထိုက်ယီအဆင့်အင်အားစုများ၏ ဖြစ်တည်မှုကိုပင် ကျော်လွန်နိုင်ခြေ ရှိမှန်း သူ သိသော်လည်း အဝေးမှ ရေသည် အနီးမှ မြို့ကို မငြိမ်းသတ်နိုင် ဟူသော စကားပုံပင် ရှိသည် မဟုတ်ပါလော။
ယင်းကြောင့် ကျန်းချန် အနေဖြင့် ဝိရောဓိနယ်မြေထဲတွင် လဲ့ယန်အင်မော်တယ် နန်းတော်ကို ယှဥ်ပြိုင်ရန်မှာ ခက်ခဲလိမ့်မည် ဖြစ်သည်။
“ခင်ဗျားက ကျုပ်ကို ထွက်သွားလို့ ပြောတာနဲ့ ကျုပ်က ထွက်သွားပေးရအောင် ခင်ဗျားကို ခင်ဗျား ဘာကောင်ထင်နေတာလဲ”
ကျန်းချန်က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။
“ကျုပ်က ဒီနေရာကို အရင်ဆုံး သိမ်းပိုက်ထားတာပဲ.. ဒါကြောင့် ဒီကနေ တကယ်တမ်းထွက်သွားသင့်တာက ခင်ဗျားတို့ပဲ”
“နို့နံ့တောင် မစင်သေးတဲ့ ကောင်လေးကများ.. ငါတို့ လဲ့ယန်အင်မော်တယ်နန်းတော်ရှေ့မှာ ရမ်းကားရဲတယ်.. သေဖို့သာ ပြင်ထားပေတော့”
လဲ့ယန်အင်မော်တယ်နန်းတော်မှ တလော့အင်မော်တယ်တစ်ပါးက ဒေါသတကြီး ကြုံးဝါးလိုက်ပြီး သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ပတ်ဝန်းကျင်ရှိ အင်မော်တယ်စွမ်းအင်များသည် ချက်ချင်းဆိုသလိုပင် ဟင်းလင်းပြင် အကျဥ်းထောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ကို ပိတ်လှောင်လိုက်သည်။
ထိုအခိုက်အတန့်တွင် ကျန်းချန်၏ လက်ထဲ၌ ဓားတစ်လက် ရုတ်တရက် ပေါ်လာခဲ့သည်။
သူက ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်ရာ ကောင်းကင်နှင့်မြေပြင် ကြားရှိ စွမ်းအင်များသည် ချက်ချင်းဆိုသလိုပင် ဟင်းလင်းပြင် ဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သူ့ကို ပိတ်လှောင်ထားသည့် ဟင်းလင်းပြင် အကျဥ်းထောင်ကို ဖြိုဖျက်ပစ်လိုက်သည်။
“ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ အင်မော်တယ်စွမ်းအားပါလား.. ဒီကောင်လေးက တလော့အင်မော်တယ် တစ်ပိုင်းအဆင့် ကျင့်ကြံသူလား”
သူ၏ တိုက်ခိုက်မှုကို ကျန်းချန်က အလွယ်တကူပင် ချေမှုန်းလိုက်သည်အား မြင်လျှင် ထိုတလော့အင်မော်တယ်၏ မျက်ဝန်းထဲတွင် အံ့ဩထိတ်လန့်သော အမူအရာများ ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
ခေါင်းဆောင်ဖြစ်သည့် အရှင်ဟုန်ယွင် ပင်လျှင် ဤအခိုက်အတန့်တွင် မှင်တက်နေခဲ့ပြီး ပြန်လည် သတိဝင်လာရန် အချိန်အနည်းငယ် ယူလိုက်ရသည်။
သို့သော် ဤသို့ ဖြစ်သွားလိမ့်မည်ဟု သေချာပေါက် မမျှော်လင့်ထားခဲ့ချေ။
သူတို့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ရွှေအင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူမျှသာ ဖြစ်သော်လည်း ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အင်မော်တယ်စွမ်းရည်ကို နားလည် သဘောပေါက်ထားသည့် တလော့အင်မော်တယ် တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေခဲ့သည်။
ဤကဲ့သို့ ပါရမီရှင်မျိုးသည် တိကွန်အင်မော်တယ် နန်းတော်မှ ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ် အဆင့် ပါရမီရှင်ထက်ပင် ပိုမို၍ ထူးချွန်နေခဲ့သည်။
ထိုက်ယီအဆင့် အင်အားစုလေးစု ထဲတွင်ပင် ထိုပါရမီရှင်နှင့်နှိုင်းယှဥ်နိုင်သော ပါရမီရှင် တစ်ဦးမျှ မရှိပေ။
ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို ဟန်ယွင်အဆင့် အင်အားစု သို့မဟုတ် အင်မော်တယ်ဘုရင်အဆင့် အင်အားစုများကသာ ပျိုးထောင်ပေးနိုင်လိမ့်မည် ဖြစ်၏။
ဆိုရလျှင် သူတို့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ဝိရောဓိနယ်မြေ ပြင်ပရှိ အင်အားစုကြီး တစ်ခုခုမှ လာရောက်သူ ဖြစ်နိုင်ခြေ အလွန်များနေခဲ့သည်။
“မင်းရဲ့ပါရမီက ပြိုင်ဘက်ကင်းတယ်ဆိုတာ ငါဝန်ခံပါတယ်.. ဒါပေမဲ့ ဒီဝိရောဓိနယ်မြေထဲက ငါတို့ လဲ့ယန်အင်မော်တယ်နန်းတော် ရှေ့မှာ ရမ်းကားဖို့ အထိတော့ မင်းမှာ အရည်အချင်းမရှိသေးဘူး”
အရှင်ဟုန်ယွင်က အသက်ကို ခပ်ပြင်းပြင်းတစ်ချက် ရှူရှိုက်ကာ လေးနက်စွာ ပြောလိုက်သည်။
“ငါ အရှင်က မင်းတို့ကို ဟန်ယွင်အင်မော်တယ်စမ်းရေ တချို့ ယူသွားခွင့်ပေးနိုင်ပါတယ်.. မြန်မြန်ယူပြီး ဒီကနေ ထွက်သွားလိုက်ပါ”
အရှင်ဟုန်ယွင်သည် သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို မကြောက်ရွံ့သော်လည်း ထိုလူငယ်၏ နောက်ကွယ်မှ အင်အားစုကိုမူ အနည်းငယ် ကြောက်ရွံ့နေမိခဲ့သည်။
ထို့ကြောင့်လည်း အရှင်ဟုန်ယွင်က ကျန်းချန်ကို ဟန်ယွင်အင်မော်တယ်စမ်းရေ တချို့အား ယူဆောင်သွားခွင့်ပြုလိုက်ခြင်း ဆိုလည်းမမှားပေ။
ကျန်းချန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
“ဟန်ယွင်အင်မော်တယ်စမ်းရေရဲ့ တစ်ဝက်ကို ငါလိုချင်တယ်”
ဝိရောဓိနယ်မြေထဲရှိ ထိုက်ယီအဆင့် အင်အားစု လေးစုထဲမှ တစ်စုအနေဖြင့် လဲ့ယန်အင်မော်တယ်နန်းတော်သည် အလွန်တရာ အင်အားတောင့်တင်းသည် ဖြစ်ရာ ကျန်းချန်သည် လဲ့ယန်အင်မော်တယ် နန်းတော်နှင့် သူသေကိုယ်သေ တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိပေ။
သို့သော်လည်း ဤဟန်ယွင်အင်မော်တယ်စမ်းရေ ဆိုသည်မှာ ဟန်ယွင်အဆင့် အင်အားစုများသာ ပိုင်ဆိုင်သည့်ရတနာတစ်ပါး ဖြစ်ရာ ကျန်းချန်သည် လဲ့ယန်အင်မော်တယ်နန်းတော်ထံသို့ အလွယ်တကူ လွှဲပြောင်းပေးအပ်ရန် ရည်ရွယ်ချက် မရှိချေ။
အရှင်ဟန်ယွင်က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။
“ကောင်လေး.. ဒီအရှင်က မင်းကို ဟန်ယွင်အင်မော်တယ်စမ်းရေတချို့ ယူခွင့်ပြုလိုက်တာက မင်းကို မျက်နှာသာပေးထားတာပဲ.. ဒီထက် ပိုပြီး လောဘမကြီးပါနဲ့”
“ကျုပ်က ဟန်ယွင်အင်မော်တယ်စမ်းရေကို အရင်ဆုံးတွေ့ခဲ့တာပဲ.. ကျုပ်အနေနဲ့ ဟန်ယွင်အင်မော်တယ်စမ်းရေရဲ့တစ်ဝက်ကို ခင်ဗျားတို့ လဲ့ယန်အင်မော်တယ် နန်းတော်ဆီ ပေးတာက ခင်ဗျားတို့ လဲ့ယန်အင်မော်တယ်နန်းတော်ကို မျက်နှာသာပေးလိုက်တာပဲ”
ကျန်းချန်က အရှင်ဟုန်ယွင်ကို စေ့စေ့ကြည့်ကာ ပြောလိုက်သည်။
သူ၏ အမူအရာက အလွန်တရာပင် တည်ငြိမ်နေခဲ့၏။
“စကားကောင်းပြောနေတာကို နားမလည်တဲ့ကောင်ပဲ”
အရှင်ဟုန်ယွင်၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် ချက်ချင်းဆိုသလို လူသတ်ငွေ့များ ပြည့်နှက်သွားခဲ့သည်။
“ကောင်လေး မင်း ဘယ်လိုပဲဖြစ်ဖြစ် ဝိရောဓိနယ်မြေထဲ ရောက်လာမှတော့ နဂါးတစ်ကောင် ဖြစ်နေရင်တောင် ငါ့ရဲ့ရှေ့မှာ ဝပ်တွားနေရလိမ့်မယ်”
“ဝုန်း..”
