← Chapters

အခန်း ၆၁၁

Vol. 41 Ch. 611

အခန်း ၆၁၁

Vol. 41 Ch. 611

အခန်း (၆၁၁) ခင်ဗျားတို့က ဘယ်သူပဲဖြစ်ဖြစ် အားလုံး မြေကြီးပေါ် ဆင်းခဲ့ကြ

နောက်ဆုံးတွင် ယဲ့ဖုန်းက စကားစလိုက်သည်။

သူက ထိုင်ခုံတွင် ထိုင်နေဆဲဖြစ်ပြီး သူ၏ အပြုံးများက တဖြည်းဖြည်း ပျောက်ကွယ်သွားကာ တင်းမာသော မျက်နှာထားသို့ ပြောင်းလဲသွားတော့၏။

အကယ်၍ အရိပ်မိစ္ဆာ ဂိုဏ်းချုပ် က ရေပေါ်ဖြူ မြို့တော် ကို သိမ်းပိုက်ချင်နေမည် ဆိုလျှင် သူက ဒီအတိုင်း ငြိမ်ကြည့်နေ၍ မဖြစ်နိုင်တော့ချေ။

ထိုသို့မဟုတ်ပါက ဂိုဏ်း၏ ကြယ်သုံးပွင့်အဆင့် တာဝန် သည် အောင်မြင်နိုင်မည် မဟုတ်ပေ။

“ဒီ ဂျူနီယာ လေးက ဘယ်က ရောက်လာတာလဲ။ ငါ့ကို ဒီလို စကားပြောရဲတယ်ပေါ့လေ” အရိပ်မိစ္ဆာ ဂိုဏ်းချုပ် က ယဲ့ဖုန်းကို လှောင်ပြောင်လိုက်သည်။ သူ့ကို မှတ်မိသော်လည်း မသိဟန် ဆောင်ကာ အနည်းငယ်မျှပင် မျက်နှာသာ မပေးခဲ့ချေ။

“ကျွန်တော် ဘယ်သူလဲ ဆိုတာက အရေးမကြီးပါဘူး”

ယဲ့ဖုန်းက ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်၏။

ကောင်းကင်ယံသို့ ခြေလှမ်းများ လှမ်းတက်သွားသည်။

သူ၏ အတွင်းရှိ စွမ်းအားငါးမျိုးကို စတင် ပေါင်းစပ်လိုက်ရာ သူ၏ ကျင့်ကြံခြင်း အရှိန်အဝါက လျင်မြန်စွာ တစ်ဟုန်ထိုး တက်လာတော့၏။

မူလနတ်ဘုရား အဆင့် နဝမအလွှာ။

ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ပထမအလွှာ။

ဟင်းလင်းပြင်ဖြိုခွဲ အဆင့် တတိယအလွှာ။

ယဲ့ဖုန်းက ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူ၏ ကျင့်ကြံခြင်း အရှိန်အဝါက အသေးစား နယ်ပယ်တစ်ခုစီ မြင့်တက်သွားပြီး သူ ပိုမြင့်သော နေရာသို့ ရောက်ရှိသွားချိန်တွင် သူသည် ဟင်းလင်းပြင်ဖြိုခွဲ အဆင့် တတိယအလွှာ ၏ ခွန်အားကို ထုတ်ဖော်ပြသပြီး ဖြစ်သည်။

“ဂိုဏ်းချုပ်ယဲ့ ရဲ့ ကျင့်ကြံခြင်းစွမ်းအားတွေ ပြန်ရလာတာလား”

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

လူအုပ်ကြီးမှာ မှင်သက်သွားကြသည်။

သစ်ပင်နတ်ဆိုး နယ်မြေ တွင် ဖြစ်ပွားခဲ့သော ကြီးမားသည့် စစ်ပွဲကြီးကို မှတ်မိနေကြသော ကျန်းလင်းဘိုးဘေး နှင့် လင်မြောင်ဘိုးဘေး တို့သာလျှင် တစ်ခုခုကို ခန့်မှန်းမိပုံရသည်။

