အခန်း ၄၆၈
Vol. 32 Ch. 468
အခန်း (၄၆၈) ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ
ဝမ်ချန်ရှင်းကတော့ တကယ်ကြီး သေသွားခဲ့တာပါ။
ဝေဇီယီအနေဖြင့် ဝမ်ချန်ရှင်းတစ်ယောက် ဤထူထပ်သော တောအုပ်ကြီးရှေ့တွင် အသက်ပျောက်နေခဲ့သည်ကို ကျိန်းသေပေါက် အတည်ပြုနိုင်သည်။ နှလုံးသားကို ဓားဖြင့် အသေအလဲ ထိုးနှက်ခံထားရကာ အသက်ဝိညာဉ် လုံးဝ ချုပ်ငြိမ်းသွားခဲ့ခြင်း ဖြစ်၏။ သူမကိုယ်တိုင် ထိုရုပ်အလောင်းကို စစ်ဆေးခဲ့ရုံမျှမက၊ သူမ၏ အတွင်းအားဖြင့်ပါ စမ်းသပ်ကြည့်ခဲ့သေးသည်။
'သေချာပါတယ်... တကယ်ကြီးကို သေနေတာပါ။ နှလုံးလည်း မခုန်တော့သလို၊ သွေးလည်း မလျှောက်တော့ဘူး။ ဒါပေမဲ့... အခု ကြည့်စမ်း။ ဒီလူက ငါ့ရှေ့မှာ ပြုံးပြုံးကြီးနဲ့ မတ်တတ်ရပ်နေပြန်ပြီ။ ငါပဲ မျက်စိမှားတာလား၊ ဒါမှမဟုတ် ဒီလူက နတ်ဝင်သည်လား။ လူတစ်ယောက်က သေပြီးမှ ပြန်ရှင်လာတယ်ဆိုတာ... အကယ်၍ အဲဒီသေသွားတဲ့လူက ဝမ်ချန်ရှင်း မဟုတ်ဘူးဆိုရင်ရော... အဲဒါ ဘယ်သူလဲ။'
ဝေဇီယီ၏ ခေါင်းထဲတွင် မေးခွန်းပေါင်း သောင်းခြောက်ထောင်က ဗုံးပေါက်ကွဲသကဲ့သို့ ပွင့်ထွက်နေသော်လည်း၊ အဖြေကမူ ယခုထက်တိုင် ဝေဝါးနေဆဲပင် ဖြစ်၏။
သူမသည် ဆုမိုကို တစ်ချက် ခိုးကြည့်လိုက်မိသည်။ ဆုမို၏ မျက်နှာပေါ်တွင်မူ သူမကဲ့သို့ ဇဝေဇဝါဖြစ်နေသည့် အရိပ်အယောင်များ မတွေ့ရဘဲ၊ တစ်ခုခုကို ရုတ်တရက် သဘောပေါက်သွားသည့် 'အော်... ဒါကြောင့်ကိုး' ဆိုသည့် အမူအရာမျိုးသာ ရှိနေသည်။
ဝေဇီယီသည် သူမ၏ သံသယများကို အပြင်သို့ ထုတ်မပြဘဲ ထိန်းထားလိုက်၏။ သူမ၏ ခေတ္တမျှ အံ့အားသင့်သွားမှုမှာလည်း မျက်တောင်တစ်ခတ်စာမျှသာ ဖြစ်ပြီး မည်သူမျှ သတိမထားမိလိုက်ချေ။ ဝမ်ချန်ရှင်း သေခြင်း၊ ရှင်ခြင်း၏ နောက်ကွယ်တွင် ကြီးမားသော လျှို့ဝှက်ချက်တစ်ခု ရှိနေမည်မှန်း သူမ သိထားသည်။
ဆုမိုက သူမကို မပြောပြသေးသည်မှာလည်း အကြောင်းရှိလိမ့်မည်ဟု တွေးကာ၊ သူမသည် ဘာမှမသိသလိုပင် အေးအေးဆေးဆေး စောင့်ကြည့်နေရန်သာ ဆုံးဖြတ်လိုက်တော့၏။
