← Chapters

အခန်း ၆၁၂

Vol. 41 Ch. 612

အခန်း ၆၁၂

Vol. 41 Ch. 612

အခန်း (၆၁၂) ရှေးဟောင်းမျိုးနွယ်စု ဆယ့်ရှစ်ခုလုံး ပေါ်ထွက်လာခြင်း

မြင့်မားလှသော ကောင်းကင်ယံထက်၌၊

ယဲ့ဖုန်း၏ အရှိန်အဝါများက အထွတ်အထိပ် အနေအထား၌ပင် ဆက်လက် တည်ရှိနေလေ၏။

သူက ခြေငါးလှမ်းတိတိကို ဆက်တိုက် လှမ်းချီထားခဲ့ပြီး ဖြစ်သော်ငြား၊ နောက်ထပ် နှစ်လှမ်း လှမ်းနိုင်စွမ်း ကျန်ရှိနေသေးလေရာ ဤအရာက သူ၏ အရှိန်အဝါများ အစွမ်းကုန် မထွက်ပေါ်သေးကြောင်း သက်သေပြနေတော့သည်။

ဤသို့သော အခြေအနေမျိုး၌ သူသည် "ကောင်းကင်သို့ ခြေခုနစ်လှမ်း" ကျင့်စဉ်မှ ပေးစွမ်းထားသော စွမ်းအားများကို ဆက်လက် ထိန်းသိမ်းထားနိုင်ရုံသာမက၊ ကြောက်မက်ဖွယ်ကောင်းလှသော အင်အားများကိုပါ အဆက်မပြတ် ထုတ်ဖော်နိုင်စွမ်း ရှိနေပါ၏။

သို့သော်ငြား ထိုခြေခုနစ်လှမ်းလုံးကိုသာ တစ်ဟုန်ထိုး လှမ်းချီလိုက်ပါက သူ၏ အဟုန်များက တခဏချင်း၌ပင် အထွတ်အထိပ်သို့ ရောက်ရှိသွားမည် ဖြစ်ပြီး၊ တိုက်ခိုက်လိုက်သည်နှင့် တစ်ပြိုင်နက် "ကောင်းကင်သို့ ခြေခုနစ်လှမ်း" မှ ရရှိလာသော ထိုအရှိန်အဝါများ အားလုံးက ချက်ချင်း ပျောက်ကွယ်သွားမည်သာ။

ထိုသို့ဖြစ်သွားပါက ထိုခြေခုနစ်လှမ်းကို အစအဆုံး ပြန်လည် လှမ်းချီရမည် ဖြစ်တော့၏။

ထိုအချက်ကိုတော့ ယဲ့ဖုန်း တစ်ယောက် မကြာသေးမီကမှ သိရှိထားခဲ့ခြင်းပါ။

"ဂျူနီယာလေး... ကောင်းတယ်၊ အရမ်းကို ကောင်းတယ်ကွ"

မြေပြင်ထက်၌မူ အရိပ်မိစ္ဆာဂိုဏ်းချုပ်က တစ်စစီ ကြေမွပျက်စီးနေသော သူ၏ ခန္ဓာကိုယ်ကြီးကို ငုံ့ကြည့်လိုက်သော်ငြား၊ ဒေါသထွက်ရန် နေနေသာသာ ရူးသွပ်မတတ် ဝမ်းသာလုံးဆို့သွားကာ ကြွေးကြော်လိုက်တော့၏။

"ဒီဂျူနီယာလေးက တကယ်ကို အံ့မခန်း ပါရမီရှင်ပဲ၊ ငါတို့ အရိပ်မိစ္ဆာဂိုဏ်းအတွက် သူ့ကို မရရအောင် ခေါ်ရမယ်ကွ"

သူသည် ယဲ့ဖုန်းအား အမှန်တကယ် သဘောကျ နှစ်ခြိုက်သွားမိကြောင်း သူ့ကိုယ်သူ ဝန်ခံလိုက်တော့သည်။

ဤမျှ အနှိုင်းမဲ့သော ပါရမီရှင်မျိုးသာ သူတို့၏ အရိပ်မိစ္ဆာဂိုဏ်းသို့ မရောက်လာခဲ့ပါက အလွန်တရာ နှမြောဖွယ် ကောင်းလှမည် မဟုတ်လော။

