အခန်း ၆၀၃
Vol. 41 Ch. 603
အခန်း (၆၀၃) လီကျောက်ခွန် ၏ ဟောကိန်းနှင့် သူ၏ ဓားချက်က ပေတစ်သောင်းမြင့်သော ဆူနာမီ ကို ထိုးခွဲလိုက်ခြင်း
“တပည့်တွေရဲ့ တာဝန် တိုးတက်မှုက တကယ်ကို မြန်တာပဲ”
ယဲ့ဖုန်းက အနည်းငယ် ပြုံးကာ ပြောလိုက်၏။
ထိုအခိုက်အတန့်တွင် သူက ကြယ်တာရာ ဟင်းလင်းပြင်ထဲတွင် တရားထိုင်လျက် ဟူဖေးဖေး.. ပြင်ဆင်ပေးထားသော ဝိညာဉ်လက်ဖက်ရည် ကို တစ်ကျိုက်ချင်း စုပ်သောက်ရင်း လုံးဝကို သက်တောင့်သက်သာ ရှိနေကာ တစ်ရေးလောက် အိပ်ချင်နေပြီ ဖြစ်သည်။
ယခုအခါ သူ၏ ရုပ်ခန္ဓာ ခွန်အား၊ သူရဲကောင်း ဝိညာဉ်စွမ်းအား နှင့် သတ်ဖြတ်ခြင်း အရှိန်အဝါ တို့က တစ်ခုပြီး တစ်ခု..ဟင်းလင်းပြင်ဖြိုခွဲ အဆင့် သို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်ရာ သူ၏ စွမ်းအားများက တစ်ဟုန်ထိုး တက်လာခဲ့၏။
အကယ်၍ သူက စွမ်းအားအပြည့် ထုတ်သုံးမည်ဆိုလျှင် ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ပဉ္စမအလွှာ သို့မဟုတ် ဆဋ္ဌမအလွှာ တွင် ရှိသူများပင်လျှင်. .သူ့ကို ယှဉ်နိုင်မည် မဟုတ်ချေ။
ထိုမျှလောက် ပြင်းထန်သော ခွန်အားများဖြင့် တစ်လလျှင် တစ်ကြိမ် အသုံးပြုနိုင်သော မြင့်မြတ်သော နတ်ဘုရားပုံစံ ကိုပါ ပေါင်းစပ်လိုက်မည်ဆိုလျှင် ရှေ့ဖြစ်ဟော မျိုးနွယ်စု နှင့် ဝိညာဉ်ဝါးမြို မျိုးနွယ်စု တို့ကို ရင်ဆိုင်ရန် လုံလောက်သော ယုံကြည်မှု ရှိနေပြီဟု ယဲ့ဖုန်း ခံစားလိုက်ရသည်။
သို့သော် ယဲ့ဖုန်းသည် ထိုကြယ်တာရာ ဟင်းလင်းပြင် အင်အားစုကြီး နှစ်ခုနှင့် ဤမျှ စောစီးစွာ ထိပ်တိုက် မရင်ဆိုင်ချင်သေးဘဲ ဂိုဏ်းကို တည်ငြိမ်စွာ ဆက်လက် ဖွံ့ဖြိုးတိုးတက်စေရန်သာ မျှော်လင့်နေသည်။
“ငါ ခဏလောက် အိပ်လိုက်ဦးမယ်”
ယဲ့ဖုန်းက မျက်လုံးများကို မှိတ်ကာ အိပ်ပျော်သွားတော့၏။
နတ်ဘုရားမျိုးနွယ်စု တိုက်ကြီး။
ချောင်ကျားရှီး၊ လုံထျန်းရှင်း နှင့် ဝမ်ဖင်းအန်း တို့က အဖွဲ့ တစ်ဖွဲ့ ဖွဲ့လိုက်ကြပြီး လီကျောက်ခွန် နှင့် လျှို့ဝှက်စွာ တွေ့ဆုံကာ တာ့ယွီ မင်းဆက် ၏ မြောက်ပိုင်း နယ်စပ်ရှိ မြို့ကြီး တစ်မြို့သို့ သွားရောက်ပြီး ဗေဒင်ဟောသည့် ဆိုင်ခန်း တစ်ခု ဖွင့်လှစ်လိုက်ကြသည်။
“လာကြ ၊ လာကြ ၊ လာကြည့်ကြဗျို့။ မြူခိုးဂိုဏ်း က အင်မော်တယ် တွေက အခမဲ့ ဗေဒင်ဟောပေးနေပါတယ်။ အကယ်လို့.. ဟောတာ မှားသွားရင် လုံထျန်းရှင်း ကို လာထိုးလို့ ရပါတယ်ဗျို့”
