အခန်း ၃၀၁
Vol. 31 Ch. 301
အခန်း ၃၀၁ - ဝမ်းမြောက်ခြင်း
အရာရှိကတော်က ထိုစကားကို ကြားသောအခါ နှုတ်ခမ်းကို အောက်သို့ကွေးချလိုက်ကာ မျက်နှာပေါ်တွင် အထင်အမြင်သေးသည့် အမူအရာဖြင့် ပြောလိုက်သည်။
“သမီးမိန်းကလေးက ဘာအသုံးကျမှာလဲ... နောက်ဆုံးတော့လည်း သူများအိမ်အတွက် ကိုယ့်ကိုယ်ကိုယ် စတေးရမှာပဲလေ... သွန်ပစ်လိုက်တဲ့ ရေလိုပဲပေါ့...”
နျိုနျိုလေးက ထိုစကားကို ကြားသောအခါ ကျန်းယွင်နန်အား နားမလည်နိုင်စွာဖြင့် လှည့်ကြည့်လာလေ၏။
မေမေ့ကို သံသယတွေ ဖော်ပြနေသည့်ပုံပင်။
ကျန်းယွင်နန်က သမီးလေး၏ နူးညံ့သော ဆံပင်လေးများကို နှစ်သိမ့်စွာ ထိတွေ့လိုက်ပြီး ပြန်လည်ချေပပေးချင်စိတ် ဖြစ်သွားခဲ့ချေပြီ။
သို့သော် ကလေးလေး၏ ပါးစပ်က ပိုမြန်နေမည်ဟု မထင်မှတ်ထားခဲ့ပေ။
နျိုနျိုလေးက မေးလိုက်သည်။
“ဒါပေမဲ့ အဒေါ်ကလည်း သမီးမိန်းကလေးပဲလေ... အဒေါ်ကကော ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူးလို့ ထင်နေတာလား... အဒေါ်လည်း သွန်ပစ်လိုက်တဲ့ ရေတစ်ခွက်လို ခံစားနေရတာလား...”
ကလေးမလေးက ချိုသာသော အသံလေးဖြင့် ပြောလိုက်သော်လည်း သာမန်လူများတွင် မရှိသော ထက်မြက်မှုတစ်ခု ပါဝင်နေလေသည်။
ပြုံးနေဆဲဖြစ်သော အရာရှိကတော်မှာ ထိုစကားကို ကြားသောအခါ ကျောချမ်းသွားရတော့၏။
အရာရှိကတော်က မေးလိုက်သည်။
“ကောင်မလေး... အိမ်မှာ စည်းကမ်းတွေသင်ပေးမယ့်သူ မရှိဘူးလား... လူကြီးတွေကို ဘယ်လို စကားပြောရမလဲဆိုတာ မသိဘူးလား...”
အရာရှိကတော်မှာ နျိုနျိုလေးကို လူကြီးဆိုသည့် အရှိန်အဝါဖြင့်သာ ဖိနှိပ်နိုင်တော့သည်။
ကျန်းယွင်နန်မှာ ထိုစကားကို ကြားသောအခါ ဒေါသထွက်သွားပြီး ပြန်လည်ချေပရန် ပါးစပ်ဟလိုက်လေ၏။
သို့သော် အခြားသူတစ်ယောက်က အရင်ဦးသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
တော်ဝင်မင်းသမီးကြီးက ပြောလိုက်သည်။
“သခင်မချန်က ဒီလောက်တောင် နှိမ့်ချတတ်မှန်း မသိခဲ့ဘူး...”
တော်ဝင်မင်းသမီးကြီး၏ အသံက လူတိုင်း၏ နားထဲသို့ ရောက်ရှိသွားလေသည်။
သခင်မချန်မှာ နျိုနျိုလေးကို မဆင်မခြင် ဆူပူနိုင်သော်လည်း တော်ဝင်မင်းသမီးကြီးကိုမူ ရင်မဆိုင်ရဲပေ။ ဤအချိန်တွင် သူမက အလျင်အမြန် ကာကွယ်ပြောဆိုလိုက်သည်။
“မင်းသမီးကြီး... ခွင့်လွှတ်ပေးပါ... ကျွန်မ ဆိုလိုတာက အဲဒီလို မဟုတ်ရပါဘူး... ဒါပေမဲ့ ဒီကလေးက စကားအရမ်းတတ်ပြီး အဆုံးအမ နည်းနေလို့ပါ...”
