အခန်း ၄၆၇
Vol. 32 Ch. 467
အခန်း (၄၆၇) ဘုန်းကြီး ဟွေပြန့် (အပိုင်း ၃)
ကျိလေ ကောင်းကင်ဘုံနန်းတော်မှ လူယုတ်မာတို့သည် အကြံပက်စက်လှစွာဖြင့် တစ်ခုခုဆိုသည်နှင့် 'ကျဲလော့ရှန်း' ပန်းရောင်မြူထုကို အကာအကွယ်ယူကာ ထွက်ပြေးရန် ကြိုးပမ်းတတ်ကြသည်။ ထိုအချိန်တွင် ဆုမိုရော၊ ဝေဇီယီပါ ထိုမြူထုအတွင်းသို့ တိုးဝင်ရန် မဖြစ်နိုင်သဖြင့်၊ အဝေးမှသာ စောင့်ကြည့်နေရရုံမှတစ်ပါး အခြားနည်းလမ်း မရှိတော့ချေ။
'ဒီလူတွေကတော့ တကယ်ကို သောက်သုံးမကျတဲ့လူတွေပဲ။ အရေးကြုံလာရင် ဒီလို အောက်တန်းစားနည်းကိုပဲ သုံးနေကြတာ။ ငါတို့သာ အဲဒီထဲ အမှတ်မထင် ဝင်သွားမိရင်... ဟူး... တွေးကြည့်တာနဲ့တင် ကျောချမ်းစရာကြီး။'
နောက်ဆုံးတွင် သူတို့နှစ်ဦးမှာ အမွှေးတိုင်တစ်တိုင်စာမျှ အချိန်ကာလကို သည်းခံစောင့်ဆိုင်းလိုက်ရပြီးမှသာ ပန်းရောင်မြူထုကြီးမှာ လုံးဝလွင့်ပါး ပျောက်ကွယ်သွားတော့သည်။ ဘေးကင်းစေရန်အတွက် လက်ဖက်ရည်တစ်အိုးစာမျှ ထပ်မံစောင့်ဆိုင်းပြီးနောက်တွင်မူ ဆုမိုနှင့် ဝေဇီယီတို့သည် ထိုလူအုပ်ရှိရာဆီသို့ လျင်မြန်စွာ ခုန်ကူးသွားကြ၏။
လေထုအတွင်း၌ ပန်းရောင်မြူများ မရှိတော့သော်လည်း မည်သည့်ပန်းရနံ့မှန်း မသိရသော ရနံ့ဆန်းတစ်ခုကမူ ခပ်သဲ့သဲ့ ကျန်ရစ်နေဆဲဖြစ်၏။ ကံကောင်းထောက်မစွာဖြင့် ထိုရနံ့မှာ သူတို့အပေါ် အာနိသင် မသက်ရောက်တော့ချေ။ သို့ရာတွင် သူတို့နှစ်ဦးလုံးမှာ အသက်ကို အောင့်ထားရင်း ထိုခုနစ်ဦး၏ အခြေအနေကို စစ်ဆေးကြည့်လိုက်ကြသည်။
အခြေအနေကို မြင်လိုက်ရသည်နှင့် ဆုမိုတို့မှာ သက်ပြင်းချလိုက်မိကြတော့၏။
ထိုခုနစ်ဦးလုံးမှာ ကိုယ်ခန္ဓာရှိ အပေါက်တိုင်းမှ သွေးများယိုစီးလျက်၊ မျက်နှာတစ်ခုလုံး ခရမ်းပုပ်ရောင် သန်းနေကြချေပြီ။ သူတို့မှာ ကုစား၍မရသော နှလုံးဆိပ်မိနေခြင်း ဖြစ်ကာ၊ ပို၍ဆိုးသည်မှာ ဆုမို၏ လက်ချက်ကြောင့် လုံးဝမလှုပ်နိုင်ဘဲ ဖြစ်နေခဲ့ခြင်း ပင်။
ဆုမို၏ အတွင်းအားမှာ မည်မျှတောင် ပြင်းထန်ပါသနည်း။