ဝမ်ဖင်းအန်း က သူ၏ သံအိုးကြီးကို "ချွင်... ချွင်... ချွင်... " မြည်အောင် တီးကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ ရေတွက်၍မရနိုင်သော ပြည်သူများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့ပြီး ဝိုင်းအုံလာကြတော့၏။
“မင်း ဟောတာ မှားရင် ဘာလို့ သူတို့က ငါ့ကို လာထိုးရမှာလဲ” လုံထျန်းရှင်း က မျက်နှာ သုန်မှုန်ကာ ပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ စီနီယာအစ်ကို က အရိုက်ခံနိုင်လို့လေဗျာ”
ဝမ်ဖင်းအန်း က မျက်နှာပြောင်တိုက်ကာ ပြောလိုက်ရာ လုံထျန်းရှင်း မှာ နှုတ်ခမ်းကိုသာ ကိုက်ထားလိုက်တော့၏။
အခြား နှစ်ယောက်၏ မျက်နှာများမှာလည်း ထူးဆန်းနေကြသည်။
ဝမ်ဖင်းအန်း သည် တကယ့်ကို အရှက်မရှိကြောင်း သူတို့ ဝန်ခံရမည် ဖြစ်၏။ သူ၏ ပါးစပ်က နတ်ဘုရား အလင်းတန်းများ ထိတွေ့ထားသလို လူများကို ချစ်လည်းချစ်၊ မုန်းလည်းမုန်းချင်အောင် လုပ်နိုင်သော စကားများကို ပြောထွက်နေသည်။
“မင်းတို့က တကယ်ပဲ မြူခိုးဂိုဏ်း က အင်မော်တယ်တွေလား”
“မင်းတို့က လိမ်ညာလှည့်စားတဲ့ လူတွေ မဟုတ်ပါဘူးနော်”
“မင်းတို့ တကယ် ဗေဒင်ဟောတတ်လို့လား”
မြို့သူမြို့သားများက ဝမ်ဖင်းအန်း၊ လီကျောက်ခွန် နှင့် အခြားသူများကို စူးစမ်းချင်စိတ်များ ပြည့်နှက်စွာဖြင့် ဝိုင်းရံထားကြသည်။
“သေချာတာပေါ့ ငါတို့က မြူခိုးဂိုဏ်း ကပဲ” လုံထျန်းရှင်း က သူ၏ ကိုယ်ပိုင် အမှတ်အသား တံဆိပ်ပြား ကို ထုတ်ပြလိုက်၏။
လူအုပ်ကြီးက အမှန်တရား ဟုတ်မဟုတ် သေချာ မသိကြသော်လည်း သူတို့၏ ဘေးတွင် ဆက်လက် စုရုံးနေကြဆဲပင် ဖြစ်သည်။
သတ္တိပိုကောင်းသော လူအချို့က လီကျောက်ခွန် ထံတွင် ဗေဒင်စတင် တွက်ချက်ခိုင်းကြပြီး သိပ်မကြာခင်မှာပင် အားလုံး အံ့အားသင့်သွားကြရတော့၏။
လီကျောက်ခွန် ၏ ဟောကိန်းများက အလွန် တိကျမှန်ကန်လှသည်။
သူ ဟောကိန်းထုတ်ခဲ့သမျှ အရာအားလုံးက တစ်ခုမကျန် အမှန်တကယ် ဖြစ်လာခဲ့ရာ ပတ်ဝန်းကျင်ရှိ လူများကြားတွင် ပွက်လောရိုက်သွားသည်။ သတင်းက တောမီးပမာ လျင်မြန်စွာ တောက်လောင်သွားကာ သိပ်မကြာခင်မှာပင် မြို့တစ်မြို့လုံး ပွက်လောရိုက်သွားတော့၏။
[ဂိုဏ်း ဂုဏ်သတင်း တန်ဖိုး + ၁၈၉ (လီကျောက်ခွန်)]
... ... ...
