← Chapters

အခန်း (၂၈၇၇-၂၈၇၈)

Vol. 228 Ch. 2877-2878

အခန်း (၂၈၇၇-၂၈၇၈)

Vol. 228 Ch. 2877-2878

အခန်း(၂၈၇၇)

အရှင်နှင်းမှုန်သည် အင်မော်တယ်ဘုရင် ရုပ်အလောင်း အတွင်းသို့ ဝင်ရောက်ပြီးနောက်တွင် အင်မော်တယ်ဘုရင် ရုပ်အလောင်းကို ထိန်းချုပ်ရန် ကြိုးပမ်းလိုက်သည်။

မကြာမီမှာပင် အရှင်နှင်းမှုန်သည် အင်မော်တယ်ဘုရင် ရုပ်အလောင်း၏ သန့်စင်ခြင်းနည်းစနစ်က အလွန်တရာပင် ဆန်းကြယ်ပြီး အနက်ရောင်ဝတ်စုံဝတ် လူငယ်နှင့် တစ်သားတည်းဖြစ်လုနီးပါး ပေါင်းစပ်ထားကြောင်း ရှာဖွေတွေ့ရှိသွားခဲ့သည်။

သူက အနက်ရောင်ဝတ်စုံဝတ် လူငယ်နှင့် ရုပ်သေးရုပ် အကြားရှိ ဆက်သွယ်မှုကို ဖြတ်တောက်ရန် ကြိုးစားခဲ့သည်။

သို့သော်လည်း သူ၏ စွမ်းရည်ဖြင့်ပင် အနည်းငယ်မျှ အရာမထင်ခဲ့ချေ။

အရှင်နှင်းမှုန်က အတော်လေး ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။

သူက ဝိညာဥ် အကြွင်းအကျန်မျှသာ ရှိတော့သော်လည်း သူ၏ အထွတ်အထိပ် ကာလတွင် ဟန်ယွင်အင်မော်တယ်အဆင့်သို့ ရောက်ရှိခဲ့ဖူးပြီး လက်ရှိ အချိန်တွင်လည်း တလော့အင်မော်တယ်ထက် မနိမ့်ကျသည့် စွမ်းအားမျိုးကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။

သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ထူးချွန်သောပါရမီ ရှိသော်လည်း ကျင့်ကြံခြင်းအဆင့်ကမူ ရွှေအင်မော်တယ် သတ္တမအဆင့်မျှသာ ရှိနေသေးသည်။

ထိုအနက်ရောင်ဝတ်စုံဝတ် လူငယ်နှင့် ရုပ်သေးရုပ် အကြားရှိ ဆက်သွယ်မှုကို သူကိုယ်တိုင်ပင်လျှင် ဖြတ်တောက်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ဟု သူ မထင်ထားခဲ့ချေ။

အရှင်နှင်းမှုန်က အင်မော်တယ်ဘုရင် ရုပ်အလောင်းကို ထိန်းချုပ်ရန် ကြိုးပမ်းလိုက်သည့်အခါတွင် အင်မော်တယ်ဘုရင် ရုပ်အလောင်း၏ အရှင်သခင်ဖြစ်သော ကျန်းချန်သည် သဘာဝကျစွာပင် အာရုံခံစားလိုက်မိသည်။

အရှင်နှင်းမှုန်အနေဖြင့် အင်မော်တယ်ဘုရင် ရုပ်အလောင်းကို မည်သို့မျှ မထိန်းချုပ်နိုင်သည်ကို မြင်လျှင် သူ၏နှုတ်ခမ်းထောင့်တွင် ခပ်ယဲ့ယဲ့ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူ့အတွက် အင်မော်တယ်ဘုရင် ရုပ်အလောင်းကို သန့်စင်ပေးခဲ့သောပုဂ္ဂိုလ်သည် ဒဏ္ဍာရီလာ အင်မော်တယ် ဧကရာဇ်တစ်ပါး ဖြစ်သည်။

ထိုကဲ့သို့သော ပုဂ္ဂိုလ်က သန့်စင်ထားသော ရုပ်သေးရုပ်ကို အရှင်နှင်းမှုန်၏ ဝိညာဥ်အကြွင်းအကျန် မပြောနှင့်၊ အထွတ်အထိပ်ကာလက အရှင်နှင်းမှုန် ကိုယ်တိုင် ဖြစ်နေလျှင်ပင် လုံးဝ တတ်နိုင်လိမ့်မည် မဟုတ်ချေ။

“ကောင်လေး မင်းရဲ့ရုပ်သေးရုပ်ကို သန့်စင်ထားတဲ့ နည်းလမ်းက တကယ်ကို ဆန်းကြယ်တာပဲ.. ဒါပေမဲ့ အဲလိုဖြစ်နေရင်တောင် ဒီအရှင်အနေနဲ့ ရုပ်သေးရုပ်ကို ခဏ ငှားရမ်းဖို့တော့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး.. အချိန်ကာလတစ်ခုလောက်ပဲ ငါ့ကို ရုပ်သေးရုပ် ထိန်းချုပ်ခွင့်ပေးပါ.. ဘယ်လိုသဘောရလဲ”

ခဏအကြာတွင် အရှင်နှင်းမှုန်၏ အနည်းငယ် အံ့အားသင့်ကာ ‌ရေရွတ်လိုက်သောအသံသည် အင်မော်တယ်ဘုရင်ရုပ်အလောင်းထံကနေ ထွက်ပေါ်လာခဲ့သည်။