‘ဂိုဏ်းချုပ်ယဲ့ က ဟို ကြယ်တာရာ ဟင်းလင်းပြင် ပညာရှင်တွေရဲ့ မူလအနှစ်သာရ သလင်းကျောက် တွေကို ဝါးမြိုလိုက်လို့ သူ့ရဲ့ ကျင့်ကြံခြင်းစွမ်းအားတွေ ပြန်ရလာရုံသာမကဘဲ အဆင့်ပါ တက်သွားတာများလား’

ဘိုးဘေးနှစ်ဦးစလုံးက တစ်ချိန်တည်းမှာပင် တွေးမိလိုက်ကြ၏။

“ဟင်းလင်းပြင်ဖြိုခွဲ အဆင့် တတိယအလွှာ လား”

ရှေးဟောင်း မျိုးနွယ်စု လေးခု၏ ခေါင်းဆောင်များက မျက်လုံးများ ကျဉ်းမြောင်းသွားကြပြီး ယဲ့ဖုန်း၏ ခွန်အားက ဒဏ္ဍာရီများထဲကထက် အများကြီး ပိုမို အစွမ်းထက်နေကြောင်း ခံစားလိုက်ရသည်။

သို့သော် သူတို့ မကြောက်ရွံ့ခဲ့ကြချေ။

သူတို့သည် နတ်ဘုရားဝိညာဉ် ကိုယ်ပွား များမျှသာ ဖြစ်သော်လည်း ဟင်းလင်းပြင်ဖြိုခွဲ အဆင့် စတုတ္ထအလွှာ ၏ ခွန်အားကို ပိုင်ဆိုင်ထားကြ၏။

ဟင်းလင်းပြင်ဖြိုခွဲ အဆင့် တတိယအလွှာ ရှိသူ တစ်ဦးကို ရင်ဆိုင်ရုံဖြင့် သူတို့ အထိတ်တလန့် ဖြစ်မည် မဟုတ်ချေ။

“ဂျူနီယာ လေး တစ်ယောက်ကများ ဒီလောက် ကျင့်ကြံခြင်းအဆင့် လေးနဲ့ ငါ့ကို စိန်ခေါ်ရဲတယ်ပေါ့လေ။ မင်းကိုယ်မင်း အထင်ကြီးလွန်းနေပြီ” အရိပ်မိစ္ဆာ ဂိုဏ်းချုပ် က လှောင်ပြောင်လိုက်သည်။

“ငါက မင်းကို လက်တစ်ဖက်တည်းနဲ့တောင် အသေသတ်ပစ်လို့ ရတယ်ကွ”

ထိုစကားအား ကြားသောအခါ၊ ယဲ့ဖုန်းက အားရပါးရ ရယ်လိုက်၏။

ထိုအခိုက်အတန့်တွင် သူသည် မူလအနှစ်သာရစွမ်းအား အခြေအနေ သို့ ဝင်ရောက်ခဲ့ရုံသာ ရှိသေးပြီး မူလအနှစ်သာရ ၏ ဆယ်ဆ တိုးမြှင့်မှုကို အသုံးမပြုရသေးချေ။ အကယ်၍ သူသာ ထိုသို့ လုပ်ဆောင်လိုက်မည်ဆိုလျှင် ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ဆဋ္ဌမအလွှာ ၏ အထွတ်အထိပ် သို့ ရောက်ရှိနိုင်သည်။

ထိုအခြေအနေတွင် “ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း” ကို အသုံးပြုမည်ဆိုလျှင် ဟင်းလင်းပြင်ဖြိုခွဲ အဆင့် သတ္တမအလွှာ တွင် ရှိသူကိုပင် သူ ဖိနှိပ် သတ်ဖြတ်ပစ်ရဲသည်။

