အခန်း (၅၂၃-၅၂၄)
Vol. 45 Ch. 523-524
အပိုင်း (၅၂၃)
အောက်ယွီက စီးကွမ်ကို သတ်ပစ်လိုက်သည့်ကိစ္စနှင့် ပတ်သက်၍ ဧကရာဇ်နှင့် နန်းတွင်း၏ အမတ်ကြီးများက သဘောထား တူညီသွားကြသည့်အပြင် ယွဲ့တန်းဖျင် အဖွဲ့အစည်းကလည်း ပြည်သူ့အသံများကို ထိန်းချုပ် ထားသောကြောင့် စာပေပညာရှင် အများစု၏ ထင်မြင်ယူဆချက်များမှာ အလွန် တူညီနေကြ၏။
အောက်ယွီ၏ လုပ်ရပ်သည် ပဋိပက္ခများကို ပိုမို ဆိုးရွားလာစေပြီး မြို့စားကို ပုန်ကန်အောင် ဖိအားပေးလိုက်သလို ဖြစ်သွားကာ တောင်ပိုင်းကျိုးအင်ပါယာကို ကြီးမားသော ဘေးဒုက္ခကြီး ဆောင်ကြဉ်း ပေးလာမည်ဟု ထင်မှတ်နေကြသည်။
ထို့ကြောင့် အောက်ယွီကို တရားဝင် အပြစ်ပေးပြီး ကျိန့်ဟိုင်မြို့စား စီးပြန်းကို ရှင်းပြရမည်ဟု ယူဆကြသည်။ ထိုသို့ လုပ်ဆောင်မှသာ ကျိန့်ဟိုင်မြို့စားအိမ်တော်က ပုန်ကန်ရန် စဉ်းစားမှာ မဟုတ်ချေ။
ဤကဲ့သို့သော တစ်ဖက်သတ် ပြည်သူ့အသံများအောက်တွင် အချို့သော အမတ်များနှင့် စာပေပညာရှင် များ၏ စိတ်ထဲတွင် ကွဲပြားခြားနားသော အမြင်များ ရှိနေလျှင်တောင်မှ ယခုအချိန်တွင် နှုတ်ဆိတ်နေရုံသာ ရှိတော့သည်။
ဤသည်မှာ ကိုယ့်လူမဟုတ်လျှင် ရန်သူအဖြစ် သတ်မှတ်ကာ ရှင်းလင်းသည့် လုပ်ရပ်ပင် ဖြစ်သည်။ မတူညီသော အသံကို ထုတ်ဖော်ပြောဆိုရဲသူတိုင်းသည် ကိုယ့်သေတွင်းကိုယ်တူးခြင်း၊ ကိုယ့်အနာဂတ် ကိုယ်ဖျက်ဆီးခြင်းပင် ဖြစ်သည်။
သို့ပေမည့် အောက်ခြေ လူတန်းစား ပြည်သူများမှာမူ လုံးဝ မတူညီကြချေ။ သူတို့၏ တွေးခေါ်ပုံများမှာ များသောအားဖြင့် အားနည်းသူများကို သနားကြင်နာတတ်ကြသည်။ ထိုသို့ဆိုလျှင် အောက်ယွီ နှင့် စီးကွမ်တို့ နှစ်ဦးတွင် မည်သူက အားနည်းသူ ဖြစ်သနည်း။
သေချာပေါက် အောက်ယွီပင် ဖြစ်ပေလိမ့်မည်။ သူသည် အလွန်ပင် သနားစရာကောင်းလှသည်။ ကြက်ကလေး တစ်ကောင်ကိုပင် မသတ်ရက်လောက်အောင် နူးညံ့လှသည့်အပြင် မိသားစု၏ နုလန်ဟောက် ဘွဲ့အမည်ကိုလည်း ဆွေမျိုးများက မတရားလုယူသွားခဲ့ကြသည်။
ထို့အပြင် သူနှင့် မင်းသမီးရှန်ရှန်းတို့သည် တစ်ဦးကိုတစ်ဦး အသက်ထက်မက ချစ်မြတ်နိုးကြသော်လည်း မင်းသမီးမှာမူ စီးကွမ်နှင့် လက်ထပ်ရန် အမိန့်တော်ချမှတ်ခြင်း ခံလိုက်ရသောကြောင့် သူတို့နှစ်ဦးမှာ ရှင်ကွဲ ခွဲခွာခဲ့ကြရ၏။
ဤအရာတင် မကသေးပေ။ ညီလာခံ၌ပင် သူသည် စီးကွမ်၏ ရိုက်သတ်ခြင်းကို ခံရလုနီးပါး ဖြစ်ခဲ့ရုံမျှမက မြို့တော်ရှိ သူ၏နေအိမ်ပါ မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရပြီး မိသားစုဝင် ဆယ်ယောက်ကျော်လည်း မီးလောင်၍ သေဆုံးခဲ့ရသည်။ ဤမျှအထိ အစစအရာရာ နိမ့်ပါးနေရသည့် အောက်ယွီသည် အားငယ်စရာ၊ သနားစရာ မကောင်းပေဘူးလား။
တစ်ဖက်တွင်မူ စီးကွမ်ကား မည်မျှ အစွမ်းထက်သနည်း။ ငွေကြေးဓနနှင့် ဩဇာအာဏာ ပြည့်စုံသည့်အပြင် ရုပ်ရည်ကလည်း ချောမောလှသည်။ သူ၏အဖေမှာလည်း တစ်ဦးတည်းသော မျိုးရိုးမတူသည့် ဘုရင် ဖြစ်၏။ ဇနီးဖြစ်သူ ကွယ်လွန်သွားသည်မှာ မကြာသေးသော်လည်း မကြာမီအချိန်အတွင်း နံပါတ်တစ် အလှပဆုံး မိန်းကလေးဖြစ်သော မင်းသမီးရှန်ရှန်းကို ထပ်မံလက်ထပ်ရတော့မှာ ဖြစ်သည်။
ဤမျှ ကြီးကျယ်ခမ်းနားလှသည့် မိသားစုနောက်ခံအင်အား ရှိသူသည် ဘဝတွင် လုံးဝဥဿုံ အောင်မြင်နေသူ တစ်ဦးပင် ဖြစ်သည်။ လူအများ မနာလိုဖြစ်ရုံသာ တတ်နိုင်သည့် ထိုကဲ့သို့သောသူမျိုးသည် မည်သို့မှ သနားစရာ မကောင်းနိုင်ပေ။
ထို့အပြင် စီးကွမ်သည် မည်မျှ မောက်မာရိုင်းစိုင်းလှသနည်း။ ညီလာခံအတွင်း၌ပင် လူသတ်ရန်အထိ ဝံ့ရဲခဲ့သည်။ လွန်ခဲ့သည့် နှစ်များအတွင်း စီးကွမ်သည် မြို့တော်၌ ယောက်ျားလေးများကို နိုင်ထက်စီးနင်း လုပ်ခြင်း၊ မိန်းကလေးများကို အဓမ္မပြုကျင့်ခြင်းမျိုး မရှိခဲ့သော်လည်း အလွန်အမင်း အထက်စီးဆန်တတ် သောကြောင့် သူ၏ နာမည်ဂုဏ်သတင်းမှာ သာမန်မျှသာ ရှိသည်။