အရှင်ဟုန်ယွင်၏ စကားဆုံးသည်နှင့် မိုင်တစ်ရာပတ်လည်ရှိ အင်မော်တယ်စွမ်းအင်များသည် ချက်ချင်းဆိုသလိုပင် တောက်ပသော ရွှေရောင်နေမင်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ သူ၏ ကျောဘက်တွင် ထွက်ပေါ်လာခဲ့သည်။
ထိုရွှေရောင်နေမင်းသည် ကောင်းကင်ထံမှ နေမင်းကြီးနှင့် အပြန်အလှန် အားဖြည့်ပေးနေသကဲ့သို့ ဖြစ်နေခဲ့ပြီး ကမ္ဘာလောကကြီးကိုပင် လင်းထိန်သွားစေခဲ့သည်။
ရွှေရောင်နေမင်း၏ အရှိန်အဝါသည် ဖုန်းချန်ရှင်းနှင့် အခြားသော ခြေလှမ်းတစ်ဝက် တလော့အဆင့်များကိုပင် ထိတ်လန့်တုန်လှုပ်စေခဲ့သည်။
သာမန် တလော့အင်မော်တယ်များပင်လျှင် အသက်ရှူရကျပ်သလို ခံစားချက်မျိုး ခံစားရလိမ့်မည် ဖြစ်၏။
ကျန်းချန်က အတွေးတစ်ချက်ဖြင့်ပင် အင်မော်တယ်ဘုရင် ရုပ်အလောင်းကို အရှင်ဟုန်ယွင်၏ ကျောဘက်ရှိ ဟင်းလင်းပြင်ထဲတွင် တိုက်ရိုက် ပေါ်ထွက်လာစေရန် ထိန်းချုပ်လိုက်ပြီး ရွှေရောင်နေမင်းထံ လက်သီးတစ်လုံး ပစ်သွင်းစေခဲ့သည်။
“ဝုန်း..”
အင်မော်တယ်ဘုရင် ရုပ်အလောင်း၏ လက်သီးချက်က အရှင်ဟုန်ယွင်ကျောဘက်ရှိ ရွှေရောင်နေမင်းကို တိုက်ရိုက်ပင် ထိမှန်သွားခဲ့ပြီး ရွှေရောင်နေမင်းကို ကွဲကြေ ပျက်စီးသွားစေခဲ့ကာ ရွှေရောင် အလင်းစက်လေးများ အဖြစ်သို့ ပြောင်းလဲသွားစေပြီး ကောင်းကင်နှင့်မြေပြင် ကြားတွင် ပျောက်ကွယ်သွားစေခဲ့သည်။
အရှင်ဟုန်ယွင်က ချက်ချင်းဆိုသလိုပင် နောက်သို့ လှည့်ကြည့်လိုက်ရာ အင်မော်တယ်ဘုရင် ရုပ်အလောင်းကို မြင်လိုက်ရလျှင် မှင်တက်သွားခဲ့သည်။
“ရုပ်သေးပါလား”
အရှင်ဟုန်ယွင်၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သော အရိပ်အယောင်များ ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
ထိုရုပ်သေးရုပ်ကို အရှင်ဟုန်ယွင်သည် ဤနေရာသို့ ရောက်ရှိလာကတည်းကပင် သတိပြုမိခဲ့ခြင်း ဖြစ်သည်။
သို့သော် ရုပ်သေးရုပ်တွင် တလော့အင်မော်တယ် အထွတ်အထိပ် အဆင့်ထက် မနိမ့်ကျသည့် ကြောက်မက်ဖွယ်စွမ်းရည် ရှိနေလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
ထိုကောင်လေးသည် ရွှေအင်မော်တယ်သတ္တမအဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် တလော့အင်မော်တယ် စွမ်းရည်ကို နားလည်ထားပြီး တလော့အင်မော်တယ် တစ်ပိုင်းအဆင့် ကျင့်ကြံသူလည်း ဖြစ်ပြီး တလော့အထွတ်အထိပ် အဆင့်နှင့် ယှဥ်နိုင်သည့် ရုပ်သေးရုပ် တစ်ရုပ်ကိုလည်း ပိုင်ဆိုင်ထားခဲ့သည်။
ဆိုရလျှင် သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ နောက်ခံသည် သူထင်ထားသည်ထက်ပင် ပိုမို၍ ကြောက်မက်ဖွယ်ရာ ကောင်းနေလောက်၏။
“မင်းမှာ ဒီလိုအစွမ်းထက် ရုပ်သေးရုပ်မျိုး ရှိနေလိမ့်မယ်လို့ ငါတကယ် ထင်မထားခဲ့ဘူး.. မင်းတောင်းဆိုတဲ့အတိုင်း ဟန်ယွင်အင်မော်တယ်စမ်းရေရဲ့ တစ်ဝက်ကို ငါအရှင် သဘောတူလိုက်မယ်”
