အခန်း (၅၃၁-၅၃၂)
Vol. 45 Ch. 531-532
အပိုင်း (၅၃၁)
ထို့နောက် ဧကရာဇ်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “အမိန့်တော် ရေးလိုက်.... ယင်းယန်၊ ကျန်းဟွိုင်၊ ကျိုးမု စတဲ့ စစ်သူကြီးတွေဟာ မူလက အရမ်း ပြစ်မှုကြီးမားပေမယ့် ဧကရာဇ်ဟောင်းက သနားညှာတာတဲ့စိတ်နဲ့ ခင်ဗျားတို့ရဲ့ အပြစ်တွေကို ခွင့်လွှတ်ပေးလိုက်တယ်။ ခင်ဗျားတို့ အခုချက်ချင်း လန်ကျိုးကို သွားပြီး အပြစ်တွေကို ပြုပြင်ဖို့ ကြိုးစားကြ။ ချက်ချင်း ထွက်ခွာစေ။”
စစ်သူကြီး ယင်းယန်၏ မျက်လုံးများ နီရဲနေပြီး အံကို တင်းတင်းကြိတ်ကာ ဝူဝေ့ နန်းဆောင်ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် ရုတ်တရက် ဦးညွတ်ကာ ပြောလိုက်သည်။ “ဧကရာဇ်ဟောင်းရဲ့ အမိန့်တော်ကို ခံယူပါတယ်။”
တော်ဝင် သက်တော်စောင့်တပ်မှ ကျန်းဟွိုင်၊ မြို့တော် စစ်သေနာပတိရုံးမှ ကျိုးမု တို့သည်လည်း ဒူးထောက်ကာ ပြောလိုက်ကြ၏။ “ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်ကို ခံယူပါတယ်။”
ဧကရာဇ်က အမိန့်ပေးလိုက်သည်။ “ခင်ဗျားတို့ အခုချက်ချင်း စစ်တပ်တွေကို ခေါ်ဆောင်ပြီး ထွက်သွားကြတော့။ အခုချက်ချင်း လန်ကျိုးကိုသွား။ အချိန်မဆွဲနဲ့။”
စစ်သူကြီး ယင်းယန် နှင့် ရှန်ချင်းနန်းဆောင် အစောင့်တပ်ဖွဲ့ဝင် သုံးထောင်သည် ဧကရာဇ်ဟောင်း အမိန့်တော်ကို ရုပ်သိမ်းမည့် အချိန်ကို စောင့်မျှော်နေသကဲ့သို့ မူလနေရာတွင် မလှုပ်မယှက် ရပ်နေကြ၏။
သို့ပေမည့် ဧကရာဇ်ဟောင်း သည် အစအဆုံး စကားတစ်ခွန်းမှ မပြောခဲ့ချေ။
ယင်းယန်သည် နောက်တစ်ကြိမ် ဒူးထောက် ဦးညွတ်လိုက်ရာ မျက်ရည်များ ကျဆင်းလာပြီး နဖူးမှ သွေးများ ဖြာကနဲ ထွက်လာတော့၏။
ထို့နောက် ယင်းယန် သည်လည်း တပ်တော် သုံးထောင်ကို ခေါ်ဆောင်ကာ ရှန်ချင်းနန်းဆောင်မှ ထွက်ခွာသွား တော့၏။ တပ်တော် သုံးဖွဲ့၊ စုစုပေါင်း လူကိုးထောင်သည် ရှန်ချင်းနန်းဆောင်မှ ထွက်ခွာသွားကြတော့သည်။
ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “သူတို့ကို လမ်းမှာ ဗိုက်မဆာစေဖို့ စစ်ရိက္ခာတွေ အလုံအလောက် ယူသွားခိုင်းလိုက်ပါ။”
ဧကရာဇ်က အမိန့်ပေးလိုက်၏။ “ဘဏ္ဍာရေးဝန်ကြီး... အခုချက်ချင်း စစ်ရိက္ခာတွေ သွားထုတ်ပေးလိုက်။ သေချာပေါက် လုံလောက်အောင် ပေးရမယ်။ စုစုပေါင်း လူကိုးထောင် ဆိုတော့ တစ်သောင်းခွဲ စာလောက် ပြင်ဆင်ပေးလိုက်။”
ဘဏ္ဍာရေးဝန်ကြီးသည် ဒူးထောက်ကာ ဦးညွတ်လျက် ပြောလိုက်သည်။ “ကျုပ် အမိန့်တော်ကို ခံယူပါတယ်။ အခုချက်ချင်း သွားလုပ်ဆောင်ပါ့မယ်။”
ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “ဒုတိယ အချက်အနေနဲ့... အခု အောက်ယွီက ဒဏ်ရာ အရမ်း ပြင်းထန်နေတယ်။ သူ့ကို စစ်ဆေးမေးမြန်းချင်ရင်တောင် သူ ဒဏ်ရာ သက်သာလာတဲ့ အချိန်အထိ စောင့်ရအုံးမယ်။
ပြီးတော့ တရားလွှတ်တော်ချုပ် အကျဉ်းထောင်ထဲမှာ ဒဏ်ရာကုသဖို့ဆိုတာ မကောင်းပါဘူး။ သူ့ကို အိမ်မှာပဲ ဒဏ်ရာကုသခွင့် ပြုလိုက်ပါလား။ သူ ဒဏ်ရာ သက်သာလာတဲ့ အချိန်ကျမှ စစ်ဆေးမေးမြန်းရင် ဘယ်လိုလဲ။”
ဧကရာဇ်က အမိန့်ပေးလိုက်သည်။ “အမိန့်တော် ထုတ်ပြန်လိုက်။ အောက်ယွီကို အခုချက်ချင်း အိမ်ပြန်ပို့လိုက်။”
ထိုအချိန်တွင် မိန်းမစိုးအိုကြီး ဟောက်ချန်က ဝင်ပြောလိုက်၏။ “အောက်ယွီမှာ အိမ်မရှိတော့ပါဘူး။ အားလုံး မီးရှို့ခံလိုက်ရပါပြီ။”
ဧကရာဇ်က အမိန့်ပေးလိုက်သည်။ “အဲဒါဆို အောက်ရှင်းကို အိမ်တော် တစ်လုံး ချီးမြှင့်လိုက်။ အောက်ယွီကို အိမ်ပြန်ပို့ပေးပြီး တော်ဝင်ဆေးခန်းက အစွမ်းကုန် ကုသပေးစေ။ သူ ဒဏ်ရာ သက်သာလာတဲ့ အချိန်ကျမှ စစ်ဆေး မေးမြန်းမှုတွေ ပြုလုပ်မယ်။”
ယခုတစ်ကြိမ် ဝင်ပြောသူမှာ ဟေးပင်းထိုင် အကြီးအကဲ နန်ကုန်းချော့နှင့် တော်ဝင် သမားတော် လင်ကျုံးရင် တို့ ဖြစ်၏။ “အမိန့်တော်ကို နာခံပါ့မယ် အရှင်မင်းမြတ်...”
