အခန်း ၆၀၈
Vol. 41 Ch. 608
အခန်း (၆၀၈) လောကငယ်လေး ၏ လျှို့ဝှက်ဆန်းကြယ်သော တံခါး၊ ဓားပျို ဂိုဏ်း
အထူးသဖြင့် ယဲ့ဖုန်း၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်နေ၏။
ကောင်းကင်၏ ရွေးချယ်ခံ တစ်ဦးအနေဖြင့် သူသည် ရှေးဟောင်း သူရဲကောင်းဝိညာဉ်စွမ်းအင် များ၏ အရှိန်အဝါကို အာရုံခံနိုင်စွမ်း ရှိသည်။ ထို့ကြောင့်ပင် တောင်ပိုင်း မြစ်ဝှမ်းနယ်မြေ ရှိ သူရဲကောင်း ဝိညာဉ်များ၏ ဝိညာဉ်စွမ်းအင်များက အခြား နေရာများထက် အများကြီး ပိုမို သိပ်သည်းနေကြောင်းကို သူ အမြဲတမ်း သိရှိထားခဲ့ခြင်း ဖြစ်၏။
သစ်မာ လွင်ပြင် အောက်တွင် တွေ့ရှိခဲ့ရသော ရှေးဟောင်း သူတော်စင်နတ်ဘုရား ၏ ဦးခေါင်းခွံ နှင့် လိမ္မော်ရောင် ကြောင်ဝတုတ် ဖြစ်သော ကြောင်ပူတင်း ပြောပြခဲ့သည့် တောင်ပိုင်း မြစ်ဝှမ်းနယ်မြေ ရှိ ရှေးဟောင်း စစ်ပွဲကြီးများ အကြောင်းကို ပေါင်းစပ် စဉ်းစားကြည့်လိုက်သောအခါ ဤ ရှေးဟောင်း သူရဲကောင်းဝိညာဉ်စွမ်းအင် များသည် ထိုခေတ်ကတည်းက ကျန်ရစ်ခဲ့ခြင်း ဖြစ်ကြောင်း ယဲ့ဖုန်း သဘောပေါက်သွားတော့သည်။
“ရှေးဟောင်း မျိုးနွယ်စုကြီး ဆယ့်ရှစ်ခု ရဲ့ အဆင့်က ဘယ်လောက်ရှိလဲ”
ယဲ့ဖုန်းက သိချင်စိတ်ဖြင့် မေးလိုက်၏။
ရှေးဟောင်း မျိုးနွယ်စုကြီး ဆယ့်ရှစ်ခု ပဲဖြစ်ဖြစ်၊ ရှေးဟောင်း မျိုးနွယ်စုကြီး ရှစ်ဆယ် ပဲဖြစ်ဖြစ် ယဲ့ဖုန်းနှင့် သိပ်တော့ ပတ်သက်မှု မရှိလှချေ။
သို့သော် သူ သိချင်သောကြောင့် မေးလိုက်ခြင်း ဖြစ်သည်။
“သူတို့ အားလုံးက ကြယ်လေးပွင့်အဆင့် အင်အားစု တွေဖြစ်ပြီး အဲဒီအဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိကြတာပါ။ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် အကြောင်း ကျွန်တော် နားလည်ထားသလောက်ဆိုရင် ရှေးဟောင်း မျိုးနွယ်စု တွေထဲက ဘယ်တစ်ခုမဆို လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ရဲ့ ဘိုးဘေးတွေကို အလွယ်တကူ ဖိနှိပ်နိုင်စွမ်း ရှိကြပါတယ်”
လိမ္မော်ရောင် ကြောင်ဝတုတ် က ရှင်းပြလိုက်၏။
၎င်းက ယဲ့ဖုန်းကို ဖားယားသော အကြည့်ဖြင့် ကြည့်ကာ “ဒါပေမဲ့ ရှေးဟောင်း မျိုးနွယ်စုကြီး ဆယ့်ရှစ်ခု ရဲ့ ခေါင်းဆောင်တွေတောင် သခင်လေးယဲ့ ကိုတော့ ယှဉ်နိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်” ဟု ပြောလိုက်၏။
“ဪ ဟုတ်လား” ယဲ့ဖုန်းက မျက်လုံးလှန်ပြလိုက်သည်။
“ကြယ်လေးပွင့်အဆင့် အင်အားစု ဆယ့်ရှစ်ခု ဟုတ်လား။ ကြောက်စရာကြီး” ထိုစကားကို ကြားသောအခါ ရှဲ့ကျားရင် နှင့် ဖန်ဟိုင်ယွင် တို့မှာ အလွန် အံ့အားသင့်သွားကြတော့၏။