သူ၏ သွေးကြောကွက်ပိတ်ခြင်း အတတ်ပညာမှာ ဝေရူဟန်၏ 'နဂါးချုပ်လက်ချောင်း' လောက် မကျွမ်းကျင်သေးသော်ငြားလည်း၊ ကြောက်လန့်တကြား ဖြစ်နေသော ထိုလူယုတ်မာများ အလွယ်တကူ ဖြည်နိုင်မည့်အရာ မဟုတ်ချေ။ ထို့ကြောင့်ပင် သူတို့သည် 'ကျဲလော့ရှန်း' အဆိပ်ငွေ့များကို ကိုယ်ခန္ဓာအတွင်း၌ အတင်းအကျပ် စီးဆင်းစေခဲ့ရပြီး၊ ထွက်ပေါက်မရှိသော ရမ္မက်မီးများ၏ လောင်မြိုက်မှုဒဏ်ကြောင့် နောက်ဆုံးတွင် အသက်ရှူကျပ်ကာ သေဆုံးသွားခဲ့ကြရခြင်း ဖြစ်သည်။
ဆုမိုနှင့် ဝေဇီယီတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်ရင်း ခေတ္တမျှ မှင်တက်နေမိကြ၏။
"သူတို့ကိုယ်ပေါ်မှာ ဘာပစ္စည်းတွေ ပါသလဲဆိုတာ ရှာကြည့်ရအောင်" ဟု ဆုမိုက ခဏအကြာတွင် အကြံပြုလိုက်သည်။
"အဲဒီ 'ညီမလေး' တွေကိုတော့ နင် လုံးဝ သွားမထိရဘူးနော်" ဝေဇီယီက ချက်ချင်းပင် ကြားဖြတ်ဟန့်တားလိုက်၏။
"အလောင်းတွေကို ပြောတာပါဟာ... ပစ္စည်းရှာဖို့လေ... ရှာဖို့.." ဆုမိုက စိတ်ပျက်လက်ပျက် မျက်နှာဖြင့် အလေးအနက် ပြောလိုက်ရသည်။
'ဒီမိန်းကလေးကတော့လေ... လူကိုများ နှာဘူးမှတ်နေသလား မသိဘူး။ ဒီအလောင်းပုပ်တွေကို ငါက ဘာလုပ်မှာလဲ။'
"နေပါဦး... ဒါက နင်နဲ့ ဘာဆိုင်လို့လဲ"
"ယန်မိသားစု ညီမလေး ဒီမှာ မရှိဘူးလေ။ အဲဒီတော့ ငါက သူ့ကိုယ်စား နင့်ကို စောင့်ကြည့်ပေးရမှာပေါ့ဟဲ့" ဝေဇီယီက တရားမျှတသည့်အလား လေသံဖြင့် ဆိုလေသည်။
"အခုတော့ နင်က ကြည့်ရတာ အေးဆေးပါပဲ။ ဒါပေမဲ့ အာမခံ ခေါင်းဆောင်ကြီး ဆုမိုက သာမန်လူမှ မဟုတ်တာ... အတိတ်က သင်ခန်းစာတွေ ရှိနေတော့၊ ငါက ယန်မိသားစု အစ်မအတွက် နင့်ကို သေချာ စောင့်ကြည့်ပေးမှ ဖြစ်မယ်။ မဟုတ်ရင် နင် အမှားတစ်ခုခု လုပ်မိပြီး လော့ရှားမြို့က လူတွေကို မျက်နှာမပြရဲဘဲ ဖြစ်နေဦးမယ်"
"..."
ဆုမိုသည် စကားများလှသော ဤမိန်းကလေးကို တစ်ချက်လောက် ကန်ပစ်လိုက်ချင်စိတ် ပေါက်သွားသော်လည်း၊ ခေါင်းခါယမ်းကာ အငြင်းမပွားတော့ဘဲ အလောင်းများကို စတင်ရှာဖွေလိုက်တော့သည်။
"သတိထားဦးနော်... သူတို့ကိုယ်ပေါ်မှာ ထောင်ချောက်တွေ ပါချင်ပါနေမှာ" ဟု သူက သတိပေးလိုက်သေး၏။
ဝေဇီယီက ခေါင်းညိတ်ကာ အလုပ်စရန် ပြင်ဆင်စဉ်မှာပင်၊ ဆုမိုက သူ၏ ရင်ဘတ်အတွင်းမှ သားရေလက်အိတ်တစ်စုံကို ထုတ်ယူကာ သူမထံသို့ ပစ်ပေးလိုက်သည်။
"နင်က အတော်လေး ပြင်ဆင်ထားတာပဲ" ဝေဇီယီ အံ့အားသင့်သွား၏။
"သိုင်းလောကထဲ လှည့်လည်နေရင်တော့ အမြဲ အသင့်ပြင်ထားရတာပေါ့"