တော်ဝင်မင်းသမီးကြီးက ခံစားချက်ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။
“ဒီကလေးကို သူ့မိဘတွေက ဆုံးမထားတာပါ... သူ့အဖေက ငါ့သားရဲ့ ဆရာလေ... မင်းက ငါ့သားရဲ့ ဆရာကို ပြောနေတာလား... အရှင်မင်းကြီးရဲ့ မျက်နှာသာပေးခံရတဲ့ ဟွီယွမ်က အဆုံးအမ မရှိဘူးလို့ ပြောချင်တာလား...”
သခင်မချန်မှာ တော်ဝင်မင်းသမီးကြီးက ရုတ်တရက် ကြီးမားလှသော စွပ်စွဲချက်ကြီးကို တင်ပေးလိုက်မည်ဟု မထင်မှတ်ထားခဲ့ချေ။
မြို့တော်မှ လူများသည် အမြဲတမ်း မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်ကြပေသည်။
ကုမင်တာ့သည် ပထမဆုရ ပညာရှင်တစ်ဦး ဖြစ်သော်လည်း အခြေခံအုတ်မြစ်မရှိဘဲ ဝေးလံခေါင်ဖျားသော ရွာမှ လာသူဖြစ်ရာ သခင်မချန်က အထင်အမြင်သေးမည်မှာ မလွဲဧကန်ပင် ဖြစ်တော့သည်။
တော်ဝင်မင်းသမီးကြီးက အရာရှိများနှင့် ကတော်များအားလုံး၏ အရှေ့တွင် ပြောလိုက်သည်။
“သခင်မချန်ကတော့ အဆုံးအမ ကောင်းလွန်းလို့ လူကြီးလုပ်ပြီး ကလေးကို အနိုင်ကျင့်နေတာပဲ... ရှက်ဖို့ကောင်းမှန်းတောင် မသိဘူး... နောက်တစ်နေ့ သမားတော်ကြီးကျန်းနဲ့ တွေ့ရင် သခင်မချန်က အသုံးမကျဘူးလို့ ခံစားရလားဆိုတာ မေးကြည့်ရဦးမယ်...”
သဘာဝကျစွာပင် သခင်မချန်က ဤစကားကို လက်မခံရဲပေ။ တော်ဝင်မင်းသမီးကြီးက ဧကရာဇ်၏ သမီးတော် ဖြစ်လေသည်။ တကယ်လို့ တော်ဝင်မင်းသမီးကြီးက သူမ၏ ခင်ပွန်းကိုသာ တကယ်မေးလိုက်လျှင် သူမကိုယ်သူမ မည်သို့ ဖြေရှင်းရမည်ကိုပင် သိမည်မဟုတ်တော့ချေ။
သခင်မချန်က အပြစ်ကို ဝန်ခံရင်း ပြောလိုက်သည်။
“တော်ဝင်မင်းသမီးကြီး... ကျွန်မအပြစ်ကို ခွင့်လွှတ်ပေးပါ... ကျွန်မက ဗဟုသုတနည်းပြီး ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြောဆိုမိတာပါ... ဒါတွေက နောက်ပြောင်ရုံ သက်သက်ပါ... မင်းသမီးကြီး စိတ်ထဲ မထားပါနဲ့...”
သို့သော် တော်ဝင်မင်းသမီးကြီးက လွှတ်မပေးသေးပေ။
သခင်မချန်မှာ ရွေးချယ်စရာမရှိတော့သဖြင့် နျိုနျိုလေးနှင့် ကျန်းယွင်နန်တို့ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“ကုကတော်နဲ့ သမီးလေး... ခုနက ကျွန်မ လွန်ကျူးသွားတာတွေ ရှိရင် ခွင့်လွှတ်ပေးပါ...”
ကျန်းယွင်နန်က တော်ဝင်မင်းသမီးကြီးကို ကြည့်လိုက်ရာ မင်းသမီးကြီးက ခေါင်းအနည်းငယ် ညိတ်ပြလေ၏။
ထို့နောက် ကျန်းယွင်နန်က ပြောလိုက်သည်။
“သခင်မချန် စကားတွေက လေးနက်လွန်းပါတယ်... သခင်မချန်က သားယောက်ျားလေး လိုချင်နေတယ်ဆိုတာကို ကျွန်မ သိပါတယ်... ဒါပေမဲ့ ကျွန်မတို့ သမီးမိန်းကလေးတွေက အများအားဖြင့် အိမ်တွင်းမှာပဲ ပိတ်လှောင်ခံရတတ်တော့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားသင့်ပါတယ်... ဘယ်လိုလုပ်ပြီး ဒီလို နှိမ့်ချတဲ့ စကားမျိုး ပြောရမှာလဲ...”