“ခင်ဗျားက တော်တော်လေး ယုံကြည်မှု ရှိနေတာပဲ” ယဲ့ဖုန်းက ခပ်အေးအေးပင် ပြောလိုက်၏။

“ဂျူနီယာ... မင်းရဲ့ ပါရမီ အရဆိုရင် ငါက မင်းကို သဘောကျမိပါတယ်။ အကယ်လို့ မင်းက မြူခိုးဂိုဏ်း တစ်ခုလုံးကို ဦးဆောင်ပြီး ငါ့ရဲ့ အရိပ်မိစ္ဆာ ဂိုဏ်း ထဲ ဝင်မယ်ဆိုရင် မင်းရဲ့ မောက်မာမှုကို ငါ ခွင့်လွှတ်ပေးနိုင်တယ်” အရိပ်မိစ္ဆာ ဂိုဏ်းချုပ် က လက်နှစ်ဖက်ကို နောက်ပစ်လျက် ဂုဏ်ယူဝင့်ကြွားသော မျက်နှာထားဖြင့် ပြောလိုက်သည်။

“အရှက်မရှိတဲ့ကောင်”

သွေးကြာပန်း ဂိုဏ်းချုပ် က ချက်ချင်း အေးစက်စက် နှာမှုတ်လိုက်ပြီး ယဲ့ဖုန်းကို ပြောလိုက်ပြန်၏။ “မိတ်ဆွေလေး ငါ့ရဲ့ သွေးကြာပန်း ဂိုဏ်း ထဲ ဝင်ပါလား။ ငါ မင်းရဲ့ လုံခြုံရေးကို အာမခံနိုင်တယ်”

“ငါတို့ ငှက်မွေးဖြူ မဏ္ဍပ် ထဲ ဝင်ပါလား” ငှက်မွေးဖြူ စံအိမ်သခင် ကလည်း ယဲ့ဖုန်းကို သူတို့အဖွဲ့ထဲ ဝင်ရောက်ရန် ဖိတ်ခေါ်လိုက်သည်။

“ငါတို့ ဓားပျို ဂိုဏ်း ရဲ့ တံခါးတွေက မိတ်ဆွေလေး ယဲ့ အတွက် အမြဲတမ်း ဖွင့်ထားပါတယ်” အစိမ်းရောင် ဝတ်ရုံဝတ် ဓားဘိုးဘေး ပင်လျှင် မြူဆွယ်လာတော့၏။

ယဲ့ဖုန်းသည် အပြင်ပန်းတွင် ငယ်ရွယ်ပုံရပြီး အသက် ရာဂဏန်း အနည်းငယ်မျှသာ ရှိသေးသော်လည်း ဟင်းလင်းပြင်ဖြိုခွဲ အဆင့် တတိယအလွှာ သို့ ရောက်ရှိနေပြီ ဖြစ်ရာ သူ၏ အလားအလာက အကန့်အသတ် မရှိပေ။

အထူးသဖြင့် သူ၏ နောက်ကွယ်ရှိ ကြီးမားလှသော ကံကြမ္မာများ ဖုံးလွှမ်းနေသည့် မြူခိုးဂိုဏ်း ကဲ့သို့သော အင်အားစု တစ်ခုကိုသာ ပိုင်ဆိုင်ခွင့် ရမည်ဆိုလျှင် တကယ်ကို အံ့မခန်း ဖြစ်သွားပေလိမ့်မည်။

“မင်းတို့ သုံးယောက်က ငါနဲ့ လူလာလုရဲတယ်ပေါ့လေ”

အရိပ်မိစ္ဆာ ဂိုဏ်းချုပ် မှာ ဒေါသထွက်လွန်းသဖြင့် နှာခေါင်းမှ အခိုးအငွေ့များ ထွက်မတတ် ဖြစ်သွားတော့၏။

