အခန်း (၅၂၇-၅၂၈)
Vol. 45 Ch. 527-528
အပိုင်း (၅၂၇)
စုချင်ဝမ်က အေးစက်စက်ဖြင့် ပြောလိုက်၏။ “ကျုပ်တို့က မူလက စာပေပညာရှင်တွေကို အသုံးပြုပြီး ရှန်ချင်းနန်းဆောင်ကို ဖျက်ဆီးပြီးတော့ ကိုယ်ကျင့်တရားနဲ့ တရားမျှတမှုရဲ့ အမြင့်ဆုံး နေရာကနေ တိုက်ခိုက်ဖို့ ရည်ရွယ်ထားခဲ့တာပါ။ အခုတော့ ကျရှုံးသွားပါပြီ။ အဲဒီအစား ဒုက္ခသည်တွေကို သတ်ဖြတ်တယ် ဆိုတဲ့ ပြစ်မှုကြီးကို ခံယူလိုက်ရပြီး ဧကရာဇ်မင်းမြတ်ကိုလည်း တရားမျှတမှု မရှိတဲ့ အခြေအနေကို ရောက်သွားစေပါတယ်။ ဒါပေမဲ့... အဲဒါက ဘာဖြစ်လို့လဲ။”
စုချင်ဝမ် သည် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး ပြင်းထန်သည့် လေသံဖြင့် ဆက်ပြောလိုက်သည်။ “အဲဒါက ဘာဖြစ်လို့လဲ။ တာ့ရှ အင်ပါယာရဲ့ ကွမ်ကျူ ဧကရာဇ်ဟာ အစ်ကို ကို သတ်ပြီး ဖခင်ကို အကျယ်ချုပ် ချခဲ့တာ မဟုတ်ဘူးလား။ ဒါပေမဲ့ သူက ကြီးမားတဲ့ အောင်မြင်မှုတွေကို ဖန်တီးနိုင်ခဲ့ပြီး တာ့ရှ အင်ပါယာကို ပြန်လည် ထူထောင်နိုင်ခဲ့တယ်လေ။
အခု တာ့ရှ အင်ပါယာရဲ့ အခြေခံအုတ်မြစ်တွေကို ကွမ်ကျူ ဧကရာဇ်က တည်ဆောက်ပေးခဲ့တာ မဟုတ်ဘူးလား။ သူက သမိုင်းတစ်လျှောက် အကောင်းဆုံး ဧကရာဇ် တစ်ပါး မဖြစ်လာဘူးလား။ ကြီးမားတဲ့ အင်အားတွေရဲ့ အရှေ့မှာ နာမည်ကောင်း ဆိုတာတွေက ဘာအသုံးကျလို့လဲ။”
စုချင်ဝမ်က ပြောလိုက်၏။ “အခု အရပ်ဖက်နဲ့ စစ်ဖက်ဆိုင်ရာ အမတ်တွေ အားလုံးက ဧကရာဇ်မင်းမြတ်ဘက်မှာ ရပ်တည်နေကြတယ်။ တောင်ပိုင်းကျိုးရဲ့ စစ်တပ်တွေ အားလုံးကလည်း ဧကရာဇ်မင်းမြတ်ဘက်မှာ ရပ်တည်နေကြတယ်။ ဧကရာဇ်မင်းမြတ်ရဲ့ ဩဇာအာဏာကို ဘယ်သူက ဖြိုလှဲနိုင်မှာလဲ။
ဒါကြောင့် လန်ကျိုးက ဒုက္ခသည်တွေကို သတ်ဖြတ် နှိမ်နင်းတာ ဘာဖြစ်လို့လဲ။ စစ်တပ်တွေနဲ့ ရှန်ချင်းနန်းဆောင်ထဲ ဝင်သွားတာ ဘာဖြစ်လို့လဲ။”
စုချင်ဝမ်က ဆက်ပြောလိုက်၏။ “ကျုပ်တို့ရဲ့ အစီအစဉ်ထဲမှာလည်း လုံးဝ မလွှဲမရှောင်သာတဲ့ အခြေအနေမျိုး ရောက်လာရင် စစ်တပ်ကို အသုံးပြုပြီး ဧကရာဇ်ဟောင်းကို အတင်းအကျပ် ဖိအားပေးဖို့ ပါဝင်ပြီးသားလေ။ အခုကိစ္စတွေက ဒီအခြေအနေအထိ ရောက်နေပြီဆိုတော့ အခြေအနေအရပဲ ဆက်လုပ်သွားလိုက်တာ ပိုကောင်းပါတယ်။”
ဧကရာဇ်၏ မျက်လုံးများကျုံ့သွားပြီး မေးလိုက်သည်။ “ခင်ဗျား ဆက်ပြောပါအုံး။”
စုချင်ဝမ်က ပြောလိုက်၏။ “အောက်ယွီက ဆူပူသောင်းကျန်းသူတွေကို သွေးထိုးလှုံ့ဆော်ပြီး ရှန်ချင်းနန်းဆောင်ကို ဝိုင်းရံတိုက်ခိုက်စေကာ ဧကရာဇ်ဟောင်းကို ဓားစာခံအဖြစ် ဖမ်းဆီးထားလို့ သူ အသက်အန္တရာယ် ရှိနေတယ်။ ဒါကြောင့် ဧကရာဇ်မင်းမြတ်ကိုယ်တိုင် စစ်တပ်ကို ဦးဆောင်ပြီးကယ်တင်ဖို့ သွားရတယ်လို့ ပြောလိုက်ပါ။”
ဤအကြောင်းပြချက်ကို လူတိုင်းက မယုံကြည်ကြပေမယ့် အောင်မြင်သူက ဘုရင် ဖြစ်ပြီး ရှုံးနိမ့်သူက သူပုန် ဖြစ်သည်မို့ အကြောင်းပြချက် မရှိတာထက်စာရင် အကြောင်းပြချက် တစ်ခုခု ရှိနေတာက ပိုကောင်းသည် မဟုတ်ပါလား။
ဧကရာဇ်က မေးလိုက်သည်။ “ပြီးတော့ကော။”
စုချင်ဝမ်က ပြောလိုက်၏။ “ပြီးတော့ ယင်းယန်ကို သတ်ပစ်ပြီး ရှန်ချင်းနန်းဆောင်ရဲ့ အစောင့်တပ်ဖွဲ့ဝင်တွေ အားလုံးကို လက်နက်ချခိုင်းကာ အကုန် သတ်ပစ်ရမယ်။”
“ပြီးတော့ကော။”
စုချင်ဝမ်က ဆက်ပြောလိုက်သည်။ “ပြီးတော့ ရှန်ချင်းနန်းဆောင်ထဲက မိန်းမစိုးတွေ၊ အစေခံမတွေ အားလုံးကို ဖမ်းဆီးရမယ်။”
“ဆက်ပြီးတော့ ဘာလုပ်ရမလဲ။”
စုချင်ဝမ်က ဖြေလိုက်၏။ “ပြီးတော့ ရှန်ချင်းနန်းဆောင်က စစ်တပ်တွေ၊ မိန်းမစိုးတွေ၊ အစေခံတွေ အားလုံးကို ဧကရာဇ်မင်းမြတ်ကို သစ္စာရှိတဲ့ သူတွေနဲ့ အစားထိုးရမယ်။ ဒါမှသာ ဧကရာဇ်ဟောင်းရဲ့ နောက်ဆုံး အချိန်တွေကို ပိုပြီးကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်နိုင်မှာပါ။”
ဤစကားကို ကြားလိုက်ရချိန်မှာတော့ ထိုနေရာတွင် ရှိနေသော လူတိုင်းကျောပြင်တွင် ဆူးများ စိုက်ဝင်လာသကဲ့သို့ ခံစားလိုက်ရသည်။
စုချင်ဝမ်၏ ရည်ရွယ်ချက်မှာ အခွင့်ကောင်းယူပြီး ရှန်ချင်းနန်းဆောင်ကို သွေးစွန်းစေကာ ဧကရာဇ်ဟောင်းကို လုံးဝ အကျယ်ချုပ် ချထားရန် ဖြစ်၏။
ဤသည်မှာ အမှန်တကယ်ပင် အခြေခံအုတ်မြစ်ကို ဖယ်ရှားပစ်မည့် အကြံအစည် ဖြစ်လို့နေသည်။