တကယ်တော့ ဆုမိုတွင် (၁၂) ဆင့်ရှိသော 'ရွှေခေါင်းလောင်းသိုင်း' အစွမ်းရှိသဖြင့် အဆိပ်ပေါင်း တစ်ရာကို မကြောက်သော်လည်း၊ သူသည် ပေါ့ပေါ့ဆဆ မနေဝံ့ချေ။ ဒါက သူ၏ ပင်ကို သတိကြီးမှုပင် ဖြစ်ပါ၏။ ဤလူများ၌ တစ်ခုခု မှားယွင်းနေလျှင်တောင် သူ့ကို ထိခိုက်နိုင်မည် မဟုတ်သော်လည်း၊ ဝေဇီယီအတွက်မူ ဤလက်အိတ်မှာ မရှိမဖြစ် လိုအပ်သည်။
နောက်ဆုံးတွင် သူတို့နှစ်ဦးမှာ ထိုလူများ၏ အလောင်းများကို အစအဆုံး ရှာဖွေခဲ့သော်လည်း မည်သည့်သဲလွန်စမျှ မတွေ့ရချေ။ ထိုလူများမှာ အဝတ်အစား နည်းပါးစွာ ဝတ်ဆင်ထားကြသဖြင့် ရှာဖွေရသည်မှာမူ အလွန်လွယ်ကူလှသည်။
"ထျန်းချူမြို့က တရားသောလမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ်တို့ရဲ့ အချက်အချာနေရာပဲလေ။ ဒီလို မိစ္ဆာဂိုဏ်းသားတွေနဲ့ ဆုံတွေ့ရတာ သဘာဝပါပဲ" ဝေဇီယီက ဆုမိုအား နှစ်သိမ့်လိုက်၏။
"နောက်တစ်ခါ ကျိလေ ကောင်းကင်ဘုံနန်းတော်က လူတွေနဲ့တွေ့ရင်တော့၊ တစ်ယောက်နှစ်ယောက်ကို အရှင်ဖမ်းပြီး စစ်မေးရမယ်။ သူတို့ကို 'ကျဲလော့ရှန်း' ထပ်သုံးခွင့် မပေးနိုင်ဘူး"
ဆုမိုက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ ခုနက အခြေအနေမှာ အမှန်တကယ်ပင် မှန်းဆရ ခက်ခဲလွန်းလှသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့နှစ်ဦးလုံး အနားသို့ မချဉ်းကပ်ခဲ့သဖြင့်သာ တော်တော့၏။ မဟုတ်ပါက အမှတ်မထင် အဆိပ်ငွေ့များ မိသွားလျှင် ရုန်းထွက်ရန် အလွန်ခက်ခဲပေလိမ့်မည်။
သဲလွန်စ မရှိတော့သဖြင့် ဤနေရာတွင် ဆက်လက် အချိန်ဖြုန်းနေရန် မလိုတော့ချေ။ အနီးအနားတွင် ရှိနေသော ဝမ်ချန်ရှင်း၏ ရုပ်အလောင်းကိုလည်း စီမံရန် ရှိသေးသဖြင့် သူတို့နှစ်ဦးမှာ ချက်ချင်းပင် လှည့်ထွက်ခဲ့ကြသည်။
သို့သော် ခြေလှမ်း အနည်းငယ်မျှသာ လှမ်းရသေးမီ၊ ဝမ်ချန်ရှင်း၏ ရုပ်အလောင်းရှိရာ အရပ်ဆီမှ ကောင်းကင်ယံသို့ ထိုးတက်သွားသော မီးတောက်ကြီးများကို မြင်တွေ့လိုက်ရ၏။ မီးတောက်များမှာ ညအမှောင်ထုကို ထွန်းလင်းစေလျက် ကောင်းကင်တစ်ခွင်လုံးကို လွှမ်းခြုံသွားတော့သည်။
"ဒါ... ဒါက ဘာဖြစ်တာလဲ" ဝေဇီယီ မှင်တက်သွား၏။
"တောမီးရှို့တဲ့သူကတော့ ထောင်ထဲမှာ အကြာကြီး နေရမှာပဲ"
ဆုမိုက မျက်မှောင်ကြုတ်ရင်း ဆိုလိုက်သည်။
"သွားကြစို့.."
