← Chapters

အခန်း ၃၁၀

Vol. 31 Ch. 310

အခန်း ၃၁၀

Vol. 31 Ch. 310

အခန်း ၃၁၀ - ပြောစရာ စကား ရှိတယ်

နျိုနျိုလေးမှာ ထိုစကားကို ကြားသောအခါ နားမလည်နိုင် ဖြစ်သွားရလေသည်။

ကျန်းယွင်နန်က မသင့်တော်ဟု ခံစားလိုက်ရပြီး သမီးဖြစ်သူက အရူးမလေး၏ စကားများကို ကြားကာ နန်းတော်ထဲ ဝင်ပြီးနောက် မြင့်မြတ်သူများရှေ့တွင် မတော်တဆ ထုတ်ဖော်ပြောဆိုမိမည်ကို စိုးရိမ်သွားလေသည်။

သူမက မိန်းကလေးကို နျိုနျိုလေးအတွက် မသင့်တော်သော စကားများ ထပ်မံ မပြောစေရန် အရူးမလေးကို ဘေးသို့ ဆွဲခေါ်သွားလိုက်၏။

ကျန်းယွင်နန်က ခါးသီးစွာ ဖျောင်းဖျလိုက်သည်။

“သမီးရဲ့ ရင်ထဲမှာ မတရားမှုတွေ အများကြီး ရှိတယ်ဆိုတာ အဒေါ် သိပါတယ်... ဒါပေမဲ့ နျိုနျိုလေး ကောင်းဖို့အတွက်ဆိုတဲ့ နေရာမှာတော့ ငါတို့ရဲ့ နှလုံးသားတွေက အတူတူပါပဲ... နန်းတော်ထဲ ဝင်ရမယ့် ကိစ္စက ပြောင်းလဲလို့ မရတော့ဘူး... ဒီစကားတွေက နည်းနည်းလေး ပြောဖို့ပဲ သင့်တော်ပါတယ်...”

အရူးမလေးမှာ အရူးသာဖြစ်ပြီး မတုံးအပေ။ ဤအချိန်တွင် သူမ စိတ်မကောင်းဖြစ်နေသော်လည်း နျိုနျိုလေးကို ဂရုစိုက်မှုက အရေးသာနေပြီး သူမ၏ မျက်နှာထား တည်ငြိမ်သွားလေ၏။

အရူးမလေးက ပြောလိုက်သည်။

“ပြောစရာ စကား ရှိတယ်...”

ကျန်းယွင်နန်သည် အရူးမလေးကို နျိုနျိုလေးနှင့် ဆက်လက် စကားပြောခွင့် မပြုရဲတော့ချေ။

အရူးမလေးက တိုက်ရိုက်ပင် ပြောလိုက်သည်။

“ဒါက နန်းတော်ထဲက ကိစ္စတွေ၊ နန်းဆောင်အသီးသီးက သခင်မတွေရဲ့ တားမြစ်ချက်တွေ၊ ဧကရီမယ်တော်ကြီးရဲ့ အကြိုက်တွေနဲ့ ဧကရာဇ်ရဲ့ အကြိုက်တွေအကြောင်းပါ...”

ကျန်းယွင်နန်မှာ ထိုစကားကို ကြားသောအခါ တစ်ဝက်ယုံ တစ်ဝက်မယုံ ဖြစ်သွားလေ၏။

အရူးမလေးက ပြတ်သားစွာ ပြောလိုက်သည်။

“သခင်မလေးကို တကယ် ကောင်းစေချင်တယ်ဆိုရင် ကျွန်မကို မတားသင့်ဘူး... ဒီကမ္ဘာပေါ်မှာ သူ့ကို ကျွန်မထက် ပိုပြီး ကောင်းကောင်း နေစေချင်တဲ့သူ ဘယ်သူမှ မရှိဘူး...”