[ဂိုဏ်း ဂုဏ်သတင်း တန်ဖိုး + ၁၃၄ (လီကျောက်ခွန်)]
အချိန်တိုလေး အတွင်းမှာပင် လီကျောက်ခွန် ၏ နာမည်ကျော်ကြားမှုက လူဦးရေ သန်းနှင့်ချီ နေထိုင်သော မြို့တစ်မြို့လုံးသို့ တောက်လောင်သွားပြီး ဂုဏ်သတင်း တန်ဖိုး အမြောက်အမြားကို ယူဆောင်လာပေးတော့သည်။
ယဲ့ဖုန်းက စနစ် ၏ အသိပေးချက်ကို ကြားလိုက်ရပြီး တပည့်များက ဂုဏ်သတင်း တန်ဖိုး များကို ပိုမို ယူဆောင်လာနေကြောင်း တွေ့ရှိလိုက်ရ၏။
ဤအရှိန်နှုန်းဖြင့်ဆိုလျှင် ရက်အနည်းငယ် အတွင်းမှာပင် တစ်သန်း ကို ကျော်လွန်သွားမည် ဖြစ်သည်။
“တကယ် မြန်တာပဲ”
ယဲ့ဖုန်းက ခပ်အေးအေးပင် မှတ်ချက်ချလိုက်ပြီး အလွန်အမင်း စိတ်မလှုပ်ရှားခဲ့ချေ။
အကယ်၍ လုကျန်း ရှေ့ဖြစ်ဟောဆရာ ၏ နတ်ဘုရားမျိုးနွယ်စု တိုက်ကြီး ကို ကျူးကျော်မှုသာ မရှိခဲ့လျှင် ဟူဖေးဖေး အနေဖြင့် အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်မည် မဟုတ်သလို မြူခိုးဂိုဏ်း ၏ ဂုဏ်သတင်းကိုလည်း နတ်ဘုရားမျိုးနွယ်စု တိုက်ကြီး တစ်ခုလုံးသို့ ဤမျှ လျင်မြန်စွာ တောက်လောင်စေနိုင်မည် မဟုတ်ချေ။
ဤအခြေခံအုတ်မြစ်ကြောင့်သာ တပည့်များက ဂုဏ်သတင်း တန်ဖိုး များကို ဤမျှ လျင်မြန်သော အရှိန်နှုန်းဖြင့် ယူဆောင်လာနိုင်ခြင်း ဖြစ်သည်။
*
ရက်အနည်းငယ် ကြာပြီးနောက်၊
နတ်ဘုရားမျိုးနွယ်စု တိုက်ကြီး ၏ အရှေ့ဘက် ကမ်းရိုးတန်း။
ဟိုယွင်ကျဲ က ကောင်းကင်နှင်းခဲဓား ကို ကိုင်ဆောင်ထားပြီး သူ၏ အနောက်တွင် လင်းယွီယန် နှင့် တင်းပိုင်ရွှယ် တို့က လိုက်ပါလာကြ၏။
ကမ္ဘာငယ် သုံးထောင် ၏ စမ်းသပ်မှုများကို ဖြတ်သန်းပြီးနောက် သူတို့ သုံးဦးကြားရှိ ဆက်ဆံရေးက အတော်လေး နူးညံ့သိမ်မွေ့နေသည်။
အပြင်ပန်းတွင်မူ လင်းယွီယန် နှင့် တင်းပိုင်ရွှယ် တို့သည် ဟိုယွင်ကျဲ အပေါ် ယခင်ကကဲ့သို့ ပြင်းထန်သော ခံစားချက်များကို မပြသကြတော့ဘဲ သာမန် သူငယ်ချင်းများ အနေဖြင့်သာ သူ၏ အနီးတွင် နေထိုင်ကြတော့၏။
ဤအကြောင်းရင်းကြောင့်ပင် ဟိုယွင်ကျဲ က သူမတို့ကို တွန်းမထုတ်ခဲ့ချေ။
လောလောဆယ်တွင် သူတို့ သုံးဦးသား၏ ဆက်ဆံရေးက တည်ငြိမ်နေ၏။
“နောက်ဆုံးတော့ ပင်လယ် ကမ်းစပ်ကို ရောက်လာပြီပဲ”
ဟိုယွင်ကျဲ က နတ်ဘုရားမျိုးနွယ်စု တိုက်ကြီး ၏ သမုဒ္ဒရာပြင်ကို လှမ်းကြည့်လိုက်သည်။ ၎င်းက စစ်မှန်သော ပင်လယ်ကြီးကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင် ဖြစ်သည်။