သူ့တွင် ရုပ်အလောင်းကို အသုံးပြုရန် နည်းလမ်း ရှိသော်လည်း ကျန်းချန်နှင့် ရုပ်အလောင်း ကြားရှိ ဆက်သွယ်မှုကိုမူ မဖြတ်တောက်နိုင်ခဲ့ချေ။

ဆိုလိုသည်မှာ သူ့အနေဖြင့် ရုပ်အလောင်းကို ငှားရမ်းလိုလျှင် ကျန်းချန်၏ ခွင့်ပြုချက်ကို သေချာပေါက် ယူရလိမ့်မည် ဖြစ်သည်။

ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။

“စီနီယာဘက်က ပြဿနာမရှိဘူး ဆိုရင် ကျွန်တော့်ဘက်ကလည်း ဘာပြဿနာမှ မရှိပါဘူး”

အင်မော်တယ်ဘုရင် ရုပ်အလောင်းသည် တလော့ အထွတ်အထိပ် အဆင့်ထက်ပင် မနိမ့်ကျသော စွမ်းအားကို ပိုင်ဆိုင်ထားသည်။

ယခုအခါတွင် အရှင်နှင်းမှုန်က အင်မော်တယ်ဘုရင် ရုပ်အလောင်း အတွင်းသို့ ဝင်ရောက်သွားပြီ ဖြစ်ရာ အင်မော်တယ်ဘုရင် ရုပ်အလောင်းသည် ပိုမို အစွမ်းထက်သော ခွန်အားကို သေချာပေါက် ထုတ်ဖော်နိုင်လိမ့်မည် ဖြစ်သည်။

အင်မော်တယ်ဘုရင် ရုပ်အလောင်းက သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသရွေ့ အရှင်နှင်းမှုန် အနေဖြင့် အင်မော်တယ်ဘုရင် ရုပ်အလောင်း ထဲတွင် ရှိနေလျှင်ပင် မည်သည့်ပြဿနာမျှ ရှိလိမ့်မည် မဟုတ်ချေ။

ဆိုရလျှင် သူက အတွေးတစ်ချက်ဖြင့်ပင် အရှင်နှင်းမှုန်ကို အင်မော်တယ်ဘုရင်၏ ရုပ်အလောင်းအား မထိန်းချုပ်နိုင်အောင် ပြုလုပ်နိုင်သည် ဖြစ်ရာ ဘာမျှ စိုးရိမ်ပူပန်နေစရာ မလိုအပ်ချေ။

ကျန်းချန်၏ ခွင့်ပြုချက်ဖြင့် အရှင်နှင်းမှုန်သည် အင်မော်တယ်ဘုရင် ရုပ်အလောင်းကို ထိန်းချုပ်နိုင်ခဲ့သည်။

အရှင်နှင်းမှုန်က အင်မော်တယ်ဘုရင် ရုပ်အလောင်းကို ထိန်းချုပ်လိုက်ပြီးနောက်တွင် အင်မော်တယ်ဘုရင် ရုပ်အလောင်း၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်း တစ်ခု ဖျတ်ခနဲပေါ်လာခဲ့သည်။

ထို့နောက်တွင် အရှင်နှင်းမှုန်က ကျန်းချန်ကို ပြောလိုက်သည်။

“ကောင်လေး သွားကြစို့.. ဒီအရှင်က မင်းကို ကျိရီအင်မော်တယ်တောင်တန်းဆီ ခေါ်သွားပေးမယ်.. ဒီအရှင်နဲ့ ဇူရီဆိုတဲ့‌ကောင်ရဲ့ ကြားက ရန်ငြိုးတွေကို ရှင်းရမဲ့ အချိန်တန်ပြီ”

ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်နှာထက်တွင် စူးစမ်းလိုသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“စီနီယာနဲ့ အရှင်ဇူရီ တို့က ရန်ငြိုးရှိလို့လား”

“သိပ်ရှိတာပေါ့.. ဒီအရှင်နဲ့ ဇူရီ ဆိုတဲ့ကောင်က ကမ္ဘာမကြေရန်သူတွေပဲ”

အရှင်နှင်းမှုန်က အေးစက်စက် ပြောလိုက်သည်။

“ဒီအရှင် ဒီနေရာမှာ သေဆုံးခဲ့ရတာက ဒီကောင့် လက်ချက်ပဲ.. ဒါကြောင့် တစ်နေ့ကျရင် ဒီကောင့်ကို ဆယ်ဆ ပြန်လည် ပေးဆပ်စေရမယ်လို့ ကျိန်ဆိုထားတယ်”

အရှင်နှင်းမှုန်၏ စကားကိုကြားလျှင် ကျန်းချန်သည် ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။

“စီနီယာရဲ့ စကားအရဆိုရင် အရှင်ဇူရီက သက်ရှိထင်ရှား ရှိနေသေးတဲ့ သဘောလား”

အရှင်ဇူရီသည် ဟန်ယွင် အထွတ်အထိပ်အဆင့် ကျင့်ကြံသူ ဖြစ်ပြီး အင်မော်တယ် ဘုရင်အဆင့်ကို ထိုးဖောက်ရန် ခြေတစ်လှမ်းမျှသာ လိုတော့သည့် ပုဂ္ဂိုလ် ဖြစ်သည်။