ထိုသို့ တွေးတောမိသည်နှင့် တစ်ပြိုင်နက် အရိပ်မိစ္ဆာဂိုဏ်းချုပ်သည် သူ၏ နတ်ဘုရား အာရုံများ တစ်စစီ ပြိုကွဲလုနီးပါး ဖြစ်နေသည့်တိုင်အောင် ကောင်းကင်ယံသို့ ဝုန်းခနဲ ပျံတက်သွားခဲ့ပြီး ယဲ့ဖုန်းအား အဝေးမှ လှမ်းကြည့်လိုက်လေ၏။

"ဂျူနီယာလေး... ငါတို့ အရိပ်မိစ္ဆာဂိုဏ်းကိုသာ ဝင်ခဲ့စမ်းပါ၊ မင်းကို အခုချက်ချင်း ဂိုဏ်းချုပ်ရာထူး ပေးမယ်ကွ၊ ငါကိုယ်တိုင်က မဟာ အကြီးအကဲ နေရာကို ဆင်းပေးမယ်"

ထိုစကားလည်း ထွက်ပေါ်လာရော ပတ်ဝန်းကျင် တစ်ခွင်လုံး၌ ဆူညံပွက်လောရိုက် သွားတော့သည်။

ဤမျှ အရေးကြီးလှသော အခြေအနေမျိုး၌ပင် အရိပ်မိစ္ဆာဂိုဏ်းချုပ်က လူစုရန် မမေ့မလျော့ ဖြစ်နေသေးရာ သူသည် ယဲ့ဖုန်းအပေါ် အမှန်တကယ် မျက်စိကျနေခဲ့ပြီလော။

"ဂိုဏ်းချုပ်ရာထူးနဲ့ပါ စည်းရုံးနေတာလား"

"ဖွတ်"

ထိုအခြေအနေကြောင့် မြူခိုးဂိုဏ်းမှ တပည့်များမှာ ပါးစပ်ထဲရှိ အရာများပင် လွှတ်ခနဲ ထွေးထုတ်မိမတတ် ဖြစ်သွားကြရ၏။

အစပိုင်း၌ ဂိုဏ်းသားများက အရိပ်မိစ္ဆာဂိုဏ်းချုပ်မှာ ရယ်စရာလုပ်၍ နောက်ပြောင်နေခြင်းသာ ဖြစ်မည်ဟု ထင်မှတ်ထားခဲ့ကြသော်ငြား၊ ယခုမူ ယဲ့ဖုန်းအား အမှန်တကယ် အပိုင်သိမ်းရန် ကြိုးစားနေခြင်းပင် မဟုတ်ပါလော။

ခန္ဓာကိုယ်ကြီး တစ်စစီ ပြိုကွဲပျက်စီးနေသည့်တိုင်အောင် သူ၏ ခိုင်မာလှသော မူလရည်ရွယ်ချက်ကတော့ အံ့ချီးဖွယ်ရာပင် ကောင်းလှပါ၏။

သို့သော် ယဲ့ဖုန်းသာ အရိပ်မိစ္ဆာဂိုဏ်းသို့ ဝင်ရောက်ရန် သဘောတူလိုက်ပါက၊ သူတို့အားလုံးပါ အရိပ်မိစ္ဆာဂိုဏ်းသားများ အလိုအလျောက် ဖြစ်သွားကြရတော့မည်လား။

ထိုအကြောင်းကို တွေးမိလိုက်သည်နှင့် မြူခိုးဂိုဏ်းမှ တပည့်များ အားလုံး၏ ခေါင်းထဲ၌ အတွေးပေါင်းစုံ ဗြောင်းဆန်သွားတော့သည်။

အစိမ်းရောင်ဝတ် ဓားဘိုးဘေး၏ မျက်နှာအမူအရာက တခဏချင်း ပြောင်းလဲသွားကာ အသံကုန် ဟစ်အော်လိုက်လေ၏။

"အရှက်မရှိတဲ့ အရိပ်မိစ္ဆာဂိုဏ်းချုပ်... မိတ်ဆွေလေး ယဲ့ က မင်းတို့လို မိစ္ဆာလမ်းစဉ်နဲ့ အံမဝင်ဘူးကွ၊ အဲဒီအတွေးကို အခုချက်ချင်း ဖျောက်ပစ်လိုက်စမ်း"