ရှန်ကျိုးတိုက်ကြီး တွင် ပင်လယ်ကို မြင်တွေ့နိုင်ရန် တောင်ဘက်သို့ မိုင်သန်းပေါင်း မည်မျှ သွားရမည်ကိုပင် မသိနိုင်ချေ။
ပင်လယ်ကို မြင်တွေ့ရန်မှာ အလွန် ခက်ခဲလွန်းလှ၏။
သို့သော် နတ်ဘုရားမျိုးနွယ်စု တိုက်ကြီး တွင်တော့ ကွာခြားသည်။
ဤတိုက်ကြီးက မိုင်သိန်းပေါင်းများစွာသာ ကျယ်ဝန်းပြီး သိပ်မကြီးမားလှချေ။ အစွန်းဘက်သို့ အနည်းငယ် ပျံသန်းသွားရုံဖြင့် ကျယ်ပြောလှသော အပြာရောင် သမုဒ္ဒရာပြင်ကြီးကို မြင်တွေ့နိုင်သည်။
“ပင်လယ်ကြီးက တကယ်ကို အံ့မခန်းပဲ။ အဆုံးအစ မရှိသလိုပဲ။ အထူးသဖြင့် ရေနဲ့ ကောင်းကင် ထိစပ်နေတဲ့ နေရာဆိုရင် ကောင်းကင်နဲ့ သမုဒ္ဒရာ ပေါင်းစပ်သွားသလို အံ့သြစရာကောင်းတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်တယ်”
တင်းပိုင်ရွှယ် က အံ့အားသင့်စွာ ရေရွတ်လိုက်၏။
“ကြည့်စမ်း ပင်လယ်ပြင်ပေါ်က ရှုခင်းတွေက အရမ်း အံ့သြစရာ ကောင်းလွန်းတယ်”
လင်းယွီယန် ကလည်း ပင်လယ်နက်ပိုင်းဆီသို့ လက်ညှိုးထိုးပြကာ သူမ၏ အံ့အားသင့်မှုကို ထုတ်ဖော်ပြသလိုက်သည်။
ဟိုယွင်ကျဲ ကတော့ နှုတ်ဆိတ်နေဆဲပင်။
သူက ကောင်းကင်နှင်းခဲဓား ကို ဆုပ်ကိုင်ထားပြီး ပင်လယ်နက်ပိုင်းဆီသို့ လှမ်းကြည့်လိုက်သည့်အခိုက်၊ ဒေါသတကြီး ဖြစ်နေသော သားရဲကြီး တစ်ကောင်ပမာ ကမ်းရိုးတန်းရှိ ပင်လယ်ကမ်းစပ် မြို့ကြီး တစ်မြို့ဆီသို့ ပြေးဝင်လာနေသော ဧရာမ လှိုင်းလုံးကြီး တစ်ခုကို မြင်တွေ့လိုက်ရ၏။
“မကောင်းတော့ဘူး ၊ ပင်လယ် မိစ္ဆာသားရဲ တစ်ကောင်ပဲ”
ထိုမြို့အတွင်းမှ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် သတ္တမအလွှာ ရှိသော အစွမ်းထက် ကျင့်ကြံသူ တစ်ဦးက လေထဲသို့ ပျံတက်လာပြီး သူ၏ လက်များဖြင့် လက်ဟန်များ ရေးဆွဲကာ ဆူနာမီ ကြီးကို အေးခဲစေရန် ကြိုးစားလိုက်သည်။
“ဂျွတ်... ဂျွတ်... ဂျွတ်...”
ထိုလူ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ဆူနာမီ ကြီးက ချက်ချင်း ရေခဲတောင်ကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး နောက်ဆက်တွဲ လှိုင်းလုံးများက ၎င်းအပေါ်တွင် ရိုက်ခတ်ကာ သူတို့၏ အဟုန်များ သိသိသာသာ လျော့ကျသွားတော့၏။
“ဝေါင်း...”
