← Chapters

အခန်း ၄၄၇

Vol. 45 Ch. 447

အခန်း ၄၄၇

Vol. 45 Ch. 447

အခန်း (၄၄၇) - ချင်ကျူး၏ အမြင့်မြတ်ဆုံးစွမ်းအားကို နိုးထလာစေခြင်း၊ မိစ္ဆာ နယ်မြေသို့ ဦးတည်ခြင်း(၂)

သူမ၏ ခန္ဓာကိုယ်လေးက ဖြူစင်သော ရေခဲ ကြာပန်း တစ်ခုအတွင်း တင်ပျဉ်ခွေ ထိုင်နေသည်။ ရေခဲပြာရောင် ဆံပင်များက ရေခဲ ကြာပန်းပေါ်သို့ ကျဆင်းနေပြီး ကြည်လင်ပြတ်သားကာ အဝေးမှကြည့်လျှင် သူမသည် အသက်ရှူမှားလောက်အောင် လှပနေ၏။

ရေခဲ နတ်သမီးလေးပမာ မိန်းကလေးငယ်လေးသည် ရေခဲ ကြာပန်းအတွင်း၌ ထိုင်ကာ သူမ၏ ရေခဲပြာရောင် မျက်လုံးများဖြင့် မျက်တောင်တစ်ချက်တစ်ချက်ချင်း ခတ်ကာကြည့်‌နေ၏။

သူမက လွင့်မျောနေသော ရေခဲပြာရောင် ရူန်းသင်္ကေတကို စိုက်ကြည့်နေပြီး သူမ၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားကာ သူမ၏ ဖြူဖွေးသော ကျောက်စိမ်းလက်လေးကို ဆန့်ထုတ်၍ သူမ၏ လက်ဖဝါးအတွင်းသို့ ခံယူလိုက်သည်။

“ရေခဲ ဘိုးဘေးအဆောင်၊ မတွေ့ရတာ ကြာပြီ”

ရေခဲပြာရောင် ရူန်းသင်္ကေတက သူမ၏ လက်ဖဝါးတွင် ခုန်ပေါက်နေပြီး အလွန်တရာ ဝမ်းသာနေကာ နတ်သမီးငယ်လေး တစ်ပါးပမာ ယင်းဟွမ်ဟွမ်၏ အသားအရေတွင် ကပ်တွယ်နေ၏။

“သူ သဘောကျမှာပါ” ယင်းဟွမ်ဟွမ်က တိုးတိတ်စွာ ရေရွတ်လိုက်သည်... ရှေးဟောင်းကျောက်တိုင် ကမ္ဘာ၊ မဟာရှေးဟောင်း မြို့တော်

“မင်း ရေခဲ ဘိုးဘေးအဆောင်ကို ယူလာတာပဲ”

ဝူယွမ်က ယင်းဟွမ်ဟွမ်ကို ရှုပ်ထွေးသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ယင်းဟွမ်ဟွမ်က ရေခဲ ဘိုးဘေးအဆောင်ကို မည်သို့ တွေ့ရှိခဲ့လည်း မသိ‌သော်လည်း ရေခဲသခင်မ၏စွမ်းအားအကူအညီ ပါဝင်‌ခဲ့သည်ကိုတော့ ခန့်မှန့်မိသည်။

ထိုအကြောင်းအရာမှာ ရေခဲသခင်မ နိုးထလာဖို့ ခြေတစ်လှမ်း ပိုနီးလာပြီဖြစ်ကြောင်း ပြသနေ၏။

“မင်းမှာ ဘိုးဘေးအဆောင်တွေကို ဖိနှိပ်နိုင်တဲ့ စွမ်းရည် ရှိတယ်၊ ဘိုးဘေးအဆောင်တွေ ပိုရလေလေ၊ မင်းရဲ့ စွမ်းအား‌တွေ ပိုပို တိုးလာလေပဲ မဟုတ်လား” ယင်းဟွမ်ဟွမ်က ဝူယွမ်ကို မျက်လုံးများ စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

ဝူယွမ်က ပြန်မေးလိုက်သည်။

“ဒါဆို မင်းက ငါ့အတွက် ဘိုးဘေးအဆောင်ကို သွားယူပေးတာပေါ့”

