← Chapters

အခန်း (၅၂၉-၅၃၀)

Vol. 45 Ch. 529-530

အခန်း (၅၂၉-၅၃၀)

Vol. 45 Ch. 529-530

အပိုင်း (၅၂၉)

ချက်ချင်းပဲ စုချင်ဝမ်က အလျင်အမြန် ဒူးထောက်ကာ ပြောလိုက်သည်။ “ဦးလေးတော်ကို အရိုအသေပေး ပါတယ်။”

ဧကရာဇ်လည်း အရိုအသေပေးကာ ပြောလိုက်၏။ “ဘိုးဘိုးကြီး။”

လျန်ချင်ဝမ်က ပြောလိုက်၏။ “စုချင်ဝမ်... ကျုပ်တို့ တောင်ပိုင်းကျိုး၊ ယုံကျီ ကိုးနှစ်မှာ အဲဒီတုန်းက ဝေကျုံး ဧကရာဇ်ဟာ အိမ်ရှေ့စံမင်းသား ဖြစ်နေတုန်းပဲ ရှိသေးတယ်။ ကျုပ်တို့ တောင်ပိုင်းကျိုးအင်ပါယာနဲ့ ရှီးလျန်နိုင်ငံ တို့ကြားမှာ ကြီးမားတဲ့ အငြင်းပွားမှုတွေ ဖြစ်ခဲ့ဖူးတယ်။

အဲဒီတုန်းက ဝေကျုံး ဧကရာဇ်ဟာ ရှီးလျန် အိမ်ရှေ့စံမင်းသား နဲ့ ပြိုင်ပွဲ ဝင်ခဲ့ပြီး သေခြင်းရှင်ခြင်းတိုက်ပွဲ စာချုပ်ကို လက်မှတ်ထိုးခဲ့တယ်။ ရလဒ်အနေနဲ့ ဝေကျုံး ဧကရာဇ်က ကြီးမားတဲ့ အောင်ပွဲ ရရှိခဲ့ပြီး ရှီးလျန် အိမ်ရှေ့စံမင်းသားကို သတ်ပစ်ကာ ပြည်နယ် တစ်ခုကို ရရှိခဲ့တယ်။

အဲဒီတုန်းက ရှီးလျန် ဘုရင်ကလည်း ဒီပြိုင်ပွဲရဲ့ ရလဒ်ကို အသိအမှတ် ပြုခဲ့ပြီး လက်စားချေဖို့ မလုပ်ခဲ့ဘူး။ အခု ခင်ဗျားက ကျုပ်တို့ တောင်ပိုင်းကျိုးက ဘာပြိုင်ပွဲကိုမှ အသိအမှတ် မပြုဘူးလို့ ပြောနေတယ်။ အောက်ယွီက ပြိုင်ပွဲမှာ စီးကွမ်ကို သတ်လိုက်တာ အပြစ်ရှိတယ်လို့ ပြောနေတယ်။

ဒါဆို ခင်ဗျားက အဲဒီတုန်းက ဝေကျုံး ဧကရာဇ်က ရှီးလျန် အိမ်ရှေ့စံမင်းသားကို သတ်ခဲ့တာလည်း အပြစ်ရှိတယ်လို့ ပြောချင်တာလား။ အဲဒီ သေခြင်းရှင်ခြင်းတိုက်ပွဲ စာချုပ်က အသုံးမဝင်ဘူးဆိုရင် အခု ဝူအန်းပြည်နယ်က ကျုပ်တို့ တောင်ပိုင်းကျိုးအင်ပါယာနဲ့ မသက်ဆိုင်တော့ဘူးပေါ့။”

ဤစကား ထွက်ပေါ်လာချိန်မှာတော့ စုချင်ဝမ် ချက်ချင်း စကားမပြောနိုင်အောင် ဖြစ်သွားရသည်။

ဤကဲ့သို့သော သမိုင်းဖြစ်ရပ်ဆိုးမျိုးသည် အမှန်တကယ်ပင် ဖြစ်ပွားခဲ့ဖူးသည်။ သို့သော်ငြား တောင်ပိုင်းကျိုး နန်းတွင်းက ဤအရေးကိစ္စကို အလွန်အရှက်ရဖွယ်ရာ ကိစ္စရပ်တစ်ခုအဖြစ် သတ်မှတ်ထားခဲ့သောကြောင့် ပြည်သူများအကြား လူသိရှင်ကြား ပြောဆိုခြင်း မပြုကြသည့်အပြင် သမိုင်းမော်ကွန်း မှတ်တမ်းများထဲ၌လည်း ထည့်သွင်းရေးသားခြင်း မရှိခဲ့ကြပေ။

တရားဝင် သတင်းထုတ်ပြန်ရာတွင်မူ ဝေကျုံး ဧကရာဇ်သည် စစ်တပ်ကို ကိုယ်တိုင်ဦးဆောင်၍ ရှီးလျန် အိမ်ရှေ့စံမင်းသားကို အကြီးအကျယ် စစ်နိုင်ခဲ့ပြီး ဝူအန်းပြည်နယ်ကို သိမ်းပိုက်ရရှိခဲ့သည် ဟူ၍သာ ဖော်ပြခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် တောင်ပိုင်းကျိုး နန်းတွင်း၏ အမြင်၌ ဂုဏ်သရေရှိလှသော နိုင်ငံတော်ကြီးတစ်ခု၏ အိမ်ရှေ့စံမင်းသားက သူတစ်ပါးနှင့် ကိုယ်ထိလက်ရောက် ပြိုင်ပွဲဝင်၍ ပြည်နယ်တစ်ခု၏ ပိုင်ဆိုင်မှုကို ဆုံးဖြတ်ခြင်းသည် အလွန် ပေါ့ပျက်ပျက်နိုင်လွန်းရာကျပြီး တည်ငြိမ်ရင့်ကျက်မှုမရှိဘဲ ရမ်းကားလွန်းသည်ဟု ယူဆသောကြောင့်ပင်။

သို့သော်လည်း တော်ဝင်မိသားစု၏ ဆွေစဉ်မျိုးဆက် ရာဇဝင်မှတ်တမ်း အစစ်အမှန်ထဲ၌မူ ဤအကြောင်းအရာကို အသေအချာ မှတ်တမ်းတင်ထားသောကြောင့် မည်သို့မှ ဖျောက်ဖျက်ပစ်၍ မရနိုင်ခဲ့ပေ။

သာမန်အားဖြင့် ဧကရာဇ်တစ်ပါး၏ စွမ်းဆောင်ရည်နှင့် အရည်အချင်းကို အကဲဖြတ်လိုပါက ကွယ်လွန်ပြီးနောက် ချီးမြှင့်သည့် ဘွဲ့တော်များမှတစ်ဆင့် သိရှိနိုင်သည်။

