← Chapters

အခန်း (၅၂၅-၅၂၆)

Vol. 45 Ch. 525-526

အခန်း (၅၂၅-၅၂၆)

Vol. 45 Ch. 525-526

အပိုင်း (၅၂၅)

တစ်ခဏအတွင်းမှာပင် အခြေအနေ တစ်ခုလုံး လုံးဝ ပြောင်းပြန် ဖြစ်သွားတော့သည်။

နိုင်ငံရေးအရ မှန်ကန်မှုကို ဆိုလိုချင်သည်လား သို့မဟုတ် ကိုယ်ကျင့်တရား၏ အမြင့်ဆုံးကုန်းမြေထက်၌ ရပ်တည်လိုခြင်းကို ဆိုလိုချင်သည်လား။

ယခုအချိန်တွင် တောင်ပိုင်းကျိုးအင်ပါယာ တစ်ခုလုံး၌ လန်ကျိုးမှ ဒုက္ခသည်များထက် ပို၍ ဖြောင့်မတ်မှန်ကန်သူ၊ သူတို့ထက် ပို၍ နိုင်ငံရေးအရ အရေးသာသူ မည်သူရှိပါဦးမည်နည်း။

ဤရှို့ချိုင်များနှင့် ကျွမ့်ယွမ်များသာ ဧကရာဇ်ဟောင်း၏ တော်ဝင်ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်ခြင်းကို ခံရပါမူ ကောင်းကင်ကြီး ပြိုကျလောက်အောင် ဆူညံပွက်လောရိုက်သွားမည်မှာ အသေအချာပင် ဖြစ်သည်။

သူတို့သည် ဧကရာဇ်ဟောင်းက စာပေပညာရှင်များကို နှိမ်နင်းနေပြီ၊ ဧကရာဇ်ဟောင်းက ပညာတတ်များကို သတ်ဖြတ်နေပြီဟု တစာစာ အော်ဟစ်ဆန္ဒပြကြမှာဖြစ်၏။

သို့သော်လည်း လန်ကျိုးဒုက္ခသည်များ၏ မစင်ခပ်သည့်ဇွန်းများဖြင့် အရိုက်ခံရခြင်း ဖြစ်ပါကမူ မည်သို့မှ အဖတ်ဆယ်မရဘဲ အလကား အရိုက်ခံရခြင်း ဖြစ်သွားပေလိမ့်မည်။

သို့ရာတွင် ဧကရာဇ်ဟောင်း၏ တန်ပြန်ဗျူဟာများမှာ ဤမျှဖြင့်တင် ပြီးဆုံးသွားပြီဟု ထင်မှတ်နေကြသည်လား။ ထိုသို့သာ တွေးတောမိပါက အလွန် ကလေးဆန်လွန်းရာ ကျသွားမှာဖြစ်သည်။

ဤကဲ့သို့သော နိုင်ငံရေးအာဏာ အားပြိုင်မှုမျိုးတွင် အခွင့်အရေးဟူသည် မျက်စိတစ်မှိတ်အတွင်း၌ပင် ပျောက်ကွယ်သွားနိုင်သောကြောင့် အမိအရ အခိုင်အမာ ဖမ်းဆုပ်လျက် ရန်သူကို သေစေလောက်သည့် အဆုံးအဖြတ် တိုက်ကွက်မျိုးဖြင့်သာ တိုက်ခိုက်ချေမှုန်းရမှာဖြစ်၏။

လက်ရှိဧကရာဇ်သည် ယခင်တည်းက စစ်သည်တော် ထောင်သောင်းချီသော တပ်တော်ကြီးကို စေလွှတ်ထားခဲ့ပြီး ဖြစ်ရာ ယခုအချိန်တွင် ရှန်ချင်းနန်းဆောင်နှင့် ခုနစ်မိုင်၊ ရှစ်မိုင်ခန့်အကွာအဝေး၌ စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။

အကြောင်းမူ လုံးဝ မလွှဲမရှောင်သာသည့် အခြေအနေမျိုးသို့ မဆိုက်ရောက်မချင်း စစ်တပ်အင်အားကို အသုံးပြု၍ ဧကရာဇ်ဟောင်းအပေါ် အတင်းအကျပ် ဖိအားပေးခြင်းမျိုးကို မလုပ်ဆောင်ချင်သောကြောင့်ပင်။

နန်းတွင်းရှိ အဆင့်မြင့် အမတ်မင်းကြီးများအားလုံးက လက်ရှိဧကရာဇ်ဘက်မှ ရပ်တည်နေကြသည် ဆိုစေဦးတော့ စစ်တပ်ကို အသုံးပြု၍ ဧကရာဇ်ဟောင်းအား အဓမ္မ ဖိအားပေးခြင်းသည် လောကရှိ လူအများ၏ ကဲ့ရဲ့ပြစ်တင်မည့် ပါးစပ်များကို ပိတ်ပင်ရန် ခက်ခဲလှသည်။

စာပေပညာရှင်များကို ရှေ့တန်းတင်ကာ အသုံးချ၍ အတင်းအကျပ် ဖိအားပေးခြင်းကမှ အများပြည်သူအမြင်တွင် အားနည်းသူကို အမှီပြု၍ အံ့ချီးဖွယ်ရာ ရလဒ်ကောင်းများကို ရရှိနိုင်မှာဖြစ်၏။

ဤအစီအစဉ်တွင် ပါဝင်သော အဓိက လက်နက်ကိုင်အင်အားစုများမှာမူ မြို့တော်စစ်သေနာပတိရုံး၏ စစ်တပ်များ၊ တော်ဝင်သက်တော်စောင့်တပ်များနှင့် ဟေးပင်းထိုင်၏ စစ်သည်အချို့ပင် ဖြစ်သည်။

“အကြီးအကဲ၊ စစ်သေနာပတိ၊ ဒု-တပ်မှူး... ပြဿနာကြီးသွားပါပြီ။ ပြဿနာကြီးသွားပါပြီ။ ဘယ်ကနေ ထွက်လာမှန်း မသိတဲ့ လန်ကျိုးက ဒုက္ခသည် ထောင်ချီဟာ မစင်ပုံး တွေ၊ မစင်ခပ်တဲ့ ဇွန်းတွေ ကိုင်ဆောင်ပြီး ရှန်ချင်းနန်းဆောင်က စာပေပညာရှင် ထောင်ချီကို ရိုက်နှက် မောင်းထုတ်လိုက်ပါပြီ။”

မြို့တော် စစ်သေနာပတိ နင်ဟွိုင်အန်းနှင့် နန်ကုန်းချော့တို့ ချက်ချင်း အံ့ဩသွားကြပြီး အံ့ဩတုန်လှုပ်ဖွယ်ရာ အကြည့်များဖြင့် အပြန်အလှန်ကြည့်လိုက်ကြ၏။

‘လန်ကျိုးက ဒုက္ခသည် ထောင်ချီ ဟုတ်လား။ အဲဒီလူတွေက ရှန်ချင်းနန်းဆောင် ခြံပြင်ကို ဘယ်လိုလုပ်ပြီး ရောက်သွားတာလဲ။ ဒါ... ဒါတွေ အားလုံးက အကြံအစည်တွေပဲ။ ဒီလူထောင်ချီက စနစ်တကျ ဖွဲ့စည်းထားတာလေ။ ဘယ်သူကမှ မတားဆီးခဲ့ဘူးလား။ ဘယ်သူကမှ ကြိုတင် သတင်းမပို့ခဲ့ဘူးလား။’