လီရှီမင် လည်း ဤနည်းလမ်းဖြင့် ဧကရာဇ်ဟောင်း လီယွမ်ကို အကျယ်ချုပ် ချထားခဲ့သလို မင်ခေတ်မှ ကျင်ထိုက် ဧကရာဇ်လည်း ဤနည်းလမ်းဖြင့် မင်ရင်ကျုံး ဧကရာဇ်ကို အကျယ်ချုပ် ချထားခဲ့ခြင်း ဖြစ်၏။
လွန်ခဲ့သော နှစ်နှစ်တာကာလအတွင်း ဧကရာဇ်အနေဖြင့် ယခုကဲ့သို့သော အခက်အခဲ အကျပ်အတည်းများနှင့် အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရသည်မှာ ဧကရာဇ်ဟောင်းကို စိတ်တိုင်းကျ ထိန်းချုပ်နိုင်စွမ်း မရှိခဲ့သောကြောင့်ပင် မဟုတ်ပါလား။
အကယ်၍သာ ဧကရာဇ်ဟောင်းကို အကျယ်ချုပ် ထားရှိပြီး နောင်တွင် ပြဿနာတစ်စုံတစ်ရာ ထပ်မံ မဖန်တီးနိုင်စေရန် တားဆီးပိတ်ပင်လိုက်မည်ဆိုပါက ရေရှည်အတွက် နောက်ကြောင်းအေးသွားမည်မှာ အမှန်ပင် ဖြစ်သည်။
ဧကရာဇ်သည် အချိန်အတော်ကြာ စဉ်းစားခန်း ဝင်နေပြီးနောက် မေးလိုက်၏။ “အဲဒီလိုလုပ်ရင် လောက က လူတွေရဲ့ ပါးစပ်ကို ဘယ်လို ပိတ်မလဲ။”
စုချင်ဝမ်က ပြန်ပြောလိုက်သည်။ “အရှင်မင်းမြတ်... အောင်မြင်သူက ဘုရင် ဖြစ်ပြီး ရှုံးနိမ့်သူက သူပုန် ပါပဲ။”
ဧကရာဇ်က ပြောလိုက်၏။ “အစပြုခဲ့တဲ့ သူတွေဟာ သေချာပေါက် နောက်ဆက်တွဲ ပြဿနာတွေနဲ့ ရင်ဆိုင်ရမှာပဲ။ ပြီးတော့ ယွဲ့တန်းဖျင်က လူတွေက ပြည်သူ့အသံကို ချုပ်ကိုင်ထားတာလေ။ ဒီနေ့ ဧကရာဇ်ဟောင်းကို ပြစ်တင်ဝေဖန်တာက သူတို့အတွက် အကျိုးရှိသလို၊ မနက်ဖြန် ကိုယ်တော်ကို ပြစ်တင် ဝေဖန်တာကလည်း သူတို့အတွက် အကျိုးရှိနေမှာပဲ။”
စုချင်ဝမ်က မေးလိုက်သည်။ “ဒါဆို အရှင်မင်းမြတ် ဘယ်လို လုပ်သင့်တယ်လို့ ထင်ပါသလဲ။ အခြေအနေက ဒီလောက်တောင် တင်းမာနေပြီဆိုတော့ အခြေအနေကို မဖောက်ထွက်နိုင်ရင် ဘယ်လို လုပ်ကြမလဲ။”
ဧကရာဇ်သည် ခေတ္တ စဉ်းစားပြီးနောက် ရုတ်တရက် မတ်တတ်ရပ်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “ဆူပူသောင်းကျန်းသူတွေက ရှန်ချင်းနန်းဆောင်ကို ဝိုင်းရံထားပြီး ဧကရာဇ်ဟောင်းရဲ့ အသက်အန္တရာယ် ရှိနေပြီ။ စစ်တပ် ငါးသောင်းကို စုစည်းလိုက်။ ကိုယ်တော်ကိုယ်တိုင် စစ်တပ်ကို ဦးဆောင်ပြီး ရှန်ချင်းနန်းဆောင်ကို သွားပြီးတော့ ဧကရာဇ်ဟောင်းကို ကယ်တင်ရမယ်။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ ထိုနေရာတွင် ရှိနေသော အမတ်အချို့၏ မျက်နှာများ ပြင်းထန်စွာ တုန်ယင်သွားကြတော့၏။
ဧကရာဇ်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “ချစ်လှစွာသော အမတ်မင်းတို့... ကိုယ်တော်နဲ့အတူ ရှန်ချင်းနန်းဆောင်ကို လိုက်ပြီး ဧကရာဇ်ဟောင်းကို ကယ်တင်ကြမလား။”
အမတ်အချို့ အချင်းချင်း ကြည့်လိုက်ကြပြီးနောက် ဒူးထောက်ကာ ဦးညွတ်လျက် ပြောလိုက်ကြ၏။ “ကျုပ်တို့ အမိန့်တော်ကို လိုက်နာပါ့မယ်။”
ဧကရာဇ်က ဒေါသတကြီးဖြင့် အော်လိုက်သည်။ “ဆူပူသောင်းကျန်းသူတွေက ရှန်ချင်းနန်းဆောင်ကို ဝိုင်းရံထားပြီး သူပုန်တွေက ရှန်ချင်းနန်းဆောင်ထဲမှာ တိုက်ခိုက်နေကြတယ်။ ဧကရာဇ်ဟောင်းရဲ့ အသက် အန္တရာယ် ရှိနေပြီ။ တပ်တော်ကြီးက ဧကရာဇ်ဟောင်းကို ကာကွယ်ပေးပြီး အားလုံးကို နေရာမှာတင် သတ်ပစ်ရမယ်။”
“အမိန့်တော်အတိုင်းပါ။”
ဧကရာဇ်၏ ဤအမိန့်တော်သည် အလွန် ရက်စက်သည်။ ဤသည်မှာ ကိစ္စများကို လုံးဝ အဆုံးစွန်ထိ ပြတ်ပြတ်သားသား လုပ်ဆောင်လိုက်ခြင်း ဖြစ်၏။
ဧကရာဇ်ဟောင်းကို ကယ်တင်သည် ဆိုသော အကြောင်းပြချက်ဖြင့် ရှန်ချင်းနန်းဆောင် အပြင်ဘက်ရှိ လန်ကျိုးက ဒုက္ခသည် ထောင်ချီကို အားလုံး နှိမ်နင်းလိုက်မှာဖြစ်ပြီး ထိုအချိန်တွင် သူတို့သည် ဆူပူသောင်းကျန်းသူ မဟုတ်လျှင်တောင် ဆူပူသောင်းကျန်းသူများ ဖြစ်သွားတော့မှာဖြစ်သည်။
ထို့အပြင် ရှန်ချင်းနန်းဆောင် အတွင်းရှိ စစ်တပ် သုံးဖွဲ့ကိုလည်း အားလုံး နှိမ်နင်းပြီး သတ်ဖြတ်ပစ်မှာဖြစ်သည်။ အထူးသဖြင့် ယင်းယန် အုပ်ချုပ်သော ရှန်ချင်းနန်းဆောင် အစောင့်တပ်ဖွဲ့ သည် ဧကရာဇ်ဟောင်းကို သစ္စာအရှိဆုံး တပ်ဖွဲ့ ဖြစ်၏။
ထို့နောက် အမိန့်မနာခံသော ကျန်းဟွိုင်၊ ကျိုးမု နှင့် အခြားသူများကိုလည်း အားလုံး သတ်ဖြတ်ပစ်မှာ ဖြစ်သည်။