ဥပမာအားဖြင့် ဝူ (စစ်ရေးစွမ်းရည်ရှိသော)၊ အိုက် (ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော)၊ စုကျုံး (တည်ကြည် စောင့်ထိန်းသော)၊ ဝေကျုံး (ဩဇာတိက္ကမ ကြီးမားသော) အစရှိသည့် ဘွဲ့အမည်များသည် နားထောင်ရုံမျှဖြင့် အလွန်ကြီးကျယ်ခမ်းနားလှသည်ဟု ထင်မှတ်ရသော်လည်း၊ တကယ်တမ်း၌မူ အုပ်ချုပ်သူ ဧကရာဇ်မင်းတို့အတွက် သိပ်ပြီး ကောင်းမွန်လှသော ဘွဲ့အမည်များ မဟုတ်ကြပေ။

ဝေကျုံး ဧကရာဇ်၏ စရိုက်လက္ခဏာမှာ ကျန့်ဒယ် ဧကရာဇ်၏ ထက်မြက်လှသော ပုံစံမျိုးနှင့် အနည်းငယ် ဆင်တူလှသည်။ သူသည် ကျန့်ဒယ် ဧကရာဇ်ထက်ပင် သိုင်းပညာ ပိုမိုထက်မြက်ပြီး ရဲစွမ်းသတ္တိလည်း ပိုမိုပြည့်ဝသူ ဖြစ်၏။

သို့ရာတွင် ထိုခေတ်အခါက တောင်ပိုင်းကျိုး အင်ပါယာကြီး တဖြည်းဖြည်း ဆုတ်ယုတ်ကျဆင်း လာခဲ့ရခြင်းသည် ဝေကျုံး ဧကရာဇ်နှင့် ကြီးစွာ ပတ်သက်ဆက်နွှယ်နေသည်။

သူသည် တောင်ဘက်နှင့် မြောက်ဘက် ဒေသအနှံ့အပြားသို့ စစ်ချီတိုက်ခိုက်ပြီး ဩဇာအာဏာကို ပြသကာ အောင်ပွဲများစွာ ရရှိခဲ့သည်မှာ မှန်သော်လည်း၊ တောင်ပိုင်းကျိုး အင်ပါယာအတွက်မူ ကြီးမားသော ရလဒ်နှင့် အကျိုးအမြတ် တစ်စုံတစ်ရာ မရရှိခဲ့သည့်အပြင် နိုင်ငံတော်၏ အင်အားနှင့် စစ်သည်အမြောက်အမြားကိုသာ ပြုန်းတီး ဆုံးရှုံးသွားစေခဲ့၏။

စစ်မက်ရေးရာကို လွန်စွာ ခုံမင်မက်မောသူသည် မလွဲဧကန် ပျက်စီးခြင်းသို့ ရောက်ရလိမ့်မည် ဟူသော ဆိုရိုးစကားအတိုင်း ဖြစ်သည်။

သို့သော်ငြား ဤသို့သော အမှားအယွင်းများ ရှိခဲ့လင့်ကစား သူသည် တော်ဝင်မျိုးနွယ်စုတို့၏ ဘိုးဘေးဘီဘင် ဧကရာဇ်တစ်ပါး ဖြစ်နေဆဲဖြစ်ရာ၊ နှောင်းခေတ် တော်ဝင်မိသားစုဝင်များ အနေဖြင့် သူ၏ သမိုင်းဝင် စွမ်းဆောင်ချက်များနှင့် ဂုဏ်ဒြပ်ကို နှိမ့်ချစော်ကားပိုင်ခွင့် မရှိကြပေ။

လျန်ချင်ဝမ်က ပြောလိုက်၏။ “အောက်ယွီ နဲ့ စီးကွမ်တို့ရဲ့ ပြိုင်ပွဲကို ကျုပ်ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြည့်ရှုခဲ့တာပါ။ ပြီးတော့ သေခြင်းရှင်ခြင်းတိုက်ပွဲ စာချုပ် တစ်စောင်လည်း ကျုပ် လက်ထဲမှာ ရှိနေသေးတယ်။

အဲဒီတုန်းက ဝေကျုံး ဧကရာဇ်နဲ့ ရှီးလျန် အိမ်ရှေ့စံမင်းသားတို့ရဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲ စာချုပ်က အသက်ဝင်တယ်ဆိုရင် ဒီသေခြင်းရှင်ခြင်းတိုက်ပွဲ စာချုပ်ကလည်း အသက်ဝင်ရမှာပေါ့။ ကျုပ်တို့ တောင်ပိုင်းကျိုး အင်ပါယာက မင်းဆက် မပြောင်းသေးဘူး မဟုတ်လား။”

ချက်ချင်းပဲ စုချင်ဝမ် နှင့် အခြားသူများ နောက်တစ်ကြိမ် စကားမပြောနိုင်အောင် ဖြစ်သွားကြပြန်သည်။

ထိုအချိန်တွင် တော်ဝင် သမားတော် လင်ကျုံးရင် ထွက်လာပြီး ဒူးထောက်ကာ လျှောက်တင်လိုက်၏။ “လျန်ချင်ဝမ်ကို လျှောက်တင်ပါတယ်။ စီးကွမ်ရဲ့ သိုင်းပညာဟာ အောက်ယွီထက် အဆတစ်ထောင်မက သာလွန်ပါတယ်။ ရလဒ်အနေနဲ့ သူက ထူးဆန်းစွာ ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။

ဒါကြောင့် သူဟာ ပြိုင်ပွဲမှာ သေဆုံးသွားတာ မဟုတ်ဘဲ အောက်ယွီရဲ့ လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံး သွားတာလို့ကျုပ်တို့ သံသယ ရှိပါတယ်။ ပြီးတော့ စီးကွမ်ရဲ့ အလောင်းကို စစ်ဆေးကြည့်တဲ့အခါမှာ ထူးဆန်းတဲ့ အချက်တွေ အများကြီးကို တွေ့ရှိခဲ့ရပါတယ်။”

စုချင်ဝမ်က ပြောလိုက်သည်။ “ဟုတ်ပါတယ်။ ဒါကြောင့် ကျုပ်တို့က အောက်ယွီကို ဟေးပင်းထိုင်ဆီ ခေါ်သွားပြီး ဒီအမှုကို ရှင်းရှင်းလင်းလင်း စစ်ဆေးချင်တာပါ။ အကယ်၍ တကယ်ပဲ တရားမျှတတဲ့ ပြိုင်ပွဲ ဆိုရင်တော့ အောက်ယွီမှာ အပြစ် မရှိပါဘူး။ ဒါပေမဲ့ အကယ်၍ လုပ်ကြံသတ်ဖြတ်တာ ဆိုရင်တော့ အပြစ်ရှိပါတယ်။”

ဧကရာဇ်ဟောင်းက မေးလိုက်၏။ “အင်း... ဒါဆို ဆိုလိုတာက အောက်ယွီကို ဖမ်းဆီးဖို့၊ အပြစ်ပေးဖို့ မဟုတ်သေးဘဲ အမှုကို စစ်ဆေးမေးမြန်းဖို့ ခေါ်သွားချင်တာပေါ့။ ဟုတ်လား။”