ဤကဲ့သို့ ပြိုင်ဘက်ကင်း အစွမ်းထက်ပုဂ္ဂိုလ်က သက်ရှိထင်ရှား ရှိနေသေးသည် ဆိုလျှင် သူတို့အနေဖြင် ကျိရီအင်မော်တယ် တောင်တန်းကို သွားရောက် ရှာဖွေခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးသည်နှင့် အတူတူပင် ဖြစ်ပေလိမ့်မည် မဟုတ်ပါလော။

“အဲဒီအဘိုးကြီးက ဝိရောဓိနယ်မြေထဲမှာ ခေတ်တစ်ခေတ်ကို လွှမ်းမိုးထားတဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ.. ဒ့ါအပြင် သူရဲ့ကျင့်ကြံခြင်းအဆင့်က ဟန်ယွင် အထွတ်အထိပ် အဆင့်ကိုတောင် ရောက်နေပြီ.. ဘယ်လိုလုပ်ပြီး သူက အလွယ်တကူ ကျဆုံးသွားနိုင်မှာလဲ”

အရှင်နှင်းမှုန်က အေးစက်စက် ပြောလိုက်သည်။

“အဲဒီအဘိုးကြီး အစွမ်းကုန် ကြိုးစားနေတာက အင်မော်တယ်ဘုရင်အဆင့်ကို ထိုးဖောက်ဖို့ပဲ.. ဒီတစ်ကြိမ်မှာတော့ ဒီအရှင်က သူ့ရဲ့ အစီအစဥ်ကို လုံးဝ ဖျက်ဆီးပစ်မယ်”

အရှင်နှင်းမှုန်၏ စကားဆုံးသည်နှင့် ဖုန်းချီအင်မော်တယ်တောင်တန်း တစ်ခုလုံးက ရုတ်တရက် တုန်ခါသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် လောင်ကျွမ်းလုမတတ် ပူပြင်းသော အငွေ့အသက် တစ်ခုသည် ဖုန်းချီအင်မော်တယ်တောင်တန်း၏ အစိတ်အပိုင်း တစ်ခုကနေ ရုတ်တရက် ပျံ့နှံ့လာခဲ့သည်။

တစ်ခဏအတွင်းမှာပင် ဖုန်းချီအင်မော်တယ် တောင်တန်းတစ်ခုလုံးသည် ကြီးမားသော မီးပြင်းဖိုကြီး တစ်ခုနှယ် ပြောင်းလဲသွားခဲ့ပြီး အပူချိန်က တစ်ခဏအတွင်း နှစ်ဆမက မြင့်တက်သွားခဲ့သည်။

ကျန်းချန်တို့ ရှိနေသည့် ချိုင့်ဝှမ်း ပတ်ဝန်းကျင်ရှိ ရေခဲနှင့်နှင်းများသည် ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဟုန်ဖြင့် အရည်ပျော်သွားခဲ့ကြသည်။

“ဒါက ကျိရီအင်မော်တယ်တောင်တန်းရဲ့ အရှိန်အဝါပဲ”

ပူပြင်းသော အငွေ့အသက်များ ထွက်ပေါ်လာသည့်နေရာကိုစိုက်ကြည့်ကာ အရှင်နှင်းမှုန်၏ အကြည့်က ပိုမို၍ အေးစက်လာခဲ့သည်။

“ကျိရီအင်မော်တယ်တောင်တန်းက အချိန်မတိုင်ခင် ထွက်ပေါ်လာတယ် ဆိုတော့ အဘိုးကြီးဇူရီက တစ်ခုခုကို အာရုံခံမိသွားပုံပဲ”

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

ကျိရီ အင်မော်တယ်တောင်တန်း ဆိုသည်မှာ ဝိရောဓိနယ်မြေ၏ ဒဏ္ဍာရီများထဲမှ နေရာတစ်ခု ဖြစ်သည်။

ဤမျှ ကြာမြင့်သော နှစ်များအတွင်း အရှင်ထိုက်ယွမ်မှ လွဲ၍ ဝိရောဓိနယ်မြေထဲရှိ မည်သူကမျှ ကျိရီ အင်မော်တယ် တောင်တန်း၏ တည်နေရာကို မသိရှိခဲ့ကြပေ။

သို့ဖြစ်ရာ ထိုမျှလောက် ကြာမြင့်စွာ ပျောက်ကွယ်နေသည့် ကျိရီအင်မော်တယ်တောင်တန်းသည် အလိုအလျောက် ရုတ်တရက် ထွက်ပေါ်လာခြင်းမှာ သေချာပေါက် မရိုးရှင်းပေ။

ထို့ကြောင့် အရှင်နှင်းမှုန် ပြောခဲ့သလိုပင် အရှင်ဇူရီသည် အင်မော်တယ် လောကထဲတွင် သက်ရှိထင်ရှား ရှိနေသေးပြီး ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် အစီအစဥ် တချို့ကို ကြံရွယ်နေသည်မှာ ဖြစ်နိုင်လောက်သည်။

“သွားကြစို့.. ငါတို့ အဲဒီအဘိုးကြီးနဲ့ သွားတွေ့ကြတာပေါ့.. ဒီအရှင်က သူ ကျိရီအင်မော်တယ်တောင်တန်း ထဲမှာ ဘာတွေ စီစဥ်ထားလဲ ဆိုတာ ကြည့်ချင်သေးတယ်”