ထို့နောက် ဟေးပင်းထိုင် စစ်သည်အချို့ ရှေ့သို့တက်လာပြီး မေ့မြောနေသော အောက်ယွီကို သယ်ဆောင်ကာ ရှန်ချင်းနန်းဆောင်မှ ထွက်ခွာသွားကြတော့သည်။
ဧကရာဇ်ဟောင်းက ဆက်ပြောလိုက်၏။ “ရှန်ချင်းနန်းဆောင်က မိန်းမစိုးတွေဟာ ကျုပ်ကို ဒီနှစ်တွေအတွင်း ပြုစုစောင့်ရှောက်ပေးခဲ့တာ အကျိုးဆောင်မှု မရှိရင်တောင် ပင်ပန်းမှုတော့ ရှိပါတယ်။ သူတို့ကို အလုပ်ဖြုတ်မယ် ဆိုရင်တောင် လူတိုင်းကို ငွေအလုံအလောက် ပေးလိုက်ပါ။ သူတို့ အသက်ကြီးလာတဲ့အခါ အားကိုးစရာ မရှိဖြစ်မှာ စိုးလို့ပါ။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ ရှန်ချင်းနန်းဆောင်၏ မိန်းမစိုးများနှင့် အစေခံမ ရာချီခန့်သည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ အသံကျယ်ကျယ်ဖြင့် ငိုကြွေးကြပြီး အမှန်တကယ် ရင်ကွဲလုမတတ် ခံစားနေကြသည်။
ဧကရာဇ်က အမိန့်ပေးလိုက်၏။ “ရှန်ချင်းနန်းဆောင်က မိန်းမစိုးတွေနဲ့ အစေခံတွေဟာ ဧကရာဇ်ဟောင်းကို ပြုစုစောင့်ရှောက်ခဲ့တဲ့ အကျိုးဆောင်မှုတွေ ရှိတဲ့အတွက် တစ်ယောက်ကို ငွေသား ငါးရာ ဆုချီးမြှင့်လိုက်တယ်။”
တကယ်ကို လျင်မြန်ပြတ်သားလေသည်။ နာရီဝက်တောင် မကြာသည့် အချိန်အတွင်းမှာပဲ ရှန်ချင်းနန်းဆောင်၏ မိန်းမစိုးများနှင့် အစေခံ ရာချီခန့်သည် တစ်ယောက်လျှင် ငွေသား ငါးရာတန် ငွေစက္ကူများကို ရရှိသွားကြတော့၏။ ထို့နောက် သူတို့အားလုံး ငိုကြွေးရင်း ရှန်ချင်းနန်းဆောင်မှ ထွက်ခွာသွားကြတော့သည်။
နောက်ဆုံးတွင် ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “ဧကရာဇ်... ငါ နန်းတော်ကို ပြန်ပြီး အနားယူတော့မယ်။ ဟောက်ချန်က ငါ့နောက်ကို လိုက်လာတာ အချိန်အတော်ကြာပါပြီ။ ပြီးတော့ ဒီတာအိုဘုန်းကြီး လေးပါးကို လည်း ငါ တကယ် ခွဲမရပါဘူး။ သူတို့ကို ကျုပ်နဲ့အတူ နန်းတော်ထဲ ဝင်ခွင့် ပြုနိုင်မလား။”
ဧကရာဇ်သည် အလွန် အခက်တွေ့နေသည့် ပုံစံမျိုး ပြသလိုက်၏။ အဘယ်ကြောင့်ဆိုသော် ဧကရာဇ်ဟောင်း နန်းတော် အတွင်းသို့ ဝင်ရောက်သွားပြီးနောက် နေထိုင်ရမည့် နေရာမှာ အနောက်ဆောင် ဖြစ်နေပြီး အနောက်ဆောင်တွင် အခြား ယောက်ျားများ ထားရှိ၍ မရသောကြောင့် ဖြစ်သည်။
ထို့အပြင် ဤတာအို ဘုန်းကြီး လေးပါးမှာမူ ပုံမှန် ယောက်ျားများ ဖြစ်ကြသည် မဟုတ်ပါလား။ သို့ပေမည့် ဧကရာဇ်သည် ခေတ္တမျှသာ ဟန်ဆောင် အခက်တွေ့ပြလိုက်ပြီးနောက် ပြောလိုက်သည်။ “သားတော်... အမိန့်တော်ကို နာခံပါ့မယ်။”
ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “အဲဒါဆိုရင်... သွားကြစို့။”
ပြောဆိုပြီးနောက် ဧကရာဇ်ဟောင်းသည် မျက်လုံးများကို မှိတ်လိုက်ပြီး မျက်ရည်များ စီးကျလာတော့သည်။
ဧကရာဇ်က အမိန့်ပေးလိုက်၏။ “လာကြစမ်း... ဧကရာဇ်ဟောင်းကို တော်ဝင်ရထားလုံးပေါ် တင်ကြ။ ကိုယ်တော် ကိုယ်တိုင် မြင်းစီးပြီး ဧကရာဇ်ဟောင်းကို နန်းတော်ထဲအထိ လိုက်ပို့ပေးမယ်။”
မိန်းမစိုးအချို့ ရှေ့သို့တက်လာပြီး ဧကရာဇ်ဟောင်းကို ရှန်ချင်းနန်းဆောင်မှ သယ်ဆောင်သွားကြတော့၏။ ယခုအချိန်တွင် ရှန်ချင်းနန်းဆောင် အပြင်ဘက်၌ စစ်သည် သောင်းချီ ရှိနေပြီး အနားယူသွားသော အမတ်ဟောင်း ရာချီ နှင့် လက်ရှိ အမတ် ရာချီ တို့လည်း ရှိနေကြသည်။
ဧကရာဇ်ဟောင်းကို သယ်ဆောင်လာသည်ကို မြင်တွေ့ရချိန်မှာတော့ ဤလူများ အားလုံး ဒူးထောက်ကာ ပြောလိုက်ကြ၏။ “ဧကရာဇ်ဟောင်းကို အရိုအသေပေးပါတယ်။ ဧကရာဇ်ဟောင်းကို အရိုအသေပေးပါတယ်။”
ထို့နောက် ဤ အနားယူသွားသော အမတ်ဟောင်းများသည် မျက်ရည်များ ကျဆင်းလာကြတော့သည်။
ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “ဘာငိုနေကြတာလဲ။ ငါက နန်းတော်ကို ပြန်ပြီး ဇနီးသည်၊ သားသမီးတွေနဲ့ ပြန်လည် ဆုံတွေ့တော့မှာလေ။ ဒါက ကောင်းတဲ့ကိစ္စပဲ။ ပြီးတော့ ဧကရာဇ်ရဲ့ မိဘကျေးဇူး သိတတ်မှုလည်း ဖြစ်တယ်။ ဘာငိုစရာ ရှိလို့လဲ။”