စုချင်ဝမ်က ပြန်ဖြေလိုက်သည်။ “ဟုတ်ပါတယ် ဧကရာဇ်ဟောင်း။”

ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “ဒါပေမဲ့... အခု အောက်ယွီက ဒဏ်ရာရပြီး မေ့မြောနေတယ်။ သူ့ကို အရင်ဆုံး ဆေးကုသပေးပြီးမှ စစ်ဆေးမေးမြန်းရမယ် မဟုတ်လား။”

ထိုလူစုသည် အောက်ယွီနှင့် စပ်လျဉ်းသည့် အကြောင်းအရာများကိုသာ ထပ်တလဲလဲ ရေရွတ်ပြောဆိုနေကြ သောကြောင့် ဧကရာဇ်သည် စိတ်အနှောင့်အယှက်ဖြစ်ကာ မျက်မှောင်ကြုတ်သွားတော့သည်။

သူ့အနေဖြင့် ယခုကဲ့သို့ သောင်းနှင့်ချီသော တပ်တော်ကြီးကို အင်တိုက်အားတိုက် ဖွဲ့စည်းကာ လာရောက်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ အောက်ယွီဆိုသည့် လူတစ်ဦးတည်းအတွက်လား။ ဧကရာဇ်ဟောင်းအား အတင်းအကျပ် ဖိအားပေးရန် ကြိုးပမ်းရခြင်းသည် ထိုလူတစ်ယောက်တည်း အတွက်သာ ဖြစ်နေသည်လား။

အမှန်စင်စစ် သူ ဦးတည်တိုက်ခိုက်လိုသော ပစ်မှတ်အစစ်အမှန်မှာ ဧကရာဇ်ဟောင်း ဖြစ်သည်။ ယခုအခါ အင်အားတောင့်တင်းလှသော တပ်တော်ကြီးကိုလည်း ကိုယ်တိုင် ဦးဆောင် ခေါ်ယူခဲ့ပြီးပြီ ဖြစ်၏။ အတင်းအကျပ် ဖိအားပေးရန် ရည်ရွယ်ချက်ဖြင့်လည်း လုပ်ဆောင်ပြီးခဲ့ပြီ ဖြစ်သည်။

ဓားကို ဓားအိမ်မှ ဆွဲထုတ်ပြီးသွားပြီဖြစ်ရာ နောက်ဆုတ်ရန် လုံးဝမဖြစ်နိုင်တော့ဘဲ မဖြစ်မနေ ရှေ့ဆက်၍ ထိုးနှက်တိုက်ခိုက်ရ ပေတော့မည်။

ချက်ချင်းပဲ ဧကရာဇ်သည် ဝူဝေ့ နန်းဆောင်၏ တံခါးဝသို့ သွားကာ ကုတင်ပေါ်ရှိ ဧကရာဇ်ဟောင်းကို လှမ်းကြည့်လိုက်သည်။

ဧကရာဇ်ဟောင်းသည် အရင်ကထက် ပို၍ ပိန်ချုံးပြီး ပို၍ အိုမင်းရင့်ရော်နေပုံ ရကာ ကုတင်ပေါ်တွင် သစ်တုံးခြောက် တစ်တုံးကဲ့သို့ လဲလျောင်းနေသည်။ ထို့အပြင် လေဖြတ်နေသောကြောင့် လုံးဝ မလှုပ်ရှားနိုင်ချေ။

ဧကရာဇ်၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်လာပြီး ဒူးထောက်ကာ ပြောလိုက်၏။ “ခမည်းတော်... ဒီနေ့ အရင်ဆုံး စာပေပညာရှင်တွေက ပြဿနာ လာရှာကြတယ်။ အဲဒီနောက် ဆူပူသောင်းကျန်းသူတွေက လာဝိုင်းကြတယ်။ ပြီးတော့ သူပုန်တွေကတောင် ရှန်ချင်းနန်းဆောင်ထဲမှာ တိုက်ပွဲ ဖြစ်လုနီးပါး ဖြစ်ခဲ့တယ်။ တကယ်လို့များ ခမည်းတော်ကို လန့်သွားစေမယ် ဆိုရင်၊ တကယ်လို့များ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာခဲ့ရင် သားတော် ဘယ်လို လုပ်ရမလဲ။”

ဧကရာဇ်ဟောင်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ “ဧကရာဇ်... မင်းကို ပြောပြီးသားပဲလေ။ ငါ ဘာမှ မဖြစ်ပါဘူးလို့။ မင်းကို လန့်သွားအောင် လုပ်မိပြီ။”

ဧကရာဇ်က ဦးညွတ်ကာ အသံကျယ်ကျယ်ဖြင့် ငိုကြွေးလိုက်၏။ “ခမည်းတော်... ဒီနှစ်တွေ အတွင်းမှာ ခမည်းတော်ဟာ သားတော်ရဲ့ ဘေးနားမှာ မရှိခဲ့ပါဘူး။ သားတော်ဟာ နေ့တိုင်း ရေခဲပြင်ပေါ်မှာ လမ်းလျှောက်နေရသလို ခံစားရပြီး နေ့တိုင်း အရမ်း လွမ်းဆွတ်နေမိပါတယ်။

သာမန် ပြည်သူတွေတောင် ဖခင်ကို ပြုစုစောင့်ရှောက်ရမယ်၊ ဖခင်ရဲ့ ဘေးနားမှာ မိဘကျေးဇူး သိတတ်ရမယ် ဆိုတာကို သိကြပါတယ်။ ကျုပ်တို့ တောင်ပိုင်းကျိုးအင်ပါယာက မိဘကျေးဇူး သိတတ်မှုနဲ့ အုပ်ချုပ်နေတဲ့အတွက် သာမန် ပြည်သူ မိသားစု တစ်စု ထက်တောင် နိမ့်ကျနေလို့ ဖြစ်ပါ့မလား။

ခမည်းတော်... အရင်တုန်းက ခမည်းတော်က တရားကျင့်ချင်တယ်၊ နတ်ပြည် တက်ချင်တယ် ဆိုလို့ သားတော်က မတားရဲခဲ့ပါဘူး။ ဒါပေမဲ့ အခု ခမည်းတော်ရဲ့ ခန္ဓာကိုယ်ကို ကြည့်လိုက်ပါအုံး။ သားတော်ရဲ့ စိတ်နှလုံးတွေ အရမ်း ပူပန်နေရပါတယ်။ ဒီနေ့လည်း စာပေပညာရှင်တွေရော၊ ဆူပူသောင်းကျန်းသူတွေရော ရှန်ချင်းနန်းဆောင်ကို လာဝိုင်းကြတယ်။ အရမ်းကို အန္တရာယ် များလွန်းပါတယ်။