သူမတို့အတွက် ကြယ်လေးပွင့်အဆင့် အင်အားစု များကသာ ကြောက်မက်ဖွယ် ကောင်းလှသည် မဟုတ်ချေ။ ကြယ်နှစ်ပွင့်အဆင့် ပင်လျှင် ဧရာမ တည်ရှိမှုကြီး တစ်ခု အဖြစ် သတ်မှတ်ခံရသည်။
“ချီး... နင်တို့က လောကကြီးကို တစ်ခါမှ မမြင်ဖူးဘူးလား” လိမ္မော်ရောင် ကြောင်ဝတုတ် က အမျိုးသမီး နှစ်ဦးကို အထင်သေးခွင့် ရသွားသဖြင့် အလျင်အမြန် မျက်စောင်းတစ်ချက် ပစ်သွင်းကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“အပုပ်ကောင် ကြောင်လေး ..နင် အရိုက်ခံချင်နေတာပဲ”
ရှဲ့ကျားရင် က ရိုက်တော့မည့်ဟန်ဖြင့် လက်သီးကို မြှောက်လိုက်၏။
“သခင်လေးယဲ့ ကယ်ပါဦး” လိမ္မော်ရောင် ကြောင်ဝတုတ် က ယဲ့ဖုန်း၏ ရှေ့တွင် ကပျာကယာ လှဲချလိုက်ပြီး ၎င်း၏ စူထွက်နေသော ဗိုက်ရွှဲကြီးကို ပြသလိုက်၏။
“မင်း ဘယ်လိုလုပ် ခိုးထွက်လာတာလဲ။ ဒါမှမဟုတ် လောကငယ်လေး က နှစ်ပေါင်းများစွာ တည်ရှိနေခဲ့တာဆိုတော့ ဘာလို့ အရင်က အဲဒီအကြောင်း ဘာမှ မကြားခဲ့ရတာလဲ”
ယဲ့ဖုန်းက လိမ္မော်ရောင် ကြောင်ဝတုတ် ကို ကြည့်ကာ မေးလိုက်၏။
“အဲဒါက ဘိုးဘေးတွေရဲ့ သွန်သင်ချက် ကြောင့်ပါ”
လိမ္မော်ရောင် ကြောင်ဝတုတ် က ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး ရှင်းပြလိုက်သည်။
“လောကငယ်လေး ဆိုတာ ရှေးဟောင်း မျိုးနွယ်စုကြီး ဆယ့်ရှစ်ခု ပူးပေါင်း အုပ်ချုပ်တဲ့ ကမ္ဘာငယ်လေး တစ်ခုပါ။ အရင်က တောင်ပိုင်း မြစ်ဝှမ်းနယ်မြေ မှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ မျိုးပြောင်းသားရဲ မျိုးစုံ နေထိုင်ကြပြီး ဒီနေရာမှာ လွတ်လွတ်လပ်လပ် ပေါက်ဖွားခွင့် ပြုထားပေမဲ့ အပြင်ထွက်ခွင့်တော့ မရှိပါဘူး”
“ဒါဆို မင်းကရော ဘာလို့ ခိုးထွက်လာတာလဲ”
ယဲ့ဖုန်းက မေးလိုက်၏။
လိမ္မော်ရောင် ကြောင်ဝတုတ် က ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကို ကုတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။
“အနှစ်တစ်ရာကို တစ်ကြိမ် ကင်းထောက်တွေက ပြင်ပလောက ရဲ့ တိုးတက်မှုကို စစ်ဆေးဖို့ မျက်နှာပြင်ကမ္ဘာ ဆီ သွားရတယ်။ ကျွန်တော်က အဲဒီ ကင်းထောက်တွေထဲက တစ်ကောင်ပါ”
“ရလဒ်ကရော” ယဲ့ဖုန်းက ဆက်မေးလိုက်၏။
လိမ္မော်ရောင် ကြောင်ဝတုတ် က အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်သည်။
“လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် က ရှေးဟောင်း သူတော်စင် တွေရဲ့ ကောင်းချီးကို ရရှိထားပြီး သဘာဝ ဝိညာဉ်စွမ်းအင် တွေ.. ပေါက်ကွဲထွက်ပေါ်လာတာကို ကျွန်တော် တွေ့ရှိခဲ့တယ်။ အတိတ်က အချိန်တွေနဲ့ ယှဉ်လို့ မရနိုင်ပေမဲ့ ရွှေခေတ် တစ်ခုထဲကို ဝင်ရောက်နေပြီပေါ့။ ရှေးဟောင်း မျိုးနွယ်စုကြီး ဆယ့်ရှစ်ခု ရဲ့ သဘောတူညီချက် အရဆိုရင် သူတို့က သူတို့ရဲ့ တည်ရှိမှုကို သေချာပေါက် ထုတ်ဖော်ကြလိမ့်မယ်”
“ထုတ်ဖော်မယ် ဟုတ်လား”
ယဲ့ဖုန်း အံ့အားသင့်သွားပြီး မေးလိုက်၏။
“မျက်နှာပြင်ကမ္ဘာ ကို ပြန်သွားပြီး တခြား အင်အားစုတွေနဲ့ ကျင့်ကြံရေး အရင်းအမြစ်တွေ လုယူကြမယ်လို့ ဆိုလိုတာလား”
အကယ်၍ ထိုသို့သာ ဖြစ်လာမည် ဆိုလျှင် အတော်လေး ဒုက္ခရောက်ပေလိမ့်မည်။
တစ်စုံတစ်ယောက်က မြူခိုးဂိုဏ်း ၏ နေရာကို လိုချင်ပြီး သိမ်းပိုက်ရန် ကြိုးစားလာလျှင် ဘယ်လိုလုပ်ရမည်နည်း။
မြင့်မြတ်သော နတ်ဘုရားပုံစံ ကို အသုံးပြုပြီး ရှေးဟောင်း မျိုးနွယ်စုကြီး ဆယ့်ရှစ်ခု မှ ကျင့်ကြံသူ အားလုံးကို သတ်ပစ်လို့မှ မရနိုင်ဘဲ မဟုတ်ပါလား။
ယဲ့ဖုန်း၏ အမြင်တွင်မူ သူတို့က ကြယ်လေးပွင့်အဆင့် အင်အားစု များသာ ဖြစ်မည်ဆိုလျှင် ရှေးဟောင်း မျိုးနွယ်စုကြီး ဆယ့်ရှစ်ခု အနက် အစွမ်းထက်ဆုံး ပညာရှင်မှာ အများဆုံး ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ၏ အထွတ်အထိပ် တွင်သာ ရှိနိုင်ပြီး သူတော်စင်တစ်ပိုင်း အဆင့်သို့ ရောက်ရှိနိုင်မည် မဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် သူတော်စင်တစ်ပိုင်း သည် ကြယ်ငါးပွင့်အဆင့် အင်အားစု များနှင့် သက်ဆိုင်သောကြောင့်ပင်။
“အဲဒါကိုတော့ ကျွန်တော် မသိဘူး” လိမ္မော်ရောင် ကြောင်ဝတုတ် က ခေါင်းကို အဆက်မပြတ် ခါရမ်းလိုက်သည်။
“ထားလိုက်ပါတော့ အခြေအနေ ကြည့်လုပ်ရတာပေါ့” ယဲ့ဖုန်းက သိပ်ပြီး စိုးရိမ်မနေခဲ့ချေ။
အရင်ကဆိုလျှင် သူ ကြောက်ရွံ့ကောင်း ကြောက်ရွံ့နေမည် ဖြစ်၏။
သို့သော် ယခုအခါ သူ၏ ခွန်အားများက တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပြီ ဖြစ်သည်။ မြင့်မြတ်သော နတ်ဘုရားပုံစံ ကို အသုံးမပြုဘဲနှင့်ပင် ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ပဉ္စမအလွှာ သို့မဟုတ် ဆဋ္ဌမအလွှာ ကို ယှဉ်တိုက်နိုင်စွမ်း ရှိပြီး ထိုအဆင့်၏ အလယ်အလတ်မှ အမြင့်ပိုင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
“ဂိုဏ်းချုပ်ယဲ့ အကယ်လို့ ရှေးဟောင်း မျိုးနွယ်စုကြီး ဆယ့်ရှစ်ခု က လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ကို သိမ်းပိုက်ချင်လာရင် ဘယ်လိုလုပ်မလဲ”