ရှေ့တွင်မူ ဝမ်ချန်ရှင်းက ရောက်ရှိနေသော သူအားလုံးကို ပြုံးရွှင်စွာဖြင့် နှုတ်ဆက်နေသည်။ သို့သော် သူ၏ အကြည့်များက ဆုမိုနှင့် ဝေဇီယီထံသို့ ရောက်ရှိသွားချိန်တွင်မူ အနည်းငယ် တွေဝေသွားဟန် ရှိသည်။
သူသည် ခေတ္တမျှ စဉ်းစားပြီးနောက် ရှေ့သို့ တိုးလာကာ နှုတ်ဆက်လိုက်၏။
"ဒီအထိ အရောက်လာပေးကြတဲ့အတွက် နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်ဗျာ"
ထိုအခါ၊ ဆုမိုက ဟက်ဟက်ပက်ပက် ရယ်လိုက်ရင်း ပြန်ပြောလိုက်သည်။
"ကိစ္စမရှိပါဘူးဗျာ။ ကျွန်တော်က ဒီည အခန်းထဲမှာ အေးအေးဆေးဆေး တရားထိုင်နေတာပါ။ ဒါပေမဲ့ ခေါင်းပေါ်မှာ မိုးကြိုးပစ်သလို အသံတွေက တဒိုင်းဒိုင်းနဲ့ မြည်နေတာနဲ့ ဘာတွေဖြစ်နေတာလဲ သိချင်လို့ ထွက်လာကြည့်တာပါ။ မမျှော်လင့်ဘဲ ထျန်းချူဓားပြိုင်ပွဲ မစခင်မှာတင် 'သူရဲကောင်းဝမ်' ရဲ့ ထူးကဲလှတဲ့ 'ကောင်းကင်စမ်းရေ နှလုံးသားသန့်စင် ဓားသိုင်း' ကို မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရတာပဲ။ တကယ့်ကို မျက်စိပွင့်သွားတာပါပဲဗျာ။ လောက အပူအပင်တွေကိုတောင် မေ့သွားရလောက်အောင်ကို သိုင်းကွက်တွေက လှပလွန်းပါတယ်"
"ချီးမွမ်းလွန်းရာ ကျနေပါပြီဗျာ... အားနာစရာကြီး"
မြှောက်ပင့်စကားဆိုသည်မှာ ပြောသူရော၊ နားထောင်သူပါ ကျေနပ်စရာကောင်းသည် မဟုတ်ပါလော။
ဆုမို၏ မြှောက်ပင့်စကားများကြောင့် ဝမ်ချန်ရှင်း၏ နှုတ်ခမ်းထောင့်များမှာ အလိုအလျောက် ပင့်တက်သွားတော့၏။
"ဒါနဲ့... လူကြီးမင်းတို့ရဲ့ နာမည်ကို ကျွန်တော် မမေးရသေးဘူးနော်"
"နာမည်ကြီးတော့ မဟုတ်ပါဘူးဗျာ။ ကျွန်တော့်နာမည်က ဆုမို ပါ။ အနောက်တောင်ဘက်က လာတာပါ။ လော့ရှားမြို့က 'ဇီယန်အာမခံဌာန' ဆိုတာ ကျွန်တော်တို့ မိသားစု လုပ်ငန်းလေးပါပဲ"
ဆုမိုက သူ၏ ဇာစ်မြစ်ကို ပေါ့ပေါ့ပါးပါးပင် ထုတ်ဖော်ပြောဆိုလိုက်သည်။
ဤစကားကို ကြားလိုက်ရသည်နှင့် ဝမ်ချန်ရှင်း၏ မျက်နှာမှာ သိသိသာသာကို ပျက်သွားပြီး အံ့အားသင့်သွားတော့၏။
"ဘာ.. လော့ရှားမြို့က ဇီယန်အာမခံဌာန ဟုတ်လား.. ခင်ဗျားက... ရွှမ်ကျီတောင်ကြား မှာ ဓားတစ်လက်တည်းနဲ့ အမိန့်တော်သုံးရပ်ကို နှိမ်နင်းပြီး ယူချွမ်ဂိုဏ်း ကို အလဲထိုးခဲ့တဲ့ 'ခေါင်းဆောင်ဆု'၊ ဆုမို ဆိုတာလားဗျ...."