ခမည်းတော်... ရှန်ချင်းနန်းဆောင်က အရမ်း အန္တရာယ် များလွန်းပါတယ်။ သားတော်က ခမည်းတော်ကို ဒီနေရာမှာ ဆက်ထားဖို့ လုံးဝ မဖြစ်နိုင်တော့ပါဘူး။ ခမည်းတော်... အခုပဲ သားတော်နဲ့အတူ နန်းတော်ကို ပြန်လိုက်ခဲ့ပါ။ သားတော်က နေ့တိုင်း ခမည်းတော်ကို ပြုစုစောင့်ရှောက်ပြီး မိဘကျေးဇူး ဆပ်ပါ့မယ်။

သာမန် ပြည်သူ မိသားစုတွေမှာတောင် အသက်ကြီးတဲ့ ဖခင်ဟာ သားရဲ့ ဘေးနားမှာ အေးအေးချမ်းချမ်း နေထိုင်နေရတာကို သားတော်က ခမည်းတော်ကို ဒီနေရာမှာ တစ်ယောက်တည်း အထီးကျန်စွာ နေထိုင်ခိုင်းလို့ ဘယ်လိုလုပ် ရမှာလဲ။”

ထို့နောက် ဧကရာဇ်သည် အကြိမ်ဆယ်ချီခန့် ဆက်တိုက် ဦးညွတ်လိုက်ပြီး ပြတ်သားစွာ အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်သည်။ “လာကြစမ်း... ဧကရာဇ်ဟောင်းကို နန်းတော်ဆီ ပြောင်းရွှေ့ပေးကြ။ ဒါက ကိုယ်တော်ရဲ့ အမိန့်တော်ပဲ။ ဘယ်သူမှ မဆန့်ကျင်ရဘူး။

ကျုပ်တို့ တောင်ပိုင်းကျိုးအင်ပါယာက မိဘကျေးဇူး သိတတ်မှုနဲ့ အုပ်ချုပ်တာပါ။ ကိုယ်တော်ကို မိဘကျေးဇူး ဆပ်ဖို့ တားဆီးရဲတဲ့သူရှိရင် ကိုယ်တော်က သူ့ကို သတ်ပစ်မယ်။”

ဤဧကရာဇ်သည် အမှန်တကယ် သွေးအေး ရက်စက်လွန်းလှသည်။ သူသည် မိမိ၏ မွေးဖခင်ရင်း ဖြစ်သော ဧကရာဇ်ဟောင်းအား အာဏာစက်ဖြင့် အတင်းအကျပ် ဖိအားပေးကာ အကျယ်ချုပ် ချထားရန်အထိပင် မဆိုင်းမတွ ကြံစည်လုပ်ဆောင်နေတော့၏။

ဧကရာဇ်၏ အမိန့်ပေးသံနှင့်အတူ ဟောက်ချင့်နှင့် အခြားသော မိန်းမစိုးကြီးများသည် ဝူဝေ့ နန်းဆောင် အတွင်းသို့ ချက်ချင်း ဝင်ရောက်လာကြပြီး ဧကရာဇ်ဟောင်းကို သယ်ဆောင်ရန် ပြင်လိုက်ကြတော့သည်။

“နေအုံး...” ဧကရာဇ်ဟောင်းက အစွမ်းကုန် အားစိုက်ကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။

တစ်ချိန်တည်းမှာပဲ စစ်သူကြီး ယင်းယန် နှင့် ရှန်ချင်းနန်းဆောင်၏ အစောင့်တပ်ဖွဲ့ဝင် ထောင်ချီသည် ရုတ်တရက် မတ်တတ်ရပ်လိုက်ကြတော့သည်။

ဧကရာဇ်ဟောင်း၏ အသံမှာကျယ်လောင်သော်လည်း အလွန် အားနည်းနေပြီး လည်ပင်းမှလွဲ၍ အောက်ပိုင်း တစ်ကိုယ်လုံး လုံးဝ မလှုပ်ရှားနိုင်ချေ။

ဧကရာဇ်၏ စိတ်ထဲတွင် အေးစက်စက် ပြုံးလိုက်မိသည်။ ‘ခမည်းတော်... ဘာလို့ ဒီလောက်တောင် ပင်ပန်းခံပြီး အသက်ရှင်နေရတာလဲ။ ဒီလောက် အသက်ကြီးနေပြီကို လွှတ်ချလိုက်သင့်ပြီ မဟုတ်လား။’

ဧကရာဇ်ဟောင်း၏ မျက်နှာထားမှာ ပြန်လည် နူးညံ့သွားပြီးနောက် အပြင်ဘက်ရှိ အမတ် အများအပြားထံသို့ လှမ်းကြည့်လိုက်၏။

လူဆယ်ယောက်ကျော်ခန့် ရောက်ရှိနေပြီး အမတ် အများစုမှာမူ ရောက်မလာကြချေ။

တောင်ပိုင်းကျိုး နန်းတွင်းတွင် သစ္စာရှိသော အမတ်များနှင့် ဖြောင့်မတ်တည်ကြည်သော အမတ်များ မများပြား သော်လည်း လုံးဝ မရှိသည်တော့ မဟုတ်ချေ။ ထိုသို့မဟုတ်ပါက အောက်ယွီ၏ကိစ္စအတွက် ရှန်ချင်းနန်းဆောင် တံခါးအပြင်ဘက်တွင် တိုက်ပြီး သေဆုံးသွားကြမည် မဟုတ်ပေ။

ဤဖြောင့်မတ်တည်ကြည်သော အမတ်များသည် ဤကိစ္စအတွက် ခေါင်းတိုက်ပြီး သေဆုံးနိုင်သည်ဆိုလျှင် ဧကရာဇ်က ဧကရာဇ်ဟောင်းကို အတင်းအကျပ် ဖိအားပေးနေသည်ကိုလည်း ဤအတိုင်း ကြည့်နေမည် မဟုတ်ချေ။

မည်သို့ပင်ဖြစ်စေ တောင်ပိုင်းကျိုးအင်ပါယာသည် မိဘကျေးဇူး သိတတ်မှုဖြင့် အုပ်ချုပ်သော နိုင်ငံ ဖြစ်သည်။

“အရှင်မင်းမြတ်... အပြင်ဘက်မှာ အနားယူသွားတဲ့ အမတ်ဟောင်း တစ်စုနဲ့ အမတ် ရာချီလောက် ရောက်လာပြီး ရှန်ချင်းနန်းဆောင် တံခါးအပြင်ဘက်မှာ ရောက်နေကြပါတယ်။” ရုတ်တရက် နန်ကုန်းချော့သည် အပြေးအလွှား ရောက်ရှိလာပြီး ဧကရာဇ်၏ နားထဲသို့ တိုးတိုးလေး လျှောက်တင်လိုက်၏။

ဧကရာဇ်က အေးစက်စက်ဖြင့် မေးလိုက်သည်။ “သူတို့ ဘာလာလုပ်တာလဲ။”

နန်ကုန်းချော့က ပြန်ဖြေလိုက်၏။ “အပြင်ဘက်မှာပဲ ဒူးထောက်နေကြပြီး စကားမပြောရဲကြပါဘူး။ ဒါပေမဲ့ အဓိပ္ပာယ်ကတော့ အရှင်မင်းမြတ်ကို ဧကရာဇ်ဟောင်း အပေါ်ကောင်းကောင်း ဆက်ဆံဖို့ တောင်းဆိုနေတာပါ။”

ဧကရာဇ်၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားတော့သည်။ ‘ဒီလောက်တောင် တင်းတင်းကျပ်ကျပ် စောင့်ကြည့်ထားတာတောင် ဒီလူတွေက ရောက်လာကြသေးတယ်ပေါ့။’

……………..