သခင်မချန်က ထိုစကားကို ကြားသောအခါ သဘောမတူသေးသော်လည်း ဆက်လက်၍ မချေပတော့ပေ။ သူမက ခေါင်းတညိတ်ညိတ်ဖြင့် ဟုတ်ကဲ့ဟုသာ ဆက်တိုက်ပြောနေပြီး ဤကိစ္စကို အမြန်ဆုံး ပြီးဆုံးသွားရန်သာ မျှော်လင့်နေတော့သည်။
ပြဿနာ ဖြစ်ပွားလာသောအခါ ဆုတောင်းပွဲသို့ လာသူများမှာ စိတ်ဝင်စားမှု များစွာ လျော့ကျသွားလေသည်။ တော်ဝင်မင်းသမီးကြီး၏ မျောက်ကိုခြောက်ရန် ကြက်ကိုသတ်ပြသည့် နောက်ထပ်ပစ်မှတ် ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် သူတို့သည် တဖြည်းဖြည်း လူစုခွဲသွားကြလေ၏။
တော်ဝင်မင်းသမီးကြီးက လက်ယပ်ခေါ်လိုက်ရာ နျိုနျိုလေးက သူမအနားသို့ ပြေးသွားလေသည်။
တော်ဝင်မင်းသမီးကြီးမှာ လှပသော ဝတ်စုံကို ဝတ်ဆင်ထားပြီး ပုလဲနှင့် ကျောက်စိမ်းများ အပြည့်အစုံ ဆင်ယင်ထားသဖြင့် သွားလာလှုပ်ရှားရာတွင် သိပ်အဆင်မပြေသော်လည်း နျိုနျိုလေးက ပျော်ရွှင်နေသော သမင်လေးတစ်ကောင်ကဲ့သို့ သူမထံသို့ ပြေးလာသည်ကို မြင်သောအခါ မနေနိုင်တော့ဘဲ ကိုယ်ကို ကိုင်းညွတ်ကာ နျိုနျိုလေးကို ဖက်ထားလိုက်လေ၏။
တော်ဝင်မင်းသမီးကြီးက အလေးချိန်ကို ခန့်မှန်းကြည့်ရင်း ပြောလိုက်သည်။
“ပြီးခဲ့တဲ့အခေါက်ကထက် နည်းနည်း ပိုလေးလာသလိုပဲ...”
နျိုနျိုလေးနှင့် တော်ဝင်မင်းသမီးကြီးတို့သည် တကယ်တမ်းတွင် အကြိမ်များစွာ မတွေ့ဖူးကြသော်လည်း မင်းသမီးကြီးက အလွန်ကြင်နာတတ်သည်ဟု သူမက ခံစားရသဖြင့် အနားသို့ ကပ်ရန် အလွန်လိုလားလေသည်။
နျိုနျိုလေးက ကြည်လင်ပြတ်သားစွာ ပြန်လည်ဖြေကြားလိုက်သည်။
“အဒေါ်... သမီး ထမင်းကောင်းကောင်း စားတယ်လေ...”
တော်ဝင်မင်းသမီးကြီးက ထိုစကားကို ကြားသောအခါ ပြောလိုက်သည်။
“တွေ့ပါတယ်... ဗိုက်လေးကလည်း ပူထွက်နေတာပဲ...”
နျိုနျိုလေးမှာ လန့်သွားသဖြင့် နေရာတွင်ပင် သူမ၏ ဗိုက်ကလေးကို ပြန်ချပ်ထားလိုက်ရတော့သည်။
တော်ဝင်မင်းသမီးကြီးက ကလေးမလေး၏ ချစ်စရာကောင်းသော အမူအရာကို ကြည့်ကာ ရယ်မောခြင်းကို မထိန်းနိုင်တော့ဘဲ နျိုနျိုလေး၏ ဗိုက်ကလေးကို လှမ်းပုတ်လိုက်လေ၏။
ကျန်းယွင်နန်က တော်ဝင်မင်းသမီးကြီးကို အရိုအသေပေးကာ ပြောလိုက်သည်။
“အခုလို ဝင်ဖြေရှင်းပေးတဲ့အတွက် မင်းသမီးကြီးကို ကျေးဇူးတင်ပါတယ်... မဟုတ်ရင် ကျွန်မတို့ နောက်ထပ် လူတစ်ယောက်ကို စော်ကားမိသလို ဖြစ်သွားနိုင်တယ်...”