ထို့ကြောင့် ဤလူနှစ်ဦးကို နှိုင်းယှဉ်ကြည့်လျှင် အောက်ယွီက ပို၍ သနားစရာကောင်းနေသည်မှာ အမှန်ပင် ဖြစ်သည်။ ဤစီးကွမ်သည် အလွန်ပင် ရမ်းကားလွန်းသည်။ ညီလာခံတွင် အောက်ယွီကို သတ်ရန် ကြံစည်မှု မအောင်မြင်သောကြောင့် အစည်းအဝေးပြီးသည်နှင့် အောက်ရှင်း၏အိမ်ကို မီးရှို့ရန် လူလွှတ်ခဲ့၏။
အခြားတစ်ဖက်တွင်လည်း ပြည်သူတို့၌ ထူးဆန်းအံ့ဩဖွယ်ရာများကို သဘောကျတတ်သည့် စရိုက်တစ်ခု ရှိကြသေးသည်။ အထူးသဖြင့် ကြောက်မက်ဖွယ်ကောင်းသော အဖြစ်အပျက်များနှင့် အားနည်းသူက အားကြီးသူကို ပြန်လည်အနိုင်ယူသည့် အံ့ချီးဖွယ်ရာများကို ပို၍ သဘောကျတတ်ကြသည်။
ဤတစ်ကြိမ် ပြိုင်ပွဲတွင် လူတိုင်းက အောက်ယွီတစ်ယောက် ဧကန်မုချ သေဆုံးရမည်ဟု ထင်မှတ် နေကြသော်လည်း ထင်မှတ်မထားသည့် ရလဒ်အနေဖြင့် သူက အနိုင်ရရှိသွားကာ ကျိန့်ဟိုင်မြို့စား၏ သားတော် စီးကွမ်ကို အောင်မြင်စွာ သတ်ပစ်နိုင်ခဲ့သည်။ စင်စစ် ဤသည်မှာ အလွန်ပင် အံ့ဩစရာ ကောင်းလှသည့် ကိစ္စမဟုတ်ပါလား။
အရေးအကြီးဆုံးအချက်မှာ သူတို့နှစ်ဦးသည် သေခြင်းရှင်ခြင်း တိုက်ပွဲစာချုပ်ကို အထင်အရှား လက်မှတ် ရေးထိုးထားခဲ့ကြခြင်း ဖြစ်သည်။ အသက်ရှင်ခြင်း၊ သေဆုံးခြင်းမှာ မိမိတို့ ကံတရားအပေါ်၌သာ မူတည်၏။ ဤကဲ့သို့သော တရားမျှတသည့် ပြိုင်ပွဲမျိုးတွင် သေဆုံးသွားပါက အလကား သေရခြင်းသာ ဖြစ်သည်။
ယခုမူ ဤလူသတ်မှုကို စွဲချက်ပြုကာဖြင့် အောက်ယွီကို ပြန်လည်ဖမ်းဆီးချင်နေကြရာ ဤသည်မှာ မည်သည့် သဘောနည်း။ အဓိပ္ပာယ်မရှိသော လုပ်ရပ်ကို လုပ်နေကြခြင်း မဟုတ်ပါလား။
သေချာပေါက် တောင်ပိုင်းကျိုးနန်းတွင်း၏ တရားဝင်ဥပဒေ စည်းမျဉ်းများအရမူ ဤကဲ့သို့ ပြိုင်ပွဲဝင်ခြင်းမျိုးကို အသိအမှတ်ပြုလေ့ မရှိပေ။
သို့သော်လည်း သာမန်အရပ်သူအရပ်သား ပြည်သူတို့သည် ဤကဲ့သို့သော နန်းတွင်းဥပဒေများကို မည်သို့ နားလည်နိုင်ပါမည်နည်း။ ၎င်းတို့အမြင်တွင်မူ သေခြင်းရှင်ခြင်းတိုက်ပွဲစာချုပ် လက်မှတ်ထိုးပြီးပါက ပြီးဆုံးသွားပြီဟုသာ ထင်မှတ်နေကြပြီး သေဆုံးသွားလျှင်လည်း အလကားသေရခြင်းဟုသာ ယူဆကြသည်။
ထို့ကြောင့် အောက်ယွီက စီးကွမ်ကို သတ်လိုက်သည့်ကိစ္စနှင့် ပတ်သက်၍ စာပေပညာရှင်များ၏ သဘောထားမှာမူ တစ်ဖက်သတ် ဆန့်ကျင်ဘက် ဖြစ်နေသည်။ သို့သော်လည်း အောက်ခြေလူတန်းစား ပြည်သူများကြားတွင်မူ အခြားတစ်ဖက်သို့ ယိမ်းနေပြီး အောက်ယွီဘက်မှ လုံးဝရပ်တည်ပေးထားကြ၏။
မှန်ပါသည်။ အပြောအဆိုနှင့် အာဏာဟူသမျှသည် စာပေပညာရှင်များနှင့် အမတ်မင်းများ၏ လက်ထဲ၌သာ ရှိနေ၏။ ဤအောက်ခြေလူတန်းစား ပြည်သူများကို ရှန်ချင်းနန်းဆောင်ရှေ့သို့ သွားရောက်ကာ အောက်ယွီကို ထောက်ခံအားပေးရန် စာပေပညာရှင်များနှင့် ထိပ်တိုက်ရင်ဆိုင်ခိုင်းဖို့ဆိုသည်မှာ လုံးဝမဖြစ်နိုင်သည့်အပြင် ဤအောက်ခြေအင်အားစုကိုလည်း မည်သူကမှ စုစည်းပေးနိုင်မည် မဟုတ်ချေ။
“ဧကရာဇ်ဟောင်း မိုက်မဲတယ်... ဧကရာဇ်ဟောင်း မိုက်မဲတယ်။”
“အောက်ယွီက တိုင်းပြည်ရဲ့ ရန်သူ... တိုင်းပြည်နဲ့ ပြည်သူကို ဒုက္ခပေးနေတဲ့သူ... အောက်ယွီကို ဖမ်းဆီးပြီး ပြည်သူတွေအတွက် အန္တရာယ်ကို ဖယ်ရှားပေးပါ။”
“ဧကရာဇ်ဟောင်း... လန်ကျိုးက ဒုက္ခသည်တွေကို အသက်ရှင်ဖို့ လမ်းစလေး တစ်ခုလောက် ပေးပါအုံး။”
“ချီတက်... ချီတက်... ချီတက်...”
ရှန်ချင်းနန်းဆောင် အပြင်ဘက်တွင် စာပေပညာရှင် ရာချီခန့် သည် ဧရာမ သစ်လုံးကြီး တစ်လုံးကို ထမ်းကာ ရှန်ချင်းနန်းဆောင်၏ တံခါးကြီးကို ပြင်းထန်စွာ တိုက်ခိုက်နေကြတော့၏။
“ဒုန်း… ဒုန်း... ဒုန်း... “
ကျယ်လောင်သော အသံကြီးများ ထွက်ပေါ်လာတော့၏။ သူတို့၏ အားအင်မှာ နည်းပါးသော်လည်း ဤသည်မှာ မြို့တံခါး မဟုတ်သောကြောင့် မကြာမီမှာပင် ယိမ်းယိုင်လာတော့သည်။
ဤသည်မှာ မြစ်ကမ်းပါးကျိုးပေါက်တော့မည့် အခြေအနေနှင့် တူနေသည်။ စာပေပညာရှင် ထောင်ချီ၏ ရေလှိုင်းကြီးသည် မကြာမီမှာပင် ရှန်ချင်းနန်းဆောင် အတွင်းသို့ ဝင်ရောက်လာပြီး အောက်ယွီကို ဖမ်းဆီးကာ ဧကရာဇ်ဟောင်း၏ ဩဇာတိက္ကမကို ခြေအောက်တွင် နင်းချေတော့မှာဖြစ်၏။
“အောင်မြင်တော့မယ်... အောင်မြင်တော့မယ်...”