အပိုင်း (၅၃၀)

ဤတစ်ကြိမ်တွင် သူသည် ဧကရာဇ်ဟောင်းအား အတင်းအကျပ် ဖိအားပေး နှိပ်ကွပ်ရန် လာရောက်ခဲ့ခြင်း ဖြစ်သောကြောင့် သူ၏ အစီအမံများကို လုံးဝဥဿုံ ထောက်ခံမည့် ယုံကြည်စိတ်ချရသော အမတ်ကြီး ဆယ်ဦးကျော်ကိုသာ အသေအချာ ရွေးချယ်ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်၏။

ဧကရာဇ်ဟောင်းအပေါ် သနားညှာတာစိတ် အနည်းငယ် ရှိနိုင်မည့် အမတ်မျိုးကိုမူ တစ်ဦးတစ်ယောက်မျှပင် ပါဝင်ခွင့်မပြုဘဲ ချန်လှပ်ထားခဲ့သည်။

မည်သို့ပင်ဆိုစေ ဧကရာဇ်ဟောင်းသည် အနှစ်ငါးဆယ်တိုင်တိုင် အုပ်ချုပ်ခဲ့ပြီး ပြိုင်ဘက်ကင်းသော အခြေခံ အုတ်မြစ်များ ရှိနေသောကြောင့် အမတ် အများအပြားသည် ဧကရာဇ်ဟောင်းအပေါ် လေးနက်သော သံယောဇဉ်များ ရှိနေကြ၏။

သေချာပေါက် လူတိုင်းသည် လက်တွေ့ကျကြပြီး နန်းတွင်း၏အမတ် ဖြစ်လာနိုင်သူတိုင်းသည် ဉာဏ်များသူများချည်းသာ ဖြစ်ကြသည်။

ဤလူစု သည် ဧကရာဇ်ဟောင်း၏ အကျိုးဆောင်မှုများကို စိတ်ထဲတွင် မည်သို့ပင် သတ်မှတ်ထားပါစေ၊ သူသည် လောကကြီးနှင့် အဆက်အသွယ် ပြတ်တောက်သွားသည်မှာ ရှစ်နှစ်ကျော် ရှိနေပြီဖြစ်ပြီး ရောဂါကျွမ်းကာ အသက်ရှင်ရန် အချိန် သိပ်မရှိတော့ချေ။

ဧကရာဇ်မှာမူ အင်အား အကောင်းဆုံး အရွယ်တွင် ရှိနေသောကြောင့် ဤအမတ်များသည် မည်သည့်ဘက်တွင် ရပ်တည်ရမည် ဆိုသည်ကို သိရှိကြသည်။

ထို့အပြင် ဧကရာဇ် ဝမ်ယွင်သည် နန်းတက်ပြီးနောက် လူတိုင်း၏ ထောက်ခံမှုကို ရရှိစေရန်အတွက် အောက်ရှင်းကို တောင်ပိုင်း စစ်သေနာပတိချုပ် ရာထူးမှ ဖယ်ရှားလိုက်ပြီး နန်းတွင်း၏ မှူးမတ် အားလုံးကို တောင်ပိုင်းမှ ကြီးမားသော အကျိုးအမြတ်များ ရရှိစေခဲ့သောကြောင့် နောက်ဆုံးတွင် လူရိုင်းများကို ပုန်ကန်အောင် ဖိအားပေးမိသကဲ့သို့ ဖြစ်သွားခဲ့၏။

‘ခင်ဗျားတို့ အမတ်တွေက ကျုပ်ရဲ့ကျေးဇူးကို သိတတ်သင့်တယ်လေ။ တောင်ပိုင်း ဆိုတဲ့ အသားတုံးကြီးကို ခင်ဗျားတို့ကို ပေးပြီး ဝအောင် စားခိုင်းခဲ့တာပဲ။’

“အရှင်မင်းမြတ်... ဧကရာဇ်ဟောင်း အပေါ် မရက်စက်ပါနဲ့။”

“အရှင်မင်းမြတ်... ကျုပ်တို့ တောင်ပိုင်းကျိုးက မိဘကျေးဇူး သိတတ်မှုနဲ့ အုပ်ချုပ်တာပါ။ လောက က လူတွေကို ရင်နာစေမယ့်ကိစ္စမျိုး လုံးဝ မလုပ်ပါနဲ့။”

ထိုအချိန်တွင် အပြင်ဘက်မှ အသံကျယ်ကျယ်ဖြင့် အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။

ဤအသံကို ကြားလိုက်သည်နှင့် မည်သူဖြစ်ကြောင်း သိရှိနိုင်သည်။ ယခင်က အိမ်ရှေ့စံမင်းသား၏ ဆရာ (ထိုက်ဖူ) ဖြစ်ခဲ့ဖူးပြီး စုံစမ်းစစ်ဆေးရေးရုံး ဒု-အကြီးအကဲ၊ ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးတာဝန်များကို ထမ်းဆောင်ခဲ့ဖူးသော ကျိုကွမ်ဒီ ဖြစ်၏။

သူသည် ဧကရာဇ်အတွက် ခေါင်းအကိုက်ရဆုံး လူတစ်ယောက် ဖြစ်ခဲ့ဖူးသည်။ ဤလူသည် ဆရာ လုပ်လာသည်မှာ အနှစ် နှစ်ဆယ် ရှိပြီဖြစ်ပြီး ကျောင်းသားများကို ဆုံးမရသည်ကို အနှစ်သက်ဆုံး ဖြစ်သည်။

ထို့ကြောင့် ဧကရာဇ် ဝမ်ယွင် နန်းတက်ပြီးနောက် သူ့ဆရာကို မြင့်မားသော ခံစားခွင့်များပေးကာ အိမ်သို့ ချက်ချင်း ပြန်လည် အနားယူစေခဲ့၏။

သူသည် ယခုနှစ်တွင် အသက် ရှစ်ဆယ်နီးပါး ရှိနေပြီ ဖြစ်ပြီး အသက်တော်တော်ရှည်သူ တစ်ဦး ဖြစ်သည်။ သူ တကယ် ရောက်လာလိမ့်မည်ဟု မထင်မှတ်ခဲ့မိချေ။