ဖန်ဟိုင်ယွင် က စိုးရိမ်ပူပန်သော မျက်နှာဖြင့် မေးလိုက်၏။
“သူတို့ မရဲပါဘူး” ယဲ့ဖုန်းက ခေါင်းခါမ်းယမ်းလိုက်သည်။
“ဘာလို့လဲ” လိမ္မော်ရောင် ကြောင်ဝတုတ် က အလွန် သိချင်သွားတော့၏။
အမျိုးသမီး နှစ်ဦးကလည်း အံ့အားသင့်နေပုံ ပေါ်သည်။
လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် သည် မကြာသေးမီကမှ ပေါ်ထွက်လာသော ကြယ်လေးပွင့်အဆင့် အင်အားစု တစ်ခုသာ ဖြစ်၏။
ခိုင်မာစွာ အမြစ်တွယ်နေသော ရှေးဟောင်း မျိုးနွယ်စုကြီး ဆယ့်ရှစ်ခု ၏ ကြယ်လေးပွင့်အဆင့် အင်အားစု များရှေ့တွင် ပြောရေးဆိုခွင့် မရှိလှချေ။ ဘာကြောင့် သူတို့ မသိမ်းပိုက်ရဲရမည်နည်း။
“လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ရဲ့ နောက်ကွယ်မှာ ကျောင်းယန် သန့်စင်သော မြို့တော် ရှိနေတာလေ။ ရှေးဟောင်း မျိုးနွယ်စုကြီး ဆယ့်ရှစ်ခု က နိုင်ငံတော် တစ်ခုလုံးကို သိမ်းပိုက်ဖို့ ဘယ်လိုလုပ် ရဲမှာလဲ။ အလွန်ဆုံး တောင်ပိုင်း မြစ်ဝှမ်းနယ်မြေ မှာပဲ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကြမှာပါ”
ယဲ့ဖုန်းက ရှင်းပြလိုက်၏။
“ဒါပေမဲ့ ငါ တော်တော် သိချင်နေတာ တစ်ခုရှိတယ်။ အကယ်လို့ ကျောင်းယန် သန့်စင်သော မြို့တော် မှာ သွားပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်လို့ရနေတာကို ဘာလို့ တောင်ပိုင်း မြစ်ဝှမ်းနယ်မြေ မှာ နေနေကြတာလဲ”
“အဲဒါကိုတော့ ကျွန်တော် မသိဘူး” ဟု လိမ္မော်ရောင် ကြောင်ဝတုတ် က ခေါင်းကို ထပ်မံ ခါရမ်းရင်း ပြောလိုက်သည်။
၎င်းက သနားစရာ ကြောင်လေး တစ်ကောင်သာ ဖြစ်ရာ ဘယ်လောက်များ သိနိုင်မည်နည်း။
ထိုအခိုက်အတန့်တွင် ယဲ့ဖုန်းက လေဝိညာဉ် ပုလဲလုံး ကို ထုတ်ယူလိုက်ပြီး လေဓာတ် ဝိညာဉ်စွမ်းအင် တစ်မျှင်ကို အသုံးပြုကာ ကောင်းကင်၏ လျှို့ဝှက်ချက်များကို စတင် တွက်ချက်တော့၏။
“ဟင်..ငါ တွက်လို့ မရပါလား”
ယဲ့ဖုန်း အံ့အားသင့်သွားပြီး လေဓာတ် ဝိညာဉ်စွမ်းအင် သုံးမျှင်ကို အလျင်အမြန် အသုံးပြုလိုက်ရာ နောက်ဆုံးတွင် သူ လိုချင်သော ရလဒ်ကို ရရှိသွားတော့သည်။
သူက လိမ္မော်ရောင် ကြောင်ဝတုတ်၊ ရှဲ့ကျားရင် နှင့် ဖန်ဟိုင်ယွင် တို့နှင့်အတူ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားပြီး သူတို့ ပြန်ပေါ်လာသောအခါ မိုင်တစ်ရာ အကွာသို့ ရောက်ရှိနေခဲ့၏။
ထိုနေရာတွင် တောင်ကုန်းငယ်လေး တစ်ခု ရှိနေ၏။
“ဝုန်း...”