သို့ပေမည့် ပြောရင်းပြောရင်းဖြင့် ဧကရာဇ်ဟောင်းကိုယ်တိုင်လည်း မျက်ရည်များ ကျဆင်းလာတော့သည်။
ထို့နောက် မိန်းမစိုး အချို့ သည် ဧကရာဇ်ဟောင်းကို သတိထား၍ အလွန် ခမ်းနားကြီးကျယ်သော ဧရာမ တော်ဝင် ရထားလုံးကြီး အတွင်းသို့ တင်ဆောင်လိုက်ကြ၏။
ဧကရာဇ်က မြင်းပေါ်သို့ တက်ကာ ဧကရာဇ်ဟောင်း၏ ဘေးတွင် လိုက်ပါ စောင့်ကြပ်ပေးတော့သည်။
“ဧကရာဇ်ဟောင်း နန်းတော်ကို ပြန်လည်ကြွချီပါပြီ။” မိန်းမစိုးကြီး ဟောက်ချင့်၏ အသံကျယ်ကျယ်ဖြင့် အော်ဟစ်သံနှင့်အတူ လူသန်ကြီး ဒါဇင်ချီခန့်က ဧရာမ တော်ဝင် ရထားလုံးကြီးကို မတင်လိုက်ကြသည်။ ခမ်းနား ကြီးကျယ်သော တေးဂီတသံများ ထွက်ပေါ်လာတော့၏။
ဧကရာဇ်သည် မြင်းစီးလျက် ဧကရာဇ်ဟောင်း၏ တော်ဝင်ရထားလုံး ဘေးတွင် ကိုယ်တိုင် လိုက်ပါ စောင့်ကြပ် ပေးတော့သည်။
အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များသည် အနောက်မှ လမ်းလျှောက် လိုက်ပါလာကြပြီး တပ်တော် သောင်းချီက ဧကရာဇ်ဟောင်း၏ ယာဉ်တန်းကို အလယ်တွင် ကာကွယ်ပေးထားသည်။ လူသောင်းချီသည် ခမ်းနား ကြီးကျယ်စွာဖြင့် နန်းတော်သို့ ဦးတည်သွားကြတော့၏။
ဧကရာဇ်ဟောင်းသည် မျက်လုံးများကို မှိတ်ထားပြီး အနောက်သို့ လှည့်ကာ ရှန်ချင်းနန်းဆောင်ကို တစ်ချက် ကြည့်ချင်နေမိ၏။ သူ ရှစ်နှစ်တိုင်တိုင် နေထိုင်ခဲ့ရသော ရှန်ချင်းနန်းဆောင် ဖြစ်သည် မဟုတ်ပါလား။
သို့ပေမည့် ဤလောက်လေးသော လှုပ်ရှားမှုကိုပင် သူ မလုပ်နိုင်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူသည် လည်ပင်း အောက်ပိုင်း တစ်ကိုယ်လုံး လေဖြတ်နေသောကြောင့် ဖြစ်သည်။
ဧကရာဇ်သည် ဤမြင်ကွင်းကို မြင်တွေ့ရချိန်မှာတော့ စိတ်ထဲတွင် အေးစက်စက် ပြုံးကာ ကျေနပ်နေသော်လည်း မျက်နှာပေါ်တွင်မူ ပို၍ပင် ရိုသေလေးစားသော အမူအရာ ပြသလိုက်၏။
“ဧကရာဇ်ဟောင်း နန်းတော်ကို ပြန်လည်ကြွချီပါပြီ။”
“ဧကရာဇ်ဟောင်း နန်းတော်ကို ပြန်လည်ကြွချီပါပြီ။”
လူသောင်းချီသည် အလွန် နှေးကွေးစွာ လျှောက်လှမ်းနေကြပြီး ပြည်သူများ ကြည့်ရှုခြင်းကိုလည်း လုံးဝ မတားမြစ်ချေ။ ဧကရာဇ်က ဤအရာကို လူတိုင်း ရှင်းရှင်းလင်းလင်း မြင်တွေ့စေလိုခြင်း ဖြစ်သည်။
‘ခင်ဗျားတို့ ထင်ထားသလို မှောင်မိုက်ပြီး ညစ်ပတ်တဲ့ကိစ္စတွေ မရှိပါဘူး။ ကိုယ်တော်က ဧကရာဇ်ဟောင်းကို နန်းတော်မှာ ပြန်လည် အနားယူဖို့ ဖိတ်ခေါ်တာ သက်သက်ပါ။ ဒါက ကိုယ်တော်ရဲ့ မိဘကျေးဇူး သိတတ်မှု အပြည့်အဝပါပဲ။ ခင်ဗျားတို့ ပြည်သူတွေလည်း လျှောက်မတွေးကြနဲ့။ ခင်ဗျားတို့ စာပေပညာရှင်တွေလည်း လျှောက်မရေးကြနဲ့။’
ထို့အပြင် ဧကရာဇ်၏ ခေါင်းပေါ်တွင် သွေးများ ထွက်နေသော်လည်း သေချာ မသန့်ရှင်းရသေးဘဲ ပြည်သူ သိန်းချီကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခွင့် ပြုထား၏။
‘ကိုယ်တော်က ခေါင်းနဲ့ တိုက်ပြီး သွေးထွက်တဲ့အထိ တောင်းပန်ခဲ့ရတာ။ ကိုယ်တော်က ဧကရာဇ်ဟောင်းအပေါ် ဘယ်လောက်တောင် မိဘကျေးဇူး သိတတ်လိုက်လဲ။ ဒါက ကောင်းကင်နဲ့ မြေကြီးကိုတောင် တုန်လှုပ်သွားစေမှာ မဟုတ်ဘူးလား။ ပြည်သူတွေအတွက် စံပြ ဖြစ်သွားမှာ မဟုတ်ဘူးလား။’
မိုင်နှစ်ဆယ်ကျော်မျှ ဝေးကွာသော ဤခရီးကို နာရီပေါင်းများစွာကြာအောင် ဖြည်းညှင်းစွာ လျှောက်လှမ်း ခဲ့ကြသည်။
ထိုအချိန်တွင် မယ်တော်မိဖုရားခေါင်ကြီးနှင့် မိဖုရားကြီးတို့သည် အနောက်ဆောင်ရှိ အခြွေအရံ မိဖုရားများနှင့် မိန်းမစိုး အားလုံးတို့ကို စုံညီစွာ ခေါ်ဆောင်လျက် နန်းတော်တံခါးကြီး၏ ပြင်ပ၌ ရိုသေစွာ ဒူးထောက် စောင့်ကြိုနေကြပြီ ဖြစ်၏။
ထောင်နှင့်ချီသော ထိုလူအုပ်ကြီးသည် ဤနေရာ၌ စောင့်ဆိုင်းနေခဲ့ကြရသည်မှာလည်း နာရီအတော်ကြာမြင့်နေပြီ ဖြစ်သည်။