အချုပ်အားဖြင့် ဧကရာဇ်ဟောင်းကို ကယ်တင်သည် ဆိုသော အကြောင်းပြချက်ဖြင့် ဆူပူသောင်းကျန်းသူ များနှင့် သူပုန်များကို အကုန် သတ်ဖြတ်ပစ်မှာဖြစ်သည်။ ဧကရာဇ်ဟောင်း၏ အနီးရှိ မိန်းမစိုးများနှင့် အစေခံများကိုပါ အားလုံး သတ်ဖြတ်ပစ်မှာ ဖြစ်၏။
ထို့နောက်တွင် ဧကရာဇ်ဟောင်းကို တိုက်ရိုက် ဖမ်းဆီးခေါ်ဆောင်သွားပြီးလျှင် အကျယ်ချုပ် ချထားလိုက်တော့မှာ ဖြစ်သည်။
ဤသို့ဆိုလျှင် ကြီးမားလှသော အရေးကိစ္စကြီးသည်လည်း တစ်ပါတည်း အဆုံးအဖြတ် ရရှိသွားပေလိမ့်မည်။ ထို့ကြောင့် ဧကရာဇ် ဝမ်ယွင်သည် လုံးဝ ရဲရင့်ပြတ်သားသော အုပ်ချုပ်သူတစ်ဦး ဖြစ်သည်ဟု ဆိုရမည်။
အခြေအနေအရပ်ရပ် ဆိုးရွားကျပ်တည်းလာသည့် အချိန်တွင် သူသည် ဝေခွဲမနေဘဲ အဆုံးစွန်အထိ ပြတ်ပြတ်သားသား လုပ်ဆောင်ကာ အခြေအနေတစ်ခုလုံးကို ချက်ချင်းပင် အဆုံးအဖြတ် ပေးလိုက်ခြင်း ဖြစ်သည်။
တစ်နာရီခန့် အကြာတွင် ဧကရာဇ် ဝမ်ယွင်သည် တပ်တော် ငါးသောင်းကို ကိုယ်တိုင် ဦးဆောင်ကာ ရှန်ချင်းနန်းဆောင်သို့ ခမ်းနားကြီးကျယ်စွာ ထွက်ခွာသွားတော့၏။
တစ်ခဏအတွင်းမှာပင် မြို့တော် တစ်ခုလုံး လုံးဝ တုန်လှုပ်သွားတော့၏။ မရေမတွက်နိုင်သော ပြည်သူများ သာမက အမတ်များ အားလုံးနီးပါးပင် ကြက်သီးမွေးညင်းများ ထသွားကြတော့သည်။
‘ဒါ... ဒါ ဘာတွေ လုပ်နေကြတာလဲ။ ဧကရာဇ်မင်းမြတ်ကိုယ်တိုင် စစ်တပ်ကို ဦးဆောင်ပြီး ဧကရာဇ်ဟောင်းကို အတင်းအကျပ် ဖိအားပေးဖို့ သွားတာလား။ ဒါ... ဒါက ဘာလုပ်ချင်တာလဲ။ ရှန်ချင်းနန်းဆောင်မှာ လူသတ်ပွဲကြီး သွားဆင်နွှဲမလို့လား။’
မြို့တော် တစ်ခုလုံးရှိ လူတိုင်းနီးပါး အသက်ရှူအောင့်ထားလိုက်ကြပြီး ပွဲကြည့်ချင်စိတ် လုံးဝ မရှိကြတော့ဘဲ တစ်ကိုယ်လုံး တုန်ယင်နေကြကာ အချို့သူများဆိုလျှင် ပစ္စည်းများကို သိမ်းဆည်းပြီး မြို့တော်မှ ထွက်ပြေးရန်ပင် ပြင်ဆင်နေကြပြီ ဖြစ်၏။
ဤမျှကြီးမားလှသော အပြောင်းအလဲကြီးသည် အလွန်တရာ တုန်လှုပ်ခြောက်ချားဖွယ်ရာ ကောင်းလှ၏။ သေးငယ်သော အမှားအယွင်းတစ်ခု ဖြစ်ပွားရုံမျှဖြင့် အရာရာတိုင်းသည် အပိုင်းပိုင်းအစစ ပျက်စီးသွားနိုင်ခြေ ရှိသည်။
ဤအခြေအနေမှာ တကယ့်ကို ကောင်းကင်နှင့် မြေကြီး ပြိုကျပျက်စီးတော့မည့် အလား အဆိုးရွားဆုံးသော အခြေအနေမျိုးပင် ဖြစ်တော့၏။
ဧကရာဇ် ဝမ်ယွင်ဟူသည်မှာ ဤကဲ့သို့သော လူစားမျိုး ဖြစ်သည်။ သူသည် ထက်မြက်သော အမျှော်အမြင်ရှိပြီး လုံလောက်သော ရက်စက်ကြမ်းကြုတ်မှုကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သို့သော်ငြား အခြားတစ်ဖက်တွင်မူ အလွန်တရာ အတ္တကြီးပြီး အစွန်းရောက်တတ်သော လူတစ်ဦးလည်း ဖြစ်နေပြန်သည်။
မကြာသေးမီက လန်ကျိုးဒုက္ခသည်များက စာပေပညာရှင် ထောင်ချီကို ရိုက်နှက်မောင်းထုတ်ခဲ့စဉ်တုန်းက သူသည် စိတ်တွင်း၌ အလွန်အမင်း အမျက်ဒေါသထွက်ခဲ့သော်လည်း၊ နောင်မှသာ အပြစ်ပေးအရေးယူမည်ဟု ဆုံးဖြတ်ကာ စစ်တပ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားရန်နှင့် လန်ကျိုးဒုက္ခသည် တစ်ဦးတစ်ယောက်ကိုမှ ထိခိုက်ဒဏ်ရာ လုံးဝမရစေရန် အမိန့်တော် ချမှတ်ခဲ့၏။
သို့ရာတွင် ဒုက္ခသည်များကို သွေးအေးအေးဖြင့် သတ်ဖြတ်နှိမ်နင်းသည့် ကိစ္စရပ်ကြီး အမှန်တကယ် ပေါ်ပေါက်လာပြီး၊ အစုလိုက်အပြုံလိုက် သေကြေဒဏ်ရာရမှုများနှင့်အတူ အခြေအနေအရပ်ရပ်ကို ပြန်လည် ကုစား၍ မရနိုင်တော့သည့် အဆုံးစွန်သောအဆင့်သို့ ဆိုက်ရောက်သွားခဲ့သည်။
ထိုအချိန်တွင်မူ ဧကရာဇ်သည် ချက်ချင်းပဲ သဘောထား တင်းမာခက်ထန်သွားပြီး အဆိုပါ လန်ကျိုးဒုက္ခသည် များကို ဆူပူသောင်းကျန်းသူများအဖြစ် သတ်မှတ်လိုက်ကာ၊ ဧကရာဇ်ဟောင်းကို ဝိုင်းရံပုန်ကန်သည့် သူပုန်များ အဖြစ်သို့ တစ်ခဏချင်း ပြောင်းလဲပစ်လိုက်တော့၏။
ယခုတစ်ကြိမ်တွင် သူသည် စစ်သည်တော် ငါးသောင်းကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်၍ ရှန်ချင်းနန်းဆောင်သို့ ချီတက်ရုံသာမက၊ အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်ကြီးငယ် အပေါင်းကိုပါ တစ်ပါတည်း အတူခေါ်ဆောင် သွားခဲ့လေသည်။
တပ်တော် ငါးသောင်း ရှန်ချင်းနန်းဆောင်ဆီသို့ ပြေးဝင်သွားချိန်တွင် မြို့တော် တစ်ခုလုံး တုန်ယင်နေတော့၏။
……………….