ထိုစကားကို ပြောပြီးနောက်တွင် အရှင်နှင်းမှုန်သည် အင်မော်တယ်ဘုရင် ရုပ်အလောင်းကို ထိန်းချုပ်ကာ ပူပြင်းသည့် အငွေ့အသက်များ ထွက်ပေါ်လာသည့် အရပ် ဆီသို့ လျင်မြန်သော အရှိန်အဟုန်ဖြင့် ထွက်ခွာသွားခဲ့သည်။

ကျန်းချန်နှင့် ဖုန်းချန်ရှင်း တို့ကလည်း တုံ့ဆိုင်းမနေဘဲ နောက်ကနေ လျင်မြန်စွာ လိုက်ပါသွားခဲ့ကြ၏။

ဖုန်းချီအင်မော်တယ် တောင်တန်း အတွင်းမှ ရုတ်တရက် အပြောင်းအလဲသည် ကျိရီအင်မော်တယ်တောင်တန်း၏ သဲလွန်စကို ရှာဖွေနေကြသည့် လူတိုင်းအား တစ်ခဏအတွင်း ဆွဲဆောင်နိုင်ခဲ့သည်။

ရုတ်တရက် ဖြစ်ပေါ်လာသော ဖြစ်စဥ်ကြောင့် လူအများအပြား အံ့အားသင့်သွားကြ၏။

“တကယ်ကို ကြောက်မက်ဖွယ် ပူပြင်းတဲ့ အရှိန်အဝါပဲ.. ဒီဖုန်းချီ အင်မော်တယ် တောင်တန်းထဲမှာ မီးလမ်းစဥ် အထူးပြု ပြိုင်ဘက်ကင်း အင်မော်တယ်ရတနာ တစ်ခုခုများ ရှိနေတာလား”

“ဒီလောက် အစွမ်းထက်တဲ့ အရှိန်အဝါဆိုရင် တလော့အဆင့်ထက် သာလွန်တဲ့ အရှိန်အဝါပဲ ဖြစ်ရမယ်”

“ မင်းတို့တွေ ကျိရီအင်မော်တယ်တောင်တန်းက ဒီဖုန်းချီအင်မော်တယ်တောင်တန်း ထဲမှာ ရှိနေတယ်ဆိုတဲ့ အရေးကြီးအချက်ကို မေ့နေပုံပဲ.. ငါ့ရဲ့ခန့်မှန်းချက်သာ မမှားရင် ဒဏ္ဍာရီလာ ကျိရီအင်မော်တယ်တောင်တန်း ထွက်ပေါ်လာတာ ဖြစ်ဖို့ ဆယ်ပုံကိုးပုံလောက် သေချာနေပြီ.. သွားစို့ ငါတို့ အမြန် သွားကြည့်ကြရအောင်”

“.............”

လူတိုင်းက ထိုကိစ္စနှင့် ပတ်သက်၍ အချင်းချင်း ပြောဆိုခဲ့ကြပြီးနောက်တွင် ပူပြင်းသော အငွေ့အသက်များ ထွက်ပေါ်လာရာ အရပ်ဆီသို့ အပြေးအလွှား သွားရောက်ခဲ့ကြသည်။

ဖုန်းချီအင်မော်တယ်တောင်တန်း၏ နက်ရှိုင်းသော နေရာတွင် သိပ်မထင်ရှားသော တောင်ထိပ်တစ်ခု ရှိနေပြီး ထိုတောင်ထိပ်၏ အပြင်ဘက်ရှိ ဟင်းလင်းပြင်ထဲတွင် မရေမတွက်နိုင်သော လူရိပ်များ စုဝေး ရောက်ရှိနေကြသည်။

ဤအချိန်တွင် အားလုံး၏ အကြည့်သည် တောင်ထိပ်၏ နေရာတစ်ခု ဆီသို့ စုပြုံ၍ ကျရောက်နေခဲ့သည်။

ထိုနေရာတွင် မီး‌တောင်ပေါက်ကွဲ သကဲ့သို့ အလွန်တရာပူပြင်းသော အငွေ့အသက်များ ထွက်ပေါ်နေသည်ကို အားလုံးကို မြင်တွေ့လိုက်ရသည်။

ပူပြင်းသော အငွေ့အသက်များ ထွက်ပေါ်လာသည့် နေရာတွင် ဆယ်ပေခန့် အရွယ်အစားရှိသည့် ဟင်းလင်းပြင် တွင်းနက်ကြီး တစ်ခု ရှိနေခဲ့သည်။

အားလုံးက တွင်းနက်ကြီးထဲကို လှမ်းကြည့်လိုက်ရာ နီရဲသောအလင်းတန်းများ လွှမ်းခြုံနေသည့် လျှို့ဝှက်ဆန်းကြယ်သော တောင်တန်းကြီး တစ်ခုကို ခပ်ရေးရေး မြင်တွေ့လိုက်ရသည်။

“ဒါ ကျိရီအင်မော်တယ် တောင်တန်းပဲ”