ယင်းဟွမ်ဟွမ်က နှုတ်ခမ်းကို ကိုက်ကာ ခေါင်းညိတ်လိုက်သည်။

ဝူယွမ် ရုတ်တရက် ပြုံးလိုက်၏။

သူမက ရေခဲသခင်မလား ဒါမှမဟုတ် ယင်းဟွမ်ဟွမ်လား ဆိုတာကို ဆက်ပြီး မတွေးတော့ပေ။

သူက သူမ၏ လက်ကို ကိုင်ကာ ပြောလိုက်သည်။ “အခုကစပြီး ငါ့ဘေးမှာ လိမ်လိမ်မာမာနဲ့‌ နေတော့”

တစ်လဆိုသော အချိန်က မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားခဲ့ပြီး ဝူယွမ်သည် နောက်ဆုံးတွင် အရှေ့ဘက်ရွှမ်ဒေသ မဟာမိတ်အဖွဲ့၏ ကနဦး ကိစ္စရပ်များကို အပြီးသတ်နိုင်ခဲ့သည်။

အရှေ့ဘက်ရွှမ်ဒေသ၏ ပေါင်းစပ်မှုက ထိပ်တန်း စွမ်းအားအရ ကစဉ်ကလျားမိစ္ဆာပင်လယ်ထက် နိမ့်ကျသော်လည်း ၎င်း၏ ယေဘုယျ စွမ်းအားမှာ မဆိုးလှပေ။ ဒုတိယ သံသရာအဆင့်ရှိ စစ်မှန်သော ဘုရင်တစ်ပါး တိုက်ခိုက်ခြင်း မရှိပါက အရှေ့ဘက်ရွှမ်ဒေသသည် သာမန် ကမ္ဘာခြားနတ်ဆိုး ဘုရင် စစ်တပ်များကို ယှဉ်ပြိုင်နိုင်၏။

ဝူယွမ်သည် သူ၏ အစွမ်းအထက်ဆုံး ရုပ်သေးရုပ်ကို နဝမမြောက်ကောင်းကင် ထိုက်ချင်းနန်းတော်၏ လုံခြုံရေး အတွက် ချန်ထားခဲ့သည်။

ထိုရုပ်သေး၏ စွမ်းအားမှာ အထွတ်အထိပ် သံသရာအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးနှင့် ယှဉ်နိုင်ပြီး ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးကိုပင် အချိန်တိုအတွင်း ထိန်းထားပေးနိုင်၏။

ထို့အပြင် ထိုရုပ်သေးတွင် ဝူယွမ်၏ ဝိညာဉ်တံဆပ်ကို ထည့်သွင်းထားပြီး အကျပ်အတည်း အချိန်များတွင် ဝူယွမ်ထံ ဝိညာဉ်မှတစ်ဆင့် သတင်းစကားများ ပို့လွှတ်နိုင်သည်။

ထို့နောက် ရှေးဟောင်းကျောက်တိုင်ကို သယ်ဆောင်ကာ ဝူယွမ်သည် အရှေ့ဘက်ရွှမ်ဒေသမှ ထွက်ခွာခဲ့သည်။

လမ်းခရီးတွင် သူသည် နောက်ထပ် စနစ် တာဝန် အသိပေးချက်တစ်ခုကို ရရှိခဲ့သည်။

【ဒင်၊ ဆိုင်းအင်၀င်ရမည့်နေရာ အသစ်ပြန်ပေါ်လာပါပြီ၊ ကျေးဇူးပြုပြီး နဂါးအသွင်ပြောင်းကန်သို့ သွားရောက်၍ မှတ်ပုံတင်ပါ】

“နဂါးမျိုးနွယ်စုရဲ့ နဂါးအသွင်ပြောင်းကန်လား၊ ငါအခုမိစ္ဆာနယ်မြေကို သွားမလို့ပဲ”

မိစ္ဆာနယ်မြေသို့ သွားရန် ပထမဆုံး ကစဉ်ကလျားမိစ္ဆာပင်လယ်ကို ဖြတ်ကျော်ရမည်ဖြစ်သည်။

ဝူယွမ်သည် လေဟာနယ် လမ်းကြောင်းများဖြင့် နေရာပြောင်းရွှေ့ခြင်းကို အသုံးပြုနိုင်‌သော်လည်း ဤမျှ ရှည်လျားသော အကွာအဝေးကို အရှေ့ဘက်ရွှမ်ဒေသမှ တိုက်ရိုက် နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုလိုက်ပါက သူသည် မည်သည့်‌နေရာ ရောက်သွားမည်ကို မသိနိုင်သကဲ့သို့ မတော်တဆမှုများလည်း အလွယ်တကူ ဖြစ်ပေါ်နိုင်သည်။