ထိုနေရာတွင် ရှိနေသော နောက်ဆုံးအမတ် တစ်စုသည် ဤမြင်ကွင်းကို မြင်တွေ့ရချိန်မှာတော့ အလုအယက်ဖြင့် တိတ်တဆိတ် ထွက်ပြေးသွားကြတော့သည်။
ဤသည်မှာ ဧကရာဇ်ဟောင်း၏ ရှန်ချင်းနန်းဆောင်ကို အတင်းအကျပ် တိုက်ခိုက်နေခြင်းဖြစ်ပြီး အလွန် ကြီးမားသောကိစ္စကြီး ဖြစ်၏။
ရာထူး မရှိသေးသော စာပေပညာရှင်များက ဤသို့ လုပ်ဆောင်နိုင်သော်လည်း လက်ရှိ တာဝန် ထမ်းဆောင်နေသော အမတ်များကမူ ဤသို့ လုပ်ဆောင်၍ မရနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ပုန်ကန်မှု ဖြစ်သောကြောင့်ပင်။
အချိန်တိုလေး အတွင်းမှာပင် ထိုနေရာတွင် ရှိနေသော အမတ် အများစု ထွက်ခွာသွားကြပြီး အနည်းငယ်သော သွေးပူနေသည့် လူငယ် အရာရှိများသာကျန်ရစ်ခဲ့ကာ တရားမျှတမှုနှင့် ရည်မှန်းချက်များအတွက် အသက်ကို ပေးဆပ်ရန် အဆင်သင့် ဖြစ်နေကြသည်။
“ဒုန်း... ဒုန်း.... ဒုန်း...”
ကျယ်လောင်သော အသံကြီးများ အဆက်မပြတ် ထွက်ပေါ်လာတော့၏။
ရှန်ချင်းနန်းဆောင်၏ တံခါးကြီး ပြင်းထန်စွာ လှုပ်ယမ်းနေပြီး တံခါးချိတ် တစ်ခုပင် ပြုတ်ကျသွားတော့၏။ မကြာမီ တံခါး ပွင့်သွားတော့မှာဖြစ်သည်။
ရှန်ချင်းနန်းဆောင် အတွင်း၌ စစ်သူကြီး ယင်းယန်သည် ဆက်လက် မသည်းခံနိုင်တော့ဘဲ ဝူဝေ့ နန်းဆောင် အရှေ့သို့ ပြေးဝင်သွားကာ ဒူးထောက်၍ တောင်းဆိုလိုက်၏။ “ဧကရာဇ်ဟောင်း... သူတို့ မကြာခင် ဝင်လာတော့မယ်။ ကျုပ်ကို လုပ်ဆောင်ခွင့် ပြုပါတော့။ သူတို့ကို နှိမ်နင်းပြီး မောင်းထုတ်ပစ်ပါ့မယ်။”
ရှန်ချင်းနန်းဆောင်၏ အစောင့်တပ်ဖွဲ့ဝင်များ အားလုံး မျက်လုံးများ နီရဲနေကြပြီး ဒေါသတကြီး ဖြစ်နေကြ၏။ ဤသည်မှာ အလွန်ကြီးမားသော အရှက်တကွဲ ကိစ္စကြီးပင် ဖြစ်သည်။
ယခင်က ရှန်ချင်းနန်းဆောင်သည် မည်မျှအထိ မြင့်မြတ်သော တားမြစ်နယ်မြေ ဖြစ်ခဲ့သနည်း။ ဧကရာဇ်ပင်လျှင် ဝင်ရောက်ခွင့် မရှိသလို အမတ်များလည်း အနားမကပ်ရဲခဲ့ချေ။
ယခုအခါ စာပေပညာရှင်များက အတင်းအကျပ် တံခါးကို ဖျက်ဆီးပြီး ဝင်ရောက်လာရန် ကြိုးစား နေကြသော်လည်း အစောင့်တပ်ဖွဲ့ဝင်များက ပြန်လည် မခုခံနိုင်ကြပေ။
စစ်သူကြီး ယင်းယန်က အော်လိုက်၏။ “ဧကရာဇ်ဟောင်း... ကျုပ်က တပ်ဖွဲ့ကို ဦးဆောင်ပြီး သူတို့ကို သွားမောင်းထုတ်မယ်။ သူတို့ရဲ့ ခြေလက်တွေကို ရိုက်ချိုးပစ်မယ်။ ပြီးရင် ကျုပ်တို့ ကိုယ့်ကိုယ်ကိုယ် သတ်သေပြီး အပြစ်ကို ဆပ်လိုက်ပါ့မယ်။”
ဧကရာဇ်ဟောင်းက ဖြည်းညင်းစွာ ပြောလိုက်သည်။ “စာပေပညာရှင်တွေကို နှိမ်နင်းမယ် ဟုတ်လား။ ကျုပ် နာမည်ပျက်သွားပြီး သမိုင်းမှာ အဆိုးမြင်စရာ ဖြစ်သွားလိမ့်မယ်။ သမိုင်းမှတ်တမ်းတွေက စာပေပညာရှင်တွေရဲ့ လက်ထဲမှာ ရှိတာလေ။”
ထိုအချိန်တွင်ပင် မိန်းမစိုးအိုကြီးဟောက်ချန် ပြေးဝင်လာပြီး ပြောလိုက်၏။ “ဧကရာဇ်ဟောင်း... သူတို့ ချက်ချင်း တံခါးကို ဖျက်ဆီးပြီး ဝင်လာတော့မယ်။ ဝင်လာတော့မယ်။”
“ဘုန်း... ဘုန်း... ဘုန်း...”
တံခါးကို တိုက်ခိုက်နေသော ကျယ်လောင်သည့် အသံကြီးများ ဆက်တိုက် ထွက်ပေါ်လာပြီး အမှန်တကယ် ကြောက်စရာကောင်းလို့နေလေသည်။
“ဧကရာဇ်ဟောင်း မိုက်မဲတယ်... ဧကရာဇ်ဟောင်း မိုက်မဲတယ်။”
“အောက်ယွီက တိုင်းပြည်ရဲ့ ရန်သူ... တိုင်းပြည်နဲ့ ပြည်သူကို ဒုက္ခပေးနေတဲ့သူ... တရားဝင် အပြစ်ပေးပါ။”
“ဧကရာဇ်ဟောင်း... လန်ကျိုးက ဒုက္ခသည်တွေကို အသက်ရှင်ဖို့ လမ်းစလေး တစ်ခုလောက် ပေးပါအုံး။”
အပြင်ဘက်မှ စာပေပညာရှင် ထောင်ချီ၏ အော်ဟစ်သံများသည် တောင်ကြီး ပြိုကျလာသကဲ့သို့၊ ပင်လယ်ရေလှိုင်းကြီး လိမ့်ဝင်လာသကဲ့သို့ ထွက်ပေါ်လာပြီး ရှန်ချင်းနန်းဆောင်ကို လွှမ်းမိုးသွားတော့မည့် ပုံစံမျိုး ဖြစ်နေ၏။
ဟောက်ချန်က ပြောလိုက်သည်။ “စစ်သူကြီး ယင်းယန်... မြန်မြန် ဧကရာဇ်ဟောင်းကို ခေါ်ပြီး၊ သခင်လေး အောက်ယွီကိုပါ ခေါ်ပြီး လျှို့ဝှက် လမ်းကြောင်းကနေ ထွက်သွားတော့။ မြန်မြန်... မြန်မြန်... မြန်မြန်...”