"မှန်တယ်... သူက ငါတို့ အဖြူရောင် လမ်းစဉ်နဲ့ပဲ သင့်တော်တာကွ၊ ဒါ့အပြင် မိတ်ဆွေလေး ယဲ့ က ငါတို့ရဲ့ ငှက်မွေးဖြူစံအိမ်တော်နဲ့ ရေစက်ပါနေတယ်လို့တောင် ခံစားနေရတယ်"

"ပါးစပ်ပိတ်ထားစမ်း... မိတ်ဆွေလေး ယဲ့ က ငါတို့ မိစ္ဆာလမ်းစဉ်နဲ့မှ လိုက်ဖက်တာ၊ အထူးသဖြင့် ငါတို့ရဲ့ သွေးကြာပန်းဂိုဏ်းနဲ့ ဆိုရင် ပိုပြီးတောင် သင့်တော်သေးတယ်"

ယဲ့ဖုန်း၏ စွမ်းဆောင်ရည်များက ဖော်ပြရန်ပင် ခက်ခဲလောက်အောင် ကြောက်မက်ဖွယ် ကောင်းလွန်းနေခဲ့လေပြီ။

အဆင့်တူ ပြိုင်ဘက်ချင်းသာ ရင်ဆိုင်ရမည် ဆိုပါက၊ တစ်ဖက်လူအား ပြာဖြစ်သွားသည်အထိ အလွယ်တကူ ချေမှုန်းနိုင်စွမ်း ရှိပေသည်။

မိမိတို့၏ ရှေးဟောင်း မျိုးနွယ်စုများ ပိုမို အင်အားကြီးမားလာစေရန် အလို့ငှာ၊ ထိုနေရာ၌ ရောက်ရှိနေသော မျိုးနွယ်စု ခေါင်းဆောင်အချို့က ဂုဏ်သိက္ခာများကိုပင် ဂရုမစိုက်နိုင်ကြတော့ဘဲ ယဲ့ဖုန်းအား အလုအယက် စည်းရုံးသိမ်းသွင်း နေကြတော့၏။

‘ဘာဖြစ်လို့ လူတိုင်းက ငါ့ကိုပဲ အလုအယက် စည်းရုံးချင်နေကြတာလဲဟ’

ထိုအချင်းအရာကို ကြည့်ကာ ယဲ့ဖုန်း တစ်ယောက် အကြီးအကျယ် ဇဝေဇဝါ ဖြစ်သွားလေတော့သည်။

ပုံမှန်အခြေအနေအရ ဆိုရလျှင် သူ၏ ဤမျှ ထိတ်လန့်ဖွယ် ကောင်းလှသော စွမ်းအားများကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရချိန်၌၊ နောင်တစ်ချိန်တွင် ဆူးငြောင့်ခလုတ် ဖြစ်မလာစေရန် အားလုံး ပူးပေါင်း၍ သူ့အား အမြစ်ပြတ် ချေမှုန်းပစ်ကြရမည် မဟုတ်လော။

ယခုမူ သူ့အား အလုအယက် စည်းရုံးနေကြသည်တဲ့လား။

ထိုလူများ အားလုံး ဆေးမှားသောက်ထားမိကြလေသလား။

ထိုအချင်းအရာကို ယဲ့ဖုန်း တစ်ယောက် မည်သို့မျှ စဉ်းစား၍ အဖြေရှာမရ ဖြစ်နေတော့၏။

"တကယ်ကို နှစ်သောင်းချီမှ တစ်ခါ ထွက်ပေါ်လာတတ်တဲ့ အနှိုင်းမဲ့ ပါရမီရှင်ပဲ၊ မရရအောင် စည်းရုံးသင့်တဲ့ သူပါပဲ... လူငယ်လေး၊ မင်းသာ ငါတို့ တောင်တစ်ထောင် ဂိုဏ်းထဲကို ဝင်လာခဲ့မယ် ဆိုရင် ဂိုဏ်းချုပ်နေရာကို အခုချက်ချင်း လွှဲပေးမယ်ကွ၊ ဒါ့အပြင် ငါတို့ဂိုဏ်းထဲက အလှတရားမှာ ပြိုင်ဘက်ကင်းတဲ့ ဒုတိယဂိုဏ်းချုပ်မလေးကိုပါ မင်းရဲ့ မိန်းမအဖြစ် ပေးစားမယ်ဟေ့"