လျှို့ဝှက် စာကြည့်ခန်း တစ်ခု အတွင်း၌ လူနှစ်ဦး ထိုင်နေ၏။ အောက်မင် နှင့် ယွဲ့တန်းဖျင်၏ ခေါင်းဆောင် တူဟွေး တို့ပင် ဖြစ်သည်။
သို့ပေမည့် လူနှစ်ဦးစလုံး စကားတစ်ခွန်းမျှ မဆိုဘဲ တိတ်ဆိတ်စွာ အရက်သောက်နေကြသည်။ စကားတစ်ခွန်းမှ မဆိုသော်လည်း စကားလုံး ထောင်သောင်းချီ ပြောဆိုထားသကဲ့သို့ ဖြစ်နေ၏။
ရုတ်တရက် တူဟွေးက ပြောလိုက်သည်။ “အောက်မင်... ခင်ဗျားက ပါရမီရှင် တစ်ယောက်ပဲ။ ကျုပ် ခင်ဗျားကို မေးခွန်းတစ်ခု မေးချင်တယ်။”
အောက်မင်က ပြန်ပြောလိုက်၏။ “ဆရာကြီး တူဟွေး ပြောပါ။”
တူဟွေးက ပြောလိုက်သည်။ “ကျုပ်တို့ ဒီကမ္ဘာလောကမှာ သမိုင်းကြောင်းက နှစ်ပေါင်း သုံးထောင်ကျော်ပဲ ရှိတယ်။ အဲဒီထဲက တစ်ဝက်လောက်က တာ့ယန် အင်ပါယာရဲ့ အုပ်ချုပ်မှု အောက်မှာ ရှိခဲ့တာပါ။”
အောက်မင် ခေါင်းညိတ်ပြလိုက်၏။
တာ့ယန် အင်ပါယာသည် ဤကမ္ဘာလောကကို နှစ်ပေါင်း တစ်ထောင်ကျော် အုပ်ချုပ်ခဲ့ပြီး တရုတ် ရှေးခေတ်၏ ကျိုးမင်းဆက်ထက်ပင် ပိုမိုကြာရှည်ခဲ့သည်။
တူဟွေးက ပြောလိုက်၏။ “အလယ်မှာ နှစ်ရာချီလောက် ပရမ်းပတာ ဖြစ်သွားပြီး တာ့ရှန်း အင်ပါယာရဲ့ နုဧကရာဇ်ဟာ ပြိုင်ဘက်ကင်း ဖြစ်လာပြီး လောက တစ်ခုလုံးကို လွှမ်းမိုးလုနီးပါး ဖြစ်ခဲ့တယ်။ ဒါပေမဲ့ သူက လူရိုင်းလို့ သတ်မှတ်ခံရပြီး လောကရဲ့ ဘုံရန်သူ ဖြစ်လာခဲ့တယ်။ သူ ရုတ်တရက် သေဆုံးသွားတော့ သူ့ရဲ့ တာ့ရှန်း အင်ပါယာ လည်း ပြာကျသွားခဲ့ရတယ်။”
အောက်မင် သည် အရက်တစ်ကျိုက် သောက်လိုက်ပြီး တူဟွေး၏ စကားကို နားထောင်နေလိုက်သည်။
တူဟွေးက ဆက်ပြောလိုက်၏။ “တာ့ရှန်း အင်ပါယာ ပျက်စီးသွားပြီးနောက် လောက က သူရဲကောင်းတွေ တစ်ယောက်ပြီး တစ်ယောက် ပေါ်ထွက်လာခဲ့ကြတယ်။ ဒါပေမဲ့ ခြွင်းချက်မရှိ အားလုံးက တာ့ယန် အင်ပါယာ ခေတ်က နယ်စားတွေချည်းပါပဲ။
ရှီးလျန်နိုင်ငံတောင်မှ အဲဒီတုန်းက တာ့ယန် အင်ပါယာရဲ့ ဘုရင်ခံတွေ ဖြစ်ခဲ့တာပဲ။ ဒါကြောင့် တာ့ယန် အင်ပါယာ ပျက်စီးသွားပေမယ့် သူ့ရဲ့ တရားဝင် အဆင့်အတန်းဟာ လူတွေရဲ့ စိတ်ထဲမှာ အပြည့်အဝ စွဲမြဲနေတယ်။ ဟုတ်တယ် မဟုတ်လား။”
အောက်မင် ခေါင်းညိတ်ပြလိုက်သည်။
အပိုင်း (၅၂၈)
အောက်မင် ခေါင်းညိတ်သည်ကို မြင်ပြီးနောက် တူဟွေးက ပြောလိုက်၏။ “တာ့ရှ အင်ပါယာရဲ့ တည်ထောင်သူ ဧကရာဇ်ဟာ မူလတည်းက တာ့ယန် အင်ပါယာရဲ့ မျိုးဆက် ဖြစ်ပြီး တကယ့်ကို တော်ဝင် သွေးသား စစ်စစ်ပါပဲ။ တာ့ရှ အင်ပါယာကိုလည်း လောကရဲ့ တရားဝင် နိုင်ငံလို့ သတ်မှတ်ကြပြီး သူ အင်အားအကြီးဆုံး အချိန်တုန်းက လောက က နိုင်ငံတွေ အားလုံးကို လွှမ်းမိုးထားနိုင်ခဲ့တယ်။”
အောက်မင် သည် သူ၏ ခွက်ထဲသို့ အရက် ထပ်ထည့်လိုက်ပြီး ခေါင်းညိတ် သဘောတူလိုက်သည်။
တူဟွေးက ဆက်ပြောလိုက်၏။ “တာ့ရှ အင်ပါယာ အင်အားအကြီးဆုံး အချိန်တုန်းက လောက က နိုင်ငံတွေ အားလုံး ပေါင်းထားတာထက်တောင် ပိုအစွမ်းထက်ပြီး ယန်ဧကရာဇ်ရဲ့ သွေးသားလည်း ဖြစ်နေတာကို ဘာလို့ ဒီနှစ်ရာချီ ကာလအတွင်းမှာ လောက တစ်ခုလုံးကို မပေါင်းစည်းနိုင်ခဲ့ရတာလဲ။ ဘာလို့ သူ လောက တစ်ခုလုံးကို ပေါင်းစည်းတော့မယ့် အရေးကြီးတဲ့ အချိန်တိုင်းမှာ ပြဿနာတွေ ဖြစ်ပေါ်လာရတာလဲ။ ပြီးတော့ ကြီးမားတဲ့ ပြဿနာတွေချည်းပဲ။
လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က တာ့ရှ အင်ပါယာဟာ ဘယ်လောက်တောင် အင်အားကြီးခဲ့လဲ။ ရလဒ်ကတော့ အိမ်ရှေ့စံမင်းသားဟာ ဖိအားပေးခံရလို့ ပုန်ကန်ခဲ့ပြီး တာ့ရှ အင်ပါယာဟာ ပြင်းထန်တဲ့ ပြည်တွင်းစစ်ထဲကို ရောက်သွားခဲ့ကာ တပ်တော် တစ်သန်းကျော်၊ ပြည်သူ မရေမတွက်နိုင်အောင် ဆုံးရှုံးခဲ့ရပြီး အင်အားတွေ အများကြီး ကျဆင်းသွားခဲ့ရတယ်။ အဲဒါကြောင့်သာ တာယင်အင်ပါယာနဲ့ တောင်ပိုင်းကျိုးအင်ပါယာ တို့က အေးအေးဆေးဆေး ကြီးထွားလာခွင့် ရခဲ့တာပါ။ အောက်မင်... ဒါက ဘာဖြစ်လို့လဲဆိုတာ ခင်ဗျား ပြောပြပါလား။”
တူဟွေးက မေးလိုက်သည်။ “ဘာလို့ အရေးကြီးတဲ့ အချိန်တိုင်းမှာ တာ့ရှ အင်ပါယာဟာ ပြဿနာတွေ ဖြစ်ပေါ်လာရတာလဲ။”
အောက်မင် ခေါင်းခါကာ ပြန်ဖြေလိုက်၏။ “မသိဘူး၊ မမေးဘူး၊ နားမလည်ဘူး။”
တူဟွေးက ဆက်ပြောလိုက်သည်။ “အခု... ဖခင်နဲ့ သား အချင်းချင်း သတ်ဖြတ်တဲ့ကိစ္စက တောင်ပိုင်းကျိုး အင်ပါယာဆီ ရောက်လာပြန်ပြီ။ တောင်ပိုင်းကျိုးအင်ပါယာရဲ့ အဲဒီ ဖခင်နဲ့ သား အချင်းချင်း သတ်ဖြတ်တဲ့ကိစ္စမှာ နောက်ဆုံးတော့ ဧကရာဇ်က အနိုင်ရပြီး အိမ်ရှေ့စံမင်းသားက ရှုံးနိမ့်သွားခဲ့တယ်။ ဒါဆို ဒီတစ်ကြိမ်မှာရော ဖခင်က အနိုင်ရမလား၊ သားက အနိုင်ရမလားလို့ ခင်ဗျား ထင်လဲ။”
အောက်မင် ခေါင်းခါကာ ပြန်ဖြေလိုက်၏။ “မသိဘူး၊ မမေးဘူး၊ နားမလည်ဘူး။”
တူဟွေးက ဆက်ပြောလိုက်၏။ “တာ့ရှ အင်ပါယာရဲ့ အဲဒီ ဖခင်နဲ့ သား အချင်းချင်း သတ်ဖြတ်တဲ့ကိစ္စကြောင့် ပြင်းထန်တဲ့ ပြည်တွင်းစစ်ကြီး ဖြစ်ပေါ်လာပြီး တာ့ရှ အင်ပါယာဟာ အထွတ်အထိပ်ကနေ ကျဆင်းသွားကာ အင်အားတွေ အများကြီး ဆုံးရှုံးသွားခဲ့ရတယ်။ ဒါဆို ဒီတစ်ကြိမ် တောင်ပိုင်းကျိုးအင်ပါယာမှာရော ပြည်တွင်းစစ် ဖြစ်လာနိုင်မလား။”
အောက်မင် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းခါကာ ပြန်ဖြေလိုက်သည်။ “မသိဘူး၊ မမေးဘူး၊ နားမလည်ဘူး။”
တူဟွေး သည် အောက်မင်ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် ပြောလိုက်၏။ “ခင်ဗျား ဆိုတဲ့ လူက... အရမ်းကို ဉာဏ်များလွန်းတယ်... အရမ်းကို ဉာဏ်များလွန်းတယ်။”
ဖခင်နှင့် သား အချင်းချင်း သတ်ဖြတ်ကြသည်ဟူသော စကားလုံးသည် တွေးကြည့်ရုံမျှဖြင့်ပင် အလွန်တရာ တုန်လှုပ်ချောက်ချားဖွယ် ကောင်းလှသည်။
သို့ပေမည့် သမိုင်းခေတ်အဆက်ဆက်၌မူ ဤကဲ့သို့သော အဖြစ်ဆိုးများမှာ မရေမတွက်နိုင်အောင် ဖြစ်ပွားခဲ့ဖူးလေသည်။ ဧကရာဇ်အာဏာဟူသော အရိပ်အောက်ဝယ် ဖခင်ဟူ၍လည်းကောင်း၊ သားဟူ၍ လည်းကောင်း သံယောဇဉ်တရားတို့သည် ပျောက်ပျက်သွားတတ်စမြဲ ဖြစ်၏။
ယွင်ကျုံးဟဲ့၏ သုံးသပ်ချက်မှာ အလွန်ပင် တိကျလှ၏။ ဧကရာဇ် ဝမ်ယွင်ဟူသော လူသားသည် သူတစ်ပါး အပေါ်တွင် ရက်စက်ကြမ်းကြုတ်နိုင်ရုံမျှမက မိမိ၏ မွေးဖခင်ရင်းအပေါ်၌ပင် ရက်စက်ရန် ဝန်မလေးသူ ဖြစ်သည်။
ယခု ပထမဆုံးအကြိမ် ထိပ်တိုက်ရင်ဆိုင်မှုတွင် ဧကရာဇ်ဟောင်းက အသာစီးရရှိသွားပြီး ကိုယ်ကျင့်တရားပိုင်း ဆိုင်ရာ အမြင့်ဆုံးနေရာ၌ ရပ်တည်နိုင်ခဲ့သောကြောင့် ဧကရာဇ် ဝမ်ယွင်မှာ တရားမျှတမှု မရှိသော အခြေအနေသို့ ဆိုက်ရောက်သွားခဲ့ရ၏။
ဤကဲ့သို့ အကျပ်အတည်းနှင့် ရင်ဆိုင်လိုက်ရသောအခါ ဧကရာဇ် ဝမ်ယွင်သည် ချက်ချင်းပင် ယုတ်မာ ရက်စက်သော သန္နိဋ္ဌာန်ကို ချမှတ်ကာ အဆုံးစွန်ထိ ပြတ်ပြတ်သားသား လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်တော့သည်။
သူသည် မိမိ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်ရှိ စစ်သည်တော် ငါးသောင်းကို ကိုယ်တိုင်ဦးဆောင်၍ ဧကရာဇ်ဟောင်းအား အတင်းအကျပ် ဖိအားပေးကာ တစ်ခါတည်းဖြင့် အပြီးအပြတ် ရှင်းလင်းပစ်ရန် ကြံစည်လိုက်၏။