ဟောက်ချန်၏ အမြင်တွင် ဤစာပေပညာရှင်များ ဝင်ရောက်လာပြီး အောက်ယွီကို ဖမ်းဆီးသွားကာ ဧကရာဇ်ဟောင်းကိုပါ စော်ကားလိုက်မည်ဆိုလျှင်၊ ဦးနှောက် မရှိသော လူငယ်အချို့က ဧကရာဇ်ဟောင်း၏ အရှေ့သို့ ပြေးဝင်သွားပြီး ဆဲဆိုကြမည်ဆိုလျှင် ဧကရာဇ်ဟောင်း၏ နောက်ဆုံးကျန်ရှိနေသော ဂုဏ်သိက္ခာများပါ လုံးဝ ပျက်စီးသွားတော့မှာဖြစ်၏။
အောက်ယွီ လည်း သေချာပေါက် သေရမည်ဖြစ်ပြီး နေရာမှာတင် အရှင်လတ်လတ် ရိုက်သတ်ခံရနိုင်ခြေ ရှိသည်။
“ဘုန်း... ဘုန်း... ဘုန်း...”
“ဧကရာဇ်ဟောင်း... မြန်မြန် သွားပါတော့... မြန်မြန် သွားပါတော့။ နောက်ကျရင် မမီတော့ဘူး။”
စစ်သူကြီး ယင်းယန် သည် ဘာကိုမှ ဂရုမစိုက်တော့ဘဲ တိုက်ရိုက် ပြေးဝင်သွားကာ အောက်ယွီကို တစ်ချက် ဖမ်းဆွဲလိုက်ပြီး ဧကရာဇ်ဟောင်းကိုလည်း ဖမ်းဆွဲကာ အတင်းအကျပ် ဆုတ်ခွာရန် ပြင်လိုက်တော့၏။
“ဘုန်း... ဘုန်း... ဘုန်း...”
“တံခါး ပွင့်တော့မယ်... တံခါး ပွင့်တော့မယ်... ဟား... ဟား...ဟား... ဟား...”
“အထဲဝင်ပြီး အောက်ယွီကိုဖမ်း... တိုင်းပြည်အတွက် လူဆိုးကို ရှင်းလင်း... တိုင်းပြည်အတွက် လူဆိုးကို ရှင်းလင်း။”
ရှန်ချင်းနန်းဆောင် အပြင်ဘက်တွင် စာပေပညာရှင် ထောင်ချီသည် ဝမ်းသာအားရ အော်ဟစ်နေကြပြီး အရမ်းကို စိတ်လှုပ်ရှားနေကြသည်။
‘အောင်ပွဲက မျက်စိရှေ့မှာ ရောက်နေပြီ... အောင်ပွဲက မျက်စိရှေ့မှာ ရောက်နေပြီ။’
သို့ပေမည့် ထိုအချိန်တွင် ရုတ်တရက် မဝေးလှသော နေရာမှ လူအုပ်ကြီး တစ်အုပ် ပြေးဝင်လာတော့၏။
ထိုသူတို့သည် တစ်ဦးတစ်ယောက်မကျန် ဝတ်စားဆင်ယင်မှု စုတ်ပြတ်ဟောင်းနွမ်းနေကြပြီး လယ်သမားများ၊ သူတောင်းစားများနှင့် ဈေးသည်များသာ ဖြစ်ကြသောကြောင့် အားလုံးမှာ အောက်ခြေလူတန်းစား ပြည်သူများ ဖြစ်ကြ၏။ ထိုအထဲတွင် လူပေါင်းထောင်ချီ၍ ပါဝင်နေသည်။
ထိုအောက်ခြေပြည်သူ ထောင်သောင်းချီသော လူအုပ်ကြီးသည် လက်ထဲ၌ ပေါက်တူးများ၊ မစင်ခပ်သည့် ဇွန်းများနှင့် ခက်ရင်းခွများကိုယ်စီ ကိုင်ဆောင်ထားကြသည့်အပြင် လူအတော်များများကမူ မစင်ပုံးများကိုပါ ပခုံးထက်၌ ထမ်းပိုးလာကြလေ၏။
“ချီတက်... ချီတက်...”
ထိုအောက်ခြေလူတန်းစား ပြည်သူထောင်ချီသည် ပြင်းထန်သော အရှိန်အဟုန်ဖြင့် ပြေးဝင်လာကြတော့သည်။
ထိုသူတို့သည် စာပေပညာရှင် ထောင်ပေါင်းများစွာရှိရာ လူအုပ်ကြီးထဲသို့ တိုက်ရိုက် တိုးဝင်သွားပြီးနောက် လက်ထဲ၌ ပါလာသော ပေါက်တူးများဖြင့် အားပြင်းစွာ လွှဲရိုက်ချလိုက်ကြသလို မစင်ခပ်သည့် ဇွန်းများဖြင့်လည်း အငြိုးတကြီး ရိုက်နှက်ကြတော့၏။
“ဖြန်း... ဖြန်း...”
တချို့သော လယ်သမားများသည် မစင်နှင့် ကျင်ငယ်ရေများကို ဇွန်းဖြင့်ခပ်၍ ထိုစာပေပညာရှင်များထံသို့ အရှိန်အဟုန်ဖြင့် ပက်ဖြန်းလိုက်ကြရာ မရေမတွက်နိုင်သော မစင်အညစ်အကြေးများသည် စာပေပညာရှင် တို့၏ ဦးခေါင်းထက်သို့ မိုးသီးမိုးပေါက်ပမာ ရွာသွန်းဖြာကျသွားတော့သည်။
တစ်ခဏအတွင်းမှာပင် စာပေပညာရှင်များသည် စူးစူးဝါးဝါး အော်ဟစ်ကာ အော့အန်ကုန်ကြတော့သည်။ အကြောင်းမူကား အလွန်အမင်း နံစော်လှသည့်အပြင် ရွံရှာဖွယ်ကောင်းလွန်းလှသောကြောင့်ပင်။
စာပေပညာရှင်အများစု၏ မိသားစုနောက်ခံမှာ အနည်းဆုံး အလယ်အလတ်တန်းစားများ ဖြစ်ကြသောကြောင့် သန့်ရှင်းစင်ကြယ်မှုကို အထူးမြတ်နိုးကြသူများ ဖြစ်သည်။ ယခုကဲ့သို့ တစ်ကိုယ်လုံး မစင်အညစ်အကြေးများ အပက်ခံလိုက်ရသည့်အခါ မည်သို့ ကြံ့ကြံ့ခံနိုင်ပါမည်နည်း။
အချိန်တိုလေးအတွင်းမှာပင် ၎င်းတို့၏ မောက်မာလှသော အငွေ့အသက်များနှင့် ပြင်းပြနေသော စိတ်အားထက်သန်မှုတို့သည် တစ်ဝက်မက လျော့ပါးအေးစက်သွားခဲ့ရသည်။
ဤသို့ဖြင့် ထိုလယ်သမားများသည် စာပေပညာရှင်များကို တစ်ယောက်ချင်းစီ ဖမ်းဆီးကာ ရူးသွပ်မိုက်မဲစွာဖြင့် အဆက်မပြတ် ဝိုင်းဝန်းရိုက်နှက်ကြလေတော့၏။
အပိုင်း (၅၂၄)
“ခွေးကောင်တွေ... ခွေးကောင်တွေ... ခင်ဗျားတို့က ဧကရာဇ်ဟောင်းကို ဝိုင်းရံတိုက်ခိုက်ချင်တယ် ဟုတ်လား... အောက်ယွီကို ဖမ်းချင်တယ် ဟုတ်လား။”
“ခွေးကောင်တွေ... စာတွေကို မစင်တွင်းထဲမှာ ဖတ်ထားတဲ့ ခွေးကောင်တွေ...”