နန်ကုန်းချော့ နှင့် နင်ဟွိုင်အန်း တို့ အပြန်အလှန်ကြည့်လိုက်ကြပြီး ဤကိစ္စကို ဧကရာဇ်မင်းမြတ်ထံသို့ အမြန်ဆုံး အစီရင်ခံရမည်ဟု တွေးလိုက်ကြသည်။

နန်ကုန်းချော့ သည် စကားတစ်ခွန်းမှ မဆိုဘဲ မြင်းပေါ်သို့ တက်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “ခင်ဗျားတို့ လုံးဝ မလှုပ်ရှားကြနဲ့။ လုံးဝ မလှုပ်ရှားကြနဲ့။ ကျုပ် ဧကရာဇ်မင်းမြတဆီ အခုချက်ချင်း သွားပြီး အစီရင်ခံလိုက်ဦးမယ်။ စစ်တပ်တွေ အားလုံး တစ်လှမ်းမှ မရွှေ့စေနဲ့။”

မြို့တော် စစ်သေနာပတိက အလျင်အမြန် ပြန်ပြောလိုက်၏။ “ကျုပ် အမိန့်တော်ကို ခံယူပါတယ်။ ဒါပေမဲ့ အကြီးအကဲ... တော်ဝင်သက်တော်စောင့်တပ်ရဲ့ ဒု-တပ်မှူးက အန္တရာယ် ရှိနိုင်ပါတယ်။ အကယ်၍ သူ မသွားဘူးဆိုရင် တော်ဝင် သက်တော်စောင့်တပ် လမ်းမှားကို ရောက်သွားနိုင်ပါတယ်။”

လွန်ခဲ့သည့် ညီလာခံတွင် အောက်ယွီကို ရိုက်သတ်ရန် ကြံစည်စဉ်က တော်ဝင်သက်တော်စောင့်တပ်၏ ဒုတိယတပ်မှူး လီထျဲ့ရှင်း သည် အောက်ယွီအား ကယ်တင်ရန် အလွန်တရာ စိတ်အားထက်သန်လို့ နေခဲ့ဖူးသည်။

ထို့ကြောင့် နင်ဟွိုင်အန်းက ဤလူသည် ဧကရာဇ်ဟောင်းဘက်မှ လျှို့ဝှက်ကျောထောက်နောက်ခံ ပြုထားသူတစ်ဦး ဖြစ်နိုင်ကြောင်း သတိပေးနေခြင်း ဖြစ်၏။

နန်ကုန်းချော့ ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။ “ဒု-တပ်မှူး လီထျဲ့ရှင်း... ကျုပ်နဲ့အတူတူ ဧကရာဇ်မင်းမြတ်ဆီ သွားပြီး အစီရင်ခံရအောင်။”

လီထျဲ့ရှင်း အနည်းငယ် အံ့ဩသွားပြီးနောက် ပြန်ပြောလိုက်၏။ “ကောင်းပါပြီ။”

ထို့နောက် နန်ကုန်းချော့ သည် လီထျဲ့ရှင်းကို ခေါ်ဆောင်ကာ နန်းတော်သို့ ဦးတည်သွားပြီး ဤနေရာတွင် ဖြစ်ပျက်ခဲ့သမျှကို ဧကရာဇ်ထံသို့ အစီရင်ခံရန် အပြေးသွားတော့သည်။

....................

“ဘာ...” ဧကရာဇ် အလန့်တကြား အော်ဟစ်လိုက်ပြီးကျောပြင်တွင် ချွေးအေးများ ထွက်လာတော့၏။

‘လန်ကျိုးက ဒုက္ခသည်တွေက ရှန်ချင်းနန်းဆောင်ကို ပြေးဝင်သွားပြီး စာပေပညာရှင်တွေကို ရိုက်နှက် မောင်းထုတ်ကာ ဧကရာဇ်ဟောင်းကို ကယ်တင်လိုက်တယ် ဟုတ်လား။’

ဧကရာဇ်က အေးစက်စက်ဖြင့် မေးလိုက်သည်။ “ဒီ လန်ကျိုးက ဒုက္ခသည် ထောင်ချီက မြို့တော်ထဲကို ဘယ်လို ဝင်လာတာလဲ။”

နန်ကုန်းချော့က ပြန်ဖြေလိုက်၏။ “အရှင်မင်းမြတ်... လန်ကျိုးက ဒုက္ခသည် သန်းချီမှာ အသက်ရှင်ဖို့ လမ်းစ မရှိတော့လို့ နိုင်ကော်က ဒုက္ခသည် တစ်စိတ်တစ်ပိုင်းကို တခြား နေရာတွေကို ပြောင်းရွှေ့ပေးဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ချမ်းသာတဲ့ ပြည်နယ်တွေ အားလုံးမှာ သတ်မှတ်ချက်တွေ ရှိပြီး မြို့တော်က ဒုက္ခသည် တစ်သောင်းကို လက်ခံရမှာပါ။”

“အင်း... ဟုတ်သားပဲ။ ဒီကိစ္စမျိုး ရှိတယ်။”

ဧကရာဇ်က ပြောလိုက်သည်။ “ဒါပေမဲ့ ဒီ ဒုက္ခသည် ထောင်ချီက ရှန်ချင်းနန်းဆောင် အပြင်ကို ဘယ်လိုလုပ်ပြီး ပြေးဝင်သွားတာလဲ။ ဒါက လူထောင်ချီနော်။ ဘယ်သူကမှ မတားဆီးဘူးလား။”

နန်ကုန်းချော့က ဦးညွတ်လျက် လျှောက်တင်လိုက်၏။ “ကျုပ်တို့ အပြစ်ရှိပါတယ်။ အခု ဒီ လန်ကျိုးက ဒုက္ခသည် ထောင်ချီဟာ ရှန်ချင်းနန်းဆောင် တံခါးအပြင်ဘက်မှာ ထိုင်နေကြပြီး ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုပါဘူး။ သူတို့က အောက်ယွီကို အသေအလဲ ကာကွယ်ပေးထားပါတယ်။”

ဧကရာဇ်သည် နဖူးကို အုပ်ကိုင်ကာဖြင့် အလွန်အမင်း ခေါင်းကိုက်လို့နေတော့၏။ လက်ရှိ အခြေအနေအရ စာပေပညာရှင်များကို ရှေ့တန်းတင် အသုံးချကာ ရှန်ချင်းနန်းဆောင်ကို ဖျက်ဆီးရန် ကြံစည်မှုမှာ လုံးဝဥဿုံ မဖြစ်နိုင်တော့ချေ။

အကြောင်းမူ ထိုစာပေပညာရှင်များသည် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ၌ တရားမျှတမှုရှိသည်ဟု ဆိုနိုင်သော်လည်း လန်ကျိုးမှ ရောက်ရှိလာသော ဒုက္ခသည်များကမူ သူတို့ထက်ပင် ကိုယ်ကျင့်တရားပိုင်း ဆိုင်ရာ၌ ပိုမို၍ ဖြောင့်မတ်မှန်ကန်ကာ အရေးသာနေသောကြောင့် ဖြစ်သည်။

“လုံးဝ မလှုပ်ရှားကြနဲ့။ ဒုက္ခသည် တစ်ယောက်ကိုတောင် လုံးဝ အနာတရ မဖြစ်စေနဲ့။”