ဧကရာဇ်ဟောင်း စံမြန်းလာသော တော်ဝင်ရထားလုံးတော်ကြီး နန်းတော်သို့ ဆိုက်ရောက်လာသည်နှင့် တပြိုင်နက် မယ်တော်မိဖုရားခေါင်ကြီးသည် ထိုလူထောင်ပေါင်းများစွာကို ဦးဆောင်ကာ စနစ်တကျ သပ်သပ်ရပ်ရပ်ဖြင့် မြေပြင်တွင် ပြိုင်တူ ဒူးထောက်၍ ခရီးဦးကြိုပြုလိုက်ကြတော့သည်။ “ဧကရာဇ်ဟောင်း နန်းတော်ကို ပြန်လည် ကြွချီလာတဲ့အတွက် ကြိုဆိုပါတယ်။”
“ဧကရာဇ်ဟောင်း နန်းတော်ကို ပြန်လည် ကြွချီလာတဲ့အတွက် ကြိုဆိုပါတယ်။”
လူထောင်ချီ၏ အသံက ကောင်းကင်ယံအထိ ပဲ့တင်ထပ်သွားပြီး ဧကရာဇ်က ဧကရာဇ်ဟောင်း နန်းတော်ကို ပြန်လာသည်ကို အမြင့်ဆုံး အခမ်းအနားနှင့် ကြိုဆိုခဲ့၏။
မိန်းမစိုး အချို့ ရှေ့သို့တက်လာပြီး ဧကရာဇ်ဟောင်း ဆင်းရန် ကူညီပေးတော့မလို လုပ်လိုက်သည်။
“မလိုဘူး... ကိုယ်တော်ကိုယ်တိုင် လုပ်မယ်။”
ဧကရာဇ်က တားမြစ်လိုက်ပြီး တော်ဝင် ရထားလုံး အရှေ့သို့ သွားကာ ဒူးထောက်၍ ပြောလိုက်၏။ “ခမည်းတော်... သားတော်တို့ အိမ်ပြန်ရောက်ပြီ။ အိမ်ပြန်ရောက်ပါပြီ။”
ဧကရာဇ်ဟောင်း မျက်လုံးဖွင့်ကြည့်လိုက်ရာ မျက်စိရှေ့ရှိ ရွှေရောင် တောက်ပနေသော နန်းတော်ကြီးကို မြင်တွေ့လိုက်ရသည်။
ရှန်ချင်းနန်းဆောင်နှင့် ယှဉ်လိုက်ပါက နန်းတော်ကြီးသည် ဧရာမ အဆောက်အအုံကြီး တစ်ခု ဖြစ်ပြီး ရွှေရောင် တောက်ပနေကာ ဩဇာတိက္ကမ ကြီးမားလို့နေ၏။
ဤနေရာသည်သာလျှင် လောက၏ အစစ်အမှန် ဗဟိုချက် ဖြစ်ပြီး ဤနေရာသည်သာလျှင် အာဏာ၏ အစစ်အမှန် ဗဟိုချက် ဖြစ်သည်။
သို့ပေမည့် ဧကရာဇ်ဟောင်း၏ အကြည့်များမှာ အလွန် ရှုပ်ထွေးနေပြီး ရင်းနှီးသလိုလို၊ စိမ်းသက်သလိုလို ဖြစ်နေကာ မျက်ထောင့်များ နောက်တစ်ကြိမ် စိုစွတ်လာတော့၏။
ဧကရာဇ်က ရိုသေစွာ ပြောလိုက်သည်။ “ခမည်းတော်... သားတော် ကျောပိုးပါ့မယ်။”
ထို့နောက် ဧကရာဇ် သည် ဧကရာဇ်ဟောင်း၏ ပိန်ချုံးနေသော ခန္ဓာကိုယ်ကို အမှန်တကယ်ပင် ကျောပိုးကာ နန်းတော် အတွင်းသို့ လျှောက်သွားတော့၏။
ဧကရာဇ်မင်းမြတ်ကိုယ်တိုင် မိမိ၏ အသက်ကြီးရင့်လှပြီဖြစ်သော ခမည်းတော် ဧကရာဇ်ဟောင်းအား ကျောပိုး၍ နန်းတော်သို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည့် မြင်ကွင်းကား မိဘကျေးဇူးကို သိတတ်ရိုသေမှု အပြည့် ရှိလှသောကြောင့် ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်သွားစေလောက်သော မြင်ကွင်းမျိုး ဖြစ်သည်။
ဤမျှ နက်ရှိုင်းလှသော မေတ္တာတရားနှင့် သားသမီးကျင့်ဝတ်ကို မြင်တွေ့ရသူ မည်သူမဆို မျက်ရည်မကျဘဲ ကြံ့ကြံ့ခံနိုင်ပါဦးမည်လား။
ထင်သည့်အတိုင်းပင် မိဖုရား အများအပြားနှင့် မိန်းမစိုးများသည် အလွန် နားလည်တတ်ကြပြီး ချက်ချင်းပဲ ဧကရာဇ်ကို အလွန်ကြည်ညိုလေးစားသော အကြည့်များဖြင့် ကြည့်လိုက်ကြကာ အလွန်အမင်း စိတ်လှုပ်ရှားသွား သကဲ့သို့ လုံးဝ မျက်ရည်ကျနေကြသည်။
ဧကရာဇ်၏ သိုင်းပညာမှာ အလွန် မြင့်မားပြီး ဧကရာဇ်ဟောင်း၏ ပေါ့ပါးသော ခန္ဓာကိုယ်ကို ကျောပိုးထားရင်း မျက်နှာပေါ်တွင် အလွန် ချစ်ခင်မြတ်နိုးသော အမူအရာ ပြသနေသော်လည်း စိတ်ထဲတွင်မူ အလွန်အမင်း ဂုဏ်ယူဝင့်ကြွားလို့နေ၏။
‘ဧကရာဇ်ဟောင်း... ခင်ဗျား ရှုံးသွားပြီ မဟုတ်လား။ အရင်တစ်ခေါက် ခင်ဗျား နန်းတော်ကနေ ထွက်သွားတုန်းက ဒီနေရာရဲ့ အရှင်သခင် ဖြစ်ခဲ့သေးတယ်။ ဒါပေမဲ့ ဒီတစ်ခါ ခင်ဗျား နန်းတော်ကို ပြန်ရောက်လာတော့ အကျဉ်းသား တစ်ယောက် ဖြစ်နေပြီ။
ကိုယ်တော် ကြားဖူးပါတယ်။ သာမန် ပြည်သူ မိသားစုတွေမှာ အပြင်လူ ရှိနေရင် ကိုယ့်ရဲ့ အသက်ကြီးတဲ့ ဖခင်ကို ဆန်ဖြူထမင်းကျွေးပေမယ့် အိမ်ထဲရောက်လို့ တခြားလူတွေ မမြင်ရတဲ့ အချိန်ကျရင်တော့ ဖွဲနု ဆန်ပြုတ်ပဲ ကျွေးတယ်တဲ့။
ကိုယ်တော်ကတော့ သေချာပေါက် အဲဒီ သာမန် ပြည်သူတွေလောက် အောက်တန်း မကျပါဘူး။ ဧကရာဇ်ဟောင်း... ခင်ဗျား ကောင်းကောင်းစားပြီး ကောင်းကောင်းသောက်ကာ အေးအေးဆေးဆေး အကျဉ်းသား တစ်ယောက်အဖြစ် နေထိုင်သွားပါတော့။’