“ဧကရာဇ်ဟောင်းက နတ်ဘုရားလောင်းလေ... ခင်ဗျားတို့က စော်ကားရဲတယ်ပေါ့။”
“စီးကွမ် ဆိုတဲ့ ခွေးကောင်က ခင်ဗျားတို့ကို ဘာအကျိုးအမြတ်တွေ ပေးထားလို့ သူ့ဘက်ကနေ ပြောနေရတာလဲ။”
ထိုလယ်သမားများသည် တစ်ဖက်မှလည်း အဆက်မပြတ် ဝိုင်းဝန်းရိုက်နှက်ရင်း အခြားတစ်ဖက်မှလည်း ဆဲရေးတိုင်းထွာနေကြတော့သည်။
ကြက်ကလေးတစ်ကောင်ကိုပင် မသတ်ရက်လောက်အောင် နုနယ်လှသည့် ထိုစာပေပညာရှင်များသည် သနားစဖွယ် အော်ဟစ်မြည်တမ်းကာ အလူးအလဲ အရိုက်ခံနေကြရ၏။
ဤသို့ဖြင့် ထိုစာပေပညာရှင် ထောင်ပေါင်းများစွာသည် ချက်ချင်းပဲ အထိနာကာ အနောက်သို့ ဖရိုဖရဲ ဆုတ်ခွာသွားကြရပြီးနောက် လယ်သမားထောင်ချီ၏ မြေပြင်ပေါ်သို့ ဖိနှိပ်ခြင်းကို ခံလိုက်ရကာ ရူးသွန်းမိုက်မဲစွာဖြင့် အငြိုးတကြီး ရိုက်နှက်သမျှကိုသာ အလူးအလဲ ခံနေကြရတော့သည်။
‘ချီးတဲ့မှ... ဒီလယ်သမားအုပ်ကြီး ဘယ်နေရာကနေ ရောက်လာတာလဲ။’
သို့သော်လည်း ထိုစာပေပညာရှင်များထဲတွင် စာပေအတတ်ပညာသာမက သိုင်းပညာပါ ထူးချွန် ပြောင်မြောက် ကြသည့် ပညာရှင်အချို့လည်း ပါဝင်နေရာ သူတို့သည် ပတ်ဝန်းကျင်တစ်ခုလုံး လှိုင်လျက်ရှိသော အနံ့ဆိုးများကို အောင့်အည်းသည်းခံလျက် လူအုပ်ကြီး၏အလယ်မှ အတင်းအဓမ္မ ထိုးဖောက် ထွက်လာခဲ့ကြ၏။
ထို့နောက် အမြင့်ဆုံးနေရာတစ်ခုထက်သို့ ခုန်တက်ရပ်တန့်ကာ ကျယ်လောင်သော အသံကြီးဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။ “အဖေတို့ အမေတို့... အစ်ကိုတို့ အစ်မတို့... ကျုပ်ပြောတာကို နားထောင်ကြပါအုံး... နားထောင်ပေးကြပါအုံး။”
စာပေပညာရှင်၏ အော်ဟစ်သံ ပေါ်ထွက်လာသော်လည်း ထောင်ချီသော လယ်သမားအုပ်ကြီးမှာ သူ့အား မည်သူမှ အရေးတယူ ဂရုမစိုက်ကြဘဲ ထိုစာပေပညာရှင်များကိုသာ ဆက်လက်၍ ရူးသွန်းမိုက်မဲစွာဖြင့် အငြိုးတကြီး အဆက်မပြတ် ဝိုင်းဝန်းရိုက်နှက်နေကြ၏။
ကျူရန် တစ်ယောက်က အေးစက်စက်ဖြင့် ပြောလိုက်သည်။ “ခင်ဗျားတို့က ပုန်ကန်ချင်နေတာလား။ ခင်ဗျားတို့က စာပေပညာရှင်တွေကို ရိုက်နှက်နေတာလေ။ ကျုပ်တို့ အားလုံးက ကျူရန်တွေ၊ ရှို့ချိုင်တွေချည်းပဲ။ ခင်ဗျားတို့က ပုန်ကန်ချင်နေတာလား။”
ချက်ချင်းပဲ ရဲရင့်ကြမ်းတမ်းသော လယ်သမား တစ်ဦး ထွက်လာပြီး ဒေါသတကြီးဖြင့် မေးလိုက်၏။ “ကျုပ်တို့ လယ်သမားတွေက ခင်ဗျားတို့လို ရှို့ချိုင်တွေကို ရိုက်တာက ပုန်ကန်တာ ဟုတ်လား။ ဒါဆို ခင်ဗျားတို့က ဧကရာဇ်ဟောင်းရဲ့ တံခါးကို ရိုက်ချိုးနေတာကကော ပုန်ကန်တာ မဟုတ်ဘူးလား။”
အဲဒီကျူရန်က ပြန်ပြောလိုက်သည်။ “ကျုပ်တို့က တိုင်းပြည်အတွက် တောင်းဆိုနေတာ။ ကျုပ်တို့က တိုင်းပြည် အတွက် လူဆိုးတွေကို ရှင်းလင်းပေးနေတာ။ အောက်ယွီက မြို့စားရဲ့ သားတော် စီးကွမ်ကို သတ်ပစ်လိုက်လို့ လူသတ်မှုကြီး ကျူးလွန်ထားတာတောင် ဧကရာဇ်ဟောင်းရဲ့ ရှန်ချင်းနန်းဆောင်ထဲမှာ ပုန်းနေသေးတယ်။ သူ့ကို ဖမ်းပြီး တရားဝင် အပြစ်မပေးရင် ကျိန့်ဟိုင်မြို့စားက ပုန်ကန်တော့မယ်။ အဲဒီအချိန်ကျရင် အင်ပါယာကြီး နှစ်ခြမ်းကွဲသွားတော့မယ်။”
ရဲရင့်ကြမ်းတမ်းသည့် လယ်သမား ခေါင်းဆောင်က ပြောလိုက်၏။ “ခင်ဗျား ဘာတွေ ပြောနေတာလဲ ကျုပ် နားမလည်ဘူး။ ဘာ အင်ပါယာလဲ၊ ဘာ နှစ်ခြမ်းကွဲတာလဲ...”