ကျန်းယွင်နန်မှာ ခဏတာ တုံ့ဆိုင်းသွားသော်လည်း သူတို့နှစ်ဦးကို ဆက်လက် အဆက်အသွယ် လုပ်ခွင့်ပြုရန် သဘောတူလိုက်လေသည်။

အရူးမလေးက ပြောလိုက်သည်။

“ဧကရီမယ်တော်ကြီးရဲ့ တားမြစ်ချက်က သေဆုံးသွားတဲ့ ဖျင်နန်မင်းသားပဲ... မှတ်ထားနော်... သူ့ရှေ့မှာ ဖျင်နန်မင်းသားအကြောင်း လုံးဝ မပြောမိစေဖို့၊ ပန်းအကြောင်း မပြောဖို့နဲ့ ရှောက်ကန်းနန်းဆောင်ရဲ့ ဗုဒ္ဓဘာသာ ဘုရားကျောင်းငယ်လေးထဲကို ဝင်မသွားဖို့ မှတ်ထားပါ... ဒါတွေအကုန်လုံးက သူ့ရဲ့ တားမြစ်ချက်တွေပဲ...”

အရူးမလေးက ဆက်ပြောလိုက်သည်။

“နန်းတော်ထဲမှာ လူကောင်း သိပ်မရှိဘူး... သူတို့ကို ဂရုမစိုက်နဲ့... အထူးသဖြင့် လီလို့ နာမည်ရတဲ့ ကိုယ်လုပ်တော်တွေကို သတိထားရမယ်... မှတ်ထားနော်...”

ကျန်းယွင်နန်မှာ အလွန် ရှုပ်ထွေးသွားပြီး ပြောလိုက်သည်။

“လီလို့ နာမည်ရတဲ့ ကိုယ်လုပ်တော်တွေလား... နန်းတော်ထဲမှာ လီလို့ နာမည်ရတဲ့ ရာထူးမြင့် ကိုယ်လုပ်တော်တွေ ရှိပုံမရပါဘူး...”

မိမိ၏ သမီးသည် ကံကောင်းခြင်းများ ယူဆောင်လာပေးရန် နန်းတော်ထဲသို့ ဝင်ရမည်ကို သိကတည်းက သူမသည် နန်းတော်ထဲရှိ အခြေအနေများကို လူများအား မေးမြန်းထားခဲ့လေသည်။

နန်းတော်ထဲရှိ မျက်နှာသာပေးခံရမှုနှင့် ပတ်သက်လာလျှင် ကိုယ်လုပ်တော်လီမှာ တစ်ဦးတည်းသော သူဖြစ်ပေသည်။ သူမနှင့် ယှဉ်နိုင်သော မြင့်မြတ်သည့် ကိုယ်လုပ်တော်တစ်ဦး ရှိခြင်းကို မဆိုထားနှင့်၊ကိုယ်လုပ်တော်အားလုံးမှာ အချည်းနှီးသာဖြစ်ပြီး အများစုမှာ ရာထူးနိမ့်သော ကိုယ်လုပ်တော်များသာ ဖြစ်ကြသည်။

အရူးမလေးက လေးနက်စွာ ပြောလိုက်သည်။

“တခြားဘယ်သူက လီ မျိုးရိုးနာမည် ရှိနိုင်ဦးမှာလဲ... ကိုယ်လုပ်တော်လီပေါ့ သဘာဝကျကျပဲ... သူက ဧကရီနဲ့ နေရာတိုင်းမှာ နှိုင်းယှဉ်နေပေမဲ့ သူ့စိတ်သဘောထားက မမှန်ကန်လို့ မိသားစုတစ်ခုလုံးအတွက် အရင်က မကြုံစဖူး ဇာတ်သိမ်းနဲ့ ကြုံတွေ့ခဲ့ရတာ...”

ကျန်းယွင်နန်မှာ ထိုစကားကို ကြားသောအခါ ရုတ်တရက် နဖူးမှ ချွေးအေးတစ်စက် ကျဆင်းလာတော့၏။

ယခင်က အရူးမလေး ပြောခဲ့သော ဖျင်နန်မင်းသားမှာ တည်ရှိနေဆဲဖြစ်ပြီး သူသည် လက်ရှိ ဧကရာဇ်၏ ဦးလေးတော် ဖြစ်ပေသည်။ ဧကရာဇ် နန်းတက်စတွင် ဤဦးလေးတော်မှာ အရန်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော်လည်း ဇာတ်သိမ်းမှာ ဆိုးရွားလှသည်။