သူ၏ အသံမှာ တော်တော်လေး ကျယ်သွားသဖြင့် အနီးအနားတွင် ရှိနေသော သူများမှာ ဆုမိုထံသို့ အကြည့်များ ရုတ်ချည်း ရောက်ရှိသွားကြသည်။
လူတိုင်းမှာ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိကြ၏။
တုန်းချန်အရပ်မှ သိုင်းသမားများစွာသည် အနောက်တောင်ဘက်ကို သေးငယ်သော နေရာလေးတစ်ခုအဖြစ် အထင်သေးတတ်ကြသော်လည်း၊ ဆုမိုကမူ ထိုနေရာတွင် ဒဏ္ဍာရီတစ်ခုကို ရေးထိုးခဲ့သည် မဟုတ်ပါလော။ ယူချွမ်ဂိုဏ်း၏ အနှစ်နှစ်ဆယ်ကြာ အကွက်ချစီမံကိန်းများကို ဆုမို၏ ဓားတစ်ချက်က အပိုင်းပိုင်း ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။
‘အပိုင်း (၂) ပိုင်း၊ အလံ (၃) ခုနဲ့ အမိန့် (၆) ခု’ ဟူသော အင်အားစုများအနက် တစ်ပိုင်းနှင့် အမိန့်တော်သုံးရပ်မှာ အနောက်တောင်ဘက်ရှိ ရွှမ်ကျီတောင်ကြား၌ အမြစ်ပြတ် သုတ်သင်ခြင်း ခံခဲ့ရသည်။ ဤသတင်းမှာ တုန်းချန်တစ်ခွင်သို့ ပျံ့နှံ့သွားချိန်တွင် ဆုမို၏ ဂုဏ်သတင်းမှာလည်း ကောင်းကင်ယံအထိ ထိုးတက်သွားခဲ့ခြင်း ပါပင်။
ထိုကဲ့သို့သော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးမှာ ယခု သူတို့ရှေ့တွင် ရှိနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
ခဏအတွင်းမှာပင် လူတိုင်းမှာ ဆုမိုအား အရိုအသေပေးရန် အပြေးအလွှား တိုးဝှေ့လာကြတော့၏။ ဆုမိုကလည်း ယဉ်ကျေးပျူငှာစွာဖြင့် တစ်ဦးချင်းစီကို ပြန်လည် နှုတ်ဆက်လိုက်ပါသည်။
ထို့နောက် သူက ဝေဇီယီအား လန်ယွဲ့နန်းတော် မှ စီနီယာတပည့်တစ်ဦးအဖြစ် မိတ်ဆက်ပေးလိုက်ရာ၊ နောက်ထပ် ချီးမွမ်းသံများ ဆူညံသွားပြန်သည်။ သို့သော် ဆုမို၏ နာမည်လောက်တော့ လူများကို မတုန်လှုပ်စေခဲ့ချေ။ အကြောင်းမှာ ဤမြို့သည် ထျန်းချူမြို့ဖြစ်သဖြင့် လန်ယွဲ့နန်းတော်မှ တပည့်များကို မြို့ထဲ၌ ရံဖန်ရံခါ မြင်တွေ့နိုင်သောကြောင့် ဖြစ်၏။
နှိုင်းယှဉ်ကြည့်လျှင် အနောက်တောင်ဘက်မှ ထွက်ပေါ်လာသော ကြယ်တစ်ပွင့်ဖြစ်သည့် ဆုမိုက ပို၍ စိတ်ဝင်စားစရာ ကောင်းနေခြင်းပါ။
ဝမ်ချန်ရှင်းက မနေနိုင်ဘဲ အာမေဍိတ်သံ ပြုလိုက်သည်။
"ကျွန်တော် သိုင်းလောကထဲကို စခြေချကတည်းက ခေါင်းဆောင်ဆု ရဲ့ သတင်းတွေကို နားနဲ့မဆံ့အောင် ကြားခဲ့ရတာပါ။ ထျန်းချူဓားပြိုင်ပွဲ ပြီးရင် အနောက်တောင်ဘက်ကို သွားပြီး ခေါင်းဆောင်ဆုနဲ့ လူချင်းတွေ့ဖို့တောင် စိတ်ကူးထားတာ။ ဒီမှာ အမှတ်မထင် ဆုံရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... တကယ့်ကို ကံကောင်းတာပဲဗျာ.."