ကျူရန်က ဆက်ပြောလိုက်သည်။ “ဒါဆို ကျုပ် ရှင်းရှင်းလင်းလင်း ပြောပြမယ်။ လန်ကျိုးမှာ သဘာဝ ဘေးအန္တရာယ်ကျရောက်နေပြီး ဒုက္ခသည် သန်းချီက အစာရေစာ ငတ်မွတ်နေကြတယ်။ ကျုပ်တို့က အောက်ယွီကို ဖမ်းတာ၊ ကျုပ်တို့က ဧကရာဇ်ဟောင်းရဲ့ ရှန်ချင်းနန်းဆောင်ကို အတင်းအကျပ် တိုက်ခိုက်နေတာတွေ အားလုံးက လန်ကျိုးက ဒုက္ခသည် သန်းချီကို ကယ်တင်ဖို့ပဲ။
ပြည်သူက အဓိကပဲ၊ တိုင်းပြည်က ဒုတိယပဲ၊ ဧကရာဇ်က အရေးမကြီးဘူး။ ကျုပ်တို့ လုပ်နေတာတွေ အားလုံးက လန်ကျိုးက ဒုက္ခသည် သန်းချီကို ကယ်တင်ဖို့၊ လန်ကျိုးက ပြည်သူတွေကို ကယ်တင်ဖို့ပဲ။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ လယ်သမား ထောင်ချီက ချက်ချင်း တိတ်ဆိတ်သွားပြီး လှုပ်ရှားမှုများ အားလုံးကို ရပ်တန့်ကာ ဤကျူရန်ကို မော့ကြည့်လိုက်ကြတော့၏။
ထိုအခြေအနေကို မြင်တွေ့လိုက်ရသောအခါ ကျူရန်သည် ချက်ချင်းပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားရုံမျှမက သူပြောလိုက်သော စကားသည် ဧကန်မုချ အလုပ်ဖြစ်သည်ဟုလည်း စိတ်ထဲမှ တွေးတောမိလိုက်သည်။
ထို့အပြင် ဤကဲ့သို့ အသိဉာဏ်ပညာ နိမ့်ပါးလှသည့် လယ်သမားထုကြီးအား အလွန်တရာ နက်နဲခက်ခဲသော စကားလုံးများဖြင့် ပြောဆို၍မရနိုင်ဘဲ ၎င်းတို့ အလွယ်တကူ နားလည်သဘောပေါက်နိုင်မည့် စကားမျိုးကိုသာ ရွေးချယ်ပြောဆိုရမည်ဖြစ်ကြောင်း သူ ကောင်းစွာ သဘောပေါက်သွားတော့၏။
ကျူရန်က အသံကျယ်ကျယ်နှင့် ဆက်ပြောလိုက်သည်။ “ရွာသူရွာသား လယ်သမားတို့... လန်ကျိုးက အရမ်း သနားစရာကောင်းပါတယ်။ အရင်ဆုံးကြီးမားတဲ့ ငလျင်နဲ့ ဆူနာမီ ဖြစ်ခဲ့တယ်။ အဲဒီနောက် တာတမံတွေ ကျိုးပေါက်ပြီး ရေကြီးလို့ မိုင်ရာချီ လောက် ရေလွှမ်းသွားတယ်။ လန်ကျိုးက ပြည်သူ သန်းချီမှာ စားစရာ ထမင်း မရှိဘူး၊ နေစရာ အိမ် မရှိဘူး။ အရမ်း သနားစရာကောင်းပါတယ်။ ထမင်းစားရဖို့ အတွက် သားသမီးတွေကိုတောင် ရောင်းစားနေကြရတယ်။
ရွာသူရွာသား လယ်သမားတို့... ဧကရာဇ်ဟောင်းက အောက်ယွီကို ကာကွယ်ပေးထားလို့ ကျုပ်တို့က ရှန်ချင်းနန်းဆောင် ထဲကို အတင်း ဝင်ပြီး အောက်ယွီကို ဖမ်းရတာပါ။ ကျုပ်တို့ လုပ်ဆောင်နေတာတွေ အားလုံးက လန်ကျိုးက ဒုက္ခသည် တွေကို ကယ်တင်ဖို့ပါပဲ။ ကျုပ်တို့ အားလုံး လန်ကျိုးက ဒုက္ခသည်တွေ အတွက်ပါပဲ...”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ လယ်သမား ထောင်ချီ၏ မျက်လုံးများ နီရဲလာပြီး မျက်ရည်များ ကျဆင်းလာကာ လုံးဝ တိတ်ဆိတ်သွားကြတော့၏။
စာပေပညာရှင် အများအပြားကလည်း အလျင်အမြန် အသံကျယ်ကျယ်ဖြင့် ပြောလိုက်ကြသည်။ “ရွာသူရွာသား လယ်သမားတို့... ကျုပ်တို့ အောက်ယွီကို ဖမ်းတာက လန်ကျိုးက ဒုက္ခသည်တွေ အတွက်ပါ။ အောက်ယွီ မသေရင် လန်ကျိုးက ဒုက္ခသည်တွေ ငတ်သေကြတော့မှာပါ။”
ထိုအချိန်မှာပဲ လယ်သမား ခေါင်းဆောင်က ထွက်လာပြီး မျက်လုံးများ နီရဲကာ အသံကျယ်ကျယ်ဖြင့် အော်လိုက်၏။ “ခင်ဗျားတို့ မျက်လုံးဖွင့်ပြီး သေချာကြည့်စမ်း... ကျုပ်တို့က လန်ကျိုးက ဒုက္ခသည်တွေပဲ... ကျုပ်တို့က လန်ကျိုးက ဒုက္ခသည်တွေပဲ။
ခင်ဗျားတို့က ဧကရာဇ်ဟောင်းရဲ့ တံခါးကို ရိုက်ချိုးနေတာ၊ ခင်ဗျားတို့က သခင်လေး အောက်ယွီကို ဖမ်းဖို့ ကြိုးစားနေတာတွေက ကျုပ်တို့ လန်ကျိုးက ဒုက္ခသည်တွေ အတွက်လို့ ပြောနေတာလား။ ကျုပ်တို့အတွက်လို့ ပြောနေတာလား... ကျုပ်တို့ ဘာလို့ မသိရတာလဲ။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ ထိုကျူရန် လုံးဝ အံ့ဩမှင်သက်သွားတော့သည်။ ‘ဒါ... ဒီလူ ထောင်ချီ အားလုံးက လန်ကျိုးက ဒုက္ခသည်တွေလား။ ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ လန်ကျိုးနဲ့ ဒီနေရာက ဘယ်လောက်တောင် ဝေးသလဲ။ သူတို့ ဘယ်လို ရောက်လာကြတာလဲ။’
“ခွေးကောင်တွေ... ခွေးကောင် စာပေပညာရှင်တွေ... ဧကရာဇ်ဟောင်း နတ်ဘုရားကြီးသာ မရှိခဲ့ရင် ကျုပ်တို့တွေ အစောကြီးတည်းက သေကုန်လောက်ပြီ။”
“သခင်လေး အောက်ယွီသာ မရှိခဲ့ရင် ကျုပ်တို့လည်း အစောကြီးတည်းက သေကုန်လောက်ပြီ။”
“အိမ်ရှေ့စံမင်းသားကြီးသာ မရှိခဲ့ရင် ကျုပ်တို့လည်း အစောကြီးတည်းက သေကုန်လောက်ပြီ။”
“ကျုပ်တို့ လန်ကျိုးက ပြည်သူ သန်းချီကို ကယ်တင်ခဲ့တာက ဧကရာဇ်ဟောင်း၊ အိမ်ရှေ့စံမင်းသားကြီး နဲ့ သခင်လေး အောက်ယွီပဲ။ ဘာကျိန့်ဟိုင်မြို့စားမှ မဟုတ်ဘူး။ ခင်ဗျားတို့ ခွေးကောင်တွေ... စာတွေကို မစင်တွင်း ထဲမှာ ဖတ်ထားပြီးတော့ ကျုပ်တို့ကို ကယ်တင်မယ်လို့ ပြောနေသေးတယ်။”
“အရှက်မရှိတဲ့ ခွေးကောင်တွေ... သူတို့ကို ရိုက်သတ်... သူတို့ကို ရိုက်သတ်...”