ကျန်းယွင်နန်က စဉ်းစားကြည့်သော်လည်း ဤကိုယ်လုပ်တော်လီ ဆိုသည်မှာ မည်သူဖြစ်ကြောင်း တကယ် မသိခဲ့ပေ။

အရူးမလေးက ဆက်ပြောလိုက်သည်။

“ကိုယ်လုပ်တော်လီက အချည်းနှီး ဂုဏ်မောက်တယ် လောဘကြီးပြီး အာဏာရဖို့ကို သဘောကျတယ်... ဧကရာဇ်ရဲ့ ကိုယ်လုပ်တော်ဆိုတဲ့ အဆင့်အတန်းကို အားကိုးပြီး သူ့ညီမကို ချမ်းသာတဲ့ မိသားစုနဲ့ အတင်းအကျပ် လက်ထပ်ပေးခဲ့ပြီး ပညာမတတ်တဲ့ သူ့မောင်အတွက် အရာရှိရာထူးကို တောင်းဆိုခဲ့တယ်... တကယ်ကို ရှက်ဖို့ကောင်းတာပဲ...”

ကျန်းယွင်နန်က သူမလည်း ရူးနေပြီဟု ခံစားလိုက်ရပြီး အရူးမလေးက အဓိပ္ပာယ်မရှိသည်များကို ပြောဆိုနေခြင်း မဟုတ်ကြောင်းကို အမှန်တကယ် အတည်ပြုချင်နေမိသဖြင့် မေးလိုက်သည်။

“သူ့ညီမက ဘယ်မိသားစုနဲ့ လက်ထပ်ခဲ့တာလဲ...”

အရူးမလေးက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

“တခြား ဘယ်သူ့မိသားစု ဖြစ်နိုင်ဦးမှာလဲ... ရှန့်ကုန်းစံအိမ်လိုမျိုး ရှုပ်ထွေးတဲ့လူတွေရဲ့ မိသားစုပေါ့ သဘာဝကျကျပဲ...”

ကျန်းယွင်နန်မှာ ထိုစကားကို ကြားသောအခါ မှင်သက်သွားတော့၏။ သူမက ဘယ်ညာ တွေးကြည့်လိုက်သည်။ ယခု ရှန့်ကုန်းစံအိမ်တွင် အဆောင်နှစ်ခုသာ ရှိပြီး လီဟု အမည်ရသော ဇနီး မရှိချေ။

ကျန်းယွင်နန်က ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိသွားပြီး မေးလိုက်သည်။

“သခင်မလီလား... သူ့မောင်ရဲ့ နာမည်က လီရူတီလား...”

အရူးမလေးမှာ ထိုစကားကို ကြားသောအခါ သူမ၏ မျက်လုံးများတွင် ပြင်းထန်သော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားပြီး ပြောလိုက်သည်။

“ဒီလူပဲ... သူပဲ... သူ့အစ်မ မျက်နှာသာပေးခံရတာကို အားကိုးပြီး ဆရာကြီးကျိုးကို မဆင်မခြင် သတ်ပစ်ခဲ့တာ...”

ကျန်းယွင်နန်မှာ ထိတ်လန့်သွားတော့၏။

သူမကို အရူးမလေးက "သခင်မလေးကျိုး" ဟု အမြဲတမ်း ခေါ်ဝေါ်လေ့ရှိပြီး သူမ၏ ခင်ပွန်းမှာ အရူးမလေး၏ ပါးစပ်ဖျားမှ "ဆရာကြီးကျိုး" ပင် ဖြစ်ချေသည်။

အရူးမလေးက ဒေါသတကြီး ပြောလိုက်သည်။

“လီရူတီက ယုတ်မာတဲ့ လူဆိုးပဲ... သူ့အစ်မက ကိုယ်လုပ်တော်ဆောင်က ဧကရီကို အဆိပ်ခတ်ခဲ့တယ်... သူက ညီလာခံထဲမှာ ဆရာကြီးကျိုးကို တိုက်ခိုက်ခဲ့တယ်... သူတို့ မောင်နှမတွေက ဧကရီရဲ့ မိသားစုကို ဒုက္ခပေးခဲ့ကြတာ...”