အရှင်ဟုန်ယွင်က ကျန်းချန်ကို လေးနက်စွာ ကြည့်၍ ပြောလိုက်သည်။
ရုပ်သေးရုပ်၏ တိုက်ခိုက်ရေးစွမ်းရည်သည် တလော့အဆင့် အထွတ်အထိပ် ကျင့်ကြံသူများထက်ပင် မနိမ့်ကျသည် ဖြစ်ရာ သူ ကိုယ်တိုင်ပင်လျှင် ရင်ဆိုင်ရန် မလွယ်ကူချေ။
ပို၍ အရေးကြီးသောအချက်မှာ ထိုကောင်လေး၏ ပါရမီသည် မွန်းစတားတစ်ကောင် ကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းပြီး နောက်ခံကလည်း အလွန်တရာပင် လျှို့ဝှက်ဆန်းကြယ်နေခဲ့ကာ ဝှက်ဖဲများသည်လည်း အဆုံးမရှိချေ။
ထိုကောင်လေးတွင် ထိုက်ယီအဆင့် အင်မော်တယ် ချန်ထားရစ်ခဲ့သည့် ဝှက်ဖဲမျိုးပင် ရှိနေနိုင်ခြေ အလွန်များနေသည် ဖြစ်ရာ အရှင်ဟုန်ယွင်သည် ထိုကောင်လေးနှင့် ဆက်လက်၍ ရန်ငြိုးမဖွဲ့လိုတော့ချေ။
ထို့အပြင် အရှင်ဟုန်ယွင်သည် အနက်ရောင်ဝတ်စုံဝတ် လူငယ်နှင့် တိုက်ခိုက်ရင်း ဤနေရာတွင် အချိန်မကုန်ချင်ခဲ့ပေ။
အကယ်၍ အချိန်ကြန့်ကြာနေခဲ့လျှင် အခြားသော ထိုက်ယီအဆင့် အင်အားစု သုံးစုသည်လည်း ဤနေရာကို သိပ်မကြာမီမှာပင် ရှာဖွေတွေ့ရှိ သွားကြလိမ့်မည်ကို သူစိုးရိမ်နေမိသည်။
ထိုအချိန်သို့ရောက်လျှင် သူတို့ လဲ့ယန်အင်မော်တယ် နန်းတော်အနေဖြင့် ဟန်ယွင်အင်မော်တယ် စမ်းရေ၏ တစ်ဝက်ကိုပင် ရရှိနိုင်မည် မဟုတ်တော့ချေ။
ကျန်းချန်က အတွေးတစ်ချက်ဖြင့်ပင် အင်မော်တယ်ဘုရင် ရုပ်အလောင်းကို သူ၏ အနားသို့ ပြန်လာရန် တိုက်ရိုက် အမိန့်ပေးလိုက်သည်။
“ကောင်းပြီ.. အချိန်မနှောင်းခင် ခင်ဗျားတို့ ဟန်ယွင်အင်မော်တယ်စမ်းရေကို မြန်မြန် သိမ်းဆည်းလိုက်ကြပါ.. ပြီးရင် ကျုပ်အတွက် တစ်ဝက်ပေးဖို့လည်း သတိရဦး”
ထိုစကားကိုကြားလျှင် အရှင်ဟုန်ယွင်က အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
“မင်းရဲ့စကားက ဘာအဓိပ္ပာယ်လဲ”
ကျန်းချန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
“ကျုပ်က ဟန်ယွင်အင်မော်တယ်စမ်းရေကို ထည့်သိမ်းဖို့အတွက် ရတနာဘူးကို အသင့်မပြင်ထားခဲ့မိဘူး.. မဟုတ်ရင် ဟန်ယွင်အင်မော်တယ်စမ်းရေကို ကျုပ်အစောကြီးကတည်းက ယူသွားပြီးပြီပေါ့.. ခင်ဗျားတို့အတွက် ဝေစု ဘယ်ချန်ထားပါ့မလဲ”
အခန်း(၂၈၇၅)ပြီး၏။
အခန်း(၂၈၇၆)
ကျန်းချန်၏ စကားကိုကြားလျှင် လဲ့ယန်အင်မော်တယ်နန်းတော်မှ လူများသည် ကျန်းချန်ကို ဒေါသတကြီး ကြည့်လိုက်ကြသည်။
သူတို့ လဲ့ယန်အင်မော်တယ် နန်းတော်သည် ထိုက်ယီအဆင့်အင်အားစု လေးစုထဲမှ တစ်စုဖြစ်သည်။
ဝိရောဓိနယ်မြေ တစ်ခုလုံးကို ကြည့်လျှင်ပင် သူတို့ လဲ့ယန်အင်မော်တယ် နန်းတော်ကို မျက်နှာသာ မပေးဝံ့သူ အလွန်တရာ ရှားပါး၏။
ယခုအခါ သူတို့ရှေ့မှ ကောင်လေးသည် တစ်ဆင့်ပြီးတစ်ဆင့် ပို၍ ကန်းတက်လာရာ သူတို့အနေဖြင့် မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါအံ့နည်း။