အပိုင်း (၅၃၂)
ဤသို့ဖြင့် လူအုပ်ကြီးသည် ခမ်းနားကြီးကျယ်စွာဖြင့် ဧကရာဇ်၏ အနောက်မှ လိုက်ပါလာကြပြီး ဧကရာဇ်က ဧကရာဇ်ဟောင်းကို ကျောပိုးကာ နန်းတော် အတွင်းသို့ ဝင်ရောက်သွားသည်ကို ကြည့်ရှုနေကြတော့၏။
“ခမည်းတော်... ခင်ဗျားကြည့်လိုက်ပါအုံး။ ဒီမှာလည်း ရှန်ချင်းနန်းဆောင် တစ်ခု ရှိပါတယ်။ ဟိုဘက်က ရှန်ချင်းနန်းဆောင်လောက် မကြီးပေမယ့် သားတော်လည်း စိတ်နှစ်ပြီး ပြင်ဆင်ထားတာပါ။”
ဧကရာဇ်က ပြောလိုက်သည်။ “ဧကရာဇ်ဟောင်းက ဒီမှာလည်း တရားကျင့်လို့ ရပါတယ်။ သားတော်က လွန်ခဲ့တဲ့ နှစ်အနည်းငယ်တည်းက ခမည်းတော်နဲ့အတူ မိသားစု ပျော်ရွှင်မှုတွေကို ခံစားချင်နေခဲ့တာပါ။ အခု နောက်ဆုံးတော့ ဆန္ဒပြည့်ဝသွားပြီ ဆိုတော့ သားတော် အရမ်းကို ဝမ်းသာပါတယ်။”
ထို့နောက် ဧကရာဇ်က ပြောလိုက်၏။ “မယ်တော်မိဖုရားခေါင်ကြီးနဲ့ မိဖုရားကြီးတို့ ကျန်ခဲ့ပြီး ဧကရာဇ်ဟောင်းနဲ့ အတူတူ ညစာ စားဖို့ အဖော်ပြုပေးပါ။ ကျန်တဲ့လူတွေ အားလုံး လူစုခွဲလိုက်တော့။”
မိဖုရားကြီးက အမိန့်ပေးလိုက်သည်။ “အားလုံး လူစုခွဲကြတော့... လူစုခွဲကြတော့။”
ထို့ကြောင့် အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ၊ မိဖုရားများနှင့် အစေခံမများ အားလုံး လူစုခွဲသွားကြတော့၏။
ဧကရာဇ်သည် ဧကရာဇ်ဟောင်းကို ကျောပိုးကာ နန်းတော် အတွင်းရှိ တာအိုဘုရားကျောင်း အတွင်းသို့ ဝင်ရောက်သွားတော့သည်။
ညပိုင်း အချိန်တွင် ဧကရာဇ်၊ မယ်တော်မိဖုရားခေါင်ကြီးနှင့် မိဖုရားကြီး တို့ သုံးဦးသည် ဧကရာဇ်ဟောင်းကို ညစာ စားရန် အဖော်ပြုပေးနေကြ၏။
ဧကရာဇ်သည် ဧကရာဇ်ဟောင်းကို ကိုယ်တိုင် ခွံ့ကျွေးနေပြီး အလွန် ရိုသေလေးစားနေဆဲ ဖြစ်သည်။ သို့ပေမည့် မယ်တော်မိဖုရားခေါင်ကြီးနှင့် မိဖုရားကြီး တို့သည် မည်သည့် မျက်နှာကောင်းမှ မပြသတော့ချေ။
‘ခုနက လူအများကြီး ရှေ့မှာတော့ ဟန်ဆောင်ရတာပေါ့။ အခု အပြင်လူ မရှိတော့ဘူး ဆိုတော့ ဟန်ဆောင်စရာ မလိုတော့ဘူးလေ။’
မယ်တော်မိဖုရားခေါင်ကြီးနှင့် ဧကရာဇ်ဟောင်း၏ ဆက်ဆံရေးမှာ အမြဲတမ်း မကောင်းခဲ့ဘဲ သူမအနေဖြင့် ရာထူးမှ ဖယ်ရှားခံရလုနီးပါးပင် ဖြစ်ခဲ့ဖူးသည်။
သူမသည် စိတ်ခံစားမှု နောက်ကို အလွန် လိုက်တတ်သော အမျိုးသမီး တစ်ဦး ဖြစ်သောကြောင့် ချက်ချင်း မျက်နှာ ပျက်သွားတော့၏။
မိဖုရားကြီးကလည်း ဧကရာဇ်ဟောင်းကို အရိုးထဲထိ မုန်းတီးနေသောကြောင့် ဟန်ဆောင်ရန်ပင် ပျင်းရိနေတော့သည်။
ယခုအချိန်တွင် ဧကရာဇ် သည် ရိုသေလေးစားနေဆဲ၊ ရင်းနှီးဖော်ရွေနေဆဲ ဖြစ်သော်လည်း စက်ရုပ် တစ်ရုပ်ကဲ့သို့ ခွံ့ကျွေးနေပြီး၊ အဆက်မပြတ် တရစပ် ခွံ့ကျွေးနေတော့၏။
မိန်းမစိုးအိုကြီး ဟောက်ချန်က တုန်ယင်စွာဖြင့် ပြောလိုက်သည်။ “အရှင်မင်းမြတ်... ဧကရာဇ်ဟောင်းက အစာအိမ် အားနည်းတော့ ဒီလောက် အများကြီး မစားနိုင်ပါဘူး။”
ဧကရာဇ်က အေးစက်စက်ဖြင့် မေးလိုက်၏။ “ကိုယ်တော်က ခမည်းတော်ကို များများ စားစေချင်တာလေ။ ဒါကိုတောင် ခင်ဗျားက ဝင်စွက်ဖက်ချင်သေးတာလား။”
ထို့နောက် သူ ဆက်လက် ခွံ့ကျွေးနေတော့သည်။
ဧကရာဇ်ဟောင်းသည် ဆက်မစားနိုင်တော့သော်လည်း အစွမ်းကုန် ကြိုးစားကာ မျိုချရင်း ပြောလိုက်၏။ “ဒါကလည်း ဧကရာဇ်ရဲ့ မိဘကျေးဇူး သိတတ်တဲ့ စိတ်ထားပဲလေ။ ငါ အလဟဿ မဖြစ်စေရပါဘူး။”
မယ်တော်မိဖုရားခေါင်ကြီးသည် တူကို ချထားလိုက်ပြီး ပြောလိုက်သည်။ “အိုက်ကျား... စားလို့ ဝပြီ။ သွားတော့မယ်။”
(အိုက်ကျား - မယ်တော်မိဖုရားခေါင်ကြီး သို့မဟုတ် မုဆိုးမ မိဖုရားကြီးကိုယ်ကိုယ်တိုင် ခေါ်ဆိုသော အသုံးအနှုန်း)