ကျင့်ကြံသူများ အနေဖြင့် တကူးတက တွေးနေစရာ မလိုလောက်အောင်ပင် ဟင်းလင်းပြင်တွင်းနက်ကြီး ထဲရှိ လျှို့ဝှက်ဆန်းကြယ်သောတောင်တန်းက ဒဏ္ဍာရီလာ ကျိရီအင်မော်တယ်တောင်တန်းသာ ဖြစ်လိမ့်မည်ဟု ခန်းမှန်းမိလိုက်သည်။

အခန်း(၂၈၇၇)ပြီး၏။

အခန်း(၂၈၇၈)

“ကျိရီအင်မော်တယ်တောင်တန်း ထွက်ပေါ်လာပြီဟေ့.. တစ်သက်မှာ တစ်ခါပဲ ကြုံရမဲ့ အခွင့်အ‌ရေးက မျက်စိရှေ့မှာရောက်နေပြီ.. အားလုံးပဲ အမြန်သွားကြစို့”

လူတိုင်းက တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက်တွင် အဆုံးသတ်၌ တစ်စုံတစ်ယောက်သည် ဆက်လက်ရ မအောင့်အီးနိုင်တော့ဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ တောင်ထိပ်ပေါ်ရှိ ဟင်းလင်းပြင် တွင်းနက်ကြီး ဆီသို့ အပြေးအလွှားဦးတည်သွားခဲ့သည်။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

ဤအခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ မျက်ဝန်းများတွင် လောဘ အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။

သူတို့က စွမ်းအားရှိသမျှကို ထုတ်ဖော်၍ ကျိရီ အင်မော်တယ်တောင်တန်း၏ ဝင်ပေါက်ဖြစ်သည့် ဟင်းလင်းပြင်တွင်းနက်ကြီး ဆီသို့ အစွမ်းကုန် ပြေးသွားခဲ့ကြသည်။

ကျိရီအင်မော်တယ်တောင်တန်း ဆိုသည်မှာ ဝိရောဓိနယ်မြေ၏ တစ်ချိန်က နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်သည့် အရှင်ဇူရီကျင့်ကြံသော နယ်မြေ ဖြစ်၍ ထိုနေရာတွင် အရှင်ဇူရီ ချန်ထားရစ်ခဲ့သည့် အခွင့်အလမ်း အမွေအနှစ်များ ရှိနေမည်မှာ သေချာသလောက်ပင်။

ယခုအခါ ကျိရီအင်မော်တယ်တောင်တန်းသည် သူတို့ မျက်စိရှေ့မှောက်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ကျင့်ကြံသူများသည် ကျိရီအင်မော်တယ် တောင်တန်း အတွင်းမှ အခွင့်အလမ်းများအား ရယူရန်အတွက် ကျိရီအင်မော်တယ်တောင်တန်း ထဲသို့ သူ့ထက်ငါ ဦးအောင် အပြေးအလွှား ဝင်ရောက်လိုကြ၏။

သို့သော်လည်း ပင်ကိုဗီဇအရ ပိုမို၍ သတိကြီးသော ကျင့်ကြံသူ တချို့ကမူ မလှုပ်ရှားသေးပေ။

သူတို့က လှုပ်ရှားရန် အလျင်မလိုဘဲ ဟင်းလင်းပြင်တွင်းနက်ကြီး ဆီသို့ ဦးတည် ပြေးလွှားနေကြသည့် ကျင့်ကြံသူများကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ကြသည်။

“ဝုန်း..”

လူတချို့က ဟင်းလင်းပြင် တွင်းနက်ကြီး ဆီသို့ ချဥ်းကပ်လုနီးပါးအချိန်မှာပင် ဟင်းလင်းပြင် တွင်းနက်ကြီးထဲကနေ ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာခဲ့ပြီး တလော့အင်မော်တယ်ကိုပင် ထိတ်လန့်တုန်လှုပ်သွားစေလောက်သည့် ပြင်းထန်သော မီးစွမ်းအင် တစ်ခုသည် မီးမုန်တိုင်းနှယ် ထွက်ပေါ်လာခဲ့သည်။

အရင်ဆုံး ပြေးသွားကြသည့် သူများသည် မျက်စိတစ်မှိတ်အတွင်းမှာပင် မီးမုန်တိုင်း၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။

“အား..”

“အား..ကယ်ပါဦး”

စူးရှသော အော်ဟစ်ညည်းညူသံများက ပတ်ဝန်းကျင်တွင် အစီအရီ ပဲ့တင်ထပ်သွားခဲ့သည်။

ပြင်းထန်သော မီးမုန်တိုင်းသည် ဂျုံပင်များကို ရိတ်သိမ်းနေသကဲ့သို့ပင် အပြေးအလွှား ရောက်ရှိလာသည့် လူအုပ်ကြီးကို ဘာမှမကျန်ရှိသည် အထိ တစစီ လောင်ကျွမ်းပြာချ ပစ်လိုက်သည်။

အနည်းငယ် နောက်ကျ ကျန်ခဲ့သော လူတချို့ကမူ တစ်ခဏ အတွင်းမှာပင် မျက်နှာများ သွေးဆုတ် ဖြူရော်သွားခဲ့ပြီး ထိတ်လန့် တုန်လှုပ်သွားကြသည်။

တစ်ခဏအတွင်းမှာပင် ပတ်ဝန်းကျင် ကောင်းကင်ယံသည် ပရမ်းပတာ ဖြစ်သွားခဲ့ပြီး ညည်းညူသံများဖြင့် ဆူညံနေခဲ့သည်။