ကျန်းယွင်နန်သည် ဤစကားများကို မကြားခဲ့ရသကဲ့သို့ ဟန်ဆောင်ချင်ခဲ့သော်လည်း သူမ၏ ခင်ပွန်းနှင့် သမီးအပေါ် စိုးရိမ်ပူပန်မှုက အရေးသာနေခဲ့လေသည်။

ကျန်းယွင်နန်က မေးလိုက်သည်။

“ဒါဆို ကိုယ်လုပ်တော်လီမဟုတ်ဘဲ သခင်မလီပေါ့.. အဲဒီ စကားလုံးကို ထက်မြက်တယ်လို့ အသံထွက်တယ်မလား...”

အရူးမလေးက ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“တကယ်ပဲ အဲဒီ လီပါ... ဒါပေမဲ့ အဒေါ့်ရဲ့ လေယူလေသိမ်းက မတိကျဘူး...”

ကျန်းယွင်နန်မှာ ရင်ထဲတွင် ခါးသီးသွားလေ၏။ အရူးမလေး ကိုယ်တိုင်၏ လေယူလေသိမ်းမှာ ပုံမှန်မဟုတ်ဘဲ အလွန် လေးလံနေသည်။ ဆန့်ကျင်ဘက်အနေဖြင့် သူမက အခြားသူများ၏ အသံထွက် မှားယွင်းသည်ဟု စွပ်စွဲနေလေ၏။

အရူးမလေးက ထပ်ပြောလိုက်သည်။

“အဒေါ့်ရဲ့ လေယူလေသိမ်းကို ပြင်ပေးဖို့ အချိန်မရှိဘူး... သခင်မလေးကို စကားပြောဖို့ အလောတကြီး ဖြစ်နေပြီ...”

အရူးမလေးက လှည့်ကာ နျိုနျိုလေးအား စကားများစွာ ဆက်ပြောပြနေလေသည်။

နျိုနျိုလေးမှာ အမြဲတမ်း နားမလည်သည့်ပုံ ပေါက်နေပြီး ကလေးမလေးသည် ကိစ္စတော်တော်များများကို နားပင်မလည်နိုင်ချေ။ အရူးမလေးက သူမ ကောင်းဖို့အတွက်သာ ဖြစ်ကြောင်းကို သိထားသဖြင့် ရိုးသားစွာပင် ဆက်လက် နားထောင်နေခဲ့သည်။

နန်းတော်မှ ဝေါယာဉ်က လူလာကြိုသောအခါ အရူးမလေးသည် နျိုနျိုလေးကို ဆွဲကာ စကားပြောနေဆဲဖြစ်ပြီး သူမသည် နန်းတော်ထဲတွင် မရှိသော်လည်း နန်းတော်ကို အလွန် ကောင်းစွာ သိရှိထားပုံပေါ်လေသည်။ သူမသည် သုံးရက်သုံးညတိုင်တိုင် အိပ်ပျော်နိုင်စွမ်း

မရှိခဲ့ပုံရပေသည်။

ကုမိသားစု၏ မတတ်သာသော အကြည့်များအောက်တွင် နျိုနျိုလေးအား ကုမင်တာ့က ကိုယ်တိုင်ကိုယ်ကျ ပွေ့ချီကာ ဝေါယာဉ်ပေါ်သို့ တင်ပေးလိုက်လေ၏။

ကုမင်တာ့က သတိပေးလိုက်သည်။

“လိမ္မာရမယ်နော်... ငွေကို နှမြောမနေနဲ့... သုံးသင့်တာကို အကုန်သုံးလိုက်...”

နျိုနျိုလေးက ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်ပြလိုက်လေသည်။

ကုမင်တာ့က လာကြိုသော အဖွားအိုအား နောက်ထပ် အထူကြီးဖြစ်သော အနီရောင်စာအိတ် တစ်အိတ်ကို ပေးလိုက်ကာ ပြောလိုက်သည်။

“ကျွန်တော့် သမီးက ငယ်ရွယ်ပြီး ဆော့ကစားတတ်ပါတယ်... ဒါကြောင့် ကျေးဇူးပြုပြီး နည်းနည်းလောက် ဂရုစိုက်ပေးပါ...”