ဧကရာဇ်က တုန်ယင်စွာဖြင့် ပြောလိုက်၏။ “စစ်တပ်တွေ အားလုံး လုံးဝ မလှုပ်ရှားရဘူး။”

နန်ကုန်းချော့က ပြန်ပြောလိုက်သည်။ “အရှင်မင်းမြတ်...ကျုပ် သိပါတယ်။”

ယခုအခါ တောင်ပိုင်းကျိုးအင်ပါယာ တစ်ခုလုံး၏ ပြည်သူ့အသံများသည် လန်ကျိုးက ပြည်သူ သန်းချီကို ကယ်တင်ရေးပင် ဖြစ်၏။

လန်ကျိုးက ဒုက္ခသည်များသည် လောက တစ်ခုလုံး၏ အာရုံစိုက်မှုကို ရရှိထားပြီး အသနားခံရဆုံးနှင့် လုံးဝ အနာတရ မဖြစ်စေသင့်ဆုံး သူများဖြစ်ကာ ကိုယ်ကျင့်တရား၏ အမြင့်ဆုံး နေရာတွင် ရပ်တည်နေကြသည်။

ဧကရာဇ်က မေးလိုက်၏။ “တော်ဝင် သက်တော်စောင့် တပ်ရဲ့ ဒု-တပ်မှူး လီထျဲ့ရှင်း ရော။”

နန်ကုန်းချော့က ပြန်ဖြေလိုက်သည်။ “ကျုပ် သူ့ကို ခေါ်လာခဲ့ပါပြီ။ အခု တော်ဝင် သက်တော်စောင့်တပ်က စစ်သည် သုံးထောင်ကို စစ်သူကြီး ကျန်းဟွိုင် က အုပ်ချုပ်နေပြီး မြို့တော် စစ်သေနာပတိရုံးရဲ့ စစ်သည် သုံးထောင်ကို စစ်သေနာပတိ နင်ဟွိုင်အန်းက အုပ်ချုပ်နေပါတယ်။”

ဧကရာဇ် စိတ်သက်သာရာ ရသွားသည်။ ထို့နောက် နောက်ဆက်တွဲ ဗျူဟာအနေဖြင့် မည်သို့ ဆက်လက် လုပ်ဆောင်ရမည်နည်း။

ပထမဦးစွာ အကျိုးအမြတ် မက်လုံးများ ပေးဆောင်ကာ ဤလန်ကျိုးဒုက္ခသည်များကို အေးချမ်းစွာ ဖျောင်းဖျနားချ၍ ထိုနေရာမှ အလျင်အမြန် ဆုတ်ခွာသွားစေရမည်။

ထို့နောက် အချိန်တစ်ခုအထိ သည်းခံစောင့်ဆိုင်းရပေလိမ့်မည်။ ကျိန့်ဟိုင်မြို့စား စီးမိသားစု၏ အင်အားကြီး ရေတပ်တော်က တောင်ပိုင်းကျိုးအင်ပါယာ၏ ဆိပ်ကမ်း၊ ကမ်းရိုးတန်းအားလုံးကို စတင်ပိတ်ဆို့ပြီး ကုန်သွယ်ရေး လမ်းကြောင်းများကို အလုံးစုံဖြတ်တောက်ကာ ပုန်ကန်ခြားနားမည့် အရိပ်အယောင်များ ထင်ရှားလာသည့် အချိန်အထိ စောင့်ဆိုင်းရမှာ ဖြစ်သည်။

ထိုသို့သော အခြေအနေသို့ ဆိုက်ရောက်လာချိန်မှသာ သူတို့ဘက်မှ အင်အားစုများကို တစ်ကျော့ပြန် ပြန်လည် စုစည်းကာ ဧကရာဇ်ဟောင်းအား နိုင်ငံရေးအရ လုံးဝတရားမျှတမှု မရှိသည့် အကျပ်အတည်း အခြေအနေသို့ ရောက်ရှိသွားအောင် ဖိအားပေး တွန်းပို့နိုင်မှာဖြစ်၏။

အချုပ်အားဖြင့်ဆိုရသော် ယခုအချိန်တွင် စစ်တပ်အင်အားကို လုံးဝ အသုံးမပြုရသေးသကဲ့သို့ လန်ကျိုးမှ ဒုက္ခသည်များကိုလည်း နှိမ်နင်းခြင်း မပြုသင့်ချေ။ ထိုသို့မဟုတ်ပါက လက်ရှိဧကရာဇ်ကိုယ်တိုင် တရားမျှတမှု ကင်းမဲ့ပြီး မတရားမှုကို ပြုလုပ်သူအဖြစ် လောကရှေ့မှောက်တွင် သမိုင်းတွင်သွားပေလိမ့်မည်။

သို့ပေမည့် နန်ကုန်းချော့ နှင့် လီထျဲ့ရှင်း တို့ ထွက်သွားပြီး မကြာမီမှာပဲ တော်ဝင် သက်တော်စောင့် တပ်တော်ကြီး သုံးထောင်ကို အုပ်ချုပ်နေသော စစ်သူကြီးကျန်းဟွိုင် သည် ရုတ်တရက် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်အရ အောက်ယွီကို ဖမ်းဆီးရမယ်။ ဆန့်ကျင်တဲ့သူ မှန်သမျှ နေရာမှာတင် သတ်ပစ်မယ်။”

ထို့နောက် သူသည် အမိန့်တော်ပြားကို အမြင့်သို့ မြှောက်ကာ တပ်တော်ကို ဦးဆောင်ပြီး ရှန်ချင်းနန်းဆောင်ဆီသို့ ပြေးဝင်သွားတော့သည်။

အိမ်ထဲတွင် အပူရှောင်နေသော မြို့တော် စစ်သေနာပတိ နင်ဟွိုင်အန်း၏ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားပြီး အလျင်အမြန် ပြေးထွက်ကာ တားဆီးရန် ပြင်လိုက်တော့၏။

သို့ပေမည့် နောက်တစ်စက္ကန့်တွင် သူ၏ကိုယ်ပေါ်၌ ထုံကျင်သွားပြီး ထုံဆေးပါသော အပ်ဆယ်ချောင်းခန့် အထိုးခံလိုက်ရသောကြောင့် တစ်ကိုယ်လုံး တောင့်တင်းသွားကာ လုံးဝ မလှုပ်ရှားနိုင်တော့ချေ။

ထို့နောက် မြို့တော် စစ်သေနာပတိ ရုံး၏ ခြေလျင်တပ်မှူး ကျိုးမု က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်အရ အောက်ယွီကို ဖမ်းဆီးရမယ်။ ဆန့်ကျင်တဲ့သူ မှန်သမျှ နေရာမှာတင် သတ်ပစ်မယ်။”

ထို့နောက် တစ်ကိုယ်လုံး တောင့်တင်းနေသော နင်ဟွိုင်အန်းကို မြင်းပေါ်သို့ တင်လိုက်ပြီး အမိန့်တော်ပြားကို အမြင့်သို့ မြှောက်ပြလိုက်တော့၏။

“ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်အရ အောက်ယွီကို ဖမ်းဆီးရမယ်။ ဆန့်ကျင်တဲ့သူ မှန်သမျှ နေရာမှာတင် သတ်ပစ်မယ်။”