မီးမုန်တိုင်းသည် ကျယ်ပြောသော ဟင်းလင်းပြင်ကို ရိုက်ခတ်ပြီးနောက်တွင် အဆုံးသတ်၌ တဖြည်းဖြည်း အားပျော့သွားခဲ့သည်။

ထိုအခါမှသာ ကျန်ရှိသော ကျင့်ကြံသူများက သက်ပြင်းချနိုင်ခဲ့ကြ၏။

သူတို့က မျက်ဝန်းများကို အသာအယာ ဝေ့ကြည့်၍ အကဲခတ်လိုက်ရာ ကျိရီအင်မော်တယ်တောင်တန်း ဆီသို့ အစောပိုင်းက အပြေးအလွှား သွားရောက်ခဲ့ကြသည့် ရာပေါင်းများစွာသော ကျင့်ကြံသူများ ထဲတွင် တစ်ဒါဇင်ခန့်မျှသာ မီးမုန်တိုင်း၏ အောက်တွင် အသက်ဘေးမှ လွတ်မြောက်လာခဲ့ပြီး ကျန်ရှိသော လူအားလုံးကမူ မီးမုန်တိုင်းအောက်တွင် ဘာမှမကျန်ရှိသည်အထိ အငွေ့ပျံ ပျောက်ကွယ်သွားသည်ကို တွေ့ရှိလိုက်ရသည်။

“တကယ့်ကို ကြောက်ဖို့ကောင်းလိုက်တဲ့ စွမ်းအားပါလား.. မရေမတွက်နိုင်တဲ့ နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့တာတောင်မှ ဒီလောက်အထိ ကြောက်စရာကောင်းတဲ့ သက်ရောက်မှုမျိုး ရှိနေသေးတယ်.. ဟန်ယွင်အင်မော်တယ်တစ်ပါးရဲ့ ကျင့်ကြံခြင်းနယ်မြေ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်ပါပေတယ်”

မီးမုန်တိုင်း၏ ကြောက်မက်ဖွယ် အဖျက်စွမ်းအင်ကို မြင်လိုက်ရလျှင် ပတ်ဝန်းကျင်ရှိ တလော့အင်မော်တယ်များ ပင်လျှင် အသက် ခပ်ပြင်းပြင်းမရှူဘဲ မနေနိုင်ခဲ့ချေ။

ကျန်းချန်က ထိုနေရာသို့ ရောက်ရှိလာသောအခါတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများက မီးမုန်တိုင်း၏ ဝါးမျိုခြင်းကို ခံလိုက်ရသည့် မြင်ကွင်းအား တိုက်တိုက်ဆိုင်ဆိုင် မြင်တွေ့လိုက်ရသဖြင့် တစ်ခဏအတွင်းမှာပင် သူ၏ အကြည့်က ပို၍ လေးနက်လာခဲ့သည်။

“ကျိရီ အင်မော်တယ် တောင်တန်းရဲ့ ဝင်ပေါက်မှာရှိတဲ့ တားမြစ်အစီအရင်က တကယ်ကို သာမန် အစီအရင်မဟုတ်ဘူးပဲ.. ဒီအတိုင်းကို အထဲကို ဝင်ဖို့က မလွယ်ကူလောက်ဘူး”

အရှင်နှင်းမှုန်က တည်ငြိမ်စွာ ပြောလိုက်သည်။

“မစိုးရိမ်ပါနဲ့.. ဒီဝင်ပေါက်ရဲ့ တားမြစ်အစီအရင်က တစ်ကြိမ်ပဲ လှုံ့ဆော်နိုင်စွမ်းရှိတယ်.. အခုအချိန် အထဲကို ဝင်မယ်ဆိုရင် ဘာအတားအဆီးမှ ရှိတော့မှာ မဟုတ်ဘူး”

“စီနီယာ.. ဒါဖြစ်နိုင်ပါ့မလား”

ကျန်းချန်က သံသယ အမူအရာဖြင့် မေးလိုက်သည်။

“ကျွန်တော် သိသလောက်ဆိုရင် ဝိရောဓိနယ်မြေထဲမှာ ကျိရီအင်မော်တယ် တောင်တန်းထဲကို ဝင်သွားခဲ့ဖူးတဲ့ လူတစ်ယောက် ရှိခဲ့ဖူးတယ်.. ဒီအတားအဆီးက စီနီယာ ပြောသလို တစ်ကြိမ်ပဲ လှုံ့ဆော်လို့ရတယ်ဆိုရင် အစောကြီးကတည်းက ပွင့်သွားခဲ့ရမှာ မဟုတ်ဘူးလား”

ထိုစကားကိုကြားလျှင် အရှင်နှင်းမှုန်က တစ်ခဏမျှ မှင်တက်သွားခဲ့သည်။

“ကျိရီ အင်မော်တယ် တောင်တန်း ထဲကို တစ်စုံတစ်ယောက်က ဝင်သွားခဲ့ဖူးတယ်လား”

“ဒါက တကယ်ပါ စီနီယာ”

ဖုန်းချန်ရှင်းက အရှင်ထိုက်ယွမ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို အလျင်အမြန်ပင် အရှင်နှင်းမှုန်အား ပြောပြလိုက်သည်။