ဟိန်းဟောက်သံနှင့် တူသော အသံသြကြီးတစ်ခုက ရုတ်တရက် ထွက်ပေါ်လာ၏။

ထိုအခါ နေရာအနှံ့ရှိ လူအားလုံးက အသံထွက်ပေါ်လာရာ အရပ်ဆီသို့ ဝုန်းခနဲ လှည့်ကြည့်လိုက်ကြတော့၏။

သူတို့၏ မျက်စိရှေ့မှောက်၌ တောင့်တင်းကြံ့ခိုင်သော လူလတ်ပိုင်းအရွယ် အမျိုးသားကြီး တစ်ဦးက ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ကြရလေသည်၊ သူ၏ ကျောဘက်၌မူ ထောင်သောင်းချီသော တောင်တန်းကြီးများ တစ်ခုနှင့်တစ်ခု ထပ်တူကျနေသည့်တိုင်အောင် အံ့မခန်း ကောင်းကင်နှင့်မြေကြီး ဖြစ်စဉ်တစ်ခုက ထင်ရှားစွာ ပေါ်ထွက်နေတော့၏။

"တောင်တစ်ထောင် ဂိုဏ်းချုပ်... ခင်ဗျားက ကျုပ်လူကိုများ လာလုရဲတယ်ပေါ့လေ"

အရိပ်မိစ္ဆာဂိုဏ်းချုပ်မှာ အကြီးအကျယ် ဒေါသအမျက် ထွက်သွားလေရာ သူ၏ နတ်ဘုရားအာရုံ ကိုယ်ပွားကြီးမှာ ပိုမို လျင်မြန်စွာ ပြိုကွဲပျက်စီးလာခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း၌ပင် လေထဲသို့ အပြီးတိုင် ပျောက်ကွယ်သွားခဲ့လေတော့သည်။

“ဝှစ်..ဝှစ်..ဝှစ်”

ရုတ်တရက်ဆိုသလိုပင် အရပ်မျက်နှာ အသီးသီးမှ အလင်းတန်း တစ်ဒါဇင်ကျော်ခန့်က ကောင်းကင်ယံထက်သို့ ဝုန်းခနဲ ပျံသန်းလာခဲ့ကြပြီး လေဟာနယ်ထဲ၌ ရပ်တန့်သွားကာ လူပုံသဏ္ဌာန်များ အဖြစ်သို့ အသီးသီး အသွင်ပြောင်းသွားကြလေ၏။

အရိပ်မိစ္ဆာဂိုဏ်းချုပ် အပါအဝင် ထိုနေရာ၌ စုစုပေါင်း လူ (၁၈) ဦးတိတိ ရှိနေခဲ့၏။

ထိုအထဲတွင် တည်ကြည်ခန့်ညားသော လူလတ်ပိုင်းများ ပါဝင်သကဲ့သို့၊ အေးချမ်းတည်ငြိမ်သော ဆံဖြူအဘိုးအိုများနှင့်၊ လှပကျော့ရှင်းကာ ဆွဲဆောင်မှု အပြည့်ရှိနေသော အမျိုးသမီးများလည်း ပါဝင်နေလေ၏၊ သူတို့၏ ရုပ်ဆင်းသွင်ပြင်များက အလွန်တရာ ကွဲပြားခြားနားနေကြသကဲ့သို့ ကိုယ်ပိုင် အရှိန်အဝါများကလည်း တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။

ခြွင်းချက်မရှိ သူတို့အားလုံးက ရှေးဟောင်း မျိုးနွယ်စု အသီးသီးမှ ခေါင်းဆောင်များပင် ဖြစ်နေကြတော့သည်။

နတ်ဘုရားအာရုံ ကိုယ်ပွားလေးများသာ ဖြစ်နေလင့်ကစား သူတို့ အားလုံး၌ ဟင်းလင်းပြင် ဖြိုခွဲ အဆင့် (၄) ၏ ကျင့်ကြံခြင်း အခြေခံများ ရှိနေကြပြီး လေဟာနယ်ထဲ၌ မားမားမတ်မတ် ရပ်တန့်နေကြကာ ယဲ့ဖုန်းအပေါ်သို့ ကြောက်မက်ဖွယ်ကောင်းလှသော ဖိအားများကို သက်ရောက်စေလျက် ရှိလေ၏။

သားရဲဝိညာဉ် စင်မြင့်ထက်၌မူ၊

"အမလေးဗျာ... ရှေးဟောင်း မျိုးနွယ်စု (၁၈) ခုလုံးက လူတွေ အကုန် ရောက်ချလာကြပြီဟ၊ ဒီကြောင်လေးအတွက်တော့ သိပ်ကို ကြောက်ဖို့ ကောင်းလွန်းနေပြီ"