အဖွားအိုက ငွေကို ယူလိုက်ပြီး ဂန္ဓမာပန်းကဲ့သို့ ပြုံးပြကာ နောက်ဆုံးတွင် ကုမင်တာ့အား စိတ်အေးစေရန် ပြောလိုက်သည်။

“ပထမဆုရှင်... စိတ်ချပါ... ရှင့်ရဲ့ သမီးလေး နန်းတော်ထဲ ဝင်သွားရင် ဧကရီမယ်တော်ကြီး ကိုယ်တိုင် ပြုစုပျိုးထောင်ပေးမှာပါ... ဒါက တခြားသူတွေ တောင်းဆိုလို့တောင် မရတဲ့ အရာပါ... ဒီလို ဂုဏ်ကျက်သရေမျိုးနဲ့ဆိုရင် ဘာဖြစ်နိုင်ဦးမှာလဲ...”

နျိုနျိုလေးတွင် ခရီးဆောင်အိတ် အများအပြား ရှိပြီး ကုမိသားစုက သူမအတွက် ဤအရာလည်း လိုသည်၊ ထိုအရာလည်း သုံးရမည်ဟု ခံစားရသဖြင့် ဝေါယာဉ်မှာ သူမ၏ ခရီးဆောင်အိတ်များဖြင့် ပြည့်ကျပ်နေတော့၏။

နန်းတော်ထဲသို့ ဝင်ရောက်မည့် ဝေါယာဉ်များကို ထုံးစံအတိုင်း စစ်ဆေးမှု ခံယူရလေသည်။

သူမသည် ခြောက်နှစ်အရွယ် ကလေးမလေးသာ ဖြစ်သည်။ သူမ၏ ဖခင်မှာ ပထမဆုရှင် ဖြစ်သော်လည်း ဤပထမဆုရှင်မှာ သာမန်နောက်ခံမှ လာသူဖြစ်ကြောင်း လူတိုင်းနီးပါး သိထားကြပေသည်။

နန်းတော်တွင် အလုပ်အကျွေးပြုသော လူများသည် ရိုင်းစိုင်းသော ဓလေ့ထုံးစံ အဟောင်းများ ရှိသော်လည်း အများစုမှာ ဆူဖြိုးသော သိုးများကိုသာ ပစ်မှတ်ထားလေ့ရှိကြသည်။ သူတို့သည် နျိုနျိုလေးကို စစ်ဆေးရာတွင် သိပ်ဂရုမစိုက်ကြဘဲ သစ်သားသေတ္တာ နှစ်လုံးကိုပင် လွတ်သွားကာ စစ်ဆေးရန် မေ့လျော့သွားကြလေ၏။

အထုပ်ထဲတွင် ရိုးရှင်းပုံရသော်လည်း သော့ခတ်ထားသော ထိုသေတ္တာနှစ်လုံးမှာ အပြည့်အမောက် ပါဝင်နေပြီး တစ်လုံးမှာ ရွှေများဖြစ်ကာ တစ်လုံးမှာ ငွေများ ဖြစ်လေသည်။

မည်သို့ပင်ဆိုစေ အလွန် ရိုးရှင်းစွာ ဝတ်ဆင်ထားသော နျိုနျိုလေးသည် ရွှေနှင့် ငွေ အများအပြားကို ယူဆောင်လာလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြချေ။

နျိုနျိုလေးကို ရှောက်ကန်းနန်းဆောင်အထိ ခေါ်ဆောင်သွားရာ ထိုနေရာတွင် ကလေးမလေး ငါးယောက်မှာ တံခါးအပြင်ဘက်၌ စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။

လူအုပ်ထဲတွင် ချင်ကျင့်ရှုကို သူမ ချက်ချင်း မြင်လိုက်ရလေ၏။

ချင်ကျင့်ရှုက တိုးတိုးလေး မေးလိုက်သည်။

“နျိုနျိုလေး... ဘယ်လိုဖြစ်လို့ ဒီလောက် နောက်ကျမှ ရောက်လာတာလဲ... ကံကောင်းလို့ ဧကရီမယ်တော်ကြီးက မခေါ်သေးတာ...”