ထို့ကြောင့် မတော်တဆမှုများ မရှ်ိစေရန် သူသည် မီးနတ်ဘုရားနန်းတော်သို့ အရင်လာကာ မိုလော့ထံမှ အကူအညီ တောင်းခံခဲ့သည်။

မီးနတ်ဘုရားနန်းတော်

“မင်း ဒီလောက် မြန်မြန် ထွက်သွားတော့မလို့လား၊ အရှေ့ဘက်ရွှမ်ဒေသမှာ မင်း အချိန်အကြာကြီး နေမယ်လို့ ငါ ထင်ထားတာ” ထန်ရှင်းလျန်က အေးအေးဆေးဆေး ပြောလိုက်သည်။

ဝူယွမ်က ပြုံးကာ ပြောလိုက်သည် “စီစဉ်စရာရှိတာတွေ အားလုံး စီစဉ်ပြီးသွားပါပြီ၊ အရှေ့ဘက်ရွှမ်ဒေသက အချိန်တိုအတွင်း ကမ္ဘာခြားနတ်ဆိုး ကျူးကျော်မှုတွေကို စိုးရိမ်စရာ မလိုတော့ပါဘူး၊ အဲဒီမှာ ငါ ရှိနေရင်လည်း သိပ်အသုံးဝင်မှာ မဟုတ်ပါဘူး”

“မိစ္ဆာ နယ်မြေကို သွားလည်ရမယ့် အချိန်ရောက်ပြီ၊ ရှောင်တျောင်းနဲ့ ရှောင်ယန်တို့ ဘယ်လိုနေလဲ မသိဘူး၊ သူတို့ ငါ့ကို လိုအပ်နေလောက်တယ်”

မိုလော့က ပြောလိုက်သည်။ “အခု ကမ္ဘာခြားနတ်ဆိုး မျိုးနွယ်စုက အမှောင်ထဲမှာ ရှိနေပြီး ငါတို့က အလင်းထဲမှာ ရှိနေတယ်၊ မိစ္ဆာအကျဉ်းထောင်က ငါတို့အတွက် အမြဲတမ်း ပုန်းအောင်းနေတဲ့ အန္တရာယ် တစ်ခုပဲ၊ အခြေအ‌နေက မတည်ငြိမ်သေးဖူး လျှို့ဝှက်ရေစီးကြောင်းတွေက ဆူပွက်နေတယ်”

“ငါတို့ သေချာပြင်ဆင်ရမယ်၊ အရှေ့ဘက်ရွှမ်ဒေသနဲ့ ကစဉ်ကလျားမိစ္ဆာပင်လယ်က မဟာမိတ်ဖွဲ့ပြီးသွားပြီ၊ မိစ္ဆာ နယ်မြေက ပိုမို ကျယ်ပြောပြီး ရှုပ်ထွေးတဲ့ လူမျိုးစုတွေ ရှိသလို ပိုပြီးတော့အစွမ်းထက်တဲ့ အင်းအားစုတွေလည်းရှိတယ်၊ ပီးတော့ ပုန်းအောင်းနေတဲ့ ကမ္ဘာခြားနတ်ဆိုးတွေ ပိုများလောက်တယ်”

“အကယ်၍ မင်းသာ မိစ္ဆာ နယ်မြေမှာလည်း မဟာမိတ်အဖွဲ့ တစ်ခု တည်ထောင်နိုင်ခဲ့ရင် ကမ္ဘာခြားနတ်ဆိုးတွေကို အနိုင်ရဖို့ ငါတို့မှာ အခွင့်အရေးတွေ ပိုများလာလိမ့်မယ်”

“ကျတော် အကောင်းဆုံး ကြိုးစားပါ့မယ်၊ ဒါက မိစ္ဆာ နယ်မြေကို သွားတဲ့ ရည်ရွယ်ချက်တွေထဲက တစ်ခုပါပဲ” ဝူယွမ်က အားတက်သရော ခေါင်းညိတ်လိုက်သည်။

“အို၊ ဟုတ်သားပဲ၊ ချင်းကျီက မင်းကို တစ်ခု ပြောခိုင်းထားတယ်၊ မိစ္ဆာ နယ်မြေကို သွားရင် နဂါး မျိုးနွယ်စုကို သွားလည်ဖို့ မမေ့နဲ့တဲ့၊ အဲဒီမှာ မင်းရဲ့ ကောင်းကင်ပြာနဂါး အသွင်ပြောင်း ကျင့်စဉ်က ပိုမို ကြီးမားတဲ့ မြှင့်တင်မှုကို ရရှိလိမ့်မယ်၊ အဲဒါက မင်းအတွက် အကူအညီ ရစေမှာပါ”