အစိမ်းရောင် ဝတ်ရုံဝတ် ဓားဘိုးဘေး၊ သွေးကြာပန်း ဂိုဏ်းချုပ် နှင့် ငှက်မွေးဖြူ စံအိမ်သခင် တို့က သူ၏ ဘက်မှ ရပ်တည်နေကြသည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း ဤအရေးကြီးသော အချိန်တွင် ထိုသုံးဦးက ယဲ့ဖုန်းကို ပေါ်ပေါ်တင်တင် လူသစ်စုဆောင်းနေကြသည်မှာ တကယ့်ကို အရှက်မရှိလွန်းလှပေ။

“မင်းက အဲဒီလို ခက်ခက်ထန်ထန် မပြောသင့်ပါဘူး။ မိတ်ဆွေလေး ယဲ့ က လူတိုင်း ချစ်ခင်တဲ့ စစ်မှန်တဲ့ ပါရမီရှင် တစ်ယောက်ပဲလေ။ သူ့ကို ငါတို့ ဖိတ်ခေါ်တာ ဘာများ မှားနေလို့လဲ” ဟု သွေးကြာပန်း ဂိုဏ်းချုပ် က ပြန်လည် ချေပလိုက်သည်။

“အဘွားကြီး..မင်းက တော်တော်လေး တတ်နိုင်နေတာလား။ ငါ မှတ်ထားလိုက်မယ်”

အရိပ်မိစ္ဆာ ဂိုဏ်းချုပ် ၏ နှုတ်ခမ်းထောင့်က တွန့်ကွေးသွား၏။

“ဂျူနီယာ‌... ဆုံးဖြတ်ချက်ချဖို့ အချိန်တန်ပြီ”

သူက ယဲ့ဖုန်းကို ရုတ်တရက် လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။

ယဲ့ဖုန်းက နှုတ်ဆိတ်နေဆဲပင်။

အစပိုင်းတွင် အရိပ်မိစ္ဆာ ဂိုဏ်းချုပ် ကို ရက်စက်ကြမ်းကြုတ်သော မိစ္ဆာသခင်ကြီး တစ်ဦးဟု သူ ထင်မှတ်ထားခဲ့၏။ ခဏတာမျှတော့ သူ၏ မြင့်မြတ်သော နတ်ဘုရားပုံစံ ကို အသုံးပြုကာ ရန်သူကို ချေမှုန်းပစ်ရန်ပင် စဉ်းစားခဲ့မိသေးသည်။

သို့သော် ယခုအခါ ယဲ့ဖုန်း သဘောပေါက်သွားသည်မှာ အရိပ်မိစ္ဆာ ဂိုဏ်းချုပ် သည် မိစ္ဆာလမ်းစဉ် လိုက်သူ တစ်ဦးဖြစ်ပြီး အနည်းငယ် မောက်မာသော်လည်း မကောင်းဆိုးဝါး တစ်ဦးတော့ မဟုတ်ဘဲ အတော်လေး ရယ်စရာကောင်းသူ တစ်ဦးသာ ဖြစ်သည်။

အထူးသဖြင့် အရိပ်မိစ္ဆာ ဂိုဏ်းချုပ် က အခြား ရှေးဟောင်း မျိုးနွယ်စု သုံးခု၏ ခေါင်းဆောင်များကြောင့် ဒေါသထွက်လွန်းသဖြင့် နှာခေါင်းပင် ရွဲ့စောင်းသွားမတတ် ဖြစ်နေသည်ကို မြင်သောအခါ ယဲ့ဖုန်းမှာ ရယ်ချင်စိတ်ကို မအောင့်ထားနိုင်တော့ချေ။

သူ ဖြည်းညှင်းစွာ ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။

“ကျွန်တော် ဂိုဏ်းချုပ် က ဆုံးဖြတ်ချက်ချပြီးသားပါ။ အဲဒါကတော့ ခင်ဗျားတို့က ဘယ်သူပဲဖြစ်ဖြစ် ရေပေါ်ဖြူ မြို့တော် နဲ့ မြူခိုးဂိုဏ်း ကို ပစ်မှတ်ထားရဲတယ် ဆိုရင်တော့ ခင်ဗျားတို့ အားလုံး အရိုက်ခံရဖို့ ပြင်ထားလိုက်တော့”