သို့သော် ပင်လယ်နက်ပိုင်းမှ ရက်စက်ကြမ်းကြုတ်သော ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာသည်။
နောက်တစ်စက္ကန့်တွင် ရေဘဝဲ ၏ အောက်ပိုင်းနှင့် ခရုခွံများ ဖုံးလွှမ်းနေသော အထက်ပိုင်း ပါရှိသည့် သတ္တဝါ တစ်ကောင်က ရေပြင်ကို ထိုးဖောက်ထွက်လာ၏။ လေထဲသို့ ပေတစ်ရာခန့် ပျံတက်လာကာ အပြာရင့်ရောင် တူကြီး တစ်လက်ကို ဝှေ့ယမ်းပြီး ရေခဲတောင်ကြီး ကို ရိုက်ခွဲပစ်လိုက်သည်။
“အသုံးမကျတဲ့ လှည့်ကွက်တွေနဲ့ ငါ့ကို တားရဲတယ်ပေါ့လေ”
ပင်လယ် မိစ္ဆာသားရဲ က သရော်လိုက်ပြီး အပိုင်းအစများစွာကို နင်းကာ ဧရာမ တူကြီး ကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်ရာ နောက်ထပ် ဆူနာမီ များကို ဖန်တီးလိုက်ပြီး လူပေါင်း သိန်းနှင့်ချီ နေထိုင်သော မြို့ကြီးကို ဝါးမြိုရန် ကြိုးစားလိုက်တော့၏။
“မင်း ဘယ်လောက်တောင် ရဲတင်းလိုက်တဲ့ကောင်လဲ”
ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် သတ္တမအလွှာ ပညာရှင် က ပြေးထွက်လာသော်လည်း ပင်လယ် မိစ္ဆာသားရဲ ၏ တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရသွားပြီး သွေးများ အန်ကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး သတိလစ်မလို ဖြစ်သွားတော့သည်။
“မြို့စားမင်း”
လူတွေက ရင်ကွဲမတတ် အော်ဟစ်လိုက်ကြသည်။
“ဒီနေ့ မင်းတို့ရဲ့ တျန်ဟိုင်မြို့ ဆိုတာ မရှိတော့ဘူး” ပင်လယ် မိစ္ဆာသားရဲ က ဟားတိုက်ရယ်လိုက်ပြီး ဧရာမ လှိုင်းလုံးကြီးများကို နင်းကာ ပြင်းထန်သော အရှိန်အဝါဖြင့် လူတိုင်းကို ဆန့်ကျင်သော ခွန်အားဖြင့် တျန်ဟိုင်မြို့ ဆီသို့ လိမ့်ဆင်းလာတော့၏။
လူပေါင်း သိန်းနှင့်ချီ၏ မျက်နှာများမှာ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြောင်းလဲသွားကြသည်။
သူတို့၏ အမြင်တွင် ကမ္ဘာပျက်မည့် နေ့ရက်ကို ရောက်လာပြီဟု ထင်မှတ်သွားကြ၏။
“ဓား...ဆွဲ ထုတ်ခြင်း... အတတ်”
သို့သော် ထိုအခိုက်အတန့်မှာပင် အထက် ကောင်းကင်ယံမှ ပဲ့တင်ထပ်လာသော အသံတစ်သံက လူတိုင်းကို လန့်ဖျပ်သွားစေသည်။
အကြည့်အားလုံးက အသံလာရာဆီသို့ လှည့်သွားကြ၏။
နှင်းကဲ့သို့ ဖြူစင်သော ဝတ်ရုံဖြူကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးက သူ၏ ဓားကို ထူးဆန်းသော ပြောင်းပြန်ပုံစံဖြင့် ဆုပ်ကိုင်ထားပြီး ခွန်အားအပြည့်ဖြင့် ဓားကို ထုတ်လိုက်သည်ကို သူတို့ မြင်တွေ့လိုက်ရသည်။
ထိုအခိုက်အတန့်။