အိုက်ကျားဆိုသည့် စကားလုံးကို ကြားလိုက်ရချိန်မှာတော့ ဟောက်ချန်၏မျက်နှာ အနည်းငယ် ပျက်ယွင်း သွားတော့၏။ ‘ဧကရာဇ်ဟောင်းက မသေသေးဘူးလေ။ မယ်တော်မိဖုရားခေါင်ကြီး ခင်ဗျားက မုဆိုးမမှ မဟုတ်သေးတာ၊ ဘာလို့ အိုက်ကျားလို့ ခေါ်နေရတာလဲ။’
မိဖုရားကြီးက ပြောလိုက်သည်။ “မယ်တော်... သမီးတော်က မယ်တော်ကို နန်းဆောင်အထိ လိုက်ပို့ပေးပါ့မယ်။”
“ကောင်းပြီ။” မယ်တော်မိဖုရားခေါင်ကြီး မတ်တတ်ရပ်လိုက်၏။
မိဖုရားကြီးသည် မယ်တော်မိဖုရားခေါင်ကြီးကို တွဲကာ ဤအတိုင်းပင် ထွက်ခွာသွားကြပြီး ဧကရာဇ်ဟောင်းကို လုံးဝ အရိုအသေ မပေးခဲ့သောကြောင့် အမှန်တကယ်ပင် ရိုင်းစိုင်းလွန်းလေသည်။
ထို့နောက် မိန်းမစိုးကြီး တစ်ဦး ဝင်ရောက်လာပြီး ဒူးထောက်ကာ ပြောလိုက်၏။ “ကျုပ် ဟောက်ကျိ အရှင်မင်းမြတ်ကို အရိုအသေပေးပါတယ်။ ဧကရာဇ်ဟောင်းကို အရိုအသေပေးပါတယ်။”
မိန်းမစိုးအိုကြီး ဟောက်ချန် အနည်းငယ် တုန်လှုပ်သွားသည်။
ဤ ဟောက်ကျိ သည် ယခင်က ထျန်းယန် ဧကရာဇ်ကို အလုပ်အကျွေး ပြုခဲ့ဖူးသော်လည်း ကြီးမားသော အမှားကျူးလွန်ခဲ့သောကြောင့် ထျန်းယန် ဧကရာဇ်၏ အမိန့်ဖြင့် ကြိမ်ဒဏ် အချက်ဆယ်ချီ ရိုက်နှက်ခံရပြီး အိမ်သာဆေးရန် နယ်နှင်ဒဏ် ပေးခံခဲ့ရကာ အနိမ့်ကျဆုံးသော မိန်းမစိုး ဖြစ်သွားခဲ့၏။
ယခုအခါ ဧကရာဇ် ဝမ်ယွင်က သူ့ကို မိန်းမစိုးကြီးအဖြစ် ရာထူးတိုးပေးလိုက်သည်လား။
ဧကရာဇ်က ပြောလိုက်၏။ “ခမည်းတော်... ဟောက်ကျိကလည်း အရင်တုန်းက ခမည်းတော် အသုံးပြုခဲ့ဖူးတဲ့ လူဟောင်း တစ်ယောက်ပါ။ ဒါကြောင့် ဒီနေ့ကစပြီး သူက ခမည်းတော်ရဲ့ ရှန်ချင်းနန်းဆောင် အသေးလေးရဲ့ တာဝန်ခံ မိန်းမစိုးကြီး ဖြစ်လာပါလိမ့်မယ်။”
‘ဘာအဓိပ္ပာယ်လဲ။ ဧကရာဇ်ဟောင်းကို ရန်ငြိုးထားနေတဲ့ သူတစ်ယောက်ကို တာဝန်ခံ မိန်းမစိုးကြီးအဖြစ် ခန့်အပ်လိုက်တယ် ဟုတ်လား။’
“ဝင်လာခဲ့...”
အမိန့်ပေးသံနှင့်အတူ မိန်းမစိုး ရာချီခန့် ဝင်ရောက်လာပြီး မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြသည်။
ဧကရာဇ်က ပြောလိုက်၏။ “ဧကရာဇ်ဟောင်းက အေးအေးချမ်းချမ်း နေရတာကို သဘောကျတယ်။ နေ့တိုင်း တရားကျင့်ရမယ်။ ဒါကြောင့် ဘယ်သူမှ ဧကရာဇ်ဟောင်းရဲ့ တရားကျင့်ကြံမှုကို လာမနှောင့်ယှက်စေနဲ့။ ကြားလား။”
မိန်းမစိုးကြီး ဟောက်ကျိက ပြောလိုက်သည်။ “အရှင်မင်းမြတ် စိတ်ချပါ။ ဒီမှာ မိန်းမစိုး ရာချီ ရှိပါတယ်။ အပြင်ဘက်မှာလည်း တော်ဝင် သက်တော်စောင့်တပ် ထောင်ချီ ရှိပါတယ်။ ယင်ကောင် တစ်ကောင်တောင် အထဲဝင်လာပြီး ဧကရာဇ်ဟောင်းရဲ့ တရားကျင့်ကြံမှုကို နှောင့်ယှက်ခွင့် မပြုပါဘူး။”
ဤစကားမှာ အပေါ်ယံတွင် တင့်တယ်လှပသယောင် ရှိသော်လည်း၊ အတွင်းသဘော၌မူ ပို၍ပင် ယုတ်မာ ရက်စက်သော စေတနာ ဆိုးရွားမှုများ ကိန်းအောင်းနေ၏။
အဓိပ္ပာယ်ကို ဖွင့်ဆိုရလျှင် ယနေ့မှစ၍ ဧကရာဇ်ဟောင်းသည် မည်သည့် အရပ်ဖက်၊ စစ်ဖက်ဆိုင်ရာ အမတ်ကြီးများကိုမှ တွေ့ဆုံခွင့် မရှိတော့သည့်အပြင်၊ ပြင်ပမှ လူသားတစ်ဦးတစ်ယောက်နှင့်မှ အဆက်အသွယ် ပြုခွင့် မရှိတော့ဟု ဆိုလိုခြင်း ဖြစ်သည်။
ဤသည်ကား အတင်းအကျပ် အကျယ်ချုပ် ချထားခြင်းမျိုးသာမက လက်တွေ့တွင်မူ ဘဝပျက်အောင် အကျဉ်းချ ထားလိုက်ခြင်းပင် ဖြစ်၏။
ဧကရာဇ်ဟောင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကောင်းတယ်.... ကောင်းတယ်။ ငါက အေးအေးချမ်းချမ်း နေရတာကို သဘောကျပါတယ်။ ဧကရာဇ်ရဲ့ ဒီအစီအစဉ်က အရမ်းကောင်းပါတယ်။”
ဧကရာဇ်က ပြောလိုက်၏။ “ခမည်းတော်... သားတော်က ခမည်းတော်နဲ့ စကားပြောဖော် လုပ်ပေးပါ့မယ်။”
ဧကရာဇ်ဟောင်းက ပြန်ပြောလိုက်သည်။ “မလိုပါဘူး။ ဧကရာဇ်လည်း တစ်နေ့လုံး ပင်ပန်းနေပြီပဲ။ သွားပြီး ကောင်းကောင်း အနားယူလိုက်ပါ။ ဟုတ်သားပဲ... ရှန်ရှန်းလေးရော။ သူမကို ငါ့ဆီ ခဏခဏ လာလည်ဖို့ ပြောပေးလို့ ရမလား။”