မိုလော့က ပြောပြီးနောက် ရုတ်တရက် သူ၏ လက်ချောင်းကို လှုပ်ရှားလိုက်ပီး အစိမ်းရောင် အလင်းတန်းတစ်ခုက ဝူယွမ်ဆီသို့ ထုတ်လွှတ်လိုက်၏။ ဝူယွမ်က ဖမ်းဆုပ်လိုက်ပြီး ကြည့်လိုက်ရာ ၎င်းမှာ လက်ဖဝါးအရွယ်အစားရှိ အစိမ်းရောင် အရိုးတစ်ခု ဖြစ်နေ၏။

“ဒီအမှတ်အသားနဲ့ဆို မင်း နဂါး မျိုးနွယ်စုထဲကို အလွယ်တကူ ဝင်လို့ ရတယ် ချင်းကျီ မင်းကို ပေးထားတာ”

“ဒါက... စီနီယာ ချင်းကျီ တကယ်ကို စီစဉ်တက်တာပဲ” ဝူယွမ် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

နှစ်ဦးသား စကားပြောနေစဉ် ထန်ရှင်းလျန်က မိန်းကလေးငယ်လေး တစ်ဦးနှင့်အတူ လျှောက်လာသည်။

“သခင်လေးက မိစ္ဆာ နယ်မြေကို ပထမဆုံးအကြိမ် သွားတာဆိုတော့ အဲဒီနယ်မြေမှာ ရင်းနှီး‌မှာ မဟုတ်သေးဖူး၊ အဒါကြောင့် သခင်လေး အတွက် အကူအညီဖြစ်စေမယ့် ဒေသခံတစ်ယောက်ကို ကျမရှာပေးထားတယ် ”

ဝူယွမ်၏ အကြည့်များက ထန်ရှင်းလျန်၏ အကူအညီကို လက်ခံလိုက်၏။ သူမ၏ ဘေးတွင် သေးသွယ်သော လူတစ်‌ေယာက်ရှိနေသည်။ သူမ၏ သွယ်လျသော ခန္ဓာကိုယ်လေးမှာ သေးသွယ်ပြီး သူမ၏ မျက်နှာသွင်ပြင်မှာလည်း လှပသည့်အထဲတွင် ပါဝင်၏။

သို့သော် သူမက ရှက်ရွံ့နေပုံရပြီး ကြည်လင်သော ရေကဲ့သို့ မျက်လုံးများက ဝူယွမ်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် အလျင်အမြန် အကြည့်လွှဲသွားလေသည်။

“သူမ နာမည်က ရှင်းချင်၊ သူက ငါတို့ မီးနတ်ဘုရားနန်းတော်ရဲ့ တပည့် တစ်ယောက်ဖြစ်ပြီး မိစ္ဆာ နယ်မြေက လာတာ”

“ဂါရဝပြုပါတယ် သခင်လေး ဝူယွမ်၊ ကျွန်မက မိစ္ဆာ သားရဲ ကမ္ဘာက အမြီးကိုးချောင်း မျိုးနွယ်စုကပါ၊ ဒီနေရာရွှေ့ပြောင်းခြင်း အစီအရင်ရဲ့ အခြားတစ်ဖက်က ကျွန်မ မျိုးနွယ်စု နေထိုင်တဲ့ နေရာပါ” မိန်းကလေးငယ်လေးက လက်နှစ်ဖက်ကိုစုပ်၍ ခေါင်းငုံ့ပြီး နှစ်ကိုယ်စာ ကြားရယုံ အသံလေးဖြင့် ပြောလိုက်သည်။

“အမြီးကိုးချောင်းမြေခွေးလား” ဝူယွမ်က ရှင်းချင်ကို စူးစမ်းလိုစိတ်ဖြင့် ခေါင်းအစ ခြေအဆုံး အကဲခတ်ကြည့်ရှုကာ သူ၏ မေးစေ့ကို ပွတ်သပ်ရင်း မေးလိုက်သည်။