“ဝုန်း... ”

ယဲ့ဖုန်းက ရုတ်တရက် ခြေတစ်လှမ်း လှမ်းလိုက်၏။

သူက “ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း” ကို အသုံးပြုနေခြင်း ဖြစ်သည်။

“တစ်လှမ်း .. ချီကျင့်ကြံ၊ စကြဝဠာ နိုးထ”

ယဲ့ဖုန်းက လေးနက်သော လေသံဖြင့် ပြောလိုက်ရာ ထိုအခိုက်အတန့်တွင် သူ၏ အရှိန်အဝါက တစ်ဟုန်ထိုး တက်လာပြီး ဟင်းလင်းပြင်ဖြိုခွဲ အဆင့် စတုတ္ထအလွှာ ၏ အထွတ်အထိပ် သို့ ရောက်ရှိသွားသလို ခံစားလိုက်ရစေသည်။

“နှစ်လှမ်း .. ဓာတ်စုစည်း၊ လေပြင်းတိမ်တိုက် လှုပ်ခတ်။”

ဒုတိယ ခြေလှမ်းကို လှမ်းလိုက်သောအခါ သူ၏ အရှိန်အဝါက ဟင်းလင်းပြင်ဖြိုခွဲ အဆင့် စတုတ္ထအလွှာ သို့ ရောက်ရှိသွားရာ ရှေးဟောင်း မျိုးနွယ်စု လေးခု၏ ခေါင်းဆောင်များမှာ အမှန်တကယ်ပင် အံ့အားသင့်သွားကြတော့၏။

“ဂျူနီယာ ငါ့ရဲ့ အရိပ်မိစ္ဆာ ဂိုဏ်း ကို စော်ကားမိရင် ဘာအကျိုးဆက်တွေ ဖြစ်လာမလဲ ဆိုတာ မင်း သိရဲ့လား” ယဲ့ဖုန်းက ဦးဆောင် လှုပ်ရှားလာသည်ကို မြင်သောအခါ အရိပ်မိစ္ဆာ ဂိုဏ်းချုပ် က ဒေါသတကြီး ကြည့်ကာ ခြိမ်းခြောက်လိုက်သည်။

“သုံးလှမ်း .. ဘုရင်အဆင့်၊ ကောင်းကင် မြေကြီး တုန်ခါ”

သို့သော် ယဲ့ဖုန်းက ထိုအရာအားလုံးကို လျစ်လျူရှုကာ တတိယ ခြေလှမ်းကို လှမ်းလိုက်ရာ သူ၏ အရှိန်အဝါက ဟင်းလင်းပြင်ဖြိုခွဲ အဆင့် စတုတ္ထအလွှာ ၏ အထွတ်အထိပ် သို့ ရောက်ရှိသွားသည်။

“သေစမ်း”

အရိပ်မိစ္ဆာ ဂိုဏ်းချုပ် မှာ ဒေါသတကြီး ပေါက်ကွဲထွက်လာပြီး.. လက်ဟန်များ ရေးဆွဲ ကာ အော်ဟစ်လိုက်သည်။

“ဂျူနီယာ... ငါ ရိုင်းတယ်လို့ မပြောနဲ့။ ဒါကို ယူလိုက်စမ်း... မိစ္ဆာ ရူးသွပ် တံဆိပ်တုံး”

သူ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်နှင့် မြေကြီး၏ အရောင်များ ပြောင်းလဲသွားတော့၏။

ကျန်ရှိနေသော အစိမ်းရောင် ဝတ်ရုံဝတ် ဓားဘိုးဘေး၊ သွေးကြာပန်း ဂိုဏ်းချုပ် နှင့် ငှက်မွေးဖြူ စံအိမ်သခင် တို့က အာရုံစူးစိုက်လိုက်ကြပြီး သူတို့၏ လက်များကို တစ်ပြိုင်နက် လှုပ်ရှားကာ အောက်ဘက်ရှိ ရေပေါ်ဖြူ မြို့တော် နှင့် မြူခိုးဂိုဏ်း ကို ဖုံးလွှမ်းသွားစေမည့် အလင်းတန်း အလွှာ တစ်ခုကို ဖန်တီးလိုက်ကြသည်။