အလွန်အမင်း ဒေါသထွက်နေသော လယ်သမားများသည် နောက်တစ်ကြိမ် လှုပ်ရှားလာပြီး ဤ စာပေပညာရှင် များကို ရူးရူးမူးမူး ရိုက်နှက်ကြတော့၏။
အချိန်တိုလေး အတွင်းမှာပင် မစင်ခပ်တဲ့ ဇွန်းများကို ကိုင်ဆောင်ထားတဲ့ လယ်သမား ထောင်ချီသည် စာပေပညာရှင် ထောင်ချီကို နှိမ်နင်းလိုက်ကြသည်။
ထိုစာပေပညာရှင်များသည် မြေပြင်ပေါ်သို့ လဲကျကုန်ကြပြီး တစ်ကိုယ်လုံးတွင်လည်း မစင်နှင့် ကျင်ငယ်ရေများ ပေကျံလျက် လူးလှိမ့်အော့အန်ရင်း သနားစဖွယ် အော်ဟစ်ညည်းတွားနေကြ၏။
စင်စစ် အခြေအနေအရပ်ရပ်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် ပြိုင်ဘက်ကင်းလောက်အောင် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။
မြို့တော်ရှိ အရပ်သူအရပ်သား ပြည်သူတို့သည် အောက်ယွီအပေါ် သနားကရုဏာ သက်ကြသည်မှာ မှန်သော်လည်း ၎င်းတို့မှာမူ ကိုယ်တိုင်ဝင်ရောက်စွက်ဖက်ရန် မဝံ့ရဲကြချေ။
သို့သော်ငြား လန်ကျိုးမှ ရောက်ရှိလာသော ဒုက္ခသည်များမှာမူ ထိုသူတို့နှင့် လုံးဝ ခြားနားလှပေသည်။ သူတို့သည် သေမင်း၏ လက်တွင်းမှတစ်ဆင့် တစ်ခါပြန်လည် လွတ်မြောက်လာခဲ့ကြသူများ ဖြစ်သည်။
လွန်ခဲ့သည့် ခြောက်လခန့်ကပင် ဒုက္ခပင်လယ်ဝေခဲ့ကြပြီး ဆင်းရဲဒုက္ခအဖြာဖြာကို မြည်းစမ်းခဲ့ ကြရသူများလည်း ဖြစ်သည်။ ထိုသူတို့၏ အသက်ဝိညာဉ်ကို အိမ်ရှေ့စံမင်းသား ကျိုးလီက ကယ်တင် ပေးခဲ့ခြင်း ဖြစ်၏။
ထိုဒုက္ခသည် သန်းပေါင်းများစွာကို ကယ်တင်ရန်နှင့် အသက်ရှင်သန်ခွင့်ရစေရန်အတွက် အိမ်ရှေ့စံမင်းသား ကျိုးလီသည် သူ၏ သွေးနှင့် ချွေးမြောက်မြားစွာကို ရင်းနှီးပေးဆပ်ခဲ့ရသည်။
အထူးသဖြင့် တာတမံ ကျိုးပေါက်သည့် အချိန်၌ အိမ်ရှေ့စံမင်းသား ကျိုးလီတစ်ယောက် ပြင်းထန်လှသော ရေလွှမ်းမိုးမှုကြီးထဲသို့ မျောပါသွားခဲ့ရသည်ကို လူတိုင်းက မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရ၏။
ဤခြောက်လတာ ကာလအတွင်း ကျိုးလီသည် လန်ကျိုးပြည်သူ ပြည်သားတိုင်း၏ စိတ်နှလုံးကို လုံးဝဥဿုံ သိမ်းပိုက်နိုင်ခဲ့သည်။
သာမန်ပြည်သူများသာမက လန်ကျိုးရေတပ်နှင့် လန်ကျိုးစစ်သည်တော်များကပါ သူ့အား အကြွင်းမဲ့ လေးစား ချစ်ခင်ကြသည်။ သဘာဝဘေးအန္တရာယ်က မည်မျှပင် ပြင်းထန်လှစေကာမူ အိမ်ရှေ့စံမင်းသား ကျိုးလီသည် လန်ကျိုးဒေသတစ်ခုလုံးကို သံမဏိစည်းတံတိုင်းကြီးပမာ တည်ငြိမ်အုပ်ချုပ်နိုင်ခဲ့၏။
ထို့အပြင် သူသည် နေ့စဉ်နှင့်အမျှ အမြဲတစေ ဤသို့ ပြောကြားလေ့ရှိသည်။ “ကျုပ် ကျိုးလီမှာ ဘာအကျိုးဆောင်မှုမှ မရှိဘူး။ ဧကရာဇ်ဟောင်းက နတ်ဘုရားလောင်းဖြစ်လို့ လန်ကျိုး ပင်လယ်ပြင်က ကြီးမားတဲ့ ဆူနာမီကို တစ်လကြိုတင်ပြီး ခန့်မှန်းနိုင်ခဲ့တာပါ။ သူက နတ်ပြည် တက်ရတော့မှာ ဖြစ်ပေမယ့် ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို ဖွင့်ဟခဲ့လို့ နတ်ပြည် မတက်နိုင်တော့တဲ့အပြင် နောက်ဆက်တွဲ ဆိုးကျိုးတွေတောင် ခံစားနေရပါတယ်။
သခင်လေး အောက်ယွီက နန်းတွင်းကို စောစောစီးစီး ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်ဖို့နဲ့ ခင်ဗျားတို့ကို စောစောစီးစီး ရွှေ့ပြောင်းပေးဖို့ ဖိအားပေးတဲ့နေရာမှာ သူ့ရဲ့ အသက်ကိုတောင် စတေးခဲ့တာပါ။ ဒီကိစ္စကြောင့် သခင်လေး အောက်ယွီဟာ အရှင်လတ်လတ် အရေခွံခွာ သတ်ဖြတ်ခံရလုနီးပါး ဖြစ်ခဲ့ရတယ်။”
ကျိုးလီ ပြောကြားခဲ့သော စကားများသည် အနည်းငယ် ချဲ့ကားထားသည်ဟု ထင်ရသော်လည်း အားလုံးမှာ ငြင်းပယ်၍မရသော အမှန်တရားများချည်း ဖြစ်ကာ ကိစ္စရပ်တိုင်းမှာလည်း အထောက်အထား ခိုင်လုံလှ၏။
အောက်ယွီသည် လန်ကျိုးပင်လယ်ပြင်၏ ဘေးအန္တရာယ်ကို ကြိုတင်သတိပေးနိုင်ရန်အတွက် အရှင်လတ်လတ် အရေခွံခွာ သတ်ဖြတ်ခြင်း ခံရလုနီးပါး ဖြစ်ခဲ့ရသည်မှာ အမှန်ပင် ဖြစ်သည်။