ယဲ့ဖုန်းက လက်သီး တစ်ချက် ထိုးလိုက်ရာ တောင်ကုန်းငယ်လေး တစ်ခုလုံး ပေါက်ကွဲထွက်သွားပြီး ဖြူစင်သော ကျောက်တုံးကြီးများဖြင့် တည်ဆောက်ထားသည့် ခမ်းနား ထည်ဝါသော ဗိမာန်တော်ကြီး တစ်ခု ထွက်ပေါ်လာသည်။
မျက်နှာပြင် တစ်ခုလုံးတွင် တောက်ပနေသော မန္တန်အက္ခရာ များ ရစ်ပတ်နေပြီး ချိတ်ပိတ်ထားသော အခြေအနေတွင် ရှိနေကြောင်း ထင်ရှားလှကာ ယဲ့ဖုန်းပင်လျှင် ၎င်းကို ချက်ချင်း မဖွင့်နိုင်အောင် ဖြစ်နေတော့၏။
“အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ ပဲ”
ယဲ့ဖုန်း အံ့အားသင့်သွားရသည်။
လေဝိညာဉ် ပုလဲလုံး သည် အမြင့်ဆုံးအဆင့် ဝိညာဉ်ရတနာ မဟုတ်သလို ဉာဏ်အလင်းပွင့် နှလုံးသား ၏ ငါးပုံတစ်ပုံမျှသာ ရှိနေသဖြင့် သူက ကျောက်သား ခန်းမဆောင် ကြီး၏ ချိတ်ပိတ်မှုများကို ဖျက်ဆီးနိုင်မည် ဆိုလျှင်တောင်မှ အချိန်အတော်ကြာ ယူရမည်ပင်။
“ဒါက ဓားပျို ဂိုဏ်း ရဲ့ ဂူကောင်းကင်ကမ္ဘာ အဝင်ဝပဲ”
လိမ္မော်ရောင် ကြောင်ဝတုတ် က တံခါးဝရှိ အစိမ်းရောင် ဓားအရိပ် ကို လက်ညှိုးထိုးပြကာ ထိတ်လန့်တကြား နောက်ဆုတ်သွားပြီး အဆက်မပြတ် တုန်ယင်နေတော့၏။
“ရှေးဟောင်း မျိုးနွယ်စုကြီး ဆယ့်ရှစ်ခု က တကယ်ကို အထင်ကြီးစရာပဲ”
ယဲ့ဖုန်းက မှတ်ချက်ချလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
“တခြား ရှေးဟောင်း မျိုးနွယ်စု တွေရဲ့ အဝင်ဝတွေကို ဆက်သွားကြည့်ရအောင်”
*
နောက် (၁၅) မိနစ် အကြာတွင်၊
ယဲ့ဖုန်းက သူတို့သုံးဦးကို မတူညီသော တောင်ကုန်းငယ်များဆီသို့ ခေါ်ဆောင်သွားပြီး မြေကြီးနှင့် ကျောက်တုံးများကို ဖောက်ခွဲ ဖယ်ရှားကာ ဓားပျို ဂိုဏ်း ၏ ကျောက်သား ခန်းမဆောင် ကြီးနှင့် အတိအကျ တူညီလုနီးပါး ရှိသော ရှေးဟောင်း ခန်းမဆောင်များကို ဖော်ထုတ်လိုက်သည်။
တစ်ခုတည်းသော ကွာခြားချက်မှာ တံခါးဝရှိ ကိုးကွယ်ရာ သင်္ကေတ များသာ ဖြစ်၏။
“ရှေးဟောင်း မျိုးနွယ်စုကြီး ဆယ့်ရှစ်ခု ရဲ့ ကျောက်သား ခန်းမဆောင် တွေက မပွင့်သေးဘူး။ မကြာခင် အချိန်အတွင်းမှာတော့ သူတို့ ထွက်လာမှာ မဟုတ်လောက်ဘူး။ သွားရအောင် အိမ်ပြန်ဖို့ အချိန်ကျပြီ”