ကျိုကွမ်ဒီ တစ်ယောက်တည်း ရောက်လာရုံသာမက ထျန်းယန်ခေတ်က အနားယူသွားသော အမတ်ဟောင်း ဆယ်ယောက်ကျော်ခန့်လည်း ရောက်လာကြသည်။ ထို့အပြင် ဝမ်ယွင်ခေတ်က အမတ် ရာကျော်လည်း ရောက်လာကြ၏။

ဤသို့ ဖြစ်ပျက်နေခြင်းက သဘာဝကျလှ၏။ တောင်ပိုင်းကျိုး အင်ပါယာကြီးသည် စာပေပညာရှင်များနှင့် ပညာတတ်အမတ်များကို ပြုစုပျိုးထောင်ကာ ချီးမြှောက်လာခဲ့သည်မှာ နှစ်ပေါင်းရာနှင့်ချီ၍ ကြာမြင့်ခဲ့ပြီဖြစ်ရာ၊ ထိုမျှ အစဉ်အလာကြီးမားသော နိုင်ငံတော်တွင် အသက်ကို ပမာမထားဘဲ သစ္စာစောင့်သိမည့် အမတ်စစ်အမတ်မှန် အနည်းငယ်မျှ ရှိမည် မဟုတ်ပေ။

သေချာပေါက် ဤသစ္စာရှိသော အမတ်များသည် ထျန်းယန် ဧကရာဇ်ဟောင်းကို သစ္စာခံခြင်း မဟုတ်ဘဲ ဧကရာဇ် ဝမ်ယွင်ကို သစ္စာခံကြသူများ ဖြစ်သည်။

ထို့အပြင် ဧကရာဇ်ဟောင်းသည် အသက်ကြီးပြီး အားနည်းနေကာ မကြာမီ သေဆုံးတော့မည် ဖြစ်သောကြောင့် သူတို့သည် ဧကရာဇ် ဝမ်ယွင်ကိုသာ ရွေးချယ်ကြမှာဖြစ်၏။

တောင်ပိုင်းကျိုးသည် မိဘကျေးဇူး သိတတ်မှုဖြင့် အုပ်ချုပ်သော နိုင်ငံဖြစ်သောကြောင့် သူတို့သည် ဧကရာဇ်က သဘာဝတရားနှင့် ဆန့်ကျင်သော လုပ်ရပ်များကို လုပ်ဆောင်သည်ကို လုံးဝ မမြင်တွေ့လိုကြချေ။

အသက်အရွယ် ကြီးမြင့်နေပြီဖြစ်သော လျန်ချင်ဝမ်သည် တိုင်လုံးကို ပွတ်သပ်ရင်း ပြောလိုက်၏။ “ဒီတိုင်လုံးက တော်တော်ကောင်းတာပဲ။ ဒီတိုင်လုံးက တော်တော် မာတာပဲ။ ကျုပ်ခေါင်းနဲ့ ဒီတိုင်ကို ဝင်တိုက်လိုက်ရင် ကွဲသွားမလား မသိဘူး။”

‘အဘိုးကြီး... ဒီလို အချိန်မျိုးမှာ ဟာသ လာလုပ်မနေနဲ့တော့။’

သို့ပေမည့် မျိုးရိုးစဉ်ဆက် အမြင့်ဆုံး ဤတော်ဝင်မိသားစုဝင် ဘိုးဘိုးကြီးက အမှန်တကယ် ခြိမ်းခြောက်လိုက်ခြင်း ဖြစ်သည်။ အကယ်၍ ဧကရာဇ်က ဧကရာဇ်ဟောင်းအပေါ် ရက်စက်မည်ဆိုပါက သူသည် ဤတိုင်လုံးကို ခေါင်းဖြင့်တိုက်ပြီး သေပစ်လိုက်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ချက်ချင်းပဲ ဧကရာဇ်သည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ အသံကျယ်ကျယ်ဖြင့် ငိုကြွေးလိုက်ပြီး မေးလိုက်၏။ “ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ။ ဒါ ဘာလုပ်နေကြတာလဲ။ ကိုယ်တော်က ဧကရာဇ်ဟောင်းကို ကိုယ်တော့်ဘေးနား ခေါ်ထားပြီး အေးအေးချမ်းချမ်း နေထိုင်စေချင်ရုံ သက်သက်ပါ။ အဲဒါ အမှားလား။ ခင်ဗျားတို့ အမတ်ဟောင်းတွေလည်း သားသမီးတွေရဲ့ ဘေးနားမှာ မိသားစု ပျော်ရွှင်မှုတွေကို ခံစားနေကြတာပဲ မဟုတ်လား။

ဒီ ရှန်ချင်းနန်းဆောင်ကို တစ်ခါတစ်လေ စာပေပညာရှင်တွေ လာပြီး ပြဿနာ ရှာကြတယ်။ တစ်ခါတစ်လေ ဆူပူသောင်းကျန်းသူတွေ လာပြီး ပြဿနာ ရှာကြတယ်။ လုံးဝ မလုံခြုံဘူး။ အကယ်၍များ ဧကရာဇ်ဟောင်း တစ်ခုခု ဖြစ်သွားရင် ဒီတာဝန်ကို ဘယ်သူ ယူမှာလဲ။ ခင်ဗျားတို့ လူစုက ကိုယ်တော့်ကို မိဘကျေးဇူး မသိတတ်တဲ့ အခြေအနေ ရောက်အောင် တွန်းပို့နေတာလား။”

ထို့နောက် ဧကရာဇ်သည် ဝူဝေ့ နန်းဆောင် အတွင်းသို့ ဒူးထောက် လျှောက်သွားကာ အသံကျယ်ကျယ်ဖြင့် ငိုကြွေးကာ ပြောလိုက်သည်။ “ခမည်းတော်... သားတော်က ဘာများ အမှားလုပ်မိလို့ ခမည်းတော်ကို ဒီလောက်တောင် ရွံရှာစေရတာလဲ။ သားတော်က ခမည်းတော်ကို ဘေးနား ခေါ်ထားပြီး မိဘကျေးဇူး ဆပ်ချင်ရုံ သက်သက်ပါ။

မယ်တော်ကလည်း နေ့တိုင်း ခမည်းတော်ကို လွမ်းဆွတ်နေပါတယ်။ ငယ်ရွယ်စဉ်တည်းက အတူတူ နေလာခဲ့တဲ့ ဇနီးမောင်နှံတွေ အသက် ကြီးလာတဲ့အခါ အဖော်ပြုရမှာပေါ့။ မယ်တော် တစ်ယောက်တည်း အထီးကျန်စွာ နေထိုင်ရတာကို ခမည်းတော်က ကြည့်ရက်လို့လား။

ခမည်းတော်... သားတော်ကို မိဘကျေးဇူး မသိတတ်ဘူးလို့ ထင်တယ်ဆိုရင် စကားပြောစရာ မလိုပါဘူး။ သားတော်က ခမည်းတော် မျက်စိရှေ့မှာတင် အခုပဲ ခေါင်းနဲ့ တိုက်ပြီး သေပေးပါ့မယ်။ ဖခင်က သားကို သေခိုင်းရင်၊ သားက မသေလို့ မရဘူး။”

ဧကရာဇ်သည် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ပြီးနောက် ဝူဝေ့ နန်းဆောင်၏ နံရံဆီသို့ ခေါင်းဖြင့် တိုက်ရန် ပြေးသွားတော့၏။

“မလုပ်ပါနဲ့...”