တော်ဝင်မင်းသမီးကြီးက ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်သည်။
“မြို့တော်ကို ရောက်တာ မကြာသေးဘူးဆိုပေမဲ့ အရာရာတိုင်းမှာ ပိုပြီး သတိထားသင့်တယ်... ဒါပေမဲ့ ပြဿနာ မရှာသရွေ့ ပြဿနာကို ကြောက်နေစရာ မလိုပါဘူး...”
တော်ဝင်မင်းသမီးကြီး၏ စကားများတွင် ထောက်ခံအားပေးမှုများ အပြည့်ပါဝင်နေသဖြင့် ကျန်းယွင်နန်မှာ ထိုစကားကို ကြားပြီးနောက် ကျေးဇူးတင်သွားလေသည်။
တော်ဝင်မင်းသမီးကြီးက ပြန်လှည့်ကာ နျိုနျိုလေးကို မေးလိုက်သည်။
“လိမ္မာတဲ့ကလေးလေး... သမီးက အရမ်းစွမ်းတာပဲ... ဘယ်သူက ကိုယ်ဝန်ရှိနေပြီဆိုတာကို တကယ် သိတာလား...”
ကျန်းယွင်နန်မှာ လက်ရှိအခြေအနေကို လုံးဝ နားမလည်သူ တစ်ယောက် မဟုတ်ပေ။ ထိုစကားကို ကြားသောအခါ သူမ၏ ရင်ထဲတွင် ထိတ်လန့်သွားပြီး နျိုနျိုလေးက စကားကြီးစကားကျယ်များ ပြောမိ၍ နန်းတော်ထဲသို့ ဖမ်းခေါ်ခံရမည်ကို စိုးရိမ်သွားလေ၏။
နျိုနျိုလေးက ခေါင်းခါပြကာ ပြောလိုက်သည်။
“သမီးမှာ အဲဒီလို အစွမ်းမရှိပါဘူး... သမီးရှေ့က အဒေါ်က အရမ်းလှတယ်ဆိုတာပဲ သမီးသိတယ်... သမီးလည်း သူ့ကို သဘောကျတယ်... သူ့မှာ ကလေးလေး တစ်ယောက် ရှိသင့်တယ်လို့ ထင်တာပါ... ကလေးလေးကလည်း သူ့မေမေကို သဘောကျမှာပဲ...”
တော်ဝင်မင်းသမီးကြီးက ထိုစကားကို ကြားသောအခါ သူမ၏ မျက်လုံးများက စူးရှသွားပြီးနောက် ပြုံးကာ မေးလိုက်သည်။
“နျိုနျိုလေး... သဘောကျတဲ့သူက ကိုယ်ဝန်ရလာမှာလား...”
နျိုနျိုလေးက ခေါင်းလေးကို အနည်းငယ် စောင်းကာ အချိန်အတော်ကြာ လေးလေးနက်နက် စဉ်းစားပြီးနောက် ပြောလိုက်သည်။
“သမီး မသိဘူး...”
တော်ဝင်မင်းသမီးကြီးက အဖြေထွက်လာသည်အထိ ဆက်လက်၍ အတင်းအကျပ် မေးခွန်းထုတ်မနေတော့ပေ။
တော်ဝင်မင်းသမီးကြီးက ပြောလိုက်သည်။
“သွားကစားတော့... အားလင်က သမီးကို စောင့်နေသေးတယ်...”
တော်ဝင်မင်းသမီးကြီးက နျိုနျိုလေးနှင့် အားလင်တို့ကို လွှတ်ပေးလိုက်ပြီးနောက် ကျန်းယွင်နန်အား ပြောလိုက်သည်။
“နျိုနျိုလေးမှာ လူတွေကို ကိုယ်ဝန်ရအောင် ကူညီပေးနိုင်တဲ့ အစွမ်း တကယ်ရှိမရှိတော့ ငါ မသိဘူး... ဒါပေမဲ့ ဒီနေ့ ဒီစကားတွေကို ကြားသွားတဲ့သူ အရမ်းများတယ်... အမှန်ပဲဖြစ်ဖြစ် အမှားပဲဖြစ်ဖြစ် ဒါတွေကို ဆက်ပြီး ဖုံးကွယ်ထားလို့ မရတော့ဘူး...”