“တကယ်တော့ ကျိရီအင်မော်တယ်တောင်တန်း ဆိုတာက အရှင်ဇူရီ ဖန်တီးထားတဲ့ ဟင်းလင်းပြင်တစ်ခုပါပဲ.. ဒါကြောင့် ဒီဝင်ပေါက် အပြင် တခြားနေရာကနေ ဝင်ဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး”

အရှင်နှင်းမှုန်၏ မျက်ဝန်းများက အရောင်လက်သွားခဲ့သည်။

“ဒါပေမဲ့ အရှင်ထိုက်ယွမ် အနေနဲ့ ကျိရီအင်မော်တယ်တောင်တန်းထဲကို ဝင်သွားပြီးရင် အသက်ရှင်လျက် ပြန်ထွက်လာနိုင်ဖို့က ဘယ်လိုမှ မလွယ်ကူလောက်ဘူး”

သူနှင့် အရှင်ဇူရီ တို့သည် ကမ္ဘာမကြေရန်သူဟောင်းများ ဖြစ်ကြ၍ အရှင်ဇူရီ အကြောင်းကို အရှင်နှင်းမှုန်က ကောင်းစွာ သိရှိထားခဲ့သည်။

အရှင်ဇူရီ၏ ရည်ရွယ်ချက် အစစ်အမှန်ကို သူက ပို၍ပင် သိရှိထားခဲ့သည်။

ထိုစဥ်က တိုက်ပွဲတွင် အရှင်ဇူရီသည် အလွန်တရာ ကြီးမားသော အဖိုးအခကို ပေးဆပ်ခဲ့ရသော်လည်း နောက်ပိုင်းတွင် မည်သို့ ဆက်ဖြစ်သည်ကို အရှင်နှင်းမှုန် မသိရှိခဲ့ချေ။

သို့သော် သူသေချာပေါက် သိထားသော အချက်တစ်ချက်မှာ အရှင်ဇူရီသည် ကျိရီအင်မော်တယ်တောင်တန်းထဲသို့ ဝင်ရောက်လာသူများကို မည်သို့မျှ အသက်ရှင်လျက် ပြန်ထွက်သွားခွင့်ပေးမည် မဟုတ်ခြင်းပင်။

ဤပုံအတိုင်းဆိုလျှင် အရှင်ထိုက်ယွမ်သည် အရှင်ဇူရီ၏ အသုံးချခြင်းကို ခံနေရပြီ ဖြစ်နိုင်၏။

ကျန်းချန်တို့ စကားပြောဆိုနေကြစဥ်မှာပင် သူတို့ ရှိနေသည့်ပတ်ဝန်းကျင်သို့ လူအများအပြား ပိုမို၍ စုစည်း ရောက်ရှိလာခဲ့ကြသည်။

တိကွန်အင်မော်တယ်နန်းတော်နှင့် လဲ့ယန်အင်မော်တယ်နန်းတော်အပါအဝင် ထိုက်ယီအဆင့် အင်အားစုလေးစုမှ လူအားလုံးသည်လည်း ရောက်ရှိလာခဲ့ကြသည်။

သို့ရာတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ကြောက်မက်ဖွယ်ရာကောင်းသော မြင်ကွင်းကြောင့် ထိုက်ယီအဆင့်အင်အားစု လေးစုမှ လူများ ပင်လျှင် ဟင်းလင်းပြင် တွင်းနက်ကြီးကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ကြပြီး အဆင်အခြင်မဲ့စွာ မလှုပ်ရှားဝံ့ကြပေ။

“သွားကြစို့.. အဘိုးကြီးဇူရီ အင်မော်တယ်ဘုရင် အဆင့်ကို ဘယ်လို ဖောက်ထွက်ချင်နေလဲ ဆိုတာ ငါကြည့်ချင်သေးတယ်”

ထိုစကားကို ပြောလိုက်ပြီးနောက်တွင် အရှင်နှင်းမှုန်သည် ချက်ချင်းဆိုသလိုပင် ကျန်းချန်နှင့် ဖုန်းချန်ရှင်း တို့ကို ခေါ်ဆောင်ကာ ကျိရီအင်မော်တယ်တောင်တန်း၏ ဝင်ပေါက် ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားခဲ့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရလျှင် လူတိုင်း၏ အကြည့်သည် ကျန်းချန်တို့ သုံးယောက်ပေါ်သို့ ကျရောက်သွားခဲ့သည်။

အလွန်လျင်မြန်စွာပင် အံ့ဩတုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

လူတိုင်း ခန့်မှန်းထားသကဲ့သို့ ကြောက်မက်ဖွယ် မီးလျှံမုန်တိုင်းက ဖြစ်ပေါ်မလာခဲ့ပေ။

ကျန်းချန်တို့ သုံးယောက်သည် မည်သည့် အတားအဆီးမှ မခံခဲ့ရဘဲ ဟင်းလင်းပြင် တွင်းနက်ကြီးကို ဖြတ်သန်းကာ ကျိရီအင်မော်တယ်တောင်တန်း အတွင်းသို့ ဝင်ရောက်သွားခဲ့ကြသည်။

ထိုအချိန်တွင်မှ ထိုက်ယီအဆင့် အင်အားစုလေးစု ဦးဆောင်သော ကျင့်ကြံသူ အများအပြားသည် ချက်ချင်းဆိုသလို လှုပ်ရှားလိုက်ကြပြီး ဟင်းလင်းပြင် တွင်းနက်ကြီး ထဲသို့ အပြေးအလွှား ဝင်ရောက်သွားခဲ့ကြသည်။