“မလုပ်ပါနဲ့...”

နန်ကုန်းချော့နှင့် မိန်းမစိုး သိုင်းပညာရှင် အချို့သည် ဧကရာဇ်ကို ကယ်တင်ရန် အလျင်အမြန် ပြေးသွား ကြတော့သည်။

အထူးသဖြင့် မိန်းမစိုးအိုကြီး ဟောက်ချန်သည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ ပြေးသွားပြီး ဧကရာဇ် ခေါင်းနှင့် တိုက်မည့် အရေးကို တားဆီးရန် ပြင်လိုက်၏။

ယခုအခါတွင်လည်း ကိုယ်ကျင့်တရားနှင့် တရားမျှတမှုဆိုင်ရာ အားပြိုင်မှု ဖြစ်လာပြန်၏။ ဧကရာဇ်က ခေါင်းနှင့် တိုက်ရန် ရွေးချယ်လိုက်ခြင်းက ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ အားသာချက်ကို တိုက်ရိုက် ပြောင်းပြန်လှန်ပစ်လိုက်ခြင်းပင် ဖြစ်သည်။

မိဘကျေးဇူး သိတတ်မှုဖြင့် အုပ်ချုပ်ခြင်းသည် အရေးကြီးသော်လည်း ဧကရာဇ်ဟောင်း အနေဖြင့် ဧကရာဇ်ကို အသေခံအောင် ဖိအားပေး၍ မရနိုင်ချေ။

သို့ပေမည့် ဟောက်ချန်သည် အနည်းငယ် ဝေးကွာနေသေးပြီး အခြား မိန်းမစိုး သိုင်းပညာရှင်များမှာမူ အခြေအနေကို အလွန်ကောင်းမွန်စွာ ထိန်းချုပ်နိုင်ကြသည်။

ဧကရာဇ်ကို ခေါင်းနှင့်တိုက်ခွင့် ပေးလိုက်သော်လည်း ပြင်းထန်စွာ မထိခိုက်စေရန် လုပ်ဆောင်ပေးလိုက်ကြသည်။

သို့ပေမည့် ကြည့်ရသည်မှာ ဧကရာဇ်၏ခေါင်း ပေါက်ပြဲသွားပြီး သွေးများ ပန်းထွက်လာပြီ ဖြစ်၏။

ဧကရာဇ်ဟောင်းသည် မျက်ရည်ဝဲကာ ပြောလိုက်သည်။ “အရူးလေး... အရူးလေး... ငါက လောကီရေးရာတွေနဲ့ ကင်းကွာနေတဲ့ သူတစ်ယောက် ဖြစ်နေပါပြီ။ ငါက တရားကျင့်ဖို့ပဲ စိတ်ဝင်စားတော့လို့ ဒီရှန်ချင်းနန်းဆောင်မှာပဲ လွတ်လွတ်လပ်လပ် နေချင်တာပါ။”

ဧကရာဇ်က ငိုကြွေးလျက် ပြောလိုက်၏။ “ခမည်းတော်... သားတော်က နန်းတော်ထဲမှာ ခမည်းတော်အတွက် တာအို ဘုရားကျောင်းတစ်ခု အစောကြီးတည်းက ဆောက်ပေးထားပါတယ်။ ခမည်းတော် အဲဒီမှာ ဆက်ပြီး တရားကျင့်လို့ ရပါတယ်။ သားတော်နဲ့ မိဖုရားကြီးကလည်း နေ့တိုင်း ခမည်းတော်ကို ပြုစုစောင့်ရှောက်နိုင်သလို မယ်တော်ကလည်း နေ့တိုင်း ခမည်းတော်ကို မြင်တွေ့နိုင်ပါတယ်။ ဒါက မကောင်းဘူးလား။”

ဧကရာဇ်ဟောင်းက ပြန်ပြောလိုက်သည်။ “သားတော်... ကောင်းကင်မှာ နေနှစ်စင်း မရှိသလို၊ ပြည်သူတွေမှာလည်း အရှင်သခင် နှစ်ယောက် မရှိပါဘူး။ နန်းတော်ထဲမှာ ဧကရာဇ် တစ်ပါးတည်းပဲ ရှိလို့ ရပါတယ်။ ငါ့ရဲ့ စေတနာတွေကို မင်း ဘာလို့ နားမလည်ရတာလဲ။”

ဧကရာဇ်က အသံကျယ်ကျယ်ဖြင့် ငိုကြွေးကာ မေးလိုက်၏။ “ခမည်းတော်... သားတော်ရဲ့ အသက်က ခမည်းတော် ပေးထားတာပါ။ ဒီတိုင်းပြည်ကလည်း ခမည်းတော်က သားတော်ကို ပေးသနားခဲ့တာပါ။ သင့်ဟာ ငါ့ဟာ ခွဲခြားနေဖို့ လိုသေးလို့လား။

ခမည်းတော်ဟာ တိုင်းပြည်ကို အနှစ်ငါးဆယ်တိုင်တိုင် အုပ်ချုပ်ခဲ့ပြီး ဉာဏ်ပညာ ကြီးမားလှပါတယ်။ ခမည်းတော် နန်းတော်ထဲ ဝင်လာပြီးရင် သားတော် နားမလည်တဲ့ကိစ္စတွေ ရှိရင် ခမည်းတော်ဆီကနေ အကြံဉာဏ်တွေ တောင်းခံလို့ ရတာပေါ့။”

ဧကရာဇ်ဟောင်းက ပြန်ပြောလိုက်သည်။ “မဖြစ်ဘူး... မဖြစ်ဘူး။ နန်းတော်ထဲမှာ ဧကရာဇ် တစ်ပါးတည်းပဲ ရှိလို့ရတယ်။ ငါ နန်းတော်ထဲ ပြန်သွားရင် ဘယ်လို ဖြစ်သွားမလဲ။”

ဧကရာဇ်က ဆက်လက် ဦးညွတ်ကာ ပြောလိုက်၏။ “ခမည်းတော်... ခမည်းတော်သာ သဘောမတူဘူးဆိုရင် သားတော်က ခမည်းတော် မျက်စိရှေ့မှာပဲ ဦးညွတ်ပြီး သေပေးပါ့မယ်။”

ထို့နောက် ဧကရာဇ် သည် မြေပြင်ပေါ်တွင် ဒူးထောက်၍ တဘုန်းဘုန်းမြည်အောင် ဦးညွတ်လိုက်ရာ မကြာမီမှာပဲ သွေးသံရဲရဲ ဖြစ်သွားတော့သည်။

“ခင်ဗျားတို့ ဘာရပ်ကြည့်နေကြတာလဲ။”