လိမ္မော်ရောင် ကြောင်ဝတုတ် ဖြစ်သော ကြောင်ပူတင်းမှာ အကြောက်လွန်ကာ တဆတ်ဆတ် တုန်ရီနေတော့သည်။

မြင့်မားလှသော ကောင်းကင်ယံထက်၌မူ၊

ယဲ့ဖုန်းက သူ့အား ဝန်းရံထားသော ထိုလူများကို ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက် ထက်ရှသော အသံဖြင့် မေးလိုက်၏။

"ခင်ဗျားတို့ အားလုံးက ရှေးဟောင်း မျိုးနွယ်စု (၁၈) ခုရဲ့ ခေါင်းဆောင်တွေပေါ့လေ"

အစိမ်းရောင်ဝတ် ဓားဘိုးဘေးက ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်ပြီး ပြန်လည် တုံ့ပြန်လိုက်သည်။

"ပြိုကွဲပျက်စီးသွားခဲ့ပြီ ဖြစ်တဲ့ အရိပ်မိစ္ဆာဂိုဏ်းချုပ်ရဲ့ နတ်ဘုရားအာရုံ ကိုယ်ပွားကိုပါ ထည့်တွက်ရမယ် ဆိုရင်တော့... မှန်တယ်ကွ၊ ငါတို့ ရှေးဟောင်း မျိုးနွယ်စု (၁၈) ခုရဲ့ လက်ရှိ ဦးဆောင်သူ အားလုံးရဲ့ နတ်ဘုရားအာရုံ ကိုယ်ပွားတွေက ဒီနေရာမှာ လာပြီး ဆုံစည်းနေကြတာပဲ"

"နှစ်ပေါင်း တစ်သောင်းကျော် ကြာမြင့်ပြီးတဲ့ အချိန်မှာ... ဒီနယ်မြေကနေ မင်းလို အနှိုင်းမဲ့ ပါရမီရှင် တစ်ယောက် ထွက်ပေါ်လာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားမိဘူး"

တောင်တစ်ထောင် ဂိုဏ်းချုပ်က ဝင်ရောက် ပြောဆိုလိုက်၏။

ယဲ့ဖုန်းနှင့် အရိပ်မိစ္ဆာဂိုဏ်းချုပ်တို့၏ ကြီးကျယ်ခမ်းနားလှသော တိုက်ပွဲကြီး မစတင်မီ အချိန်ကတည်းကပင် သူတို့၏ နတ်ဘုရားအာရုံ ကိုယ်ပွားများမှာ ရေပေါ်ဖြူ မြို့တော် အနီးသို့ ရောက်ရှိနှင့်နေခဲ့ကြပြီး ဖြစ်လေသည်။

ယဲ့ဖုန်းက အရိပ်မိစ္ဆာဂိုဏ်းချုပ်၏ နတ်ဘုရားအာရုံ ကိုယ်ပွားအား တစ်စစီ ရိုက်ခွဲ ချေမှုန်းပစ်လိုက်သည်ကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရပြီးနောက်၊ ရှေးဟောင်း မျိုးနွယ်စု ခေါင်းဆောင်များ အားလုံး၏ စိတ်နှလုံးများ အကြီးအကျယ် လှုပ်ခတ်သွားကြတော့၏။

"မိတ်ဆွေလေး ယဲ့... မင်းရဲ့ စွမ်းအားတွေက တကယ်ကို ကြောက်စရာကောင်းပါတယ်။ ဒါပေမဲ့ ငါတို့ရဲ့ ကိုယ်ပွားတွေ မဟုတ်ဘဲ အစစ်အမှန် ခန္ဓာကိုယ်တွေသာ ရောက်လာခဲ့မယ်ဆိုရင်တော့ မင်းက ငါတို့ထဲက ဘယ်သူ့ကိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူးကွယ့်။ အလကားသက်သက် အချည်းနှီး မခုခံပါနဲ့တော့။ ဒါ့အပြင် ငါတို့က ရန်သူတွေမှ မဟုတ်တာ"