နျိုနျိုလေးက ထိုစကားကို ကြားသောအခါ မျက်နှာ အနည်းငယ် နီရဲသွားပြီး ပြောလိုက်သည်။

“မိသားစုက ငါ့ကို လွှတ်ဖို့ နှမြောနေကြလို့ စကားနည်းနည်း ပိုပြောနေမိတာပါ...”

ချင်ကျင့်ရှုမှာ ထိုစကားကို ကြားသောအခါ မနာလိုမဖြစ်ဘဲ မနေနိုင်တော့ချေ။

သူမ နန်းတော်ထဲသို့ ဝင်ရမည်ဟူသော သတင်းကို ရရှိပြီးနောက် သူမ၏ မိခင်က နေရာတွင်ပင် လူတစ်ယောက်ကို နန်းတော်ထဲသို့ ထည့်သွင်းချင်နေခဲ့ပြီး မထွက်ခွာမီတွင် နန်းတော်ရှိ သခင်မများကို ပျော်ရွှင်စေရန် စကားအနည်းငယ်သာ ပြောဆိုခဲ့လေသည်။

နျိုနျိုလေးက ထပ်မေးလိုက်သည်။

“ငါတို့ ဒီနေရာမှာပဲ အမြဲတမ်း စောင့်နေရမှာလား... မြင့်မြတ်သူတွေက မခေါ်မချင်း အမြဲတမ်း မတ်တတ်ရပ်နေရမှာလား...”

ချင်ကျင့်ရှုက ခါးသီးသော မျက်နှာဖြင့် ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“ငါတို့ ဒီနေရာမှာ အကြာဆုံး စောင့်ခဲ့ရတဲ့သူက နာရီဝက်လောက်တောင် ရှိနေပြီ...”

နျိုနျိုလေးက အနည်းငယ် စိတ်မကောင်းဖြစ်သွားကာ မေးလိုက်သည်။

“ခြေထောက်တွေ နာနေပြီလား...”

ချင်ကျင့်ရှုက ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။

“နည်းနည်းတော့ နာတယ်...”

နျိုနျိုလေးက သက်ပြင်းချကာ မေးလိုက်သည်။

“ဘယ်လောက်ကြာကြာ စောင့်ရဦးမှာလဲ...”

ချင်ကျင့်ရှု စကားမပြောမီ သူမ၏ ဘေးရှိ အသက်ဆယ်နှစ်ခန့် အရွယ်ရှိပြီး ရိုးရှင်းစွာ ဝတ်ဆင်ထားသော်လည်း မျက်နှာပေါ်တွင် မာနကြီးသော အမူအရာရှိသည့် ကောင်မလေးက ပြောလိုက်သည်။

“မြင့်မြတ်သူတွေက ခေါ်တာလေ... ဒီကိစ္စကို အလျင်စလို လုပ်လို့မရဘူး... တစ်ခါတလေ နှစ်နာရီ ဒါမှမဟုတ် သုံးနာရီလောက် စောင့်ရတာ ပုံမှန်ပါပဲ... ပြီးခဲ့တဲ့အကြိမ် ခေါ်တာကို စောင့်တုန်းက နှစ်နာရီခွဲလောက် စောင့်ခဲ့ရတာ... တောကလာတဲ့ ကောင်မလေး... စကားပြောတဲ့အခါနဲ့ အလုပ်လုပ်တဲ့အခါ သတိထားပါ... ဝင်သွားပြီးရင်လည်း လျှောက်မပြောနဲ့... ငါတို့ကိုပါ ထိခိုက်မှာ စိုးရိမ်လို့...”

T/N - ကိုယ်လုပ်တော်လီနဲ့ သခင်မလီ ဆိုပေမဲ့ တရုတ်စာမှာက အသံထွက်တူပြီး ရေးတာ မတူလို့ ကျန်းယွင်နန်က တရုတ်လို ထက်မြက်တယ်လို့ အဓိပ္ပါယ်ရတဲ့လီလားလို့ မေးလို့ လီတွေထပ်ကုန်တာပါ။

All Chapters