အမြီးကိုးချောင်းမြေခွေး မျိုးနွယ်စုသည် အလှမယ်များ မွေးထုတ်ပေးခြင်းကြောင့် နာမည်ကြီးပြီး ဤရှင်းချင်မှာ အမှန်တကယ်ပင် ကျက်သရေရှိပြီး ဆွဲဆောင်မှု ရှိလှသည်။ သူမ၏ လူသား ပုံစံမှာ ပြည့်စုံလွန်းနေပြီး မြေခွေး နားရွက်များနှင့် မြေခွေး အမြီး မရှိခြင်းကလည်း ဝူယွမ်ကို အနည်းငယ် စိတ်သက်သာရာရစေ၏။

ဝူယွမ်၏ အာရုံစိုက်ကြည့်ရှုမှုကိုခံရချိန်တွင် မိန်းကလေးငယ်လေး၏ မျက်နှာမှာ အနည်းငယ် နီရဲသွားပြီး ထန်ရှင်းလျန်၏ နောက်သို့ ဆုတ်သွားလေသည်။

“ရှင်းချင်က ငါတို့ မီးနတ်ဘုရား အစောင့်အရှောက် အဖွဲ့ဝင်တွေထဲက တစ်ယောက်ပဲ၊ သူမ ငယ်သေးပေမယ့် ဆန်းကြယ်ရှင်ခြင်းအဆင့် အသေးစား ပြီးပြည့်စုံခြင်းကို ရောက်နေပြီ၊ သူက ဒီတစ်ခါ သခင်လေး ရဲ့ လမ်းပြ ဖြစ်လိမ့်မယ်၊ ဒါကြောင့် တခြားသူတွေအပေါ် မလျော်ကန်တဲ့ ရည်ရွယ်ချက်တွေ မထားနဲ့... မြေခွေး မိစ္ဆာမလေး တစ်ယောက်ကို အနိုင်ကျင့်တာက လူမဆန်တဲ့ လူတွေပဲ လုပ်တဲ့ လုပ်ရပ်တစ်ခုပဲ၊ သခင်လေးက အဲဒီလို နာမည်ပျက်တော့ မခံဘူး မဟုတ်လား”

ထန်ရှင်းလျန်က သူမ၏ သွယ်လျသော ကျောက်စိမ်းလက်လေးကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး သူမ၏ ရှည်လျားပြီး တောက်ပသော မျက်လုံးများတွင် အဓိပ္ပာယ်ပါပါ ပြောလိုက်စဉ် သတိပေးချက် တစ်ခု ရှိနေသည်။

“အို.. ဘာတွေ ပြောနေတာလဲ၊ ငါ့မှာ မလျော်ကန်တဲ့ စိတ်ထားမျိုး ရှိခဲ့ရင် မင်းလို အမျိုးသမီး စစ်နတ်ဘုရားမအပေါ်မှာပဲ ရှိမှာပေါ့” ဝူယွမ်က အနေခက်စွာဖြင့် ပြန်ပြောလိုက်သည်။

“အိပ်မက်မက်နေလိုက်” ထန်ရှင်းလျန်က သူမ၏ ခေါင်းကို နောက်သို့ ပစ်ကာ မာနထောင်လွှားစွာ နှုတ်ခမ်းဆူလိုက်သည်။

“ကောင်းပြီ သွားကြစို့၊”

မိုလော့က သူတို့၏ စကားဝိုင်းကို ဖြတ်ပြောလိုက်ပြီး နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို စတင် အသက်သွင်းလိုက်သည်။

ဝူယွမ်နှင့် ရှင်းချင်တို့သည် အစီအရင်အတွင်း ရပ်လိုက်ကြသည်။

မီးနတ်ဘုရား တောင်ထွတ်တွင် ဧရာမ အလင်း အစီအရင်တစ်ခု လည်ပတ်နေသည်။ အလင်း အစီအရင်အထက်တွင် လေဟာနယ်က လိမ်ကောက်သွားပြီး မှောင်မိုက်သော လေဟာနယ် လမ်းကြောင်းတစ်ခု ဖန်တီးနေ၏။

အလွန်တရာ ကျယ်ပြောပြီး အဆုံးအစမဲ့ လေဟာနယ် လှိုင်းဂယက်များ ပြန့်ကျဲထွက်ပေါ်လာကာ အလင်းတန်းတစ်ခု ကောင်းကင်ယံသို့ ပစ်လွှတ်လိုက်လေသည်။

ဝူယွမ်နှင့် ရှင်းချင်တို့လည်း အလင်းတန်းအတွင်း ပျောက်ကွယ်သွားလေ၏။

All Chapters