ဧကရာဇ်ဟောင်း၏ ဤတောင်းဆိုချက်မှာ လုံးဝ မလွန်ကဲချေ။ ယခင်က မင်းသမီး ရှန်ရှန်း သည် ရှန်ချင်းနန်းဆောင် အတွင်း၌ ဧကရာဇ်ဟောင်းကို အဖော်ပြုပေးခဲ့သည် မဟုတ်ပါလား။
သို့ပေမည့် ဧကရာဇ်က ဖြည်းညင်းစွာ ပြောလိုက်သည်။ “ခမည်းတော်... ရှန်ရှန်းက အိပ်မက်ဆိုးတွေ မက်နေလို့ သားတော်က ခမည်းတော်ကို လန့်သွားစေမှာ စိုးလို့ပါ။ ဒါကြောင့် မတွေ့တာ ပိုကောင်းပါတယ်။”
‘မင်းသမီး ရှန်ရှန်းကိုတောင် တွေ့ခွင့် မပေးတော့ဘူးလား။’
ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “အဲဒါဆိုလည်း ကောင်းပါပြီ။ ငါက နန်းတော်ထဲမှာ တရားဝင် ရသေ့ဝတ် သွားပြီဆိုတော့ ဘယ်သူ့ကိုမှ တွေ့စရာ မလိုတော့ပါဘူး။ ဧကရာဇ် သွားတော့လေ။ တောင်ပိုင်းကျိုး အင်ပါယာက အရေးကြီးတဲ့ အချိန်ကို ရောက်နေပြီဆိုတော့ ဧကရာဇ်က ပိုပြီး ပင်ပန်းရတော့မှာပဲ။ ကိုယ့်ကိုယ်ကိုယ် ကောင်းအောင်နေပါ။”
ဧကရာဇ်၏ မျက်နှာထားမှာ အလွန် ရိုသေလေးစားနေသော်လည်း မျက်လုံးများမှာမူ အေးစက်နေပြီး မေးလိုက်သည်။ “ဘာဖြစ်လို့လဲ။ ခမည်းတော်... သားတော်မှာ လုပ်တာ မကောင်းတဲ့ အချက်တွေ ဘာတွေ ရှိလို့လဲ။ ခမည်းတော်ကို မကျေနပ်စေတဲ့ အချက်တွေ ရှိလို့လား။”
ဧကရာဇ်ဟောင်းက ပြန်ဖြေလိုက်၏။ “ငါ အဲဒီလို မပြောပါဘူး။”
ဧကရာဇ်က မေးလိုက်သည်။ “ဒါဆို ခုနက ခမည်းတော် ပြောသွားတဲ့ ကိုယ့်ကိုယ်ကိုယ် ကောင်းအောင်နေပါ ဆိုတဲ့ စကားက ဘာအဓိပ္ပာယ်လဲ ဆိုတာ သားတော် နားမလည်တော့ဘူး။”
ဧကရာဇ်ဟောင်းက တုန်ယင်စွာဖြင့် ပြန်ပြောလိုက်၏။ “အင်း... အဲဒါ ငါ စကားမှားသွားတာပါ။ ငါ စကားမှားသွားတာပါ။”
ဧကရာဇ်က ပြောလိုက်သည်။ “သားတော် မဝံ့ရဲပါဘူး။ အချိန်လည်း မစောတော့ဘူးဆိုတော့ ခမည်းတော် စောစော အနားယူပါတော့။”
ထို့နောက် ဧကရာဇ်သည် ထွက်ခွာသွားတော့၏။
‘ဒီအချက်မှာ ဧကရာဇ်က လီရှီမင် ထက် အများကြီး နိမ့်ကျနေပါသေးတယ်။ နည်းနည်းလောက် အောင်မြင် လာတာနဲ့ မာနထောင်လွှားသွားတာပဲ။’
ရွှမ်ဝူတံခါး အရေးအခင်း ပြီးဆုံး၍ လီရှီမင် ဧကရာဇ်အဖြစ် နန်းတက်လာချိန်မှာတော့ သူသည် ဧကရာဇ်ဟောင်းအား နန်းတော်တွင်း၌သာ အကျယ်ချုပ်သဘောမျိုး ထားရှိကာ ပြင်ပလူများနှင့် တွေ့ဆုံခွင့်ကို ပိတ်ပင်ခဲ့သည်။
သို့ရာတွင် ထိုသို့ အကျယ်ချုပ် ချထားသည့် ကာလအတွင်း၌ပင် လီရှီမင်သည် ဖခမည်းတော် လီယွမ်အပေါ်၌ ပိုမို၍ ရိုသေခန့်ညားမှုကို ပြသခဲ့သေး၏။
တစ်ခါတစ်ရံ အကြောင်းရင်း သတ်သတ်မှတ်မှတ် မရှိဘဲ လီယွမ်၏ ရင်ခွင်တွင်းသို့ ဝင်ရောက်ကာ ဖခင်ဖြစ်သူ၏ ပြုစုပျိုးထောင်ပေးခဲ့သော ကျေးဇူးတရားများကို အောက်မေ့တသလျက် မျက်ရည်စက်လက်ဖြင့် ကျေးဇူးတင် စကား ဆိုခဲ့ဖူး၏။ ဤကဲ့သို့သော အခြေအနေမျိုးဖြင့် ကိုးနှစ်တိုင်တိုင် ဖြတ်သန်းခဲ့ကြခြင်း ဖြစ်သည်။
‘ခင်ဗျား ဧကရာဇ် ဝမ်ယွင်ကတော့ တစ်ရက်တောင် မစောင့်နိုင်တော့ဘူးလား။ တကယ်ကို အမုန်းတွေကို မြန်မြန်ဆန်ဆန် ဖြေရှင်းချင်နေတာပဲ။’
မိန်းမစိုးကြီး ဟောက်ကျိက ပြောလိုက်၏။ “လာကြစမ်း... ဧကရာဇ်ဟောင်းကို ရေချိုး အဝတ်အစား လဲပေးကြ။”
မိန်းမစိုး အချို့ ရှေ့သို့တက်လာပြီး ဧကရာဇ်ဟောင်း၏ အဝတ်အစားများကို ချွတ်ကာ ရေချိုးစည်ပိုင်း အတွင်းသို့ ထည့်၍ ဆေးကြောပေးလိုက်ကြ၏။ ထို့နောက် အဝတ်အစား အသစ်များ လဲလှယ်ပေးကာကုတင်ပေါ်သို့ တင်၍ အိပ်စက်စေလိုက်သည်။
“ဧကရာဇ်ဟောင်း... ညလည်း မစောတော့ဘူး။ အနားယူသင့်ပါပြီ။” မိန်းမစိုးကြီး ဟောက်ကျိက ပြောလိုက်၏။
ရေချိုးချိန်နှင့် အိပ်စက်ချိန်ကိုပင် တင်းကျပ်စွာ ကန့်သတ်ထားသောကြောင့် အမှန်တကယ် အကျဉ်းသား တစ်ယောက်နှင့် တူနေတော့သည်။
ထိုအချိန်တွင် မြို့တော် တစ်ခုလုံးသည် အိပ်မပျော်သော ညတစ်ညကို ဖြတ်သန်းခဲ့ကြရသည်။ လူတိုင်း ကြောက်ရွံ့ တုန်လှုပ်နေကြသော်လည်း အနည်းငယ်တော့ စိတ်သက်သာရာ ရသွားကြ၏။