အရှင်ဟုန်ယွင်က မျက်မှောင်ကြုတ်သွားခဲ့ပြီး အဆုံးသတ်တွင် ကျန်းချန်နှင့် ဆက်လက် အချိန်ဆွဲမနေချင်တော့၍ လက်တစ်ဝါးစာ အရွယ်အစားခန့်ရှိ ကျောက်စိမ်းပုလင်းတစ်လုံးကို ကျန်းချန်ထံ ပစ်ပေးလိုက်သည်။
“ဒီပုလင်းက ငါတို့ လဲ့ယန်အင်မော်တယ်နန်းတော်က ပြုလုပ်ထားတဲ့ တလော့အဆင့် အင်မော်တယ်ရတနာပဲ.. ဒါက ဟန်ယွင်အင်မော်တယ်စမ်းရေ အများအပြားကို သိုလှောင်ဖို့ လုံလောက်တယ်”
ကျန်းချန်က အားနာမနေတော့ဘဲ ကျောက်စိမ်းပုလင်းကို ယူလိုက်ပြီးနောက်တွင် သူ၏ အင်မော်တယ်စွမ်းအားကို အသုံးပြု၍ အသက်သွင်းလိုက်ကာ ဟန်ယွင်အင်မော်တယ်စမ်းရေ တစ်ဝက်ကို ကျောက်စိမ်းပုလင်း ထဲသို့ ထည့်သွင်းလိုက်သည်။
အရှင်ဟုန်ယွင်ကလည်း ကျန်ရှိနေသော ဟန်ယွင်အင်မော်တယ် စမ်းရေတစ်ဝက်ကို တိုက်ရိုက်ပင် သိမ်းဆည်းလိုက်သည်။
“မိတ်ဆွေလေး.. အခု ဖုန်းချီအင်မော်တယ်တောင်တန်း အတွင်းမှာ ပြိုင်ဆိုင်မှု အရမ်းပြင်းထန်တယ်.. ငါတို့ မဟာမိတ်ဖွဲ့ထားကြရအောင်.. မင်းဘယ်လိုသဘောရလဲ”
အရှင်ဟုန်ယွင်က ဟန်ယွင်အင်မော်တယ်စမ်းရေကို သိမ်းဆည်းပြီးနောက်တွင် ကျန်းချန်ကို ပြုံး၍ မေးလိုက်သည်။
ကျိရီအင်မော်တယ်တောင်တန်းသည် ဝိရောဓိနယ်မြေ အတွင်းရှိ ထိုက်ယီအဆင့် အင်အားစုလေးစုနှင့် ယွမ်ထျန်းအင်မော်တယ်ဂိုဏ်း တို့ကိုပါ အလွန်အမင်း ဆွဲဆောင်နိုင်ခဲ့၍ ပြိုင်ဆိုင်မှုသည် အလွန်တရာပြင်းထန်နေမည်မှာ တွေးနေစရာပင် မလိုပေ။
လဲ့ယန်အင်မော်တယ်နန်းတော် ဖြစ်နေလျှင်ပင် ဝေစုတစ်စု ရရှိရန်မှာ လွယ်ကူသော အလုပ်တစ်ခု မဟုတ်ချေ။
သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် လျှို့ဝှက်ဆန်းကြယ်သော နောက်ခံ ရှိသည့်အပြင် တလော့အင်မော်တယ် တစ်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်ရုံသာမက တလော့ အထွတ်အထိပ်အဆင့်ထက် မနိမ့်ကျသော စွမ်းရည်ရှိသည့် ရုပ်သေးရုပ် တစ်ရုပ်ကိုပါ ပိုင်ဆိုင်ထားခဲ့သည်။
ယခု ထိုလူငယ်နှင့် ရန်သူ မဖြစ်စေရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်ရာ အရှင်ဟုန်ယွင်သည် ထိုလူငယ်နှင့် မဟာမိတ်ဖွဲ့ရန် မတုံ့ဆိုင်းခဲ့ချေ။
အကယ်၍ သူတို့သာ အနက်ရောင်ဝတ်စုံဝတ် လူငယ်နှင့် မဟာမိတ်ဖွဲ့နိုင်ခဲ့မည် ဆိုလျှင် ဝိရောဓိနယ်မြေ အတွင်းရှိ မည်သည့် အင်အားစုကိုမဆို ရင်ဆိုင်ရသည်ဖြစ်စေ၊ လဲ့ယန်အင်မော်တယ် နန်းတော်အနေဖြင့် ပိုမို၍ ယုံကြည်ချက် ရှိလာမည် ဖြစ်သည်။
“ကျွန်တော် သဘောတူပါတယ်”
ကျန်းချန်က ပြုံး၍ ခေါင်းညိတ်လိုက်သည်။
ဝိရောဓိနယ်မြေထဲတွင် ထိုက်ယီအဆင့် အင်အားစုလေးစု ရှိနေခဲ့ရာ ကျိရီအင်မော်တယ်တောင်တန်း၏ အခွင့်အလမ်းအတွက် ထိုအင်အားစုကြီး လေးစုနှင့် ယှဥ်ပြိုင်ရန်မှာ အမှန်တကယ်ပင် လွယ်ကူသော အလုပ်တစ်ခု မဟုတ်ချေ။