ထို့နောက် ဤခြေလျင်တပ်မှူးသည် တပ်တော် သုံးထောင်ကို ဦးဆောင်ကာ ရှန်ချင်းနန်းဆောင်ဆီသို့ ပြေးဝင် သွားတော့သည်။

စစ်တပ် ဆိုသည်မှာ အမိန့်ကို နာခံရသူများ ဖြစ်ပြီး သူတို့ ထွက်လာချိန်တည်းက ဘာလုပ်ရမည် ဆိုသည်ကို သိရှိထားပြီး ဖြစ်သည်။ ထိုအရာမှာ အောက်ယွီကို ဖမ်းဆီးရန် ဖြစ်၏။

ထို့ကြောင့် ယခုအချိန်တွင်လည်း လုံးဝ သံသယ မဝင်တော့ဘဲ စစ်မိန့်ကို တိုက်ရိုက် လိုက်နာလိုက်ကြတော့သည်။

ဟေးပင်းထိုင် စစ်သည် ရာချီခန့်သာလျှင် မျက်နှာ ပျက်ယွင်းသွားကြပြီး တားဆီးရန် ကြိုးစားကြသော်လည်း လုံးဝ မတားဆီးနိုင်တော့ချေ။

“ဘုန်း... ဘုန်း... ဘုန်း...”

စစ်သည် ခြောက်ထောင်သည် အရပ်မျက်နှာ နှစ်ခုမှနေ၍ ရှန်ချင်းနန်းဆောင်ဆီသို့ ပြေးဝင်သွားကြပြီး အရှိန်အဟုန်မှာ အလွန် ပြင်းထန်လေသည်။

ယခုအချိန်တွင် ရှန်ချင်းနန်းဆောင် တံခါးဝ၌ လန်ကျိုးက ဒုက္ခသည် ထောင်ချီ သည် တိတ်ဆိတ်စွာ ထိုင်နေကြပြီး နန်းတော်တံခါးကို စောင့်ကြပ်နေကြ၏။

ဤလူများ အားလုံးက လန်ကျိုးက ဒုက္ခသည်ချည်း ဖြစ်သည်လား။ မဟုတ်ပေ။ ထိုသူတို့အနက် အများစုမှာ ဒုက္ခသည်များ ဖြစ်ကြသည်မှာ မှန်သော်လည်း အနည်းငယ်မျှသော သူတို့မှာမူ ဒုက္ခသည်များ မဟုတ်ကြဘဲ စစ်သည်များသာ ဖြစ်ကြသည်။

ယခုအချိန်တွင် ရှန်ချင်းနန်းဆောင်၏ တံခါးဝ၌ ပိတ်ဆို့တားဆီးထားကြသူများသည် လန်ကျိုးဒုက္ခသည်များ အသွင် ဖန်တီးဟန်ဆောင်ထားကြသည့် စစ်သည်များ ဖြစ်ကြပြီး အိမ်ရှေ့စံမင်းသား ကျိုးလီနှင့် ဧကရာဇ်ဟောင်းတို့အပေါ် သစ္စာစောင့်သိရိုသေကြသော သစ္စာခံစစ်သည်တော်များပင် ဖြစ်ကြ၏။

သို့သော်လည်း အနည်းဆုံးအားဖြင့် အပြင်ပန်းကြည့်ရုံမျှဖြင့်မူ ၎င်းတို့သည် လန်ကျိုးဒုက္ခသည်များနှင့် တစ်သွေမတိမ်း တူညီလှသည်။

ဝတ်စားဆင်ယင်မှုများ စုတ်ပြတ်ဟောင်းနွမ်းနေသည့်အပြင် မျက်နှာဝါထိန်ကာ ခန္ဓာကိုယ်များ ပိန်ချုံး နေကြသောကြောင့် မည်သို့မှ ခွဲခြား၍ မရနိုင်လောက်အောင် ဖြစ်လို့နေ၏။

တစ်ဖက်တွင်မူ စစ်မှန်သော လန်ကျိုးဒုက္ခသည်များကိုမူ နန်းဆောင်ပြင်ပ၏ ဘေးဘက်နေရာများ၌သာ အခြေချစေပြီး တံခါးဝကို ပိတ်ဆို့တားဆီးသည့် နေရာတွင် အသုံးမပြုသကဲ့သို့ ဘေးအန္တရာယ် အများဆုံးရှိရာ ရှေ့တန်းမျက်နှာစာ နေရာများတွင်လည်း လုံးဝ ထားရှိခြင်း မပြုပေ။

“ဘုန်း... ဘုန်း.... ဘုန်း...”

စစ်သည် ခြောက်ထောင်သည် အရှိန်အဟုန်ဖြင့် ပြေးဝင်လာပြီး လန်ကျိုးက ဒုက္ခသည်များနှင့် ခြေလှမ်း ရာချီခန့် အကွာအဝေးတွင် ရပ်တန့်သွားကြတော့၏။

တော်ဝင် သက်တော်စောင့်တပ် စစ်သူကြီး ကျန်းဟွိုင်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ “ဧကရာဇ် မင်းမြတ်ရဲ့ အမိန့်တော်အရ အောက်ယွီကို ဖမ်းဆီးရမယ်။ ဆန့်ကျင်တဲ့သူ မှန်သမျှ နေရာမှာတင် သတ်ပစ်မယ်။”

ထို့နောက် သူသည် တံခါးဝတွင် ပိတ်ဆို့နေသော လန်ကျိုး ဒုက္ခသည်များကို လက်ညှိုးထိုးကာ မေးလိုက်၏။ “ခင်ဗျားတို့ ဖယ်ပေးမလား၊ မဖယ်ပေးဘူးလား။”

“မဖယ်ပေးဘူး။”

“ဖယ်ပေးမလား၊ မဖယ်ပေးဘူးလား။”

“မဖယ်ပေးဘူး။ ကျုပ်တို့ လန်ကျိုးက ဒုက္ခသည်တွေဟာ အကြိမ်ကြိမ် သေဖူးတဲ့ သူတွေပဲ။ ဘာကြောက်စရာ ရှိသေးလို့လဲ။ ရှန်ချင်းနန်းဆောင်ထဲကို ဝင်ချင်ရင် ကျုပ်တို့ အလောင်း တွေပေါ်ကနေ ဖြတ်သွားမှရမယ်။” လန်ကျိုးက ဒုက္ခသည် ခေါင်းဆောင်က ရင်ဘတ်ကို ပုတ်ကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။

သူ့နောက်တွင် ရှိနေသော လန်ကျိုး ဒုက္ခသည် ရာချီခန့်ကလည်း တစ်ချက်လေးမှ မလှုပ်ရှားဘဲ နန်းတော်တံခါး အရှေ့တွင် ထိုင်နေကြသည်။ သူတို့က စစ်သည်များ ဖြစ်သောကြောင့် သေချာပေါက် အန္တရာယ်ကို မကြောက်ကြချေ။

ဆန့်ကျင်ဘက်အနေဖြင့် လန်ကျိုးမြို့ရှိ ဒုက္ခသည် အစစ်များမှာမူ ထောင်ချီသော ဤစစ်တပ်ကြီးနှင့် ရင်ဆိုင်ရချိန်မှာတော့ အလွန်တရာ တုန်လှုပ်ချောက်ချားလျက် ရှိနေ၏။