“ဟင်”

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လူအုပ်ကြီးမှာ အံ့အားသင့်သွားကြတော့၏။

ဤ ရှေးဟောင်း မျိုးနွယ်စု သုံးခု၏ ခေါင်းဆောင်များက အောက်ဘက်ရှိ လူများ၏ အသက်အန္တရာယ်ကို ဂရုစိုက်ခြင်းမှာ တကယ်ကို အံ့မခန်းပင် ဖြစ်သည်။

“သူတို့က ရန်သူတွေ မဟုတ်ဘူးလား”

ကျန်းလင်းဘိုးဘေး နှင့် လင်မြောင်ဘိုးဘေး တို့က အချင်းချင်း ကြည့်လိုက်ကြပြီး အလွန် အံ့အားသင့်သွားကြ၏။ ကြီးကျယ်ခမ်းနားလှသော ရှေးဟောင်း မျိုးနွယ်စု သုံးခု၏ ခေါင်းဆောင်များက အောက်ဘက်ရှိ သန်းနှင့်ချီသော သက်ရှိများကို တက်ကြွစွာ ကာကွယ်ပေးလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြချေ။

အထက် ကောင်းကင်ယံတွင်၊ ထိပ်တန်း ပညာရှင်ကြီး နှစ်ဦး လှုပ်ရှားလိုက်သည်နှင့် ကောင်းကင်နှင့် မြေကြီးမှာ ဆုတ်ဖြဲခံလိုက်ရသလို ဖြစ်သွားပြီး သေးငယ်သော နေရာလွတ် အက်ကွဲကြောင်း အမြောက်အမြား ထွက်ပေါ်လာသည်။

“ဝုန်း... ဝုန်း... ဝုန်း... ”

အရိပ်မိစ္ဆာ ဂိုဏ်းချုပ် ထုတ်လွှတ်လိုက်သော မိစ္ဆာ ရူးသွပ် တံဆိပ်တုံး သည် အလွန် အစွမ်းထက်လှ၏။

လေဟာနယ်၏ စွမ်းအားကို ဝါးမြိုကာ တောင်တစ်တောင် အရွယ်အစားရှိ မည်းနက်သော ရတနာ တံဆိပ်တုံး ကြီးတစ်ခု အဖြစ် စုစည်းသွားပြီးနောက် ကြောက်မက်ဖွယ် ကောင်းသော မိစ္ဆာအရှိန်အဝါများကို ပေါက်ကွဲ ထွက်ပေါ်လာစေလျက် ယဲ့ဖုန်းထံသို့ ပြင်းထန်စွာ ရိုက်ချလာတော့၏။

“လေးလှမ်း.. ဧကရာဇ်အဆင့်၊ တရားဓမ္မ နက်နဲ”

“ငါးလှမ်း.. အရှင်သခင်၊ ကမ္ဘာအဆက်ဆက် ဖိနှိပ်”

ယဲ့ဖုန်းက အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိဘဲ ပဉ္စမ ခြေလှမ်းသို့ ဆက်တိုက် လှမ်းလိုက်ရာ သူ၏ အရှိန်အဝါက ဟင်းလင်းပြင်ဖြိုခွဲ အဆင့် ပဉ္စမအလွှာ ၏ အထွတ်အထိပ် သို့ ရောက်ရှိသွားသည်။

“ဂျွတ်... ”

သူ ခြေတစ်ချက် ဆောင့်နင်းလိုက်ရာ မိစ္ဆာ ရူးသွပ် တံဆိပ်တုံး ကြီးမှာ တစ်စစီ ဖြစ်သွားပြီး မည်းနက်သော မိစ္ဆာအလင်းတန်း သန်းပေါင်းများစွာ အရပ်မျက်နှာ အသီးသီးသို့ ပေါက်ကွဲထွက်သွားကာ ကောင်းကင်နှင့် မြေကြီးကို ဖောက်ထွင်းပြီး ဧရာမ နေရာလွတ် အက်ကွဲကြောင်း များကို ဖြစ်ပေါ်စေခဲ့သည်။