ဆူပူသောင်းကျန်းသူများက ရှန်ချင်းနန်းဆောင်ကို ဝိုင်းရံထားပြီး၊ သူပုန်များက နန်းဆောင်အတွင်း၌ တိုက်ခိုက်နေကြသောကြောင့် ဧကရာဇ်ဟောင်း၏ အသက်အန္တရာယ်မှာ အလွန်စိုးရိမ်ရသော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထို့ကြောင့် ဧကရာဇ်သည် သားကောင်းတစ်ယောက်အနေဖြင့် စစ်တပ်ကို ဦးဆောင်ကာ အချိန်မီ သွားရောက် ကယ်တင်ရမည်၊ ဆူပူသောင်းကျန်းသူများကို နှိမ်နင်း၍ သူပုန်များကို အကုန်အစင် သတ်ဖြတ်ကာ ဧကရာဇ်ဟောင်းကို ကယ်တင်ရမည် ဟူ၍ အကြောင်းပြချက် ပေးခဲ့၏။
ဤအကြောင်းပြချက်သည် မည်မျှ တရားမျှတ၍ ခိုင်လုံလှသနည်း။
သို့သော်ငြား ဧကရာဇ်သည် တပ်မတော်ကြီး ငါးသောင်းကို ဦးဆောင်ကာ ခမ်းနားကြီးကျယ်စွာဖြင့် ရှန်ချင်းနန်းဆောင်၏ တံတိုင်းပြင်ပ အရှေ့ဘက်သို့ ရောက်ရှိလာချိန်၌မူ လန်ကျိုးမှ ရောက်ရှိနေသော ဒုက္ခသည် ထောင်ပေါင်းများစွာသည် အရိပ်အယောင်မျှပင်မရှိဘဲ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ဆူပူသောင်းကျန်းသူများမှာလည်း မည်သည့်နေရာသို့ ရောက်ရှိသွားသည် မသိတော့ချေ။ လွန်ခဲ့သော မိနစ်ပိုင်းခန့်ကပင် ကင်းထောက်များက ဆူပူသောင်းကျန်းသူများသည် ရှန်ချင်းနန်းဆောင်ကို ဝိုင်းရံထားဆဲ ဖြစ်ကြောင်း သတင်းပို့ထားခဲ့သေး၏။
တပ်တော်ကြီး ဆိုက်ရောက်လာသည့် အချိန်ကျမှ အဘယ်ကြောင့် ထိုဆူပူသောင်းကျန်းသူများ အားလုံး ခြေရာဖျောက် ပျောက်ကွယ်သွားရသနည်း။ မည်မျှပင် မြန်ဆန်လှသော ကိုယ်ယောင်ဖျောက် စွမ်းရည်နည်း။ အရိပ်အယောင်မျှပင် မကျန်အောင် ပျောက်ကွယ်သွားခြင်း ဖြစ်သည်။
ဧကရာဇ် လာရောက်ရခြင်း၏ အဓိက အကြောင်းပြချက်မှာ ဆူပူသောင်းကျန်းသူများရန်မှ ဧကရာဇ်ဟောင်းကို ကယ်တင်ရန် ဖြစ်သော်လည်း၊ ယခုအခါတွင်မူ ဆူပူသောင်းကျန်းသူဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိတော့ချေ။
ထိုသို့ဆိုလျှင် ကယ်တင်ရမည်ဟူသော အကြောင်းပြချက်မှာ မည်သို့ ဖြစ်သွားမည်နည်း။ သို့သော်ငြား နောက်ထပ် အကြောင်းပြချက်တစ်ခုတော့ ရှိနေသေးသည်။
ထိုအရာမှာ ရှန်ချင်းနန်းဆောင်၏ အစောင့်တပ်ဖွဲ့ဝင်များ၊ တော်ဝင် သက်တော်စောင့်တပ်နှင့် မြို့တော် စစ်သေနာပတိရုံး၏ စစ်တပ်များသည် နန်းဆောင်အတွင်း၌ ပုန်ကန်မှုသဖွယ် တိုက်ခိုက်နေကြသောကြောင့် ဧကရာဇ်ဟောင်း၏ အသက်အန္တရာယ် စိုးရိမ်ရဆဲ ဖြစ်သည်ဟူသော အချက်ဖြစ်၏။
ထိုသို့ဖြစ်ရာ ကယ်တင်ရန် အကြောင်းပြချက် ရှိပါသေးသည်။ သို့သော်ငြား ယခုအချိန်၌ ရှန်ချင်းနန်းဆောင်၏ အစောင့်တပ်ဖွဲ့ဝင်များ၊ တော်ဝင် သက်တော်စောင့် တပ်ဖွဲ့ဝင်များနှင့် မြို့တော် စစ်သေနာပတိရုံး၏ စစ်သည်များ အားလုံးသည် လက်နက်များကို အပ်နှံကာ မြေပြင်ပေါ်တွင် စနစ်တကျ သပ်သပ်ရပ်ရပ် ဒူးထောက် အရှုံးပေးနေကြပြီ ဖြစ်သည်။
ယခုအခါ ဆူပူသောင်းကျန်းသူလည်းမရှိ၊ သူပုန်ဟူ၍လည်း မရှိတော့ပြီဖြစ်ရာ မည်သူ့ကို ကယ်တင်ရဦးမည်နည်း။
ဧကရာဇ်၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး မျက်နှာပေါ်ရှိ ကြွက်သားများမှာလည်း အနည်းငယ် တွန့်လိမ် လှုပ်ရှားသွားတော့၏။
သို့သော်ငြား ဓားကို ဓားအိမ်မှ ဆွဲထုတ်ပြီးခဲ့ပြီဖြစ်ရာ မဖြစ်မနေ ထိုးနှက်တိုက်ခိုက်ရပေတော့မည်။
အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဧကရာဇ်သည် အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ၊ တော်ဝင် သက်တော်စောင့်တပ် ထောင်ချီကို ခေါ်ဆောင်ကာ ရှန်ချင်းနန်းဆောင် အတွင်းသို့ ဝင်ရောက်သွားပြီး ဝူဝေ့ နန်းဆောင် အရှေ့သို့ ရောက်ရှိသွားတော့၏။