နောက်ဆုံး၌ ကြောက်မက်ဖွယ်ကောင်းသော စစ်တပ် ပုန်ကန်မှုကြီး မဖြစ်ပေါ်ခဲ့သလို ဖခင်နှင့် သား အချင်းချင်း သတ်ဖြတ်ပြီး သွေးချောင်းစီးမည့်ကိစ္စလည်း မဖြစ်ပေါ်ခဲ့ချေ။
ဤကြီးမားသော အပြောင်းအလဲကြီးသည် ထူးဆန်းသော ပုံစံဖြင့် ပြီးဆုံးသွားသကဲ့သို့ ဖြစ်နေသည်။ ဧကရာဇ် နှစ်ပါး၏ စစ်ပွဲသည် ဤသို့ပင် ပြီးဆုံးသွားသကဲ့သို့ ဖြစ်နေပြီး ဧကရာဇ်၏ ကြီးမားသော အောင်ပွဲဖြင့် အဆုံးသတ် သွားခဲ့၏။
ဧကရာဇ်ဟောင်းတွင် ရှိသော တစ်ခုတည်းသော စစ်တပ်သည်လည်း ရုပ်သိမ်းခံလိုက်ရပြီး လန်ကျိုးသို့ မောင်းထုတ်ခံလိုက်ရကာ ဧကရာဇ်ဟောင်း၏ ဘေးနားရှိ လူများလည်း မောင်းထုတ်ခံလိုက်ရသည်။
ထို့အပြင် ရှန်ချင်းနန်းဆောင်မှနေ၍ နန်းတော် အတွင်းသို့ အတင်းအကျပ် ပြောင်းရွှေ့ခံရပြီး အကျယ်ချုပ် ချခံလိုက်ရ၏။
ထို့အပြင် အောက်ယွီ နှင့် ဧကရာဇ်ဟောင်း တို့သည်လည်း လုံးဝ အဆက်အသွယ် ပြတ်တောက်သွားသကဲ့သို့ ဖြစ်နေသည်။
အချုပ်အားဖြင့် ဧကရာဇ်ဟောင်း၏ ဘေးနားရှိ အတောင်ပံများ အားလုံး အကုန်အစင် ဖြတ်တောက်ခံလိုက်ရပြီ ဖြစ်သည်။ ဧကရာဇ်ဟောင်း နှင့် အောက်ယွီ တို့သည် လုံးဝ ရှုံးနိမ့်သွားသကဲ့သို့ပင် ဖြစ်လို့နေ၏။
ဧကရာဇ်ဟောင်းသည် အကျဉ်းသားတစ်ဦးကဲ့သို့ ဖြစ်သွားရရုံမက အောက်ယွီသည်လည်း အကျဉ်းသား တစ်ယောက် ဖြစ်မသွားပေဘူးလား။
ဧကရာဇ်သည် အောက်ရှင်းနှင့် အောက်ယွီတို့ မိသားစုအား နေအိမ်အသစ်တစ်လုံး ချီးမြှင့်၍ ထိုအိမ်တော်၌ပင် ဒဏ်ရာများကို ကုသခွင့် ပြုထားခဲ့သည်။
သို့ရာတွင် ထိုအိမ်တော်၏ ပြင်ပ၌မူ ဟေးပင်းထိုင်မှ စစ်သည် နှစ်ထောင်ကျော်က ယင်ကောင် တစ်ကောင်မျှပင် ဝင်နိုင်စွမ်း မရှိအောင် အစောင့်အရှောက်များဖြင့် ဝိုင်းရံပိတ်ဆို့ထားရာ မည်သူမှ ဝင်ခွင့်မရှိသလို မည်သူမှလည်း ထွက်ခွင့် မရှိချေ။
ထို့ကြောင့် အောက်ယွီ တစ်ယောက်တည်းသာ ထောင်ကျနေသည် မဟုတ်ဘဲ အောက်ရှင်းတစ်မိသားစုလုံး အကျဉ်းကျနေခြင်း ဖြစ်သည်။
တော်ဝင်ဆေးခန်းမှ သမားတော်များသည် နေ့စဉ်နှင့်အမျှ လာရောက်၍ အောက်ယွီ၏ ခန္ဓာကိုယ်ကို စစ်ဆေးလျက် အစွမ်းကုန် ကုသပေးနေကြ၏။
သူတို့အနေဖြင့် အောက်ယွီ၏ ဒဏ်ရာအနာတရအားလုံးကို လုံးဝဥဿုံ ပျောက်ကင်းအောင် ကုသပေးရမှာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ ပြန်လည်ကျန်းမာလာမှသာ အရှင်လတ်လတ် အရေခွံခွာ၍ သတ်ဖြတ်မည့် ညှဉ်းပန်းနှိပ်စက်မှုကို ခံနိုင်ရည်ရှိမည် ဖြစ်သောကြောင့်ပင်။
တစ်ဖက်တွင်လည်း တရားရုံးသုံးရပ် ပူးပေါင်းစစ်ဆေးမှုသည် အရှိန်အဟုန်ပြင်းစွာဖြင့် ဆက်လက် လည်ပတ်နေသည်။
အောက်ယွီ ကိုယ်တိုင် တက်ရောက်နိုင်ခြင်း မရှိသော်လည်း စုံစမ်းစစ်ဆေးရေးရုံး၊ မှုခင်းစုံစမ်းရေး ဝန်ကြီးဌာနနှင့် တရားလွှတ်တော်ချုပ်တို့က အမှုကို မပျက်မကွက် ဆက်လက်စစ်ဆေးနေကြ၏။
သေဆုံးသူ စီးကွမ်မှာ မြို့စားမင်း၏ သားတော်ဖြစ်နေသောကြောင့် ဤတရားရုံးသုံးရပ် ပူးပေါင်းစစ်ဆေးမှုကို တော်ဝင်တရားရုံးအကြီးအကဲ စုချင်ဝမ် ကိုယ်တိုင် ကြီးကြပ်ကွပ်ကဲနေခြင်း ဖြစ်သည်။
တော်ဝင်သမားတော် လင်ကျုံးရင်က စီးကွမ်၏ ရုပ်အလောင်းကို စစ်ဆေးပြီးနောက် စီးကွမ်သည် လုပ်ကြံ သတ်ဖြတ်ခံရခြင်းကြောင့် သေဆုံးသွားရခြင်း ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာလိုက်၏။
ထို့နောက် တရားလွှတ်တော်ချုပ် အကြီးအကဲ ဖူရန်လုံက တရားဝင် စီရင်ချက် ချမှတ်လိုက်၏။ အောက်ယွီ၏ လုပ်ကြံမှု ပြစ်မှုမှာ ထင်ရှားလှသောကြောင့် မူလက ခေါင်းဖြတ်သေဒဏ် ချမှတ်ရမည် ဖြစ်သော်လည်း၊ သတ်ဖြတ်ခံရသူမှာ မြို့စားမင်း၏ သားတော် ဖြစ်နေသည့်အတွက်ကြောင့် အရှင်လတ်လတ် အရေခွံခွာ၍ သတ်ဖြတ်စေရန် ပြစ်ဒဏ် တိုးမြှင့်စီရင်လိုက်သည်။
အောက်ယွီ၏ ဒဏ်ရာများ ပျောက်ကင်း၍ သတိပြန်လည်လာသည်နှင့်တပြိုင်နက် ချက်ချင်း တရားဝင် ကွပ်မျက်တော့မှာဖြစ်၏။
…………….