ယဲ့ဖုန်းက ရှဲ့ကျားရင် နှင့် ဖန်ဟိုင်ယွင် တို့ကို ပြောလိုက်သည်။
“ဂိုဏ်းချုပ်ယဲ့ ကျွန်တော့်ကိုလည်း ခေါ်သွားပါနော်” လိမ္မော်ရောင် ကြောင်ဝတုတ် က အပြေးအလွှား ရောက်လာပြီး မြေပြင်ပေါ်တွင် လဲလျောင်းကာ ၎င်း၏ စူထွက်နေသော ဗိုက်ရွှဲကြီးကို ယဲ့ဖုန်းထံသို့ ပြသလိုက်၏။
ယဲ့ဖုန်း၏ နောက်သို့ လိုက်ခြင်းဖြင့် ကြီးကျယ်ခမ်းနားမှုများ ရရှိမည်မှာ သေချာကြောင်း ၎င်း သိမြင်နိုင်သဖြင့် အရှက်မရှိ တောင်းဆိုနေတော့သည်။
“ကောင်းပြီလေ”
ယဲ့ဖုန်းက မငြင်းဆန်ခဲ့ချေ။
ဘာပဲဖြစ်ဖြစ် ကြောင်ပူတင်း ဟု အမည်ရသော လိမ္မော်ရောင် ကြောင်ဝတုတ် သည် မိစ္ဆာဘုရင် တစ်ကောင် ဖြစ်ပြီး တောင်စောင့် ဝိညာဉ်သားရဲ တစ်ကောင်အနေဖြင့် မိမိ၏ ကျင့်ကြံခြင်းအဆင့်ကို အနည်းငယ် မြှင့်တင်ပေးနိုင်သည်လေ။
“ဝှီး...”
သိပ်မကြာခင်မှာပင် ယဲ့ဖုန်းက သူတို့သုံးဦးနှင့်အတူ ပျောက်ကွယ်သွားတော့၏။
သူတို့ ထွက်ခွာသွားပြီး သိပ်မကြာမီတွင် ကျားပုံစံ မိစ္ဆာမျိုးနွယ်စု ဝင် တစ်ဦးက လောကငယ်လေး သို့ ပြန်လည်ရောက်ရှိလာပြီး ဓားပျို ဂိုဏ်း ၏ ကျောက်သား ခန်းမဆောင် ရှေ့တွင် မတ်တတ်ရပ်ကာ အံ့အားသင့်သွားသည်။
“ထူးဆန်းတယ်၊ တောင်ကြီးက ဘယ်ရောက်သွားတာလဲ”
ကျားပုံစံ မိစ္ဆာ က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ထူးဆန်းနေသော်လည်း အနည်းငယ် စဉ်းစားပြီးနောက် ဓားပုံစံ အစိမ်းရောင် ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူကာ တံခါးဝရှိ အချိုင့်ထဲသို့ ထည့်လိုက်သည်။
နောက်တစ်စက္ကန့်တွင်၊
တံခါးဝအထက်တွင် ထက်ဝက် ကြည်လင်နေသော လူ့မျက်နှာ တစ်ခု ပေါ်လာရာ ကျားပုံစံ သတ္တဝါမှာ အကြောက်လွန်ပြီး မြေပြင်ပေါ်သို့ ချက်ချင်း ဒူးထောက်ချလိုက်မိတော့၏။
“ဘာကိစ္စလဲ”
မျက်နှာကြီးက အေးစက်စွာ မေးလိုက်သည်။
“သခင်ကြီးကို သတင်းပို့ပါတယ်။ ကျွန်တော်.. မျက်နှာပြင်ကမ္ဘာ ကနေ အခုလေးတင် ပြန်ရောက်လာတာပါ။ နှစ်ထောင်ပေါင်းများစွာ အမွေဆက်ခံလာခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ဟာ အခု ရှေးဟောင်း သူတော်စင် တွေရဲ့ ကောင်းချီးကို ရရှိထားပြီး ကျင့်ကြံခြင်း ရွှေခေတ် တစ်ခုကို စတင်နေပါပြီ”