“ခမည်းတော်... သားတော် လာကယ်တာ နောက်ကျသွားလို့ ခမည်းတော်ကို လန့်သွားစေတဲ့အတွက် သားတော်မှာ အပြစ်ရှိပါတယ်။” ဧကရာဇ်က ချက်ချင်း ဒူးထောက်ကာ ဦးညွတ်လိုက်သည်။
ဧကရာဇ်ဟောင်းက ပြုံးလျက် ပြောလိုက်၏။ “ဧကရာဇ်... ငါ့မှာ ဘာအန္တရာယ်မှ မရှိပါဘူး။ ဘယ်နေရာမှာ ကယ်တင်ဖို့ လိုလို့လဲ။”
ဧကရာဇ်က ပြောလိုက်သည်။ “ခမည်းတော်... အခြေအနေကို နားမလည်တဲ့ စာပေပညာရှင်တွေက ရှန်ချင်းနန်းဆောင် အပြင်ဘက်မှာ ဆူပူသောင်းကျန်းနေတယ်လို့ သားတော် ကြားလိုက်ရလို့ အမြန်ဆုံး လူလွှတ်ပြီး တားဆီးခိုင်းခဲ့ပါတယ်။ အဲဒီ ဆူပူသောင်းကျန်းနေတဲ့ အမတ်တွေကို အခက်အခဲ တွေကြားကနေ ပြန်လွှတ်လိုက်ရတာပါ။
အဲဒီနောက်မှာ ဆူပူသောင်းကျန်းသူတွေက ရှန်ချင်းနန်းဆောင်ကို ဝိုင်းရံထားတယ်လို့ ကြားလိုက်ရပြန်တော့ သားတော် တကယ်ပဲ အသည်းအေးသွားပြီး ချက်ချင်း စစ်တပ်ကို ဦးဆောင်ကာ ကယ်တင်ဖို့ လာခဲ့တာပါ။”
ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “အဲဒါတွေက ဆူပူသောင်းကျန်းသူတွေ မဟုတ်ပါဘူး။ လန်ကျိုးက ဒုက္ခသည်တွေပါ။ ဒါပေမဲ့ ငါက သူတို့ကို ဖျောင်းဖျပြီး ပြန်လွှတ်လိုက်ပါပြီ။ သူတို့ကို ကောင်းကောင်း နေထိုင်ကြဖို့၊ မြေယာတွေ ခွဲဝေပေးရင် သေချာ စိုက်ပျိုးပြီး နိုင်ငံတော်အတွက် အခွန် ပေးဆောင်ကြဖို့ တိုက်တွန်း လိုက်ပါတယ်။”
ထို့နောက် ဧကရာဇ်ဟောင်းက ဆက်ပြောလိုက်၏။ “သေချာပေါက် ဧကရာဇ်ရဲ့ မိဘကျေးဇူး သိတတ်မှုကို ငါ သိပါတယ်။ မင်း ပင်ပန်းသွားပြီ။”
ဧကရာဇ်က ပြောလိုက်သည်။ “သားတော် မပင်ပန်းပါဘူး။ အကယ်၍ အဲဒီလူတွေက ခမည်းတော်ကို အနှောင့်အယှက် ပေးခဲ့မယ်ဆိုရင် သားတော် အကြိမ်တစ်သောင်း သေရရင်တောင် မလုံလောက်ပါဘူး။”
ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “အခု မိုးလည်း ချုပ်နေပြီဆိုတော့ ငါ့ဆီမှာ ဘာမှ မဖြစ်ပါဘူး။ ဧကရာဇ်လည်း နန်းတော်ကို ပြန်သွားလိုက်တော့။ မင်းက နေ့တိုင်း အလုပ်တွေ ပင်ပန်းနေရတာ ကျန်းမာရေးကိုလည်း ဂရုစိုက်အုံး။ နန်းတော် ပြန်ရောက်ရင် စောစော အနားယူလိုက်ပါ။”
အမတ်များ အားလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး အသက်ကိုပင် ကျယ်ကျယ် မရှူဝံ့ကြချေ။
မူလ အခြေအနေသည် အလုံးအရင်းဖြင့် လာရောက်ကာ အတင်းအကျပ် ဖိအားပေးရန် ရည်ရွယ်ချက် သက်သက်သာ ဖြစ်သည်။ စစ်သည်တော် သောင်းနှင့်ချီသော တပ်တော်ကြီးကို ပွဲထုတ်၍ သွေးချောင်းစီး သတ်ဖြတ်တော့မည့် ဟန်ပန်မျိုးဖြင့် ချီတက်လာခဲ့ခြင်း ဖြစ်၏။
သို့သော်ငြား ယခုမြင်တွေ့နေရသည့် ရလဒ်မှာမူ ဖခင်နှင့် သားအကြား အပြန်အလှန် ချစ်ခင်ကြင်နာနေသကဲ့သို့ အလွန်တရာ တည်ငြိမ်အေးချမ်းကာ နွေးထွေးပျူငှာလွန်းသော ပုံရိပ်မျိုး ဖြစ်နေတော့သည်။
အမှန်စင်စစ် ဧကရာဇ်၏ မူလအစီအမံအရဆိုလျှင် ရှန်ချင်းနန်းဆောင် အပြင်ဘက်ရှိ ထိုဆူပူသောင်းကျန်းသူ များကို ချက်ချင်းပင် ဖမ်းဆီးနှိမ်နင်းရန် အမိန့်ပေးရမှာဖြစ်၏။
ထို့အပြင် ရှန်ချင်းနန်းဆောင်အတွင်း၌ စစ်တပ်နှစ်ဖွဲ့ တိုက်ပွဲပြင်းထန်နေပါကလည်း သူ၏ စစ်တပ်ကြီးကို ဦးဆောင်၍ နန်းဆောင်အတွင်းသို့ အတင်းအဓမ္မ ဝင်ရောက်ကာ လူသတ်ပွဲကြီး ဆင်နွှဲပြီး ထိုစစ်တပ်နှစ်ဖွဲ့လုံးကို အမြစ်ပြတ် ချေမှုန်းပစ်ရမှာဖြစ်သည်။
ထို့နောက်တွင်မူ ကယ်တင်ခြင်း ဟူသော ခေါင်းစဉ်အောက်၌ သွေးစွန်းသော လုပ်ကြံမှုကြီးကို ဆင်နွှဲကာ ဧကရာဇ်ဟောင်းကို တိုက်ရိုက် ဖမ်းဆီးခေါ်ဆောင်သွားရန်သာ ရှိတော့၏။