စုချင်ဝမ်က အေးစက်စက်ဖြင့် ပြောလိုက်၏။ “ဧကရာဇ်ဟောင်းကို နန်းတော် ပြန်ဖို့ တောင်းပန်ကြလေ။”

ချက်ချင်းပဲ ဧကရာဇ် ခေါ်ဆောင်လာသော အမတ် ဆယ်ယောက်ကျော်က အားလုံး ဒူးထောက်ကာ အဆက်မပြတ် ဦးညွတ်လျက် ပြောလိုက်ကြသည်။ “ဧကရာဇ်ဟောင်း... ကျေးဇူးပြုပြီး ခွင့်ပြုပေးပါ။ ဧကရာဇ်ဟောင်း... ကျေးဇူးပြုပြီး ခွင့်ပြုပေးပါ။”

“ဧကရာဇ်ဟောင်း... နန်းတော်ကို ပြန်ပြီး အေးအေးချမ်းချမ်း နေထိုင်ပါတော့။”

“ဧကရာဇ်ဟောင်း...ကျေးဇူးပြုပြီး ခွင့်ပြုပေးပါ။”

ဧကရာဇ်၏ ဦးဆောင်မှုအောက်တွင် အမတ်များ အားလုံး အဆက်မပြတ် ဦးညွတ်ကာ သနားဖွယ်ကောင်းအောင် အော်ဟစ်နေကြသောကြောင့် ချက်ချင်းပဲ ရှန်ချင်းနန်းဆောင် အတွင်း၌ ငိုကြွေးသံများ ဆူညံသွားတော့၏။

ဧကရာဇ်၏ ခေါင်းမှာလည်း ပေါက်ပြဲပြီး သွေးများ ထွက်နေသောကြောင့် ကြည့်ရသည်မှာ အလွန် ကြောက်မက်ဖွယ်ကောင်းနေသည်။

ဧကရာဇ်ဟောင်းသည် ကောင်းကင်ကို မော့ကြည့်ကာ မျက်ရည်များကျဆင်းလာပြီး တုန်ယင် အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်၏။ “ထားလိုက်ပါတော့... ထားလိုက်ပါတော့... ငါက ဖခင် တစ်ယောက် အနေနဲ့ မင်းလို ဧကရာဇ်ကို မိဘကျေးဇူး မသိတတ်တဲ့ အခြေအနေမျိုး ရောက်အောင် ဘယ်လိုလုပ် လုပ်ရက်မှာလဲ။ မင်းက ငါ့ရဲ့ သားအရင်းလေ။ မင်း သွေးသံရဲရဲ ဖြစ်နေတာကို ငါ ဘယ်လိုလုပ် ကြည့်ရက်မှာလဲ။ သားရဲ့ ခန္ဓာကိုယ် နာကျင်ရင် ဖခင်ရဲ့ နှလုံးသားက နာကျင်ရတာပေါ့။”

ဤစကား ထွက်ပေါ်လာချိန်မှာတော့ ဧကရာဇ်၏ စိတ်ထဲတွင် ဝမ်းသာသွားတော့သည်။

ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “ဧကရာဇ်... မင်းက ငါ့ရဲ့ အချက်နှစ်ချက်ကို သဘောတူရင် ငါ မင်းနဲ့အတူ နန်းတော်ကို လိုက်ခဲ့မယ်။”

ဧကရာဇ်က ဦးညွတ်လျက် ပြောလိုက်သည်။ “ခမည်းတော်... အဲဒီလို စကားမျိုး လုံးဝ မပြောပါနဲ့။ ခမည်းတော်က ဖခင် ဖြစ်တဲ့အတွက် ခမည်းတော်ရဲ့ ဘယ်လို စကားမျိုးကို မဆို သားတော်က လိုက်နာပါ့မယ်။”

ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “ပထမအချက်... ဒီနေ့ကိစ္စတွေ အများကြီး ဖြစ်ပျက်ခဲ့ပြီး မသေသင့်တဲ့ လူတွေ အများကြီး သေဆုံးခဲ့ရတယ်။ ဒါပေမဲ့ ဒီအမှားတွေ အားလုံးက ငါ့အပေါ်မှာပဲ ရှိပါတယ်။ မင်း ဘယ်သူ့ကိုမှ အပြစ်မပေးပါနဲ့။

ငါ့ရဲ့ ရှန်ချင်းနန်းဆောင်က အစောင့်တပ်ဖွဲ့ဝင်တွေရော၊ ဒီနေ့ ရှန်ချင်းနန်းဆောင်ထဲကို ဝင်ရောက်လာတဲ့ တော်ဝင် သက်တော်စောင့်တပ်က စစ်သူကြီးတွေနဲ့ စစ်သည်တွေ၊ မြို့တော် စစ်သေနာပတိရုံးက စစ်သူကြီးတွေနဲ့ စစ်သည် တွေထဲက ဘယ်သူ့ကိုမှ ဧကရာဇ်က အပြစ်မပေးပါနဲ့။”

ဧကရာဇ်က ပြန်ပြောလိုက်သည်။ “ခမည်းတော်...ကျန်းဟွိုင်နဲ့ ကျိုးမုတို့ နှစ်ယောက်က စစ်တပ်ကို ဦးဆောင်ပြီး ခမည်းတော်ကို စော်ကားခဲ့တာ အရမ်း ပြစ်မှုကြီးမားပါတယ်။ ဘယ်လိုလုပ်ပြီး ခွင့်လွှတ်လို့ ရမှာလဲ။ ပြီးတော့ ဒီစစ်သည် ခြောက်ထောင်ကလည်း ကယ်တင်ချင်တဲ့စိတ် အရမ်းလောနေတယ် ဆိုရင်တောင် ခမည်းတော်ရဲ့ ရှန်ချင်းနန်းဆောင်ထဲကို အတင်း ဝင်ရောက်ခဲ့တာ ကြီးမားတဲ့ ပြစ်မှုပါပဲ။”

ဧကရာဇ်ဟောင်းက ပြန်ပြောလိုက်၏။ “ငါ့အတွက်နဲ့တော့ လူမသတ်ပါနဲ့တော့။ ကောင်းကင်ဘုံရဲ့ သဟဇာတကို ထိခိုက်စေပါတယ်။ သူတို့ အမှား လုပ်ခဲ့ရင် သူတို့ကို ပြင်ဆင်ခွင့် ပေးလိုက်ပါ။ သူတို့ကို လန်ကျိုးကို ပို့ပြီး လန်ကျိုး ပြန်လည် တည်ဆောက်ရေးမှာ ပါဝင်ခိုင်းကာ ဒုက္ခသည်တွေကို ကယ်တင်ဖို့ ကူညီပေးခိုင်းလိုက်ပါ။”

ဧကရာဇ်က ငိုကြွေးလျက် ပြန်ပြောလိုက်သည်။ “သားတော်.. အမိန့်တော်ကို နာခံပါ့မယ်။”

All Chapters