ကျန်းယွင်နန်မှာ မျက်နှာဖြူရော်သွားတော့၏။
တော်ဝင်မင်းသမီးကြီးက ဆက်ပြောသည်။
“နန်းတော်ထဲက အခြေအနေကို မင်းလည်း သိသင့်တယ်... ဧကရီမယ်တော်ကြီးက ဧကရာဇ်မောင်တော်အတွက် သားသမီးရဖို့ တစ်နှစ်ပတ်လုံး ဘုရားရှိခိုးပြီး အမွှေးတိုင် ထွန်းနေရတာ... နောင်ကျရင် တခြားသူတွေက လာပြီး တွက်ချက်ကြံစည်တာကို စောင့်နေမယ့်အစား ငါကပဲ ဒီကိစ္စကို ပြောလိုက်တာက ပိုကောင်းလိမ့်မယ်... ဥပမာအနေနဲ့ မင်းသာ စိတ်လျှော့ထားမယ်ဆိုရင် ငါက မယ်တော့်ကို နျိုနျိုလေးအတွက် အကာအကွယ်ပေးဖို့ တောင်းဆိုပေးမယ်...”
ကျန်းယွင်နန်မှာ ခဏတာမျှ မည်သို့ ပြန်ဖြေရမည်ကို မသိတော့ချေ။
တော်ဝင်မင်းသမီးကြီးက ဆက်လက်၍ အတင်းမတိုက်တွန်းတော့ဘဲ ပြောလိုက်သည်။
“ပြန်ရောက်ရင် အရာရှိကုနဲ့ သေသေချာချာ တိုင်ပင်ကြည့်ပါဦး... ပြီးရင် အမြန်ဆုံး အဖြေပြန်ပေးပေါ့...”
ဤရုတ်ရုတ်သဲသဲ အခြေအနေကြောင့် မူလက သာမန် ပွဲခံပွဲလေးတစ်ခုဟုသာ ထင်မှတ်ထားသော ကျန်းယွင်နန်မှာ စိတ်လေးလံသွားရတော့သည်။ နောက်ပိုင်းတွင် ရှန့်ကုန်းစံအိမ်မှ ပွဲခံပွဲမှာ အလွန် ကြီးကျယ်ခမ်းနားလှသော်လည်း ကျန်းယွင်နန်မှာ ထိုအရသာကိုပင် မသိနိုင်တော့ပေ။
နျိုနျိုလေးမှာ လူကြီးများ၏ ဝမ်းနည်းပူဆွေးမှုများကို လုံးဝ မသိရှာဘဲ သူမ၏ နှလုံးသားနှင့် မျက်လုံးများထဲတွင် အရသာရှိသော အစားအစာများဖြင့်သာ ပြည့်နှက်နေလေသည်။ သူမ စားသောက်နေစဉ် ထောင့်စွန်းမှ ချင်ကျင့်ရှုကို မြင်လိုက်ရ၏။
ချင်ကျင့်ရှုသည် ယခင်က ဧည့်သည်များနှင့် တွေ့ဆုံရန် ပန်းခန်းမသို့ သွားရန် တိုက်တွန်းခဲ့သူ၏ အနောက်တွင် ရပ်နေလေသည်။ ချင်ကျင့်ရှုသည် တူကို ကိုင်ထားသော်လည်း ဟင်းနှိုက်ခွင့် မရပေ။ အဖွားအိုက ဟင်းထည့်ပေးမှသာ တစ်လုတ်ပိုစားနိုင်လေသည်။
တိုက်တိုက်ဆိုင်ဆိုင် ထိုအချိန်တွင် ချင်ကျင့်ရှုကလည်း နျိုနျိုလေးကို ကြည့်လာပြီး ငိုရသည်ထက် ပိုရုပ်ဆိုးသော အပြုံးတစ်ခုကို ပြုံးပြလာလေ၏။
နျိုနျိုလေးမှာ ထိုအခြေအနေကို ကြည့်ပြီး လန့်သွားကာ တုန်ယင်သွားရတော့သည်။ ပြီးခဲ့သည့်အကြိမ်က ချင်ကျင့်ရှု ညည်းညူခဲ့သည်များကို ကိုယ်တိုင် မျက်မြင်တွေ့လိုက်ရသဖြင့် နျိုနျိုလေးမှာ ရုတ်တရက် စိတ်မကောင်း ဖြစ်သွားလေသည်။
နျိုနျိုလေးက စားသောက်ခြင်းသည် အရေးအကြီးဆုံး ကိစ္စဖြစ်သည်ဟု ခံစားရပြီး ကံကောင်းသည်ဟု မခံစားဘဲ မနေနိုင်တော့ပေ။ ကံကောင်းထောက်မစွာဖြင့် သူမက ရှန့်ကုန်းစံအိမ်၏ သမီးမဟုတ်ပေ။ သို့မဟုတ်ပါက ချင်ကျင့်ရှုကဲ့သို့သာ နေထိုင်ရမည်ဆိုလျှင် ဘဝတွင် ဘာပျော်စရာရှိနိုင်မည်နည်း။