သို့သော်ငြား လွန်ခဲ့သော မိနစ်ပိုင်းခန့်ကမှ သတ်ကြဖြတ်ကြဟူ၍ အုန်းအုန်းကျွက်ကျွက် အော်ဟစ်ဆူပူ နေကြသည့် စစ်တပ်နှစ်ဖွဲ့စလုံးသည် ယခုအခါ၌ လက်နက်များကို ပစ်ချ၍ မြေပြင်ပေါ်တွင် ဒူးထောက် အရှုံးပေးနေကြပြီ ဖြစ်သည်။
ထောင်နှင့်ချီသော ဆူပူသောင်းကျန်းသူ ဆိုသည်များမှာလည်း အရိပ်အယောင်မျှပင် မကျန်အောင် ခြေရာဖျောက် ပျောက်ကွယ်သွားခဲ့ကြပြီ ဖြစ်၏။
ထိုမျှအတိုင်းအတာရှိသော လုပ်ကြံဖန်တီးမှုကြီးသည် တခဏချင်းအတွင်းမှာပင် လေထဲ၌ လွင့်မျော ပျက်ပြယ်သွားပြီး ဧကရာဇ်အား အကြံအိုက်ကာ ဘာလုပ်ရမှန်းမသိသော အခြေအနေသို့ ဆိုက်ရောက်သွားစေတော့သည်။
‘ငါ့ရဲ့ ရှန်ချင်းနန်းဆောင်ထဲမှာ အရမ်းကို ဘေးကင်းလုံခြုံနေတာကို ဧကရာဇ်… မင်းက စစ်တပ် သောင်းချီကို ခေါ်လာပြီး ဘာလာလုပ်တာလဲ။ အောက်ယွီကို လာဖမ်းတာ လို့တော့ မပြောနဲ့နော်။ အောက်ယွီ တစ်ယောက်ကို ဖမ်းဖို့အတွက် တရားလွှတ်တော်ချုပ် အကြီးအကဲ တစ်ယောက် လွှတ်လိုက်ရင်ကို လုံလောက်နေပြီလေ။ ဧကရာဇ်ကိုယ်တိုင် စစ်တပ် သောင်းချီကို ဦးဆောင်ပြီး လာဖမ်းရအောင် သူက ဘာကောင်မို့လို့လဲ။’
သို့သော်ငြား ဓားကို အိမ်မှ ဆွဲထုတ်ပြီးခဲ့ပြီဖြစ်ရာ နောက်ဆုတ်ရန် လမ်းမရှိတော့ဘဲ ရှေ့ဆက်၍ မဖြစ်မနေ ထိုးနှက်တိုက်ခိုက်ရတော့မှာ ဖြစ်၏။
ထိုအချိန်တွင် စုချင်ဝမ်က ဝင်ကာ ပြောလိုက်သည်။ “အောက်ယွီ ဘယ်မှာလဲ။ အခု ထွက်ခဲ့စမ်း။ ခင်ဗျား ဧကရာဇ်ဟောင်းကို ဘယ်လောက်တောင်ကြီးမားတဲ့ ပြဿနာတွေ ရှာပေးခဲ့လဲ ဆိုတာကို ကြည့်လိုက်အုံး။”
မကြာမီမှာပဲ အောက်ယွီကို သယ်ဆောင်လာကြပြီး မျက်နှာ ဖြူဖတ်ဖြူလျော်ဖြင့် ဒဏ်ရာ ပြင်းထန်ပြီး သေလုနီးပါး ဖြစ်နေသည့် ပုံစံမျိုး ရှိနေ၏။
ဧကရာဇ်ဟောင်းက မေးလိုက်သည်။ “ဧကရာဇ်... မင်းတို့က အောက်ယွီကို လာဖမ်းတာလား။ သူက ဘာပြစ်မှုတွေ ကျူးလွန်ထားလို့လဲ။”
စုချင်ဝမ်က ပြန်ဖြေလိုက်၏။ “ဧကရာဇ်ဟောင်းကို လျှောက်တင်ပါတယ်။ အောက်ယွီဟာ မြို့စားရဲ့ သားတော် စီးကွမ်ကို ကိုယ်ကျိုးအတွက် သတ်ပစ်လိုက်တဲ့အတွက် လူသတ်မှု ပြစ်မှုကို ကျူးလွန်ထားပါတယ်။”
ထိုအချိန်တွင် ဟောက်ချန်က ဘေးမှနေ၍ ဝင်ပြောလိုက်သည်။ “စုချင်ဝမ်...ကျုပ် သေချာ မြင်တွေ့ခဲ့ရပါတယ်။ သူနဲ့ စီးကွမ် တို့ဟာ တရားမျှတစွာ ပြိုင်ပွဲ ဝင်ခဲ့ကြတာပါ။ သေခြင်းရှင်ခြင်းတိုက်ပွဲ စာချုပ်ကိုလည်း လက်မှတ်ထိုးထားပါတယ်။”
စုချင်ဝမ်က ပြန်ပြောလိုက်၏။ “ကျုပ်တို့က ယဉ်ကျေးတဲ့ အင်ပါယာ တစ်ခုပါ။ ပိုင်ရှင်မဲ့နယ်မြေလို လူရိုင်းတွေရဲ့ နေရာ မဟုတ်ဘူး။ သေခြင်းရှင်ခြင်းတိုက်ပွဲ ပြိုင်ပွဲ ဆိုတာ မရှိဘူး။ တောင်ပိုင်းကျိုးရဲ့ နိုင်ငံတော် ဥပဒေက သေခြင်းရှင်ခြင်းတိုက်ပွဲ စာချုပ်ကို အသိအမှတ် မပြုဘူး။ လူသတ်ရင် လူသတ်တာပဲ။ သေခြင်းရှင်ခြင်းတိုက်ပွဲ စာချုပ် ရှိရင်တောင် အပြစ်ရှိတာပဲ။”
ထိုအချိန်တွင်ပင် အသက် ကြီးကြီး လူရိပ်တစ်ခု ထွက်ပေါ်လာကာ ပြောလိုက်သည်။ “စုချင်ဝမ်ရဲ့ ဒီစကားကတော့ ဗဟုသုတ နည်းပါးရာကျသွားပြီ။”
စုချင်ဝမ်၏ မျက်လုံးများ အေးစက်သွားပြီး ဒေါသတကြီး ပြစ်တင်ဝေဖန်ရန် ပြင်လိုက်၏။ ‘ဒီနေရာမှာ ခင်ဗျားလို အဘိုးကြီး ဝင်ပြောခွင့် ရှိလို့လား။’
သို့ပေမည့် ပြစ်တင်ဝေဖန်မည့် စကားများ မထွက်ပေါ်လာမီမှာပဲ ချက်ချင်း ရပ်တန့်သွားတော့၏။ အဘယ်ကြောင့်ဆိုသော် သူသည် ဤလူမှာ မည်သူဖြစ်ကြောင်း သိရှိသွားသောကြောင့် ဖြစ်သည်။
ဤလူမှာ တောင်ပိုင်းကျိုး တော်ဝင်မိသားစု၏ တကယ့် ဘိုးဘိုးကြီး ဖြစ်သော လျန်ချင်ဝမ် ပင်ဖြစ်သည်။ သူသည် ယခုနှစ်တွင် အသက် ရှစ်ဆယ်၊ ကိုးဆယ်ခန့် ရှိနေပြီဖြစ်ပြီး ဧကရာဇ်ဟောင်း၏ ဦးလေး တော်စပ်သူလည်း ဖြစ်၏။