သူတို့အနေဖြင့် ဧကရာဇ်ဟောင်းနှင့် အောက်ယွီတို့ကို အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်လိုကြသည်မှာ အမှန်ပင်ဖြစ်သော်လည်း၊ တကယ်တမ်းတွင်မူ ကြောက်ရွံ့ထိတ်လန့်ကာ ထွက်ပြေးတိမ်းရှောင်လိုစိတ် ပြင်းပြ နေကြသည်မှာလည်း ငြင်းပယ်၍မရသော လက်တွေ့ အမှန်တရားပင် ဖြစ်သည်။

အဆိုပါ လယ်သမားထုသည် စာပေကျမ်းဂန်တတ် ပညာရှင်များကိုမူ ရန်မူခြင်း မရှိသောကြောင့် စိုးရိမ် ကြောက်ရွံ့ခြင်း မရှိကြချေ။ သို့သော်လည်း လက်နက်စွဲကိုင်ထားသော စစ်တပ်ကြီးနှင့် ထိပ်တိုက် ရင်ဆိုင်ရသည့်အခါတွင်မူ မကြောက်ရွံ့ဘဲ မနေနိုင်သည်မှာ ဓမ္မတာပင် ဖြစ်၏။

အပိုင်း (၅၂၆)

တော်ဝင် သက်တော်စောင့်တပ် စစ်သူကြီး ကျန်းဟွိုင်က ဒေါသတကြီးဖြင့် အော်လိုက်သည်။ “အောက်ယွီကို ဖမ်းဆီးဖို့ အမိန့်ရထားတယ်။ ဆန့်ကျင်တဲ့သူ မှန်သမျှ နေရာမှာတင် သတ်ပစ်မယ်... နေရာမှာတင် သတ်ပစ်မယ်။ ငါး၊ လေး၊ သုံး၊ နှစ်၊ တစ်… ချီတက်... ချီတက်... သတ်။”

တော်ဝင် သက်တော်စောင့်တပ် စစ်သူကြီး ကျန်းဟွိုင် ရှေ့ဆုံးကနေ ဦးဆောင်ပြီး မြင်းစီးတပ်ဖွဲ့ ရာချီကို ခေါ်ဆောင်ကာ ပြင်းထန်စွာ ပြေးဝင်သွားတော့၏။

တစ်ခဏအတွင်းမှာပဲ ရှန်ချင်းနန်းဆောင် တံခါးဝတွင် ပိတ်ဆို့နေသော လန်ကျိုး ဒုက္ခသည် ရာချီခန့်သည် မြင်းခွာများအောက်တွင် သွေးသံရဲရဲ ဖြစ်သွားပြီး အလောင်းများ ပြန့်ကျဲသွားတော့သည်။

“ဘုန်း…. ဘုန်း… ဘုန်း...”

တော်ဝင်သက်တော်စောင့်တပ်မှ ရာပေါင်းများစွာသော မြင်းစီးစစ်သည်တို့သည် ရှေ့တွင်ရှိနေသည့် လန်ကျိုးဒုက္ခသည် ရာချီတို့၏ ခန္ဓာကိုယ်များပေါ်မှ ရက်ရက်စက်စက် ဖြတ်သန်းနင်းချေ၍ မောင်းနှင် သွားကြတော့၏။

ထိုခဏ၌ သွေးအိုင်အစက်စက်ဖြင့် ရဲရဲနီနေသော မြင်ကွင်းသည် အလွန်တရာ သနားစရာ ကောင်းလွန်းလှ၏။ လူအပေါင်းကို အံ့ဩတုန်လှုပ်စေမည့် သွေးချောင်းစီး ကပ်ဘေးဆိုးကြီးတစ်ခုသည်လည်း လက်တွေ့ မျက်မှောက်တွင် ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်သည်။

ဧကရာဇ်၏ ကိုယ်ပိုင်စစ်တပ်သည် လန်ကျိုးဒုက္ခသည်များကို သွေးအေးအေးဖြင့် ရက်ရက်စက်စက် သတ်ဖြတ် နှိမ်နင်းကာ ဧကရာဇ်ဟောင်း စံမြန်းရာ ရှန်ချင်းနန်းဆောင်အတွင်းသို့ အတင်းအဓမ္မ ချဉ်းနင်း ဝင်ရောက်လာကြ၏။

ထိုအတောအတွင်း ကမ္ဘာမြေတစ်ခုလုံး ကောင်းကင်ပြိုကျ ပျက်စီးသွားသကဲ့သို့ တုန်လှုပ်ခြောက်ချားဖွယ်ရာ အခြေအနေသို့ ဆိုက်ရောက်သွားခဲ့တော့သည်။

“ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်အရ အောက်ယွီကို ဖမ်းဆီးရမယ်။ ဆန့်ကျင်တဲ့သူ မှန်သမျှ နေရာမှာတင် သတ်ပစ်မယ်... နေရာမှာတင် သတ်ပစ်မယ်။”

စစ်သူကြီး ကျန်းဟွိုင်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်ပြီး မြင်းစီးတပ်ဖွဲ့ ရာချီကို ဦးဆောင်ကာ ရှန်ချင်းနန်းဆောင် တံခါး အရှေ့ကို ရောက်ရှိလာတော့၏။

ထိုအချိန်တွင်ပင် ရှန်ချင်းနန်းဆောင် အတွင်းမှ အောက်ယွီ ပြေးထွက်လာပြီး သနားဖွယ်ကောင်းအောင် အော်ဟစ်လိုက်သည်။ “မလုပ်ပါနဲ့... လန်ကျိုးက ဒုက္ခသည်တွေကို အနာတရ မဖြစ်စေပါနဲ့... လန်ကျိုးက ဒုက္ခသည်တွေကို အနာတရ မဖြစ်စေပါနဲ့...”

အောက်ယွီ သည် တစ်ဖက်မှ ပြေးလာရင်း တစ်ဖက်မှ အသံကျယ်ကျယ်ဖြင့် အော်ဟစ်နေ၏။ “ကျုပ် လက်နက်ချပါ့မယ်။ ကျေးဇူးပြုပြီး လန်ကျိုးက ဒုက္ခသည်တွေကို အနာတရ မဖြစ်စေပါနဲ့။”

တော်ဝင် သက်တော်စောင့်တပ်၏ စစ်သူကြီး ကျန်းဟွိုင်သည် မြင်းကို ကန်ကာ အားယူလိုက်ပြီး လက်ထဲရှိ သံတူကြီးဖြင့် တံခါးကြီးကို ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

“ဝုန်း...”

ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး ယိမ်းယိုင်နေပြီဖြစ်သော ရှန်ချင်းနန်းဆောင် တံခါးကြီး ပြင်းထန်စွာ ပြိုကျသွားတော့၏။

တော်ဝင် သက်တော်စောင့်တပ် စစ်သူကြီး ကျန်းဟွိုင်သည် မြင်းစီးလျက် ရှန်ချင်းနန်းဆောင် အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားပြီး တော်ဝင် သက်တော်စောင့်တပ် မြင်းစီးတပ်ဖွဲ့ ရာချီလည်း ဒီရေလှိုင်းများကဲ့သို့ ရှန်ချင်းနန်းဆောင် အတွင်းသို့ ပြေးဝင်သွားကြတော့သည်။

“ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်အရ အောက်ယွီကို ဖမ်းဆီးရမယ်။ ဆန့်ကျင်တဲ့သူ မှန်သမျှ နေရာမှာတင် သတ်ပစ်မယ်... နေရာမှာတင် သတ်ပစ်မယ်။”

ကြောက်မက်ဖွယ်ကောင်းသော မြင်းခွာသံများသည် ရှန်ချင်းနန်းဆောင်၏ ငြိမ်သက်မှုကို မျက်စိတစ်မှိတ် အတွင်းမှာပင် လုံးဝ ဆုတ်ဖြဲပစ်လိုက်တော့၏။

ဧကရာဇ်၏ စစ်တပ်၊ တော်ဝင် သက်တော်စောင့်တပ် စစ်သည်များသည် ဒီရေလှိုင်းများကဲ့သို့ ပြေးဝင်လာကြတော့သည်။

အောက်ယွီသည် လက်နှစ်ဖက်ကို အမြင့်သို့ မြှောက်ကာ ပြောလိုက်၏။ “ကျုပ် လက်နက်ချပါ့မယ်။ လန်ကျိုးက ဒုက္ခသည တွေကို အနာတရ မဖြစ်စေပါနဲ့... လန်ကျိုးက ဒုက္ခသည်တွေကို အနာတရ မဖြစ်စေပါနဲ့။”

တော်ဝင် သက်တော်စောင့်တပ် စစ်သူကြီး ကျန်းဟွိုင်က မြင်းစီးလျက် ပြေးဝင်လာသည်။

“ဖူး...”

အောက်ယွီ၏ ခန္ဓာကိုယ်သည် မြင်းဖြင့် ဝင်တိုက်ခံလိုက်ရပြီး လွင့်စင်သွားကာ လေထဲတွင် သွေးများ အဆက်မပြတ် ပန်းထွက်လာတော့၏။

အောက်ယွီ သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားပြီး သွေးအန်ကာ ပြောလိုက်သည်။ “လန်ကျိုးက ဒုက္ခသည်တွေကို အနာတရ မဖြစ်စေပါနဲ့...”

ထို့နောက် ခေါင်းတစ်ဖက်သို့ စောင်းသွားပြီး မေ့လဲသွားတော့၏။

ထိုအချိန်တွင် ရှန်ချင်းနန်းဆောင်၏ အစောင့်တပ်ဖွဲ့ဝင်များသည် နောက်ဆုံးတွင် ဝင်ရောက် စွက်ဖက်ခွင့် ရရှိသွားတော့သည်။

သူတို့သည် အရှိန်အဟုန်ဖြင့် ပြေးထွက်လာကြပြီး အောက်ယွီကို အနောက်တွင် ကာကွယ်ပေးထားကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ကြ၏။ “လန်ကျိုးက ဒုက္ခသည်တွေကို ကာကွယ်ပေး... သခင်လေး အောက်ယွီကို ကာကွယ်ပေး။”

စစ်သူကြီး ယင်းယန်သည် တော်ဝင် သက်တော်စောင့်တပ် စစ်သူကြီးကျန်းဟွိုင်နှင့် မြို့တော် စစ်သေနာပတိရုံး၏ ခြေလျင်တပ်မှူး ကျိုးမုကို လက်ညှိုးထိုးကာ ဒေါသတကြီးဖြင့် အော်လိုက်သည်။ “ခင်ဗျားတို့ တော်ဝင် သက်တော်စောင့်တပ် နဲ့ မြို့တော် စစ်သေနာပတိရုံးက ဒီလောက်တောင် ရူးသွပ်မိုက်မဲ နေတာလား။ ဒီလူတွေက လန်ကျိုးက ဒုက္ခသည်တွေလေ။ သူတို့က ဆူနာမီ ထဲမှာလည်း မသေခဲ့ဘူး၊ ရေကြီးတဲ့ အထဲမှာလည်း မသေခဲ့ဘူး၊ အခု ခင်ဗျားတို့ရဲ့ မြင်းခွာ တွေအောက်မှာ သေရမယ် ဟုတ်လား။”

“လန်ကျိုးက ဒုက္ခသည်တွေကို မြန်မြန်ကယ်တင်... မြန်မြန်... မြန်မြန်...”

ထို့နောက် ရှန်ချင်းနန်းဆောင် အတွင်းမှ မိန်းမစိုး ဆယ်ယောက်ကျော်နှင့် သမားတော် ဆယ်ယောက်ကျော် ပြေးထွက်လာကြပြီး မြေပြင်ပေါ်ရှိ ဒဏ်ရာရနေသော လန်ကျိုးက ဒုက္ခသည်များကို အတွင်းသို့ သယ်ဆောင်ကာ ဆေးကုသမှု ပေးကြတော့၏။

တော်ဝင် သက်တော်စောင့်တပ် စစ်သူကြီးကျန်းဟွိုင်က အေးစက်စက်ဖြင့် ပြောလိုက်သည်။ “ကျုပ်တို့က ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်ကို နာခံပြီး အောက်ယွီ ဆိုတဲ့ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးဖို့ လာတာ။ ဒီ လူရိုင်းတွေက အမိန့်ကို ဆန့်ကျင်ပြီး နိုင်ငံတော် ဥပဒေကို ချိုးဖောက်နေလို့ ကျုပ်တို့က သူတို့ကို အပြစ်ပေးတာ ဘာအပြစ် ရှိလို့လဲ။”

စစ်သူကြီး ယင်းယန်က ရုတ်တရက် လက်ဝှေ့ယမ်းလိုက်ရာ ရှန်ချင်းနန်းဆောင်၏ အစောင့်တပ်ဖွဲ့ဝင် သုံးထောင်သည် လေးများကို တင်ကာ တော်ဝင် သက်တော်စောင့်တပ်နှင့် မြို့တော် စစ်သေနာပတိရုံး၏ စစ်သည်များကို ချိန်ရွယ်လိုက်ကြတော့၏။

“သခင်လေး အောက်ယွီကို ခေါ်သွားချင်တယ် ဟုတ်လား။ လုံးဝ စိတ်ကူးယဉ်နေတာပဲ။”

စစ်သူကြီး ယင်းယန်က ဒေါသတကြီးဖြင့် အော်လိုက်သည်။ “တိုက်ပွဲ စတင်မယ် ဆိုရင်လည်း စတင်ကြတာပေါ့။ ဧကရာဇ်ဟောင်းရဲ့ ရှန်ချင်းနန်းဆောင် ထဲမှာပဲ တိုက်ပွဲ စတင်ကြတာပေါ့။ ကျုပ်တို့ အားလုံးကို သတ်ပစ်လိုက်၊ ဧကရာဇ်ဟောင်းကိုပါ လုပ်ကြံလိုက်၊ ပြီးမှ အောက်ယွီကို ခေါ်သွားလိုက်။”

ချက်ချင်းပဲ မြင်ကွင်း တစ်ခုလုံး အလွန် တင်းမာသွားတော့၏။

တပ်တော် သုံးဖွဲ့သည် ရှန်ချင်းနန်းဆောင် အတွင်း၌ အခြေအနေ တင်းမာနေပြီး တိုက်ပွဲ စတင်ရန် ဆံခြည်တစ်မျှင်သာ လိုတော့သည်။

………………..