ဟင်းလင်းပြင် တွင်းနက်ကြီးကို ဖြတ်သန်းပြီးနောက်တွင် ကျန်းချန်နှင့် အခြားသော ကျင့်ကြံသူများသည် အလွန်တရာ ပူပြင်းသော အပူချိန်ရှိသည့် ရှေးဟောင်းတောင်တန်းကြီး တစ်ခု ဆီသို့ ရောက်ရှိလာခဲ့ကြသည်။

ထိုတောင်တန်းကြီး၏ နက်ရှိုင်းသော နေရာတွင် ကြီးမားသော ပုံရိပ် တစ်ခု ရှိနေခဲ့၏။

အဝေးမှ လှမ်းကြည့်လျှင် ၎င်းသည် တောင်တန်း၏ နက်ရှိုင်းသောနေရာတွင် ဝပ်ဆင်းနေသည့် ရှေးဟောင်းသားရဲကြီး တစ်ကောင်နှင့် ဆင်တူနေ၍ မြင်ရသူကို စိတ်နှလုံး တုန်လှုပ် ချောက်ချားသွားစေနိုင်သည်။

စင်စစ် ယင်းက ပေထောင်ချီ မြင့်မားသည့် ကြီးမားသော နန်းတော်ကြီး တစ်ခု ဖြစ်သည်။

သူတို့ရှေ့မှ နန်းတော်ကြီးကို မြင်လျှင် လူတိုင်း၏ မျက်လုံးများက အရောင်လက်လာခဲ့သည်။

ဤနန်းတော်ကြီးမှာ အရှင်ဇူရီ ချန်ထားရစ်ခဲ့သည့် နန်းတော်ဖြစ်ရန် အလားအလာ အလွန်များပြားနေသည် မဟုတ်ပါလော။

အားလုံးက နန်းတော်ကြီး ဆီသို့ တစ်ညီတညွတ်တည်း ဦးတည်သွားခဲ့ကြသည်။

သို့သော်လည်း ယခင်က မီးမုန်တိုင်း မြင်ကွင်းကြောင့် လူတိုင်းသည် ကျိရီအင်မော်တယ် တောင်တန်းက သာမန် နေရာ မဟုတ်မှန်း သိရှိထားကြသဖြင့် ပိုမို၍ သတိကြီးစွာ ထားခဲ့ကြသည်။

သူတို့အားလုံးက ထိုက်ယီအဆင့် အင်အားစု လေးစုမှ လူများကို ရှေ့ကနေ ဦးဆောင်စေပြီး နောက်ကနေသာ လိုက်ပါသွားခဲ့ကြသည်။

မကြာမီမှာပင် ကျင့်ကြံသူ အားလုံးသည် နန်းတော်ကြီးနှင့် ပေထောင်ချီ အကွာသို့ ရောက်ရှိလာခဲ့သည်။

နန်းတော်ကြီးနှင့် ပိုမို နီးကပ်လာလေလေ ပတ်ဝန်းကျင်ရှိ အပူချိန်က ပိုမို၍ ပူပြင်းလာလေလေ ဖြစ်သည်။

နန်းတော်တစ်ခုလုံးက နီရဲနေခဲ့ပြီး အဝေးမှ လှမ်းကြည့်လျှင် ကြီးမားသော မီးလျှံကြီး တစ်ခုနှင့်ပင် ဆင်တူနေခဲ့၏။

သာမန် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ ပင်လျှင် ထိုကြီးမားသော နန်း‌တော်ကြီးအနီးသို့ ချဥ်းကပ်လိုက်သည်နှင့် ပူပြင်းသော စွမ်းအားကြောင့် သေဆုံးသွားနိုင်သည်။

သူ့ရှေ့မှ နန်းတော်ကြီးကို ကြည့်ရင်း ကျန်းချန်က စိတ်နှလုံးထဲတွင် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။

ဒဏ္ဍာရီများအရ အရှင်ထိုက်ယွမ်သည် ကျိရီအင်မော်တယ်တောင်တန်း ထဲသို့ ဝင်ရောက်စဥ်တွင် ရွှေအင်မော်တယ်အဆင့်ကိုပင် ထိုးဖောက်နိုင်ခြင်း မရှိသေးပေ။

ထိုအချိန်က အရှင်ထိုက်ယွမ်၏ ခွန်အားဖြင့်သာ ဆိုလျှင် ဤ နန်းတော်ကြီး အနားသို့ ချဥ်းကပ်ရန်မှာ ဘယ်လိုမှ မဖြစ်နိုင်ပေ။

ထို့ကြောင့် အရှင်နှင်းမှုန် ပြောသကဲ့သို့ပင် အရှင်ထိုက်ယွမ်သည် ကျိရီအင်မော်တယ်တောင်တန်း ထဲသို့ ဝင်ရောက်ပြီးနောက်တွင် ကျင့်ကြံခြင်း အဆင့်များကို အရှိန်အဟုန်ဖြင့် ထိုးဖောက်နိုင်ခဲ့ခြင်းမှာ သေချာပေါက် ရိုးရှင်းပုံမရချေ။

အခန်း(၂၈၇၈)ပြီး၏။

All Chapters