မည်သည့်စကားမျှ ထပ်မဆိုတော့ဘဲ သူတို့နှစ်ဦးသည် ကိုယ်ဖော့ပညာကို အစွမ်းကုန် အသုံးပြုကာ ပြေးထွက်ခဲ့ကြရာ၊ ဆယ်မိုင်ကျော်ခန့်ရှိသော တောင်လမ်းမှာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားသည်။
သူတို့ ရောက်ရှိသွားသောအခါ မီးတောက်များ ထွက်ပေါ်နေသည့် နေရာမှာ ဝမ်ချန်ရှင်း၏ ရုပ်အလောင်းရှိခဲ့သည့် နေရာပင် ဖြစ်နေသည်။ သို့သော် သူတို့ ရောက်သွားချိန်တွင် မီးမှာ ငြိမ်းသွားခဲ့ပြီ ဖြစ်ကာ၊ ပတ်ဝန်းကျင်၌ လူအချို့ ရှိနေသည်ကို တွေ့လိုက်ရ၏။
ထိုသူများမှာ ဝမ်ချန်ရှင်း အနိုင်ရမည်ဟု ယုံကြည်ကာ လောင်းကြေးထပ်ထားကြသည့် သိုင်းသမားများ ဖြစ်ကြသည်။ ဆုမိုက အခြေအနေကို မေးမြန်းရန် ပြင်လိုက်သော်လည်း၊ ထိုလူများက ဆုမိုနှင့် ဝေဇီယီကို မြင်သည်နှင့် အပြေးအလွှား ရောက်လာကာ မေးခွန်းများ ဗုံးကြဲတော့၏။
"ညီအစ်ကို... ဒီမှာ ဘာလို့ မီးလောင်နေတာလဲ"
"သူရဲကောင်း ဝမ် ကော ဘယ်မှာလဲ"
"ရန်သူက ဘယ်သူလဲဆိုတာ မင်းတို့ သိသလား"
သူတို့သည် ဆုမိုနှင့် ဝေဇီယီတို့၏ ကိုယ်ဖော့ပညာမှာ သူတို့ထက် အဆပေါင်းများစွာ သာလွန်ကြောင်း မြင်လိုက်ရသဖြင့်၊ သာမန်လူများ မဟုတ်မှန်း သိရှိကာ အလွန်တရာ ယဉ်ကျေးပျူငှာစွာ ဆက်ဆံနေကြခြင်း ဖြစ်၏။
ဆုမိုနှင့် ဝေဇီယီတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက်၊ ဝမ်ချန်ရှင်း သစ်ပင်တွင် အသတ်ခံထားရသည့် အမှန်တရားကို ထုတ်ပြောရန် ဟန်ပြင်လိုက်ကြသည်။
သို့သော် ထိုခဏမှာပင် လေကိုဖြတ်သန်းလာသော အသံတစ်ခုနှင့်အတူ၊ လူငယ်တစ်ဦးသည် ဓားရှည်တစ်လက်ကို ကိုင်ဆောင်လျက် သူတို့ရှေ့သို့ လျင်မြန်စွာ ဆင်းသက်လာ၏။ သူသည် ဓားကို ကျွမ်းကျင်စွာပင် ကစားလိုက်ပြီးနောက် လူအုပ်ကြီးကို ဝေ့ကြည့်ကာ ပြုံးလိုက်၏။
"အားလုံးကို စုမိအောင် လုပ်လိုက်မိတဲ့အတွက် ကျွန်တော့် အမှားပါပဲဗျာ"
ဝေဇီယီ၏ မျက်ဝန်းများမှာ ရုတ်ချည်း ကျဉ်းမြောင်းသွားပြီး နှလုံးသားတစ်ခုလုံး တုန်လှုပ်သွားရသည်။
သို့ရာတွင် ထိုအံ့ဩမှုကို လျင်မြန်စွာပင် ပြန်လည် ဖုံးကွယ်လိုက်ပြီး ဆုမိုကို လှမ်းကြည့်လိုက်မိ၏။ ဆုမို၏ မျက်နှာထားမှာမူ အလွန်ထူးဆန်းနေပြီး တစ်ခုခုကို ရုတ်တရက် သဘောပေါက်သွားသည့်ပုံစံ ဖြစ်နေသည်ကို သူမ တွေ့လိုက်ရသည်။
'ဟင်... ဒါ ဘယ်လိုဖြစ်တာလဲ။ ခုနကပဲ အလောင်းကြီးကို ငါတို့ မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့တာ မဟုတ်လား။'
ဝေဇီယီသည် ဇဝေဇဝါ ဖြစ်နေရင်းမှ ထိုလူငယ်ကို ပြန်လည် ကြည့်ရှုလိုက်မိသည်။
ထိုသူမှာ အခြားသူမဟုတ်... လွန်ခဲ့သော ခေတ္တမျှကပင် တောအုပ်အတွင်း၌ သေဆုံးနေသည်ကို သူတို့ တွေ့ခဲ့ရသော ဝမ်ချန်ရှင်း ပင် ဖြစ်ချေတော့၏။
...
...