ဟု သွေးကြာပန်း ဂိုဏ်းချုပ်က သစ်သားတုတ်ကောက်ကို အားပြုထောက်ထားရင်း အမြဲတမ်းလိုလို အက်ကွဲသြရှနေသော အသံကြီးဖြင့် ပြောလိုက်၏။

"မိတ်ဆွေလေး ယဲ့... ငါတို့ရဲ့ ငှက်မွေးဖြူ စံအိမ်တော်ကို ဝင်ဖို့ကရော ဘယ်လို သဘောရလဲ"

ငှက်မွေးဖြူ စံအိမ်တော်သခင်ကလည်း မြင်းမြီးယပ်တံကို ကိုင်ဆောင်ထားကာ ကြင်နာတတ်သော မျက်နှာထက်၌ သဘောကောင်းလှသော အပြုံးများ ပြည့်နှက်နေလျက် မေးလိုက်၏။

"ကျွန်တော်က မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်လေ၊ တခြားဂိုဏ်းကို ဘယ်လိုလုပ်ပြီး ဝင်လို့ ရပါ့မလဲ"

ယဲ့ဖုန်းက ဂရုမစိုက်ဟန်ဖြင့် လက်ကာပြလိုက်တော့သည်။

"လူကြီးမင်းတို့... တခြားကိစ္စ မရှိတော့ဘူး ဆိုရင် ပြန်ကြပါတော့။ ရေပေါ်ဖြူ မြို့တော်ရဲ့ အဆင့်တက် ပွဲတော်မှာ ခင်ဗျားတို့ ရုတ်ရုတ်သဲသဲ လာလုပ်တဲ့ ကိစ္စကို ကျွန်တော် အပြစ်မယူဘဲ ခွင့်လွှတ်ပေးလိုက်ပါ့မယ်"

သူက စကားကို ခေတ္တ ရပ်တန့်လိုက်ပြီး ထပ်မံ ပြောဆိုလိုက်လေ၏။

"ဒါပေါ့ဗျာ... ခင်ဗျားတို့ ဆန္ဒရှိမယ် ဆိုရင်တော့ ပွဲတော်မှာ ပါဝင်ဆင်နွှဲဖို့ နေခဲ့လို့ ရပါတယ်

"မောက်မာလှတဲ့ လူငယ်လေး... မင်းက ငါတို့ကို ဒီလိုမျိုး ပြောရဲတယ်ပေါ့လေ"

အနောက်ဘက်၌ မရေမတွက်နိုင်သော ဓားပုံသဏ္ဌာန် ဖြစ်စဉ်များ ရှိနေသည့် အရပ်ရှည်ရှည် လူတစ်ဦးက ရှေ့သို့ တစ်လှမ်း တိုးထွက်လာခဲ့ပြီး သူ၏ အသံက အနည်းငယ် အေးစက်နေတော့၏။

ထိုသူကတော့ ရှေးဟောင်း မျိုးနွယ်စု (၁၈) ခုထဲမှ တစ်ခု အပါအဝင် ဖြစ်သော ကျွန်းတစ်သောင်း ကျွန်းသခင်ပင် ဖြစ်၏။

"ခင်ဗျားတို့ ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော် ဂရုမစိုက်ပါဘူး။ ဒီနေ့က ရေပေါ်ဖြူ မြို့တော်ရဲ့ အဆင့်တက် ပွဲတော်လေဗျာ၊ ဒီလို မင်္ဂလာရှိတဲ့ နေ့မျိုးမှာ ဘယ်သူ့ရဲ့ အနှောင့်အယှက်ကိုမှ ကျွန်တော် မလိုချင်ဘူးဗျ။ အခုလိုမျိုး ဆက်ပြီး လာရှုပ်နေမယ် ဆိုရင်တော့ ကျွန်တော် ရိုင်းတယ်လို့ မပြောကြနဲ့နော်"

ယဲ့ဖုန်းသည် ရှေးဟောင်း မျိုးနွယ်စု (၁၈) ခုမှ လူများနှင့် စကားပိုများကာ အချိန်မဖြုန်းလိုတော့သည်က သေချာလှ၏။

"ဟွန့်... မင်းကိုယ်မင်း ပြိုင်ဘက်ကင်းတယ်လို့ ထင်နေပုံပဲ"

ကျွန်းတစ်သောင်း ကျွန်းသခင်က လှောင်ပြောင် သရော်လိုက်ရင်း တခြားသူများဘက်သို့ လှည့်ကာ ကြွေးကြော်လိုက်၏။