ထို့ကြောင့် လန်ကျိုးမှ ပြည်သူသောင်းချီတို့၏ အမြင်တွင် ဧကရာဇ်ဟောင်းသည် ကိုးကွယ်ရာ နတ်ဘုရားတစ်ပါး ဖြစ်ပြီး အိမ်ရှေ့စံမင်းသား ကျိုးလီနှင့် သခင်လေး အောက်ယွီတို့သည် ၎င်းတို့၏ အသက်သခင် ကျေးဇူးရှင်ကြီးများပင် ဖြစ်ကြ၏။
‘ကျုပ်တို့အနေနဲ့ တခြားဘယ်သူ့ကိုမှ အသိအမှတ်မပြုနိုင်ဘူး။ ကျုပ်တို့ရဲ့ စိတ်နှလုံးထဲမှာ ဧကရာဇ်ဟောင်း၊ အိမ်ရှေ့စံမင်းသားကြီးနဲ့ သခင်လေး အောက်ယွီ ဆိုတဲ့ လူသုံးယောက်တည်းပဲ ရှိတယ်။’
ဤသည်မှာ မည်မျှအထိ နက်ရှိုင်းလှသည့် သံယောဇဉ်နှင့် မည်မျှအထိ ကြီးမားလှသည့် ကြည်ညိုလေးစားမှု ဖြစ်သနည်း။
ထို့ကြောင့် တစ်စုံတစ်ယောက်က ဧကရာဇ်ဟောင်း၏ ရှန်ချင်းနန်းဆောင်ကို အတင်းအဓမ္မ ဝိုင်းဝန်း တိုက်ခိုက်နေကြသည်ဟု ကြားသိလိုက်ရသည့်အခါ ဤလန်ကျိုးမှ ဒုက္ခသည်ထောင်ချီသည် တစ်စုံတစ်ဦး၏ စည်းရုံးလှုံ့ဆော်မှု အနည်းငယ်မျှဖြင့် ချက်ချင်း မိမိတို့၏ အသက်ဝိညာဉ်ကို ပဓာနမထားတော့ဘဲ အားမာန်အပြည့်ဖြင့် ပြေးဝင်လာကြခြင်း ဖြစ်သည်။
ထိုသို့ဆိုလျှင် ဤလန်ကျိုးမှ ဒုက္ခသည်ထောင်ပေါင်းများစွာသည် မိုင်ထောင်ချီ၍ ဝေးကွာလှသော မြို့တော်သို့ မည်ကဲ့သို့ ရောက်ရှိလာကြသနည်း။
ဤအချက်သည်ပင် အရေးအကြီးဆုံးအချက် ဖြစ်သလို အံ့ဩတုန်လှုပ်စရာ အကောင်းဆုံးအချက်လည်း ဖြစ်သည်။
ဆိုလိုသည်မှာ အောက်ယွီနှင့် ဧကရာဇ်ဟောင်းတို့သည် ယနေ့ကဲ့သို့သော နေ့ရက်မျိုး ကြုံတွေ့လာရမည်ကို အစောတည်းက ကြိုတင်မြော်မြင်၍ စီမံထားခဲ့ကြခြင်း ဖြစ်၏။
ဧကရာဇ်ဟောင်း၏ အသက်ဘေးကို ကယ်တင်ပေးခဲ့သည့် အချိန်တည်းက အောက်ယွီသည် ဧကရာဇ်ဟောင်းနှင့် ပူးပေါင်းကာ စုချင်ဝမ်၊ တရားလွှတ်တော်ချုပ်အကြီးအကဲနှင့် တော်ဝင်သမားတော်တို့ကို ကောင်းကင်ဘုံ၏ အပြစ်ပေးမှုဟူသော ခေါင်းစဉ်ဖြင့် သုတ်သင်ပယ်ရှင်းရန် အကွက်ကျကျ စီစဉ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
တရားလွှတ်တော်ချုပ်၌ သွေးချောင်းစီးခဲ့ရသည့် နေ့ရက်ကတည်းက ယနေ့တွင် ဖြစ်ပွားမည့် ဧကရာဇ်နှစ်ပါး အကြားမှ စစ်ပွဲရလဒ်ကို အဆုံးအဖြတ် ပေးထားခဲ့ပြီးသား ဖြစ်သည်။
ဧကရာဇ်ဟောင်းနှင့် အောက်ယွီတို့၏ လက်ရှိအင်အားမှာ လက်ရှိဧကရာဇ်၏ အင်အားကို မယှဉ်နိုင်စေကာမူ ၎င်းတို့သည် ရှေ့ခြေလှမ်းပေါင်းများစွာကို ကြိုတင်၍ အကွက်ချစီမံထားနိုင်ခဲ့ကြ၏။
တစ်ဖက်တွင်မူ ရိုက်နှက်ခြင်း ခံနေရသည့် စာပေပညာရှင် ထောင်ပေါင်းများစွာသည် ချက်ချင်းပဲ အဝေးသို့ ထွက်ပြေးတိမ်းရှောင်ရန် စတင်ကြိုးစားကြတော့သည်။
အကြောင်းမူ သူတို့ မပြေးဘဲ နေပါက လန်ကျိုးမှ ဒုက္ခသည်အုပ်ကြီးသည် သူတို့၏ ပါးစပ်များထဲသို့ မစင်အညစ်အကြေးများကို အတင်းအဓမ္မ လောင်းထည့်ကြတော့မည်ကို ရိပ်မိသွားကြသောကြောင့် ဖြစ်၏။
စာပေပညာရှင်များ အရိုက်ခံရပြီး ထွက်ပြေးသွားသည်ကို မြင်လိုက်ရချိန်မှာတော့ လန်ကျိုးမှ ဒုက္ခသည် ထောင်ချီသည် ဝမ်းသာအားရ အော်ဟစ်လိုက်ကြပြီး ဒူးထောက်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်ကြ၏။ “ဧကရာဇ်ဟောင်းရဲ့ အသက်ကယ်ကျေးဇူးကို ကျေးဇူးတင်ပါတယ်။”
“ဧကရာဇ်ဟောင်း သက်တော်ရာကျော် ရှည်ပါစေ... သက်တော်ထောင်ကျော် ရှည်ပါစေ... သက်တော်သောင်းကျော် ရှည်ပါစေ။”
“ဧကရာဇ်ဟောင်း ထာဝရ အသက်ရှည်ပြီး ကောင်းကင်ဘုံနဲ့ ထပ်တူ အသက်ရှည်ပါစေ။”
‘ချီးတဲ့မှ... ဒီကြွေးကြော်သံတွေကို ခင်ဗျားတို့ ဘယ်ကနေ ကြားခဲ့ကြတာလဲ။’
“ဧကရာဇ်ဟောင်း...ကျုပ်တို့ ခင်ဗျားကို ကာကွယ်ဖို့ လာတာပါ။”
“သခင်လေး အောက်ယွီ...ကျုပ်တို့ ခင်ဗျားကို ကာကွယ်ဖို့ လာတာပါ။ ခင်ဗျားကို လာဖမ်းရဲတဲ့သူ ရှိရင်ကျုပ်တို့ရဲ့ အလောင်းတွေပေါ်ကနေ ဖြတ်သွားရလိမ့်မယ်။”
ထို့နောက် လန်ကျိုးမှ ဒုက္ခသည် ထောင်ချီသည် မြေပြင်ပေါ်ရှိ အနံ့ဆိုးများကို ဂရုမစိုက်တော့ဘဲ ရှန်ချင်းနန်းဆောင်၏ ခြံပြင်တွင် ထိုင်ချလိုက်ကြပြီး တံခါးပေါက်များကို ကိုယ်ခန္ဓာဖြင့် ပိတ်ဆို့ကာ မည်သူ့ကိုမှ အထဲမဝင်စေရန် တားဆီးထားလိုက်ကြတော့၏။
.....................