ထို့ကြောင့် သူ့ရှေ့ရှိ လဲ့ယန်အင်မော်တယ် နန်းတော်မှ အဘိုးအိုနှင့် မဟာမိတ်ဖွဲ့ရန် ရွေးချယ်လိုက်သည်။
“ငါတို့နှစ်ယောက် ဖုန်းချီအင်မော်တယ်တောင်တန်းကို သီးခြားစီ ဆက်လက်ရှာဖွေကြရအောင်.. တစ်ယောက်ယောက်က ကျီရိ အင်မော်တယ်တောင်တန်း သတင်းရလာတာနဲ့ တစ်ဖက်လူကို အမြန်ဆုံး အကြောင်းကြားပေးကြမယ်.. မင်း ဘယ်လိုသဘောရလဲ”
အရှင်ဟုန်ယွင်က ကျန်းချန်ကိုကြည့်ကာ မေးလိုက်သည်။
အရှင်ဟုန်ယွင်၏ အဆိုပြုချက်ကို ကျန်းချန်သည် ကန့်ကွက်စရာ မရှိခဲ့ချေ။
ထို့နောက်တွင် အရှင်ဟုန်ယွင်သည် လဲ့ယန်အင်မော်တယ်နန်းတော်မှ လူများကို ခေါ်ကာ အရင်ဆုံး ထွက်ခွာသွားခဲ့သည်။
“ကျွန်တော်တို့လည်း သွားကြရအောင်”
အရှင်ဟုန်ယွင်တို့ ထွက်ခွာသွားပြီးနောက်တွင် ကျန်းချန်သည် ဖုန်းချန်ရှင်းကို ခေါ်လိုက်ပြီး ချိုင့်ဝှမ်းထဲကနေ ထွက်ခွာရန် ပြင်လိုက်သည်။
သို့သော်လည်း ထိုအချိန်တွင် ချိုင့်ဝှမ်းအတွင်းရှိ လေထုသည် ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး ဟင်းလင်းပြင်ထဲတွင် စွမ်းအင်လှိုင်း တစ်ခု ရုတ်တရက် ဂယက်ထလာခဲ့သည်။
ကျန်းချန်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး အင်မော်တယ်ဘုရင် ရုပ်အလောင်းကို ချက်ချင်းဆိုသလို ထိန်းချုပ်လိုက်ကာ စွမ်းအင်လှိုင်းဂယက်များ ထွက်ပေါ်လာသည့် နေရာ ဆီသို့ လက်သီးချက် တစ်ချက် ထိုးနှက်လိုက်သည်။
ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာပြီးနောက်တွင် ကြီးမားသော နှင်းလုံးကြီး တစ်လုံးသည် အင်မော်တယ်ဘုရင် ရုပ်အလောင်း၏ တိုက်ခိုက်မှုအောက်တွင် ကောင်းကင်ယံထက်ကနေ တိုက်ရိုက် ကျဆင်းလာခဲ့သည်။
“ဘာလို့အမှောင်ထဲမှာ ပုန်းနေတာလဲ.. ထွက်မလာသေးဘူးလား”
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
သူ၏ အေးစက်စက်စကားသံက ချိုင့်ဝှမ်းအတွင်း ချက်ချင်းဆိုသလိုပင် ပဲ့တင်ထပ်သွားခဲ့၏။
ဤနှင်းလုံးကြီးသည် သူတို့ ချိုင့်ဝှမ်း အတွင်းသို့ မဝင်ရောက်မီက သူတို့ကို တိုက်ခိုက်ခဲ့သည့် နှင်းလုံးကြီးနှင့် တထေရာတည်း တူညီနေခဲ့သည်။
ချိုင့်ဝှမ်းထဲတွင် ပုန်းအောင်းနေခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော သတ္တဝါသည် သူတို့ကို နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်လိုက်သည်မှာ ထင်ရှားနေခဲ့သည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော သတ္တဝါသည် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီးမှ နောက်တစ်ကြိမ် ပြန်လည်ထွက်ပေါ်လာလိမ့်မည်ဟု ကျန်းချန် မမျှော်လင့်ထားခဲ့ချေ။
ကျန်းချန်၏ စကားသံဆုံးသည်နှင့် လက်မခန့် အရွယ်အစားမျှသာ ရှိသည့် ဆန်းကြယ်သော ခရစ္စတယ်တစ်ခုသည် ကျန်းချန်၏ မြင်ကွင်းထဲတွင် ရုတ်ရက် ပေါ်လာခဲ့သည်။