“ဒီ ခွန်အားက... မယုံနိုင်စရာပဲ”

အရိပ်မိစ္ဆာ ဂိုဏ်းချုပ် မှာ ဆွံ့အသွားရတော့၏။

ပေဟယ် ဧကရာဇ် သည် အလွန် ငယ်ရွယ်ပြီး လွန်ခဲ့သော နှစ်ထောင်အနည်းငယ် အတွင်းကမှ ပေါ်ထွက်လာသော ပုဂ္ဂိုလ်သစ် တစ်ဦး ဖြစ်ရာ သူ၏ “ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း” ကို အရိပ်မိစ္ဆာ ဂိုဏ်းချုပ် နှင့် အခြားသူများက မသိရှိကြချေ။

သူတို့က ရှေးခေတ်ကာလမှ ယနေ့ခေတ်သို့ ရောက်ရှိလာသူများ ဖြစ်ကြရာ လှံရှည်များနှင့် ဒူးလေးများကိုသာ သိရှိကြပြီး သေနတ်ဆိုတာ ဘာလဲ ဆိုသည်ကို မသိရှိကြသူများ နှင့် တူနေသည်။

“သတိထား”

သွေးကြာပန်း ဂိုဏ်းချုပ် က ရုတ်တရက် အော်ဟစ်လိုက်သည်။

ထိုအချိန်ကျမှသာ ဧရာမ ခြေလှမ်းကြီး တစ်ခုက လေဟာနယ်ကို ထိုးဖောက်ပြီး မိစ္ဆာတိမ်တိုက် အမြောက်အမြားကို ဖယ်ရှားကာ သူ၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ နင်းချလိုက်သည်ကို အရိပ်မိစ္ဆာ ဂိုဏ်းချုပ် သတိပြုမိလိုက်တော့၏။

“ဂျွတ်... ”

ဤ နတ်ဘုရားဝိညာဉ် ကိုယ်ပွား လေးမှာ ချက်ချင်း တစ်စစီ ဖြစ်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားကာ တဖြည်းဖြည်း မှေးမှိန်လာပြီး ဆက်လက် တောင့်ခံထားနိုင်ခြင်း မရှိတော့ဘဲ မီးခိုးငွေ့များ အဖြစ် လုံးဝ လွင့်စင်သွားတော့မည့်ပုံ ပေါ်နေသည်။

“ဒီလောက် အစွမ်းထက်တဲ့ နတ်ဘုရားစွမ်းရည် ပဲ”

အစိမ်းရောင် ဝတ်ရုံဝတ် ဓားဘိုးဘေး ၏ မျက်မှောင်များ တင်းကျပ်စွာ တွန့်သွားတော့၏။

“တကယ်ကို အစွမ်းထက်တာပဲ” ဟု အခြား ခေါင်းဆောင် နှစ်ဦးကလည်း မျက်နှာတည်တည်ဖြင့် ခေါင်းညိတ်ကာ ပြောလိုက်ကြသည်။

“အူးဟူး…ဂိုဏ်းချုပ်ယဲ့က.. တကယ်ကို အစွမ်းထက်တာပဲ”

ယဲ့ဖုန်း၏ အောင်ပွဲကြောင့် ရေပေါ်ဖြူ မြို့တော် မှ ပြည်သူ သန်းနှင့်ချီ နှင့် အဓိက အင်အားစု အသီးသီးမှ ကျင့်ကြံသူများ အားလုံး အတိုင်းမသိ ဝမ်းသာသွားကြပြီး အားလုံးက အော်ဟစ် အောင်ပွဲခံလိုက်ကြတော့၏။

--

All Chapters