နန်းတော် အတွင်း၌ ဧကရာဇ်သည် နန်းတွင်း၏ အမတ်ကြီးများနှင့် နောက်ဆက်တွဲ ဘာလုပ်ရမည်ကို ဆွေးနွေးတိုင်ပင်နေကြ၏။

မည်သို့ပင်ဖြစ်စေ ဤ လန်ကျိုးက ဒုက္ခသည်များကို လုံးဝ မထိခိုက်စေရဘဲ တစ်ယောက်ကိုမှ အနာတရ ဖြစ်စေ၍ မရချေ။

လှည့်စားသည် ဖြစ်စေ၊ မက်လုံးပေးသည် ဖြစ်စေ သူတို့ကို အမြန်ဆုံး ထွက်ခွာသွားအောင် လုပ်ဆောင်ရမှာ ဖြစ်သည်။

သို့ပေမည့် ထိုအချိန်တွင် အပြင်ဘက်မှ ဟေးပင်းထိုင် စစ်သူကြီး တစ်ဦးက အသံကျယ်ကျယ်ဖြင့် လျှောက်တင်လိုက်၏။ “အရှင်မင်းမြတ်... တော်ဝင် သက်တော်စောင့်တပ်နဲ့ မြို့တော် စစ်သေနာပတိရုံးရဲ့ စစ်တပ်တွေက ရှန်ချင်းနန်းဆောင်ဆီကို ပြေးဝင်သွားကြပါပြီ။”

ဤစကားကို ကြားလိုက်ရချိန်မှာတော့ နန်းတော်အတွင်းရှိ အမတ်ကြီးများ အားလုံး မျက်နှာ ပျက်ယွင်းသွားကြပြီး ခေါင်းများ ထုံကျင်သွားကြတော့သည်။

“မြန်မြန်... မြန်မြန်... သွားတားကြ... သွားတားကြ။”

“နင်ဟွိုင်အန်းက ဘာတွေ လုပ်နေတာလဲ။ သူ ဘာလုပ်ချင်နေတာလဲ။”

ဧကရာဇ်က အမိန့်ပေးလိုက်၏။ “အမတ်ကြီးလီ... ခင်ဗျား အခုချက်ချင်း ကိုယ်တော့်ရဲ့ ဓားကို ယူသွားပြီး အဲဒီ စစ်တပ် နှစ်ဖွဲ့ကို ချက်ချင်း ရပ်တန့်ပြီး ပြန်ဆုတ်ဖို့ အမိန့်တော် ထုတ်ပြန်လိုက်။ အကယ်၍ ဆက်ပြီး ရှေ့တိုးမယ် ဆိုရင် ခေါင်းဖြတ် သတ်ပစ်မယ်။”

“အမိန့်တော်အတိုင်းပါ။” နိုင်ကော်၏ တတိယမြောက် အမတ်ကြီးသည် ဧကရာဇ်၏ ဓားကို လက်ခံရယူကာ အလျင်အမြန် ပြေးထွက်သွားတော့သည်။

ဤကဲ့သို့ အရေးကြီးသော အချိန်တွင် နိုင်ကော်မှ အမတ်ကြီးများကိုသာ အသုံးပြုရမှာဖြစ်သည်။ တော်ဝင် သက်တော်စောင့်တပ်၏ စစ်တပ်ကို ဖြစ်စေ၊ မြို့တော် စစ်သေနာပတိရုံး၏ စစ်တပ်ကို ဖြစ်စေ ဆူမီယွမ်က တိုက်ရိုက် အမိန့်ပေးရန် အလွန် ခက်ခဲလှပြီး နိုင်ကော်မှတစ်ဆင့်သာ အမိန့်ပေးနိုင်၏။

သို့ပေမည့် ဤ နိုင်ကော်၏ ညာဘက် ဒု-အမတ်ကြီး ထွက်ခွာသွားပြီး မကြာမီမှာပဲ ဟေးပင်းထိုင် စစ်သူကြီးများ၏ သတင်းများ အဆက်မပြတ် ရောက်ရှိလာတော့သည်။

“အရှင်မင်းမြတ်... တော်ဝင် သက်တော်စောင့်တပ်နဲ့ မြို့တော် စစ်သေနာပတိရုံးရဲ့ စစ်တပ်တွေက ရှန်ချင်းနန်းဆောင် အရှေ့ကို ရောက်ရှိသွားပါပြီ။”

“အရှင်မင်းမြတ်... တော်ဝင် သက်တော်စောင့်တပ်နဲ့ မြို့တော် စစ်သေနာပတိရုံးရဲ့ စစ်တပ်တွေက လန်ကျိုးက ဒုက္ခသည်တွေနဲ့ ထိပ်တိုက် ရင်ဆိုင်နေပါပြီ။”

“အရှင်မင်းမြတ်... တော်ဝင် သက်တော်စောင့်တပ်နဲ့ မြို့တော် စစ်သေနာပတိရုံးရဲ့ စစ်တပ်တွေက လန်ကျိုးက ဒုက္ခသည်တွေကို စတင် နှိမ်နင်းပြီး လူသတ်နေပါပြီ။ သေကြေဒဏ်ရာရသူတွေ မရေမတွက်နိုင်အောင် ရှိပါတယ်။”

“အရှင်မင်းမြတ်... တော်ဝင် သက်တော်စောင့်တပ်နဲ့ မြို့တော် စစ်သေနာပတိရုံးရဲ့ စစ်တပ်တွေက ရှန်ချင်းနန်းဆောင် တံခါးကြီးကို ဖျက်ဆီးပြီး ရှန်ချင်းနန်းဆောင် အတွင်းကို ဝင်ရောက်သွားပါပြီ။”

သတင်းဆိုးများ တစ်ခုပြီး တစ်ခု ရောက်ရှိလာပြီး နောက်ဆုံးတွင် အမှန်တကယ်ပင် ကောင်းကင်ကြီး ပြိုကျသွားသကဲ့သို့ ဖြစ်သွားတော့၏။

နောက်ဆုံး သတင်း တစ်ခု ထွက်ပေါ်လာတော့၏။ ရှန်ချင်းနန်းဆောင်၏ အစောင့်တပ်ဖွဲ့ဝင်များ ထွက်ပေါ်လာပြီး တော်ဝင် သက်တော်စောင့်တပ်နှင့် မြို့တော် စစ်သေနာပတိရုံး၏ စစ်တပ်များနှင့် ထိပ်တိုက် ရင်ဆိုင်နေကြပြီဖြစ်ကာ တိုက်ပွဲ စတင်ရန် ဆံခြည်တစ်မျှင်သာ လိုတော့သည်။

ရှန်ချင်းနန်းဆောင် အတွင်း၌ မကြာမီ တိုက်ပွဲ စတင်တော့မှာဖြစ်သည်။

ဤသတင်းဆိုးများကြောင့် ဧကရာဇ် နှင့် နန်းတွင်း၏ အမတ်ကြီးအချို့ လုံးဝ စကားမပြောနိုင်အောင် ဖြစ်သွားကြတော့သည်။ အရေးပေါ် အခြေအနေ ဖြစ်သည်။ သို့ပေမည့် မည်သူကမှ အသံမထွက်ကြချေ။

အခြေအနေသည် တိုက်ပွဲ စတင်ရန် ဆံခြည်တစ်မျှင်သာ လိုတော့သည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သည်။ အကယ်၍ တော်ဝင် သက်တော်စောင့်တပ် နှင့် မြို့တော် စစ်သေနာပတိရုံး၏ စစ်တပ်များက ဧကရာဇ်ဟောင်း၏ အစောင့်တပ်ဖွဲ့ဝင်များနှင့် တကယ်ပဲ တိုက်ပွဲ စတင်လိုက်မည် ဆိုပါက မည်သည့်အဓိပ္ပာယ် ဖြစ်သွားမည်နည်း။

ထိုသို့ဆိုလျှင် လောကက လူတိုင်းက ဧကရာဇ်သည် ဖခင်ဖြစ်သူကို လုပ်ကြံတော့မည်ဟု ထင်မှတ်သွားကြမှာ ဖြစ်သည်။

‘ခင်ဗျားက တော်ဝင် သက်တော်စောင့်တပ်နဲ့ မြို့တော် စစ်သေနာပတိရုံးရဲ့ စစ်တပ်တွေဟာ ဧကရာဇ်ရဲ့ အမိန့်တော်ကြောင့် လှုပ်ရှားတာ မဟုတ်ဘူးလို့ ပြောမလို့လား။ ဘယ်သူက ယုံမှာလဲ။

ကျန်းဟွိုင်နဲ့ ကျိုးမုတို့ စစ်တပ် ထွက်လာတုန်းက ဧကရာဇ်ရဲ့ အမိန့်တော်ကို နာခံတာပါလို့ ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်လေ...