ထိုခရစ္စတယ် ပေါ်လာသည်နှင့် တစ်ပြိုင်နက် တောက်ပသော ရေခဲအင်မော်တယ် အလင်းတန်းတစ်ခုက လေထုထဲတွင် ထွက်ပေါ်လာခဲ့သည်။
ထို့နောက်တွင်မူ ဆံပင်များ ဖြူဖွေးနေသည့် အဖြူရောင်ဝတ်စုံဝတ် လျှို့ဝှက်ဆန်းကြယ် အဘိုးအိုတစ်ဦးသည် ကျန်းချန် ရှေ့ရှိ လေထုထဲတွင် ပေါ်ပေါက်လာခဲ့သည်။
ကျန်းချန်၏ စိတ်နှလုံးက တုန်လှုပ်သွားခဲ့ပြီး အဘိုးအိုကို လက်သီးဆုပ်၍ ဂါဝရပြုကာ မေးလိုက်သည်။
“စီနီယာက ဘယ်သူလဲဆိုတာ သိပါရစေ”
အကယ်၍ သူ၏ ခန့်မှန်းချက်သာ မမှားခဲ့လျှင် သူ၏ ရှေ့တွင် ယခုလေးတင် ပေါ်ပေါက်လာခဲ့သည့် ခရစ္စတယ်သည် ပျက်စီးသွားသော အင်မော်တယ် ခရစ္စတယ်၏ အပိုင်းအစ တစ်ခု ဖြစ်နိုင်၏။
ဆိုရလျှင် ဤဆံဖြူအဘိုးအိုသည် အင်မော်တယ်ခရစ္စတယ်ထဲတွင် ကျန်ရစ်ခဲ့သည့် ဝိညာဥ် အကြွင်းအကျန်မျှသာ ဖြစ်၏။
သို့ရာတွင် ဝိညာဥ်အကြွင်းအကျန်မျှသာ ကျန်ရှိတော့သည့်တိုင် ထိုအဘိုးအိုသည် တလော့အင်မော်တယ် အဆင့်ထက် မနိမ့်ကျသည့် စွမ်းအားမျိုးကို ပိုင်ဆိုင်ထားဆဲ ဖြစ်၏။
ထိုအချက်အလက်ကို ကြည့်ခြင်းအားဖြင့် သူ့ရှေ့မှ ဆံဖြူအဘိုးအိုသည် အသက်ရှင်စဥ်အခါက အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့မည်မှာ သေချာသလောက်ပင်။
အဘိုးအိုက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“ငါက အရှင်နှင်းမှုန်ပဲ ကောင်လေး.. မင်းက ငါ့ရဲ့နယ်မြေထဲကနေ အကျိုးကျေးဇူး ကြီးကြီးမားမားကို ယူဆောင်သွားပြီး ဒီအတိုင်း ထွက်သွားဖို့ ကြံစည်နေတာကတော့ နည်းနည်း လွန်လွန်းတယ်လို့ မထင်ဘူးလား”
“အရှင်နှင်းမှုန်လား”
ဆံဖြူအဘိုးအို၏ စကားကိုကြားလျှင် ဖုန်းချန်ရှင်း၏ မျက်နှာထက်တွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
“အရှင်က အရှင်ဇူရီနဲ့ တစ်တန်းတည်း နာမည်ကျော်ကြားခဲ့တဲ့ ဒဏ္ဍာရီလာ အရှင်နှုင်းမှုန်လား”
ဝိရောဓိနယ်မြေ၏ အထွတ်အထိပ်ကာလတွင် ဟန်ယွင်အဆင့်ကျင့်ကြံသူ တစ်ဦးထက်မက မွေးဖွားခဲ့သည်။
၎င်းတို့ထဲတွင် အရှင်ဇူရီနှင့် တန်းတူ နာမည်အကျော်ကြားဆုံးသူမှာ သူတို့ရှေ့မှ အရှင်နှင်းမှုန်ပင် ဖြစ်သည်။
ဤနေရာတွင် ကျဆုံးသွားပြီး ဟန်ယွင်အင်မော်တယ်စမ်းရေကို ဖြစ်တည်စေခဲ့သူက အရှင်နှင်းမှုန် ဖြစ်နေလိမ့်မည်ဟု ဖုန်းချန်ရှင်း ထင်မှတ်မထားခဲ့ပေ။
ကျန်းချန်သည်လည်း အံ့အားသင့်နေခဲ့သည်။
သူက အရှင်နှင်းမှုန်နှင့် ပတ်သက်၍ သိပ်မသိသော်လည်း အရှင်ဇူရီ ဆိုသည်မှာ ဝိရောဓိနယ်မြေ အတွင်းရှိ နံပါတ်တစ်ကျင့်ကြံသူ အဖြစ် နာမည်ကျော်ကြားပြီး ဟန်ယွင်အဆင့် အထွတ်အထိပ် ကျင့်ကြံသူမှန်းတော့ ကောင်းစွာ သိထားခဲ့သည်။