နေမင်းကြီးပမာ တောက်ပသော ဓားချီ များ ဖြာထွက်လာကာ ခုတ်ပိုင်းလိုက်သည်။
ရေတွက်၍မရသော ဆူနာမီ များ ထိုဓားချက်ကြောင့် နှစ်ခြမ်းကွဲသွားသည်။
မိုးကြိုးပစ်ချလိုက်သလို ကျယ်လောင်သော အသံကြီးနှင့်အတူ ပင်လယ်ပြင်ပေါ်သို့ ရိုက်ခတ်သွားပြီး ရေမှုန်ရေမွှားများသာ ကျန်ရစ်ခဲ့တော့၏။
ပင်လယ် မိစ္ဆာသားရဲ မှာလည်း ခန္ဓာ နှစ်ခြမ်း ကွဲသွား၏။
၎င်းက ပင်လယ်ပြင်ပေါ်တွင် မျက်လုံးအပြူးသားဖြင့် လဲလျောင်းနေပြီး အသက်ရှူသံများ ကင်းမဲ့နေကာ အပြီးတိုင် သေဆုံးသွားပြီ ဖြစ်ကြောင်း ပြသနေသည်။
“ဟိုက်”
တျန်ဟိုင်မြို့ မှ လူများမှာ ထိတ်လန့်တကြား အသက်ရှူမှားသွားကြသည်။
သို့သော် ဝင်ရောက် တိုက်ခိုက်ခဲ့သော ဝတ်ရုံဖြူ ဓားသမား မှာ ဓားကို ပြန်သိမ်းလိုက်ပြီး အလွန် လှပသော မိန်းမပျို နှစ်ဦးနှင့်အတူ လေထဲမှ ပျံသန်းထွက်ခွာသွားတော့၏။ အမြင့်ဆုံးသော ပုဂ္ဂိုလ်တစ်ဦးနှင့် တူသည့် မိုးထိုးနေပြီး ခမ်းနားထည်ဝါသော ပုံရိပ် တစ်ခုကိုသာ ချန်ရစ်ထားခဲ့တော့၏။
“တာအိုမိတ်ဆွေ ..မင်းရဲ့ နာမည်ကို ပြောပြခဲ့ပါလား”
တျန်ဟိုင်မြို့ ၏ မြို့စားမင်း က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“မြူခိုးဂိုဏ်း ရဲ့ ဒုတိယ တပည့်ကြီး ဟိုယွင်ကျဲ”
အဝေးမှ အသံတစ်ခုက တဖြည်းဖြည်း လွင့်ပျံလာပြီး တျန်ဟိုင်မြို့ ရှိ ကျင့်ကြံသူတိုင်း၏ နားထဲသို့ မိုးကြိုးသံကြီးပမာ ပဲ့တင်ထပ်သွားတော့၏။
“မြူခိုးဂိုဏ်း”
လူတိုင်း၏ ရင်ထဲတွင် တုန်လှုပ်သွားကြသည်။
[ဂိုဏ်း ဂုဏ်သတင်း တန်ဖိုး + ၁၇၂၆၃၅ (ဟိုယွင်ကျဲ)]
နောက်ကွယ်တွင် ယဲ့ဖုန်းက အသိပေးချက်ကို လက်ခံရရှိလိုက်၏။
၎င်းက ချက်ချင်း မြင့်တက်လာသော ဂုဏ်သတင်း တန်ဖိုး များ မဟုတ်ဘဲ အချိန်အတိုင်းအတာ တစ်ခုအထိ စုဆောင်းထားခဲ့သော စုစုပေါင်း ပမာဏ ဖြစ်သည်။
“ယွင်ကျဲ က တစ်ခါတည်းနဲ့ ဂုဏ်သတင်း တန်ဖိုး တွေ အများကြီး ယူလာပေးတာ မဆိုးဘူးပဲ” ယဲ့ဖုန်း၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွား၏။
ထိုအခိုက်အတန့်တွင် သူက ကြယ်တာရာ ဟင်းလင်းပြင် နက်ရှိုင်းရာတွင် မျောလွင့်နေ၏။
သူ၏ လက်ထဲတွင် အေးစက်သော သတ်ဖြတ်ခြင်း ဓား ကို ကိုင်ဆောင်ထား၏။
“နှမြောစရာကောင်းတာက ဒီလောကမှာ လောလောဆယ် သင့်တော်တဲ့ ပြိုင်ဘက် မရှိသေးဘူး။ အဲဒီလိုမှ မဟုတ်ရင် သတ်ဖြတ်ခြင်း ဓား ရဲ့ စွမ်းအားကို တကယ် စမ်းသပ်ကြည့်ချင်တာ”
ယဲ့ဖုန်းက ညင်သာစွာ သက်ပြင်းချလိုက်သည်။
--