စစ်တပ်ကြီး စေလွှတ်ပြီး ရှန်ချင်းနန်းဆောင် ထဲကို ဝင်ရောက်ကာ လူသတ်ပွဲကြီး ဆင်နွှဲတာဟာ အောက်ယွီ တစ်ယောက်တည်း အတွက်ပဲလို့ ဘယ်သူက ယုံမှာလဲ။

ခင်ဗျားက ဖခင်ကို လုပ်ကြံတာ မဟုတ်ဘူးလို့ ပြောရင်တောင် လောကက လူတွေ ဘယ်သူမှ ယုံမှာ မဟုတ်ဘူးလေ။’

ယခုကဲ့သို့ အခြေအနေမျိုးတွင် ဧကရာဇ်အနေဖြင့် မည်သို့ ဖြေရှင်းဆောင်ရွက်ရမည်နည်း။ စစ်တပ်ကို ချက်ချင်း ပြန်လည်ဆုတ်ခွာခိုင်းရမည်လား။ မဟုတ်ပေ။ ထိုသို့ပြုလုပ်ရန် လုံးဝ မဖြစ်နိုင်တော့ချေ။

အဆိုပါ ခြောက်ထောင်သော စစ်တပ်ကြီးသည် မည်သည့်အကြောင်းပြချက်ဖြင့်ပင် ရှန်ချင်းနန်းဆောင် အတွင်းသို့ ချဉ်းနင်းဝင်ရောက်သွားသည်ဖြစ်စေ၊ ဤသည်မှာ ပြောင်းလဲ၍မရနိုင်တော့သော လက်တွေ့ အရှိတရားတစ်ခု ဖြစ်သွားခဲ့ပြီဖြစ်သည်။

ထို့အပြင် လန်ကျိုးဒုက္ခသည်များကို သွေးအေးအေးဖြင့် သတ်ဖြတ်နှိမ်နင်းခဲ့သည့် အမှားသည်လည်း မည်သို့မှ ပြန်လည်ပြင်ဆင်၍ မရနိုင်တော့သည့် အဆုံးစီရင်ချက် ဖြစ်သွားခဲ့၏။

ဓားကို စွဲထုတ်ပြီးမှတော့ ရှက်ရွံ့စွာဖြင့် ဓားအိမ်ထဲသို့ ပြန်လည်ထည့်သွင်း၍ မရနိုင်တော့ချေ။

စုချင်ဝမ်က တုန်ယင်စွာဖြင့် ပြောလိုက်၏။ “အရှင်မင်းမြတ်...ကိစ္စတွေက ဒီအခြေအနေထိ ရောက်နေပြီဆိုတော့ အစပြုလိုက်ပြီဆိုမှတော့ အဆုံးထိ ပြတ်ပြတ်သားသား လုပ်ဆောင်လိုက်တာ ပိုကောင်းပါတယ်။”

ဤစကား ထွက်ပေါ်လာချိန်မှာတော့ လူတိုင်း၏ အကြည့်များမှာ စုချင်ဝမ် ထံသို့ အံ့ဩတုန်လှုပ်စွာ ရောက်ရှိသွားကြတော့သည်။ ‘ခင်ဗျား ဘာလုပ်ချင်နေတာလဲ။’

စုချင်ဝမ်က ဆက်ပြောလိုက်၏။ “အရှင်မင်းမြတ်... ကျန်းဟွိုင်နဲ့ ကျိုးမု ဒီလူနှစ်ယောက်မှာ သေချာပေါက် ပြဿနာ ရှိပါတယ်။ ဒါပေမဲ့ တော်ဝင် သက်တော်စောင့်တပ်နဲ့ မြို့တော် စစ်သေနာပတိရုံးရဲ့ စစ်တပ်တွေကတော့ အရှင်မင်းမြတ်အပေါ် လုံးဝ သစ္စာရှိကြပါတယ်။ သူတို့ ရှန်ချင်းနန်းဆောင်ထဲ ဝင်သွားတာဟာ တကယ်ပဲ အရှင်မင်းမြတ်ရဲ့ အမိန့်တော်လို့ ထင်မှတ်ပြီး အမိန့်ကို နာခံရုံ သက်သက်ပါပဲ။”

ဤစကားကို ကြားလိုက်ရချိန်မှာတော့ လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။

စုချင်ဝမ်က ဆက်ပြောလိုက်၏။ “အရှင်မင်းမြတ်... နန်းတွင်းထဲမှာ ဧကရာဇ်ဟောင်းကို သစ္စာခံထားတဲ့ သူတွေ ရှိနေတယ် ဆိုရင်တောင် အဲဒါက အရမ်း နည်းပါးတယ် မဟုတ်လား။”

နန်ကုန်းချော့က ပြန်ပြောလိုက်သည်။ “ဟုတ်ပါတယ်။”

စုချင်ဝမ်က ရှင်းပြလိုက်၏။ “ဧကရာဇ်ဟောင်း ထီးနန်းစိုးစံခဲ့တာ အနှစ်ငါးဆယ် ရှိပြီဖြစ်ပြီး နာမည် ဂုဏ်သတင်းကလည်း အရမ်းကြီးမားပါတယ်။ ဒါပေမဲ့ သူက အသက်အရမ်းကြီးနေပြီဖြစ်ပြီး လေဖြတ်နေတဲ့အပြင် အသက်ရှင်ဖို့ အချိန် သိပ်မကျန်တော့ပါဘူး။ ဧကရာဇ်ဟောင်းကို သစ္စာခံတာဟာ အနာဂတ် မရှိပါဘူး။ အရှင်မင်းမြတ်က အင်အား အကောင်းဆုံး အရွယ်မှာ ရှိနေတော့ ဘယ်လို ရွေးချယ်ရမလဲ ဆိုတာ လူတိုင်း သိကြပါတယ်။”

ဤစကားမှာလည်း ယုတ္တိရှိလေသည်။ လူတိုင်းနီးပါးက ဧကရာဇ်ဟောင်းသည် မကြာခင် သေတော့မယ့်သူ တစ်ယောက်ဟု ထင်နေကြချိန်တွင် သူ့ကို သွားပြီး သစ္စာခံခြင်းမှာ မိမိကိုယ်မိမိ သေတွင်းထဲ ပို့သလို ဖြစ်နေမည် မဟုတ်ပါလား။

All Chapters