"သူရဲကောင်းဝမ် ကလည်း မြှောက်လွန်းနေပါပြီ"
ဆုမိုက ပြုံးလျက် ပြန်ပြောလိုက်၏။
"ကျွန်တော် တုန်းချန်ကို ရောက်ကတည်းက သူရဲကောင်းဝမ် ရဲ့ စွမ်းဆောင်ချက်တွေကို ခဏခဏ ကြားနေရတာပါ။ ဟွာယန်ဂိုဏ်းထဲက သူလျှိုတွေကို ဖမ်းပေးတာကနေ၊ ကုန်းတောင်တန်းက ပြဿနာတွေကို ဖြေရှင်းပေးတာအထိ... လူထုအတွက် မိစ္ဆာတွေကို နှိမ်နင်းပေးဖို့ မိုင်ပေါင်းရာနဲ့ချီ ခရီးနှင်နေတဲ့ ခင်ဗျားရဲ့ လုပ်ရပ်တွေက တကယ့်ကို သိုင်းလောကသားတွေ အတုယူစရာပါပဲ။ ဒီသတင်းတွေကို ကြားရတိုင်း ကျွန်တော် တကယ်ကို လေးစားမိပါတယ်ဗျာ"
"ဟားဟား... အဲဒါတွေက သေးသေးမွှားမွှား ကိစ္စတွေပါဗျာ။ ခေါင်းဆောင်ဆု ကတော့ လက်တစ်ချက် လှုပ်လိုက်တာနဲ့တင် ယူချွမ်ဂိုဏ်းရဲ့ လက်ရုံးတစ်ဖက်ကို ဖြတ်ပစ်နိုင်ခဲ့တာလေ။ ဒါ့အပြင် ယူချွမ်ဂိုဏ်းရဲ့ မိစ္ဆာလက်သည်းတွေ အောက်ကနေ အနောက်တောင်ဘက်က သိုင်းလောကသားတွေကို ဆံချည် တစ်ပင်တောင် မကျွတ်အောင် ကာကွယ်ပေးနိုင်ခဲ့တာ။ ဒီလို စွမ်းဆောင်ရည်မျိုးကတော့ ကျွန်တော် လိုက်လို့တောင် မမီပါဘူးဗျာ"
ဤလူနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး အပြန်အလှန် မြှောက်ပင့် ချီးကျူးနေကြသဖြင့် ဘေးရှိလူများကလည်း ဝိုင်းဝန်း အားပေးနေကြတော့၏။
ဝေဇီယီကမူ ဘေးမှနေ၍ နားထောင်ရင်း ဝမ်ချန်ရှင်း၏ အသံကို သေချာစွာ မှတ်သားနေမိသည်။ သူမသည် ဤအသံမှာ စောစောက ခြံဝင်းအတွင်း၌ ကြားခဲ့ရသော အသံနှင့် တစ်ထပ်တည်း ဖြစ်နေကြောင်း တွေ့ရှိလိုက်ရသဖြင့် သူမ၏ ဇဝေဇဝါ ဖြစ်မှုမှာ ပို၍ပင် နက်ရှိုင်းလာတော့၏။
သို့ရာတွင် ဆုမိုနှင့် ဝမ်ချန်ရှင်းတို့၏ အပြန်အလှန် ချီးကျူးခန်းများကိုမူ သူမ သိပ်အာရုံမရချေ။
'သိုင်းလောကသားတွေဆိုတာ ဒါမျိုးပဲလေ။ တစ်ယောက်နဲ့တစ်ယောက် မြှောက်ပင့်လိုက်၊ စကားတွေ ဖလှယ်လိုက်နဲ့ အဆက်အသွယ်တွေ လုပ်ကြတာ။ ကြည့်ရတာတော့ တော်တော်လေးကို ရင်းနှီးနေကြသလိုပဲ။'
စကားဝိုင်းအတွင်း၌ ဆုမိုက စကားလမ်းကြောင်းကို ပါးနပ်စွာပင် ပြောင်းလဲလိုက်သည်။ သူသည် မီးခိုးငွေ့များ အူနေဆဲဖြစ်သော တောအုပ်ဘက်သို့ လှမ်းကြည့်ရင်း မေးလိုက်၏။
"ဒါနဲ့... ဒီနေရာမှာ ဘာတွေ ဖြစ်သွားတာလဲဆိုတာ သူရဲကောင်းဝမ် သိသလားဗျ။ စောစောက ကျွန်တော်နဲ့ သခင်မလေး ဝေ တို့က ခင်ဗျားရဲ့ ပြောင်မြောက်လှတဲ့ ဓားသိုင်းကို ကြည့်ပြီး လူယုတ်မာတွေ အကုန်ပြေးကုန်ပြီ အထင်နဲ့ သိပ်ပြီး သတိမထားမိလိုက်ဘူး ဖြစ်သွားလို့ပါ”
--