ဤအရှင်နှင်းမှုန်သည် အရှင်ဇူရီနှင့် တစ်တန်းတည်း နာမည်ကျော်ကြားခဲ့သည် ဆိုလျှင် အသက်ရှင်စဥ်အခါက ဟန်ယွင်အဆင့် အင်မော်တယ်တစ်ပါး ဖြစ်မည်မှာ သေချာသလောက်ပင်။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူရှိုက်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
“စီနီယာမှာ ဘာများ ညွှန်ကြားစရာရှိပါသလဲ သိပါရစေ”
“ကောင်လေး.. ငါက ကျိရီအင်မော်တယ်တောင်တန်း ဘယ်နေရာမှာလဲ ဆိုတာကို သိထားတယ်.. ဒါကြောင့် မင်းကို အရှင်ဇူရီရဲ့ ကျင့်ကြံခြင်းနယ်မြေထဲ ဝင်ရောက်ဖို့ ငါအကူအညီပေးနိုင်တယ်.. ဒါပေမဲ့ ငါမင်းကို တောင်းဆိုစရာ တစ်ခုတော့ရှိတယ်.. အဲဒါက မင်းရဲ့ဘေးနားက ရုပ်သေးရုပ်ကို အသုံးပြုခွင့်ပေးဖို့ပဲ”
အရှင်နှင်းမှုန်က ကျန်းချန်ကို ပေါ့ပါးစွာ ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် ကျန်းချန်က ခေါင်းခါရမ်းကာ ငြင်းပယ်လိုက်သည်။
“စိတ်မကောင်းပါဘူး စီနီယာ.. ကျွန်တော် အဲဒါကို သဘောမတူနိုင်ဘူး”
သူ၏ နံဘေးမှ ရုပ်သေးရုပ်သည် အင်မော်တယ်ဘုရင် ရုပ်အလောင်းကို သန့်စင်ထားခြင်း ဖြစ်သည်။
ထို့အပြင် အင်မော်တယ်ဧကရာဇ်ရှချင်း၏ သန့်စင်ခြင်းနည်းလမ်းသည် အလွန်တရာပင် ဆန်းကြယ်၍ သူ၏ စွမ်းရည် တိုးတက်လာသည်နှင့် အမျှ အင်မော်တယ်ဘုရင်ရုပ်အလောင်း၏ စွမ်းရည်သည်လည်း တိုးမြင့်လာနိုင်၏။
လက်ရှိအချိန်တွင် အင်မော်တယ်ဘုရင် ရုပ်အလောင်းသည် တလော့ အထွတ်အထိပ် အဆင့်နှင့်ပင် နှိုင်းယှဥ်နိုင်သောစွမ်းအားမျိုး ရှိနေပြီ ဖြစ်သည်။
သူ၏ စွမ်းရည်များ ဆက်လက် တိုးတက်လာသည်နှင့်အမျှ အင်မော်တယ်ဘုရင် ရုပ်အလောင်းသည် ထိုက်ယီအဆင့်နှင့်ပင် နှိုင်းယှဥ်နိုင်သော စွမ်းအားမျိုး ရှိလာနိုင်၏။
၎င်းက ယခုအခါတွင် သူ၏ အကြီးမားဆုံးဝှက်ဖဲလည်း ဖြစ်ရာ ကျန်းချန်အနေဖြင့် ကျိရီအင်မော်တယ်တောင်တန်း အတွက်ကြောင့်နှင့် အင်မော်တယ်ဘုရင် ရုပ်အလောင်းကို အရှင်နှင်းမှုန် ထံသို့ အဘယ်ကြောင့် အလွယ်တကူ လွှဲပြောင်းပေးနိုင်ပါမည်နည်း။
အရှင်နှင်းမှုန်က တည်ငြိမ်စွာ ပြောလိုက်သည်။
“စိတ်မပူပါနဲ့ ငါက ရုပ်သေးရုပ်ကို ယာယီပဲ ငှားရမ်းမှာပါ.. ငါ ဒီအင်မော်တယ်တောင်တန်းကနေ ထွက်ခွာသွားတဲ့အခါ မင်းကို ပြန်လည် ပေးအပ်ပါ့မယ်”
ကျန်းချန်က မချိပြုံး ပြုံးလိုက်သည်။
“စီနီယာ ကျွန်တော်က သဘောမတူချင်တာ မဟုတ်ဘူး.. ဒီရုပ်သေးရုပ်က နည်းနည်းထူးခြားလို့ပါ.. တကယ်လို့ ကျွန်တော်က ငှားပေးဖို့ ဆန္ဒရှိနေရင်တောင် စီနီယာက ဒီရုပ်သေးရုပ်ကို အသုံးပြုနိုင်လိမ့်မယ်လို့ ကျွန်တော် မထင်ဘူး”
“အဲဒီလိုလား.. ဒါဆိုရင် ငါအရင်စမ်းကြည့်မယ်”
စကားဆုံးသည်နှင့် အရှင်နှင်းမှုန်သည် ခရစ္စတယ်အလင်းတန်း တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ကျန်းချန်နံဘေးရှိ အင်မော်တယ်ဘုရင် ရုပ်အလောင်း ထံသို့ တိုက်ရိုက်ပင် တိုးဝင်သွားခဲ့သည်။
အခန်း(၂၈၇၆)ပြီး၏။