"အားလုံးပဲ... ဒီကောင်လေးက ပါရမီရှင် တစ်ယောက် ဖြစ်ပေမဲ့ အလွန်တရာကို မောက်မာလွန်းတယ်ကွ။ ငါတို့တွေ ပူးပေါင်းပြီး သူ့ကို လက်တွေ့ဘဝက ဘာလဲဆိုတာ သိသွားအောင် ဆုံးမပေးလိုက်ကြရအောင်"

"သဘောတူတယ်ကွ"

"ပြဿနာ မရှိဘူး ဟေး"

ရှေးဟောင်း မျိုးနွယ်စု (၁၈) ခုမှ ခေါင်းဆောင်များက တစ်ဦးပြီးတစ်ဦး ဝင်ရောက် ပြောဆိုလိုက်ကြတော့သည်။

"မိတ်ဆွေလေး ယဲ့... လွန်ကျူးမိတာကို ခွင့်လွှတ်ပါလေ"

အစိမ်းရောင်ဝတ် ဓားဘိုးဘေးက ခေါင်းယမ်းလိုက်ရင်း တိုက်ခိုက်ရန် ဆုံးဖြတ်ချက်ချလိုက်တော့၏။

ရှေးဟောင်း မျိုးနွယ်စု (၁၈) ခုသည် အတွင်းရေး၌ တစ်ဦးနှင့်တစ်ဦး အမြဲတစေ ယှဉ်ပြိုင်လေ့ ရှိကြသည်။

သို့သော်ငြား အပြင်ဘက်မှ ကြောက်မက်ဖွယ် ကောင်းသော ရန်သူနှင့် ရင်ဆိုင်ရချိန်မျိုး၌မူ၊ သူတို့သည် ခြွင်းချက်အနေဖြင့် အလွန်တရာ စည်းလုံးညီညွတ်သွားတတ်ကြပါ၏။

ထိုအချက်ကြောင့်ပင်လျှင်၊ ရှေးဟောင်း မျိုးနွယ်စု (၁၈) ခု၏ အထွတ်အထိပ် အချိန်ကာလများ၌ ကြယ်ငါးပွင့် အဆင့်ရှိသော အင်အားစုကြီးများပင် သူတို့ကို ရှောင်ကြဉ်ခဲ့ကြရသည်။

“ဝုန်း…”

ဟင်းလင်းပြင် ဖြိုခွဲ အဆင့် (၄) မှ သိုင်းပညာရှင် (၁၇) ဦးက တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။

ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းလုံးကြီးများ ထွက်ပေါ်လာသည်။

ထိုစွမ်းအင်များက အလယ်ဗဟိုရှိ ယဲ့ဖုန်းအား တစ်မုဟုတ်ချင်း ရစ်ပတ်ဖုံးလွှမ်းသွားတော့၏။

"ခြောက်လှမ်း.. သူတော်စင်၊ ကြယ်စုကို နင်းခြေ"

ယဲ့ဖုန်းသည် သူ၏ စွမ်းအားများကို ဆက်လက် ဖုံးကွယ်မထားတော့ပေ။

သူက ဂါထာမန္တာန်ကို ရွတ်ဆိုလိုက်ပြီးနောက် ရှေ့သို့ ရုတ်တရက် တစ်လှမ်း လှမ်းချီလိုက်လေ၏။

သူ၏ အရှိန်အဝါများက အထက်သို့ တစ်ဟုန်ထိုး မြင့်တက်သွားပြန်ရာ၊ ဟင်းလင်းပြင် ဖြိုခွဲ အဆင့် (၆) သို့ ဝုန်းခနဲ တက်လှမ်းသွားလေတော့သည်။

"ဒီလိုမျိုး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

မျိုးနွယ်စု ခေါင်းဆောင် (၁၇) ဦးလုံး အကြောက်လွန်ကာ ဆွံ့အ အံ့သြသွားကြရတော့၏။

သူတို့ အားလုံးက ယဲ့ဖုန်း၏ အစွမ်းအစ အပြည့်အဝကို မြင်တွေ့ခဲ့ရပြီဟု ထင်မှတ်ထားခဲ့ကြသော်ငြား၊

ဤလူငယ် ဆက်ခံသူလေး၌ နောက်ထပ် ဝှက်ဖဲ တစ်ချပ် ရှိနေလိမ့်ဦးမည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့မိကြပေ။

--

All Chapters