“ဪ”
မျက်နှာကြီးက ကွဲပြားသော အမူအရာတစ်ခုကို ပြသလိုက်ပြီး လျင်မြန်စွာ ခိုင်မာလာကာ ခန္ဓာကိုယ် ကလည်း တဖြည်းဖြည်း ပုံဖော်လာတော့၏။
သိပ်မကြာခင်မှာပင် အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဓားရှည်တစ်လက်ကို လွယ်ထားသည့် ရဲရင့်သော သက်လတ်ပိုင်း လူတစ်ယောက် ဓားပျို ဂိုဏ်း ၏ အဝင်ဝတွင် မတ်တတ်ရပ်လျက် ပေါ်လာ၏။ သူက ပျောက်ကွယ်သွားသော တောင်ကြီးကို ကြည့်ကာ မျက်မှောင်တွန့်လိုက်သည်။
“သခင်ကြီး ဘာလုပ်မလို့လဲ”
“ငါ ကိုယ်တိုင် ပြင်ပလောက ကို သွားပြီး စုံစမ်းကြည့်မယ်။ အကယ်လို့ မင်းပြောသလိုသာ ဆိုရင်တော့ ငါတို့ မျိုးနွယ်စု ထွက်လာဖို့ အချိန်တန်ပြီ”
အစိမ်းရောင် ဝတ်ရုံဝတ် ဓားသမား က ပြောလိုက်ပြီး ခုန်ထွက်ကာ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားတော့၏။
အခြား ရှေးဟောင်း မျိုးနွယ်စု များ၏ ကျောက်သား ခန်းမဆောင် များရှေ့တွင်လည်း မိစ္ဆာမျိုးနွယ်စု ဝင်များ တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာကြပြီး ရှေးဟောင်း မျိုးနွယ်စု များ၏ အစွမ်းထက် ပညာရှင်များနှင့် ဆက်သွယ်ရန် နည်းလမ်းမျိုးစုံကို အသုံးပြုနေကြသည်။
... ... ...
ရေပေါ်ဖြူ မြို့တော် တွင်၊
ယဲ့ဖုန်း ပြန်ရောက်ရောက်ချင်းမှာပင် လမ်းမများပေါ်တွင် ပျော်ပွဲရွှင်ပွဲများ ကျင်းပရန် စည်ကားနေသည်ကို မြင်လိုက်ရပြီး ကုန်းချင်းချိုး က လူများကို အခမ်းအနားအတွက် ပြင်ဆင်ရန် ညွှန်ကြားနေသည်ကို တွေ့လိုက်ရသည်။
“လေဝိညာဉ် ပုလဲလုံး က တွက်ချက်ပြထားတဲ့ အတိုင်းပဲ ရေပေါ်ဖြူ မြို့တော် က မြို့အဆင့် တိုးမြှင့်ခြင်း အောင်ပွဲခံ အခမ်းအနား ကျင်းပတော့မှာပဲ”
ယဲ့ဖုန်းက သူ့ဘာသာ တီးတိုးရေရွတ်လိုက်၏။
“ဂိုဏ်းချုပ်”
ယဲ့ဖုန်းကို မြင်လိုက်သည်နှင့် ကုန်းချင်းချိုး က ချက်ချင်း ပြေးလာပြီး နှုတ်ဆက်လိုက်တော့သည်။
--