ဤနေရာမှ မိုင်နှစ်ဆယ်ခန့် အကွာအဝေးရှိ တောင်ပေါ်လိုဏ်ဂူတစ်ခု အတွင်း၌...
ယခုအချိန်တွင် လိုဏ်ဂူအတွင်း၌ မီးရောင်ခပ်သဲ့သဲ့ကို မြင်တွေ့နေရသည်။
မီးကို လူငယ်အမျိုးသမီးတစ်ဦးက မွှေးထားခြင်း ဖြစ်ကာ၊ သူမ၏ ဘေးနားတွင် အခြား အမျိုးသမီးငယ် သုံးဦးက ရဟန်းတစ်ပါးအား အတွင်းအားများ ပို့လွှတ်လျက် ကုသပေးနေသည်ကို တွေ့ရ၏။
ထိုရဟန်း၏ ရုပ်သွင်မှာ ကြောက်မက်ဖွယ် ကောင်းလှပြီး မျက်ခုံးနှင့် မျက်ဝန်းများကြား၌ သတ်ဖြတ်လိုသော အရှိန်အဝါများကို ခပ်ရေးရေး မြင်တွေ့နေရသည်။ ကြည့်ရသည်မှာ လူကောင်းတစ်ဦးတော့ မဟုတ်နိုင်ချေ။
သို့ရာတွင် ဝေါယာဉ် ပေါ်မှ သခင်ကြီးမှာမူ ထိုသူမှာ လူကောင်းလား၊ လူဆိုးလား ဆိုသည်ကို အရင် မမေးမြန်းလိုသေးချေ။ လမ်းခရီးတွင် ရန်သူများ၏ လိုက်လံတိုက်ခိုက်မှုကို ခံနေရသည်ကို မြင်ရသဖြင့် ဦးစွာ ကယ်တင်ထားလိုက်ခြင်း ပါပင်။
သို့သော် ထို သခင်ကြီး၏ မျက်နှာမှာမူ ယခုအခါတွင် သိပ်မကောင်းလှချေ။
"ဒီဒဏ်ရာက တော်တော်လေး ပြင်းတယ်။ ကုလို့မရတော့တဲ့ အခြေအနေပဲ" ဟု သူက ပြောပြောဆိုဆိုဖြင့် ရဟန်း၏ ရင်ဘတ်ပေါ်သို့ လက်တစ်ဖက် တင်လိုက်သည်။
ထိုအခါ ရဟန်းမှာ ရေနစ်နေသူတစ်ဦး ရုတ်တရက် လွတ်မြောက်သွားသကဲ့သို့ အသက်ကို အသည်းအသန် ရှူသွင်းလိုက်ရ၏။ သို့သော် ထိုလုပ်ရပ်ကပင် သူ၏ ဒဏ်ရာကို ပိုမို ဆိုးရွားစေကာ ပါးစပ်ထောင့်မှ သွေးများ ယိုစီးကျလာစေတော့သည်။
သူက အံ့ဩတုန်လှုပ်စွာဖြင့် မော့ကြည့်ရင်း မေးလိုက်၏။ "ခင်ဗျား... ဘယ်သူလဲ"
ဝေါယာဉ်ပေါ်မှ သခင်ကြီးက တည်ငြိမ်စွာဖြင့် ပြန်လည် မေးမြန်းလိုက်သည်။
"ငါကတော့ မင်းအသက်ကို ကယ်ချင်တာပေါ့။ ဒါပေမဲ့ မင်းရဲ့ ဒဏ်ရာက ကုလို့မရတော့ဘူး။ အခု ငါက မင်းကို ခေတ္တမျှ အသက်ဆက်ပေးထားတာ ဆိုတော့၊ စကားအများကြီး မပြောဘဲ အရေးကြီးတာကိုပဲ ပြောတော့။ မင်းမှာ မပြီးပြတ်သေးတဲ့ ကိစ္စတွေ ရှိရင် ပြောခဲ့ပါ။ ငါ တတ်နိုင်တာဆိုရင် ကူညီပေးပါ့မယ်။ အကယ်၍ ငါ မတတ်နိုင်တာဆိုရင်လည်း... မင်းကို သေချာ မြေမြှုပ်ပေးပြီး မင်းရဲ့ သတင်းစကားကိုတော့ ပါးပေးပါ့မယ်"
ထိုစကားကို ကြားသောအခါ ရဟန်းမှာ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ဆိုသည်။
"တပည့်တော်က... ဘုန်းကြီး ဟွေပြန့် ပါ ခင်ဗျာ။ ကျေးဇူးရှင်ရဲ့ မေတ္တာကို အထူးပဲ ကျေးဇူးတင်ပါတယ်.."
--